အခန်း ၁၈၁
Vol. 19 Ch. 181
အခန်း(၁၈၁) ညီ(၅) တောင်းပန်ပါတယ်
နှစ်ယောက်စလုံး မျက်မှောင်ကြုတ်သွားကြပြီး အလျင်အမြန်ပင် လိုက်ပါသွားကြသည်။ ထိုလှည့်စားမှု အတားအဆီးကို ဖြတ်ကျော်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့ရှေ့က မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
မြေအောက်နန်းဆောင်၏ အတွင်းပိုင်းသို့ တိုက်ရိုက်ဦးတည်နေသော ကျယ်ဝန်းသည့် လမ်းကြောင်းတစ်ခုသည် ရှေ့တွင် ထင်ရှားစွာ ရှိနေသည်။
အမှန်အားဖြင့် သူတို့ မှန်ကန်သည့်လမ်းကြောင်းဟု မှတ်ယူခဲ့သော ဘယ်ဘက်လမ်းကြောင်းမှာ သေချာစွာ စီစဉ်ထားသည့် လူသတ်ထောင်ချောက်ကြီးပင် ဖြစ်သည်။
သူမသည် ကြောင်တောင်တောင် ဖြစ်နေသည့် ရှောင်ရှန်းကို ကြည့်ရင်း သူမ၏ အကြည့်များမှာ ယခင်ကထက် ပိုမိုရှုပ်ထွေးနေသလို ၊ ချင်ချန်းလည်း အံ့ဩတုန်လှုပ်နေမိသည်။
‘ သူ နားလည်သွားပြီ ၊ သူ အားလုံးကို နားလည်သွားပြီ…’
‘ လတ်စသတ်တော့ အရှင့်သားက... အရာအားလုံးကို ကြိုတင် သိမြင်ထားပြီးသားပဲ…’
ချင်ချန်းတစ်ယောက် ရှောင်ရှန်းကို စိုက်ကြည့်နေမိသည်။ သူ၏ ရိုးသားဖြောင့်မတ်သော မျက်ဝန်းထဲ၌ ကြည်ညိုလေးစားမှုများမှာ ပြည့်လျှံကျမတတ်ပင်။
ရှောင်ရှန်းခမျာ သူ့ကို ကြည့်နေသည့် ချင်ချန်း၏အကြည့်ကြောင့် တစ်ကိုယ်လုံး ကြက်သီးထသွားသည်။ ဤစစ်သူကြီး၏ ဦးနှောက်ထဲတွင် မည်သည့်ဇာတ်လမ်းများ ထပ်မံ စိတ်ကူးယဉ်နေသည်ကို သူ လုံးဝ မသိနိုင်ပေ။
သူသည် စောနက "နံရံ" မှာ အေးမြပြီး ဇိမ်ရှိသဖြင့် အသာလေး မှီလိုက်ရုံသာ ဖြစ်သည်။
ဤသို့ဖြင့် သူတို့သည် နောက်ဆုံးလမ်းကြောင်းကို ဖြတ်ကျော်လာစဉ်၊ ရွံရှာဖွယ်ကောင်းသော သွေးညှီနံ့နှင့် မိစ္ဆာစွမ်းအင်များသည် လှိုင်းလုံးများပမာ ရိုက်ခတ်လာသည်။
သူတို့သုံးယောက်သည် ကျောက်တိုင်၏နောက်တွင် ပုန်းအောင်းကာ ရှေ့သို့ လှမ်းကြည့်လိုက်ကြသည်။
သူတို့၏ ရှေ့တွင် မြေအောက် နန်းဆောင်ကြီးတစ်ခု ရှိနေသည်။ နန်းဆောင်၏ အလယ်ဗဟိုတွင် အရိုးစုများ၊ သွေးများဖြင့် တည်ဆောက်ထားသော ယဇ်ပုလ္လင်ကြီးတစ်ခု ပြီးစီးသွားပုံရကာ ၊ ယဇ်ပုလ္လင်ပေါ်တွင် သွေးနီရောင် မှော်အက္ခရာစာလုံးများကို ထွင်းထုထားသည်။ ၎င်းတို့သည် မကောင်းဆိုးဝါး တစ်ကောင်၏ နှလုံးသားခုန်သံကဲ့သို့ မှိန်ဖျော့ဖျော့ လင်းလက်နေသည်။
မင်းသား(၃) ရှောင်ကျင်းသည် ခမ်းနားထည်ဝါသော အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး စိတ်အားထက်သန်သော အမူအရာဖြင့် ယဇ်ပုလ္လင်ရှေ့တွင် ရပ်နေသည်။
သူ၏ ဘေးတွင် "တစ္စေမျက်နှာ" ဟု ခေါ်သည့် အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက်က ငြိမ်သက်စွာဖြင့် ရပ်နေပြီး အေးစက်စက် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
ယဇ်ပုလ္လင်၏ ဘေးပတ်ပတ်လည်တွင် အေးစက်သော အရှိန်အဝါများ ရှိသည့် မိစ္ဆာကျင့်ကြံသူ ဆယ်ယောက်ခန့်ရှိပြီး ၊ ၎င်းတို့သည် ထူးဆန်းသော မန္တာန်များကို ရွတ်ဖတ်နေကြသည်။
ထိုအချိန်တွင် "တစ္စေမျက်နှာ" က သူ၏ အက်ရှသော အသံဖြင့် ပြောဆိုလိုက်သည်။
" အရှင့်သား အချိန်ကျပြီ.. အားလုံး အဆင်သင့် ဖြစ်နေပါပြီ”
သူသည် ခဏရပ်လိုက်ကာ အေးစက်ပြီး ရက်စက်မှုများ ပြည့်နှက်နေသော လေသံဖြင့် ထပ်မံ ပြောကြားလိုက်သည်။
"ပူဇော်ပစ္စည်းကို ပို့ဆောင်ပေးဖို့ အချိန်တန်ပြီ၊ တော်ဝင်သွေးပါတဲ့ သွေးသားရင်းချာရဲ့ သွေးကို အသုံးပြုပြီး ကမ္ဘာမြေကို ပြောင်းလဲနိုင်မယ့် 'သွေးဝိညာဉ် အစီအရင်ကြီး' ကို အသက်သွင်းလိုက်ကြရအောင်”
၎င်း၏ စကားသံအဆုံးတွင် ၊ ရှောင်ကျင်းသည် နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ လောဘနှင့် ရူးသွပ်မှုများ ပြည့်နှက်နေသော အကြည့်သည် မြေအောက်နန်းဆောင်၏ ထောင့်တစ်နေရာဆီသို့ ကျရောက်သွားသည်။
ထိုနေရာတွင် သံကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်ခံထားရပြီး ပါးစပ်တွင် အဝတ်စ ပိတ်ဆို့ခံထားရကာ တစ်ကိုယ်လုံး တုန်ယင်နေသည့် ပုံရိပ်တစ်ခု ရှိနေသည်။
ထိုလူသည်လည်း ခမ်းနားထည်ဝါသော ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး ၊ လက်ရှိတွင် သူ့ပုံစံမှာ အတော်လေး စုတ်ပျက်သပ်နေသော်လည်း သူ၏ မျက်ခုံးနှစ်ခုကြားက ရဲရင့်သော အငွေ့အသက်ကိုမူ ဖုံးကွယ်မထားနိုင်ပေ။
ထိုအနှီသူ၏ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး၊ ပါးစပ်ထောင့်တွင် သွေးစများ စွန်းထင်းနေသည်။ ပါးစပ်ထဲတွင် ပိတ်ဆို့ထားသည့် အဝတ်စကြောင့် သူသည် စကားမပြောနိုင်ဘဲ "ဝူးး…ဝူး" ဟူသော ဒေါသတကြီး အော်ဟစ်သံများကိုသာ ပြုလုပ်နိုင်သည်။
ထိုအနှီလူ၏ မျက်လုံးများသည် ဒေါသကြောင့် နီမြန်းနေပြီး၊ သူသည် ရှောင်ကျင်းကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ ထိုအကြည့်ထဲတွင် တဟုန်းဟုန်း တောက်လောင်နေသော အမျက်ဒေါသနှင့် မယုံကြည်နိုင်မှုများ ရှိနေသည်။
သူသည် တခြားသူမဟုတ်။ မင်းသား(၅) ရှောင်ယန်ပင် ဖြစ်သည်။
မြို့တော်၏ အကြီးဆုံး စစ်သည်တော်မျိုးရိုးမှ ဆင်းသက်လာသူ၊ သူ၏ ရဲစွမ်းသတ္တိကို အမြဲတမ်း ဂုဏ်ယူနေတတ်သူ ၊ ဒေါသကြီးလွယ်သူ ရှောင်ယန်ပင်။
ရှောင်ရှန်း၏ နှလုံးသားမှာ ရုတ်တရက် တင်းမာသွားသည်။
သူသည် ဤအစ်ကိုတော်(၅)နှင့် သိပ်မရင်းနှီးသော်လည်း ၊ သို့သော် မင်းသား(၅) သည် ရိုးသားသည်။ အပြုံး၏ နောက်ကွယ်တွင် ဓားတစ်ချောင်း ဝှက်ထားသော မင်းသား(၃) ရှောင်ကျင်းကဲ့သို့ အကြံအစည်ကြီးမားသူများကို သူ အမုန်းဆုံး ဖြစ်သည်။
ယခုတွင်မူ ၊ သူ့ကို အကျဉ်းသားအဖြစ် ဖမ်းဆီးထားရုံမက အရေးအကြီးဆုံးသော "ယဇ်ပူဇော်ခံပစ္စည်း" အဖြစ် အသုံးချခံထားရသည်။
ချင်ချန်းသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သူ၏ ကြွက်သားများမှာလည်း ရူးသွပ်လုနီးပါး ဖြစ်နေသော ကျားတစ်ကောင်ကဲ့သို့ တင်းမာနေသည်။
စူးဝမ်ချင်း၏ မျက်နှာမှာလည်း ပိုမိုအေးစက်လာပြီး ၊ သူမ၏ လက်ချောင်းထိပ်များတွင် အဆိပ်လိမ်းထားသော ငွေအပ်အချို့ကို ပစ်လွှတ်ရန် အသင့်ပြင်ထား၏။
မြေအောက်နန်းဆောင်ထဲတွင် ရှောင်ကျင်းသည် သူ၏ ညီတော်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။
သူ၏ မျက်နှာပေါ်တွင် ယဇ်ပူဇော်ပွဲအတွက် ဆက်သရမည့် ပစ္စည်းကို ကြည့်နေခြင်းမဟုတ်ဘဲ နားမလည်သေးသော ကလေးတစ်ယောက်ကို ချော့မြူနေသကဲ့သို့ နူးညံ့သော အပြုံးတစ်ခုကို ဆောင်ကျဉ်းထားသည်။
"ညီ(၅) …မင်းရဲ့ အစ်ကို(၃)ကို အဲဒီလို အကြည့်နဲ့ မကြည့်စမ်းပါနဲ့ "
ရှောင်ကျင်း၏ အသံသည် နူးညံ့သော်လည်း အဆိပ်တစ်ခုလိုပင် ၊ စကားလုံးတိုင်းက ရှောင်ယန်၏ စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။