← Chapters

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း(၁၈၂)

"ကြီးကျယ်တဲ့ ကိစ္စတွေကို လုပ်တဲ့သူတွေဟာ အသေးအဖွဲကိစ္စတွေကို ဂရုမစိုက်ကြဘူး ၊ တစ်ခုခုကို ရဖို့အတွက်ဆိုရင် တစ်ယောက်ယောက်ကတော့ စတေးခံရမှာပဲ”

“စိတ်ချပါ၊ မင်းရဲ့ စစ်တပ်ဘက်က ယောက္ခမမိသားစုကိုလည်း အစ်ကိုတော်ကပဲ ကောင်းကောင်း 'စောင့်ရှောက်' ပေးပါ့မယ်၊ မင်းရဲ့ ဇနီးနဲ့ ကလေးတွေလည်း သူတို့နဲ့ ထိုက်တန်တဲ့ ချမ်းသာကြွယ်ဝမှုကို ရမှာပါ”

"ဝူ….ဝူ”

ရှောင်ယန်၏ ခန္ဓာကိုယ်မှာ ကြောက်ရွံ့မှုကြောင့် မဟုတ်ဘဲ ဒေါသကြောင့် ပြင်းထန်စွာ တုန်ယင်နေသည်။

ရှောင်ယန် အပြင်းအထန် ရုန်းကန်လိုက်တိုင်း ၊ သူ့ကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသော သံကြိုးများမှာ "ခလောက်" ဟူသော အသံများ ထွက်ပေါ်လာတတ်သည်။

သူ၏ မျက်လုံးများမှာ ပေါက်ထွက်တော့မည့်အလား နီရဲနေ၏။

‘စောင့်ရှောက်မည်’ဟူသော စကားမှာ အဘယ်နည်း။ ၎င်းမှာ အမြစ်ပြတ်ချေမှုန်းခြင်းကို ဆိုလိုခြင်းပင် မဟုတ်လော။

တော်ဝင်မျိုးနွယ်များသည် ရက်စက်လွန်းပေသည်။

ယနေ့တွင် သူသည် သင်ခန်းစာရသွားခဲ့လေပြီ။

ရှောင်ကျင်းသည် မျှော်လင့်ချက်မဲ့နေသော ရှောင်ယန်၏ အမူအရာကို ကြည့်ရင်း ၊ သူ၏ အပြုံးမှာ ပို၍နက်ရှိုင်းလာသည်။ သူသည် နောက်သို့လှည့်ကာ ဝတ်ရုံနက်နှင့် လူအား ခေါင်းညိတ်ပြလိုက်သည်။

"တစ္စေမျက်နှာလူကြီးမင်း ၊ စလို့ရပြီ”

" တစ္စေမျက်နှာ" က ရယ်မောလိုက်ပြီး သူ၏ ဝတ်ရုံလက်ထဲမှ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် ကောက်ကွေးနေသော ဓားတိုတစ်လက်ကို ဆွဲထုတ်လိုက်သည်။

ဓား၏ကိုယ်ထည်ပေါ်တွင် သွေးနီရောင် အမှတ်အသားများဖြင့် ပြည့်နှက်နေပြီး မကောင်းသော အငွေ့အသက်များ ရှိနေသည်။

မိစ္ဆာကျင့်ကြံသူ နှစ်ယောက်က ရှောင်ယန်၏ အဝတ်များကို ဆွဲဖြဲလိုက်ပြီး သူ၏ ကြွက်သား အမြောင်းမြောင်း ထနေသော ရင်ဘက်ကို ထုတ်ဖော်လိုက်သည်။

" တစ္စေမျက်နှာ" သည် ဓားတိုကို မြှောက်ကာ ရှောင်ယန်၏ နှလုံးသားတည့်တည့်ကို ချိန်ရွယ်လိုက်ပြီး ၊ အနှစ်သာရ အပြည့်ရှိသည့် နှလုံးသွေးကို ယူဆောင်ရန် ပြင်ဆင်လိုက်သည်။

ထိုအရေးကြီးသော အခိုက်အတန့်မှာပင်။

"မင်းတို့ လူယုတ်မာကောင်တွေ၊ မင်းတို့ တော်တော် အတင့်ရဲတာပဲ”

ကျယ်လောင်သော ဟောက်သံတစ်ခုက ရုတ်ချည်း ထွက်ပေါ်လာပြီး၊ မြေအောက်နန်းဆောင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

ချင်ချန်းသည် အေးစက်ကာ သွေးဆာနေသော အရှိန်အဝါတစ်ခုကို ဆောင်ကျဉ်းလျက် ဒူးမြှားမှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ အလျင်အမြန် ထွက်ပေါ်လာသည်။

သူ၏ လက်ထဲတွင် လေးလံသော ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး "တစ္စေမျက်နှာ" ကို တည့်တည့်ချိန်ရွယ်ကာ ခုတ်ပိုင်းလိုက်သည်။

တစ်ချိန်တည်းမှာပင် ၊ စူးဝမ်ချင်းသည် သူမ၏ လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်ရာ အရောင်မရှိ အနံ့မရှိ အမှုန့်များသည် မီးခိုးငွေ့များကဲ့သို့ ယဇ်ပလ္လင်၏ ဘေးပတ်ပတ်တွင် မန္တာန်များ ရွတ်ဆိုနေကြသည့် မိစ္စာကျင့်ကြံသူများထံ ပျံ့နှံ့သွားသည်။

ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် ရှောင်ကျင်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။

ရှောင်ရှန်းသည် ချင်ချန်းနှင့် စူးဝမ်ချင်းတို့ နှစ်ယောက်စလုံး လှုပ်ရှားလာပြီ ဖြစ်သဖြင့် သူလည်း ဆက်ပုန်းနေလို့ မဖြစ်တော့မှန်း သိလိုက်သည်။

သူသည် အံကြိတ်ကာ ကျောက်တိုင်နောက်မှ တုံ့ဆိုင်းတုံ့ဆိုင်း ထွက်လာပြီး ရှောင်ကျင်းကို ကြည့်ကာ အော်ဟစ်လိုက်သည်။

"အစ်ကိုတော်(၃) ၊ မင်း ရူးနေပြီလား…ခု ရပ်လိုက်တော့! ငါတို့က မိသားစုတွေလေ၊ ဒီလောက်အထိ လုပ်စရာလိုသလား”

သူသည် အော်ဟစ်ပြီးသည်နှင့် ချက်ချင်း ကျောက်တိုင်နောက်သို့ အပြေးအလွှား ပြန်ဝင်သွားပြီး ကျောက်တိုင်ကို ခပ်တင်းတင်း ဖက်ထားလိုက်သည်။ သူ၏ မျက်လုံးများကသာ အပြင်ဘက်ကို တရွေ့ရွေ့နှင့် ကြည့်နေပြီး ကြောက်လန့်နေသော မြေကြွက်တစ်ကောင်အလား ထင်မှတ်ရသည်။

ချင်ချန်း၏ အလစ်တိုက်ခိုက်မှုသည် ပြင်းထန်သော်လည်း "တစ္စေမျက်နှာ" သည် တည်ငြိမ်စွာပင် နောက်သို့ ရှောင်ထွက်သွားပြီး ဓားတိုဖြင့် ပြန်လည်ခုခံလိုက်ရာ ၊ ချင်ချန်း၏ ဓားနှင့် ထိမိပြီး စူးရှသော အသံများ ထွက်ပေါ်လာသည်။

စူးဝမ်ချင်း၏ ဆေးမှုန့်များကို ထိသွားသော မိစ္ဆာကျင့်ကြံသူများမှာ ယိမ်းထိုးသွားကြပြီး ချက်ချင်းဆိုသလို မြေပြင်ပေါ်သို့ လဲကျကာ သတိလစ်သွားကြသည်။

ရှောင်ကျင်းသည် ရှောင်ရှန်းကို မြင်လိုက်ရသောကြောင့် အံ့အားသင့်သွားသော်လည်း ၊ သူ၏ မျက်လုံးများက ပျော်ရွှင်စွာဖြင့် တောက်ပသွားသည်။

"ဟားဟားဟား ၊ ကောင်းကင်ဘုံက ငါ့ကို ကူညီနေတာပဲ"

သူသည် ချင်ချန်းနှင့် တိုက်ခိုက်နေသော "တစ္စေမျက်နှာ" ထံသို့ လှည့်ကာ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

" လူကြီးမင်း ၊ အသုံးမကျတဲ့ မင်းသားလည်း ဒီမှာ ရှိနေတာပဲ..ရှောင်ယန်ကို ထားလိုက်တော့ .. ဒီအသုံးမကျတဲ့ကောင်ရဲ့ သွေးက ရှောင်ယန်ထက် ပိုသန့်တယ်”

“ သူ့ကို အရှင်ဖမ်း ၊ သူ့သွေးနဲ့ ပူဇော်ရင် အကျိုးသက်ရောက်မှုက ဆယ်ဆပိုကောင်းလိမ့်မယ်”

အသုံးမကျတဲ့မင်းသား…မဟုတ်ဘူး၊ ဤသည်မှာ လမ်းလျှောက်နေသော "အကောင်းဆုံး ယဇ်ပူဇော်ပစ္စည်း" သာ ဖြစ်၏။

"တစ္စေမျက်နှာ" သည် ချင်ချန်းကို တွန်းဖယ်လိုက်ပြီး အချက်ပြလိုက်သည်။

မြေအောက်နန်းဆောင်ထဲတွင် ကျန်ရှိနေသော မိစ္ဆာကျင့်ကြံသူ ဆယ်ယောက်ကျော်သည် ချင်ချန်းကို ဝိုင်းရံတိုက်ခိုက်နေရာမှ ရပ်လိုက်ကြပြီး ၊ သွေးနံ့ရသော ဝံပုလွေများကဲ့သို့ ရှောင်ရှန်း ပုန်းနေသည့် ကျောက်တိုင်ဆီသို့ ပြေးဝင်သွားကြသည်။

ရှောင်ရှန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။

“ ငါ... ငါက စကားတစ်ခွန်းပဲ ပြောတာပါ၊ ဘာလို့ ငါ့ဆီပဲ အကုန်လုံး ရောက်လာကြတာတုန်း…တရားမျှတမှု ဆိုတာ မရှိတော့ဘူးလား”

မိစ္ဆာကျင့်ကြံသူများသည် ရက်စက်ကြမ်းကြုတ်သော အပြုံးများဖြင့် ချဉ်းကပ်လာသည်ကို မြင်လိုက်ရချိန်တွင် ရှောင်ရှန်း၏ ခေါင်းထဲတွင် ဗလာကျင်းသွားသည်။

‘ သွားပြီ ၊ ဒီတစ်ခါတော့ လုံးဝ သွားပြီ..’

သူ့ခေါင်းထဲတွင် ဤအတွေးတစ်ခုသာ ရှိသည်။

မိစ္ဆာကျင့်ကြံသူ တစ်ယောက်က ရှောင်ရှန်း၏ အဝတ်အစားများကို ဆွဲယူတော့မည့်အချိန်မှာပင် ၊

"ဝုန်း”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၊ မြေအောက်နန်းဆောင်၏ အခြားတစ်ဖက်မှ ကျောက်နံရံမှာ ပြင်းထန်သော အားအဟုန်ကြောင့် အပြင်ဘက်ကနေ ပေါက်ကွဲထွက်သွားပြီး၊ ကျောက်တုံးများ လွင့်စင်ကာ ဖုန်မှုန့်များ ထောင်းထောင်းထသွားသည်။

ဓားကို ကိုင်ဆောင်ထားသော ပုံရိပ်တစ်ခုသည် ပေါက်ကွဲသွားသည့် အပေါက်မှ ပြေးဝင်လာသည်။ လရောင်ပမာ ဖြူဖွေးသော ဝတ်ရုံစသည် ထောင်းထောင်းထနေသော ဖုန်မှုန့်များကြား လွင့်ပျံနေသည်မှာ မှောင်မိုက်သော ညတွင် ပွင့်လန်းလာသည့် ဆောင်းဦးညပန်းလေး တစ်ပွင့်လိုပင်။

ထိုသူ၏ နောက်တွင်လည်း သံချပ်ကာ ဝတ်ဆင်ထားသော စစ်သည်များသည် တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ဝင်ရောက်လာပြီး မြေအောက်နန်းဆောင်၏ ထွက်ပေါက်များကို ပိတ်ဆို့လိုက်ကြသည်။

လာသူမှာ တခြားသူမဟုတ် ၊ မင်းသမီးကြီး ရှောင်နီရှန်းပင်။

All Chapters