အခန်း ၁၈၃
Vol. 19 Ch. 183
အခန်း(၁၈၃)
သူမ၏ အကြည့်သည် ရှုပ်ထွေးနေသော မြင်ကွင်းများကို ကျော်ဖြတ်ကာ ရှောင်ကျင်းပေါ်သို့ ကျရောက်သွားသည်။
" မောင်တော်(၃)"
ရှောင်နီရှန်း၏ အေးစက်ပြီး ရှင်းလင်းပြတ်သားသော လေသံသည် မြေအောက်နန်းတော်တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။
"မင်းရဲ့ ပြိုင်ဘက်က ငါပဲ"
တိုက်ပွဲမှာ ချက်ချင်းပင် စတင်ခဲ့၏။
ချင်ချန်းသည် အသားကုန် ဟိန်းဟောက်ပြီးနောက် "တစ္စေမျက်နှာ" ကို ထပ်မံ ရင်ဆိုင်လိုက်ပြန်သည်။ ဓားအလင်းနှင့် အနက်ရောင်စွမ်းအင်များသည် ပြင်းထန်စွာ ထိပ်တိုက်တွေ့နေကြပြီး သတ္ထုချင်းထိခတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
ရှောင်နီရှန်းသည် သူမ၏ ဓားရှည်ကို ဆွဲထုတ်ကာ ရှောင်ကျင်းကို တည့်တည့် ချိန်ရွယ်ထားသည်။ သူမ ခေါ်ဆောင်လာသော သံချပ်ကာစစ်သည်များမှာ ကျန်ရှိနေသော မိစ္ဆာကျင့်ကြံသူများနှင့် တိုက်ခိုက်လေသည်။
ဤရှုပ်ထွေးမှုကို အခွင့်ကောင်းယူကာ စူးဝမ်ချင်းသည် ရှောင်ယန်ဘေးသို့ သွားရောက်ခဲ့ပြီး သူ့ကို ချုပ်လှောင်ထားသော သံကြိုးများကို ဖြတ်တောက်ပေးလိုက်သည်။
ခွန်အားအချို့ ပြန်လည်ရရှိသွားသော ရှောင်ယန်သည် စစ်သည်တစ်ယောက်၏ ဓားကို လုယူလိုက်ပြီး ဒေါသတကြီးဖြင့် တိုက်ပွဲထဲသို့ ဝင်ရောက်သွားသည်။
မြေအောက်နန်းဆောင်တစ်ခုလုံးမှာ သွေးနှင့် စစ်မီးများတောက်လောင်နေသော စစ်မြေပြင် အဖြစ် ပြောင်းလဲသွားသည်။
ဤအရာအားလုံး၏ အဓိကဇာတ်ကောင်၊ မုန်တိုင်း၏ ဗဟိုချက်ဖြစ်သော ရှောင်ရှန်းမှာမူ ကျောက်တိုင်ကို ဖက်ထားဆဲဖြစ်ပြီး သူ့ကို သတိမထားမိစေရန် ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ကျုံ့ထားလေ၏။
သူသည် ဤရှုပ်ထွေးသော တိုက်ပွဲကို ကြည့်ရင်း ၊ သူ့တွင် အတွေးတစ်ခုတည်းသာ ရှိသည်။
‘တိုက်ကြ …တိုက်ကြ ၊ ပြင်းပြင်းထန်ထန် တိုက်ကြ ၊ ငါ့ကို မေ့နေလေလေ ပိုကောင်းလေပဲ’
သို့သော် အရာအားလုံးက သူ စီစဉ်ထားသလို မဖြစ်ခဲ့ချေ။
သူသည် ဤရှုပ်ထွေးသော တိုက်ပွဲကို စောင့်ကြည့်နေစဉ်မှာပင် ၊ အေးစက်သော အငွေ့အသက်တစ်ခုက သူ၏ ခြေထောက်အောက်မှ တိုးဝင်လာခဲ့သည်။
အလိုလို အောက်သို့ ငုံ့ကြည့်လိုက်ရာ ၊ မင်ထက် ပိုမိုနက်မှောင်သော အနက်ရောင် မြူခိုးတစ်ခုသည် မြေကြီးအက်ကြောင်းထဲမှ ထွက်ပေါ်လာပြီး အဆိပ်မြွေတစ်ကောင်အဖြစ် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားသည်။
ထိုအဆိပ်မြွေသည် သူ၏ တြိဂံပုံခေါင်းကို ထောင်ထားပြီး ၊ မည်းနက်သော လျှာတစ်စုံရှိကာ သူ၏ ခြေသလုံးကို ကိုက်ရန် ဟန်ပြင်နေလေ၏။
ရှောင်ရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွှေးအမျှင်များသည် ရုတ်ချည်းပင် ထောင်တက်သွားပြီး ဦးနှောက်ထဲတွင် ဗလာကျင်းသွားသည်။ သွေးအားလုံးမှာ ခေါင်းပေါ်သို့ ထိုးတက်သွားပြီး ချက်ချင်းဆိုသလို ဖြူဖျော့သွားတော့သည်။
သူသည် လုပ်ကြံသတ်ဖြတ်မှုများကို ကြုံဖူးသလို အရိုက်အထောင်းလည်း ခံဖူးသည်။ သို့သော် ဤကဲ့သို့သော တိုက်ခိုက်မှုကြီးကိုတော့ တစ်ခါမျှပင် မမြင်ဖူးပေ။
စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသော ကြောက်ရွံ့မှုကြောင့် အော်ဟစ်ရန်ပင် မေ့လျော့သွားခဲ့ရသည်။ ခြေထောက်နှစ်ဖက်စလုံး ပျော့ခွေသွားပြီး ဒူးထောက်ကျသွားကာ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမှာ အလိုအလျောက် ပျောက်ဆုံးသွားတော့သည်။
"အာ..."
သူ၏ လည်ချောင်းထဲမှ တိုတောင်းသော ညည်းညူသံတစ်ချက် ထွက်ပေါ်လာပြီးနောက် မျက်ဖြူစိုက်ကာ အနောက်သို့ တည့်တည့် လဲကျသွား၏။
သူ "သတိလစ်" သွားခဲ့လေပြီ။
သို့သော် ရှောင်ရှန်း လဲကျသွားသောနေရာတွင် ကျောက်နံရံ ပေါက်ကွဲချိန်က တုန်ခါမှုကြောင့် အနည်းငယ် ပြုတ်ထွက်နေသည့် ကျောက်ပြားတစ်ခု ရှိနေသည်။ သူ၏ ရှုပ်ထွေးနေသော ဦးခေါင်းသည် ထိုကျောက်ပြား၏ အစွန်းနှင့် "ဒုန်း" ခနဲ့ တည့်တည့်ကြီး ရိုက်မိသွားသည်။
ကျောက်နှင့်ခေါင်း၏ ထိတိုက်မှုကြောင့် ၊ ကျောက်ပြား၏ အစွန်းတစ်ဖက်သည် ထင်မှတ်မထားသော အမြန်နှုန်းဖြင့် အောက်သို့ ပြုတ်ကျလာသည်။
အောက်ကနေ ကိုက်ခဲရန် ဟန်ပြင်နေသည့် အနက်ရောင်အဆိပ်မြွေမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ပြုတ်ကျလာသော ကျောက်ပြားနှင့် တည့်တည့်ကြီး ထိမှန်သွားခဲ့သည်။
"ဖောက်"
လေပူဖောင်း ပေါက်ကွဲသံကဲ့သို့ တိုးညှင်းသံတစ်ချက် ထွက်ပေါ်လာသည်။
မိစ္ဆာကျင့်ကြံသူ၏ အနှစ်သာရစွမ်းအင်များဖြင့် ပေါင်းစပ်ထားသော ထိုအဆိပ်မြွေမှာ ချက်ချင်းဆိုသလိုပင် အနက်ရောင် မီးခိုးငွေ့အဖြစ် ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွားသည်။
မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သည်မှာ ကျောက်ပြားတစ်ချပ်သာ ဖြစ်ပြီး "ဘုန်း" ခနဲ့ ဟူသော အသံနှင့်အတူ မြေပြင်ပေါ်တွင် ငြိမ်သက်စွာ ရှိနေ၏။
အဝေးတစ်နေရာတွင် စစ်သည်တစ်ယောက်နှင့် တိုက်ခိုက်နေသော မိစ္ဆာကျင့်ကြံသူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်လှုပ်သွားပြီး သွေးမည်းများကို အန်ထုတ်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှု ၊ ကြောက်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ဘာဖြစ်သွားမှန်း သူကိုယ်တိုင်လည်း မမြင်လိုက်ရပေ။ သူ၏ အသက်စွမ်းအင်ဖြင့် ပျိုးထောင်ထားသော "ဝိညာဉ်မျိုအဆိပ်မြွေ" သည် အောင်မြင်ခံနီးအချိန်မှာပင် အမည်မသိ ပြင်းထန်သည့် အားတစ်ခု၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
‘ဒီအသုံးမကျတဲ့ မင်းသားက... ဘယ်လိုတောင် အစွမ်းထက်တဲ့ မှော်အတတ်တွေကို သုံးလိုက်တာလဲ….’
‘အဝေးကနေ ထိန်းချုပ်လိုက်တာလား… ဒါမှမဟုတ် ထူးဆန်းတဲ့ တန်ပြန်စွမ်းအားများလား’
‘သူက အစီရင်ခံစာထဲကလို အားနည်းပြီး အသုံးမကျတဲ့သူ ဟုတ်မနေဘူး’
ထိုမိစ္ဆာကျင့်ကြံသူ၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး ရှောင်ရှန်း၏ "အလောင်း" ကို ကြောက်ရွံ့မှုများဖြင့် စိုက်ကြည့်နေမိသည်။
ဤအရာအားလုံး၏ အဓိကဇာတ်ဆောင် ရှောင်ရှန်းမှာမူ အေးစက်သော မြေပြင်ပေါ်တွင် ပက်လက်အနေအထားဖြင့် လဲလျောင်းနေပြီး မျက်လုံးများကို မှိတ်ထားကာ အသက်ရှူသံကိုပင် မကြားရချေ။
သူသည် သတိလစ်သွားခြင်း မဟုတ်။ စောနက လုပ်ရပ်မှာ ကြောက်လန့်လွန်း၍ ဖြစ်ပျက်သွားခြင်း ဖြစ်ပြီး ၊ ယခုမူ သူသည် သေချင်ယောင်ဆောင်နေခြင်းသာ ဖြစ်သည်။