← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း(၁၈၄)- သေချင်ယောင်ဆောင်၍ အလစ်တိုက်ခိုက်ခြင်း

ကျောက်နှင့် ထိမှန်ထားသဖြင့် ခေါင်းနောက်စေ့မှ နာကျင်မှုမှာ ပြင်းထန်သော်လည်း သူ မလှုပ်ဝံ့ပေ။ မျက်လုံးကိုပင် မဖွင့်ဝံ့ချေ။

သူ၏ စိတ်ထဲတွင် "ငါ့ကို မမြင်ပါစေနဲ့... မမြင်ကြပါစေနဲ့ ၊ ငါက ကျောက်တုံးတစ်တုံး... ငါက အလောင်းတစ်လောင်း...." ဟူ၍သာ ရေရွတ်နေလေ၏။

အသက်ရှင်လိုသော စိတ်ဆန္ဒသည် အိပ်စက်ရန်အတွက်သာ သူ အသုံးပြုသည့် "အိပ်မက်မဟာကျမ်း" ကို အလိုအလျောက် အသက်သွင်းလိုက်သလို ဖြစ်သွားခဲ့သည်။

ဤကျင့်စဉ်၏ အနှစ်သာရသည် ခပ်သိမ်းသော အရာတို့ကို သုညအဖြစ် မြင်ကာ လောကကြီးနှင့်အတူ အိပ်မောကျနေသကဲ့သို့ ဖြစ်နေရမည်။ထိုမှသာလျှင် မြင့်မားသော အဆင့်ကို ရောက်ရှိနိုင်မည်။

ယခုအခါ သူသည် သေချင်ယောင်ဆောင်ရန် အသုံးပြုလိုက်လေရာ ၊ ယင်းသည် ကျင့်စဉ်၏ အနှစ်သာရနှင့် အလွန် အံဝင်ခွင်ကျဖြစ်သွားသည်။

သူ၏ နှလုံးခုန်သံမှာ သိသိသာသာ နှေးကွေးသွားပြီး သူ၏ အသက်ရှူသံမှာလည်း အားနည်းသွားသလိုပင်။ ခန္ဓာကိုယ်အတွင်းရှိ အသက်ရှင်နေသော လူတစ်ယောက်၏ ယန်စွမ်းအင်ပင် ဖိနှိပ်ခံလိုက်ရသည်။

ယခုအချိန်တွင် သူသည် ရှုပ်ထွေးနေသော စစ်မြေပြင်၏ အလယ်ဗဟိုတွင် လဲလျောင်းနေသော အေးခဲနေသည့် အလောင်းတစ်လောင်းနှင့် တူပေသည်။

မြေအောက်နန်းဆောင်ရှိ တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်သည်။

ချင်ချန်းနှင့် "တစ္စေမျက်နှာ" တို့မှာ အကြိတ်အနယ် တိုက်ခိုက်နေ၏။ ရှောင်နီရှန်း၏ ဓားကွက်များမှာ လရောင်ပမာ အေးစက်ပြတ်သားပြီး အချက်တိုင်းက သေစေနိုင်သော အကွက်များ ဖြစ်သောကြောင့် ရှောင်ကျင်းမှာ အကြိမ်ကြိမ် နောက်ဆုတ်ခဲ့ရသည်။

ယခု ပြန်လည်လှုပ်ရှားနိုင်ပြီ ဖြစ်သော ရှောင်ယန်သည် တောင်ပေါ်မှ ပြေးဆင်းလာသော ကျားတစ်ကောင်ကဲ့သို့ မိစ္စာကျင့်ကြံသူများကို ရဲရင့်စွာဖြင့် တိုက်ခိုက်နေသည်။

စူးဝမ်ချင်းသည် စစ်မြေပြင်၏ အစွန်းတွင် လျင်မြန်ဖျက်လတ်စွာ ရွေ့လျားသွားလာနေပြီး၊ တိုက်ခိုက်မည့်အစား သူမ၏ ထူးဆန်းသော အဆိပ်နှင့် လျို့ဝှက်လက်နက်များကို အသုံးပြုကာ မိစ္ဆာကျင့်ကြံသူများကို အားနည်းအောင် ပြုလုပ်ပေးနေသည်။

မိစ္ဆာကျင့်ကြံသူ တစ်ယောက်သည် စူးဝမ်ချင်း၏ လက်ချက်ကြောင့် လဲကျသွားသည်ကို မြင်ပြီး ၊ အခြားမိစ္ဆာကျင့်ကြံသူ တစ်ဦးက သူမကို အရင်ဆုံး ဖယ်ရှားရန် ပြင်ဆင်လိုက်သည်။

သူသည် သံချပ်ကာစစ်သည်တစ်ဦးကို ကျော်ဖြတ်ကာ ဘေးလမ်းကြောင်းမှ တဆင့် စူးဝမ်ချင်းကို အလစ်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။

သို့သော် သူ၏ လမ်းကြောင်းသည် ရှောင်ရှန်း၏ "အလောင်း" ဘေးမှ ဖြတ်သွားရမည် ဖြစ်သည်။

သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော "သေသွားပြီ" ဟု ထင်ရသည့် အိမ်ရှေ့စံမင်းသားကို တစ်ချက်မျှသာ ကြည့်ပြီး မထီမဲ့မြင် ပြုံးကာ ဖြတ်ကျော်သွားလိုက်သည်။

သူသည် ရှောင်ရှန်းကို ဖြတ်ကျော်ကာ စူးဝမ်ချင်းအပေါ်တွင်သာ အာရုံစိုက်နေစဉ် ၊ မြေပြင်ပေါ်တွင် လဲလျောင်းနေသော "အလောင်း" မှာ ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။

သူ၏ မျက်လုံးထဲတွင် လုပ်ကြံသတ်ဖြတ်လိုစိတ် မရှိ ၊ အသက်ရှင်လိုစိတ်သာ ရှိသည်။

ရှောင်ရှန်းသည် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး သူ၏ ညာဘက်ခြေထောက်ကို အလျင်အမြန် ဆန့်ထုတ်ကာ ထိုမိစ္ဆာကျင့်ကြံသူ၏ ခြေထောက်ကို လှမ်းချိတ်လိုက်သည်။

"အား"

မိစ္ဆာကျင့်ကြံသူမှာ မြေပြင်ပေါ်ရှိ အလောင်းတစ်လောင်းသည် သူ့ခြေထောက်ကို လှမ်းချိတ်လိုက်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ သူသည် ဟန်ချက် ပျက်သွားပြီး အရှေ့သို့ လဲကျသွားသည်။

သူ လဲကျသွားသည့် လမ်းကြောင်းမှာ စူးဝမ်ချင်း၏ ရှေ့တည့်တည့်ပင် ဖြစ်သည်။

ဤရုတ်တရက် လှုပ်ရှားမှုသည် အကာအကွယ်မဲ့နေသော သူ၏ နောက်ကျောကို အပြည့်အဝ ဖော်ထုတ်လိုက်ရုံတင်မကဘဲ ဘေးတစ်ဖက်တွင် အပြင်းအထန် တိုက်ခိုက်နေသော မင်းသား(၅) ရှောင်ယန်၏ ဓားလမ်းကြောင်းကိုလည်း ပိတ်ဆို့သွားစေသဖြင့် ဓားချက်လွဲချော်သွားကာ သူ့ခါးကို ခုတ်ပိုင်းမိလုနီးပါးပင်။

"အကို(၅) ကျွန်တော် တောင်းပန်ပါတယ်”

ရှောင်ရှန်းသည် စိတ်ထဲမှ အလျင်အမြန် တောင်းပန်လိုက်ပြီးနောက် မျက်လုံးများကို မှိတ်ကာ ဆန့်ထုတ်ထားသော ခြေထောက်ကို ပြန်ဆွဲယူလိုက်ပြီး ဆက်ပြီး သေချင်ယောင်ဆောင် နေလိုက်သည်။

စစ်မြေပြင်တွင် အခွင့်အရေးဆိုသည်မှာ တစ်ခဏမျှသာ ဖြစ်သည်။

စူးဝမ်ချင်းသည် မှောင်မိုက်သော ပုံရိပ်တစ်ခုက အလွန်ရယ်စရာကောင်းသော ပုံစံဖြင့် မိမိထံသို့ တိုးဝင်လာသည်ကို မြင်လိုက်ရသည်။ သူမသည် ပင်ကိုယ်ဗီဇအတိုင်းပင် လက်ကောက်ဝတ်ကို လှည့်ကာ ဓားကို နောက်ပြန် ထိုးစိုက်လိုက်သည်။

အေးစက်စွာဖြင့် တောက်ပနေသော ဓားဖျားမှာ ထိုမိစ္ဆာကျင့်ကြံသူ၏ ရင်ဘက်သို့ တိကျစွာ ထိုးဖောက်ဝင်ရောက်သွားလေ၏။

လှုပ်ရှားမှုသည် သန့်ရှင်းပြီး လျင်မြန်ကာ ချောမွေ့သည်။

ထိုမိစ္ဆာကျင့်ကြံသူမှာ အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကာ ၊ မြေပြင်ပေါ်သို့ ထိုအမူအရာအတိုင်း လဲကျသွားလေတော့သည်။

စူးဝမ်ချင်းသည် ရန်သူကို ရှင်းလင်းပြီးနောက် သူမ၏ မျက်ဝန်းထဲတွင် သံသယ အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ သူမသည် အမှတ်တမဲ့ နောက်သို့လှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသော "အလောင်းကောင်" ကို မြင်လိုက်ရသည်။ သူမအနေဖြင့် ရယ်ရခက် ငိုရခက် ဖြစ်နေမိသည်။

‘ဒီလူကတော့လေ….’

ရှောင်ရှန်းတစ်ယောက် သူ၏ "တိုက်ခိုက်နည်း"ကို တစ်ခါ စတင်လိုက်ရာ ရပ်တန့်လို့ မရနိုင်တော့ပေ။

အကြောင်းမှာ သူသည် ဤနည်းလမ်းမှာ အလွန်အသုံးဝင်ကြောင်း တွေ့ရှိသွားလေ၏။

ထို့ကြောင့် မြေအောက်နန်းဆောင် စစ်မြေပြင်တွင် အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာတော့သည်။

စစ်ပွဲ၏ အလယ်ဗဟိုတွင် "အလောင်းကောင်" တစ်ကောင် လဲလျောင်းနေ၏။

မိစ္ဆာကျင့်ကြံသူတစ်‌ဦးသည် သံချပ်ကာစစ်သည်တစ်ဦးနှင့် ဓားချင်းယှဉ်ခုတ်နေရင်း နောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာနေရသည်။ သူသည် အမှတ်မထင် ရှောင်ရှန်း၏ ဗိုက်ပေါ်သို့ နင်းမိသွားခဲ့ရာ ခြေချော်လဲကျသွားခဲ့ပြီး ၊ ထိုအချိန်မှာပင် သံချပ်ကာစစ်သည် သည် ထိုအခွင့်အရေးကို အသုံးချကာ တစ်ချက်တည်းနှင့် ခေါင်းဖြတ်ပစ်လိုက်သည်။

မိစ္ဆာကျင့်ကြံသူနှစ်ဦးသည် ရှောင်ယန်ကို ဝိုင်းရံတိုက်ခိုက်နေစဉ် ၊ ရှောင်ရှန်းသည် မြေပြင်ပေါ်တွင် "မတော်တ‌ဆ" လူးလိမ့်လိုက်ရာ သူတို့နှစ်‌ဦးထဲမှ တစ်ဦး၏ ခြေထောက်အောက်သို့ ရောက်ရှိသွားခဲ့သည်။

လိုက်လံတိုက်ခိုက်လိုစိတ် ပြင်းပြနေသော ထိုလူသည် ရှောင်ရှန်း၏ လက်ချက်ကြောင့် ခြေချော်လဲကျသွားခဲ့ရာ၊ ဒေါသကြီးသော ရှောင်ယန်က ကန်ထုတ်လိုက်သဖြင့် အရိုးများပင် ကျိုးပဲ့သွားခဲ့ရသည်။

ရှောင်ရှန်းတစ်‌ယောက် စစ်မြေပြင်၏ အလယ်ဗဟိုတွင် ထိုသို့လဲလျောင်းနေရင်း တစ်ခါတစ်ရံ လက်ကို ဆန့်ထုတ်ပြီး တစ်ဖက်လူကို ခြေချော်လဲအောင် လုပ်လိုက် သို့မဟုတ် မြေပြင်ပေါ်တွင် လူးလိမ့်လိုက်နှင့် မည်သို့ဖြစ်လာမည်မှန်း မသိနိုင်သော အတားအဆီးတစ်ခု၊ ကံစမ်းနေသည့် လူသားထောင်ချောက်ကြီး တစ်ခုကဲ့သို့ပင်။

သူ၏ "မရည်ရွယ်ဘဲ" ပြုမူလိုက်သော အပြုအမူတိုင်းသည် ရန်သူများကို အနှောင့်အယှက်ဖြစ်စေပြီး တိုက်ခိုက်ရေးစွမ်းရည်ကို လျော့ကျစေကာ ရှုပ်ထွေးနေသော စစ်ပွဲကို မိမိတို့ဘက်သို့ အသာစီးရစေရန် တွန်းပို့ပေးနေသည်။

အောင်မြင်မှု၏ ချိန်ခွင်လျှာမှာ ဤ "အလောင်းကောင်" ကြောင့် သိသာထင်ရှားစွာပင် ယိမ်းယိုင်လာတော့၏။

"အသုံးမကျတဲ့ကောင်တွေ…အသုံးမကျတဲ့ကောင်တွေ”

ချင်ချန်းနှင့် တိုက်ခိုက်နေသော တစ္စေမျက်နှာမှာ အခြေအနေများက မြန်မြန်ဆန်ဆန် ဆိုးရွားလာပြီး ၊ သူ၏ လူများမှာ မရေရာသော အကြောင်းရင်းများဖြင့် သေဆုံးသွားသည်ကို မြင်ပြီး အလွန်ပင် ဒေါသထွက်သွားသည်။

All Chapters