← Chapters

အခန်း ၃၁၅

Vol. 28 Ch. 315

အခန်း ၃၁၅

Vol. 28 Ch. 315

ထာဝရသိုင်းတာအိုအရှင်

အခန်း (၃၁၅) - ကျဆုံးခြင်း

ဘာသာပြန် - အားသစ်

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က လက်မလျှော့သေးဘဲ သူ ရှိနေသည့်နေရာ၌ပင် ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။

တစ်လ၊ နှစ်လ၊ သုံးလ...

သူ သုံးလတိတိ စောင့်ဆိုင်းခဲ့သော်လည်း လင်းဖုန်းကမူ လုံဝပေါ်မလာချေ။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် ဝမ်းနည်းမှုများဖြင့် မျက်လုံးအစုံကို မှိတ်လိုက်မိသည်။ မည်မျှပင် ယုံကြည်ရခက်နေပါစေ ဤသည်ကား အမှန်တရားပင်။ လင်းဖုန်း ကျဆုံးသွားဖို့ များနေချေပြီ။

ထို့ကြောင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ဆက်သွယ်ရေးစက်မှတစ်ဆင့် စာတိုလေးတစ်စောင် ပေးပို့လိုက်သည်။

“သူတော်စင်လင်းဖုန်း လွန်ခဲ့တဲ့သုံးလက နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်မှာ ကျဆုံးသွားခဲ့ပြီ”

...………

သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့နှစ်ယောက် ဤကာလများအတွင်း အလွန် ပျော်ရွှင်နေခဲ့ကြ၏။

ရှေးဟောင်းအပျက်အစီးနယ်မြေကို တူးဖော်ပြီးနောက် သူတို့ အရာများစွာကို သိမ်းပိုက်နိုင်ခဲ့၏။ ရှေးဟောင်းအပျက်အစီးများထဲမှ နည်းပညာများစွာကို ရရှိခဲ့သည်။ ထိုနည်းပညာများကို အနည်းငယ် လေ့လာအသုံးပြုလိုက်ရုံမျှနှင့်ပင် လူသားကမ္ဘာတစ်ခုလုံး၏ နည်းပညာကို ပိုမိုမြင့်မားသည့်အဆင့်သို့ ပို့ဆောင်ပေးနိုင်ပေလိမ့်မည်။ နည်းပညာ တဟုန်ထိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည်မှာ မလွဲဧကန်ပင်။

သူတို့က သိုင်းသမားများဖြစ်ပြီး သိုင်းပညာခေတ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ခေါင်းမာသူများတော့ မဟုတ်ကြချေ။ နည်းပညာက ယူဆောင်လာပေးနိုင်သည့် အပြောင်းအလဲများကို သူတို့ သဘာဝကျကျ သိရှိထားကြသည်။

လက်ရှိတွင် လူသားမျိုးနွယ်၏ သိုင်းပညာအင်အားက ခုန်ပျံကျော်လွှားပြီး တိုးတက်လာနိုင်ခြင်း မရှိသေးပေ။ နည်းပညာတိုးတက်မှုကသာ လူသားမျိုးနွယ်၏ အင်အားကို တစ်နေ့တစ်ခြား သိသိသာသာ တိုးပွားလာစေနိုင်သည်။

ဒွီ ဒွီ ဒွီ

ရုတ်တရက် သူတော်စင်ယွမ်ယီနှင့် သူတော်စင်ခန်းတို့၏ ဆက်သွယ်ရေးစက်များ မြည်လာသည်။

“ဟမ်... ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ဆီကပဲ။ သူ နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ကို စူးစမ်းဖို့ သွားမယ်လို့ ကြားထားတာ ကြာပြီ။ သူ့မှာ သတင်းကောင်းများ တစ်ခုခုများ ရှိနေလို့လား”

သူတော်စင်ခန်းတစ်ယောက် စိတ်အခြေအနေ ကောင်းနေသဖြင့် သိပ်မတွေးတော့ဘဲ ဆက်သွယ်ရေးစက်ကို ဖွင့်ကြည့်လိုက်သည်။

သို့သော် ဆက်သွယ်ရေးစက်ပေါ်ရှိ အကြောင်းအရာကို မြင်လိုက်ရသည့်အခါ သူ့မျက်နှာထက်မှ အပြုံးက ချက်ချင်းဆိုသလို အေးခဲသွားသည်။

“သူတော်စင်ခန်း... ဘာဖြစ်လို့လဲ”

သူတော်စင်ယွမ်ယီလည်း ဆက်သွယ်ရေးစက်ကို အလျင်အမြန် ထုတ်ကြည့်လိုက်၏။ ချက်ချင်း သူ့မျက်နှာအမူအရာသည်လည်း အကြီးအကျယ် ပြောင်းလဲသွားသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

သူတော်စင်ခန်းက လေသံတိုးတိုးဖြင့် တုန်တုန်ယင်ယင် ရေရွတ်လိုက်မိသည်။ သူ့သက်စောင့်ခွန်အားများ အားလုံး တစ်ပြိုင်နက်တည်း စုပ်ယူခံလိုက်ရသည့်အလားပင်။

လင်းဖုန်း သေသွားပြီတဲ့လား။ သူတော်စင်ခန်း လင်းဖုန်းအပေါ် မျှော်လင့်ချက်များစွာ ထားရှိခဲ့သော်လည်း လင်းဖုန်းကမူ ဒဿမမြောက်သူတော်စင်ဖြစ်ပြီးကာစလေးမှာပင် နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်၌ ကျဆုံးသွားချေပြီ။

“ဒီကိစ္စကို ချက်ချင်း စုံစမ်းရမယ်။”

သူတော်စင်ယွမ်ယီက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို အလောတကြီး ဆက်သွယ်လိုက်သည်။

...

သူတော်စင်ဘာတိုင်သည် စီးပွားရေးအဖွဲ့အစည်းထဲရှ် တစ်ဦးတည်းသော သူတော်စင်ဖြစ်၏။ သူ့လက်အောက်မှ စီးပွားရေးအုပ်စုများအားလုံး အံ့မခန်းစွမ်းအားများကို ပိုင်ဆိုင်ထားသည်။ စီးပွားရေးအရ ပြောရလျှင် သူတော်စင်ဘာတိုင်က နိုင်ငံတစ်နိုင်ငံထက်ပင် ပိုချမ်းသာသေးသည်။

လက်ရှိအချိန်တွင် သူတော်စင်ဘာတိုင် ဆက်သွယ်ရေးစက်ပေါ်ရှိ စာတိုလေးကို ကြည့်နေ၏။

“လင်းဖုန်း သေသွားပြီလား”

သူတော်စင်ဘာတိုင် သေသေချာချာ ထပ်ဖတ်ကြည့်လိုက်သည်။ လင်းဖုန်း တကယ်ပင် သေဆုံးသွားပြီဖြစ်၏။ ယင်းက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကိုယ်တိုင် ပေးပို့လာသည့် သတင်းပင်။ သူက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် သိပ်အဆင်မပြေလှသော်လည်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင်မှာ ဤမျှအရေးကြီးသော ကိစ္စမျိုးကို လိမ်ပြောမည့်သူမဟုတ်ကြောင်း သူ သိသည်။

တကယ်တန်းတွင် သူတော်စင်ဘာတိုင်က လင်းဖုန်းဆီမှ လျှို့ဝှက်ချက်ကို ပိုသိချင်နေ၏။ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းဖြင့်ပင် သူတော်စင်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားနိုင်ခြင်း… ယင်းသည်ကား ယုတ္တိဗေဒကိုပင် ကျော်လွန်နေ၏။ သူ့လို သူတော်စင်တစ်ပါးအတွက်ပင် တုန်လှုပ်စရာကောင်းသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။

ကံမကောင်းစွာဖြင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ရော သူတော်စင်ခန်းကပါ လင်းဖုန်းကို အင်အားသုံး အကြပ်ကိုင်ခြင်းမျိုး လက်သင့်မခံကြပေ။ သူတို့က လင်းဖုန်းကို လူသားမျိုးနွယ်၏ ဒဿမမြောက်သူတော်စင်အဖြစ်တောင် ခန့်အပ်လိုက်သေးသည်။ ဤကိစ္စက သူတော်စင်ဘာတိုင်ကို အလွန်မကျေမနပ်ဖြစ်စေခဲ့၏။ အဘယ်ကြောင့်ဆိုသော် လင်းဖုန်းက လူသားမျိုးနွယ်၏ သူတော်စင်တစ်ပါး ဖြစ်လာပြီဖြစ်၍ သူကိုယ်တိုင်ပင် လင်းဖုန်းကို အကြပ်ကိုင်ရန် အင်အားသုံးဖိအားပေး၍ မရတော့သောကြောင့်ပင်။

မဟုတ်လျှင် အခြားသူတော်စင်ရှစ်ပါး၏ ဒေါသကိုပါ သူ ခံရလိမ့်မည်။

ဒွီ ဒွီ

ရုတ်တရက် သူတော်စင်ဘာတိုင်၏ ဆက်သွယ်ရေးစက်ပေါ်တွင် နောက်ထပ် စာတိုတစ်ခု ပေါ်လာ၏။ ပေးပို့သူက ထူးဆန်းသည့် ကုဒ်နံပါတ်တစ်ခု ဖြစ်နေသည်။

“လင်းဖုန်း သေသွားပြီ။ ငါ ဖျက်ဆီးခြင်းလှံတံကို လိုချင်တယ်”

သူတော်စင်ဘာတိုင်၏ မျက်ဝန်းထဲတွင် စူးရှသည့် အလင်းရောင်တစ်ချက် လက်သွားပြီး ချက်ချင်း စာပြန်လိုက်သည်။

“ဒီလို လျှို့ဝှက်သတင်းကိုတောင် သိတယ်ပေါ့။ မင်းက တော်တော် သတင်းစုံတာပဲ။”

သူတော်စင်ဘာတိုင်တစ်ယောက် တစ်ဖက်လူက သူတော်စင်တစ်ပါး ဖြစ်မည်ဟုပင် သံသယရှိနေသည်။ သူတော်စင်များသာ ဤမျှလျှို့ဝှက်သော သတင်းအချက်အလက်မျိုးကို ချက်ချင်း သိနိုင်ပေလိမ့်မည်။

“ငါ့ရဲ့ အထောက်အထားကို ခန့်မှန်းဖို့ ကြိုးစားမနေနဲ့။ ငါ့ဆီကနေ မင်း ဘယ်လောက် အကျိုးအမြတ်တွေ ရထားလဲဆိုတာကိုပဲ သိဖို့လိုတယ်။ ဒီတစ်ခါ ဖျက်ဆီးခြင်းလှံတံကို ရှာဖို့ ငါ့ကို ကူညီပေးပါ၊ ပြီးရင် မင်းလိုချင်တာကို ငါပေးမယ်။”

“ငါက ဘာလိုချင်လို့လဲ”

“မင်းက ရှေ့ဆက်ရမယ့်လမ်းကြောင်းဖြစ်တဲ့ ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို လိုချင်တာလေ။ မင်း အဲဒီအတွက် အချိန်တွေအကြာကြီး တောင့်တနေခဲ့တယ်မလား”

ထိုစာကို မြင်လိုက်ရသည့်အခါ သူတော်စင်ဘာတိုင် အသက်ရှူမှားသွားသည်။

လက်ရှိတွင် လူသားမျိုးနွယ်၌ စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ဖြတ်သန်းထားသည့် သူတော်စင်များသာ ရှိသေးသည်။ ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း၏ လျှို့ဝှက်ချက်ကို မည်သူက သိနိုင်မည်နည်း။

သို့သော် သူတော်စင်ဘာတိုင် တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်တွင် ရှိနေစဉ်ကပင် ဤပုဂ္ဂိုလ်က သူ့ကို လာရှာခဲ့သည်ကို သူ သတိရသွားသည်။ ထိုစဉ်အချိန်‌၌ သူတို့က သူတော်စင်ဘာတိုင်ကို စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအတွက် လျှို့ဝှက်ချက်ကို ပေးခဲ့သည်။ ဆယ်စုနှစ်တစ်ခုကျော်အတွင်းတွင် သူတော်စင်ဘာတိုင်တစ်ယောက် နောက်ဆုံး စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ဖြတ်သန်းနိုင်ခဲ့ပြီး သူတော်စင်တစ်ပါး ဖြစ်လာခဲ့သည်။

ဤလျှို့ဝှက်ဆန်းကြယ်သည့်ပုဂ္ဂိုလ်သည်ကား အလွန်ပင် ထူးဆန်းပြီး နားလည်ရခက်လွန်းလှ၏။

သူတော်စင်ဘာတိုင်အနေဖြင့် သိပ်မယုံကြည်သော်လည်း တစ်ဖက်လူက အမြဲတမ်း ပဟေဠိဆန်ပြီး သူ့လျှို့ဝှက်ချက်များကို အများကြီး သိနေသည်။ ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအတွက် လျှို့ဝှက်ချက် တကယ်ရှိကောင်း ရှိနိုင်၏။

တစ်ဖက်လူ၏ အထောက်အထားနှင့် ပတ်သက်၍မူ…

သူတော်စင်ဘာတိုင်လည်း မသိပေ။ နတ်ဆိုးဖြစ်ချင်လည်း ဖြစ်မည်။ တခြားတစ်ခုခုလည်း ဖြစ်နိုင်သည်။ သူ တပ်အပ်မပြောနိုင်ပေ။

သို့သော် ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ဖြတ်သန်းနိုင်သရွေ့ သူက လူသားမျိုးနွယ်၌ အမြင့်မြတ်ဆုံးတည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မည်။ ထိုအချိန်ကျလျှင် တမင်တကာ ပဟေဠိဆန်အောင် လုပ်နေသည့် ဤလျှို့ဝှက်ဆန်းကြယ်သည့်လူကို ရှာဖွေဖို့က ရိုးရှင်းသည့် ကိစ္စတစ်ခု ဖြစ်လာမည် မဟုတ်လော။

“ဟမ့်... ငါ ဖျက်ဆီးခြင်းလှံတံကို ရှာပေးနိုင်မယ်လို့ အာမမခံနိုင်ဘူး။ ဒါပေမဲ့ ကာကွယ်သူအဖွဲ့ချုပ်က သူတော်စင်တစ်ပါးနဲ့ ညီမျှတဲ့ တိုက်ခိုက်ရေးစွမ်းရည်ရှိတဲ့ အဲဒီစက်ရုပ်ကတော့ ငါ့အပိုင်ဖြစ်ရမယ်။ အဲဒီစက်ရုပ်ကို ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခု ငါလိုတယ်။”

“သဘောတူတယ်။ မင်းက အဲဒီစက်ရုပ်ရဲ့ ဉာဏ်ရည်တု ဗဟိုချက်ကို ထိန်းချုပ်ဖို့ပဲ လိုတာ။ အရမ်းရိုးရှင်းပါတယ်။ မင်းရဲ့ ဆက်သွယ်ရေးစက်ဆီကို ပရိုဂရမ်တစ်ခု ငါပို့ပေးမယ်။ အချိန်တန်ရင် အဲဒီစက်ရုပ်ကို နှိမ်နင်းပြီးတော့ ဆက်သွယ်ရေးစက်ကို စက်ရုပ်အနားကပ်ပြီး ပရိုဂရမ်ကို အသက်သွင်းလိုက်။”

မကြာခင်မှာပင် သူတော်စင်ဘာတိုင်၏ ဆက်သွယ်ရေးစက်က ပြန်လည်တိတ်ဆိတ်သွားသည်။

“ညမိစ္ဆာ... မင်းက ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ဟမ့်... ငါ စက်ရုပ်ကို ရပြီးတာနဲ့ ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို မြန်မြန်ဆန်ဆန် ကျော်ဖြတ်မယ်။ မင်း ဘယ်လောက်ပဲ နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေပါစေ အချိန်တန်ရင် လူသားမျိုးနွယ်ရဲ့ အင်အားအကုန်လုံးကို ငါ စုစည်းပြီးတော့ မင်းကို သေချာပေါက် ဖော်ထုတ်နိုင်မှာပဲ”

သူတော်စင်ဘာတိုင် အံတင်းတင်းကြိတ်လိုက်သည်။ သူ့လက်ထဲတွင် ညမိစ္ဆာတံဆိပ်တစ်ခု ရှိနေ၏။

...

“ချီကျီ... ဒီကာလအတွင်းမှာ နင် လုပ်တာကိုင်တာတွေက တော်တော်လေး ကောင်းတာပဲ။ ကာကွယ်သူအဖွဲ့ချုပ်ရဲ့ အပြင်အဖွဲ့ဝင်တွေ တကယ်ပဲ တစ်သန်းအထိ တိုးလာတယ်”

ကာကွယ်သူအဖွဲ့ ဌာနချုပ်တွင် ချူချန်းက လုပ်ပိုင်ခွင့်အချို့ ရထား၏။ ထို့ကြောင့် သူမက ဌာနချုပ်ကို ကြီးကြပ်ပြီး လင်းဖုန်းကိုယ်စား ကာကွယ်သူအဖွဲ့ချုပ်ကို ကူညီစီမံပေးနေသည်။

ဤကာလအတွင်း ကာကွယ်သူအဖွဲ့ချုပ်က အလွန်လျင်မြန်စွာ တိုးတက်လာသည်။ အထူးသဖြင့် အပြင်အဖွဲ့ဝင်များပင်။ ကျန်းချီကျီက သူတို့ကို အပြည့်အဝ တာဝန်ယူထားသည်။ အလွန်တိုတောင်းသည့် အချိန်ကာလလေးအတွင်းမှာပင် အပြင်အဖွဲ့ဝင်အရေအတွက်က မှတ်သားလောက်စရာ အဆင့်တစ်ခုအထိ သိသိသာသာ တိုးတက်လာခဲ့သည်။

“မရီးကလည်းဗျာ... ဒီလောက်လေးက သိပ်မကြီးကျယ်လှပါဘူး…ဟီးဟီး။ အပြင်အဖွဲ့ဝင်တွေက သူတို့ဘာသာသူတို့ ကာကွယ်သူအဖွဲ့ချုပ်ကို ဝင်ဖို့ အလုအယက် ကြိုးစားနေကြတာပါ။ ကျွန်တော်က စည်းမျဉ်းစည်းကမ်းတချို့ကိုပဲ ချမှတ်ပေးရုံလောက်ပါပဲ”

အပြင်အဖွဲ့ဝင်များက အပြင်အဖွဲ့ဝင်များသာဖြစ်ကြောင်း ကျန်းချီကျီ ကောင်းကောင်းသိသည်။ ကာကွယ်သူအဖွဲ့ချုပ်၏ အဓိကအုတ်မြစ်က တရားဝင်အဖွဲ့ဝင်များသာ ဖြစ်နေဆဲပင်။

“ဒါနဲ့ အစ်ကိုဖုန်းက အခုထိ ပြန်မလာသေးဘူးလား”

“အွန်း ပြန်မလာသေးဘူး။ ကိစ္စတစ်ခုခုရှိလို့ ကြာ‌နေတာနေမှာ”

ချူချန်းလည်း မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သုံးလထိတိုင် ရှိချေပြီ။ သို့သော် လင်းဖုန်းက အခုထိ ပြန်မလာသေးပေ။ ဘာသတင်းအစအနမျှပင် မရှိချေ။ လင်းဖုန်းက သူတော်စင်တစ်ပါး ဖြစ်သော်လည်း ချူချန်း အနည်းငယ် စိတ်ပူမိနေသည်။

ချူချန်း စိတ်ပူနေပုံရသည်ကို မြင်သောအခါ ကျန်းချီကျီက ပြုံးပြီး ပြောလိုက်သည်။ “မရီး စိတ်မပူပါနဲ့။ အစ်ကိုဖုန်းက သူတော်စင်တစ်ပါးလေ။ ဘယ်လို အန္တရာယ်မျိုးနှင့်များ ကြုံနိုင်ဦးမှာလဲ။ အခုက အစ်ကိုဖုန်း လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် ကြီးကြီးမားမား ကိစ္စကြီးတစ်ခုခု လုပ်နေတာဖြစ်မယ်။”

ဤသည်ကား မြှောက်ပင့်ပြောဆိုနေခြင်း မဟုတ်ပေ။ သူတော်စင်များက လူသားအားလုံး၏ ဘေးကင်းလုံခြုံမှုကို သေချာစေဖို့အတွက် ကြီးမားသည့်တာဝန်ကို အမှန်တကယ်ပင် ထမ်းပိုးထားရသည်။ သူတော်စင်တစ်ပါးအနေဖြင့် လင်းဖုန်းလုပ်ခဲ့သည့် အရာများစွာက တကယ်လည်း လူသားမျိုးနွယ်တစ်ခုလုံးကို ကာကွယ်ဖို့အတွက်ပင်။

“ဒွီ ဒွီ ဒွီ... ကျူးကျော်မှု ကျူးကျော်မှု ကျူးကျော်မှု”

ရုတ်တရက် ကာကွယ်သူအဖွဲ့ ဌာနချုပ်တွင် အရေးပေါ် အချက်ပေးသံတစ်ခု မြည်လာ၏။ ကာကွယ်သူများအားလုံးပင် တပ်လှန့်ခံလိုက်ရသည်။

All Chapters