အခန်း ၃၁၆
Vol. 28 Ch. 316
ထာဝရသိုင်းတာအိုအရှင်
အခန်း (၃၁၆) - ကျူးကျော်မှု
ဘာသာပြန် - အားသစ်
“ကျူးကျော်မှုလား”
ချူချန်းနှင့် ကျန်းချီကျီတို့ ချက်ချင်း မတ်တပ်ထရပ်လိုက်ကြသည်။
ကာကွယ်သူအဖွဲ့ချုပ်၏ ကာကွယ်ရေးအစီအမံများကို လင်းဖုန်းက ချမှတ်ထားခဲ့ခြင်းဖြစ်သည်။ စောင့်ကြပ်သူများ၏ ခွင့်ပြုချက်မရှိဘဲ ကာကွယ်သူအဖွဲ့ဌာနချုပ်၏ ကာကွယ်ရေးနယ်မြေထဲသို့ တစ်စုံတစ်ယောက် ဝင်ရောက်လာပါက ကျူးကျော်မှုအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
လက်ရှိအချိန်တွင် မည်သည့်သားရဲမှ မရှိတော့ချေ။ မည်သူကများ ကာကွယ်သူအဖွဲ့ချုပ်ကို ကျူးကျော်ရဲမည်နည်း။
ရွှစ်
ကျန်းချီကျီနှင့် ချူချန်းတို့ အပြင်သို့ ထွက်လာသည့်အခိုက် ကောင်းကင်ယံ၌ လေသင်္ဘောငယ်တစ်စင်း ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် လူရိပ်တစ်ခု ထွက်ပေါ်လာ၏။
“သူတော်စင်ဘာတိုင် ထင်တယ်နော်”
“ဟုတ်တယ်... ငါ သူ့ပုံကို အရင်က မြင်ဖူးတယ်။ အဲ့ဒီလူက စီးပွားရေးအဖွဲ့အစည်းက သူတော်စင်ဘာတိုင်ပဲ”
လေသင်္ဘောပေါ်မှ ဆင်းသက်လာသူမှာ သူတော်စင်ဘာတိုင်ဖြစ်နေသည်ကို မြင်လျှင် ချူချန်း သက်ပြင်းချလိုက်မိသည်။ သို့သော်လည်း သူမ အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲပင်။ မည်သည့်အတွက်ကြောင့် သူတော်စင်ဘာတိုင်က ကာကွယ်သူအဖွဲ့ဌာနချုပ်သို့ ရုတ်တရက် ရောက်ရှိလာရသနည်း။
သို့သော်လည်း ချူချန်းက သူမ၏လုပ်ပိုင်ခွင့်ကို အသုံးပြု၍ အချက်ပေးသံကို ချက်ချင်း ပိတ်လိုက်သည်။
အချက်ပေးသံ ပိတ်သွားပြီးနောက် မူလက ဂဏာမငြိမ်ဖြစ်နေသည့် ကာကွယ်သူ၏ မျက်လုံးများလည်း အနီရောင်ခပ်မှိန်မှိန်လက်သွားကာ ပြန်ထိုင်သွားသည်။ သူက ကာကွယ်သူအဖွဲ့ချုပ်ကို တိုင်လုံးကြီးတစ်ခုပမာ စောင့်ကြပ်နေခြင်းဖြစ်သည်။
ကာကွယ်သူကို အမိန့်ပေးရန် ချူချန်းတစ်ဦးတည်း၌သာ လုပ်ပိုင်ခွင့်ရှိ၏။
“သူတော်စင်ဘာတိုင်... အခမ်းအနားနဲ့ မကြိုဆိုနိုင်တဲ့အတွက် တောင်းပန်ပါတယ်ရှင့်”
ချူချန်းက သူတော်စင်ဘာတိုင်ကို တရိုတသေ ဂါရဝပြုလိုက်သည်။ ကာကွယ်သူအဖွဲ့ချုပ်မှ သိုင်းသမားအများစုကလည်း သူတော်စင်ဘာတိုင်အပေါ် သူတို့၏ ရိုသေလေးစားမှုကို ပြသလိုက်ကြသည်။
သူတော်စင်ဘာတိုင်က ခြေတစ်လှမ်းလှမ်းကာ မြေပြင်ပေါ်သို့ ဆင်းသက်လာ၏။
“မင်းက လင်းဖုန်းနဲ့ စေ့စပ်ထားတဲ့သူလား”
သူတော်စင်ဘာတိုင်က ချူချန်းကို စိုက်ကြည့်ကာ ဆိုလိုက်သည်။ လင်းဖုန်း၏ စေ့စပ်ပွဲက အလွန်တိတ်တိတ်ဆိတ်ဆိတ် ကျင်းပခဲ့သော်လည်း သူတို့လို သူတော်စင်များကမူ သတင်းကြားကြသည်။ အထူးသဖြင့် လင်းဖုန်းက ကာကွယ်သူအဖွဲ့ချုပ်၏ လုပ်ပိုင်ခွင့်တစ်စိတ်တစ်ပိုင်းကို ချူချန်းထံ လွှဲပြောင်းပေးထားသဖြင့် ချူချန်း၏ အဆင့်အတန်းက ပို၍ပင် အရေးကြီးနေသေးသည်။
“ဟုတ်ပါတယ်ရှင့်။ သူတော်စင်ဘာတိုင်က... ကာကွယ်သူအဖွဲ့ချုပ်ဌာနချုပ်ကို ဘာကိစ္စများရှိလို့ ကြွလာတာလဲရှင့်”
ချူချန်းက သူတော်စင်တစ်ပါးနှင့် ရင်ဆိုင်ရသည့်တိုင် မျက်နှာချိုသွေးမနေသလို မောက်လည်းမမောက်မာချေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူမက မိမိကိုယ်ကိုယ် ကိုယ်စားပြုနေခြင်းမဟုတ်ဘဲ ကာကွယ်သူအဖွဲ့ချုပ်တစ်ခုလုံးနှင့် လင်းဖုန်းကို ကိုယ်စားပြုနေသောကြောင့်ပင်။
“ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က မင်းတို့ကို အကြောင်းမကြားရသေးဘူး ထင်တယ်။ ကောင်းပြီလေ... ဒီကံမကောင်းအကြောင်းမလှတဲ့ သတင်းဆိုးကို ငါပဲ အသိပေးလိုက်ပါ့မယ်”
ချူချန်းနှင့် ကျန်းချီကျီတို့၏ နှလုံးသားများ တစ်ချက်အခုန်မှားသွားကြသည်။ သူတို့ ရုတ်တရက် နိမိတ်မကောင်းသည့် ခံစားချက်တစ်ခုကို ရလိုက်၏။
“ဘာ...ဘာသတင်းဆိုးလဲရှင့်”
“သူတော်စင်လင်းဖုန်းက နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်မှာ နတ်ဆိုးဧကရာဇ်နှစ်ကောင်နဲ့ ရင်ဆိုင်ရင်း တိုက်ပွဲမှာ ကျဆုံးသွားပြီ”
ဘုန်း
သူတော်စင်ဘာတိုင်၏ စကားလုံးများက မိုးပြိုကျသည့်အလားပင်။ ချူချန်းနှင့် ကျန်းချီကျီတို့၏ စိတ်အစဉ်မှာ ဗလာကျင်းသွားသည်။ ချူချန်းတစ်ယောက် မတ်တပ်ပင် မရပ်နိုင်တော့လောက်အောင် ဖြစ်သွားသဖြင့် ဘေးမှ ကျန်းချီကျီ၏ဇနီး ပိုင်ကျင်းက အချိန်မီ လှမ်း၍ ထိန်းပေးလိုက်ရသည်။
“မဖြစ်နိုင်ဘူး... အဲဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး...”
သူမကိုယ်တိုင်ပင် သတိမထားမိဘဲ မျက်ရည်များက ချူချန်း၏ မျက်ဝန်းအစုံမှ စီးကျလာသည်။ သူမ၏ မျက်ဝန်းများက နီမြန်းနေပြီး ခေါင်းကိုသာ တရစပ် ခါယမ်းနေမိ၏။ ဤသတင်းကို သူမ လုံးဝလုံးဝ မယုံကြည်နိုင်ချေ။
သူတော်စင်ဘာတိုင်က သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ကရုဏာသက်သည့် လေသံဖြင့် စကားဆိုလိုက်သည်။ “ချူချန်း... စိတ်မကောင်းပါဘူးကွယ်။ သူတော်စင်လင်းဖုန်းက လူသားမျိုးနွယ်အတွက် နတ်ဆိုးဧကရာဇ်တွေကို ခုခံတိုက်ခိုက်ရင်း အသက်ပေးသွားခဲ့ရတာပါ။ သူက လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတစ်ယောက်ပါပဲ”
“အစ်ကိုဖုန်း ဆုံးသွားတာ မဖြစ်နိုင်ဘူး။ အစ်ကိုဖုန်းကို ကျွန်တော် အခုချက်ချင်း ဆက်သွယ်ကြည့်မယ်”
ကျန်းချီကျီက လင်းဖုန်း၏ ဆက်သွယ်ရေးစက်သို့ ချက်ချင်း ခေါ်ဆိုလိုက်သည်။ သို့သော်လည်း သူ မည်မျှပင် ကြိုးစားပါစေ အဆက်အသွယ် မရချေ။
“လုပ်မနေနဲ့ အလကားပဲ။ သူတော်စင်လင်းဖုန်းက မြေအောက်အနက်ကြီးမှာ မြှုပ်နှံခံလိုက်ရတာ။ သူတော်စင်တွေတောင် သူ့အလောင်းကို ရှာမတွေ့နိုင်တော့ဘူး”
ချူချန်းတစ်ယောက် သူမ၏ သက်စောင့်ခွန်အားများ အားလုံး ကုန်ခမ်းသွားသည့်အလား ခံစားလိုက်ရသည်။ လင်းဖုန်းနှင့် သူမတို့၏ အတိတ်က အခိုက်အတန့်များက သူမ စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပြန်လည်ပေါ်လာ၏။ နောက်ဆုံးအကြိမ် ခေတ္တခဏ ခွဲခွာခဲ့ရခြင်းက ထာဝရနှုတ်ဆက်ခြင်း ဖြစ်သွားလိမ့်မည်ဟု သူမ ဘယ်လိုမှ မယုံကြည်နိုင်သေးချေ။
ချူချန်းနှင့် ကျန်းချီကျီတို့ နှစ်ဦးစလုံး အကြီးအကျယ် ဝမ်းနည်းကြေကွဲနေကြသည်ကို မြင်လျှင် ကာကွယ်သူအဖွဲ့ချုပ်အတွင်း၌လည်း ဖရိုဖရဲ ဖြစ်ကုန်တော့သည်။
ထိုသိုင်းသမားများက ကာကွယ်သူအဖွဲ့ချုပ်၏ တရားဝင်အဖွဲ့ဝင်များ ဖြစ်ကြသည်။ ကာကွယ်သူအဖွဲ့ချုပ်မှာ အသစ်တည်ထောင်ခါစ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လင်းဖုန်းကဲ့သို့ သူတော်စင်အသစ်တစ်ပါးရှိနေသဖြင့် တောက်ပသောအနာဂတ် ရှိလိမ့်မည်ဟု မျှော်လင့်ကာ ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။
ယခု ဤဝမ်းနည်းဖွယ် သတင်းဆိုးကို ပထမဆုံးအကြိမ် ကြားလိုက်ရသည့်အခါ ထိုသိုင်းသမားများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။ အခြေအနေမှာ တိတ်တဆိတ် ဖရိုဖရဲ ဖြစ်လာသည်။
“အားလုံးပဲ... ထိတ်လန့်စရာမလိုပါဘူး။ သူတော်စင်လင်းဖုန်းက လူသားမျိုးနွယ်ရဲ့ ဒဿမမြောက်သူတော်စင်ပဲ။ ဒီတစ်ခါလည်း သူက နတ်ဆိုးဧကရာဇ်တွေကို ခုခံရင်း သေဆုံးသွားခဲ့တာမို့ လူသားမျိုးနွယ်ရဲ့ သူရဲကောင်းကြီးတစ်ယောက်ပဲ။ သူရဲကောင်းတွေကို ငါတို့က စိတ်ပျက်အောင် မလုပ်ပါဘူး။ ဒါကြောင့်မို့ ကာကွယ်သူအဖွဲ့ချုပ်ကို ဖျက်သိမ်းမှာမဟုတ်ဘူး။ လက်ရှိအတိုင်းပဲ ဆက်ထိန်းထားမှာပါ။ ဒါပေမဲ့လို့ အရေးကြီးတဲ့ လျှို့ဝှက်ကိစ္စတချို့ကိုတော့ အရင်ဆုံး သူတော်စင်တွေဆီမှာ လုံလုံခြုံခြုံ သိမ်းဆည်းဖို့အတွက် အပ်နှံရမယ်”
“ချူချန်း... ကာကွယ်သူအဖွဲ့ဌာနချုပ်ရဲ့ ထိန်းချုပ်ခွင့်အာဏာကို ငါ့ဆီ အရင်လွှဲပေးပါ။ စိတ်မပူပါနဲ့... လူသားမျိုးနွယ်က သူတော်စင်လင်းဖုန်းရဲ့ အကျိုးပြုမှုတွေကို မေ့ပစ်မှာ မဟုတ်ပါဘူး”
လုပ်ပိုင်ခွင့်အာဏာကို လွှဲပေးရမည်လော။
ချူချန်း ရုတ်တရက် ခေါင်းမော့လာသည်။ သူမက ကာကွယ်သူအဖွဲ့ချုပ်တစ်ဝိုက်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် သူမမျက်ဝန်းထဲတွင် ခေါင်းမာသည့် အရိပ်အယောင်တစ်ခု ပေါ်လာ၏။
“သူတော်စင်ဘာတိုင်... ကာကွယ်သူအဖွဲ့ချုပ်ကို လင်းဖုန်း သူ့ဘာသာသူ တည်ထောင်ခဲ့တာပါ။ ဒီမှာရှိတဲ့ အရာအားလုံးက သူ့ရဲ့ သွေးတွေ ချွေးတွေ ကြိုးစားအားထုတ်မှုတွေကနေ ဖြစ်လာတာ။ သူ့ရဲ့ ကြိုးစားအားထုတ်မှု ရလဒ်တွေကို ကျွန်မ အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်သွားမယ်။ သူတော်စင်ဘာတိုင်... နားလည်ပေးပါ”
“ဟမ်”
သူတော်စင်ဘာတိုင်၏ အကြည့်က စူးရှသွားပြီး သဘာဝအလျောက် ဖိအားအရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ချူချန်းက ကာကွယ်သူအဖွဲ့ ဌာနချုပ်၏ လုပ်ပိုင်ခွင့်ကို တကယ်ပင် လွှဲပြောင်းမပေးလိုချေ။ တကယ်တော့ သူတော်စင်ဘာတိုင်က ကာကွယ်သူအဖွဲ့ချုပ်နှင့် ပတ်သက်ပြီး ရည်မှန်းချက်ကြီးကြီးမားမား အတွေးများများစားစား မရှိလှပေ။ သူ၏တစ်ခုတည်းသော ရည်မှန်းချက်က ဖျက်ဆီးခြင်းလှံတံနှင့် သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် စက်ရုပ်သာ ဖြစ်သည်။
“ချူချန်း... လုပ်ပိုင်ခွင့် လွှဲပြောင်းပေးဖို့က သူတော်စင်တွေရဲ့ ဆုံးဖြတ်ချက်ပဲ။ ဘာပဲဖြစ်ဖြစ် ကာကွယ်သူအဖွဲ့ချုပ်က အရမ်းအရေးကြီးတယ်။ သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိတဲ့ စက်ရုပ်တစ်ရုပ်နဲ့ လက်နက်တပ်ဆင်ထားတဲ့ စက်ရုပ်တွေ မရေမတွက်နိုင်အောင်လည်း ရှိသေးတယ်။ မတော်တဆ တစ်ခုခုများဖြစ်လာရင် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ကပ်ဘေးတစ်ခု ဖြစ်စေလိမ့်မယ်။ အများအကျိုးကို ထည့်သွင်းစဉ်းစားပေးပါ” သူတော်စင်ဘာတိုင်၏ လေသံက အနည်းငယ် ကြမ်းတမ်းလာ၏။
“ဒါက တကယ်ပဲ သူတော်စင်တွေအကုန်လုံးရဲ့ ဆုံးဖြတ်ချက်လား။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို ကျွန်မ အရင်မေးကြည့်ပါရစေ”
ချူချန်းက သူမ၏ ဆက်သွယ်ရေးစက်ကို ချက်ချင်း ထုတ်ယူလိုက်သည်။ သူတော်စင်ဘာတိုင်နှင့် ယှဉ်လျှင် သူမက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို ပိုယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် လင်းဖုန်းကလည်း အနန္တလမ်းစဉ်အကယ်ဒမီမှ လာသူဖြစ်သောကြောင့်ပင်။ ထို့ပြင် လင်းဖုန်း မထွက်ခွာမီက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် သူတော်စင်ခန်းတို့၏ ဆက်သွယ်ရေး အချက်အလက်များကို ချူချန်းအားပေးခဲ့ပြီး တစ်စုံတစ်ရာ ဖြစ်ပွားပါက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် သူတော်စင်ခန်းတို့ကို အကူအညီတောင်းရန် ချူချန်းကို မှာကြားခဲ့ဖူးသည်။
ချူချန်းက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ ဆက်သွယ်ရေးစက်ကို ခေါ်ဆိုတော့မည့်ဆဲဆဲတွင် သူတော်စင်ဘာတိုင်က လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ ချူချန်း၏ လက်ထဲမှ ဆက်သွယ်ရေးစက်မှာ သူတော်စင်ဘာတိုင်၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။
“မင်းတို့အားလုံး နားထောင်ကြစမ်း။ သူတော်စင်လင်းဖုန်းက သေသွားပြီ။ ကာကွယ်သူအဖွဲ့ချုပ်ကို လောလောဆယ် ငါ တာဝန်ယူမယ်။ အမိန့်မနာခံဘဲ အလျင်စလို လုပ်တဲ့သူတွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး အရေးယူမယ်”
သူတော်စင်ဘာတိုင်က ဟန်ဆောင်မျက်နှာဖုံးကို ခွာချလိုက်တော့သည်။ သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် စက်ရုပ်နှင့် ဖျက်ဆီးခြင်းလှံတံကို အရယူရန်အတွက် သူ စိတ်ပိုင်းဖြတ်ထားသည်က အတော်ကြာလေပြီ။
“သူတော်စင်ဘာတိုင်... သူတော်စင်လင်းဖုန်းရဲ့ မိသားစုကို ရှင်က ဒီလိုပဲ ဆက်ဆံတာလား”
ကျန်းချီကျီက သူတော်စင်တစ်ပါး၏ ဖိအားအရှိန်အဝါကို သိပ်မခံနိုင်သော်လည်း အစွမ်းကုန် တောင့်ခံထားကာ တုန်ယင်နေသည့် အသံဖြင့် အော်ဟစ်လိုက်သည်။
ယခုဆိုလျှင် သူတော်စင်ဘာတိုင်က သူတော်စင်အဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်ကြလေပြီ။ သူက ကာကွယ်သူအဖွဲ့ချုပ်ကို လုယူသိမ်းပိုက်ရန် ကြံစည်နေခြင်းဖြစ်ကြောင်း ထင်ရှားလှ၏။ သူတော်စင်လင်းဖုန်း ကျဆုံးသွားသည်နှင့် သူတော်စင်ဘာတိုင်က ဤသို့ပြုမူခြင်းမှာ တကယ်ပင် စိတ်ပျက်ဖွယ်ကောင်းလှသည်။
သို့သော်လည်း သူတော်စင်တစ်ပါး၏ အင်အားက မည်မျှထိတိုင် ကြောက်မက်ဖွယ်ရာ ကောင်းလိုက်သနည်း။
ကာကွယ်သူအဖွဲ့ချုပ်၏ တရားဝင်အဖွဲ့ဝင်များပင် သူ့ကို တားဆီးဖို့ ရှေ့မထွက်ရဲကြချေ။
“လုပ်ပိုင်ခွင့်အာဏာကို လွှဲပေးစမ်း” သူတော်စင်ဘာတိုင်၏ လေသံက အေးစက်လာသည်။
ချူချန်း အံတင်းတင်းကြိတ်လိုက်၏။ သူမက ကာကွယ်သူအဖွဲ့ချုပ်တစ်ဝိုက်ကို တစ်ချက်ကြည့်ပြီး ဖြူလျော်လျော် ပြုံးလိုက်သည်။
“ရှင် က်ြုးစားပမ်းစား တည်ဆောက်ခဲ့တဲ့အရာတွေကို ကျွန်မ အသပ်ထက်ဆုံး ကာကွယ်ပေးပါ့မယ်။ ကာကွယ်သူ...အသက်သွင်းပြီး ကျူးကျော်သူကို တားစမ်း”
ဝုန်း
ချူချန်း စကားဆုံးသည်နှင့် ကာကွယ်သူအဖွဲ့ချုပ်အတွင်းရှိ ဧရာမစက်ရုပ်ကြီးက ချက်ချင်း မတ်တပ်ရပ်လာသည်။ သူ့အကြည့်က သူတော်စင်ဘာတိုင်အပေါ်တွင်သာ စွဲမြဲနေ၏။
“ရန်သူ ကျူးကျော်လာတယ်။ တိုက်ခိုက်ရေးစနစ်ကို အသက်သွင်းလိုက်ပြီ”
သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် ကာကွယ်သူက တိုက်ပွဲဝင်ပုံစံကို ချက်ချင်း အသက်သွင်းလိုက်လေသည်။
“တောက်... မင်းက သူတော်စင်တစ်ပါးကိုတောင် ပြန်တိုက်ရဲတယ်ပေါ့လေ”
သူတော်စင်ဘာတိုင် အလွန်ဒေါသထွက်သွားသည်။ သူ ချူချန်းကို ထိုနေရာ၌ပင် ရိုက်သတ်ပစ်ချင်နေမိ၏။ သို့သော်လည်း သူ မလုပ်ဆောင်နိုင်ခဲ့ချေ။ ကြောက်မက်ဖွယ်ကောင်းသည့် စက်ရုပ်ကြီးက အသက်ဝင်လာပြီး သူ့ထံသို့ အရူးအမူး ပြေးဝင်လာသောကြောင့်ပင်။