← Chapters

အခန်း ၃၁၇

Vol. 28 Ch. 317

အခန်း ၃၁၇

Vol. 28 Ch. 317

ထာဝရသိုင်းတာအိုအရှင်

အခန်း (၃၁၇) - ဝေဟင်ထက်မှ ရောက်လာခြင်း

ဘာသာပြန် - အားသစ်

ဝုန်း

တတိယမြောက် ယဉ်ကျေးမှု၏ စစ်လက်နက်တစ်ခုပီပီ ကာကွယ်သူသည် တိုက်ပွဲဝင်ပုံစံကို အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် မည်သည့်ထိန်ချန်မှုမျှမရှိတော့ဘဲ အင်အားအလုံးစုံကို အပြည့်အဝ ထုတ်လွှတ်လိုက်လေသည်။

ကာကွယ်သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ သူတော်စင်ဘာတိုင် ရုတ်တရက် လွင့်ထွက်သွားသည်။ သူတော်စင်ဘာတိုင်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကြယ်တာရာစွမ်းအားများဖြင့် ချက်ချင်း ကာကွယ်လိုက်သော်လည်း အချည်းနှီးသာပင်။

တံခါးမကြီး၌ ချက်ချင်း အပေါက်ကြီးတစ်ပေါက် ဖြစ်သွားသည်။ ကာကွယ်ကလည်း သူတော်စင်ဘာတိုင် နောက်မှ ထပ်ကြပ်မကွာလိုက်ကာ ဝေဟင်ထက်သို့ ပျံသန်းထွက်ခွာသွား၏။

“မရီး... ကျွန်တော်တို့ ဒီနေရာကနေ မြန်မြန် ထွက်သွားရအောင်။ ဘေးကင်းမယ့် နေရာမျိုးရှိလား”

“ရှိတယ်... ငါ့နောက်ကို လိုက်ခဲ့”

ချူချန်းသည်လည်း ယခုအချိန်တွင် အခြေအနေက အလွန်စိုးရိမ်ရကြောင်း ကောင်းကောင်းသိသည်။ ကာကွယ်သူ တိုက်ပွဲဝင်ပုံစံကို အသက်သွင်းလိုက်ကတည်းက အခြေအနေမှာ အလွန်ဆိုးရွားသွားလေပြီ။ သူတော်စင်ဘာတိုင်သည်ကား မြင့်မြတ်လှသည့် သူတော်စင်တစ်ပါးဖြစ်ရာ ကာကွယ်သူအဖွဲ့ချုပ်၏ ခုခံမှုကို မည်သို့လျှင် သည်းခံနိုင်ပါမည်နည်း။

သူတော်စင်ဘာတိုင်က ကာကွယ်သူအဖွဲ့ချုပ်ကို အင်အားသုံး သိမ်းပိုက်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ရာ နှစ်ဦးနှစ်ဖက်အကြား ပြန်လည်စေ့စပ်ညှိနှိုင်းရန် မည်သို့မျှ မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် ချူချန်းက ကျန်းချီကျီနှင့် ပိုင်ကျင်းတို့ကို ခေါ်ဆောင်ကာ မြေအောက်ဥမင်လိုဏ်ခေါင်းထဲသို့ အလျင်အမြန် ဦးဆောင်ဝင်ရောက်သွားသည်။ ထိုနေရာတွင် ဧရာမမြေအောက်ခန်းမကြီးတစ်ခု ရှိနေ၏။

တကယ်တော့ ဤနေရာမှာ တတိယမြောက်ယဉ်ကျေးမှုက ချန်ထားရစ်ခဲ့သည့် အစစ်အမှန် ရှေးဟောင်းအပျက်အစီးနေရာပက်။ အပေါ်ဘက်ရှိ ကာကွယ်သူအဖွဲ့ချုပ်ကမူ လင်းဖုန်း စက်ရုပ်များကို အသုံးပြု၍ တည်ဆောက်ထားခြင်းမျှသာ ဖြစ်၏။

စွမ်းအင်သုံးလက်နက်များ ထုတ်လုပ်မှု၊ စွမ်းအင်အသွင်ပြောင်းလဲခြင်းစနစ် သို့တည်းမဟုတ် စက်ရုပ်စစ်တပ် စသည်တို့က ဤမြေအောက်၌သာ တည်ရှိပေသည်။ လင်းဖုန်းနှင့် ချူချန်းတို့ နှစ်ဦးတည်း၌သာ ဤနေရာသို့ ဝင်ရောက်နိုင်သည့် အခွင့်အာဏာရှိသည်။

ကျန်းချီကျီတစ်ယောက် ဤမျှခမ်းနားလှသည့် မြေအောက်အဆောက်အအုံကို ငေးမောကြည့်ရှုရန်ပင် စိတ်မပါနိုင်ရှာပေ။ သူက အလျင်အမြန်ပင် မေးမြန်းလိုက်သည်။

“ဒီနေရာကနေ အပြင်က အခြေအနေတွေကို ကြည့်လို့ရတယ်မလား”

“ကြည့်လို့ရတယ်...လာ ထိန်းချုပ်ခန်းကို သွားကြစို့”

ချူချန်းက ကျန်းချီကျီနှင့် ပိုင်ကျင်းတို့ကို ထိန်းချုပ်ခန်းသို့ ခေါ်ဆောင်သွားသည်။ ထိန်းချုပ်ခန်းအတွင်း၌မူ ကာကွယ်သူအဖွဲ့ချုပ်အတွင်းရှိ မြင်ကွင်းအားလုံးကို မြင်တွေ့နိုင်သည့်အပြင် အပြင်ဘက်တွင်လည်း ကင်မရာများစွာ တပ်ဆင်ထား၏။

လက်ရှိအချိန်တွင် ကာကွယ်သူက ဘာတိုင်နောက်သို့ လိုက်လံတိုက်ခိုက်ရင်း အပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော်လည်း သူတော်စင်ဘာတိုင်မှာ ဂုဏ်သရေရှိလှသည့် သူတော်စင်တစ်ပါး ဖြစ်ရာ ကာကွယ်သူ၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် အငိုက်မိသွားခဲ့သော်လည်း အနည်းငယ် အရှက်ရရုံမျှသာ ရှိခဲ့သည်။

ထို့နောက် သူတော်စင်ဘာတိုင်က နတ်ဘုရားနယ်မြေကို ဖြန့်ကြက်လိုက်သည်။ သူ့နောက်ရှိ ဟင်းလင်းပြင်၌ ဧရာမရေနတ်ဆိုးကြီးတစ်ကောင် ပေါ်ထွက်လာ၏။ ထိုနတ်ဆိုးကြီးက ကာကွယ်သူ၏ ခန္ဓာကိုယ်ထက်ပင် များစွာကြီးမားလှပြီး အလွန် ကြောက်မက်ဖွယ်ရာကောင်းလှပေသည်။

ကျန်းချီကျီအနေဖြင့် ယခုလက်ရှိအချိန်တွင် အလွန်တည်ကြည်လေးနက်နေသည်။ သူက ထိုဧရာမရေနတ်ဆိုးကြီးကို ကြည့်လိုက် ထို့နောက် ကာကွယ်သူကို ကြည့်လိုက်နှင့် နောက်ဆုံးတွင် အံကိုကြိတ်ကာ စကားဆိုလိုက်သည်။

“မရီး... အစ်ကိုဖုန်းရဲ့ က်ြုးစားအားထုတ်မှု အသီးအပွင့်တွေကို ကာကွယ်ချင်ရင် ကာကွယ်သူတစ်ယောက်တည်းကိုပဲ အားကိုးနေလို့ မရဘူး။ သူတော်စင်ဘာတိုင်က သူတော်စင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်နေတာ လုံးဝမဟုတ်ဘူး။ တခြားသူတော်စင်တွေက အစ်ကိုဖုန်းအပေါ် ဒီလိုမျိုးပြုမူလိမ့်မယ်လို့ ကျွန်တော် မယုံဘူး။ မရီး အရင်ဆုံး တခြားသူတော်စင်တွေကို ဆက်သွယ်ကြည့်ပါဦး”

“ဟုတ်သားပဲ... သူတော်စင်တွေကို ဆက်သွယ်ရမယ်”

ချူချန်းသည်လည်း သတိပြန်ဝင်လာသည်။ စောစောက သူတော်စင်ဘာတိုင်၏ တုံ့ပြန်မှုမှာ အလွန်ပင် ပြင်းထန်လှသည်။ သူမ၏ ဆက်သွယ်ရေးစက်ကိုပင် တိုက်ရိုက် ဖျက်ဆီးပစ်ခဲ့၏။ သူ မရိုးမဖြောင့်လုပ်နေသည်မှာ ထင်ရှားလှပေသည်။ သူတော်စင်ဘာတိုင်အနေဖြင့် အခြားသူတော်စင်များ၏ ထောက်ခံမှုကို ရရှိထားခြင်း မဖြစ်နိုင်ပေ။

ထို့ကြောင့် ချူချန်းက ကျန်းချီကျီ၏ ဆက်သွယ်ရေးစက်ကို ယူကာ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် သူတော်စင်ခန်းတို့ထံ ထပ်မံဆက်သွယ်လိုက်သည်။

...

သုံးလတာကာလ ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ နှလုံးသားထဲ၌မူ ဝမ်းနည်းကြေကွဲမှုများနှင့် နောင်တများဖြင့် ပြည့်နှက်နေဆဲပင်။ လင်းဖုန်း ကျဆုံးသွားရခြင်းက သူ့ကြောင့်ဟု သူ ခံစားနေရသည်။ အကယ်၍ သူသာ လင်းဖုန်းကို နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်အား စူးစမ်းလေ့လာရန် ဖိတ်ခေါ်ခြင်းမပြုခဲ့ပါက လင်းဖုန်း သေဆုံးရမည်မဟုတ်ချေ။

သို့သော်လည်း မည်မျှပင် နောင်တရနေပါစေ အချိန်နှောင်းသွားခဲ့လေပြီ။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အနေဖြင့် အခြေစိုက်စခန်းရှိ ကိစ္စရပ်များကို အနည်းငယ် အခြေကျအောင် ဆောင်ရွက်ပြီးနောက် ဗဟိုပင်လယ်မြို့တော်သို့ ကိုယ်တိုင်သွားရောက်ကာ လင်းဖုန်း၏ မိသားစုကို တောင်းပန်ရန်သာ တွေးနေမိတော့သည်။

သူက သူတော်စင်တစ်ပါးဖြစ်သော်လည်း သီလသမာဓိရှိသူတစ်ဦးပင်။ လင်းဖုန်း၏ သေဆုံးမှုက သူ့တွင် တာဝန်ရှိသည်ဟု ခံစားနေရသဖြင့် ထိုအတွက် တာဝန်ယူလိုစိတ် ရှိပေသည်။ လင်းဖုန်း ကျဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သူ့တွင် မိသားစုရှိနေသေးရာ အနည်းဆုံး လင်းဖုန်း၏ မိသားစုတစ်စုလုံး တစ်သက်တာလုံး ပူပန်စရာမလိုဘဲ နေထိုင်နိုင်ရန် သူ သေချာပေါက် အာမခံပေးရမည်ဖြစ်သည်။

ဒွီ ဒွီ ဒွီ

ရုတ်တရက် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ ဆက်သွယ်ရေးစက် မြည်လာသည်။ သူ ကြည့်လိုက်သည့်အခါ နံပါတ်စိမ်းတစ်ခု ဖြစ်နေသည်ကို တွေ့ရ၏။

သူတော်စင်များ၏ ဆက်သွယ်ရေးစက်များက အထူးသီးသန့် ပြုလုပ်ထားခြင်းဖြစ်ပြီး သူတို့၏ အချက်အလက်များကို အလွန်တင်းကျပ်စွာ ကာကွယ်ထားရှိကြောင်း သိထားကြရမည်။ အခြားသော အမည်မသိ နံပါတ်တစ်ခုက မှားယွင်းခေါ်ဆိုမိရန် မည်သို့မျှ မဖြစ်နိုင်ချေ။

တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ တစ်စုံတစ်ယောက်က သူ့နံပါတ်ကို သိရှိထားခြင်းပင်။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ဖုန်းလက်ခံလိုက်သည့်အခါ တစ်ဖက်မှ ပျာပျာသလဲ အသံတစ်ခု ထွက်ပေါ်လာသည်။

“ဘာ...”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ ခန္ဓာကိုယ်မှ ဖိအားအရှိန်အဝါတစ်ခု မီးတောင်ပေါက်ကွဲသည့်အလား အလွန်အမင်း ပြင်းထန်အုံကြွလာသည်။ ထို့ပြင် ရုပ်လုံးပေါ်လုနီးပါးဖြစ်နေသည့် အေးစက်စက် လူသတ်ငွေ့များပင် ထွက်ပေါ်လာ၏။

“ဘာတိုင်... မင်း သေသင့်တယ်”

ဝုန်း

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ ခန္ဓာကိုယ်မှ ဖိအားအရှိန်အဝါများ အပြည့်အဝ ပေါက်ကွဲထွက်လာပြီး အခန်းထဲမှ ချက်ချင်း ပြေးထွက်ကာ အခြေစိုက်စခန်းတွင် ဆိုက်ကပ်ထားသည့် လေသင်္ဘောထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

...

သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့မှာ ယခုတလော သတ္တမမြောက်ယဉ်ကျေးမှု၏ ရှေးဟောင်းအပျက်အစီးနေရာ တူးဖော်ရေးကို အနီးကပ် အာရုံစိုက်နေခဲ့ကြသည်။ မူလက ဤသည်မှာ ဝမ်းမြောက်စရာ ကိစ္စတစ်ခုပင်။ တူးဖော်ရေးအလုပ်ကလည်း အလွန်အဆင်ပြေနေပြီး လုပ်ငန်းစဉ်မှာလည်း တဖြည်းဖြည်း မြန်ဆန်လာ၏။

သို့သော်လည်း လင်းဖုန်း၏ သေဆုံးမှုသတင်းက ဤစိတ်လှုပ်ရှားမှုအားလုံးကို နေလာနှင်းပမာ ပျောက်ကွယ်သွားစေခဲ့သည်။

“ဒါတွေက တကယ့်အိမ်မက်တစ်ခုလိုပဲလို့ ငါ ခံစားနေရတုန်းပဲ။ အမြဲတမ်း အံ့ဖွယ်တွေကို ဖန်တီးပြတတ်တဲ့ လင်းဖုန်းက တကယ်ပဲ ဒီလိုမျိုး သေဆုံးသွားနိုင်ပါ့မလား”

ယခုအချိန်အထိပင် သူတော်စင်ခန်း သိပ်ပြီး မယုံကြည်နိုင်သေးချေ။ သို့တည်းမဟုတ် မယုံကြည်လို၍လည်း ဖြစ်နိုင်သည်။

သူတော်စင်ဆယ်ပါးဖြင့်ဆိုလျှင် လူသားမျိုးနွယ်က အရာအားလုံး အဆင်ပြေချောမွေ့နေပေမည်။ လင်းဖုန်းကဲ့သို့ သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် အားကောင်းသူတစ်ဦး ထပ်မံတိုးပွားလာခြင်းက ကျန်သူတော်စင်ကိုးပါးအပေါ် ကျရောက်နေသည့် ဖိအားများကို များစွာလျော့ပါးသွားစေခဲ့၏။

သို့သော်လည်း မည်သို့ပင်ဆိုစေ ယခုလက်ရှိတွင်မူ အရာအားလုံးက စိတ်ကူးသက်သက်သာ ဖြစ်သွားချေပြီ။

ဒွီ ဒွီ ဒွီ

သူတော်စင်ခန်း၏ ဆက်သွယ်ရေးစက်ပေါ်တွင် နံပါတ်စိမ်းတစ်ခု ပေါ်လာသည်။

သူတော်စင်ခန်း မျက်မှောင်ကြုတ်လိုက်မိ၏။ သူ့ဆက်သွယ်ရေးစက်နံပါတ်ကို သိရှိထားသူအားလုံးကို သူ သေသေချာချာ မှတ်ထားသည်။ ယခုကဲ့သို့ နံပါတ်စိမ်းတစ်ခု ရုတ်တရက် ပေါ်လာခြင်းမျိုးက လုံးဝမရှိသလောက်ပင်။

သို့သော်လည်း သူ လက်ခံဖြေကြားလိုက်သည်။

တောက်

သူတော်စင်ခန်း၏ မျက်နှာအမူအရာက တဖြည်းဖြည်း ပိုညိုမှောင်လာပြီး နောက်ဆုံး သူ ဒေါသတကြီး ဖုန်းချလိုက်သည်။

“ဘာတိုင်... မင်းဆိုတဲ့ကောင်က တကယ့်တကယ်ကို အတ္တကြီးပြီး သဘောထားသေးသိမ်လွန်းတယ်”

သူတော်စင်ခန်း ဒေါသတကြီး အံတကြိတ်ကြိတ် ဖြစ်နေသည်ကို မြင်လျှင် သူတော်စင်ယွမ်ယီက အလျင်အမြန် မေးမြန်းလိုက်သည်။

“သူတော်စင်ခန်း... ဘာတွေဖြစ်လို့လဲ”

“ဘာတိုင်က ကာကွယ်သူအဖွဲ့ချုပ်ကို အင်အားသုံးသိမ်းပိုက်ချင်နေတယ်။ အခု ကာကွယ်သူအဖွဲ့ချုပ်ဌာနချုပ်ကို ရောက်နေတယ်တဲ့။ လင်းဖုန်းရဲ့ ဇနီးလောင်းက သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိတဲ့ အဲဒီစက်ရုပ်ကို အသက်သွင်းပြီးတော့ အခု ဘာတိုင်နဲ့ တိုက်ခိုက်နေကြပြီ”

သူတော်စင်ယွမ်ယီ၏ မျက်နှာအမူအရာသည်လည်း အကြီးအကျယ် ပြောင်းလဲသွားသည်။ “ဒီဘာတိုင်ကတော့ကွာ တကယ်ကို လောဘဇောတက်နေပြီပဲ။ လင်းဖုန်း ကျဆုံးသွားတာတောင် မကြာသေးဘူး။ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ဒီလိုမျိုး ပြုမူရဲတယ်ပေါ့။ သူတော်စင်ခန်း... ခင်ဗျား ဘယ်လိုလုပ်ဖို့ စိတ်ကူးလဲ။ သူတော်စင်ညီလာခံ ခေါ်ဦးမလား”

“မလိုဘူး... လင်းဖုန်းက ငါ့ထက် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို ပိုပြီးယုံတယ်။ ငါ့ဆီကို ဆက်သွယ်လာတယ်ဆိုရင် ပြိုင်ဘက်ကင်းဆီကိုလည်း ကြိုပြီး ဆက်သွယ်ထားလောက်ပြီ။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ရဲ့ စိတ်နေစိတ်ထားအရဆိုရင်... သူ ဘာတိုင်ကို သတ်လိမ့်မယ်”

သူတော်စင်ခန်း အလွန်ပင် စိုးရိမ်ပူပန်နေမိသည်။ သူ မလွှဲမရှောင်သာဘဲ ဝင်ရောက်စွက်ဖက်ရပေတော့မည်။ မဟုတ်လျှင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် သူတော်စင်ဘာတိုင်တို့ အသေအကြေ တိုက်ခိုက်ကြလိမ့်မည်။ သူတို့ထဲမှ မည်သူ့ကိုမဆို ဆုံးရှုံးရခြင်းက လူသားမျိုးနွယ်တစ်ခုလုံးအတွက် ကြီးကြီးမားမားဆုံးရှုံးမှုပင် ဖြစ်သည်။

“ငါ ဘာတိုင်ကို တားဆီးဖို့ ကာကွယ်သူအဖွဲ့ချုပ်ဆီ ချက်ချင်း သွားရမယ်။ သူတော်စင်ယွမ်ယီ... မင်း ဒီမှာပဲ နေခဲ့ပါ။ လေနက်ချောက်ကမ်းပါးမှာ ဘာပြဿနာမှ ထပ်မဖြစ်စေနဲ့”

“သူတော်စင်ခန်း... မြန်မြန်သွားပါ။ ဒီက အခြေအနေတွေအကုန်လုံးကို ကျွန်တော့်ကိုပဲ လွှဲထားလိုက်ပါ”

ထို့နောက် သူတော်စင်ခန်း အချိန်ဆိုင်းမနေတော့ဘဲ ချက်ချင်း လေသင်္ဘောကိုစီးကာ ကာကွယ်သူအဖွဲ့ချုပ်ထံသို့ အပြေးအလွှား ဦးတည်သွားတော့သည်။

...

“လေးလံရေထု နတ်ဘုရားနယ်မြေ”

ကာကွယ်သူအဖွဲ့ချုပ်၏ အပြင်ဘက်တွင် သူတော်စင်ဘာတိုင်က နတ်ဘုရားနယ်မြေဖြစ်သည့် လေးလံသောရေထုကို အသုံးပြုလိုက်၏။ ထိုအခါ တိုက်ပွဲက သူတော်စင်ဘာတိုင်ဘက်သို့ ချက်ချင်း အလေးသာသွားသည်။

သူ၏ နတ်ဘုရားနယ်မြေက ဒဏ္ဍာရီလာ လေးလံရေတစ်မျိုး ဖြစ်သည်။ ရေစက်တိုင်းက အလွန်တရာ လေးလံလှ၏။ နတ်ဘုရားနယ်မြေအတွင်း၌ ဧရာမလှိုင်းတံပိုးကြီးများကို ဖန်တီးလိုက်သည့်အခါ တိုက်ခိုက်ရေးစွမ်းရည်အရ သူတော်စင်ဘာတိုင်တစ်ယောက် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ထက် မနိမ့်ကျတော့ချေ။

စင်စစ်တွင် ချည်နှောင်မှုစွမ်းအားအရ ဆိုရလျှင် လေးလံရေထုနတ်ဘုရားနယ်မြေကို သူတော်စင်က်ုးပါးအကြား အားအကောင်းဆုံးဟု သတ်မှတ်နိုင်ပေသည်။

ဝုန်း...ဝုန်း...ဝုန်း...

လိမ့်ဆင်းလာသည့် လှိုင်းတံပိုးကြီးများက ကာကွယ်သူကို အရှိန်အဟုန်ပြင်းပြင်း ရိုက်ခတ်လိုက်ကြသည်။ ကာကွယ်သူမှာ သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းရည် ရှိသည်ဆိုသော်လည်း ထိုမျှသာပင်။ နတ်ဘုရားနယ်မြေမရှိသောကြောင့် ကာကွယ်သူမှာ အလွန်တရာ အခြေအနေမလှ ဖြစ်နေရ၏။ သူ့စွမ်းရည်များက ရိုးရှင်းလွန်းလှသည်။

အကယ်၍ သူ့တွင် ဖျက်ဆီးခြင်းလှံတံသာ ရှိနေပါက ရလဒ်မှာ တစ်ဆစ်ချိုး ပြောင်းလဲသွားနိုင်၏။ သို့သော်လည်း ယခုလက်ရှိတွင် ဖျက်ဆီးခြင်းလှံတံမရှိသဖြင့် ကာကွယ်သူ၏ စွမ်းအားက များစွာ းအားနည်းနေရသည်။

လေးလံရေထုနတ်ဘုရားနယ်မြေအတွင်း၌ လိမ့်ဆင်းလာသည့် လှိုင်းတံပိုးကြီးများက ကာကွယ်သူကို ပိတ်လှောင်ထားလိုက်ကြသည်။ ထိုသည်ကား မရေမတွက်နိုင်သော တောင်တန်းကြီးများက ကာကွယ်သူအပေါ် ဖိနှိပ်ထားသည့်အလား ဖြစ်နေသဖြင့် သူ လှုပ်ရှားနိုင်ခြင်းမရှိတော့ချေ။

“ဟမ့််... စက်ရုပ်ကတော့ စက်ရုပ်ပါပဲ။ အရမ်းကို တောင့်တင်းလွန်းပြီး တိုက်ကွက်တစ်ကွက်ကိုတောင် မခံနိုင်ဘူး။ ဒါပေမဲ့လည်း တိုက်ခိုက်ရေးသမားတစ်ယောက်အနေနဲ့ လုပ်မယ်ဆိုရင်တော့ မဆိုးလှပါဘူး”

သူတော်စင်ဘာတိုင်က ကာကွယ်သူထံ ချဉ်းကပ်သွားပြီး ဆက်သွယ်ရေးစက်ကို ထုတ်ကာ ထိုလျှို့ဝှက်ဆန်းကြယ်သည့်လူ ပေးပို့ထားသော ပရိုဂရမ်ကို အသက်သွင်းလိုက်သည်။

မကြာမီပင် ကာကွယ်သူ၏ မျက်ဝန်းအတွင်းရှိ အနီရောင်အလင်းတန်းက တဖြည်းဖြည်း မှိန်ဖျော့ပျောက်ကွယ်သွားတော့သည်။ ခေတ္တမျှ ကြာပြီးနောက်တွင် ကာကွယ်က ရုတ်တရက် ခေါင်းမော့လာပြီး စက်ရုပ်ဆန်ဆန်အသံဖြင့် ဆိုလိုက်သည်။

“ဉာဏ်ရည်တုပရိုဂရမ်အား ပြန်လည်စတင်နေပါသည်။ သခင်၏ လုပ်ပိုင်ခွင့်ကို ချည်နှောင်နေပါသည်။ သခင်အဖြစ် အတည်ပြုပြီးပါပြီ”

“တကယ်ပဲ အလုပ်ဖြစ်တာလား”

သူတော်စင်ဘာတိုင် လက်ကို ဝှေ့ယမ်းကာ ကာကွယ်သူအပေါ် ချည်နှောင်ထားမှုများကို ဖယ်ရှားပေးလိုက်၏။ ထို့နောက် ကာကွယ်ကို အမိန့်အချို့ ပေးကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ကာကွယ်သူက အမိန့်တစ်ခုချင်းစီတိုင်းကို အတိအကျ လိုက်နာဆောင်ရွက်လေသည်။ ထိုပရိုဂရမ်ကို အားကိုး၍ သူတော်စင်ဘာတိုင် ယခုအခါ ကာကွယ်သူကို အမှန်တကယ်ပင် ထိန်းချုပ်နိုင်သွားချေပြီ။

သူတော်စင်ဘာတိုင် ဝမ်းမြောက်နေမိသော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သည့်လူအပေါ်တွင် ပို၍ပင် သတိကြီးကြီး ထားမိလာသည်။

“ကာကွယ်သူ... ဖျက်ဆီးခြင်းလှံတံ ဘယ်မှာလဲ”

“ဖျက်ဆီးခြင်းလှံတံကို အရင်သခင်က ယူသွားပါတယ်”

“ယူသွားတယ် ဟုတ်လား”

သူတော်စင်ဘာတိုင် အနည်းငယ် အံ့အားသင့်သွားမိသော်လည်း စိတ်ပျက်မသွားခဲ့ချေ။ တကယ်တော့ ဖျက်ဆီးခြင်းလှံတံမရှိခြင်းကပင် ပိုကောင်းမွန်ပေသည်။ ထိုလျှို့ဝှက်ဆန်းကြယ်သည့်လူသည်လည်း သူ့ကို အပြစ်တင်နိုင်မည်မဟုတ်တော့ချေ။ မည်သို့ပင်ဆိုစေ သူက ကတိမတည်ခြင်းမဟုတ်ဘဲ ဖျက်ဆီးခြင်းလှံတံကို လုံးဝ ရှာမတွေ့ခြင်းကြောင့်သာ ဖြစ်သည်။

သို့တစေ ဤတစ်ကြိမ်တွင် သူ အကျိုးအမြတ်များစွာ ရခဲ့သည်။ ကာကွယ်သူကို ထိန်းချုပ်နိုင်ပြီးနောက် ကာကွယ်သူအဖွဲ့ချုပ်တစ်ခုလုံး၏ လုပ်ပိုင်ခွင့်ကလည်း သဘာဝအလျောက်ပင် သူ့လက်ထဲသို့ ရောက်ရှိလာပြီဖြစ်သည်။ ကာကွယ်သူအဖွဲ့ချုပ်ကို ထိန်းချုပ်ရန်က အလွန်လွယ်ကူသွားလေပြီ။

သူ လင်းဖုန်း၏ လျှို့ဝှက်ချက်များကို ရှာဖွေနိုင်ရန် မျှော်လင့်နေဆဲပင်။

သူတော်စင်ဘာတိုင် ကာကွယ်သူအဖွဲ့ ဌာနချုပ်အတွင်းသို့ ဝင်ရောက်တော့မည့်ဆဲဆဲ မိုးကုတ်စက်ဝိုင်းဆီမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

“ဘာတိုင်...မင်း သေသင့်တဲ့ကောင်”

ရုတ်ချည်းဆိုသလို ကောင်းကင်ယံတစ်ခုလုံး တောက်လောင်နေသည့် မီးတိမ်တိုက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ဧရာမမီးနတ်ဆိုးကြီးတစ်ကောင်က ဝေဟင်ထက်မှ အပြင်းအထန် ကမူးရှူးထိုး ချဉ်းကပ်လာနေသည်။

All Chapters