← Chapters

အခန်း ၃၁၈

Vol. 28 Ch. 318

အခန်း ၃၁၈

Vol. 28 Ch. 318

ထာဝရသိုင်းတာအိုအရှင်

အခန်း (၃၁၈) - သူတော်စင်များကြားမှ တိုက်ပွဲ

ဘာသာပြန် - အားသစ်

“အို့... ပြိုင်ဘက်ကင်းလက်သီးသူတော်စင်လား”

မိုးကုတ်စက်ဝိုင်းဆီမှ ကြောက်မက်ဖွယ်ကောင်းသည့် မီးလုံးကြီးတစ်လုံးက မီးတိမ်တိုက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။ ထိုမီးတိမ်တိုက်ကြီးအတွင်းမှ ဧရာမမီးနတ်ဆိုးကြီးတစ်ကောင်က ဝေဟင်ထက်ကို နင်းဖြတ်ကာ ဟိန်းဟောက်သံနှင့်အတူ ထွက်ပေါ်လာ၏။

ယင်းသည်ကား ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ပင်။

ထိုမီးနတ်ဆိုးကြီး၏ ပုံပန်းသဏ္ဍာန်မှာ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် အတော်ပင် ဆင်တူလှပေသည်။

မီးနတ်ဆိုးကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်မှ အစိုင်အခဲဖြစ်လုလု အေးစက်စက် လူသတ်ငွေ့များ ထွက်ပေါ်လာသည်။ ဒေါသတကြီး ဟိန်းဟောက်လိုက်သံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသည့် မီးလျှံလှိုင်းလုံးများက သူတော်စင်ဘာတိုင်ထံသို့ အပြင်းအထန် တိုက်ခိုက်ကျရောက်သွားတော့သည်။

ဝုန်း

သူတော်စင်ဘာတိုင်၏ လေးလံရေထု နတ်ဘုရားနယ်မြေတစ်ခုလုံး မီးလျှံများဖြင့် ပြည့်နှက်သွားသလို ခံစားလိုက်ရသည်။ လေးလံရေထုကြီးပင်လျှင် ချက်ချင်းဆိုသလို အငွေ့ပျံသွားရ၏။ သူတော်စင်ဘာတိုင်တစ်ယောက် ထိပ်တိုက်ရိုက်ခတ်မှုကြောင့် နောက်သို့ လွင့်ထွက်သွားသည်။

“ပြိုင်ဘက်ကင်းလက်သီးသူတော်စင်”

သူတော်စင်ဘာတိုင် ဒေါသတကြီး အော်ဟစ်ဟိန်းဟောက်လိုက်ပြီး ကောင်းကင်ယံထက်သို့ ချက်ချင်း ပျံသန်းတက်သွားသည်။ သူ့နောက်၌ လှိုင်းတံပိုးများကို စီးနင်းထားပြီး ရေသက်သက်ဖြင့် ဖန်တီးထားသည့် ဧရာမဘီလူးကြီးတစ်ကောင် ပေါ်ထွက်လာ၏။ ထိုရေဘီလူးကြီးက ချက်ချင်း ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။

“ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ရောက်လာပြီ”

“တကယ် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ပဲ။ သွားပြီ... သူတော်စင်နှစ်ပါးကြားမှာ တိုက်ပွဲဖြစ်တော့မှာလား”

“ပြီးခဲ့တဲ့ အတွင်းပဋိပက္ခတုန်းက လူသားမျိုးနွယ်တစ်ခုလုံး ပြိုကွဲလုနီးပါး ဖြစ်ခဲ့ရတာ။ သူတော်စင်တို့ ရန်မဖြစ်ကြပါနဲ့...”

သိုင်းသမားများစွာက ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ကြရသည်။ ထို့ပြင် သူက ရောက်ရောက်ချင်းမှာပင် အမျက်ဒေါသများဖြင့် ပြည့်နှက်နေကာ သူတော်စင်ဘာတိုင်ကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။ သာမန်အသွင်ပြောင်းနယ်ပယ် သိုင်းသမားများပင်လျှင် သူ၏ ကြောက်မက်ဖွယ်ကောင်းလှသော လူသတ်ငွေ့များကို အထင်းသား အာရုံခံမိနေကြသည်။

သူတော်စင်တစ်ပါး အမျက်ထွက်လျှင် ကမ္ဘာကြီးတစ်ခုလုံးပင် တုန်လှုပ်ချောက်ချားရပေ၏။

မီးတောက်မီးလျှံများက ကောင်းကင်ယံတစ်ခွင် ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေ၏။

ကြောက်မက်ဖွယ်လှိုင်းတံပိုးကြီးများက မဟာပထဝီမြေကြီးကို အားနှင့်မာန်နှင့် ရိုက်ခတ်နေသည်။

မီးတောက်မီးလျှံများနှင့် လေးလံရေထုတို့ ထိပ်တိုက်တွေ့ဆုံမိကြရာဝယ် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် သူတော်စင်ဘာတိုင်တို့ သူတစ်ပြန်ကိုယ်တစ်လှည့် နောက်မဆုတ်တန်း ထိပ်တိုက်ရင်ဆိုင်နေကြလေပြီ။ သူတော်စင်များကြားမှ တိုက်ပွဲတွင် မည်သူနိုင်လို့ မည်သူရှုံးပါစေ လူသားမျိုးနွယ်တစ်ခုလုံးအတွက် ကပ်ဘေးတစ်ခုသာ ဖြစ်လာပေလိမ့်မည်။

သူတော်စင်ဘာတိုင်၏ အပြုအမူက လွန်ကဲလွန်းလှသည်ဆိုပေသော်ငြား သိုင်းသမားများအနေဖြင့်မူ လူသားမျိုးနွယ်ကို အတွင်းပဋိပက္ခဆီသို့ ဦးတည်သွားစေမည့် သူတော်စင်များကြားမှ တိုက်ပွဲမျိုးကို ပို၍ပင် မမြင်တွေ့လိုကြချေ။

ကာကွယ်သူအဖွဲ့ချုပ်၏ မြေအောက်ခန်းမအတွင်း၌မူ ကျန်းချီကျီနှင့် ချူချန်းတို့က ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည်။ သူတော်စင်နှစ်ပါးကြားမှ ထိပ်တိုက်တွေ့ဆုံမှုက အလွန်ပင် ပြင်းထန်လှ၏။ အထူးသဖြင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ ဒေါသတကြီး အကြည့်များကို မြင်တွေ့ရသည့်အခါမှ ချူချန်းနှင့် ကျန်းချီကျီတို့နှစ်ယောက် သက်ပြင်းချနိုင်ကြတော့သည်။

“ပြိုင်ဘက်ကင်းလက်သီးသူတော်စင် နောက်ဆုံးတော့ ရောက်လာပြီပဲ။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က တကယ်ကို ဒေါသထွက်နေပုံရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အပြင်ထွက်လို့မရသေးဘူး။ အခြေအနေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”

ကျန်းချီကျီမှာမူ သူတော်စင်များကြားမှ တိုက်ပွဲကြီးကြောင့် နောက်ဆက်တွဲ ပြဿနာများစွာ ဖြစ်ပေါ်လာမည်ကို အမှန်တကယ်ပင် စိုးရိမ်မိနေသည်။ သာမန်အချိန်မျိုး၌ သူတော်စင်များကြားမှ တိုက်ပွဲကြီးကို မည်သူမျှ မမြင်တွေ့လိုချေ။ သို့သော် ယခုအခါတွင်မူ သူက ကာကွယ်သူအဖွဲ့ချုပ်နှင့် လင်းဖုန်း၏ သွေးချွေးရင်းထားရသည့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် စဉ်းစားနေရသဖြင့် ထိုသူတော်စင်များကြားမှ တိုက်ပွဲကြီးကိုပင် ခပ်ရေးရေး မျှော်လင့်မိနေတော့သည်။

အခြေအနေများ ပိုမိုပြင်းထန်လာမှသာ ကာကွယ်သူအဖွဲ့ချုပ်ကို ကာကွယ်ရန် အခွင့်အလမ်း ရှိပေလိမ့်မည်။

ကောင်းကင်ယံထက်၌မူ သူတော်စင်ဘာတိုင်၏ မျက်နှာက ညိုမှောင်နေ၏။ သူက စောစောကတင် အနည်းငယ် အထိနာထားသဖြင့် အတော်ပင် အရှက်ရနေသည်။

“ပြိုင်ဘက်ကင်း... မင်း ငါနဲ့ ပြည်တွင်းစစ်ဖြစ်ချင်နေတာလား” သူတော်စင်ဘာတိုင်က ခက်ထန်စွာ အော်ဟစ်ကြိမ်းဝါးလိုက်သည်။

“ပြည်တွင်းစစ် ဟုတ်လား။ မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီပဲ။ ငါက မင်းကို သတ်ပစ်ချင်နေတာကွ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ လူသတ်ငွေ့များက အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။ လင်းဖုန်း ကျဆုံးသွားခဲ့ရပြီ။ ထို့ပြင် လင်းဖုန်းက သူ့အတွက်နှင့် အသက်ပေးသွားခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ပါလျက်နှင့် သူတော်စင်ဘာတိုင်က အခွင့်ကောင်းယူကာ လင်းဖုန်း၏ ချွေးနဲစာများကို လုယူနေသည်ကို သူက မည်သို့လျှင် မဆိုင်သလို ထိုင်ကြည့်နေနိုင်ပါမည်နည်း။

“ပြိုင်ဘက်ကင်း... မင်းနဲ့ လင်းဖုန်းကြားက ဆက်ဆံရေးကို ငါ သိပါတယ်။ ဒါပေမဲ့ လင်းဖုန်းက သေသွားပြီလေ။ သူ တည်ထောင်ခဲ့တဲ့ ကာကွယ်သူအဖွဲ့ချုပ်မှာ ဘာများကျန်သေးလို့လဲ။ သာမန်သိုင်းသမားတချို့က သူတော်စင်ကိုးပါးနဲ့ ယှဉ်နိုင်မှာမို့လို့လား။ ငါက ဒီစက်ရုပ်ကိုပဲ လိုချင်တာ။ စွမ်းအင်သုံးလက်နက်တွေကိုလည်း အဓိကအဖွဲ့အစည်းကြီး ငါးခုကြားထဲမှာ ညီတူညီမျှ ခွဲဝေယူလို့ရတာပဲ။ အဲဒါက လူသားမျိုးနွယ်တစ်ခုလုံးအတွက် အများကြီး အကျိုးရှိစေမှာပါ။ မင်း ဒါလေးတောင် နားမလည်ဘူးလား”

“ဟားဟားဟား... ငါ တကယ် နားမလည်ဘူး။ မင်းလို လူတစ်ယောက်က ဘယ်လိုတောင် အရှက်မရှိနိုင်ရတာလဲ ဆိုတာကို ငါ လုံးဝကို နားမလည်တာ။ လူသားမျိုးနွယ်အတွက် ဟုတ်လား။ မင်းပါးစပ်ကများ ပြောထွက်သေးတယ်ပေါ့။ မင်းဆိုတဲ့ကောင် ကိုယ့်အတ္တအတွက် ကိုယ် လုပ်နေတာ ရှင်းနေတာပဲကို”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် သူတော်စင်ဘာတိုင်တို့၏ နတ်ဘုရားနယ်မြေချင်း အပြင်းအထန် ထိပ်တိုက်ရိုက်ခတ်မိကြသည်။ ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအင်လှိုင်းဂယက်များက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး ကမ္ဘာကြီးပင်လျှင် အကြီးအကျယ် ပြောင်းလဲသွားရ၏။

သူတော်စင်ဘာတိုင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ထို့နောက် သူက မရိုးမဖြောင့်သည့် လေသံဖြင့် ပြောဆိုလိုက်သည်။

“ပြိုင်ဘက်ကင်း... မင်း တကယ်ပဲ ငါ့ကို ရန်သူအဖြစ် သတ်မှတ်ချင်တာလား”

“ဟေ့ကောင်ဘာတိုင်...ဒီလို အရှက်မရှိတဲ့ အပြုအမူမျိုးကို ငါဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ ဂုဏ်သရေရှိ သူတော်စင်တစ်ပါးက ဒီလောက်တောင် အရှက်မဲ့ရသလားကွ။ လင်းဖုန်း ကျဆုံးသွားတာတောင် ဘာမှမကြာသေးဘူး။ မင်းက သူ့ပိုင်ဆိုင်မှုတွေကို လုယူဖို့ လောဘတက်နေပြီ။ ဟားဟားဟား... လင်းဖုန်း ဘာကြောင့် သေဆုံးခဲ့ရလဲဆိုတာ မင်း သိသလား”

“သူက နတ်ဆိုးဧကရာဇ်နှစ်ကောင်ကို ခုခံရင်းနဲ့ သေဆုံးခဲ့ရတာ။ ငါ့အသက်ကို ကယ်ဖို့အတွက် သူ သေဆုံးခဲ့ရတာကွ။ ငါ မသေမချင်း ကာကွယ်သူအဖွဲ့ချုပ်ဆီကနေ ဘာတစ်ခုမှ ယူဖို့ မစဉ်းစားနဲ့”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် သူတော်စင်ဘာတိုင်တို့အကြား ယခင်ကတည်းကပင် အငြိုးအတေးတချို့ ရှိခဲ့ကြ၏။ သို့သော်လည်း အတိတ်တွင် ယင်းက အတွေးအခေါ်ကွာဟမှုများနှင့် သာမန်ပဋိပက္ခတချို့မျှသာ ဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ သူတော်စင်ဘာတိုင်၏ လုပ်ရပ်များက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို အလွန်တရာ ဒေါသထွက်စေသဖြင့် လူသတ်လိုစိတ်ပင် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

ဤမျှ အရှက်မဲ့လှသည့် အပြုအမူမျိုးကို မည်သို့မျှ ခွင့်မလွှတ်နိုင်ချေ။

သူတော်စင်ဘာတိုင်၏ မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ့နှလုံးအိမ်အတွင်း၌လည်း လူသတ်လိုသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

“ဟမ့်... ပြိုင်ဘက်ကင်း၊ ဒါဆိုရင်လည်း တိုက်ကြတာပေါ့။ လူတိုင်းက မင်းကို အားအကောင်းဆုံးလို့ ပြောကြတယ်။ သူတော်စင်တွေထဲမှာ ထိပ်ဆုံးသုံးယောက်စာရင်းဝင်တယ်လို့ ဆိုကြတယ်။ မင်း ဘယ်လောက်တောင် စွမ်းသလဲ ကြည့်ရသေးတာပေါ့ကွာ”

“ကမ္ဘာဖျက်နတ်ဘုရားမီးတောက်”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ထံတွင် လုံးဝသတ်ဖြတ်လိုသည့် စိတ်ပိုင်းဖြတ်မှုတစ်ခု ရှိနေ၏။ သူ၏ ကြောက်မက်ဖွယ်လူသတ်ငွေ့များက ရုပ်လုံးပေါ်လုနီးပါးပင် ဖြစ်နေသည်။ သူ၏ မီးလျှံနယ်ဘုရားနယ်မြေသည်လည်း ကြောက်မက်ဖွယ်ကောင်းသည့် မီးတောက်မီးလျှံများဖြင့် လုံးဝဥဿုံ ပြည့်နှက်သွားသည်။

ယင်းက ကောင်းကင်ယံထက်၌ ဥက္ကာခဲမိုးများ ရွာသွန်းလာသည့်အလား ဖြစ်နေပြီး အရပ်မျက်နှာအနှံ့မှ သူတော်စင်ဘာတိုင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

သူတော်စင်ဘာတိုင်ကမူ ဂရုမစိုက်ပေ။ သူသည်လည်း လေးလံရေထုနတ်ဘုရားနယ်မြေကို အစွမ်းကုန် ဖြန့်ကြက်လိုက်၏။ ထိုနတ်ဘုရားနယ်မြေက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မီးလျှံနတ်ဘုရားနယ်မြေနှင့် စဉ်ဆက်မပြတ် ရောယှက်ကာ အပြန်အလှန် အရူးအမူး ဖိတိုက်ကြိတ်ချေနေကြသည်။

ဤသည်ကား အစစ်အမှန် သူတော်စင်များကြားမှ တိုက်ပွဲကြီးပင်။

လူတိုင်း ထိတ်လန့်ချောက်ချားကုန်ကြ၏။ ကမ္ဘာကြီးတစ်ခုလုံးပင် ပြိုကွဲပျက်စီးတော့မည့်အလား ခံစားနေရသည်။ ကောင်းကင်ကြီးက ညည်းတွားနေပြီး မြေပြင်ကြီးကလည်း နာကျင်စွာ တုန်ခါနေသကဲ့သို့ ရှိပေသည်။

ပင့်ကူအိမ်သဏ္ဍာန် အက်ကွဲကြောင်းကြီးများလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ဝေးလံလှသော တောင်တန်းကြီးများက မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားရ၏။ ကာကွယ်သူအဖွဲ့ ဌာနချုပ်အတွင်းရှိ အဆောက်အအုံများစွာပင်လျှင် ထိုစွမ်းအင်ဂယက်များကြောင့် အပျက်အစီးပုံများအဖြစ်သို့ ပြောင်းလဲသွားရသည်။

သူတော်စင်များ၏ အဖျက်စွမ်းအားမှာ အံ့မခန်းလှပေသည်။ အထူးသဖြင့် သူတော်စင်နှစ်ပါးကြားမှ တိုက်ပွဲကြီးမျိုးတွင်ဖြစ်၏။ ထို့ပြင် နှစ်ဖက်စလုံးက သတ်ဖြတ်လိုသည့် စိတ်ဆန္ဒဖြင့် တိုက်ခိုက်နေကြသည်။ တိုက်ခိုက်သည့်အခါ မည်သည့်ထိန်ချန်မှုမျှမရှိဘဲ အစွမ်းကုန် အသေအကြေ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

မီးနှင့်ရေမှာ သဘာဝအရပင် ဆန့်ကျင်ဘက်များ ဖြစ်ကြ၏။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် သူတော်စင်ဘာတိုင်တို့မှာ မီးလျှံနတ်ဘုရားနယ်မြေနှင့် လေးလံရေထုနတ်ဘုရားနယ်မြေတို့ကို အသီးသီး အသုံးပြုထားကြသည်။ ရေက မီးကို ငြှိမ်းသတ်နိုင်သကဲ့သို့ မီးကလည်း ရေကို ဆူပွက်ကာ အငွေ့ပျံပျောက်ကွယ်စေနိုင်ပေသည်။

သူတော်စင်နှစ်ပါး၏ ထိပ်တိုက်တွေ့ဆုံမှုတိုင်းက အမှန်တကယ်ပင် အင်အားချင်း မျှနေခဲ့ကြ၏။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို လက်သီးသူတော်စင်ဟု လူသိများကြသဖြင့် သူ့အင်အားက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး အခြားသူတော်စင်များထက် များစွာ ကျော်လွန်နေသင့်ပေသည်။

သို့သော်လည်း သူတော်စင်ဘာတိုင်၏ လေးလံရေထုနတ်ဘုရားနယ်မြေအတွင်းရှိ ရေစက်တိုင်းက တန်ချိန်တစ်ထောင်ခန့် အလေးချိန်ရှိနေသည်။ နတ်ဘုရားနယ်မြေအတွင်း၌ ထိုလေးလံရေထုကို အားကိုး၍ သူတော်စင်ဘာတိုငါ၏ အင်အားက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ထက် မနိမ့်ကျလှပေ။

ဤသည်က လုံးဝ အင်အားချင်း မျှချေညီနေခြင်းပင်။ မည်သူကမျှ တစ်ယောက်ကိုတစ်ယောက် မည်သို့မျှ မတတ်နိုင်ကြချေ။

“ပြိုင်ဘက်ကင်း... စိတ်မကောင်းစရာပဲ၊ မင်း နောက်ကျသွားပြီ။ ကာကွယ်သူ... တိုက်ခိုက်စမ်း”

သူတော်စင်ဘာတိုင်၏ မျက်ဝန်းအတွင်း၌ စူးရှရှ အလင်းရောင်တစ်ချက် ဖြတ်သန်းသွားသည်။ သူနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့က အင်အားချင်း မျှနေကြသော်လည်း သူက သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် စက်ရုပ်ကို ထိန်းချုပ်ထားပြီးသား ဖြစ်သည်။

ထို့ကြောင့် ထိုစက်ရုပ်က စတင်လှုပ်ရှားလာ၏။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အနေဖြင့် စက်ရုပ်ကို သတိပြုမိသွားသော်လည်း မတတ်နိုင်တော့ချေ။ သူက သူတော်စင်ဘာတိုင်၏ လေးလံရေထုများကြားတွင် ပိတ်မိနေသဖြင့် မည်သို့မျှ မရှောင်တိမ်းနိုင်ချေ။ အကယ်၍ သူသာ စက်ရုပ်ကို ရင်ဆိုင်ရန် ကြိုးစားပါက သူတော်စင်ဘာတိုင်၏ လေးလံရေထုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပေလိမ့်မည်။

ထို့ကြောင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရန်သာ ရွေးချယ်နိုင်တော့သည်။

ဝုန်း

သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် စက်ရုပ်တစ်ရုပ်၏ အင်အားက မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းလိုက်သနည်း။

လက်သီးတစ်ချက်တည်းဖြင့်ပင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် သူ့ခန္ဓာကိုယ်အတွင်းရှိ စကြာဝဠာစွမ်းအားများအားလုံး ပျက်ပြယ်သွားသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ရိုက်ခတ်မှုအပြင်းအထန် ခံလိုက်ရသည့်အလား ဖြစ်သွား၏။

“ဟားဟား... ပြိုင်ဘက်ကင်း၊ သေစမ်း”

သူတော်စင်ဘာတိုင် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။ လေးလံရေထုနတ်ဘုရားနယ်မြေက ထပ်မံ ဆူပွက်လာ၏။ အတိုင်းအဆမဲ့ လေးလံရေထုကြီးက လှိုင်းတံပိုးကြီးတစ်ခုအသွင် ပေါင်းစပ်သွားပြီး ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ထံသို့ အရှိန်အဟုတ်ပြင်းပြင်း ရိုက်ခတ်သွားတော့သည်။

All Chapters