← Chapters

အခန်း ၃၁၉

Vol. 28 Ch. 319

အခန်း ၃၁၉

Vol. 28 Ch. 319

ထာဝရသိုင်းတာအိုအရှင်

အခန်း (၃၁၉) - သူတော်စင်ခန်း၏ ဆုံးဖြတ်ချက်

ဘာသာပြန် - အားသစ်

“ဒုက္ခပါပဲ”

“ပြိုင်ဘက်ကင်းလက်သီးသူတော်စင် အန္တရာယ်ရှိနေပြီ”

ချူချန်းနှင့် ကျန်းချီကျီတို့နှစ်ယောက် တစ်ချိန်လုံး ရင်တထိတ်ထိတ် ဖြစ်နေကြရသည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အနေဖြင့် သူတော်စင်ဘာတိုင်ကို အနိုင်ယူနိုင်ပါစေဟုသာ သူတို့ အမှန်တကယ် ဆုတောင်းနေနိုင်တော့သည်။

သို့သော် ယခုအခါတွင်မူ သူတော်စင်ဘာတိုင်က ကာကွယ်သူအဖွဲ့ချုပ်၏ ကာကွယ်သူကို အရှက်မဲ့စွာ အသုံးပြု၍ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အား အသေအလဲ တိုက်ခိုက်လိုက်ပြီဖြစ်သည်။

သူတို့သည်ကား သူတော်စင်များ မဟုတ်ကြသော်လည်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သာ ထိုတိုက်ခိုက်မှုကို တိုက်ရိုက်ခံလိုက်ရပါက မသေလျှင်ပင် အပြင်းအထန် ဒဏ်ရာရရှိသွားမည်ကို ကောင်းကောင်း ခန့်မှန်းနိုင်ကြသည်။

“ရပ်လိုက်စမ်း”

လူတိုင်း၏ နှလုံးသားများ ထိတ်လန့်ချောက်ချားနေသည့် အချိန်၌ပင် အဝေးတစ်နေရာဆီမှ လူရိပ်တစ်ခုက အရှိန်အဟုန်ဖြင့် လျှပ်တပြက်အတွင်း ဖြတ်သန်းရောက်ရှိလာသည်။ သူ့အရှိန်က အလွန်တရာ မြန်ဆန်လှ၏။ သူ့အော်ဟစ်သံ ထွက်ပေါ်လာသည့်အချိန်တွင် အဝေး၌သာ ရှိနေသေးသော်လည်း စကားဆုံးသွားသည့်အခါတွင်မူ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ ရှေ့မှောက်သို့ ရောက်ရှိနေလေပြီ။

ဝုန်း

လေးလံလှသော လှိုင်းတံပိုးကြီးက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ထံသို့ ရိုက်ခတ်တော့မည့်ဆဲဆဲတွင် ထိုလျှို့ဝှက်ဆန်းကြယ်သည့်လူက လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကောင်းကင်ယံထက်၌ လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ထိုလှိုင်းတံပိုးကြီးကို ချက်ချင်း ခုခံတားဆီးလိုက်တော့သည်။

“သူတော်စင်ခန်းလား”

ရောက်ရှိလာသူမှာ မည်သူမည်ဝါဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ သူတော်စင်ဘာတိုင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

“သူတော်စင်ခန်း ရောက်လာပြီ”

“အခု သူတော်စင်ခန်း ရောက်လာပြီဆိုတော့ သူတော်စင်နှစ်ပါးကြားက တိုက်ပွဲကို အဆုံးသတ်ပေးနိုင်လိမ့်မယ် ထင်တယ်”

...

ရောက်ရှိလာသူမှာ သူတော်စင်ခန်းဖြစ်ကြောင်း သိရှိသွားကြသည့်အခါ သိုင်းသမားများစွာမှာ ဝမ်းသာတလဲမဖြစ်ဘဲ မနေနိုင်ကြတော့ချေ။

သူတော်စင်ကိုးပါးအကြား သူတော်စင်ခန်းက အားအကောင်းဆုံး မဟုတ်နိုင်သော်လည်း သူ၏ ဂုဏ်သတင်းကမူ အကြီးမားဆုံး ဖြစ်ပေသည်။ သူက လူသားမျိုးနွယ်အကြား လေးကြိမ်မြောက် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်းကို ပထမဆုံး အောင်မြင်ခဲ့သူဖြစ်ကာ ရှေ့ဆောင်လမ်းပြဟု လူသိများ၏။

သူက လူသားမျိုးနွယ်အတွက် ကြီးမားသော အကျိုးပြုမှုများစွာကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ လူသားမျိုးနွယ်တစ်ခုလုံးအတွက်သာ စိတ်ရောကိုယ်ပါ မြှုပ်နှံထားသူဟု ဆိုလျှင်လည်း မမှားပေ။

“အကြီးအကဲခန်း... ခင်ဗျား အချိန်ကိုက် ရောက်လာတာပဲ။ ကျွန်တော်နဲ့ ပေါင်းပြီး ဘာတိုင်ကို သတ်ကြစို့”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မျက်ဝန်းများက သွေးရောင်လွှမ်းနေဆဲပင်။ သူတော်စင်ဘာတိုင်အပေါ် ထားရှိသည့် လူသတ်လိုစိတ်ကလည်း စိုးစိမျှပင် လျော့ပါးသွားခြင်း မရှိချေ။

ဘာတိုင်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူက လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။ “အကြီးအကဲခန်း... ခင်ဗျားကပါ ကျွန်တော့်ကို တိုက်ခိုက်ချင်တာလား”

သူတော်စင်ခန်းက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် သူတော်စင်ဘာတိုင်တို့ကို တစ်လှည့်စီ ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက ခေါင်းကိုသာ ခါယမ်းကာ စကားဆိုလိုက်၏။

“ငါ သူတော်စင်တွေကြားထဲမှာ တိုက်ပွဲဖြစ်တာကို မလိုလားဘူး။ ဘာလို့လဲဆိုတော့ အဲဒါက လူသားတွေကြားထဲမှာ ပြည်တွင်းစစ်ဖြစ်အောင် လှုံ့ဆော်ပေးသလို ဖြစ်သွားမှာမို့လို့ပဲ။ မင်းတို့ထဲက ဘယ်သူပဲ ဒဏ်ရာရရ အဲဒါက လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ ဖြစ်လိမ့်မယ်။ ငါတို့မှာ သူတော်စင်လင်းဖုန်းကို ဆုံးရှုံးခဲ့ရပြီးပြီ။ အခြားသူတော်စင်တစ်ပါးကို ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘူး”

ထိုမှသာ ဘာတိုင် သက်ပြင်းချနိုင်တော့သည်။ သူ့အနေဖြင့် သူတော်စင်ခန်းကို ကြောက်ရွံ့ခြင်းမရှိဟု ဆိုသော်လည်း အကယ်၍ သူတော်စင်ခန်းသာ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် အမှန်တကယ် ပူးပေါင်းတိုက်ခိုက်ပါက သူလည်း အခက်တွေ့ရပေလိမ့်မည်။

သို့သော် ယခုအခါ သူတော်စင်ခန်းအနေဖြင့် လူသားမျိုးနွယ်၏ အကျိုးကိုသာ ရှေးရှုနေသဖြင့် သူတော်စင်ဘာတိုင် စိုးရိမ်ပူပန်စရာ မလိုတော့ချေ။

“မှန်တာပေါ့... ငါတို့အားလုံးက သူတော်စင်တွေလေ။ လူသားမျိုးနွယ်ရဲ့ အဓိကဒေါက်တိုင်ကြီးတွေပဲ။ ငါ နည်းနည်း အနိုင်ကျင့်သလို ဖြစ်သွားတယ်ဆိုတာ မှန်ပေမဲ့ ငါက လက်ဦးမှုရချင်ရုံသက်သက်ပါပဲ။ ဒါ့အပြင် ငါလည်း အလျှော့အတင်း လုပ်ပေးပြီးသားပဲ။ ကာကွယ်သူအဖွဲ့ချုပ်မှာ သူတော်စင်တစ်ပါးမှ မရှိတော့ဘဲနဲ့ ဒီလောက်များတဲ့ အရင်းအမြစ်တွေကို ပိုင်ဆိုင်ထားတာကိုက တရားခံဖိတ်ခေါ်နေသလို ဖြစ်နေပြီ။ လူသားမျိုးနွယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုမနေဘူးလေ”

“အောင်မယ်… မင်းကများ အရှက်မရှိ” ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က နှာခေါင်းရှုံ့လိုက်သည်။

“ပြိုင်ဘက်ကင်း... မင်းနဲ့ လင်းဖုန်းကြားက ဆက်ဆံရေးကို လူတိုင်း သိပါတယ်။ ဒါကြောင့် ငါ မင်းနဲ့ ငြင်းခုံမနေတော့ဘူး။ သူတော်စင်လင်းဖုန်းက လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတစ်ယောက်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လျှို့ဝှက်ချက်တချို့ကို ငါတစ်ယောက်တည်း စိတ်ဝင်စားနေတာတော့ မဟုတ်လောက်ဘူးမလား။ သူ မရှိတော့တာမို့လို့ သူ တည်ထောင်ခဲ့တဲ့ ကာကွယ်သူအဖွဲ့ချုပ် ရှိနေဖို့လည်း မလိုတော့ဘူးလေ။ တကယ်လို့ သူတော်စင်ကိုပါးသာ သူ့ရဲ့လျှို့ဝှက်ချက်တွေကို လေ့လာပြီး တစ်ခုခု ရသွားမယ်ဆိုရင် အဲဒါက လူသားမျိုးနွယ်အတွက် အကြီးမားဆုံး အကျိုးပြုတာပဲ မဟုတ်ဘူးလား”

“ဟေ့ကောင်ဘာတိုင်... ဒါဆိုရင်လည်း မင်းရဲ့ စီးပွားရေးအဖွဲ့အစည်းမှာ ရှိသမျှ အရာအားလုံးကို လူသားမျိုးနွယ်အတွက် လှူဒါန်းလိုက်ပါလား။ လူသားမျိုးနွယ်ရဲ့ အကျိုးအတွက်ဆိုတော့လေ... မဟုတ်ဘူးလားကွ…ဟမ်”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူတော်စင်ဘာတိုင်၏ ဆင်ခြေဆင်လက်များကို လုံးဝနားမယောင်ချေ။

“ပြိုင်ဘက်ကင်း... မင်းက အကျိုးမသင့်အကြောင်းမသင့် ပြောနေတာပဲ။ ငါ ဒီနေရာမှာတင် ကျိန်ရဲတယ်။ တကယ်လို့ တစ်နေ့နေ့မှာ ငါတစ်ခုခုဖြစ်ရင် စီးပွားရေးအဖွဲ့အစည်းကို မင်းတို့အားလုံး ခွဲဝေယူကြ။ ဘယ်လိုလဲ”

“ဟမ့်... လူတိုင်းက မင်းလို အတ္တသမားများ ထင်နေတာလား။ မင်း သေသွားပြီးတဲ့နောက် ဘာဖြစ်မလဲဆိုတာ မင်းလိုကောင်က ဘယ်ဂရုစိုက်မလဲကွ။ လင်းဖုန်းရဲ့ ဇနီးလောင်းက ကာကွယ်သူအဖွဲ့ချုပ်မှာ ရှိနေသေးတယ်။ သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိတဲ့ စက်ရုပ်ကလည်း ကာကွယ်သူအဖွဲ့ချုပ်ရဲ့ အပိုင်ပဲ။ ကာကွယ်သူအဖွဲ့ချုပ် ဆက်လက်ရပ်တည်လို့ မရရအောင် ဘာဖြစ်နေလို့လဲ”

“အတ္တကြီးတာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ပြိုင်ဘက်ကင်း... မင်းတို့ရဲ့ ပညာရေးအဖွဲ့အစည်းကရော အတ္တမကြီးဘူးလား။ ဟမ့်... မင်းတို့ ပညာရေးအဖွဲ့က သူတော်စင်သုံးပါးမှာ အရင်းအမြစ်တွေ ဘယ်လောက်တောင် ရှိနေသလဲ။ သာမန်အချိန်တွေမှာ သူတော်စင်ခန်းက အများအကျိုးအတွက် ရှေးရှုပြီးတော့ မင်းတို့ ပညာရေးအဖွဲ့ကို အရေးမယူခဲ့တာပဲ။ မင်းက တကယ်ပဲ ငါတို့ စီးပွားရေးအဖွဲ့က မင်းတို့ကို ကြောက်နေတယ် ထင်လို့လား”

သူတော်စင်ဘာတိုင်နှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့နှစ်ယောက် လုံးဝ မျက်နှာပျက်သွားကြသည်။ ထို့ပြင် ထိုပဋိပက္ခက စီးပွားရေးအဖွဲ့နှင့် ပညာရေးအဖွဲ့တို့ပါ ပါဝင်ပတ်သက်သွားချေပြီ။

အကယ်၍ အဓိကအဖွဲ့အစည်းကြီးငါးခု၏ တန်ဖိုးထားမှုစံနှုန်းများ ကွဲပြားသွားပြီး အဖွဲ့တစ်ခုချင်းစီက မိမိတို့အကျိုးအတွက်သာ ဆောင်ရွက်ကြမည်ဆိုပါက လူသားမျိုးနွယ်တစ်ခုလုံးအတွက် ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။

“တော်ကြတော့။ တစ်ခုခုရှိရင် ငါတို့ သူတော်စင်ညီလာခံကို ခေါ်ယူပြီး အဲဒီညီလာခံမှာပဲ ဖြေရှင်းကြတာပေါ့”

သူတော်စင်ခန်း သက်ပြင်းရှည်ကြီး ချလိုက်ပြီး တိုးညင်းသော လေသံဖြင့် စကားဆိုလိုက်သည်။ “ဒီကိစ္စကို ဒီမှာတင်ပဲ ပြီးပါစေတော့။ ဘာတိုင်... မင်း အသာစီး ရထားပြီးပြီပဲ။ နောက်ထပ် လောဘတက်မနေနဲ့တော့။ သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိတဲ့ စက်ရုပ်ကိုတော့ လောလောဆယ် မင်း ထိန်းသိမ်းထားနိုင်တယ်။ ကာကွယ်သူအဖွဲ့ချုပ်နဲ့ ပတ်သက်ပြီးတော့ ကျန်တဲ့ကိစ္စတွေကိုတော့ သူတော်စင်ညီလာခံမှာပဲ ဆုံးဖြတ်ကြတာပေါ့”

“မဖြစ်ဘူး...အဲ့ကောင် စက်ရုပ်ကိုလည်း ယူသွားလို့ မရဘူး”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူတော်စင်ဘာတိုင်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

ဘာတိုင်ကမူ အနည်းငယ် မကျေမနပ် ဖြစ်သွားရ၏။ မည်သို့ပင်ဆိုစေ သူက ကာကွယ်သူအဖွဲ့ချုပ်အတွင်းသို့ ဝင်ရောက်ရှာဖွေကာ လင်းဖုန်း ချန်ထားရစ်ခဲ့သည့် လျှို့ဝှက်ချက်တချို့ ရှိမရှိကို စစ်ဆေးလိုသေးသည်။

သို့သော်လည်း ကံဆိုးစွာပင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူ့ကို တားဆီးထားခဲ့၏။

ယခုအခါ သူတော်စင်ခန်းပါ ရောက်ရှိနေပြီဖြစ်ရာ သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် စက်ရုပ်ကို ရရှိလိုက်ခြင်းကပင် ဘာတိုင်အတွက် အကျိုးအမြတ်အကြီးကြီး ဖြစ်နေလေပြီ။ သူက သူတော်စင်ကိုးပါးအကြား ထိပ်ဆုံးသို့ပင် မသိမသာ ရောက်ရှိသွားခဲ့ချေပြီ။

ထို့ကြောင့် သူက သူတော်စင်ခန်း၏ စကားကို နားထောင်ကာ ပြောဆိုလိုက်သည်။ “ကောင်းပြီလေ... ကျန်တဲ့ကိစ္စအားလုံးကို သူတော်စင်ညီလာခံမှာပဲ ဆုံးဖြတ်ကြတာပေါ့”

ထို့နောက် သူတော်စင်ဘာတိုင်က အုပ်ထိန်းသူကို ခေါ်ဆောင်ကာ ကာကွယ်သူအဖွဲ့ချုပ်မှ ထွက်ခွာသွားတော့သည်။

သူတော်စင်ဘာတိုင်၏ တဖြည်းဖြည်း ထွက်ခွာသွားသည့် ကျောပြင်ကို ကြည့်ရင်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင် အံကို တင်းတင်းကြိတ်ကာ တိတ်တဆိတ်သာနေခဲ့ရ၏။

“ပြိုင်ဘက်ကင်း... ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ပါတော့”

သူတော်စင်ခန်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူတော်စင်ခန်းကို အေးစက်စက် ကြည့်လိုက်ပြီး မည်သည့်ခံစားချက်မျှမရှိဘဲ ပြောလိုက်သည်။

“သူတော်စင်ခန်း... ကျုပ် ခင်ဗျားကို လိုက်မပို့တော့ဘူး”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အေးစက်လှသော လေသံနှင့် ရင်ဆိုင်လိုက်ရသဖြင့် သူတော်စင်ခန်း နှုတ်ခမ်းဟလိုက်မိသော်လည်း နောက်ဆုံးတွင် မည်သည့်စကားမျှ မဆိုတော့ချေ။

ဤကိစ္စနှင့် ပတ်သက်ပြီး သူလည်း အလွန်အပြစ်မကင်းသလို ခံစားနေရသည်။

သို့သော်လည်း အများအကျိုးအတွက် ရှေးရှု၍ သူတော်စင်များကြား တိုက်ပွဲဖြစ်ပွားခြင်းကို မလိုလားသလို လူသားမျိုးနွယ်၏ အခြေခံစည်းစနစ်များ ပြိုလဲကာ ပြည်တွင်းစစ်ဆီသို့ ဦးတည်သွားမည်ကိုလည်း သူ မမြင်တွေ့လိုချေ။ ထို့ကြောင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် အလျှော့ပေးသည့် လမ်းကိုသာ သူ ရွေးချယ်နိုင်၏။

သူသည်လည်း သူတော်စင်ဘာတိုင်၏ လုပ်ရပ်များကို သဘောမတူပေ။ ထိုစဉ်အချိန်က လင်းဖုန်း သူတော်စင်ဖြစ်လာစေရန် ကူညီပေးခဲ့သူကလည်း သူပင်။

သူ့စိတ်နှလုံးအတွင်းရှိ အများအကျိုးအတွက် သူတော်စင်ခန်းအနေဖြင့် သူတော်စင်လင်းဖုန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့ကို မျက်နှာလွှဲခဲပစ်လုပ်ရန်သာ ရွေးချယ်နိုင်တော့သည်။ ယနေ့မှစ၍ နောက်ပိုင်းတွင် သူတော်စင်ကိုးပါးက ယခင်ကကဲ့သို့ စည်းလုံးညီညွတ်ကြတော့မည် မဟုတ်ကြောင်းကိုလည်း သူ ကောင်းကောင်းသိသည်။

သို့သော်လည်း လက်ရှိအခြေအနေတွင် သူတော်စင်ခန်းအနေဖြင့် သူတော်စင်များအကြား အပေါ်ယံစည်းလုံးမှုကိုသာ ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်မိတော့သည်။ လူသားမျိုးနွယ်မှာ ပြည်တွင်းစစ်ဒဏ်ကို ထပ်မံမခံစားနိုင်တော့ချေ။

“ငါ ကာကွယ်သူအဖွဲ့ချုပ်ရဲ့ ပိုင်ဆိုင်ခွင့်ကို ဆုံးဖြတ်ဖို့အတွက် သူတော်စင်ညီလာခံကို အမြန်ဆုံး ခေါ်ယူပေးပါ့မယ်”

ထိုသို့ပြောကြားပြီးနောက် သူတော်စင်ခန်း လေသင်္ဘောကို စီးနင်းကာ ထွက်ခွာသွားတော့သည်။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူတော်စင်ခန်း ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ့မျက်ဝန်းအတွင်း၌လည်း အားကိုးရာမဲ့သည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ သို့သော်လည်း သူ ချက်ချင်းပင် အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်ဝန်းများ ပြန်လည်တည်ငြိမ်စေလိုက်သည်။ ထို့နောက် ကာကွယ်သူအဖွဲ့ဌာနချုပ်ဆီသို့ တိုက်ရိုက် ပျံသန်းဆင်းသက်လာသည်။

“ချူချန်း... မင်းတို့အားလုံး အပြင်ကို ထွက်လာလို့ရပါပြီ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ကာကွယ်သူအဖွဲ့ဌာနချုပ်သို့ ရောက်ရှိလာပြီး လေသံခပ်ဖွဖွဖြင့် လှမ်းအော်ပြောလိုက်သည်။

လက်ရှိအချိန်တွင် ကာကွယ်သူအဖွဲ့ဌာနချုပ်မှာ အပျက်အစီးပုံအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ အဆောက်အအုံအနည်းငယ်သာ မပျက်မစီး ကျန်ရှိတော့၏။ စောစောက သူတော်စင်များကြားမှ တိုက်ပွဲ၏ စွမ်းအင်ဂယက်များကြောင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတချို့ပင် မတော်တဆ သေဆုံးခဲ့ရရှာသည်။

ဂျွီ

မြေပြင်ပေါ်ရှိ လျှို့ဝှက်မြေအောက်ခန်းတံခါးက ဖြည်းဖြည်းချင်း ပွင့်လာသည်။ ချူချန်းနှင့် ကျန်းချီကျီတို့သုံးယောက်သား မြေအောက်ခန်းအတွင်းမှ အလျင်အမြန် ထွက်လာကြ၏။

“သူတော်စင်ကြီး... လင်းဖုန်းက တကယ် တကယ်...”

ချူချန်း၏ မျက်နှာထက်တွင် မျှော်လင့်ချက် တစ်စွန်းတစ်စ ရှိနေဆဲပင်။ သူမ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အဖြေကို မိမိနားဖြင့် ကိုယ်တိုင် ကြားသိလိုနေမိသည်။

All Chapters