← Chapters

အခန်း ၃၂၀

Vol. 28 Ch. 320

အခန်း ၃၂၀

Vol. 28 Ch. 320

ထာဝရသိုင်းတာအိုအရှင်

အခန်း (၃၂၀) - ချူချန်း၏ ခေါင်းမာမှု

ဘာသာပြန် - အားသစ်

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က မျှော်လင့်ချက်အပြည့်ဖြင့် စောင့်မျှော်နေသော ချူချန်း၏မျက်နှာကို ကြည့်ကာ ပါးစပ်ဟလိုက်မိသော်လည်း မည်သည့်စကားမျှ မပြောနိုင်ချေ။

နောက်ဆုံးတွင် ဤကိစ္စရပ်များကို သူကိုယ်တိုင် စတင်ခဲ့ခြင်းသာ ဖြစ်သည်။ သို့သော်လည်း ယခုမူ သူက အသက်ရှင်ကျန်ရစ်နေပြီး လင်းဖုန်းကမူ သေဆုံးသွားခဲ့ရလေပြီ။

“လင်းဖုန်း ဆုံးသွားပါပြီ။ ငါ ဒါကို ငါ့မျက်စိနဲ့ ကိုယ်တိုင် မြင်ခဲ့တာပါ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အံကြိတ်ကာ ဆိုလိုက်သည်။ သူ ချူချန်းကို လိမ်ညာ၍လည်း မပြောနိုင်ချေ။ မဟုတ်လျှင် သူ့စိတ်အစဉ်က ပို၍ပင် မချမ်းမမြေ့ ဖြစ်နေရပေလိမ့်မည်။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ နှုတ်မှ ထွက်ပေါ်လာသော အမှန်တရားက အလွန်ပင် ရက်စက်လွန်းလှပေ၏။ ချူချန်း၏ မျက်နှာမှာ ဖြူရော်သွားပြီး စကားတစ်လုံးတစ်ပါဒမျှပင် မဟနိုင်တော့ချေ။

ကျန်းချီကျီသည်လည်း သူ့နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ထားမိသော်လည်း မကျေမနပ်ဖြင့် အော်ပြောလိုက်သည်။ “သူတော်စင်ကြီး... ခင်ဗျား ကျွန်တော်တို့ ကာကွယ်သူအဖွဲ့ချုပ်အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးရမယ်။ အစ်ကိုဖုန်းက ဂုဏ်သရေရှိတဲ့ သူတော်စင်တစ်ပါးဖြစ်ပြီးတော့ လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတစ်ယောက်ပဲ။ သူ သေဆုံးသွားတာတောင်မှ ဘာဖြစ်လို့ ဒီလိုမျိုး ဆက်ဆံမှုတွေကို ခံရရတာလဲ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မျက်ဝန်းအတွင်း၌ အေးစက်စက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူက လေသံတိုးတိုးဖြင့် စကားဆိုလိုက်၏။

“စိတ်မပူပါနဲ့...ငါ ရှိနေသရွေ့ သူတော်စင်ဘာတိုင်ကို ကာကွယ်သူအဖွဲ့ချုပ်ရဲ့ အမွှေးတစ်ပင်တောင် ထိခွင့်ပေးမှာ မဟုတ်ဘူး”

ဤအချိန်တွင် ချူချန်းသည်လည်း ခိုင်မာပြတ်သားစွာဖြင့် ပြောလိုက်သည်။ “သူတော်စင်ကြီး...ကျွန်မတို့ ကာကွယ်သူအဖွဲ့ချုပ်ကို သေချာပေါက် ကာကွယ်ရမယ်။ ဒါက လင်းဖုန်းရဲ့ သွေးတွေချွေးတွေနဲ့ ရင်းထားရတဲ့ ကြိုးစားအားထုတ်မှုတွေပဲ။ ကျွန်မတို့ အားလုံး အရှင့်ကိုပဲ အားကိုးရတော့မယ်”

ချူချန်းက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို သေသေချာချာ အလေးအမြတ်ပြု အရိုအသေပေးလိုက်သည်။ ယခုအခါတွင်မူ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ဦးတည်းသာ သူတို့ကို ကူညီပေးနိုင်တော့သည်။

သူတော်စင်ဘာတိုင် အင်အားသုံး၍ လုယူသွားခဲ့သော ကာကွယ်သူနှင့် ပတ်သက်၍မူ ချူချန်းနှင့် ကျန်းချီကျီတို့မှာ လုံးဝမျှော်လင့်ချက် ပျက်သုဉ်းသွားခဲ့ကြလေပြီ။ သူတို့အနေဖြင့် ကာကွယ်သူအဖွဲ့ချုပ်ကိုသာ ဆက်လက်ကာကွယ်ထားနိုင်ရန် မျှော်လင့်မိတော့သည်။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် မိမိကိုယ်ကိုယ် အလွန်ပင် အပြစ်မကင်းသလို ခံစားနေရသည်။ သူ အံတင်းတင်းကြိတ်ကာ ချက်ချင်းပင် ဝေဟင်ထက်သို့ ပျံတက်သွားပြီး လေသင်္ဘောပေါ်သို့ ပြန်လည်ရောက်ရှိကာ ပျောက်ကွယ်သွားတော့သည်။ မည်သို့ပင်ဆိုစေ သူ လင်းဖုန်း၏ ကာကွယ်သူအဖွဲ့ချုပ်ကို သေချာပေါက် ကာကွယ်ပေးရပေမည်။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ထွက်ခွာသွားပြီးနောက်တွင် ကာကွယ်သူအဖွဲ့ဌာနချုပ်မှာ ရုတ်တရက် အလွန်တရာ တိတ်ဆိတ်သွားသည်။

ဤအတောအတွင်း ကာကွယ်သူအဖွဲ့ချုပ်က အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေခဲ့၏။ တရားဝင်အဖွဲ့ဝင် အရေအတွက်က ယခင်က ၆၃ ဦးသာ ရှိခဲ့ရာမှ ယခုအခါ ၁၈၃ ဦးအထိ တိုးပွားလာချေပြီ။

...

သူတော်စင်များကြားမှ တိုက်ပွဲ၏ စွမ်းအင်လှိုင်းဂယက်များကြောင့် မတော်တဆ သေဆုံးခဲ့ရသော သိုင်းသမားများကို ဖယ်ထုတ်လိုက်လျှင် ကာကွယ်သူအဖွဲ့ချုပ်၌ တရားဝင်အဖွဲ့ဝင် သိုင်းသမား ၁၇၉ ဦး ကျန်ရှိနေသေးသည်။

ယခုအချိန်တွင် ထိုသိုင်းသမား ၁၇၉ ဦးစလုံး စုဝေးရောက်ရှိနေကြလေပြီ။ သူတို့က ကာကွယ်သူအဖွဲ့ချုပ်တစ်ဝိုက်ရှိ အပျက်အစီးပုံများကို ရှုပ်ထွေးလှသော မျက်ဝန်းများဖြင့် ငေးကြည့်နေမိကြ၏။

သူတော်စင်လင်းဖုန်း ကျဆုံးသွားခဲ့ရပြီ။ ထို့ပြင် ကာကွယ်သူအဖွဲ့ချုပ်ကလည်း ဖျက်ဆီးခံလိုက်ရသည်။ ကာကွယ်သူပင်လျှင် သူတော်စင်ဘာတိုင်၏ အင်အားသုံး လုယူခြင်းကို ခံလိုက်ရသည်။ မူလက အခွင့်ကောင်းမျှော်ကိုးပြီး ဝင်ရောက်လာကြသည့် သိုင်းသမားတချို့မှာမူ ချက်ချင်းပင် စိတ်ကူးစိတ်သန်းများ ပြောင်းလဲလာကြတော့သည်။

ချူချန်းက မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်နိုင်သေးဟု ဆိုသော်လည်း သူမက လူနုံလူအတစ်ဦးတော့ မဟုတ်ချေ။ ဝန်ရိုးစွန်းအကယ်ဒမီတွင် တစ်ကိုယ်တည်း ပညာသင်ကြားနေစဉ် အချိန်ကတည်းက သူမက အမြင်ကျယ်သူတစ်ဦး ဖြစ်သည်။

ထိုသိုင်းသမားများ၏ မျက်ဝန်းများကို မြင်ရုံမျှဖြင့် သူတို့ ဘာတွေးနေကြသည်ကို သူမ ကောင်းကောင်း သိရှိနားလည်ပေသည်။

“အားလုံး မြင်တွေ့ခဲ့ကြတဲ့အတိုင်းပါပဲ... ကျွန်မတို့ ကာကွယ်သူအဖွဲ့ချုပ်ရဲ့ သူတော်စင်လင်းဖုန်း ကျဆုံးသွားပြီ။ ကာကွယ်သူလည်း အင်အားသုံးလုယူခံလိုက်ရပြီ။ ကာကွယ်သူအဖွဲ့ချုပ် ဆက်လက်ရပ်တည်နိုင်မလား ဆိုတာကတော့ သူတော်စင်ညီလာခံရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တော့တယ်။ ကျွန်မမှာ ကာကွယ်သူအဖွဲ့ချုပ်ရဲ့ လုပ်ပိုင်ခွင့် ရှိနေတာမို့လို့ ကျွန်မပဲ ဆုံးဖြတ်ချက် ချပါ့မယ်။ တကယ်လို့ ရှင်တို့ထဲက ကာကွယ်သူအဖွဲ့ချုပ်ကနေ နှုတ်ထွက်ချင်တဲ့သူတွေရှိရင် အခုချက်ချင်း လျှောက်ထားနိုင်ပါတယ်။ ကျွန်မ ချက်ချင်း ခွင့်ပြုပေးပါ့မယ်”

ဝှစ်

ချူချန်း၏ စကားကို ကြားလိုက်ရသည့်အခါ လူအုပ်ကြီးမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

“မရီး... အဲလိုလုပ်လို့ မဖြစ်…”

ကျန်းချီကျီ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူ ချူချန်းကို တားဆီးလိုသော်လည်း သူမက လက်ပြကာ တားလိုက်၏။ သူမ ဆုံးဖြတ်ချက် ချပြီးသားပင်။

သာမန်အားဖြင့် ဆိုရလျှင် အဓိကအဖွဲ့အစည်းငါးခု သို့တည်းမဟုတ် ကာကွယ်သူအဖွဲ့ချုပ်သို့ ဝင်ရောက်ပြီးပါက ကြီးလေးသော ရာဇဝတ်မှုတစ်စုံတစ်ရာ ကျူးလွန်ခြင်းမရှိလျှင် မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့် မရှိချေ။ ထိုသို့ ကျူးလွန်မှသာ အဖွဲ့အစည်းက နှင်ထုတ်ပိုင်ခွင့်ရှိသည်။

သိုင်းသမားများအနေဖြင့် မိမိဘာသာ နှုတ်ထွက်ရန် လျှောက်ထားခြင်းက မဖြစ်နိုင်လောက်အောင် ခဲယဉ်းလှပေသည်။

သို့သော် ယခုအခါ ချူချန်းက အခွင့်အရေး ပေးလိုက်ပြီ ဖြစ်သည်။ ထွက်ခွာလိုသူများကို သူမ လွှတ်ပေးလိုက်တော့မည်။

ဉာဏ်ပြေးသည့် လူအချို့ကမူ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြ၏။ သူတို့ ကာကွယ်သူအဖွဲ့ချုပ်သို့ လာရောက်ခဲ့ကြခြင်းမှာ ကာကွယ်သူအဖွဲ့ချုပ်၏ ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို မျှော်ကိုး၍သာ ဖြစ်သည်။ မဟုတ်လျှင်လည်း လင်းဖုန်းကြောင့်သာ လာရောက်ခဲ့ကြခြင်းဖြစ်သည်။ လင်းဖုန်းက အလွန်ငယ်ရွယ်ပြီး အနာဂတ်တွင် သူတော်စင်များကိုပင် ကျော်လွန်နိုင်မည့် အလားအလာ ကြီကြီးမားမားရှိသည်ဟု သူတို့ ယူဆခဲ့ကြသောကြောင့်ပင်။

သို့သော် ယခုအခါ အရာအားလုံးက ပြိုပျက်သွားခဲ့ရချေပြီ။

လင်းဖုန်း ကျဆုံးသွားခဲ့ရ၏။ ဆယ်စုနှစ်များစွာအတွင်း လူသားမျိုးနွယ်အကြား ပထမဆုံးအကြိမ် ကျဆုံးခဲ့ရသည့် သူတော်စင်တစ်ပါး ဖြစ်လာခဲ့သည်။

ကာကွယ်သူအဖွဲ့ချုပ်မှာလည်း အခြားသူတော်စင်တစ်ပါး၏ ပစ်မှတ်ထားခြင်းကို ခံနေရသည်။ ဤအတိုင်းသာ ဆက်သွားပါက ကာကွယ်သူအဖွဲ့ချုပ်က မည်သို့လျှင် ဆက်လက်ဖွံ့ဖြိုးတိုးတက်နိုင်ပါမည်နည်း။

သူတို့ ကာကွယ်သူအဖွဲ့ချုပ်အပေါ် မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့ကြပြီ ဖြစ်သည်။ ယခုအခါ ချူချန်းက သူတို့ကို နှုတ်ထွက်ခွင့်ပေးမည်ဟု ကြားလိုက်ရသဖြင့် သူတို့ သေချာပေါက် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြတော့သည်။

ထို့ကြောင့် အရင်ဦးဆုံး လူတစ်ဦး ရှေ့သို့ ထွက်လာ၏။

“စိတ်မကောင်းပါဘူး... ကျွန်တော်... ကျွန်တော် ကာကွယ်သူအဖွဲ့ချုပ်ကနေ နှုတ်ထွက်ဖို့ လျှောက်ထားပါတယ်”

ပထမဆုံး ထွက်လာသည့် သိုင်းသမားမှာ ကာကွယ်သူအဖွဲ့ချုပ်သို့ ပထမဆုံးအသုတ်အနေဖြင့် ဝင်ရောက်လာခဲ့သော အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်သည်။

“မင်းကတော့…”

လူအများအပြားက သူ့ကို စိုက်ကြည့်လိုက်ကြသော်လည်း သူက ထွက်ခွာလိုနေပြီဖြစ်ရာ ချူချန်းအနေဖြင့်လည်း စကားပျက်ကွက်မည် မဟုတ်ချေ။

“ကောင်းပြီလေ... ငါ ခွင့်ပြုတယ်။ အခုပဲ မင်းရဲ့ ပစ္စည်းတွေကို သိမ်းပြီး ကာကွယ်သူအဖွဲ့ချုပ်ကနေ ထွက်သွားလိုက်တော့။ မင်းက ကာကွယ်သူအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တစ်ယောက် မဟုတ်တော့ဘူး” ချူချန်း၏ လေသံက အနည်းငယ် အေးစက်လှပေသည်။

ထိုသိုင်းသမားအတွက် သိမ်းဆည်းစရာ ပစ္စည်းများစွာ မရှိလှပေ။ ကာကွယ်သူအဖွဲ့ချုပ်တစ်ခုလုံးပင် အပျက်အစီးပုံ ဖြစ်နေပြီဖြစ်ရာ သူ့အတွက် ဘာသိမ်းစရာ ရှိတော့မည်နည်း။

ထို့ကြောင့် ချူချန်း၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် သူ အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။

ချူချန်းတွင် ကာကွယ်သူအဖွဲ့ချုပ်၏ လုပ်ပိုင်ခွင့်အာဏာတချို့ ရှိနေသဖြင့် သိုင်းသမားတချို့ကို ထုတ်ပယ်ရန်က သဘာဝကျကျပင် သိပ်မခက်လှပေသည်။

ထို့ကြောင့် ပထမဆုံး သိုင်းသမား ထွက်ခွာသွားပြီးနောက် ဒုတိယတစ်ဦး ထို့နောက် အခြားလူများစွာ ထပ်မံ၍ လိုက်လံထွက်ခွာသွားကြတော့သည်။ ချူချန်းက သူတို့အားလုံးကို နှုတ်ထွက်ဖို့ သဘောတူခွင့်ပြုပေးခဲ့ပြီး ကာကွယ်သူအဖွဲ့ချုပ်၏ စာရင်းမှ ချက်ချင်း ပယ်ဖျက်ပေးခဲ့၏။

ကာကွယ်သူအဖွဲ့ချုပ်၏ တရားဝင်အဖွဲ့ဝင် အရေအတွက်မှာ ၁၇၉ ဦးမှ ၁၀၈ ဦးအထိ လျော့နည်းသွားသည်။ စုစုပေါင်း လူ ၇၁ ဦး နှုတ်ထွက်သွားခဲ့ခြင်းပင်။

“တခြား ထွက်ချင်တဲ့သူများ ရှိသေးသလား”

ချူချန်း ကျန်ရှိနေသည့် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်သည်။ ရုတ်တရက် သူမ ရင်းနှီးသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။

လေ့ရှန် သခင်လေးလေ့ပင်။

ထိုစဉ်အချိန်က ပြဿနာများ ဖြစ်ပွားခဲ့သော်လည်း လေ့ရှန်က ကာကွယ်သူအဖွဲ့ချုပ်သို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ဆဲသာ။ ထို့ပြင် ယင်းက လင်းဖုန်း၏ အထူးခွင့်ပြုချက်ဖြင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ သူကတော့ ထွက်ခွာရန် မရွေးချယ်ခဲ့ချေ။

လေ့ရှန် ဖြည်းညင်းစွာ ရှေ့သို့ လှမ်းထွက်လာပြီး ပြတ်ပြတ်သားသား စကားဆိုလိုက်သည်။

“ကျွန်တော်တို့ ကာကွယ်သူအဖွဲ့ချုပ်ထဲကို ဝင်ဖို့ ရွေးချယ်ခဲ့ကတည်းက ဒီလိုအလွယ်တကူနဲ့ အရှုံးပေးမှာ မဟုတ်ဘူး။ ကာကွယ်သူအဖွဲ့ချုပ်သာ ဖျက်သိမ်းမသွားဘူးဆိုရင် ကျွန်တော်တို့တွေက အမြဲတမ်း ကာကွယ်သူအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေအဖြစ် ဆက်ရှိနေမှာပါ”

“ဟုတ်တယ်... ကျွန်တော်တို့လည်း မထွက်ဘူး”

“အဲ့ဒီအချိန်တုန်းက သူတော်စင်လင်းဖုန်းကိုယ်တိုင် ကျွန်တော်တို့ကို ကာကွယ်သူအဖွဲ့ချုပ်ထဲ ဝင်ခွင့်ပြုခဲ့တယ်။ ကျွန်တော်တို့ ကာကွယ်သူအဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်တွေကို သဘောကျလို့ ဝင်ခဲ့တာပါ။ ကျွန်တော်တို့က လုံးဝ အခွင့်ကောင်းမျှော်ပြီး ဝင်ခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့ မထွက်ဘူး”

“ကာကွယ်သူအဖွဲ့ချုပ်သာ မပြိုကွဲဘူးဆိုရင် ကျွန်တော်တို့တွေ လုံးဝ ထွက်မှာမဟုတ်ဘူး”

စိတ်အားထက်သန်နေကြသော ထိုသိုင်းသမားများကို ကြည့်ရင်း ချူချန်း စိတ်ထဲမှ ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်မိသည်။ စောစောက သူမ မည်မျှအထိ ပြင်းထန်လှသော ဖိအားများကို တောင့်ခံထားရသည်ကို ကောင်းကင်ဘုံတစ်ခုတည်းသာ သိပေလိမ့်မည်။ ကာကွယ်သူအဖွဲ့ချုပ်ကို လင်းဖုန်းတစ်ဦးတည်းက တည်ထောင်ခဲ့ခြင်းဖြစ်၏။ လင်းဖုန်း၏ သွေးချွေးရင်းကာ ကြိုးစားအားထုတ်ခဲ့သည့် ရလဒ်လည်း ဖြစ်သည်။ အကယ်၍ ထိုအဖွဲ့ဝင်များအားလုံးသာ ထွက်ခွာသွားကြမည်ဆိုပါက သူမအနေဖြင့် သေလျှင်တောင် လင်းဖုန်းကို မျက်နှာပြရဲတော့မည်မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် လူအများစုက ထွက်ခွာမသွားခဲ့ကြချေ။ သူတို့ကသာ ကာကွယ်သူအဖွဲ့ချုပ်၏ အစစ်အမှန် အမာခံကျောရိုးများ ယုံကြည်စိတ်ချရသူများ ဖြစ်ကြပေသည်။

ကာကွယ်သူအဖွဲ့ချုပ်သည် လက်ရှိအချိန်တွင် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေရသဖြင့် အတွင်းပိုင်း စည်းလုံးမှုပျက်ပြားခြင်းဒဏ်ကို ထပ်မခံနိုင်တော့ကြောင်း ချူချန်း ကောင်းကောင်းသိသည်။ ထို့ကြောင့် ထွက်ခွာလိုသူများကို လွှတ်ပေးလိုက်ခြင်းကသာ ပိုကောင်းပေလိမ့်မည်။ ကျန်ရှိနေသည့် လူများကမူ ကာကွယ်သူအဖွဲ့ချုပ်နှင့်အတူ အေးအတူပူအမျှ လက်တွဲသွားနိုင်မည့်သူများ ဖြစ်ကြပေသည်။

“လင်းဖုန်း... ရှင့်ကိုယ်စား ကာကွယ်သူအဖွဲ့ချုပ်နဲ့ ရှင့်ရဲ့ ကြိုးစားအားထုတ်မှုတွေကို ကျွန်မ သေချာပေါက် ကာကွယ်ပေးပါ့မယ်”

ချူချန်း ပတ်ဝန်းကျင်ရှိ အပျက်အစီးပုံများကို ကြည့်ကာ အံတင်းတင်းကြိတ်လိုက်မိသည်။ သူမ ယခုအချိန်တွင် လဲပြိုသွား၍ မဖြစ်ချေ။ ဤသည်မှာ လင်းဖုန်းအတွက် သူမ ဆောင်ရွက်ပေးနိုင်မည့် တစ်ခုတည်းသောအရာ ဖြစ်နိုင်ပေသည်။

All Chapters