အခန်း ၃၂၁
Vol. 28 Ch. 321
ထာဝရသိုင်းတာအိုအရှင်
အခန်း (၃၂၁) - လီဗိုင်ယာသန်
ဘာသာပြန် - အားသစ်
သူတော်စင်ညီလာခံကို သူတော်စင်ခန်း၏ ဦးဆောင်မှုအောက်တွင် ကျင်းပခဲ့သည်။
ဤတစ်ကြိမ် ကျင်းပသည့် သူတော်စင်ညီလာခံမှာမူ ရန်လိုမှုများဖြင့် ပြည့်နှက်နေ၏။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ဦးဆောင်သည့် ပညာရေးအဖွဲ့မှ သူတော်စင်သုံးပါးတို့က စီးပွားရေးအဖွဲ့မှ သူတော်စင်ဘာတိုင်နှင့် အပြင်းအထန် စကားနာထိုး ငြင်းခုံနေကြသည်။
နှစ်ဖက်စလုံးက မည်သည့်ထိန်းချုပ်မှုမျှ မရှိကြချေ။ သို့သော်လည်း သူတော်စင်ဘာတိုင််က အစိုးရအဖွဲ့မှ သူတော်စင်ကလော့ကို မည်သို့သော အကျိုးအမြတ်များ ပေးကမ်းကာ စည်းရုံးလိုက်သည်မသိ။ သူတော်စင်ကလော့ကပါ ဘာတိုင်ဘက်မှ ပါဝင်ကူညီနေခဲ့သည်။
နှစ်ဖက်စလုံးက အင်အားချင်း မျှနေကြသဖြင့် အပြင်းအထန် အငြင်းပွားနေကြလေသည်။
ပညာရေးအဖွဲ့က သူတော်စင်ဘာတိုင်အား ကာကွယ်သူကို ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုနေ၏။ သို့သော်လည်း ဘာတိုင်ကမူ ကာကွယ်သူကို လုံးဝ လွှဲပြောင်းပေးခြင်း မရှိချေ။ ထို့ပြင် သူက ကာကွယ်သူအဖွဲ့ချုပ်ကို ဖျက်သိမ်းရန်နှင့် ကာကွယ်သူအဖွဲ့ချုပ်အတွင်းရှိ စက်ရုပ်နည်းပညာများနှင့် စွမ်းအင်သုံးလက်နက် နည်းပညာအားလုံးကို အများပိုင်အဖြစ် လှူဒါန်းရန်ပါ တောင်းဆိုနေခဲ့သည်။
ဤသည်မှာ ကာကွယ်သူအဖွဲ့ချုပ်ထံမှ ရရှိမည့် အကျိုးအမြတ်များကို ဗြောင်ကျကျ ခွဲဝေယူရန် ကြိုးပမ်းခြင်းသာပင်။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင် အလွန်တရာ ဒေါသထွက်နေပြီး သူတော်စင်ခန်း၏ ကြားဝင်စေ့စပ်ပေးမှုကပါ မည်သို့မျှ အရာမထင်တော့ချေ။
နောက်ဆုံးတွင် သူတော်စင်ခန်း၏ ကြားဝင်စေ့စပ်ပေးမှုအောက်၌ သူတော်စင်ညီလာခံက ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်။ ကာကွယ်သူအဖွဲ့ချုပ်ကို ဆက်လက်ရပ်တည်ခွင့်ပြုမည် ဖြစ်သော်လည်း စွမ်းအင်သုံးလက်နက် နည်းပညာများနှင့် စက်ရုပ်နည်းပညာများကိုမူ သင့်တော်သည့် တန်ဖိုးများဖြင့် အဓိကအဖွဲ့အစည်းကြီးငါးခုထံသို့ လူသိရှင်ကြား ရောင်းချရမည် ဖြစ်သည်။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကမူ ဤကဲ့သို့သော ဆုံးဖြတ်ချက်အပေါ် အလွန်မကျေမနပ် ဖြစ်နေ၏။ သူက ပရိုဂျက်တာကို ပိတ်ပစ်လိုက်ပြီး မည်သည့်စကားမျှ မဆိုဘဲ ချက်ချင်း ထွက်ခွာသွားတော့သည်။ သူတော်စင်ပင်းယွီနှင့် သူတော်စင်ကက်တို့ကလည်း ဒေါသတကြီးဖြင့် လိုက်လံထွက်ခွာသွားကြ၏။
သူတော်စင်ပင်းယွီကမူ သူတော်စင်ခန်းအား တရားမျှတမှုမရှိဟု တိုက်ရိုက်ပင် အပြစ်တင်ပြောဆိုသွားခဲ့သေးသည်။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် အခြားသူတော်စင်နှစ်ပါးတို့ ညီလာခံမှ ထွက်ခွာသွားကြပြီးနောက် သူတော်စင်ဘာတိုင်နှင့် သူတော်စင်ကလော့တို့လည်း ထွက်ခွာသွားကြသည်။ စကားများများစားစားမပြောခဲ့ကြသည့် စစ်တပ်အုပ်စုမှ သူတော်စင်နှစ်ပါးလည်း ထွက်ခွာသွားကြ၏။
ယခုအခါ သူတော်စင်ညီလာခံတစ်ခုလုံးတွင် သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့ နှစ်ဦးတည်းသာ ကျန်တော့သည်။
“ယွမ်ယီ... ငါတကယ်ပဲ မတရားလုပ်မိသွားတာလား” သူတော်စင်ခန်းက ရုတ်တရက် မေးမြန်းလိုက်သည်။
သူတော်စင်ယွမ်ယီ၏ မျက်နှာအမူအရာက ရှုပ်ထွေးနေ၏။ သူ သူတော်စင်ခန်း၏ အခက်အခဲများကို ကောင်းကောင်းနားလည်သလို သူတော်စင်ခန်းအနေဖြင့် အများအကျိုးကိုသာ စိတ်ရောကိုယ်ပါ ရှေးရှုနေခြင်းဖြစ်ကြောင်းလည်း သူ သိသည်။
သို့သော်လည်း တချို့အချိန်များတွင် သူတော်စင်ခန်းက အများအကျိုးအပေါ် အလွန်အမင်း အာရုံစိုက်လွန်းလှ၏။ ထို့ကြောင့်လည်း ကြီးလေးသော နောက်ဆက်တွဲ အကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့သည်။
“အကြီးအကဲခန်း... တချို့အချိန်တွေမှာ ခင်ဗျားမျက်လုံးထဲက အများအကျိုးဆိုတာ လူတိုင်းအတွက် အများအကျိုး ဖြစ်မနေတတ်ဘူးဗျ…”
ထိုသို့ပြောကြားပြီးနောက် သူတော်စင်ယွမ်ယီလည်း ထွက်ခွာသွားတော့သည်။
သူတော်စင်ခန်း တွေဝေမိန်းမောစွာဖြင့် မော့ကြည့်လိုက်မိသော်လည်း သူ ချက်ချင်း စိတ်ပိုင်းဖြတ်လိုက်သည်။ သူ မမှားပေ။ အများအကျိုးအတွက် ရှေးရှုကာ သူတော်စင်များအကြား ထပ်မံ၍ ရန်ပွဲများ မဖြစ်ပွားစေရန် သူ တားဆီးရမည်သာ ဖြစ်သည်။
သို့သော်လည်း လက်တွေ့တွင်မူ ဤသူတော်စင်ညီလာခံ ကျင်းပပြီးသည့်အချိန်မှစ၍ လူသားမျိုးနွယ်၏ သူတော်စင်ကိုးပါးက အမှန်တကယ်ပင် လုံးဝ အုပ်စုကွဲသွားကြလေပြီ။
...
မှောင်မိုက်၍ အေးစက်လှသော မြေအောက်မြစ်အတွင်း၌…
လှံတစ်စင်းက အမိုက်မှောင်တို့အကြားတွင် မှိန်ဖျော့ဖျော့ အလင်းရောင်တစ်ခု အစဉ်မပြတ် ထုတ်လွှတ်နေ၏။ ယင်းက မြေအောက်မြစ်ပတ်ဝန်းကျင်ကို လျှို့ဝှက်ဆန်းကြယ်၍ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ပေးစွမ်းနေသည်။
လင်းဖုန်း၏ ခန္ဓာကိုယ်သည် အသားစတစ်ခုမျှသာ ကျန်တော့သော်လည်း ထိုအသားစက ဧရာမသွေးနီရောင် သလင်းကျောက်ကြီးကို လွှမ်းခြုံထား၏။ ထိုသလင်းကျောက်က ဂြိုဟ်အဆင့်သက်ရှိတစ်ခု၏ အသက်အမြုတေပင်။ ယင်းမှာ အသက်အမြုတေ၏ အစိပ်အပိုင်းတစ်ခုမျှသာ ဖြစ်သော်လည်း တစ်ရာခိုင်နှုန်းခန့်တော့ ရှိပေ၏။
ထိုအသက်အမြုတေ၏ တစ်ရာခိုင်နှုန်းခန့်ရှိသော သလင်းကျောက်အပိုင်းကို လင်းဖုန်း၏ အသားစများက အပြည့်အဝ လွှမ်းခြုံထားပြီး ထိုအသက်အမြုတေ အစိပ်အပိုင်းကို မသိမသာ ဝါးမြိုနေသည်။ ထိုဧရာမအသားစကြီးကလည်း အစဉ်မပြတ် လှုပ်ရှားရုန်းကန်နေပြီး ခန္ဓာကိုယ်တစ်ခုအဖြစ် ပြန်လည်ပေါင်းစပ်ရန် ကြိုးပမ်းနေ၏။
လင်းဖုန်းကမူ အမှောင်ထုအကြားတွင် နစ်မြုပ်နေသည်။
သူ့အသိစိတ်က ကျယ်ပြောလှသော စကြာဝဠာကြီးအတွင်းသို့ လွင့်မျောနေသည့်အလား ခံစားနေရ၏။ သူသည် မွေးစကတည်းက အေးစက်စက် ရေပြင်ကျယ်ကြီးအတွင်း နေထိုင်ခဲ့သည့် ထူးဆန်းလှသော ဧရာမသားရဲကြီးတစ်ကောင်အသွင် ပြောင်းလဲသွားသကဲ့သို့ ရှိနေသည်။
ထို့ပြင် သူ့တွင် လှတပတ အမည်နာမတစ်ခု ရှိနေသည်။ ထိုအမည်ကား လီဗိုင်ယာသန် (Leviathan) ဟူ၏။
သူ့တွင် အမှတ်သညာ စတင်ရှိကတည်းကပင် လီဗိုင်ယာသန်မှာ ရေပြင်ကျယ်ကြီး၏ အရှင်သခင် ဖြစ်ခဲ့သည်။ သူသည် သူ့ဗီဇအတိုင်း လိုက်နာကာ ရေထုအတွင်းရှိ သက်ရှိများကို စဉ်ဆက်မပြတ် ဝါးမြိုနေခဲ့သည်။ တဖြည်းဖြည်းနှင့် သူ့ခန္ဓာကိုယ်က ပိုမိုကြီးမားလာ၏။ တစ်ခါတစ်ရံတွင်မူ သူ့၌ အလွန်ထူးဆန်းသည့် ခံစားချက်တစ်ခု ရှိနေတတ်သည်။
နောက်ဆုံးတွင် မည်မျှကြာမှန်းမသိ နှစ်ပေါင်းသိန်းသောင်းချီ ကုန်လွန်သွားခဲ့ပြီးနောက် သူက ရေပြင်အားလုံး၏ အငြင်းပွားဖွယ်မရှိ အကြွင်းမဲ့ဧကရာဇ်တစ်ပါး ဖြစ်လာတော့သည်။
ထို့နောက် သူ ကုန်းပေါ်သို့ စတင်တက်လှမ်းသွားသည်။ လမ်းခရီးတစ်လျှောက်တွင် ခုခံတားဆီးကြသည့် ထူးထူးဆန်းဆန်းသက်ရှိတချို့နှင့် ကြုံတွေ့ရသော်လည်း သူ ထိုသက်ရှိတို့ကို ဆက်လက်ဝါးမြိုပစ်ခဲ့သည်။ မည်သည့်စွမ်းအားကမျှ သူ့ကို တားဆီးနိုင်ခြင်း မရှိချေ။
သူ ထိုခံစားချက်၌ ယစ်မူးသာယာနေ၏။ သူ့သက်တမ်းတစ်လျှောက်လုံးတွင် အတွေးတစ်ခုတည်းသာ ရှိသကဲ့သို့ ဖြစ်နေသည်။ ထိုအတွေးသည်ကား ဝါးမြိုရန်…အရူးအမူး ဝါးမြိုရန်ပင်။
တဖြည်းဖြည်းနှင့် သူ အန္တရာယ်တစ်ခုကို အာရုံခံမိလာသည်။ သူ ကြုံတွေ့ရမည့် ကံကြမ္မာပေးအန္တရာယ်က မကြာမီ ရောက်ရှိတော့မည့်အလား ရှိနေ၏။ သူ ထိုနေ့ရက်အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ပြီး ကုန်းမြေပေါ်ရှိ အရာအားလုံးကို အလွန်တရာ ရူးရူးမူးမူး ဝါးမြိုပစ်ခဲ့သည်။
အတိတ်ကာလတွင် အားကောင်းလှသော သက်ရှိတချို့ ရှိခဲ့ကြဖူး၏။ သို့သော်လည်း သူ့ဧရာမခန္ဓာကိုယ်ကြီးရှေ့မှောက်တွင်မူ ထိုသက်ရှိများအားလုံးမှာ သူ့ဝမ်းဗိုက်ကိုပင် ပြည့်စေရန် မစွမ်းဆောင်နိုင်သည့် ပုရွက်ဆိတ်ငယ်များအလား ဖြစ်ခဲ့ရသည်။
နောက်ဆုံးတွင် လီဗိုင်ယာသန်၏ ကံကြမ္မာပေးအန္တရာယ် ရောက်ရှိလာသည်။ ရှေးဟောင်းအမှတ်သညာများ သို့တည်းမဟုတ် ဗီဇစိတ်များအတိုင်း သူ့ခန္ဓာကိုယ်က တစ်စုံတစ်ရာကို တောင့်တနေ၏။ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ပြင်းပြင်းပြပြ တောင့်တနေခြင်းပင်။
ထို့နောက် သူ ပေါက်ကွဲသွားရသည်။
ထိုအချိန်မှာ သူ မွေးဖွားလာကတည်းက ကြုံတွေ့ခဲ့ရသမျှထဲတွင် အနာကျင်ဆုံး အချိန်ဖြစ်သည်။ သူ့အမှတ်သညာအတွင်း၌ မရေမတွက်နိုင်သော အစိပ်အပိုင်းများ ထွက်ပေါ်လာ၏။ စကြာဝဠာကြီး ရှိနေသလို ဟင်းလင်းပြင်ကျယ်ကြီးလည်း ရှိနေသည်။
ထို့ပြင် သူက ဤစကြာဝဠာကြီးကို ဖြတ်သန်းသွားလာနိုင်မည့် ကြီးမြတ်လှသော သက်ရှိတစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲပေတော့မည်။
နောက်ဆုံးတွင် သူ အောင်မြင်သွားခဲ့၏။ သူ့ခန္ဓာကိုယ်က ကမ္ဘာကြီးတစ်ခုလုံးထက်ပင် ပိုမိုကြီးမားလာသည်။ သူက ကမ္ဘာကြီးတစ်ခုလုံးကို ဝါးမြိုပစ်ခဲ့ပြီး နောက်ဆုံးတွင် အသွင်ပြောင်းလဲခြင်းကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တော့သည်။
အသွင်ပြောင်းလဲခြင်း အောင်မြင်ပြီးနောက်တွင်မူ သူ စကြာဝဠာအတွင်း လှည့်လည်သွားလာနေခဲ့သည်။ သက်ရှိဂြိုဟ်တစ်ခုနှင့် ကြုံတွေ့ရတိုင်း သူ အငမ်းမရ ဝါးမြိုပစ်ခဲ့၏။
တစ်ခါတစ်ရံတွင်မူ ပိုမိုအားကောင်းသည့် သက်ရှိများနှင့်လည်း ကြုံတွေ့ရတတ်သည်။ အနည်းငယ်မျှသော အရှိန်အဝါကပင် သူ့ကို အသည်းအသန် ထွက်ပြေးတိမ်းရှောင်စေနိုင်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ၏မှတ်ဉာဏ်များထဲမှ တချို့သော ဗီဇစွမ်းရည်များကို သူ ရရှိထားသည်။
စကြာဝဠာအတွင်း၌ သူ့အရှိန်က အလွန်တရာ မြန်ဆန်လှ၏။ တုန်လှုပ်ချောက်ချားစရာ ကောင်းလောက်အောင် မြန်ဆန်လှပေသည်။ အတိတ်က သူ့ထက် ပိုအားကောင်းသည့် အရှိန်အဝါရှိသော သက်ရှိများစွာမှာ သူ့နောက်သို့ လိုက်လံဖမ်းဆီးလိုကြသည်။ သို့သော်လည်း ထိုသက်ရှိအားလုံး သူ၏ အံ့မခန်းအမြန်နှုန်းကြောင့် အလှမ်းဝေးကျန်ရစ်ခဲ့ကြရမြဲသာ။
စကြာဝဠာကြီးသည်ကား အထီးကျန်ဆန်လှပြီး အမှတ်သညာများကလည်း သွားလိုက်ပြန်လိုက် နားလိုက်ခိုလိုက် ဖြစ်နေ၏။
ရုတ်တရက် စကြာဝဠာအတွင်း၌ ဧရာမလက်ဝါးကြီးတစ်ခု ထွက်ပေါ်လာသည်။ လီဗိုင်ယာသန် မျှော်လင့်ချက် ပျက်သုဉ်းခြင်းဟူသော ခံစားချက်ကို ပြည့်ပြည့်ဝဝ ခံစားလိုက်ရ၏။ သူ၏ ဧရာမခန္ဓာကိုယ်ကြီးမှာ ထိုလက်ဝါးကြီး၏ ရှေ့မှောက်တွင်မူ မည်သို့မျှ ခုခံတွန်းလှန်နိုင်စွမ်း မရှိချေ။
ဘုန်း
သူ ပေါက်ကွဲသွားသည်။ လီဗိုင်ယာသန်၏ ခန္ဓာကိုယ်ကြီး ပေါက်ကွဲသွားသော်လည်း လင်းဖုန်း၏ အမှတ်သညာများကမူ တဖြည်းဖြည်း ပြန်လည်နိုးထလာချေပြီ။
“ငါက လီဗိုင်ယာသန်လား”
“မဟုတ်ဘူး... ငါက လင်းဖုန်းပဲ”
သူ့မှတ်ဉာဏ်များအတွင်း၌ မရေမတွက်နိုင်သော မြင်ကွင်းများ ထွက်ပေါ်လာသည်။ ငယ်စဉ်ဘဝမှသည် လူသားမျိုးနွယ်၏ ဒဿမမြောက်သူတော်စင် ဖြစ်လာသည့်အချိန်အထိ ဤအရာအားလုံးက သူ့စိတ်အစဉ်အတွင်း ထင်ထင်ရှားရှား ရှိနေ၏။ လီဗိုင်ယာသန်၏ နှစ်သန်းပေါင်းများစွာ အမှတ်သညာများနှင့် နှိုင်းယှဉ်လျှင် လင်းဖုန်း၏ နှစ်ပေါင်းနှစ်ဆယ်မျှသာရှိသော အမှတ်သညာများမှာ မပြောပလောက်အောင် သေးငယ်လှပေသည်။
သို့သော်လည်း ဤအမှတ်သညာများက လင်းဖုန်းအတွက် ဘယ်သောအခါမျှ မေ့ပျောက်နိုင်စရာ မရှိချေ။ နှစ်ပေါင်းတစ်ထောင် တစ်သောင်း ကုန်လွန်သွားပါစေဦးတော့ သူ မေ့ပျောက်လိမ့်မည် မဟုတ်ချေ။
“ငါက လင်းဖုန်းပဲ၊ လီဗိုင်ယာသန် မဟုတ်ဘူး။ စောစောက ငါ လီဗိုင်ယာသန်၏ မှတ်ဉာဏ်တွေကြားထဲမှာ လမ်းပျောက်နေတာလား”
လင်းဖုန်း နိုးထလာသည်။ သူ့အသိစိတ်များ ပြန်လည်ရရှိလာပြီး စောစောက ဖြစ်ပျက်ခဲ့သမျှအရာအားလုံးက လီဗိုင်ယာသန်၏ မှတ်ဉာဏ်များသာ ဖြစ်ကြောင်းနှင့် ယင်းက မပြည့်စုံသည့် အမှတ်သညာတစ်ခုသာ ဖြစ်ကြောင်း သူ သိရှိနားလည်သွားသည်။
ထိုဧရာမအသက်အမြုတေမှာ လီဗိုင်ယာသန်၏ အသက်အမြုတေ ဖြစ်တန်ရာ၏။ ထို့ကြောင့် ထိုသလင်းကျောက်အတွင်း၌ လီဗိုင်ယာသန်၏ သက်တမ်းတစ်ခုလုံးစာ အမှတ်သညာများ၊ စွမ်းအင်များနှင့် အနှစ်သာရများ ပြည့်နှက်နေခြင်း ဖြစ်သည်။
ယင်းက အသက်အမြုတေ၏ တစ်ရာခိုင်နှုန်းမျှသာရှိသော အစိပ်အပိုင်းတစ်ခု ဖြစ်သည်ဆိုသော်ငြား လင်းဖုန်းအတွက်မူ အလွန်တရာ အားကောင်းလှပေသည်။
“ဒါဆိုရင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းဆိုတာ တကယ်တော့ ဒီလောက်တောင် ရိုးရှင်းနေတာလား…” လင်းဖုန်း ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
“ငါ့ခန္ဓာကိုယ်က…”
သို့တစေ လင်းဖုန်း ရုတ်တရက် အာရုံခံမိလိုက်သည်မှာ ယခုလက်ရှိ သူ့တွင် ခန္ဓာကိုယ်ပင် မရှိတော့ချေ။ အသားစပုံကြီးတစ်ခုသာ ရှိနေ၏။ သူ့အသိစိတ်ကလည်း အသက်အမြုတေအပေါ်တွင်သာ တွယ်ကပ်နေခြင်း ဖြစ်သည်။
သူ့အသိစိတ် ရှိနေသရွေ့ လင်းဖုန်း၏ အသားနှင့် သွေးတို့တွင်လည်း မသေနိုင်သောအစွမ်းသတ္တိ ရှိနေပေသည်။ ထို့ကြောင့် အသားနှင့် သွေး အနည်းငယ်မျှသာ ကျန်ရှိတော့သည်ဖြစ်ပါစေ သူ ယင်းတို့ကို ခန္ဓာကိုယ်အဖြစ် ပြန်လည်ပေါင်းစည်းနိုင်ဆဲပင်။
“ပေါင်းစည်းစမ်း”
လင်းဖုန်း အတွေးတစ်ချက်ဖြင့်ပင် အတိုင်းအဆမဲ့ စွမ်းအင်များက အသက်အမြုတေအတွင်းသို့ စီးဝင်သွားသည်။ ထိုအသားစပုံကြီးမှာလည်း အလျင်အမြန်ပင် ပြန်လည်ပေါင်းစပ်ကာ ကျယ်ပြန့်လာတော့သည်။