အခန်း ၃၂၂
Vol. 28 Ch. 322
ထာဝရသိုင်းတာအိုအရှင်
အခန်း (၃၂၂) - တတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်း
ဘာသာပြန် - အားသစ်
ဆယ်မီတာ၊ မီတာငါးဆယ်၊ မီတာတစ်ရာ၊ မီတာနှစ်ရာ...
မျက်စိတစ်မှိတ်အတွင်း၌ပင် လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က မီတာ ၂၆၀ အထိ ပြန်လည်ကောင်းမွန်လာ၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်အတွင်းရှိ အသက်အမြုတေမှာ အနည်းငယ်မျှသာ ကျုံ့ဝင်သွားသည်။
လင်းဖုန်း၏ အကြည့်က အလွန်တည်ငြိမ်နေ၏။ သူ့အကြည့်များက ရှေ့ရှိ ဖျက်ဆီးခြင်းလှံတံဆီသို့ ရောက်ရှိနေသည်။
“ဇီဝိန်ချုပ်စွမ်းအား”
လီဗိုငိယာသန်၏ နှစ်သန်းပေါင်းများစွာ အမှတ်သညာများအတွင်း၌ လီဗိုင်ယာသန်က သူ မွေးဖွားခဲ့ရာ ကမ္ဘာကြီးကို တစ်ဆင့်ပြီးတစ်ဆင့် ဖျက်ဆီးခဲ့ပုံကို လင်းဖုန်း မြင်တွေ့ခဲ့ရသည်။ သူ ဂြိုဟ်အဆင့်သက်ရှိအဖြစ် အသွင်ပြောင်းလဲခြင်း ပြုလုပ်ခဲ့စဉ် သူ၏ မူလဂြိုဟ်ကိုပင် ဝါးမြိုပစ်ခဲ့သေးသည်။
ဤသည်ကား တကယ်ကို ရက်စက်လွန်းလှပေ၏။ ဂြိုဟ်အဆင့်သက်ရှိတစ်ကောင်ကို မွေးဖွားပေးခဲ့သည့် ဂြိုဟ်မှာ နောက်ဆုံးတွင် ထိုဂြိုဟ်အဆင့်သက်ရှိ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ သူ၏ အသွင်ပြောင်းလဲခြင်းဖြစ်စဥ်ကို ထောက်ပံ့ပေးမည့် စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
သို့သော်လည်း စကြာဝဠာကြီးမှာ မူလကတည်းက အေးစက်မှောင်မိုက်နေပြီး နှိုင်းယှဉ်၍မရနိုင်လောက်အောင် ရက်စက်လှပေ၏။
နောင်တွင် လီဗိုင်ယာသန်သည် စကြာဝဠာအတွင်း လှည့်လည်သွားလာရင်း ကြယ်များ ပြိုကွဲခြင်း၊ စကြာဝဠာ မုန်တိုင်းများ၊ ဂလက်ဆီများ ပျက်စီးခြင်း စသည့် စကြာဝဠာကပ်ဘေးများစွာကို မြင်တွေ့ခဲ့ရသည်။ ထို့ပြင် သူ အာကာသတွင်းနက်များကိုပင် မြင်တွေ့ခဲ့ဖူးသည်။
ဂြိုဟ်တစ်လုံးပျက်သုဉ်းခြင်းက ဘာမှမဟုတ်သလို ကြယ်တစ်ပွင့်ကြွေလွင့်ခြင်းကလည်း ဘာမှမပြောပလှချေ။ သို့သော်လည်း ဧရာမဂလက်ဆီကြီးတစ်ခု မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားခြင်းမှ ဖြစ်ပေါ်လာသည့် စကြာဝဠာကပ်ဘေးကမူ တကယ်ကို အံ့ချီးဖွယ်ရာပင်။
ထိုသို့သော ပျက်သုဉ်းခြင်း၊ ထိုကဲ့သို့သော ဇီဝိန်ချုပ်စွမ်းအားက ဖျက်ဆီးခြင်းလှံတံနှင့် နှိုင်းယှဉ်ပါက အဆပေါင်းများစွာ ပိုမိုအားကောင်းလှပေ၏။
လင်းဖုန်းက လီဗိုင်ယာသန် မဟုတ်ချေ။ သူက လီဗိုင်ယာသန်လို ဗီဇစိတ်အတိုင်း လိုက်နာရန်မလိုပေ။ သူက စကြာဝဠာကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် လီဗိုင်ယာသန်၏ နှစ်သန်းပေါင်းများစွာသော အမှတ်သညာများကို ပေါင်းစပ်ပြီးနောက်တွင် သူ တစ်စုံတစ်ခုကို သဘောပေါက် နားလည်သွားသည်။
ယခင်က သူ ဖျက်ဆီးခြင်းလှံတံနှင့် တစ်ကြိမ်တစ်ခါမှ ပေါင်းစပ်နိုင်ခဲ့ခြင်းမရှိသလို ယင်းကို ထိန်းချုပ်နိုင်ခြင်းပင် မရှိခဲ့ချေ။
သို့သော် ယခုအခါတွင်မူ ဇီဝိန်ချုပ်စွမ်းအား၏ အစစ်အမှန် အဓိပ္ပာယ်ကို သူ ခပ်ရေးရေး နားလည်သဘောပေါက်သွားလေပြီ။
ရွှစ်
လင်းဖုန်း ရုတ်တရက် လက်လှမ်းကာ ဖျက်ဆီးခြင်းလှံတံကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူ လှံတံကို ရင်ဘတ်ဆီသို့ တည့်တည့်ချိန်ရွယ်ကာ အပြင်းအထန် ထိုးသွင်းလိုက်တော့သည်။
ဝုန်း
ဖျက်ဆီးခြင်းလှံအတွင်းရှိ ဇီဝိန်ချုပ်စွမ်းအားများ အရူးအမူး ပေါက်ကွဲထွက်လာ၏။ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်မှာ ဖျက်ဆီးခြင်းလှံတံ၏ ဇီဝိန်ချုပ်စွမ်းအားကြောင့် ချက်ချင်း ပျက်စီးသွားရသည်။
သို့ပေသော်ငြား လင်းဖုန်းထံတွင် အသက်အမြုတေ ရှိနေသေး၏။
အသက်အမြုတေထံမှ အတိုင်းအဆမဲ့စွမ်းအင်များက လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်အတွင်းသို့ စဉ်ဆက်မပြတ် စီးဝင်လာသည်။ အချိန်နှင့်အမျှ သူ ခန္ဓာကိုယ်အတွင်းရှိ ဇီဝိန်ချုပ်စွမ်းအား တစ်စိတ်တစ်ပိုင်းကို စတင်ဖမ်းယူလိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်း၌ ပျက်သုဉ်းခြင်း မူလအမြစ်တစ်ခုကို ပုံဖော်လိုက်တော့သည်။
သို့သော်လည်း လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်မှာ ဇီဝိန်ချုပ်စွမ်းအားရှေ့တွင် အလွန်တရာ အားနည်းလွန်းနေ၏။ သူ့ခန္ဓာကိုယ်အတွင်း၌ ပျက်သုဉ်းခြင်း မူလအမြစ်ကို အပြည့်အဝ ပုံဖော်ကာ ဖျက်ဆီးခြင်းလှံတံကို ပေါင်းစပ်နိုင်ရန်အတွက် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ပိုမိုအားကောင်းဖို့ လိုသည်။
တစ်နည်းဆိုရသော် လင်းဖုန်း တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ဖြတ်ကျော်ရန် လိုအပ်သည်။
“အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းလား”
လင်းဖုန်း မျက်လုံးများကို မှိတ်လိုက်သည်။ သူ၏ စိတ်အစဉ်အတွင်းရှိ လီဗိုင်ယာသန်၏ နှစ်သန်းပေါင်းများစွာ အမှတ်သညာများကို ဂရုတစိုက် ခံစားကြည့်လိုက်၏။ သူ မှတ်ဉာဏ်အစိတ်အပိုင်းများကို ပေါင်းစပ်နေစဉ်ကတည်းက တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအတွက် မည်သည့် အဟန့်အတားမျှ မရှိတော့ချေ။
သို့ဆိုလျှင် သူ ထပ်မံ တုံ့ဆိုင်းမနေတော့ပေ။
ဝုန်း
လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်လမ်းညွှန်ကျင့်စဉ်ကို လည်ပတ်စေလိုက်သည်။ ထိုအခိုက် သူ့ခန္ဓာကိုယ်မှာ အလျင်အမြန် စတင်ကျယ်ပြန့်လာတော့သည်။
တစ်ချိန်တည်းတွင်ပင် လင်းဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ အသက်အမြုတေသည်လည်း အပြင်းအထန် တုန်ခါသွား၏။ ယင်းအပေါ်တွင် ပင့်ကူအိမ်သဏ္ဍာန် အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး ပြိုကွဲတော့မည့်အလား ဖြစ်နေသည်။
ဘန်း
မျှော်လင့်ထားသည့်အတိုင်းပင် များမကြာမီ ဧရာမအသက်အမြုတေမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။ အနီရောင်သလင်းကျောက်တုံးကြီးက အတိုင်းအဆမဲ့ စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး လင်းဖုန်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။
ယင်းသည်ကား လီဗိုင်ယာသန်၏ အသက်အမြုတေ တစ်ရာခိုင်နှုန်းမျှသာပင်။ ထို့ပြင် ထိုစွမ်းအင်တစ်စိတ်တစ်ပိုင်းကို ယခင်က ဖျက်ဆီးခြင်းလှံတံက စုပ်ယူသွားခဲ့သေးသည်။ သို့တစေ လင်းဖုန်းမှာ ယခုမှ တတိယအကြိမ်ကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ဖြတ်ကျော်နေခြင်းသာ ရှိသေးသည်။ ဤစွမ်းအားက သူ့အတွက် အလွန်တရာ ကြီးမားလွန်းလှ၏။
ထို့ကြောင့် တိုက်ပွဲဝင်ခန္ဓာကိုယ်လမ်းညွှန်ကျင့်စဉ်ကို အရူးအမူး လည်ပတ်စေလိုက်သည်။ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ် စတင်ကျယ်ပြန့်လာခဲ့သော်လည်း ဤကျယ်ပြန့်လာမှုက လင်းဖုန်းအတွက် သိပ်ပြီး သက်တောင့်သက်သာ မရှိလှချေ။ အဘယ်ကြောင့်ဆိုသော် ကျယ်ပြန့်လာမှုတိုင်းက ဆဲလ်သန်းပေါင်းများစွာ စဉ်ဆက်မပြတ် ကွဲထွက်သွားခြင်းကြောင့်သာ ဖြစ်၏။
ပုံမှန်အားဖြင့် သာမန်သက်ရှိတစ်ကောင်၏ ဇီဝကမ္မဖြစ်စဉ်မှ ဆဲလ်ကွဲထွက်ခြင်းမှာ မည်သည့်နာကျင်မှုကိုမျှ ဖြစ်ပေါ်စေမည် မဟုတ်ချေ။ သို့သော် လက်ရှိတွင်ကား အလွန်တိုတောင်းလှသော အချိန်အတွင်း ထပ်ခါတလဲလဲ ကွဲထွက်နေခြင်း ဖြစ်သည်။ ထိုနာကျင်မှုက အလွန်တရာ ခံစားရခက်လှပေ၏။
သူ၏ဆဲလ်များ အလျင်အမြန် ကွဲထွက်လာသည်နှင့်အမျှ လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်သည်လည်း မြန်မြန်ဆန်ဆန် ကြီးထွားကျယ်ပြန့်လာသည်။
မီတာနှစ်ရာ့ခြောက်ဆယ်၊ မီတာသုံးရာ၊ မီတာသုံးရာ့ငါးဆယ်၊ မီတာလေးရာ...
လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ် ကျယ်ပြန့်လာသည့် အရှိန်က အလွန်တရာ မြန်ဆန်လွန်းလှပေ၏။ လင်းဖုန်းက တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်ကို ကျင့်ကြံထားသူဖြစ်သည်။ ပုံမှန်အခြေအနေများအောက်တွင် ဂြိုဟ်အဆင့်သက်ရှိအောက် သက်ရှိများအတွက် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း တစ်ကြိမ်စီတိုင်းက တိုက်ပွဲဝင်ခန္ဓာကိုယ်၏ အရွယ်အစားကို ဆယ်ဆခန့်အထိ တိုးပွားလာစေနိုင်ကြောင်း သိရပေမည်။
ထို့ကြောင့် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ဆက်လက်ကျယ်ပြန့်လာသည်။
မီတာငါးရာ၊ မီတာခြောက်ရာ၊ မီတာခုနစ်ရာ၊ မီတာရှစ်ရာ...
ဤမြေအောက်မြစ်မှာ အလွန်တရာ နက်ရှိုင်းလွန်းလှသည်။ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က မီတာတစ်ထောင်ကျော်အထိ ရောက်ရှိလာပြီ ဖြစ်သော်လည်း အမိုးကို မထိသေးချေ။
လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ် ဆက်လက်ကျယ်ပြန့်လာသည်နှင့်အမျှ ဖျက်ဆီးခြင်းလှံတံအတွင်းရှိ ဇီဝိန်ချုပ်စွမ်းအားများမှာ တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား အနည်းငယ် တုန်ခါသွား၏။
လင်းဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များက စဉ်ဆက်မပြတ် ပျက်သုဉ်းကာ ပြန်လည်ပေါင်းစပ်နေကြပြီး နောက်ဆုံးတွင် စွမ်းအင်ဝဲကတော့တစ်ခုအဖြစ် ပုံပေါ်လာသည်။
ယင်းမှာ ဇီဝိန်ချုပ်စွမ်းအားများဖြင့်သာ ဖွဲ့စည်းထားသည့် စွမ်းအင်ဝဲကတော့တစ်ခုပင်တည်း။
“ပျက်သုဉ်းခြင်းမူလအမြစ် အပြည့်အဝ ပုံပေါ်သွားပြီ”
လင်းဖုန်း အလွန်တရာ ဝမ်းမြောက်သွားသည်။ သူ့ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်ဝဲကတော့တစ်ခု ပေါ်ထွက်လာပြီ ဖြစ်၏။ ယင်းမှာ ဇီဝိန်ချုပ်စွမ်းအားများဖြင့်သာ ဖွဲ့စည်းထားသည့် စွမ်းအင်ဝဲကတော့တစ်ခုပင်။ ထို့ပြင် ထိုစွမ်းအင်ဝဲကတော့က လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသကဲ့သို့ ရှိနေ၏။
လင်းဖုန်းက ဖျက်ဆီးခြင်းလှံတံကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အပြင်းအထန် ထိုးသွင်းလိုက်သည်။
ဖျစ်
နောက်ဆုံးတွင် ဖျက်ဆီးခြင်းလှံတံမှာ လင်းဖုန်း၏ ခန္ဓာကိုယ်အတွင်းသို့ လုံးဝ ဝင်ရောက်သွားသည်။ အတိုင်းအဆမဲ့ ဇီဝိန်ချုပ်စွမ်းအားများကို ပျက်သုဉ်းခြင်းမူလအမြစ်က အလျင်အမြန် စုပ်ယူသွားခ၏။ ပျက်သုဉ်းခြင်းမူလအမြစ်မှာ ပိုမိုကျယ်ပြန့်လာပြီး ဖျက်ဆီးခြင်းလှံတံကို တစ်ချက်တည်းဖြင့် ဝါးမြိုလိုက်တော့သည်။
ထူးဆန်းသည်မှာ ဖျက်ဆီးခြင်းလှံတံက ပျက်သုဉ်းခြင်း မူလအမြစ်အတွင်းသို့ ဝင်ရောက်သွားသည့်အခါ လှံကို အားဖြည့်ပေးလိုက်သည့်အလား ဖြစ်သွားခြင်းပင်။ ဖျက်ဆီးခြင်းလှံတံအတွင်းရှိ ဇီဝိန်ချုပ်စွမ်းအားများက တဖြည်းဖြည်းနှင့် ပျက်သုဉ်းခြင်း မူလအမြစ်နှင့် ပေါင်းစပ်သွားတော့သည်။
“ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်လဲ။ ဒါက ဇီဝိန်ချုပ်စွမ်းအားပဲ”
လင်းဖုန်း လက်ဝါးကို ဖြန့်လိုက်သည်။ သူ့လက်ဝါးထဲတွင် မည်သည့်အချိန်ကတည်းကမှန်းမသိ ရှိနေသည့် ထူးဆန်းသော စွမ်းအားတစ်ခု ပေါ်ထွက်လာ၏။ ထိုစွမ်းအားက အနည်းငယ်မျှသာ ရှိသော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် အဖျက်စွမ်းအားများ ပါဝင်နေသည်။
ဤသည်ကား ဇီဝိန်ချုပ်စွမ်းအားပင်။ လင်းဖုန်း ပျက်သုဉ်းခြင်း မူလအမြစ်ကို ပုံဖော်နိုင်ရန်နှင့် ယင်းကို အသုံးပြု၍ ဖျက်ဆီးခြင်းလှံတံကို ထိန်းချုပ်နိုင်ရန်အတွက် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ရသည်။
သို့သော် ဤသည်ကား ထိန်းချုပ်ခြင်း သက်သက်သာပင်။ ဖျက်ဆီးခြင်းလှံတံနှင့် လုံးဝဥဿုံ ပေါင်းစပ်နိုင်ရန်အတွက်မူ အလွန်ဝေးကွာနေသေးသည်။ ထို့ပြင် သူက ဇီဝိန်ချုပ်စွမ်းအားကို အသုံးပြုလိုက်တိုင်း ယင်းက တစ်စတစ်စ လျော့နည်းသွားမည်ဖြစ်၏။ လောလောဆယ်တွင် သူ ဇီဝိန်ချုပ်စွမ်းအားကို ပြန်လည်ဖြည့်တင်းရန် နည်းလမ်းမရှိသေးချေ။
မူလအမြစ်သာလျှင် မူလလက်နက်ကို ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်း ရှိသည်။ အကယ်၍ ဖျက်ဆီးခြင်းလှံတံအတွင်းရှိ ဇီဝိန်ချုပ်စွမ်းအားများ လုံးဝကုန်ခမ်းသွားပါက လှံတံက မူလလက်နက်အဖြစ် ဆက်လက်တည်ရှိတော့မည်မဟုတ်ဘဲ အနည်းငယ် ထက်မြက်သည့် သာမန်လှံတစ်စင်းအဖြစ်သာ ပြောင်းလဲသွားပေလိမ့်မည်။
သို့တိုင် လင်းဖုန်း ဖျက်ဆီးခြင်းလှံတံကို ယာယီအားဖြင့် ထိန်းချုပ်နိုင်ခဲ့လေပြီ။ ယင်းကို အရေးကြီးသည့် အချိန်၌ ဇီဝိန်ချုပ်ရိုက်ချက်တစ်ခုကို အသုံးပြုနိုင်မည့် နောက်ဆုံး ဝှက်ဖဲတစ်ခုအဖြစ် အသုံးပြုနိုင်ပေသည်။
လင်းဖုန်း ဖျက်ဆီးခြင်းလှံတံနှင့် ပေါင်းစပ်လိုက်သည်နှင့်အမျှ သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကလည်း ရပ်တန့်မည့် အရိပ်အယောင်မပြဘဲ ဆက်လက်၍ ကျယ်ပြန့်လာသည်။
မီတာတစ်ထောင်၊ မီတာတစ်ထောင့်ငါးရာ၊ မီတာနှစ်ထောင်၊ မီတာနှစ်ထောင့်ငါးရာ...
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်မှာ မီတာ ၃၀၀၀ အထိ ရောက်ရှိသွားလေ၏။
မီတာ ၃၀၀၀ အထိ ရောက်ရှိသွားပြီးနောက်တွင် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က နောက်ဆုံး ကျယ်ပြန့်မှု ရပ်တန့်သွားတော့သည်။ အမြင့် ၃ ကီလိုမီတာရှိသည့် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က လင်းဖုန်းအနေဖြင့် အစစ်အမှန် အရည်အသွေးပိုင်းဆိုင်ရာ အသွင်ပြောင်းလဲခြင်းကို ဖြတ်သန်းပြီးကြောင်း ဖော်ပြနေသည်။
“ဒါက တတိယအကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းပဲ။ အသက်ဝိညာဉ်မြင့်တင်တာက တကယ်ကို အံ့မခန်းပဲ”
လင်းဖုန်း ဤခံစားချက်အတွင်း၌ လုံးလုံးလျားလျား နစ်မြုပ်နေလိုပေသည်။ တတိယအကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း…။ သိုင်းသမားများအတွက်ပင် ယင်းက သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်လာခြင်းကို ဆိုလိုသည်။ ရှေးခေတ်ကာလများတွင်ဆိုလျှင် ထိုသူတို့မှာ နတ်ဘုရားများအကြား ဘုရင်များပင် ဖြစ်၏။
အခြားတစ်ဖက်တွင်မူ လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က ပိုမိုတိုက်ရိုက်ကျသည့် ခံစားချက်ကို ပေးစွမ်းနေသည်။ အရွယ်အစား ၃ ကီလိုမီတာအထိ ရောက်ရှိလာသည့် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်အထိ တိုးပွားလာသော အင်အားကိုလည်း ပိုင်ဆိုင်နေပြီ ဖြစ်သည်။
အကယ်၍ ယခင် ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းနှင့် နှိုင်းယှဉ်ရမည်ဆိုပါက အနည်းဆုံး ဆယ်ဆခန့်အထိ အင်အားတိုးတက်လာခြင်းပင်။
“လောင်ဘီသမ်... ငါ မြေအောက်မှာ ဘယ်လောက်ကြာသွားပြီလဲ”
လင်းဖုန်း အပြင်သို့ ထွက်ခွာရန် အချိန်တန်ပြီဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူ လောင်ဘီသမ်ကို မေးမြန်းလိုက်၏။
သို့သော် သူ့စိတ်ထဲမှနေ၍ မေးမြန်းလိုက်သော်လည်း လောင်ဘီသမ်က မည်သည့်တုံ့ပြန်မှုမျှ မပေးချေ။