← Chapters

အခန်း ၃၂၃

Vol. 28 Ch. 323

အခန်း ၃၂၃

Vol. 28 Ch. 323

ထာဝရသိုင်းတာအိုအရှင်

အခန်း (၃၂၃) - လွန်လွန်းတယ်

ဘာသာပြန် - အားသစ်

“လောင်ဘီသမ်…”

လင်းဖုန်း လောင်ဘီသမ်ကို ထပ်မံ ဆက်သွယ်ရန် ကြိုးစားလိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။

ထိုအခါမှသာ သူ မြေအောက်မြစ်အတွင်းတွင် ဖျက်ဆီးခြင်းလှံတံအတွင်းမှ ဇီဝိန်ချုပ်စွမ်းအားကို ပေါက်ကွဲစေခဲ့ပြီးနောက် သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ပင် ပျက်စီးသွားခဲ့သည်ကို သူ သတိရလိုက်သည်။ ဆက်သွယ်ရေးစက်ကိုမူ ဆိုဖွယ်မရှိတော့ပေ။

ဆက်သွယ်ရေးကိရိယာ မရှိတော့သဖြင့် လောင်ဘီသမ်အနေဖြင့် လင်းဖုန်းကို ဆက်သွယ်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။

သို့သော် လင်းဖုန်း သိပ်ပြီးစိုးရိမ်မနေချေ။ လောင်ဘီသမ်မှာ စက်မှုသက်ရှိတစ်မျိုးဖြစ်ပြီး သူ၏အသိစိတ်အပိုင်းအစတစ်ခုသာ ဆက်သွယ်ရေးကိရိယာအတွင်းသို့ ဝင်ရောက်နေခြင်းဖြစ်၏။ ထို့ကြောင့် သူ့အသိစိတ်ကို အချိန်မရွေး ကွန်ယက်အတွင်းသို့ ပို့လွှတ်နိုင်သည်။

ဆက်သွယ်ရေးကိရိယာ ပျက်စီးသွားသော်လည်း လောင်ဘီသမ်ကမူ အေးအေးဆေးဆေးသာ ဖြစ်နေပေလိမ့်မည်။ လင်းဖုန်းအနေဖြင့် အပြင်သို့ထွက်ပြီး ဆက်သွယ်ရေးကိရိယာအသစ်တစ်ခု ရယူရန်သာ လိုအပ်သည်။ အချိန်တန်လျှင် လောင်ဘီသမ် သူ့အလိုလို ပြန်ပေါ်လာလိမ့်မည်သာ။

“အပြင်ထွက်ဖို့ အချိန်တန်ပြီ။ အပြင်မှာ အချိန်ဘယ်လောက်တောင် ကုန်သွားပြီလဲ မသိဘူး…”

လင်းဖုန်းတွင် ယခုအခါ ဘာမျှ ကျန်မရှိတော့ချေ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အရာအားလုံးမှာ ဇီဝိန်ချုပ်စွမ်းအားကြောင့် ပျက်စီးသွား၏။ ဖျက်ဆီးခြင်းလှံနှင့် ဧရာမ အသက်အမြုတေ အစိပ်အပိုင်းတစ်ခုသာ ကျန်ရှိတော့သည်။

ယခင်က အသက်အမြုတေ အစိပ်အပိုင်းခြောက်ခုမှာမူ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

လင်းဖုန်း အချိန်မည်မျှ ကုန်ဆုံးသွားခဲ့သည်ကို မသိချေ။ သူ လီဗိုင်ယာသန်၏ အမှတ်သညာများအတွင်း၌ အချိန်အတော်ကြာ နစ်မြုပ်နေခဲ့သည်။ သူ အပြင်သို့ ထွက်လာချိန်တွင် နှစ်အနည်းငယ် သို့မဟုတ် ဆယ်စုနှစ်များစွာ ကုန်ဆုံးသွားကြောင်း သိလိုက်ရမည်ကို သူ မလိုလားချေ။

“အမ်... ပိတ်မိနေတဲ့ပုံပဲ”

လင်းဖုန်း သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ကျုံ့လိုက်သည်။ ထို့နောက် သူ အပေါ်သို့ ပျံတက်သွား၏။ များမကြာမီသူ အပေါ်ပိုင်းသို့ ရောက်ရှိသွားသည်။ သို့သော် သူ့အပေါ်ဘက်တွင် မာကျောလှသော ကျောက်တုံးများစွာပုံလျက် ရှိနေ၏။ ဤနေရာမှာ လုံးဝ ပိတ်ဆို့သွားခဲ့လေပြီ။

“ဂူပေါက်ကြီး ပြိုကျသွားတာ ဖြစ်ဖို့များတယ်”

လင်းဖုန်း ချက်ချင်းပင် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်သည်။ နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်မှာ မူလကတည်းက မြေအောက်တွင် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဂူပေါက်ကြီး ပြိုကျသွားသဖြင့် သူ မြေအောက်တွင် မြုပ်နေခဲ့ရခြင်း ဖြစ်ပေမည်။

နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်မှာ ပထမဆုံးယဉ်ကျေးမှုနှင့် ပတ်သက်နေလိမ့်မည်ဟု လင်းဖုန်း ခပ်ရေးရေး ခံစားမိလိုက်သည်။ မဟုတ်ပါက ဂြိုဟ်အဆင့်သက်ရှိတစ်ကောင်၏ အသက်အမြုတေက မည်သို့လျှင် ရှိနေနိုင်မည်နည်း။

နတ်ဆိုးဧကရာဇ်မိုနှင့် နတ်ဆိုးဧကရာဇ်ကင်းခြေများတို့အနေဖြင့် နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်အတွင်းတွင် နေထိုင်နေခဲ့ကြခြင်းမှာ ဤနေရာတွင် အသက်အမြုတေများ ရှိနေကြောင်း သိရှိထားသောကြောင့် ဖြစ်တန်ရာ၏။ အမှန်စင်စစ် ထိုအသက်အမြုတေ အစိတ်အပိုင်းများကြောင့်သာလျှင် သူတို့သည် နတ်ဆိုးဧကရာဇ်များ ဖြစ်လာနိုင်ခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။

ကံဆိုးစွာပင် အကြီးမားဆုံး အသက်အမြုတေ အစိတ်အပိုင်းကို လင်းဖုန်းက ရရှိသွားခဲ့သည်။ လင်းဖုန်းအတွက်ပင် များစွာ အကျိုးပြုသွားခဲ့၏။

“ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်”

လင်းဖုန်း ချက်ချင်းပင် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖြန့်ကျက်လိုက်သည်။ ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်က မီးပုံးပျံတစ်လုံးအလား အလျင်အမြန် ကျယ်ပြန့်လာ၏။ များမကြာမီ သူ့ခန္ဓာကိုယ်ကြီးက တကယ့တောင်ကြီးတစ်လုံးအလား သုံးကီလိုမီတာ အမြင့်သို့ ရောက်ရှိသွားတော့သည်။

“ကွဲထွက်စမ်း”

လင်းဖုန်း ဟိန်းဟောက်လိုက်သည်။ သူ သာမန်လက်သီးတစ်ချက်သာ ထိုးလွှတ်လိုက်၏။ ချက်ချင်းဆိုသလိုပင် မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။ သူ လက်သီးချက်ထိမှန်သွားသည်နှင့် ကျောက်တုံးများစွာ ပြိုကျသွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ကောင်းကင်ယံဆီသို့ လွင့်တက်သွားတော့သည်။

ဝုန်း

နဂါးခေါင်းဂူဆယ့်ရှစ်ပေါက် မူလရှိရာနေရာမှ ဆယ်ကီလိုမီတာအကွာအတွင်း ၁၀ ရစ်ချာစကေးရှိသည့် ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားသည့်အလား တောင်ကြီးများပင် အလဲလဲအပြိုပြို ဖြစ်သွားရသည်။

ကျောက်တုံးများစွာက ရုတ်တရက် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး မီးတောင်ပေါက်ကွဲသကဲ့သို့ တစ်ပြိုင်နက်တည်း အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။ သို့သော်လည်း ပူပြင်းသည့် မီးတောင်ချော်ရည်များတော့ မရှိချေ။

“ဘာဖြစ်တာလဲ”

“ငလျင်လှုပ်တာလား”

“ဒါမှမဟုတ် နတ်ဆိုးဧကရာဇ်လား”

မူလက နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်နေရာတွင် နဂါးဂူအခြေစိုက်စခန်းမှ နတ်ဘုရားနယ်ပယ် သိုင်းသမားအဖွဲ့ကို ချထားပေးခဲ့သည်။ သူတို့ကို နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ကို ရှာဖွေစစ်ဆေးရန် ဤနေရာတွင် တာဝန်ပေးထားခြင်း ဖြစ်၏။

မြေပြင်ရွေ့လျားမှုကြောင့် နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ မည်သည့်နေရာသို့ ရွှေ့ပြောင်းသွားသည်ကိုမူ မည်သူမျှ မသိကြချေ။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ဤအဖွဲ့ကို အထူးတလည် ကျန်ရှိနေစေခဲ့ခြင်း ဖြစ်သည်။ သူ နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်ကို ရှာဖွေခြင်းနှင့် လင်းဖုန်း၏ ရုပ်အလောင်းကို ရှာဖွေခြင်းအား မည်သည့်အခါမျှ လက်မလျှော့ခဲ့ချေ။ မျှော်လင့်ချက် အနည်းငယ်မျှသာ ရှိသည်ဆိုသော်လည်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က လက်မလျှော့လိုချေ။

သို့သော် ယခုအခါ ဤအဖွဲ့သည် ဆယ်ကီလိုမီတာအကွာတွင် ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားသည်ကို တွေ့လိုက်ရသည်။ သူတို့ ဤနေရာမှပင် ယင်းကို ထင်ထင်ရှားရှား ခံစားမိနေ၏။ ထို့ကြောင့် သူတို့ ငလျင်လှုပ်ခတ်ရာနေရာသို့ အလျင်အမြန် ပျံသန်းသွားကြသည်။

ဆယ်ကီလိုမီတာဆိုသည်မှာ နတ်ဘုရားနယ်ပယ် သိုင်းသမားများအတွက် ဘာမှမဟုတ်ချေ။ သူတို့ ရောက်ရှိသွားချိန်တွင် မြေပြင်နှင့် တောင်တန်းများမှာ သွက်သွက်ခါနေသည်။ ငလျင်က ၁၀ ရစ်ချာစကေးထက်ပင် များစွာပိုမိုကျော်လွန်နေ၏။

ထို့ပြင် မြေအောက်မှ စွမ်းအားတစ်ခု ပြန်လည်နိုးထလာသည့်အလား ရှိနေသည်။

“အားလုံး သတိထားကြ။ တကယ်လို့ နတ်ဆိုးဧကရာဇ်သာဆိုရင် ချက်ချင်း ထွက်ပြေးကြ”

နတ်ဘုရားနယ်ပယ် သိုင်းသမားများစွာမှာ အလွန်တရာ သတိထားနေကြသည်။ နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်တွင် နတ်ဆိုးဧကရာဇ် (၂) ကောင် ရှိနေကြောင်း သူတို့ ကောင်းကောင်းသိထားကြသည်။ ထိုသည်က နဂါးဂူအခြေစိုက်စခန်း ဤဒေသကို ကာကွယ်စောင့်ရှောက်နေရခြင်း၏ အဓိကအကြောင်းရင်းပင်။

ဝုန်း

နောက်ထပ် ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်လာပြန်သည်။ ထို့နောက် မြေပြင်က ကွဲအက်သွားပြီး ဧရာမ ဂူပေါက်ကြီးတစ်ခု ပေါ်ထွက်လာ၏။ ကျောက်တုံးများစွာ ဂူပေါက်မှ လွင့်စဉ်ထွက်လာပြီး ကောင်းကင်ယံတစ်ခုလုံး ကျောက်တုံးကြီးများဖြင့် ပြည့်နှက်နေကာ မြေပြင်ပေါ်သို့ ဥက္ကာခဲမိုး ရွာသည့်အလား ပြိုဆင်းလာတော့သည်။

နတ်ဘုရားနယ်ပယ် သိုင်းသမားအားလုံး၏ အကြည့်အောက်တွင် တောင်ကြီးတစ်လုံးအလား ကြီးမားလှသည့် ဧရာမဘီလူးကြီးက ဂူပေါက်မှတစ်ဆင့် ဖြည်းဖြည်းချင်း ပျံသန်းထွက်လာ၏။ သူတို့အားလုံး အကြွင်းမဲ့ကပ်အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ တင်းမာနေကြသည်။

“မင်းတို့က နဂါးဂူအခြေစိုက်စခန်းက သိုင်းသမားတွေလား”

ရုတ်တရက် ထိုဘီလူးကြီးက စကားဆိုလာသဖြင့် နတ်ဘုရားနယ်ပယ် သိုင်းသမားအုပ်စုမှာ အံ့အားသင့်သွားကြသည်။

ထို့နောက် ဘီလူးကြီးက ဖြည်းဖြည်းချင်း ကျုံ့ဝင်သွားပြီး သာမန်လူတစ်ယောက်၏ အရွယ်အစားသို့ ရောက်ရှိသွား၏။ နတ်ဘုရားနယ်ပယ် သိုင်းသမားတို့၏ မျက်ဝန်းများက မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်သွားကြလေတော့သည်။

“သူတော်စင်… သူတော်စင်လင်းဖုန်းပဲဟ”

“သူတော်စင်လင်းဖုန်း၊ အရှင် အသက်ရှင်နေသေးတာလား”

“ကောင်းတယ် အရမ်းကောင်းတယ် ဟားဟားဟား။ သူတော်စင်အရှင် အသက်ရှင်နေသေးတာပဲ။ မြန်မြန်…မြန်မြန်… ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ဆီ အခုချက်ချင်း သတင်းပို့လိုက်ကြ”

နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်တွင် လင်းဖုန်း သေဆုံးသွားပြီဆိုသည့် သတင်းက တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ လူတိုင်းက အလားအလာကောင်းသည့် ဤလူငယ်သူတော်စင်လေး၏ သေဆုံးမှုအတွက် နှမြောတသ ဖြစ်နေခဲ့ကြသည်။

လင်းဖုန်း အသက်ရှင်နေလိမ့်မည်ဟု မည်သူကများ တွေးမိပါမည်နည်း။

ထိုလူတို့၏ အံ့အားသင့်နေသော အမူအရာများကို ကြည့်ရင်း လင်းဖုန်း မျက်မှောင်ကြုတ်ကာ စကားဆိုလိုက်သည်။

“မင်းတို့အားလုံး ငါ သေပြီလို့ ထင်နေကြတာလား။ အချိန်တော်တော်ကြာသွားပြီလား”

လင်းဖုန်း အမှန်တကယ်ပင် အနည်းငယ် စိတ်လှုပ်ရှားနေမိ၏။ လီဗိုင်ယာသန်၏ မှတ်ဉာဏ်အစိတ်အပိုင်းများကို ပေါင်းစပ်နေစဉ်က နှစ်သန်းပေါင်းများစွာ ကုန်ဆုံးသွားသကဲ့သို့ ခံစားခဲ့ရသည်။ ယခုအခါ သူ ပြန်လည်ရောက်ရှိလာချိန်တွင် ယခင်ဖြစ်ရပ်များက အတိတ်ဘဝက ဖြစ်ရပ်များအလား ခံစားနေရ၏။ အကယ်၍ အချိန်များစွာ သို့တည်းမဟုတ် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့လျှင် လူများစွာကို သူ စိတ်ပျက်အောင် လုပ်မိလိမ့်မည်ကို သူ အမှန်တကယ်ပင် ကြောက်ရွံ့နေမိသည်။

“သူတော်စင်လင်းဖုန်း၊ အရှင် နဂါးခေါင်းဂူဆယ့်ရှစ်ပေါက်မှာ မတော်တဆဖြစ်ပြီးကတည်းကဆိုရင် သုံးလကျော်သွားခဲ့ပါပြီ”

“သုံးလကျော်သွားပြီလား”

လင်းဖုန်း သက်ပြင်းချလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သုံးလသာ ရှိသေး၏။ ထိုအခြေအနေဆိုးကြီး ဖြစ်မလာခဲ့ပေ။ မဟုတ်လျှင် သူ မည်သို့ ဆောင်ရွက်ရမှန်း သိမည်မဟုတ်တော့ပေ။

“ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က နဂါးဂူအခြေစိုက်စခန်းမှာ ရှိတယ်မလား”

“ဟုတ်ကဲ့၊ ကျွန်တော်တို့ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ဆီ သတင်းပို့ပြီးပါပြီ”

“ကောင်းပြီ၊ ငါ အရင်သွားနှင့်လိုက်မယ်”

လင်းဖုန်း၏ ပုံရိပ်က လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပြီး ဒုံးပျံတစ်ခုအလား ကောင်းကင်ယံသို့ ပျံတက်သွား၏။ ထို့နောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ နဂါးဂူအခြေစိုက်စခန်းဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားတော့သည်။

ဝုန်း

များမကြာမီ လင်းဖုန်း ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် သတင်းရရှိပြီးဖြစ်၏။ လင်းဖုန်းကို အမှန်တကယ် မြင်လိုက်ရချိန်တွင် သူ အလွန်တရာ စိတ်လှုပ်ရှားသွားသည်။

“လင်းဖုန်း…မင်းပဲ တကယ် မင်းပဲကွ ဟားဟားဟား”

သုံးလကျော်ကြာသည်အထိ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်မှာ အလွန်ပင် အပြစ်ရှိသလို ခံစားနေခဲ့ရသည်။

သို့သော် လင်းဖုန်း အသက်ရှင်နေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။ လက်ရှိအချိန်တွင် သူ၏ ခံစားချက်ကို မည်သို့ ဖော်ပြရမည်မှန်းပင် သူ မသိတော့ပေ။ သူ့တစ်ကိုယ်လုံးသည်ပင် စိတ်လှုပ်ရှားမှုကြောင့် တဆတ်ဆတ် တုန်ရီနေ၏။

“တကယ်ပဲ မင်းပါလား၊ သူတော်စင်လင်းဖုန်း”

“ကောင်းကင်ဘုံက အရည်အချင်းရှိတဲ့သူကို ကူညီစောင်မပေးတာပဲ။ လူတိုင်းက သူတော်စင်လင်းဖုန်း သေဆုံးသွားပြီလို့ပဲ ထင်နေကြတာ။ အသက်ရှင်နေလိမ့်မယ်လို့ ဘယ်သူကများ ထင်မလဲ”

“ဟမ့်၊ သူတော်စင်ဘာတိုင်က ကာကွယ်သူအဖွဲ့ချုပ်ကို အရင်က အနိုင်ကျင့်ခဲ့တယ်လေ။ မင်း ပြန်ရောက်လာမှတော့ သူတော်စင်ဘာတိုင် ဘာပြောဦးမလဲ ကြည့်ရသေးတာပေါ့”

နဂါးဂူအခြေစိုက်စခန်းရှိ သိုင်းသမားများလည်း အလွန်ပင် စိတ်လှုပ်ရှားနေကြပြီး ဘုံရန်သူအတွက် တစ်မျိုးတစ်မည် စည်းလုံးနေကြသည်။ အမှန်စင်စစ် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် သူတော်စင်ဘာတိုင်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ပညာရေးအဖွဲ့နှင့် စီးပွားရေးအဖွဲ့တို့မှာ လုံးဝဥဿုံ ပြဒါးတစ်လမ်းသံတစ်လမ်း ဖြစ်သွားခဲ့လေပြီ။ သူတို့ တစ်ဖက်နှင့်တစ်ဖက် လုံးဝသည်းမခံနိုင်ကြတော့ဘဲ သူတော်စင်ဘာတိုင်အပေါ်တွင်လည်း အမြင်မကြည် ဖြစ်နေကြသည်။

“ကျောင်းအုပ်ကြီး၊ ကျွန်တော့်ကို ဆက်သွယ်ရေးကိရိယာတစ်ခုလောက် ပေးနိုင်မလား။ သုံးလကျော်သွားပြီ။ ကျွန်တော့်မိသားစုက အရမ်းစိတ်ပူနေတော့မှာပဲ။ ချူချန်းလည်း တအားစိုးရိမ်နေမှာ”

လင်းဖုန်း သူ့မိသားစုနှင့် ချူချန်းကို အမြန်ဆုံး ဆက်သွယ်လိုနေသည်။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မျက်နှာအမူအရာက အနည်းငယ် မှိန်ဖျော့သွား၏။ သူ ကာကွယ်သူအဖွဲ့ချုပ်နှင့် ပတ်သက်ပြီး လင်းဖုန်းအပေါ် အမြဲတမ်း အပြစ်ရှိသလို ခံစားနေခဲ့ရသည်။ ယခု လင်းဖုန်းနှင့် တည့်တည့်မျက်နှာချင်းဆိုင်လိုက်ရချိန်တွင် ပို၍ပင် အပြစ်ရှိသလို ခံစားနေရပြီး မည်သို့ ရှင်းပြရမှန်းပင် မသိတော့ချေ။

ဤအချိန်တွင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ထံသို့ သတင်းစကားတစ်ခု ရောက်ရှိလာသည်။

“ဘာတိုင်၊ မင်း လွန်လွန်းသွားပြီကွ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မျက်နှာထက်တွင် ဒေါသအရိပ်အယောင်တစ်ခု ပေါ်လာသည်။

“ကျောင်းအုပ်ကြီး၊ သူတော်စင်ဘာတိုင်က ဘာလုပ်လို့လဲ”

လင်းဖုန်း၏ မျက်နှာအမူအရာက မပြောင်းလဲသွားဘဲ အမြန်မေးမြန်းလိုက်သည်။ တစ်စုံတစ်ခု ကြီးကြီးမားမား ဖြစ်ပျက်နေကြောင်း သူ၏အာရုံခံစားမှုက ပြောပြနေ၏။ မဟုတ်လျှင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင် မည်သို့လျှင် ဤမျှ ဒေါသထွက်နေပါမည်နည်း။

“လင်းဖုန်း ငါနဲ့ မြန်မြန်လိုက်ခဲ့။ မင်းရဲ့ ကာကွယ်သူအဖွဲ့ချုပ်ကို သွားကြစို့”

“ကာကွယ်သူအဖွဲ့ချုပ်လား”

လင်းဖုန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသော်လည်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အနေဖြင့် ရှင်းပြရန် အချိန်မရှိတော့ပေ။ သူသည် လင်းဖုန်းကို ချက်ချင်း ခေါ်ဆောင်ကာ ကိုယ်ပိုင်လေသင်္ဘောပေါ်သို့ တက်ရောက်လိုက်ကြသည်။ သူတို့ မြန်မြန်ဆန်ဆန်ပင် ပျံတက်သွားပြီး နဂါးဂူအခြေစိုက်စခန်းမှ အလျင်စလို ထွက်ခွာသွားတော့သည်။

All Chapters