← Chapters

အခန်း ၃၂၄

Vol. 28 Ch. 324

အခန်း ၃၂၄

Vol. 28 Ch. 324

ထာဝရသိုင်းတာအိုအရှင်

အခန်း (၃၂၄) - ကို ပြန်လာပြီ

ဘာသာပြန် - အားသစ်

ကာကွယ်သူအဖွဲ့ချုပ်တွင်…

လူတိုင်း၏ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ကြိုးပမ်းအားထုတ်မှုများနှင့် စက်ရုပ်များ၏ အကူအညီဖြင့် ဆယ်ရက်ကျော်ကြာ ပြုပြင်မွမ်းမံပြီးနောက် ကာကွယ်သူအဖွဲ့ဌာနချုပ်ကို နောက်ဆုံး၌ ပြန်လည်တည်ဆောက်နိုင်ခဲ့လေပြီ။

သို့သော်လည်း ဌာနချုပ်ပတ်ဝန်းကျင်တွင်မူ အပျက်အစီးများစွာ ကျန်ရှိနေသေး၏။ ယင်းတို့က ဤနေရာတွင် သူတော်စင်များအကြား ကမ္ဘာမြေ တုန်လှုပ်စေလောက်သည့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်းကို လူတိုင်းအား တိတ်တဆိတ် သတိပေးနေသယောင် ရှိသည်။

ကာကွယ်သူအဖွဲ့ချုပ်၌ တရားဝင်အဖွဲ့ဝင် ၁၀၈ဦး ကျန်ရှိနေဆဲပင်။ သူတို့အားလုံးက ဆက်လက်နေထိုင်ရန်အတွက် မိမိတို့သဘောဆန္ဒအလျောက် ရွေးချယ်ခဲ့ကြခြင်း ဖြစ်၏။

လက်ရှိအချိန်တွင် တရားဝင်အဖွဲ့ဝင် ၁၀၈ ဦးစလုံး ကာကွယ်သူအဖွဲ့ဌာနချုပ်၏ ခန်းမအတွင်း၌ စုဝေးရောက်ရှိနေကြသည်။ သူတို့က ခန်းမအတွင်းရှိ သိုင်းသမား တစ်ဒါဇင်ခန့်ကို ဒေါသတကြီး စိုက်ကြည့်နေကြ၏။

ထိုသိုင်းသမား တစ်ဒါဇင်ခန့်ကို သိုင်းသမားသုံးဦးက ဦးဆောင်ထားသည်။ သူတို့အားလုံး စီးပွားရေအဖွဲ့မှ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများပင်။

ဤခရီးစဉ်အတွက် သူတို့၏ ရည်မှန်းချက်က အလွန်ရိုးရှင်းလှပေ၏။ ယင်းကား ကာကွယ်သူအဖွဲ့ချုပ်ထံမှ စွမ်းအင်သုံးလက်နက်များနှင့် လက်နက်ကိုင်စက်ရုပ်များကို အင်အားသုံး ဝယ်ယူရန်ပင်။

“ချူချန်း... မင်း သူတော်စင်ညီလာခံရဲ့ ဆုံးဖြတ်ချက်ကို သိပြီးသားပဲ။ ငါတို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့။ ငါတို့လည်း သူတော်စင်ဘာတိုင်ရဲ့ အမိန့်အရ လာခဲ့ရတာပါ”

ချူချန်း အံကြိတ်ကာ လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။

သူတော်စင်ဘာတိုင်မှာ တကယ်ကို လွန်လွန်ကျူးကျူး လုပ်လွန်းသည်။ ထို့ပြင် သူတော်စင်ညီလာခံ၏ ဆုံးဖြတ်ချက်ကလည်း ချူချန်းကို စိတ်ပျက်စေ၏။

သူတော်စင်ညီလာခံက သူတော်စင်ဘာတိုင်၏ အကြံပြုချက်ကို သဘောတူခဲ့ကြသည်။ အဓိကအဖွဲ့အစည်းကြီးငါးခုအနေဖြင့် ကာကွယ်သူအဖွဲ့ချုပ်ထံမှ စွမ်းအင်သုံးလက်နက်တချို့နှင့် လက်နက်ကိုင်စက်ရုပ် နည်းပညာများကို ဝယ်ယူနိုင်သည်ဟူ၏။

ယခုအခါ သူတော်စင်ဘာတိုင်၏ စီးပွားရေးအဖွဲ့က စွမ်းအင်သုံးလက်နက်များ ထုတ်လုပ်သည့် နည်းပညာကို လွှဲပြောင်းပေးရန် ချူချန်းအား လာရောက်တောင်းဆိုနေလေပြီ။

ဤသည်ကား အလွန်အကျူး လုပ်လွန်းရာ မရောက်ပေဘူးလော။

“ကျွန်မတို့အနေနဲ့ သူတော်စင်ညီလာခံရဲ့ ဆုံးဖြတ်ချက်ကို သဘာဝကျကျပဲ လိုက်နာမှာပါ။ ရှင်တို့လိုချင်တဲ့ စွမ်းအင်သုံးလက်နက်တွေကို ကျွန်မတို့ ရောင်းပေးနိုင်ပေမဲ့ စွမ်းအင်သုံးလက်နက် နည်းပညာကိုတော့ လုံးဝ ရောင်းမပေးနိုင်ပါဘူး။ ဒါက ကျွန်မတို့ ကာကွယ်သူအဖွဲ့ချုပ်ရဲ့ နောက်ဆုံး စည်းမျဉ်းပဲ” ချူချန်းက အံတင်းတင်းကြိတ်ကာ ခိုင်မာပြတ်သားစွာ ပြန်လည်ဖြေကြားလိုက်သည်။

အကယ်၍ သူတို့က စွမ်းအင်သုံးလက်နက်များနှင့် လက်နက်တပ်ဆင်ထားသည့် စက်ရုပ်များကိုသာ ရောင်းချပါက ကာကွယ်သူအဖွဲ့ချုပ်အနေဖြင့် ကာကွယ်သူကို ဆုံးရှုံးသွားခဲ့ရလျှင်ပင် အနည်းဆုံး အခြေခံစက်မှုလုပ်ငန်းတချို့ ကျန်ရှိနေပေဦးမည်။

သို့သော်လည်း အကယ်၍ သူတို့သာ နည်းပညာကိုပါ ရောင်းချလိုက်ပါက ဤအခြေခံစက်မှုလုပ်ငန်း နှစ်ခုကိုပါ ဆုံးရှုံးသွားခြင်းကို ဆိုလိုပေ၏။ ကာကွယ်သူအဖွဲ့ချုပ်အတွက် ဘာများကျန်တော့မည်နည်း။

သူတော်စင်ဘာတိုင်က ကာကွယ်သူအဖွဲ့ချုပ်ကို လုံးဝ ပိတ်ပစ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ထင်ရှားလှပေ၏။

ထို့ပြင် စွမ်းအင်သုံးလက်နက်များ ထုတ်လုပ်သည့် နည်းပညာနှင့် လက်နက်တပ်စက်ရုပ်များ ထုတ်လုပ်သည့် နည်းပညာကို အမှန်တကယ် ကျွမ်းကျင်သူဟူ၍ မည်သူမျှ မရှိသလောက်ပင်။ ကာကွယ်သူအဖွဲ့ချုပ်က ယင်းတို့ကို ထုတ်လုပ်နိုင်ခြင်း၏ အကြောင်းရင်းမှာ ကာကွယ်သူအဖွဲ့ချုပ်က တတိယမြောက်ယဉ်ကျေးမှု ချန်ထားရစ်ခဲ့သည့် ထုတ်လုပ်ရေးလိုင်းကို ထိန်းချုပ်ထားနိုင်သောကြောင့်သာ ဖြစ်သည်။

ထိုရှုပ်ထွေးလှသော စွမ်းအင်အသွင်ပြောင်းလဲခြင်းစနစ်က အဓိကသော့ချက်ပင်။

ချူချန်းကလည်း ဤအရာအနည်းငယ်က ကာကွယ်သူအဖွဲ့ချုပ်၏ အခြေခံအုတ်မြစ်များဖြစ်ပြီး လုံးဝဥဿုံ အဆုံးရှုံးခံ၍မရကြောင်း ကောင်းကောင်းသိသည်။ ထို့ကြောင့် သူမ၏ သဘောထားက အလွန်ပင် ခိုင်မာပြတ်သားနေ၏။

“မင်းတို့ရဲ့ စီးပွားရေးအဖွဲ့က တကယ်ကို လွန်လွန်းနေပြီကွ”

“ငါတို့ ကာကွယ်သူအဖွဲ့ချုပ်က မင်းတို့ကို ကြောက်နေမယ်မထင်နဲ့”

“ငါတို့အားလုံးက သိုင်းသမားတွေချည်းပဲ။ ဒါပေမဲ့ မင်းတို့ စီးပွားရေအဖွဲ့ရဲ့ လုပ်ရပ်က သိုင်းသမားရယ်လို့ အမည်ခံဖို့တောင် ထိုက်တန်သေးရဲ့လားကွ ဟမ်”

“ငါတို့ သေသွားရင်တောင်မှ မင်းတို့ကောင်တွေကို ကာကွယ်သူအဖွဲ့ချုပ်ထဲမှာ ထင်တိုင်းကြဲခွင့်ပြုမှာ မဟုတ်ဘူး”

ကာကွယ်သူအဖွဲ့ချုပ်၏ တရားဝင်အဖွဲ့ဝင် ၁၀၈ ဦးက စီးပွားရေးအဖွဲ့မှ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦးကို အနည်းငယ်မျှပင် ကြောက်ရွံ့နေခြင်း မရှိချေ။

လက်ရှိ ကာကွယ်သူအဖွဲ့ချုပ်နှင့် စီးပွားရေးအဖွဲ့တို့မှာ တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင်ဘက် ဖြစ်နေကြပြီ ဖြစ်သည်။ ပြန်လည်စေ့စပ်ညှိနှိုင်းရန် မည်သည့်အခွင့်အရေးမျှ မရှိတော့ချေ။

“ချူချန်း... ဒါက သူတော်စင်ဘာတိုင်ရဲ့ အမိန့်ပဲ။ ဒါကြောင့်မို့ ငါတို့ ဒါကို မနာခံလို့ မရဘူး။ တကယ်လို့ မင်းက ငါတို့ကို မပေးဘဲနဲ့ ခေါင်းမာနေမယ်ဆိုရင် ငါတို့ဘာသာငါတို့ ရှာဖွေရုံပဲ ရှိတော့မှာပေါ့”

သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦး၏ မျက်ဝန်းများအတွင်း၌ စူးရှရှ အလင်းရောင်တစ်ချက် ဖြတ်သန်းသွားသည်။ ဤသည်မှာလည်း သူတော်စင်ဘာတိုင် ညွှန်ကြားထားသည့်အရာပင်။ သူတော်စင်ဘာတိုင်အနေဖြင့် ယခုလက်ရှိအချိန်တွင် ကိုယ်တိုင် ရှေ့ထွက်လာရန် အဆင်မပြေသော်လည်း သူ၏ စီးပွားရေးအဖွဲ့အစည်းအတွင်း၌ ကျွမ်းကျင်သူများစွာ ရှိ၏။

လက်ရှိ ကာကွယ်သူအဖွဲ့ချုပ်၏ အင်အားက တရားဝင်အဖွဲ့ဝင် ၁၀၈ ဦးမျှသာ ရှိပြီး သူတို့အားလုံးကလည်း အသွင်ပြောင်းနယ်ပယ် သိုင်းသမားများသာ ဖြစ်ကြသည်။ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးတစ်ယောက်မျှပင် မရှိချေ။ ထို့ပြင် ကာကွယ်သူမရှိဘဲနှင့် ချူချန်းက စီးပွားရေးအဖွဲ့အစည်းကို မည်သို့လျှင် ခုခံနိုင်မည်နည်း။

“ရှင်တို့က အင်အားသုံးပြီး ယူချင်တာလား။ သူတော်စင်တွေဆီကနေ အပြစ်ပေးခံရမှာကို မကြောက်ဘူးလား” ချူချန်းက မာမာထန်ထန် အော်ပြောလိုက်သည်။

“ငါတို့က သူတော်စင်ဘာတိုင်ရဲ့ အမိန့်ကိုပဲ နာခံတာ။ ဒါကြောင့်မို့ စိတ်မကောင်းပါဘူး”

သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦးက လက်ဝှေ့ယမ်းကာ အချက်ပြလိုက်၏။ သူတို့နောက်ရှိ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဒါဇင်ခန့်က ချက်ချင်း ရှေ့တိုးလာကြသည်။ သို့သော်လည်း ကာကွယ်သူအဖွဲ့ချုပ်မှ သိုင်းသမား ၁၀၈ ဦးက နောက်ဆုတ်မသွားခဲ့ကြချေ။ ထိုအစား သူတို့က ဒေါသတကြီး စိုက်ကြည့်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

ချူချန်း၏ မျက်နှာက ပြာနှမ်းသွားသည်။ ဤကာလအတွင်း၌ သူမ အလွန်ပင် ကြံ့ကြံ့ခံခဲ့ပြီး ဖြစ်၏။ ကာကွယ်သူအဖွဲ့ချုပ်နှင့် လင်းဖုန်း၏ ကြိုးစားအားထုတ်မှုများအတွက် အတိတ်က လင်းဖုန်း သူမကို ကာကွယ်ပေးခဲ့သလို ကာကွယ်သူအဖွဲ့ချုပ်ကို ကာကွယ်ရန် သူမ ကျိန်ဆိုထားသည်။

သို့သော်လည်း ချူချန်း စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အလွန်တရာ ပင်ပန်းနွမ်းနယ်နေချေပြီ။ သူမက မျိုးရိုးဗီဇကန့်သတ်ချက်ကိုပင် မချိုးဖျက်နိုင်သေးရာ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများ၏ အရှိန်အဝါသက်သက်မျှကိုပင် မခုခံနိုင်ချေ။ သူမ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရပြီး ပိုင်ကျင်းက သူမကို ထိန်းကူထားပေးရသည်။

သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦးနှင့် နတ်ဘုရားနယ်ပယ်သိုင်းသမား တစ်ဒါဇင်ခန့်ကို ရင်ဆိုင်ရာတွင် ကာကွယ်သူအဖွဲ့ချုပ်အနေဖြင့် အနိုင်ရရန် အခွင့်အရေး မရှိသလောက်ဖြစ်ကြောင်း သူမ ကောင်းကောင်းသိသည်။

“ကာကွယ်ရေးယန္တရားကို အသက်သွင်းလိုက်”

ချူချန်း အံကိုကြိတ်ကာ ကာကွယ်ရေးယန္တရားကို အသက်သွင်းရန် သူမ၏လုပ်ပိုင်ခွင့်ကို ချက်ချင်း အသုံးပြုလိုက်သည်။

ချက်ချင်းဆိုသလိုပင် ပျက်သုဉ်းခြင်းအမြောက်များက သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦးအပေါ်သို့ ပစ်မှတ်ထားချိန်ရွယ်လိုက်တော့သည်။

“ဟမ်”

သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦး၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူတို့ ခြိမ်းခြောက်မှုအရိပ်အယောင်တစ်ခုကို အမှန်တကယ်ပင် အာရုံခံမိသွားကြ၏။ သူတို့မှာ ဂုဏ်သရေရှိလှသည့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများဖြစ်ကြပြီး သူတော်စင်များပြီးလျှင် အားအကောင်းဆုံးသူများဖြစ်ကြောင်း သိထားရပေမည်။ ရှေးခေတ်ကာလများတွင်ဆိုလျှင် သူတို့က နတ်ဘုရားများအကြား ဘုရင်များပင် ဖြစ်ပေလိမ့်မည်။

ကာကွယ်သူအဖွဲ့ချုပ်တွင် ကာကွယ်သူ မရှိတော့ချေ။ အခြား မည်သည့်အရာကများ သူတို့ကို ခြိမ်းခြောက်ခံရသလို ခံစားရစေနိုင်မည်နည်း။

ချူချန်းသည်လည်း အလွန်တရာ စိတ်လှုပ်ရှားနေ၏။ ကာကွယ်သူအဖွဲ့ချုပ်က ကာကွယ်သူကို ဆုံးရှုံးသွားခဲ့ရသည်မှာ မှန်သော်လည်း ပျက်သုဉ်းခြင်းအမြောက်သည် ထိုစဉ်အချိန်က သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများကိုပင် ဟန့်တားနိုင်ခဲ့ဖူးသည်။

သို့သော်လည်း ဖျက်ဆီးခြင်းလှံတံကို လင်းဖုန်း ယူဆောင်သွားခဲ့သဖြင့် လက်ရှိ ပျက်သုဉ်းခြင်းအမြောက်၌ ဇီဝိန်ချုပ်စွမ်းအား လုံးဝမရှိတော့ချေ။ အများဆုံးအနေဖြင့် စွမ်းအင်တုံးများစွာသာ ရှိတော့သည်။

လက်ရှိပျက်သုဉ်းခြင်းအမြောက်ကို စွမ်းအင်အမြောက် ဟုသာ ခေါ်ဆိုနိုင်တော့၏။

သို့တိုင် ပျက်သုဉ်းခြင်းအမြောက်သည် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများအပေါ် အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်နိုင်စွမ်း ရှိနေဆဲပင်။ ယခုအခါ ကာကွယ်သူအဖွဲ့ချုပ်တစ်ခုလုံးတွင် ပျက်သုဉ်းခြင်းအမြောက်သာလျှင် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများကို အနည်းငယ် ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။

“တိုက်ခိုက်စမ်း”

သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦးက မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ တိုက်ရိုက်တိုက်ခိုက်လာကြသည်။ ပျက်သုဉ်းခြင်းအမြောက်က သူတို့သုံးဦးကို ပစ်မှတ်ထားချိန်ရွယ်ထားပြီးသား ဖြစ်၏။

ဝုန်း... ဝုန်း... ဝုန်း...

ကြောက်မက်ဖွယ်ကောင်းလှသည့် ဖျက်ဆီးခြင်းအလင်းတန်းများက အရာအားလုံးကို ပျက်သုဉ်းစေမည့် စွမ်းအားများနှင့်အတူ ချက်ချင်း တဟုန်ထိုး ထွက်လာတော့သည်။

“ဟမ်... နတ်ဘုရားနယ်မြေ ခုခံစမ်း”

သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦးမှာ အလွန်တရာ ထိတ်လန့်သွားကြ၏။ ဇီဝိန်ချုပ်စွမ်းအား မပါဝင်သော်လည်း ပျက်သုဉ်းခြင်းအမြောက်က ကြယ်တာရာစွမ်းအားကို ဖြိုခွဲနိုင်ပြီး နတ်ဘုရားနယ်ပယ် သိုင်းသမားများကို ဒဏ်ရာရရှိစေနိုင်သည့် ကြောက်မက်ဖွယ်ရာ စွမ်းအင်သုံးလက်နက်တစ်ခု ဖြစ်နေဆဲပင်။

သူတို့ သုံးဦးစလုံး နတ်ဘုရားနယ်မြေများကို ချက်ချင်း ဖြန့်ကျက်လိုက်ကြသည်။ တစ်ခဏအတွင်း ပြင်းထန်လှသော ကြယ်တာရာစွမ်းအား စက်ကွင်းတစ်ခုက ကာကွယ်သူအဖွဲ့ဌာနချုပ်အတွင်း အပျက်အစီးများ ဖြစ်လာစေ၏။ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်အလင်းတန်းသုံးခုက သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦး၏ နတ်ဘုရားနယ်မြေများအတွင်းသို့ အပြင်းအထန် ပေါက်ကွဲဝင်ရောက်သွားတော့သည်။

နတ်ဘုရားနယ်မြေများ ပျက်စီးသွားသော်လည်း ထိုမျှသာပင်။ နောက်ဆုံးတွင်မူ ပျက်သုဉ်းခြင်းအမြောက်၌ ဇီဝိန်ချုပ်စွမ်းအား မရှိတော့ချေ။ မဟုတ်ပါက သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး၏ နတ်ဘုရားနယ်မြေကို မဆိုထားနှင့် သူတော်စင်တစ်ပါး၏ နတ်ဘုရားနယ်မြေပင်လျှင် တစ်ချက်တည်းဖြင့် အပေါက်ဖြစ်သွားအောင် ပစ်ခတ်ခံရပေလိမ့်မည်။

“ငါတို့ ခုခံနိုင်လိုက်ပြီ”

သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦး၏ ကိုယ်ပေါ်တွင် ချွေးအေးများ ထွက်လာတော့သည်။ စောစောက အခြေအနေသည်ကား အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ပျက်သုဉ်းခြင်းအမြောက်က သူတို့၏ နတ်ဘုရားနယ်မြေများကို အမှန်တကယ်ပင် ဆုတ်ဖြဲပစ်နိုင်စွမ်း ရှိလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။

သူတို့သုံးယောက်စလုံး အလွန် အရှက်ရသွားတော့၏။ အရှက်ရမှုမှ ပေါက်ဖွားလာသော ဒေါသကြောင့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦးအနေဖြင့် သူတို့ခွန်အားကို ဆက်လက်ထိန်ချန်မထားတော့ချေ။

“ငါတို့ကို တားဆီးတဲ့သူ ဘယ်သူမဆို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီးတော့ အပြစ်ပေးခံရမယ်။ သနားညှာတာမှုမရှိ သုတ်သင်သတ်ဖြတ်ခံရမယ်”

ချူချန်း၏ မျက်နှာမှာ ဖြူရော်သွား၏။ သူမ၏ မျက်နှာလှလှလေးထက်တွင် မျက်ရည်များ တိတ်တဆိတ် စီးကျလာသည်။

“လင်းဖုန်း... ကျွန်မ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ရှင့်ရဲ့ ကြိုးစားအားထုတ်မှုတွေကို ကာကွယ်ပေးဖို့ ကျွန်မ မအောင်မြင်ခဲ့ဘူး…”

ချူချန်းတစ်ယောက် သူမ၌ရှိသမျှ အရာအားလုံးကို ပုံအောကာ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီးလေပြီ။ သူမသည်ကား စိတ်ပိုင်းဆိုင်ရာအရ အလွန်တရာ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၏။ သို့ပေသော်လည်း အလွန်တရာ ကြီးမားလွန်းလှသော စွမ်းအားကြီးတစ်ခု၏ ရှေ့မှောက်တွင် သူမ၏ မည်သည့် ကြိုးပမ်းအားထုတ်မှုမျိုးမဆို သဲထဲရေသွန်သာ ဖြစ်သွားရသည်။

လက်ရှိအချိန်တွင် သူမ အသက်စွန့်ရန်ပင် တွေးမိသွား၏။

သူမ လင်းဖုန်း၏ ကြိုးစားအားထုတ်မှု အသီးအပွင့်များနှင့် ကာကွယ်သူအဖွဲ့ချုပ်ကို မကာကွယ်နိုင်ခဲ့ပေ။ သေဆုံးခြင်းသည်သာ သူမ၏ နောင်တတရားအတွက် နားခိုရာဖြစ်ပေလိမ့်မည်။ သူမ အလွန် ပင်ပန်းနွမ်းနယ်နေချေပြီ။ သူမ အခြားကမ္ဘာတစ်ခုသို့သာ သွားလိုက်ချင်တော့သည်။ ထိုနေရာတွင် သူမ လင်းဖုန်းကို ပြန်လည်တွေ့ဆုံနိုင်ကောင်း တွေ့ဆုံနိုင်လိမ့်မည်။

“ခွေးကောင်တွေ။ ဘယ်သူ တိုက်ခိုက်ရဲလဲ”

ဝှစ်

ပိုမိုကျယ်ပြောကာ ခမ်းနားကြီးကျယ်လှသော စွမ်းအားကြီးတစ်ခု ဆင်းသက်လာသည်။ အတိုင်းအဆမဲ့ မီးလျှံများ တောက်လောင်လာပြီး ကာကွယ်သူအဖွဲ့ချုပ်တစ်ခုလုံး မီးကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလား ရှိနေ၏။

“ပြိုင်ဘက်ကင်းလက်သီးသူတော်စင်”

ချူချန်းတစ်ယောက် ကျန်းချီကျီ၏ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အော်ဟစ်လိုက်သံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

“ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ရောက်လာတာလား”

ချူချန်း မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ ရုတ်တရက် လူတိုင်း၏ မျက်နှာအမူအရာများက အေးခဲသွားသည့်အလား ရှိနေသည်ကို တွေ့လိုက်ရသည်။ ဆူညံနေသည့ါ ခန်းမတစ်ခုလုံးက အပ်ကျသံပင် ကြားရလောက်အောင် အလွန်တရာ တိတ်ဆိတ်သွားသည်။

“ချန်းချန်း... ကို ပြန်လာပြီ”

ရုတ်တရက် တိုးညင်း၍ နူးညံ့လှသော အသံတစ်ခုက ချူချန်း၏ နားထဲတွင် ပဲ့တင်ထပ်သွားလေသည်။

All Chapters