အခန်း ၃၂၅
Vol. 28 Ch. 325
ထာဝရသိုင်းတာအိုအရှင်
အခန်း (၃၂၅) - သနားညှာတာမှုမရှိ သုတ်သင်ခြင်း
ဘာသာပြန် - အားသစ်
“ကို ပြန်လာပြီ”
ချူချန်း သူမရှေ့ရှိ ရင်းနှီးသည့်ရုပ်သွင်ကို ကြည့်ရင်း ပြောစရာစကားလုံးများပင် ရုတ်တရက် ပျောက်ရှသွားရသည်။ သူမ အတိုင်းအဆမရှိ ဝမ်းနည်းဝမ်းသာဖြစ်သွားပြီး သူမမျက်နှာထက်တွင် မျက်ရည်များမှာ တာကျိုးသည့်အလား စီးကျလာတော့သည်။
“ကို ပြန်လာပြီ။ အားလုံး အဆင်ပြေသွားပါပြီ”
လင်းဖုန်း ပြန်လည်ရောက်ရှိလာလေပြီ။ သူက ဘေးပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသည့်အလား ချူချန်းကို ပွေ့ဖက်ထားလိုက်၏။ သူတို့နှစ်ယောက်မှာ သာမန်ဇနီးမောင်နှံ စုံတွဲတစ်တွဲနှယ် ရှိနေလေသည်။
သို့သော်လည်း ကာကွယ်သူအဖွဲ့ချုပ်၏ ခန်းမအတွင်း၌ သူတို့ကို မည်သူမျှ လာရောက်မနှောင့်ယှက်ရဲကြချေ။
ကာကွယ်သူအဖွဲ့ချုပ်၏ တရားဝင်အဖွဲ့ဝင် ၁၀၈ ဦးစလုံး သူတို့မျက်လုံးများကိုသူတို့ မယုံကြည်နိုင်အောင် ဖြစ်နေကြရသည်။
သူတို့ ဘာမြင်လိုက်ရသလဲ။
ဤသည်ကား သူတော်စင်လင်းဖုန်းပင်။ သူတော်စင်လင်းဖုန်း ပြန်လည်ရောက်ရှိလာချေပြီ။
ဤးလက်ရှိအချိန်တွင် သူတို့အားလုံး ပြောမပြတတ်လောက်အောင် စိတ်လှုပ်ရှားနေကြ၏။ သူတို့သည်ကား လင်းဖုန်း၏ ကာကွယ်သူအဖွဲ့ချုပ်အပေါ် ထားရှိသည့် စံရည်မှန်းချက်ကို သဘောတူလက်ခံသောကြောင့်သာ ကာကွယ်သူအဖွဲ့ချုပ်၌ ဆက်လက်နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ လင်းဖုန်း ပြန်လည်ရောက်ရှိလာလေပြီ။ သူတို့အတွက် အဓိကမှီခိုအားထားရာ ကျောရိုးကြီး ပြန်လည်ရောက်ရှိလာလေပြီ။
“သူတော်စင်အရှင်... တကယ်ပဲ သူတော်စင်အရှင်ပါလား”
“သူတော်စင်အရှင် မသေသေးဘူး။ ဟားဟားဟား... ငါ သိသားပဲကွ။ သူတော်စင်အရှင်က ဒီလောက်လွယ်လွယ်ကူကူနဲ့ ဘယ်လိုလုပ် သေပါ့မလဲ”
“ငါတို့ ကာကွယ်သူအဖွဲ့ချုပ်ကတော့ လုံးဝဘေးကင်းသွားပြီပဲကွ”
ကာကွယ်သူအဖွဲ့ချုပ် အဖွဲ့ဝင်များ၏ စိတ်လှုပ်ရှားမှုများနှင့် နှိုင်းယှဉ်ပါက စီးပွားရေးအဖွဲ့မှ သိုင်းသမားတစ်ဒါဇင်ခန့်မှာမူ ရေခဲတိုက်အတွင်းသို့ ကျရောက်သွားသည့်အလား ခံစားလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များက ရေခဲရိုက်ခံရသည့်အလား အေးစက်သွား၏။
သို့သော်လည်း သူတို့ တစ်လုံးတစ်ပါဒမျှပင် မပြောရဲကြချေ။ သူတို့အနေဖြင့် လင်းဖုန်း သူတို့ ရှိနေသည်ကို သတိပြုမိသွားမည်ကို စိုးရိမ်သဖြင့် အသက်ရှူသံကိုပင် အောင့်ထားကြပြီး ကျောက်ရြပ်တူများပမာ မလှုပ်မယှက်ရပ်နေကြသည်။
“ချီကျီ... မတွေ့တာကြာပြီနော်”
လင်းဖုန်းက သူ့ဘေးရှိ ကျန်းချီကျီကို လှမ်းကြည့်လိုက်သည်။ ဤတိုတောင်းလှသော နှုတ်ဆက်စကားလေးက ကျန်းချီကျီကို ငိုလုမတတ် ဖြစ်သွားစေ၏။
“အစ်ကိုဖုန်း... အစ်ကို နောက်ဆုံးတော့ ပြန်လာပြီပဲ။ အစ်ကိုသာ ပြန်မလာရင် မရီးနဲ့ ကျွန်တော် ဘယ်လိုဆက်ပြီး ကြံ့ကြံ့ခံရမလဲဆိုတာတောင် မသိတော့ဘူးဗျာ…”
လက်ရှိအချိန်တွင် ချူချန်းလည်း ငိုနေရာမှ ရပ်လိုက်လေပြီ။ သူမက မျက်ရည်များအကြားမှ တောက်တောက်ပပ ပြုံးရင်း စကားဆိုလိုက်သည်။
“လင်းဖုန်း... ကျွန်မက အသုံးမကျပါဘူး။ ကာကွယ်သူအဖွဲ့ချုပ်ကို မကာကွယ်ပေးနိုင်ခဲ့ဘူး။ ကာကွယ်သူကိုတောင်မှ သူတော်စင်ဘာတိုင်က အတင်းအဓမ္မ လုယူသွားတယ်”
“မင်း ကောင်းကောင်းလုပ်ခဲ့ပြီးပါပြီ။ ကျန်တာတွေကို ကို့ဆီသာ လွှဲထားလိုက်တော့”
လင်းဖုန်း လှည့်ကြည့်လိုက်သည်။ သူ့အကြည့်က အလွန်ပင် တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ပိုတည်ငြိမ်လေလေ စီးပွားရေးအဖွဲ့အစည်းမှ သိုင်းသမားများမှာ ပို၍ကြောက်ရွံ့တုန်ရီလာလေလေပင်။
“မင်းတို့က သနားညှာတာမှုမရှိ သတ်ဖြတ်မယ်လို့ ပြောခဲ့တာလား”
“သူတော်စင်လင်းဖုန်း... ကျွန်တော်တို့က အမိန့်ကို နာခံရုံသက်သက်ပါ။ သူတော်စင်အရှင်လည်း ဘေးကင်းကင်းနဲ့ ရှိနေတာဆိုတော့ ကျွန်တော်တို့ကို အခုပဲ ပြန်ခွင့်ပြုပါဦးခင်ဗျ”
ထိုသိုင်းသမား တစ်ဒါဇင်ခန့်မှာ မည်သို့လျှင် ဆက်နေရဲပါမည်နည်း။ ယင်းမှာ သေတွင်းထဲသို့ သက်သက်တိုးဝင်ခြင်းသာ ဖြစ်ပေလိမ့်မည်။ သူတို့ အမြန်ဆုံးနှုန်းဖြင့် ထွက်ခွာသွားလိုကြ၏။
“မင်းတို့ သိလား... ကာကွယ်သူအဖွဲ့ချုပ်ရဲ့ တာဝန်က ငါတို့ရဲ့ မိသားစု၊ ငါတို့ ချစ်ရတဲ့သူတွေနဲ့ လူသားမျိုးနွယ်အားလုံးကို ကာကွယ်ဖို့ပဲ။ ငါတို့ ချစ်ရတဲ့သူတွေကို စော်ကားပြီး နာကျင်အောင်လုပ်ရဲတဲ့သူတွေအတွက်ကတော့ ရလဒ်တစ်ခုတည်းပဲ ရှိတယ်”
ဝုန်း
လင်းဖုန်း လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ဝါးကြီးက ချက်ချင်းပင် မိုးတိမ်မည်းကြီးတစ်ခုအလား နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြီးမားလာပြီး စီးပွားရေးအဖွဲ့မှ သိုင်းသမား တစ်ဒါဇင်ခန့်ဆီသို့ တဟုန်ထိုး ကျဆင်းလာတော့သည်။
“မဟုတ်ဘူး... သူတော်စင်လင်းဖုန်း၊ ကျွန်တော်တို့က သူတော်စင်ညီလာခံရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်နေတာပါ။ ခင်ဗျား ကျွန်တော်တို့ကို သတ်လို့မရ…”
ဘုန်း
နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဒါဇင်ကျော်နှင့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦးစလုံး လင်းဖုန်း၏ လက်ဝါးချက်အောက်တွင် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
လူတိုင်း အလွန်တရာ ကျေနပ်အားရမှုကို ခံစားလိုက်ရပြီး အော်ဟစ်အောင်ပွဲခံကြတော့၏။ ဤသူကား သူတို့၏ ခေါင်းဆောင်၊ သူတို့၏ သူတော်စင်ပင်။ ကာကွယ်သူအဖွဲ့ချုပ်၏ ရည်မှန်းချက်က သူတို့မိသားစု၊ ချစ်ရသူများနှင့် လူသားမျိုးနွယ်အားလုံးကို ကာကွယ်ရန် ဖြစ်ပေ၏။
လက်ရှိအချိန်တွင် လင်းဖုန်းက ကာကွယ်သူအဖွဲ့ချုပ်၏ တရားဝင်အဖွဲ့ဝင်အားလုံးကို အဖွဲ့ချုပ်၏ အဓိကရည်ရွယ်ချက်မှ အစစ်အမှန် အဓိပ္ပာယ်ကို ကိုယ်တိုင်လက်တွေ့ပြသလိုက်ခြင်းပင်။
သူတို့ ကာကွယ်ထားသည့် လူများကို စော်ကားရဲသူ မည်သူမဆို သနားညှာတာမှုမရှိ သုတ်သင်ခံရမည်သာ။
‘သူ ပိုပြီး သန်မာလာပြန်ပြီ’
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် လင်းဖုန်းက တစ်ချက်တည်းဖြင့် သိုင်းသမားတစ်ဒါဇင်ကျော် သတ်ဖြတ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ ထိုအထဲတွင် နတ်ဘုရားနယ်မြေကို အသုံးပြုနိုင်သည့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦးပင် ပါဝင်သေးသည်။ သူ့လို သူတော်စင်တစ်ပါးအနေဖြင့်ပင် ထိုလူသုံးဦးကို သတ်ဖြတ်ရန်အတွက် အချိန်အတိုင်းအတာတစ်ခု လိုအပ်ပေလိမ့်မည်။
သို့သော်လည်း လင်းဖုန်း၏ ရှေ့မှောက်တွင်မူ သူတို့က အသက်တစ်ရှိုက်စာမျှပင် မခုခံနိုင်ခဲ့ကြချေ။ သူတို့အားလုံး လင်းဖုန်း၏ လက်အောက်တွင် ပုရွက်ဆိတ်များအလား ဖိချေသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
“လင်းဖုန်း... ဒီလူတွေအကုန်လုံးက သူတို့သဘောဆန္ဒအလျောက် ဆက်နေခဲ့ကြတာလေ။ အခု ၁၀၈ ယောက်ပဲ ကျန်တော့တယ်”
ချူချန်းက ထိုလူ ၁၀၈ ဦးကို လင်းဖုန်းအား မိတ်ဆက်ပေးလိုက်သည်။ အမှန်စင်စစ် ထိုလူများအားလုံးမှာ အလွန်အားနည်းကြသော်လည်း သူတို့က ကာကွယ်သူအဖွဲ့ချုပ်၏ အစစ်အမှန် ကျောရိုးများ ဖြစ်ကြ၏။ ဤသူများက ကာကွယ်သူအဖွဲ့ချုပ်နှင့်အတူ အခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်လိုကြသူများ လင်းဖုန်းပြောသည့် ကာကွယ်သူအဖွဲ့ချုပ်၏ တာဝန်အပေါ် ခိုင်ခိုင်မာမာ ယုံကြည်လက်ခံကြသူများသာ ဖြစ်ကြသည်။
“ဆက်ပြီး နေပေးခဲ့ကြတဲ့အတွက် အားလုံး ကျေးဇူးတင်ပါတယ်”
လင်းဖုန်း ထိုလူ ၁၀၈ ဦးအပေါ် ဝေ့ဝဲကြည့်ရှုလိုက်၏။ သူတို့၏ စိတ်လှုပ်ရှားမှုများကို လင်းဖုန်း အာရုံခံမိသည်။
ဤကဲ့သို့ သူတော်စင်တစ်ပါး၏ အလေးထားမှုကို ရရှိပြီးနောက် သူတို့၌ မည်သည့် နောင်တမျိုး ရှိနိုင်ပါဦးမည်နည်း။
“သူတော်စင်လင်းဖုန်း... ဟားဟားဟား၊ ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။ ဒါပေမဲ့ အဓိကတရားခံက ဘာတိုင်ပဲကွ”
ရုတ်တရက် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ရယ်မောကာ ပြောလိုက်သည်။ ယခင်က အဖွဲ့အစည်းကြီးငါးခု သဟဇာတဖြစ်အောင် ထိန်းသိမ်းထားစဉ်အချိန်ကဆိုလျှင် စီးပွားရေးအဖွဲ့အစည်းမှ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားအချို့ သေဆုံးမှုက ကြီးမားလှသည့် ကိစ္စရပ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သို့ပေသော်ငြား ယခုမူ…
အကယ်၍ ကာကွယ်သူအဖွဲ့ချုပ်ကို လူသားမျိုးနွယ်၏ အဖွဲ့အစည်းကြီးများထဲသို့ ထည့်သွင်းလိုက်ပါက အဓိကအဖွဲ့အစည်းခြောက်ခု ဖြစ်လာပေလိမ့်မည်။ အမှန်စင်စစ် ဤအဖွဲ့အစည်းကြီး ခြောက်ခုက လင်းဖုန်း၏ ကိစ္စရပ်နှင့် ပတ်သက်ပြီး လူသိရှင်ကြား ကွဲပြားသွားခဲ့ကြလေပြီ။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ဘာတိုင်ကို အသွေးအသားအရိုးထဲမှ နာကျည်းနေပြီး သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခုပါ ထွက်ပေါ်လာခဲ့သည်။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူတော်စင်ခန်း မဟုတ်ချေ။ သူ အများအကျိုးကို ထည့်သွင်းစဉ်းစားဖို့ မလိုပေ။ သူ သိသည်မှာ ဘာတိုင်က သူတော်စင်တစ်ပါးအဖြစ် တည်ရှိနေရန် မထိုက်တန်ကြောင်းသာ။
“မှန်တယ်... အဓိကတရားခံ ကျန်သေးတယ်”
လင်းဖုန်း၏ အကြည့်က အလွန်တည်ငြိမ်နေဆဲပင်။ သူ့နှုတ်ခမ်းထက်တွင်လည်း အပြုံးတစ်ခု ပေါ်ထွက်လာသည်။
သို့သော်လည်း ဤတည်ငြိမ်လှသော မျက်နှာအမူအရာကပင် လူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေ၏။
ယင်းမှာ သူ၏ တည်ငြိမ်လှသော မျက်နှာအမူအရာအောက်တွင် ပေါက်ကွဲလုနီးပါးဖြစ်နေသည့် မီးတောင်တစ်ခုထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော စိတ်ခံစားမှုတစ်ခု ခိုအောင်းနေသကဲ့သို့ ရှိနေခြင်းကြောင့်ပင်။
“လင်းဖုန်း... အပြင်ကို ထပ်ထွက်ဦးမလို့လား”
ချူချန်းက အနည်းငယ် တွန့်ဆုတ်နေ၏။ သူမ လင်းဖုန်း ထပ်မံပျောက်ကွယ်သွားပြီး သတင်းဆိုးတစ်ခု ထပ်မံရရှိမည်ကို အမှန်တကယ်ပင် ကြောက်ရွံ့နေမိသည်။ ဤကဲ့သို့သော ခံစားချက်မျိုးကို သူမ နောက်တစ်ကြိမ် ထပ်မံ မခံစားလိုတော့ချေ။
“ကို လုပ်စရာရှိတာလေး သွားလုပ်ရုံပါ ချန်းချန်းရယ်။ စိတ်မပူနဲ့နော်။ ကို မကြာခင် ပြန်လာခဲ့မယ်”
လင်းဖုန်း သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
“လင်းဖုန်း... ငါ့ကို စောင့်ဦး…”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်လည်း သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလျက် လင်းဖုန်း နောက်သို့ ချက်ချင်း လိုက်ပါသွားတော့သည်။
ကျန်းချီကျီက စိတ်လှုပ်ရှားစွာဖြင့် စကားဆိုလိုက်၏။ “မရီး... စိတ်မပူပါနဲ့။ အစ်ကိုဖုန်းက ယုံကြည်မှုမရှိလဲနဲ့ ဘယ်တော့မှ မလုပ်ပါဘူး။ ပြီးတော့လည်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ပါ လိုက်သွားတာဆိုတော့ ကျွန်တော်တို့ သတင်းကောင်းကိုပဲ စောင့်မျှော်နေကြရအောင်”
ချူချန်း ခေါင်းညိတ်လိုက်သည်။ လင်းဖုန်း ပြန်လည်ရောက်ရှိလာခြင်းက သူမအတွက် အကြီးမားဆုံး ပျော်ရွှင်မှုပင်။ သို့သော်လည်း ဤသည်မှာ သူတော်စင်များကြားမှ ကိစ္စရပ်တစ်ခုဖြစ်ပြီး သူမ ဝင်ရောက်စွက်ဖက်နိုင်သည့်အရာ မဟုတ်ကြောင်း သူမ ကောင်းကောင်းသိ၏။
သို့ဆိုလျှင် သူမအနေဖြင့် လင်းဖုန်းကို ယုံကြည်ရန်သာ ရွေးချယ်လိုက်တော့သည်။
...
ဟင်းလင်းပြင်ကျယ်ကြီးအတွင်း၌ လေသင်္ဘောတစ်စင်းက လူသူဆိတ်သုဉ်းလှသည့် ပြင်ပနယ်မြေကို အလင်းတန်းတစ်ခုအလား ဖြတ်သန်းမောင်းနှင်နေသည်။
“လင်းဖုန်း... သူတော်စင်ခန်းဆီကနေ ဆက်သွယ်လာတာ ရှိတယ်”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မျက်နှာအမူအရာက ရှုပ်ထွေးနေ၏။ စောစောကပင် သူတော်စင်ခန်း ဤသတင်းကို အမြန်ဆုံးရရှိပြီး ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ထံသို့ ချက်ချင်း ဆက်သွယ်လာခြင်း ဖြစ်သည်။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည်လည်း ဘာတိုင်ကို သတ်ဖြတ်လိုသော်လည်း သူတော်စင်ခန်း၏ စကားများကြောင့် သူ အနည်းငယ် လှုပ်ခတ်သွားရ၏။ လင်းဖုန်း မသေသေးဘဲ လူသားမျိုးနွယ်၌ သူတော်စင်ဆယ်ပါး ရှိနေသေးသောကြောင့်ပင်။
လင်းဖုန်း မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “ကျောင်းအုပ်ကြီး... ကျောင်းအုပ်ကြီးပဲ အရင်က ပြောခဲ့ဖူးတယ်လေ။ သူတော်စင်ခန်း မျက်စိထဲက အများအကျိုးဆိုတာ လူတိုင်းအတွက် အများအကျိုး ဖြစ်မနေဘူးဆိုတာလေ”
“ဟုတ်တယ်... ငါ ပြောခဲ့ဖူးပါတယ်၊ ဒါပေမဲ့လည်း…”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင် တုံ့ဆိုင်းသွားသည်။
“ကျောင်းအုပ်ကြီး... လူသားမျိုးနွယ်ရဲ့ သူတော်စင်တစ်ပါး ကျဆုံးခဲ့ဖူးတဲ့ အခြေအနေမျိုးကို ဆရာကြီး မှတ်မိသေးလား”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က တည်ငြိမ်အေးဆေးလှသောအသံဖြင့် ပြောဆိုနေသည့် လင်းဖုန်းကို လှမ်းကြည့်လိုက်မိသည်။ သူကား ငုပ်လျှိုးနေသော မီးတောင်တစ်ခုအလား ရှိနေ၏။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ချက်ချင်း နားလည်သွားသည်။ ထို့ကြောင့် သူ ဆက်သွယ်ရေးကိရိယာကို ပိတ်ပစ်လိုက်ပြီး မည်သူမျှ ခေါ်မရအောင် လုပ်လိုက်တော့သည်။
သူတော်စင်များက လူသားမျိုးနွယ်၏ အဓိကဒေါက်တိုင်များ ဖြစ်ကြ၏။ သူတော်စင်များ စတင်ပေါ်ပေါက်လာကတည်းက သူတော်စင်တစ်ဦးတစ်ယောက်မျှ ကျဆုံးခဲ့ဖူးခြင်း မရှိချေ။
ဖြစ်နိုင်သည်မှာ အချိန်အတော်ကြာမြင့်သွားခဲ့ပြီဖြစ်ရာ သူတော်စင်များလည်း မာနထောင်လွှားလာခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။
ဖြစ်လာပြီဆိုမှတော့ ရှိပါစေတော့။ ဒေါသမီးလျှံများ တောက်လောင်လာပြီဖြစ်ရာ ယင်းကို သွေးဖြင့်သာလျှင် ငြှိမ်းသတ်နိုင်ပေလိမ့်မည်။