အခန်း ၃၂၆
Vol. 28 Ch. 326
ထာဝရသိုင်းတာအိုအရှင်
အခန်း (၃၂၆) - သူတော်စင်တစ်ပါး ကျဆုံးခြင်း
ဘာသာပြန် - အားသစ်
ရွှေတောင်မြို့
ဤမြို့သည်ကား ပြင်ပနယ်မြေ၏ အဆုံးအစမဲ့နက်ရှိုင်းလှသည့် နေရာ၊ တားမြစ်နယ်မြေကြီး လေးခုထဲမှ တစ်ခုဖြစ်သည့် တာရှာကာသဲကန္တာရ အနီးတွင် တည်ရှိပေ၏။
ဤနေရာမှာ လူသူဆိတ်သုဉ်းပြီး ကြောက်မက်ဖွယ်ရာ ကြမ်းကြုတ်သားရဲများနှင့် ပြည့်နှက်နေကာ နတ်ဆိုးဧကရာဇ်များပင် ရှိနေတတ်သည်။ တာရှာကာသဲကန္တာရ၏ မြေအောက်တစ်နေရာတွင် ရှေးဟောင်းလူ့ယဉ်ကျေးမှု၏ အပျက်အစီးများစွာ နစ်မြုပ်နေသည်ဟုလည်း ကောလာဟလများ ရှိနေသည်။
စီးပွားရေးအဖွဲ့အစည်းက ဤတာရှာကာသဲကန္တာရကို ကြီးကြပ်ကွပ်ကဲနေ၏။ ထိုအထဲတွင် သူတော်စင်ဘာတိုင်ကိုယ်တိုင် ရွှေတောင်မြို့၌ လူကိုယ်တိုင် လာရောက်စောင့်ကြပ်နေခြင်း ဖြစ်သည်။ ဤသည်ကလည်း ရွှေတောင်မြို့၏ ပတ်ဝန်းကျင် မိုင်ပေါင်းတစ်ထောင်အတွင်း ငြိမ်းချမ်းမှုကို အာမခံချက် ပေးထားနိုင်ခဲ့သည်။
တာရှာကာသဲကန္တာရအောက်တွင် ရှေးဟောင်းလူ့ယဉ်ကျေးမှု အပျက်အစီးများ ရှိမရှိနှင့် ပတ်သက်ပြီး သဘောထားတိုက်ဆိုင်မှုမျိုး မရှိကြပေ။ သို့သော်လည်း စီးပွားရေးအဖွဲ့အစည်းက ဤနေရာတွင် လာရောက်တပ်စွဲရခြင်း၏ အဓိကရည်ရွယ်ချက်က ထိုရှေးဟောင်းအပျက်အစီးများကြောင့် မဟုတ်ဘဲ ရွှေမိုင်းတွင်းများကြောင့်သာဖြစ်၏။
တာရှာကာသဲကန္တာရအတွင်း၌ ရွှေမိုင်းတွင်းများစွာ ရှိနေပြီး ယင်းတို့က လူသားမျိုးနွယ်စုတစ်ခုလုံး၏ ရွှေပမာဏ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်အထိ ရှိပေသည်။ နှစ်စဉ်နှစ်တိုင်း ဤနေရာမှ မရေမတွက်နိုင်သောရွှေများ ထွက်ရှိပြီး အရည်အသွေးကလည်း အလွန်မြင့်မားလှ၏။
စီးပွားရေးအဖွဲ့အစည်းက တာရှာကာသဲကန္တာရကို ကာကွယ်စောင့်ရှောက်နေခြင်းမှာ စည်းစိမ်ဥစ္စာ သက်သက်အတွက်သာ ဖြစ်သည်။
သူတော်စင်ဘာတိုင်က ထိုစဉ်အချိန်က တာရှာကာသဲကန္တာရကို ကြီးကြပ်ရန် မိမိသဘောဆန္ဒအလျောက် ရွေးချယ်ခဲ့ခြင်းကလည်း ထိုရွှေမိုင်းတွင်းများကြောင့်ပင်။ တာရှာကာသဲကန္တာရအတွင်းရှိ ကြောက်မက်ဖွယ် သားရဲများနှင့် နတ်ဆိုးဧကရာဇ်များကိုမူ သူတော်စင်ဘာတိုင်က ဘေးထွက်ဆိုးကျိုးတစ်ခုအနေဖြင့်သာ သတ်မှတ်ပြီး ခြိမ်းခြောက်ဟန့်တားထားခြင်း ဖြစ်သည်။
ဤသည်က ရွှေတောင်မြို့ဟု အမည်တွင်လာရခြင်း၏ အဓိကအကြောင်းရင်းပင်။
ရွှေတောင်မြို့အတွင်း၌ အခမ်းနားဆုံး၊ အကြီးကျယ်ဆုံးနှင့် အလှပဆုံးသော စံအိမ်ကြီးကို သူတော်စင်စံအိမ်ဟု ခေါ်သည်။
သူတော်စင်စံအိမ်က သူတော်စင်ဘာတိုင် နေထိုင်ရာ နေရာပင်။
သူတော်စင်စံအိမ်အတွင်း၌ အမြင့် မီတာတစ်ရာကျော်ရှိသည့် ဧရာမစက်ရုပ်ကြီးတစ်ရုပ်က မလှုပ်မယှက် စောင့်ကြပ်လျက် ရှိနေ၏။ ရံဖန်ရံခါ စံအိမ်အတွင်းရှိ သိုင်းသမားတချို့က ထိုစက်ရုပ်ကြီး ဘေးမှ ဖြတ်သန်းသွားချိန်တိုင်း သူတို့၏ မျက်ဝန်းများအတွင်း၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်ထွက်လာတတ်သည်။
ဤသည်မှာ သူတော်စင်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် စက်ရုပ်ဖြစ်ပြီး သူတော်စင်ဘာတိုင်က ကာကွယ်သူအဖွဲ့ချုပ်ထံမှ အတင်းအဓမ္မ လုယူထားခြင်း ဖြစ်သည်။
စံအိမ်အတွင်းရှိ သိုင်းသမားများမှာ ရှက်ရွံ့ခြင်း မရှိကြသည့်အပြင် အတိုင်းအဆမရှိ ဂုဏ်ယူဝင့်ကြွားနေကြသေးသည်။
သူတော်စင်ဘာတိုင်သည် မကြာသေးမီကတည်းက အလွန်ပင် သက်တောင့်သက်သာ ရှိနေခဲ့၏။ သို့သော်လည်း ဆက်သွယ်ရေးကိရိယာ မြည်လာချိန်တွင် ဆက်သွယ်ရေးကိရိယာပေါ်ရှိ ရှုပ်ထွေး၍ စိမ်းသက်နေသော ကုဒ်နံပါတ်ကို မြင်လိုက်ရသဖြင့် သူ့မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားရသည်။
“ငါ့ရဲ့ ဖျက်ဆီးခြင်းလှံတံ ဘယ်မှာလဲ”
သူတော်စင်ဘာတိုင် ဆက်သွယ်ရေးကိရိယာပေါ်ရှိ သတင်းစကားကို ကြည့်လိုက်သည်။ ယင်းမှာ လျှို့ဝှက်ဆန်းကြယ်လှသော ညမိစ္ဆာဖြစ်ကြောင်း သူ သိသည်။
“လင်းဖုန်းက ဖျက်ဆီးခြင်းလှံတံကို ယူသွားတယ်။ မင်းက သတင်းအချက်အလက် ဒီလောက် နှံ့စပ်တာကို။ ဒီလောက်ကို မင်း မသိဘူးလို့တော့ ငါ့ကို မပြောနဲ့နော်”
“သဘာဝအတိုင်းပဲ ငါ သိတာပေါ့။ ပြီးတော့ မင်းရဲ့ စိတ်ထဲက အသေးအဖွဲ အတွေးအမြင်တချို့ကိုလည်း ငါ သိတယ်။ မင်း အခုအချိန်မှာ အရမ်း ကျေနပ်အားရပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေမှာပဲ ဟုတ်တယ်မလား။ ဟဲဟဲဟဲ... သနားစရာကောင်းတဲ့ လူသားပဲ။ မင်း မနက်ဖြန်အထိ အသက်ရှင်နိုင်ဦးမလားဆိုတာကို ငါ သိချင်ပါသေးတယ်”
“မင်းရဲ့ နောက်ဆုံး သက်တောင့်သက်သာရှိမယ့် အချိန်လေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ပါဦး…”
ဆက်သွယ်ရေးကိရိယာပေါ်ရှိ သတင်းစကားကို ကြည့်ရင်း သူတော်စင်ဘာတိုင်၏ နှလုံးအိမ်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
သူ ထိုလျှို့ဝှက်ဆန်းကြယ်သူကို ဒေါသထွက်အောင် လုပ်မိသွားပြီး ထိုသူက သူ့ကို တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းများလော။
သို့သော်လည်း သေချာစဉ်းစားကြည့်လျှင်မူ ယင်းက သိပ်မဖြစ်နိုင်သလိုပင်။ ထိုလျှို့ဝှက်ဆန်းကြယ်သူက အမြဲတမ်း အမှောင်ထဲတွင်သာ ပုန်းအောင်းနေခဲ့ပြီး ညမိစ္ဆာကဲ့သို့ ဆိုးသွမ်းသည့် အဖွဲ့အစည်းကိုပင် တည်ထောင်ခဲ့သူ ဖြစ်သည်။
တစ်ဖက်လူက ဤမျှကြာမြင့်စွာ ပုန်းအောင်းနေခဲ့သည် ဖြစ်ရာ မည်သို့လျှင် မိမိကိုယ်ကိုယ် အလွယ်တကူ ထုတ်ဖော်ပြသပါမည်နည်း။
ထိုလျှို့ဝှက်ဆန်းကြယ်သူက သူ့ကို လာရောက်သတ်ဖြတ်မည် မဟုတ်ပါက ထိုသူ၏ ဆိုလိုရင်းက အဘယ်နည်း။ ခြိမ်းခြောက်ခြင်းသက်သက်ပေလော။
သူတော်စင်ဘာတိုင်အနေဖြင့် တစ်ဖက်လူက ဤကဲ့သို့သော အဓိပ္ပာယ်မဲ့သည့် လုပ်ရပ်မျိုးကို လုပ်ဆောင်လိမ့်မည်ဟု မထင်ချေ။
သူတော်စင်ဘာတိုင် ဖြစ်နိုင်ခြေများကို သေသေချာချာ တွေးတောကြည့်လိုက်သည်။ သူ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို တွေးမိသွား၏။ လက်ရှိအချိန်တွင် သူ့ကို သတ်ဖြတ်နိုင်စွမ်းရှိသည့် တစ်ဦးတည်းသောသူက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သာ။
သို့သော်လည်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အမှန်တကယ်ပင် လူသားမျိုးနွယ်အကြား ပြည်တွင်းစစ်ကို စတင်ဝံ့ပါမည်လော။ သူတော်စင်ဘာတိုင်တွင် သူတော်စင်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် စက်ရုပ်တစ်ရုပ်ရှိနေကြောင်း သိထားရပေမည်။ အကယ်၍ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ပညာရေးအဖွဲ့မှ အခြားသူတော်စင်နှစ်ပါးကိုပါ ခေါ်ဆောင်လာခဲ့လျှင်ပင် သူတော်စင်ဘာတိုင်အနေဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ ကြံ့ကြံ့ခံနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိသည်။
ထိုအချိန်ကျလျှင် သူတော်စင်ခန်းက သေချာပေါက် ရောက်ရှိလာပေလိမ့်မည်။ အများအကျိုးအတွက်ဆိုလျှင် သူတော်စင်ခန်းက လူသားမျိုးနွယ်၏ သူတော်စင်များ အချင်းချင်း တိုက်ခိုက်နေကြသည်ကို မည်သို့နှယ် ကြည့်ရက်ပါမည်နည်း။
“ဟမ့််... မင်း ဘယ်သူလဲဆိုတာ ငါ့ကို မသိစေနဲ့ပေါ့ကွာ။ မဟုတ်ရင်တော့…”
သူတော်စင်ဘာတိုင် ဆက်သွယ်ရေးကိရိယာကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး ရွှေတောင်မြို့၏ နေရောင်ခြည်ကို ခံစားရင်း ဝိုင်ကို ကျေနပ်စွာ သောက်သုံးလိုက်သည်။ အလွန် သက်တောင့်သက်သာရှိလှသည့် ဘဝပင်။ အကယ်၍ သူသာ ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်ခဲ့လျှင် ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။
ဝုန်း
ရုတ်တရက် ရွှေတောင်မြို့တစ်ခုလုံး တုန်ခါသွား၏။
တစ်ချိန်တည်းတွင်ပင် ကျယ်လောင်လှသော အသံကြီးတစ်ခု သူတော်စင်ဘာတိုင်၏ နားထဲသို့ ဝင်ရောက်လာသည်။
“ဘာတိုင်... အပြင်ထွက်ပြီး အသေခံစမ်း”
“ဘယ်သူလဲ”
ဘာတိုင် ဒေါသတကြီးဖြင့် မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်သည်။ သူက ဂုဏ်သတင်းကြီးမားလှသည့် သူတော်စင်တစ်ပါးပင်။ မည်သူကများ ဤမျှ ရိုင်းစိုင်းရဲရသနည်း။
...
အေးချမ်းလှသော ရွှေတောင်မြို့၏ ငြိမ်းချမ်းမှုက ထိုအချိန်တွင် ပျက်စီးသွားလေပြီ။
လေသင်္ဘောတစ်စင်းက ဝေးကွာလှသော မိုးကုတ်စက်ဝိုင်းဆီမှ ပျံသန်းလာပြီးနောက် လေသင်္ဘောအတွင်းမှ ပုံရိပ်နှစ်ခု ပျံသန်းထွက်လာကြသည်။
ထိုပုံရိပ်များထဲမှ တစ်ဦးက သူတော်စင်စံအိမ်အပြင်ဘက်ရှိ တောအုပ်အတွင်းသို့ ဆင်းသက်လာပြီး အော်ဟစ်လိုက်၏။
“ဘာတိုင်... အပြင်ထွက်ပြီး အသေခံစမ်း”
ဤအသံက ရွှေတောင်မြို့တစ်ခုလုံးသို့ တစ်ဒင်္ဂအတွင်း ပျံ့နှံ့သွားသည်။
“သူတော်စင်ဘာတိုင်ကို ဘယ်သူကများ ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲရတာလဲ”
“ဒီလူငယ်လေးက ကြည့်ရတာ နည်းနည်း ရင်းနှီးနေသလိုပဲ။ ဒါပေမဲ့ သူ့ဘေးကလူကိုတော့ ငါသိတယ်။ အဲ့ဒါ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ပဲ”
“ငါ မှတ်မိပြီ။ သူက လူသားမျိုးနွယ်ရဲ့ အငယ်ဆုံးသူတော်စင် သူတော်စင်လင်းဖုန်း မဟုတ်ဘူးလား”
“သူတော်စင်လင်းဖုန်းလား။ သူ့လို လူငယ်သူတော်စင်လေးက သူတော်စင်ဘာတိုုင်အပေါ်မှာ ဘယ်လိုရန်ငြိုးမျိုး ရှိနိုင်မှာလဲ”
“ဒါက တကယ်ကို ကိစ္စကြီးပဲ။ တစ်ခုခုတော့ အကြီးအကျယ် ဖြစ်နေပြီ”
လင်းဖုန်း ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် ရွှေတောင်မြို့ရှိ လူများအားလုံး အလွန်ပင် အံ့အားသင့်သွားကြရသည်။ သူတို့ သူတော်စင်များကြား ပွင့်ပွင့်လင်းလင်း ပဋိပက္ခဖြစ်ပွားသည်ကို မည်သည့်အခါကမျှ မမြင်တွေ့ဖူးခဲ့ချေ။
ထိုလူများအနေဖြင့် လင်းဖုန်း သေဆုံးသွားခဲ့သည့် ကိစ္စကို သဘာဝကျကျ မသိရှိကြချေ။ လင်းဖုန်း သေဆုံးသွားခဲ့ပြီဟု ယူဆထားကြသော်လည်း သူတော်စင်များက ဤသတင်းကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူတော်စင်တစ်ပါး၏ သေဆုံးမှုက သက်ရောက်မှု အလွန်ကြီးမားသောကြောင့်ပင်။
ဝုန်း
ရုတ်တရက် ကောင်းကင်ယံတစ်ခွင် ပြာနှမ်းသွားသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံး ဒီရေလှိုင်းများ အဆက်မပြတ် လှုပ်ခတ်လာ၏။
သူတော်စင်ဘာတိုင်က သူတော်စင်စံအိမ်အတွင်းမှ ခြေလှမ်းတစ်လှမ်းချင်း လျှောက်ထွက်လာသည်။
သို့သော်လည်း လင်းဖုန်းကို မြင်လိုက်ရသည့် ခဏ၌ သူ့မျက်ဝန်းများ ရုတ်တရက် အေးခဲသွားသည်။
“လင်းဖုန်းလား”
ယင်းကား လင်းဖုန်းပင်။ သူတော်စင်ဘာတိုင် လုံးဝ မမှားနိင်ပေ။ လင်းဖုန်း၏ ခန္ဓာကိုယ်ပေါ်တွင် ကြယ်တာရာစွမ်းအားများ လှုပ်ခတ်နေခြင်း မရှိ။ သို့သော်လည်း လင်းဖုန်းက သူ၏လေးလံရေထု နတ်ဘုရားနယ်မြအတွင်း၌ အနည်းငယ်မျှပင် ဖိနှိပ်ခံရခြင်း မရှိချေ။
သူတော်စင်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းရည်ရှိသော လင်းဖုန်းသာလျှင် ဤအရာကို လုပ်ဆောင်နိုင်ပေလိမ့်မည်။
လင်းဖုန်း မည်သည့်အတွက်ကြောင့် မသေသေးသည်ကို သူ မသိသော်လည်း သူတော်စင်ဘာတိုင်အနေဖြင့် ထိုကိစ္စကို လုံးစေ့ပတ်စေ့ စုံစမ်းစစ်ဆေးရန် ရည်ရွယ်ချက် မရှိချေ။ လက်ရှိ လင်းဖုန်း အသက်ရှင်နေဆဲဖြစ်သည်ဟူသောအချက်က ပိုအရေးကြီးသည်။
“လင်းဖုန်း... မင်း စက်ရုပ်ကို ပြန်တောင်းဖို့ လာတာလား”
သူ မြင်တွေ့ရသည့်အတိုင်းဆိုလျှင် လင်းဖုန်း စက်ရုပ်ကို ပြန်လည်တောင်းရန် ဤနေရာသို့ လာရောက်ခြင်း ဖြစ်ရပေမည်။ ထို့ပြင် သူက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့်အတူ ရှိနေ၏။ လင်းဖုန်းက အင်အားသုံးပြီး သူ့ကို ဖိနှိပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။
ဘာတိုင်က သူတော်စင်ကလော့ကို လျှို့ဝှက်ဆက်သွယ်ရန်ပင် ပြင်လိုက်သည်။ သူနှင့် ကလော့တို့က အမြဲတမ်း ရင်းနီးသည့် ဆက်ဆံရေးရှိကြသည်။ ကလော့တွင်လည်း ပညာရေးအဖွဲ့အပေါ် မကျေနပ်ချက်များစွာ ရှိနေခဲ့သည်။ သူတို့က အချိန်အတော်ကြာကတည်းက မဟာမိတ်များ ဖြစ်ခဲ့ကြပြီး အတူတကွ ရှေ့တိုးနောက်ဆုတ် လုပ်ဆောင်ခဲ့ကြသူများ ဖြစ်သည်။
အချိန်ကျ၍ ကလော့ ရောက်ရှိလာလျှင် လင်းဖုန်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အကူအညီကို ရရှိထားလျှင်ပင် သူတို့ မည်သို့မျှ တတ်နိုင်တော့မည်မဟုတ်။
လင်းဖုန်း သူတော်စင်ဘာတိုင်ကို လှမ်းကြည့်လိုက်သည်။ သူ့အကြည့်က စံအိမ်အတွင်းရှိ ကာကွယ်သူစက်ရုပ်ပေါ်သို့ပင် ကျရောက်သွား၏။
အရာအားလုံးက ရှင်းလင်းသွားလေပြီ။
“မဟုတ်ဘူး... ငါ ကာကွယ်ကို ပြန်တောင်းဖို့ လာတာမဟုတ်ဘူး”
လင်းဖုန်း လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လေသံက တည်ငြိမ်အေးဆေးနေသော်လည်း သူ့မျက်ဝန်းများမှာမူ ကြယ်တာရာများအလား ရုတ်တရက် အလွန်တရာ စူးရှတောက်ပလာ၏။
“ငါ မင်းကို သတ်ဖို့ လာတာ”
ဝုန်း
လင်းဖုန်း၏ ခန္ဓာကိုယ်က ချက်ချင်း အဆမတန် ကြီးမားကျယ်ပြန့်လာသည်။ မီတာတစ်ရာ၊ မီတာငါးရာ၊ မီတာတစ်ထောင်...
အသက်ရှူချိန်အနည်းငယ်အတွင်း လင်းဖုန်း၏ ခန္ဓာကိုယ်က သုံးကီလိုမီတာအထိ ကြီးထွားပြန့်ကားသွားသည်။
ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ် လုံးဝဥဿုံ ပေါက်ကွဲထွက်လာချေပြီ။ လင်းဖုန်း လက်ကို ဆန့်ထုတ်ကာ ရိုက်ချလိုက်သည်။ လင်းဖုန်း၏ လက်ဝါးချက်က သူတော်စင်ဘာတိုင်၏ စံအိမ်ကြီးတစ်ခုလုံးကိုပင် လွှမ်းခြုံသွား၏။
ထိုအချိန်တွင် ကမ္ဘာမြေကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်သွားသည်။
ကောင်းကင်ယံက အမှောင်အတိဖုံးလွှမ်းသွားသည်။
တောင်တန်းကြီးများနှင့် မဟာပထဝီမြေကြီးပင်လျှင် ပြိုကျပျက်စီးသွားသည်။
“လေးလံရေထု နတ်ဘုရားနယ်မြေ”
သူတော်စင်ဘာတိုင်၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွား၏။ လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ထံမှ ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုကို အာရုံခံမိလိုက်သဖြင့် သူ့မျက်နှာက လုံးဝ နီမြန်းသွားပြီး စိတ်ရူးပေါက်သည့်အလား အော်ဟစ်ကြုံးဝါးလိုက်တော့သည်။
နတ်ဘုရားနယ်မြေအတွင်း၌ အတိုင်းအဆမဲ့ လေးလံရေများက ဧရာမဘီလူးကြီးတစ်ကောင်အဖြစ် စုစည်းသွား၏။ ယင်းက လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ထက် အနည်းငယ်မျှပင် အားနည်းခြင်း မရှိသည့်အလား ထင်ရသည်။
နတ်ဘုရားနယ်မြေအတွင်း၌ သူတော်စင်များက အလွန်တရာ အစွမ်းထက်လှသည်။ အမြင့် သုံးကီလိုမီတာရှိသည့ါ လေးလံရေဘီလူးကြီးကို ဖန်တီးရန် မဆိုထားနှင့် ကီလိုမီတာသုံးဆယ်ရှိသည့် ရေဘီလူးကြီးကို ဖန်တီးရန်ဆိုလျှင်လည်း ဘာမှမပြောပလောက်ချေ။ အဆုံးမဲ့ ကြယ်တာရာစွမ်းအားများက ယင်းအတွက် လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်စွမ်းရှိ၏။
သို့သော်လည်း ယင်းက အပေါ်ယံသက်သက်သာ ဖြစ်ပေသည်။
ဝုန်း... ဝုန်း...
လင်းဖုန်း၏ ဧရာမလက်ဝါးကြီး ကျဆင်းလာသည်။ လေးလံရေထု၏ ရေစက်တိုင်းက အနှိုင်းမဲ့ လေးလံလှ၏။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ပင်လျှင် သတိကြီးကြီး ထားရပေမည်။
သို့ပေသော်ငြား…
လင်းဖုန်း၏ ဧရာမလက်ဝါးကြီး၏ ရှေ့မှောက်တွင်မူ ယင်းက စက္ကူတစ်စအလား ချက်ချင်း ပြိုလဲပျက်စီးသွားရသည်။
အမြင့်သုံးကီလိုမီတာရှိသည့် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က အရှိန်အဟုန်အပြည့်ဖြင့် ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။ လင်းဖုန်းအနေဖြင့် တိုက်ပွဲဝင်ခန္ဓာကိုယ်၏စွမ်းအား မည်မျှအထိ ထက်မြက်သည်ကို မသိပေ။ သို့သော်လည်း လက်ရှိအချိန်တွင် သူ့နှလုံးသားက တည်ငြိမ်အေစက်နေပြီး အတိုင်းအဆမဲ့ သတ်ဖြတ်လိုစိတ်များသာ အပြည့်အဝ လွှမ်းမိုးနေ၏။ ထိုဒေါသစိတ်က ကမ္ဘာကြီးကို ဖျက်ဆီးမည့် နတ်ဘုရားတစ်ပါးအလား ဧရာမလက်ဝါးကြီးနှင့် အလုံးစုံ လွှမ်းခြုံရိုက်ချလိုက်သည်။
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မဖြစ်နိုင်တာ…”
ဧရာမလက်ဝါးကြီးက ဖိချလာသည်နှင့် လေးလံရေထုနတ်ဘုရားနယ်မြေမှာ တစ်လက်မချင်း ပြိုကျပျက်စီးသွားရသည်။ ကြယ်တာရာစွမ်းအားစက်ကွင်းမှာ တိုက်ရိုက် ဆုတ်ဖြဲခံလိုက်ရပြီး အစအနမကျန် ပျောက်ကွယ်သွား၏။ သူတော်စင်ဘာတိုင်အနေဖြင့် ဧရာမလက်ဝါးကြီး ကျဆင်းလာပြီး သူ၏ ခန္ဓာကိုယ်အပေါ်သို့ ဖိချလိုက်သည်ကိုသာ ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေရတော့သည်။
ဘုန်း
ကြယ်တာရာစွမ်းအားစက်ကွင်းဆိုတော့ ဘာဖြစ်လဲ။ နတ်ဘုရားနယ်မြေဆိုတော့ရော ဘာဖြစ်လဲ။ အရာအားလုံးက လက်ရှိအချိန်တွင် အချည်းနှီးသာ ဖြစ်သွားလေပြီ။
သူတော်စင်ဘာတိုင်တစ်ယောက် အော်သံတစ်ချက်မျှပင် မပြုလုပ်နိုင်ခဲ့ဘဲ ကြောက်မက်ဖွယ်ရာ ဧရာမလက်ဝါးချက်အောက်တွင် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားပြီး အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲပျောက်ကွယ်သွားတော့သည်။ သို့သော်လည်း ဧရာမလက်ဝါးကြီးက အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းလာပြီး သူတော်စင်စံအိမ်ကြီးတစ်ခုလုံးကိုပါ လွှမ်းခြုံသွားသည်။
ဝုန်း
ဧရာမလက်ဝါးကြီး ပျောက်ကွယ်သွားသည်နှင့် သူတော်စင်စံအိမ်ကြီးသည်လည်း မြေပြန့်အတိ ဖြစ်သွားလေ၏။ သူတော်စင်စံအိမ်အတွင်းရှိ အရာအားလုံး ခြေမွဖျက်ဆီးခြင်း ခံလိုက်ရသည်။ သူတော်စင်ဘာတိုင် အချိန်မီ မဆင့်ခေါ်နိုင်ခဲ့သည့် စက်ရုပ်ကြီးပင်လျှင် ဤလက်ဝါးချက်အောက်တွင် အစိတ်စိတ်အမွှာမွှာ ကွဲအက်ပျက်စီးသွားခဲ့ရသည်။
လက်ရှိအချိန်တွင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ပင်လျှင် တုန်လှုပ်ခြောက်ချားမှုကြောင့် မျက်ဝန်းများ ပြူးကျယ်သွားရ၏။
လက်ဝါးတစ်ချက်တည်းဖြင့် သူတော်စင်တစ်ပါး ကျဆုံးသွားခဲ့ရချေပြီ။