အခန်း ၁၀၉၆
Vol. 105 Ch. 1096
အခန်း ၁၀၉၆ အသုံးမဝင်သော လက်အိတ်
"နင့်သဘောပဲ... ငါတို့ မနက်ဖြန် ထွက်သွားကြတာပေါ့" ကျိချင်းက လုံချန်း၏ တောင်းဆိုချက်ကို သဘောတူလိုက်ပြီးနောက် အစိတ်စိပ် လှီးထားသော သစ်သီးပန်းကန်ကို လုံချန်း ရှေ့တွင် ချပေးလိုက်၏။
"ကဲ... တစ်ခုခု စားလိုက်ဦး။ ဒါက နင့်ရဲ့ သဘာဝအတိုင်း ပြန်လည် ကုသနိုင်စွမ်းကို ပိုပြီး အထောက်အကူပြုလိမ့်မယ်" သူမက ဆိုသည်။
လုံချန်းသည် သစ်သီးတစ်စိတ်ကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်၏။
"နင်ပြောဖူးတဲ့ နင့်ရဲ့ အတွင်းကမ္ဘာ ပြီးပြည့်စုံကာနီး ဖြစ်နေပြီဆိုတဲ့ ကိစ္စကော ဘယ်လို အခြေအနေရှိလဲ" လုံချန်း သစ်သီးကို မျိုချလိုက်စဉ် ကျိချင်းက မေးမြန်းလိုက်သည်။
"အရှိန်ကတော့ နည်းနည်း နှေးသွားတယ်။ ဒါပေမဲ့ ဒါက ငါတို့ နောက်ဆုံး အဆင့်ကို ရောက်နေလို့ပါ။ အဲဒီနေရာ ပြီးပြည့်စုံသွားမယ့် အချိန်ကို ငါ တကယ်ပဲ စိတ်လှုပ်ရှားနေမိတယ်။ နင်လည်း သေချာပေါက် သဘောကျလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ ပြီးတော့ အဲဒီနေရာကျရင် ကမ္ဘာတုလို မဟုတ်ဘဲ ငါ သွားချင်တဲ့နေရာကို စိတ်ကြိုက် ဝင်လိုက်ထွက်လိုက် လုပ်လို့ရမှာ" လုံချန်းက ပြုံးလျက် ပြန်လည်ဖြေကြားလိုက်၏။
သူသည် သူ၏ အတွင်းကမ္ဘာနှင့် ပတ်သက်၍ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။ ထို့ပြင် သူ စိတ်လှုပ်ရှားနေသော အခြားအရာ တစ်ခုလည်း ရှိသေး၏။ ၎င်းမှာ ရန်သူ၏ တိုက်ခိုက်မှုများကို စုပ်ယူပြီး သူ၏ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ပေးနိုင်သော အချိန်ဓားပင် ဖြစ်သည်။
၎င်းမှာ အံ့သြဖွယ်ကောင်းသော စွမ်းရည်တစ်ခုမှန်း သူ သိရှိထား၏။ ထို့ပြင် ထိုအရာအား ထပ်မံပြုလုပ်နိုင်ခြင်း ရှိ၊ မရှိကိုလည်း သူ စမ်းသပ်လိုနေခဲ့သည်။
သူသည် ထိုတိုက်ခိုက်မှုများအား စုပ်ယူရန် ကြိုးပမ်းနိုင်ရေးအတွက် ကျိချင်းနှင့် မင်ယုတို့ကို သူ့အား တိုက်ခိုက်ခိုင်းရန် တွေးတောမိသည်။ အကယ်၍ ဤလှည့်ကွက်သာ အလုပ်ဖြစ်ခဲ့ပါက သူ့တွင် ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ပေးနိုင်မည့် စွမ်းအင်များ အကန့်အသတ်မရှိ ရရှိလာတော့မည် ဖြစ်၏။
မင်ယုနှင့် ကျိချင်းတို့ကို နေ့စဉ် သူ့အား တိုက်ခိုက်ခိုင်းပြီး ထိုစွမ်းအင်များကို စုပ်ယူကာ ကျင့်ကြံခြင်း အဆင့်အား မြှင့်တင်ရုံသာ ဖြစ်သည်။ မည်သို့ဆိုစေ သူသည် ရန်သူ၏ ကျင့်ကြံခြင်း အဆင့်အား စုပ်ယူနေခြင်း မဟုတ်ကြောင်းကိုမူ သူ သေချာပေါက် သိရှိထားသည်။
သူသည် တိုက်ခိုက်မှု၏ စွမ်းအင်ကိုသာ စုပ်ယူခြင်း ဖြစ်သဖြင့် မင်ယုနှင့် ကျိချင်းတို့၏ ကျင့်ကြံခြင်း အဆင့်အပေါ် မည်သည့်သက်ရောက်မှုမျှ ရှိမည် မဟုတ်ချေ။ အကယ်၍ အလုပ်သာ ဖြစ်ခဲ့လျှင် ၎င်းက ကြီးမားသော လှည့်စားခြင်း စွမ်းရည် တစ်ခု ဖြစ်လာရန် အလားအလာ ရှိပေသည်။
ကံဆိုးစွာဖြင့် သူသည် အချိန်ဓားကို မ,တင်နိုင်လောက်အောင်ပင် ဒဏ်ရာများ လုံးဝ မသက်သာသေးချေ။ သူသည် အကွာအဝေး အနည်းငယ်ကိုသာ မနည်းလမ်းလျှောက်နိုင်ပြီး လက်ဖြင့် ပေါ့ပါးသော အရာများကိုသာ ကောက်ယူနိုင်သေးသည်။ အချိန်ဓားမှာမူ အမှန်တကယ်ပင် အလွန်အမင်း လေးလံလွန်းပေသည်။
အကယ်၍ သူက ထိုဓားကို ကောက်ကိုင်ပြီး တိုက်ခိုက်မှုအား ခုခံရန် ကြိုးပမ်းပါက သူ့ဒဏ်ရာကို ပိုမို ဆိုးရွားသွားစေနိုင်သည့် စိုးရိမ်ရေမှတ် ရှိနေကြောင်း သူ သဘောပေါက်လိုက်၏။ ၎င်းက တစ်ဖန် သူ၏ ပြန်လည်ကုသမှုကို ထိခိုက်စေပြီး အချိန်ပိုမို ကြာမြင့်သွားစေမည် ဖြစ်သည်။
ထို့ကြောင့် သူ၏ အတွေးအမြင်ကို မည်မျှပင် စမ်းသပ်လိုစိတ် ပြင်းပြနေပါစေ အချိန်ဓားအား သူ ထုတ်မသုံးခဲ့ချေ။ သူသည် ဒဏ်ရာများ လုံးဝဥဿုံ ပြန်လည်ကောင်းမွန်လာမည့် အချိန်အထိ စောင့်ဆိုင်းရန်သာ ဆုံးဖြတ်လိုက်တော့သည်။
သူသည် သစ်သီးများကို ဆက်လက်စားသုံးနေခဲ့၏။
"မင်ယု ဘယ်မှာလဲ" မင်ယု ရုတ်တရက် ပျောက်ကွယ်နေသည်ကို သတိပြုမိသွားသဖြင့် သူက ရုတ်တရက် မေးလိုက်သည်။
"သူက သာမန်လူသားတွေ သုံးတဲ့ ကုသရေး အရည်ကို သွားယူတာလေ။ ငါတို့ဆီမှာ အဲဒါတွေ ကုန်ခါနီးနေပြီ။ ဒီတောအုပ်ရဲ့ အပြင်ဘက်မှာ ရွာတစ်ရွာ ရှိပုံရတယ်။ သူက အဘွားအိုနဲ့အတူ အဲဒါအချို့ သွားယူတာ" ကျိချင်းက ပြန်ဖြေလိုက်၏။
"နင်က သူ့ကို တစ်ယောက်တည်း လွှတ်လိုက်ရတာလား။ အဲဒီအရာက အဲဒီလောက်ကြီး မရေးကြီးပါဘူး။ အခုက စွန့်စားရမယ့် အချိန်မဟုတ်ဘူးဆိုတာ နင်လည်း သိတယ်မဟုတ်လား" လုံချန်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"စိတ်မပူပါနဲ့။ ဘာမှမဖြစ်ပါဘူး။ ဒါက ကျင့်ကြံသူတွေရဲ့ ရွာမှ မဟုတ်တာ။ ဒီမှာ ကျင့်ကြံသူတွေ မရှိပါဘူး။ တကယ်လို့ ရှိနေရင်တောင် မင်ယုက ရန်သူတွေရဲ့ သွားအချို့ကို ရိုက်ချိုးပြီး ဘေးကင်းကင်းနဲ့ ပြန်လာနိုင်လောက်အောင် သန်မာပါတယ်။ နင်က အကြောင်းမရှိဘဲ စိုးရိမ်နေတာပဲ" ကျိချင်းက တဟားဟား ရယ်မောရင်း ဆိုလိုက်၏။
"သူက ကလေးမှ မဟုတ်တာ။ နင် ငါတို့ကို အကြာကြီး ကာကွယ်ပေးခဲ့ပြီးပြီပဲ။ အခုက ငါတို့အလှည့်ပေါ့။ ငါတို့က အကြောင်းမရှိဘဲ ခွန်အားနောက်ကို လိုက်ခဲ့ကြတာ မဟုတ်ဘူးလေ။ နင့်ကို ကူညီနိုင်လောက်အောင် သန်မာချင်လို့ပါ။ အခု အချိန်အကြာကြီး ကြာပြီးတဲ့နောက်မှ နင့်ကို ကူညီခွင့်ရမယ့် အခွင့်အရေး ရောက်လာတာ။ စိတ်အေးအေးထားပါ" သူမက ဆက်လက်ပြောကြားရင်း အိုးအလွတ်ကို ကောက်ယူကာ ဘေးတွင် တင်ထားလိုက်သည်။
သူမ အိုးကို ဘေးတွင် တင်လိုက်စဉ်မှာပင် လုံချန်း၏ ရတနာပစ္စည်းများ ဖြစ်သော ဖီးနစ်သွေးဝတ်ရုံနှင့် ကျန်ရှိသော အရာများကို သတိပြုမိသွားခဲ့၏။
"ငါတို့ မနက်ဖြန် ထွက်သွားကြမှာဆိုတော့ အဝတ်အစား လဲချင်လား။ ဖီးနစ်သွေးဝတ်ရုံနဲ့ တခြား အရေးကြီးတဲ့ ရတနာတွေရောပဲ" သူမက လုံချန်းကို မေးလိုက်သည်။
"ဟုတ်သားပဲ။ အဲဒါတွေကို ဒီကို ယူလာပေးပါ" လုံချန်းက ကျိချင်းထံသို့ လက်လှမ်းပြရင်း ဆိုလိုက်၏။ "ငါ လူမမာလို အဝတ်အစားတွေကနေ ရုန်းထွက်ပြီး အရင်က လုံချန်းအဖြစ် ပြန်ပြောင်းရမယ့် အချိန်ရောက်ပြီ"
သူသည် ခုတင်ဘေးသို့ တိုးရွေ့လိုက်ပြီး ခြေထောက်များကို အောက်သို့ ချလျက် ထိုင်လိုက်တော့သည်။
ကျိချင်းက ရတနာပစ္စည်းများကို ကောက်ယူကာ လုံချန်း ဘေးက ခုတင်ပေါ်တွင် တင်ပေးလိုက်၏။
လုံချန်း မတ်တတ်ရပ်လိုက်ပြီး သူ့အဝတ်အစားဟောင်းများကို စတင် ချွတ်လိုက်တော့သည်။ သူသည် အဝတ်အစားဟောင်းများကို ဘေးတွင် အသာချထားလိုက်ပြီးနောက် ပုံမှန် အဝတ်အစားများကို ဝတ်ဆင်လိုက်ရာ ယခင်က လူမမာပုံစံ ပျောက်ကွယ်သွားပြီး ကျန်းမာသန်စွမ်းသော မင်းသားတစ်ပါးအလား ပြန်လည်ထင်ဟပ်သွားခဲ့၏။
သူသည် အစိမ်းရင့်ရောင် ဘောင်းဘီ၊ အင်္ကျီအဖြူနှင့် အပေါ်က တော်ဝင်မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်လိုက်သည်။
သူ့ဘေးကို ငုံ့ကြည့်လိုက်ပြီး အနီရောင် ဖီးနစ်သွေးဝတ်ရုံအား ကောက်ယူကာ ကျောပေါ်တွင် လွှမ်းခြုံလိုက်၏။
"ဒါက..." ဖီးနစ်သွေးဝတ်ရုံကို ဝတ်ဆင်လိုက်စဉ်မှာပင် လုံချန်းသည် ယခင်က ဖီးနစ်သွေးဝတ်ရုံ၏ အောက်တွင် ရှိနေသဖြင့် သူ့အမြင်က ကွယ်ပျောက်နေခဲ့သော အရာတစ်ခုကို သတိပြုမိလိုက်သည်။
ခုတင်ပေါ်တွင် လဲလျောင်းနေသော အနက်ရောင် လက်အိတ်များကို မြင်လိုက်ရသဖြင့် သူ့မျက်နှာတွင် မျက်မှောင်ကြုတ်ရိပ်များ ထင်ဟပ်သွားခဲ့၏။
ဤလက်အိတ်များမှာ သူ စမ်းသပ်မှုကို ဖြတ်သန်းပြီးနောက် ပျက်စီးသွားခဲ့သော နတ်ကောင်းကင်ဘုံဂိုဏ်းထံမှ သူ ရရှိခဲ့သော လက်အိတ်များ ဖြစ်ပေသည်။
ထိုအချိန်က ဤလက်အိတ်များသည် အထူးခြားဆုံး အရာတစ်ခု ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့သဖြင့် ၎င်းတို့ကို ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်၏။ ထိုအချိန်မှစ၍ သူသည် ဤလက်အိတ်များကို အမြဲဝတ်ဆင်ထားခဲ့ပြီး မည်သည့်အခါမျှ မချွတ်ခဲ့ချေ။ အမှန်တကယ်ပင် ဤလက်အိတ်များသည် သူ့ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်နေခဲ့သဖြင့် သူ လက်အိတ်ဝတ်ထားသည်ဆိုသည့် အချက်ကိုပင် သူ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
ယခု ခုတင်ပေါ်တွင် လဲလျောင်းနေသည်ကို မြင်တွေ့လိုက်ရမှသာ ၎င်းတို့အကြောင်းနှင့် ၎င်းတို့အား သူ မည်သို့ရရှိခဲ့ပုံကို ပြန်လည် သတိရလာခဲ့ခြင်း ဖြစ်၏။
"ဒီလက်အိတ်တွေ... နင် အမြဲ ဝတ်ထားတာ ငါ သတိထားမိတယ်။ နင့်ရဲ့ ရတနာ အများစု အကြောင်း ငါ သိပေမယ့် ဒါတွေကိုတော့ မသိဘူး။ ဒီလက်အိတ်တွေမှာ ဘာတွေ ထူးခြားလို့လဲ" လုံချန်း လက်အိတ်များအား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ကျိချင်းက မေးမြန်းလိုက်သည်။
"ဟင်း..." လုံချန်း၏ ပင်ပန်းနွမ်းနယ်နေသော နှုတ်ခမ်းအစုံမှ နက်ရှိုင်းသော သက်ပြင်းတစ်ချက် ထွက်ပေါ်လာခဲ့ပြီးနောက် သူက ဆက်လက်ပြောကြားလိုက်၏။ "ငါလည်း ဒီမေးခွန်းရဲ့ အဖြေကို သိချင်တာပေါ့။ ဒီလက်အိတ်တွေက ရတနာတစ်ခုလို့ အဆိုရှိပြီး အဆင့်မြင့် ရတနာတစ်ခုလည်း ဖြစ်တယ်။ ဒါပေမဲ့ ငါ့အတွက်တော့ လုံးဝကို အသုံးမဝင်တဲ့ အရာပဲ။ အခုအချိန်အထိ အဲဒါတွေက ဘာလုပ်ပေးနိုင်လဲဆိုတာ ငါ နားမလည်သေးဘူး"
"ဒါပေမဲ့ ငါ ဒါတွေကို နတ်ကောင်းကင်ဘုံဂိုဏ်းကနေ ရခဲ့တာဆိုတော့ ထူးခြားမှာတော့ အမှန်ပဲ။ အနည်းဆုံးတော့ ငါ အဲဒီလို ထင်ခဲ့တာပေါ့။ ဒါပေမဲ့ အခုတော့ ငါ့ရဲ့ ထင်မြင်ချက်ကို ငါကိုယ်တိုင် သံသယဝင်လာပြီ။ နတ်ကောင်းကင်ဘုံဂိုဏ်းက ငါ့ကို ချောက်ချလိုက်တာလို့တောင် ခံစားနေရတယ်" လုံချန်းက သက်ပြင်းချရင်း ပြန်လည်ဖြေကြားလိုက်သည်။
"ဘာပဲဖြစ်ဖြစ်လေ... ချောက်ချတာပဲဖြစ်ဖြစ် ငါကတော့ ဒီလက်အိတ်တွေကို ဝတ်ရတာ အကျင့်ဖြစ်နေပါပြီ။ ဒါက အရေးမကြီးတော့ပါဘူး" သူက ဆိုလိုက်ရင်း လက်အိတ်များကို ကောက်ယူကာ ပြန်လည် ဝတ်ဆင်လိုက်တော့သည်။
ကံကောင်းထောက်မစွာဖြင့် ရှေးဟောင်း လက်စွပ်နှင့် ကမ္ဘာတု လက်စွပ်တို့ကိုမူ အဘွားအိုက ချွတ်မပစ်ခဲ့ချေ။ ထိုလက်စွပ်များသည် သူ့ဝိညာဉ်နှင့် ပေါင်းစည်း နှောင်ဖွဲ့ထားခြင်း ဖြစ်သဖြင့် အဘွားအိုအနေဖြင့် ချွတ်နိုင်စွမ်း ရှိ မရှိကိုပင် သူ သေချာမသိသော်လည်း မည်သို့ပင်ဖြစ်စေ သူ ဝမ်းမြောက်မိနေခဲ့ပေသည်။