အခန်း ၁၀၉၈
Vol. 105 Ch. 1098
အခန်း ၁၀၉၈ ပျောက်ဆုံးသွားသော စိတ်ခံစားချက်၏ ပဟေဠိ
"အဲဒါ ကောင်းတာပေါ့။ ဒါပေမဲ့ နင် သူတို့ကို သေချာပေါက် မှတ်လောက်သားလောက်အောင် လုပ်ခဲ့တယ် မဟုတ်လား" မင်ယု ပြောပြတဲ့ တိုက်ခိုက်မှုအကြောင်း ကြားရသောအခါ လုံချန်းက သူမကို မေးလိုက်၏။
ဤနေရာတွင် ကျင့်ကြံသူ တစ်ယောက်မျှ မရှိကြောင်း သူမပြောကတည်းက မင်ယုတစ်ယောက် ဘေးကင်းမည် ဖြစ်ကြောင်း သူ ရိပ်မိထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူမ ဘေးကင်းကြောင်း ထပ်မံမေးမြန်းနေရန် မလိုတော့ချေ။
"လုပ်ခဲ့တာပေါ့။ စိတ်မပူပါနဲ့... ငါ လုပ်ခဲ့တဲ့အရာကြောင့် သူတို့ အဘွားကို ရန်ပြုဖို့ နေနေသာသာ တွေးဝံ့ကြမှာတောင် မဟုတ်တော့ဘူး။ ငါ သူတို့ရဲ့ နှလုံးသားထဲကို ကြောက်စိတ်တွေ သေသေချာချာ ရိုက်ထည့်ပေးလိုက်တယ်" မင်ယုက ခေါင်းညိတ်ရင်း ဆိုလိုက်၏။
"အဲဒါက ပိုကောင်းတာပေါ့။ ဒါဆို ငါတို့ တခြားအရာတွေကို စိတ်ပူနေစရာမလိုဘဲ စိတ်အေးလက်အေး ထွက်ခွာလို့ရပြီ" လုံချန်းက ဆိုသည်။
"ငါတို့ တကယ်ကြီး ထွက်သွားကြတော့မှာလား" မင်ယုက လုံချန်းကို မေးလိုက်၏။ "ဒါပေမဲ့ နင့်ရဲ့ ကျန်းမာရေးကော ခရီးသွားနိုင်တဲ့ အခြေအနေ ရှိလို့လား"
လုံချန်းက ကျိချင်းကို လှည့်ကြည့်ရင်း ပြုံးလိုက်ပြီး ဆိုလိုက်သည်။ "ကျိချင်း... ငါ နင့်ကို ပြောပြထားတဲ့အကြောင်းတွေကို မင်ယုကို ရှင်းပြပေးလိုက်ပါဦး။ ပြီးတော့ သူ စိုးရိမ်မနေရအောင် ငါ့ရဲ့ ကတိအကြောင်းကိုပါ ပြောပြလိုက်ပါ"
"လာပါ... ငါ ရှင်းပြမယ်" ကျိချင်းက မင်ယုကို အပြင်သို့ ခေါ်ထုတ်သွားပြီးနောက် စတင်ရှင်းပြတော့၏။
"ရွှင်းရေ" လုံချန်းကမူ ကုတင်ပေါ်တွင် ကျန်ရစ်ခဲ့ပြီး အနားယူရင်း ခေါ်လိုက်သည်။
"ဘာလဲ" လုံချန်း ခေါ်သံကို ရွှင်းက ပြန်ထူးလိုက်၏။
"ငါ့မှာ မေးခွန်းတစ်ခု ရှိလို့ပါ။ ငါ့ရဲ့ မွန်မြတ်တဲ့ ယောက္ခမကြီးလေ သူ ပြီးခဲ့တဲ့ အကြိမ်က အချိန်ဆွဲဖို့ ကြိုးစားတုန်းက အင်မော်တယ် ကမ္ဘာက စေတမန်တွေကို ဖိတ်ခေါ်ထားတယ်လို့ ပြောခဲ့တယ်မဟုတ်လား။ သူက အဲဒီလူတွေကို အင်မော်တယ် ကမ္ဘာက စေတမန်တွေလို ပြောဆိုနေတာကို နင်လည်း သတိထားမိတယ်မလား" လုံချန်းက မေးလိုက်၏။
"သတိထားမိတာပေါ့" ရွှင်းက ပြန်ဖြေသည်။ "ပြီးတော့ နင်ပြောတာလည်း မှန်တယ်"
"ဟုတ်တယ်။ ဒါပေမဲ့ ဟိုကောင်ကကျတော့ ငါ့ယောက္ခမ ပြောနေတဲ့ အကြောင်းကို သူ လုံးဝ မသိသလိုမျိုး ပြောနေခဲ့တာလေ။ ငါ ဘာကို ဆိုလိုချင်လဲဆိုတာ နင် သဘောပေါက်ရဲ့လား" လုံချန်းက မေးလိုက်ပြန်သည်။
"ဆိုလိုတာက နင့်ရဲ့ ယောက္ခမက ရန်သူတွေရဲ့ တည်ရှိမှုကို မှားယွင်းပြီး ထင်မှတ်နေခဲ့တာလို့ ပြောချင်တာလား" ရွှန်က လွှတ်ခနဲ ဆိုလိုက်၏။
"အတိအကျပဲ။ ငါ့ယောက္ခမက အဲဒီလူတွေကို ငါ့ကို ဖမ်းဆီးဖို့ ရောက်လာတဲ့ အထက်ကမ္ဘာက စေတမန်တွေလို့ ထင်နေခဲ့တာ။ တကယ်တော့ သူတို့က စေတမန်တွေ မဟုတ်ကြဘူး။ ဒါဆို မေးစရာ ရှိလာတာက အင်မော်တယ်ကမ္ဘာက တကယ့် စေတမန်အစစ်အမှန်တွေက ဘယ်မှာလဲ" လုံချန်းက မေးလိုက်သည်။
"ပြီးတော့ သူတို့က ငါ့ကို ဘာလို့ ဖမ်းချင်နေရတာလဲ" သူက ထပ်လောင်းစုံစမ်းလိုက်၏။
"ငါလည်း လုံးဝ မသိဘူး။ ဒီအကြောင်းကို သိနိုင်မယ့် တစ်ဦးတည်းသောလူက နင့်ယောက္ခမပဲ ရှိလိမ့်မယ်။ သူက ဘာဖြစ်လို့ အင်မော်တယ်ကမ္ဘာက စေတမန်တွေကို ဆက်သွယ်ပြီး နင့်ကို ဖမ်းခိုင်းရတာလဲ။ ပြီးတော့ သူတို့က ဘာလို့ လာရမှာလဲဆိုတဲ့ အကြောင်းအရင်းကို သူကလွဲရင် တခြားဘယ်သူမှ သိမှာမဟုတ်ဘူး" ရွှင်းက ပြန်လည် ဖြေကြားလိုက်သည်။
"လူတိုင်းသိတဲ့ အချက်ကြီးကို အထူးအဆန်းလုပ်ပြီး ပြောပြပေးလို့ ကျေးဇူးပါပဲ။ ဒါဆို ငါ ငရဲပြည်ကို ဆင်းပြီး ငါ့ယောက္ခမကို သွားမေးရမယ့် နည်းလမ်းလေးကိုပါ တစ်ခါတည်း အကြံပြုပေးစမ်းပါဦး" လုံချန်းက ခနဲ့တဲ့တဲ့ဖြင့် မေးလိုက်၏။
"ဟေ့... နင့်ယောက္ခမ သေသွားတာ ငါ့အပြစ်မှ မဟုတ်တာ။ သူက အခြေအနေကို မှားယွင်းနားလည်ခဲ့လို့ ကိုယ့်ကံကြမ္မာကိုယ် ရင်ဆိုင်သွားရတာပဲလေ" ရွှင်းက ဆိုလိုက်သည်။
"နေပါဦး... စေတမန်တွေ၊ အဲဒါကြောင့်မို့လို့ နင် ဒီနေရာကနေ အမြန် ထွက်သွားချင်နေတာလား" သူမ တစ်စုံတစ်ခုကို တွေးမိသွားသဖြင့် လုံချန်းအား မေးလိုက်တော့သည်။
"မှန်တယ်။ စေတမန်တွေက ဒီကမ္ဘာကို ရောက်လာကြတော့မှာ။ ပြီးတော့ သူတို့က အင်မော်တယ်ကမ္ဘာက လာကြမှာလေ။ သူတို့ ဘယ်လောက်တောင် သန်မာမလဲဆိုတာ ငါ မတွေးရဲအောင်ပဲ။ ငါ သူတို့နဲ့ ဝေးနိုင်သမျှ ဝေးဝေးမှာ နေရမယ်။ အခုတောင် ငါ တော်တော်လေး အချိန်နှောင့်နှေးသွားခဲ့ပြီ" လုံချန်းက ပြန်ဖြေလိုက်၏။
"ဘာလို့လဲတော့ မသိဘူး။ ငါ အခုချက်ချင်းသာ မထွက်ခွာရင် နောက်ကျသွားလိမ့်မယ်လို့ ခံစားနေရတယ်။ ငါ ဒဏ်ရာရနေသေးရင်တောင် ဒီကမ္ဘာကနေ ထွက်သွားဖို့ လိုအပ်တယ်" သူက ထပ်လောင်းပြောကြားရင်း ခေါင်းအုံးပေါ်သို့ ခေါင်းချကာ မျက်လုံးများကို ပိတ်လိုက်တော့သည်။
"နင်ပြောတာ မှန်ပါတယ်။ နင်က ခရီးသွားဖို့ အခြေအနေမပေးပေမဲ့ တိုက်ပွဲဝင်ဖို့အတွက်ဆိုရင် နင့်အခြေအနေက ပိုပြီးတော့တောင် ဆိုးရွားဦးမယ်။ တကယ်လို့ အဲဒီနှစ်ခုထဲက တစ်ခုကို ရွေးရမယ်ဆိုရင်တော့ ဒဏ်ရာရနေတုန်း ခရီးသွားရတာက အင်မော်တယ် စစ်သည်တော်တွေကို ဒဏ်ရာနဲ့ ရင်ဆိုင်တိုက်ခိုက်ရတာထက် ပိုကောင်းပါတယ်။ အခုတစ်ကြိမ်တော့ နင့်ရဲ့ ဆုံးဖြတ်ချက်ကို ငါ ထောက်ခံတယ်" ရွှင်းက ပြုံးလျက် ဆိုလိုက်၏။
"အခုတစ်ကြိမ်တော့ နင် တော်တော်လေး လည်တာပဲ။ မဆိုးပါဘူး။ နင် တစ်စတစ်စနဲ့ ရိုးအအ ပုံစံလေး ပျောက်လာပြီပဲ" သူမက ဆက်ပြောသည်။
"ငါ အခုထိ နားမလည်နိုင်သေးတဲ့ အရာတစ်ခု ရှိသေးတယ် ရွှင်း။ ဒီအမှောင်ယဇ်ပဏ္ဏာက ငါ့ဆီကနေ ဘယ်စိတ်ခံစားချက်ကို ယူသွားတာလဲ။ ငါ နိုးလာကတည်းက အချိန်တွေ အများကြီး ကုန်လွန်ခဲ့ပြီ။ အချိန်ကြာလာလေလေ ငါ့ဆီက အရေးကြီးတဲ့ အရာတစ်ခုခု ပျောက်ဆုံးနေသလိုမျိုး ပိုပြီး ခံစားလာရလေပဲ။ ဒါပေမဲ့ အဲဒါက ဘာလဲဆိုတာကို ငါ အတိအကျ အာရုံဖော်လို့မရဘူး ဖြစ်နေတယ်" လုံချန်းက နဖူးကို မျက်မှောင်ကြုတ်ရင်း ဆိုလိုက်၏။
"ငါ စိတ်ခံစားချက် အားလုံးကို ပြန်တွေးကြည့်ပြီးပြီ။ ငါ တွေးမိသမျှ အရာအားလုံး ရှိနေသေးတာပဲ။ အနည်းဆုံးတော့ အဓိက စိတ်ခံစားချက်တွေ အားလုံး ရှိနေသေးတယ်။ ငါ့ရဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ သံယောဇဉ်... ပြီးတော့ ငါမှတ်မိသမျှ တခြားအရာတွေ အကုန်လုံးပဲ။ ငါ့ရဲ့ ကာမစိတ်တောင်မှ အတူတူပဲ။ ဘာလို့လဲဆိုတော့ ငါ စမ်းသပ်ကြည့်ပြီးပြီလေ။ ငါ စိတ်မနိုးကြားစရာ အကြောင်းမရှိဘူး။ ဒါဆို ငါ့ဆီက ဘာတွေ ပျောက်ဆုံးနေတာလဲ" သူက ရွှင်းကို မေးလိုက်သည်။
"နင် အကြောင်းမရှိဘဲ စိုးရိမ်ပူပန်နေတာများလား။ ဒဏ်ရာကြောင့် ဖြစ်နိုင်ခြေ မရှိသလောက် နည်းပေမဲ့ ဒီတစ်ကြိမ်မှာ နင် ဘာမှ ဆုံးရှုံးမသွားတာလည်း ဖြစ်နိုင်တာပဲလေ။ ဒါမှမဟုတ် အမှောင်ယဇ်ပဏ္ဏာက နင့်အပေါ် အဲဒီလို သက်ရောက်မှု မရှိခဲ့တာမျိုးကော ဒါမှမဟုတ် နင် ဆုံးရှုံးလိုက်ရတဲ့အရာက သေးငယ်လွန်းလို့ နင်ကိုယ်တိုင် မမှတ်မိတာလည်း ဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီအကြောင်းကို ဆက်မတွေးပါနဲ့တော့" ရွှင်းက လုံချန်း၏ မျက်နှာကို ကြည့်ကာ ပြောလိုက်သည်။
"အရာအားလုံးကို စိုးရိမ်မနေဘဲ ဒဏ်ရာအမြန်သက်သာဖို့ပဲ အာရုံစိုက်စမ်းပါ။ နင် ဘာစိတ်ခံစားချက်မှ ဆုံးရှုံးမသွားပါဘူး။ စေတမန်တွေနဲ့ ပတ်သက်လို့လည်း နင် တတ်နိုင်သမျှ အမြန်ဆုံး ခရီးထွက်နိုင်အောင်ပဲ ကြိုးစားပါ။ အားလုံး အဆင်ပြေသွားလိမ့်မယ်။ သူတို့က နင့်ကို အလွယ်တကူ ရှာဖွေနိုင်မှာမှ မဟုတ်တာ" သူမက ထပ်လောင်းပြောကြားပြီးနောက် ကွယ်ပျောက်သွားခဲ့တော့သည်။
...
အင်မော်တယ်ကမ္ဘာ၏ စေတမန်များအကြောင်း ရွှင်း ပြောဆိုပြီးတွင် ဖုန်းရှု ကမ္ဘာရှိ ကြယ်တာရာ အင်ပါယာ၏ အလယ်ဗဟို တည့်တည့်တွင် နေရာပြောင်း ဝင်ပေါက် ငါးပေါက် ထွက်ပေါ်လာခဲ့သည်။
ဝင်ပေါက်များ အတွင်းမှ လူငါးဦး ထွက်လာခဲ့ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြ၏။ သို့သော် သူတို့ အပြင်သို့ ရောက်ရှိလာသည်နှင့် တပြိုင်နက် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြရတော့သည်။
"ဧကရာဇ် ပြောခဲ့တာ မှန် မမှန်ဆိုတာကို ငါတို့ ထပ်ပြီး အတည်ပြုနေဖို့ မလိုတော့ဘူး ထင်တယ်။ ဒါက သေချာပေါက် အမှန်တရားပဲ" စေတမန် ငါးဦးထဲမှ တစ်ဦးက လုံးဝဥဿုံ ပျက်စီးလုနီးပါး ဖြစ်နေသော မြို့တော်ကြီးကို တည့်တည့်စိုက်ကြည့်ရင်း ဆိုလိုက်၏။
ပျက်စီးနေသော အဆောက်အအုံများကို မြို့သူမြို့သားများက ရှင်းလင်းနေကြရပြီး ပြိုကျပျက်စီးမှုများကြားမှ အလောင်းများအား ထုတ်ယူနေကြရသည်။
နေရာတိုင်းတွင် သွေးကွက်များကို မြင်တွေ့နေရ၏။ တော်ဝင်နန်းတော်၏ အပိုင်းအစအချို့သာ မတ်မတ်ကျန်ရစ်ခဲ့သဖြင့် စေတမန် ငါးဦးအနေဖြင့် ၎င်းကို အလွယ်တကူပင် ခွဲခြားနိုင်ခဲ့ကြသည်။
"ပတ်ဝန်းကျင် လေထုထဲမှာ အမှောင်ထု စွမ်းအင်တွေ လွှမ်းမိုးနေတာကို မင်းတို့ကော အာရုံခံမိကြလား" စေတမန်ငါးဦး၏ ခေါင်းဆောင်က ကျန်ရှိသော လေးဦးကို မေးလိုက်၏။
"ခံစားရတယ်"
"ငါလည်း ခံစားရတယ်"
"ဒါက သေချာပေါက် ကောင်းကင်ဘုံ မိစ္ဆာတွေ သူတို့ရဲ့ အမှောင်ယဇ်ပဏ္ဏာကို သုံးစွဲလိုက်တဲ့အချိန် ထွက်ပေါ်လာတဲ့ စွမ်းအင်မျိုးနဲ့ ဆင်တူတယ်။ အမှောင်ထုက အရမ်းကို ထူထပ်လွန်းနေတယ်။ ဒါက သေချာပေါက် ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်ရဲ့ လက်ချက်ပဲ"
"ငါတို့ နည်းနည်း နောက်ကျသွားပြီ ထင်တယ်။ ကောင်းကင်ဘုံ မိစ္ဆာက ဧကရာဇ်ရဲ့ လက်ထဲကနေ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီ။ ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်က ဘယ်တော့မှ နောက်ဆုတ်ပြေးလေ့မရှိတာကြောင့် ဧကရာဇ် လိမ်ညာနေတာလို့ ငါတို့ ထင်ခဲ့တာ။ ဒီဧကရာဇ် တစ်ခုခုကို မှားယွင်း နားလည်သွားခဲ့တာ နေလိမ့်မယ်"
"ကောင်းကင်ဘုံ မိစ္ဆာက သူ ကြောက်လို့ ထွက်ပြေးသွားတာ မဟုတ်ဘဲ တခြား အကြောင်းအရင်း တစ်ခုခုကြောင့် ထွက်ခွာသွားတာ နေမှာပါ။ သူ လုပ်ဆောင်ရမယ့် အရေးကြီးတဲ့ ကိစ္စတစ်ခုခုကို သတိရသွားလို့လည်း ဖြစ်နိုင်တာပဲ"
"မှန်တယ်။ ဧကရာဇ်ကတော့ အဲဒီမိစ္ဆာက သူ့ကို ကြောက်လို့ ထွက်ပြေးသွားတယ်လို့ ထင်ပြီး စာထဲမှာ ထည့်ရေးလိုက်တာကိုး။ အဲဒါကြောင့်ပဲ ငါတို့က သူ့ကို လိမ်နေတယ်လို့ ထင်ခဲ့တာ"
စေတမန်ငါးဦးသည် ပတ်ဝန်းကျင်ကို စစ်ဆေးရင်း သူတို့၏ ဆွေးနွေးမှုအား ဆက်လက် လုပ်ဆောင်နေကြတော့သည်။