အခန်း ၁၁၀၀
Vol. 105 Ch. 1100
အခန်း ၁၁၀၀ လက်ဆောင်
"မှန်တာပေါ့။ သူက ဘာဖြစ်လို့လဲ" အဘွားအိုက ပထမမြောက် စေတမန်ကို စူးစမ်းလိုစိတ်ဖြင့် ပြန်မေးလိုက်၏။ သူ မည်သည့် အကြောင်း ပြောနေမှန်း သူမ သိချင်နေသည်။
"ငါ သိချင်တာက သူ ပြီးခဲ့တဲ့လက အကြောင်းအရင်း တစ်ခုခုကြောင့် ဒီအင်ပါယာကနေ ထွက်ခွာသွားခဲ့သေးလား" ပထမမြောက် စေတမန်က မေးလိုက်၏။
"အာ... ဟုတ်သားပဲ။ မင်းသားနဲ့ ဧကရာဇ် အကြားမှာ ပဋိပက္ခအချို့ ဖြစ်ပွားခဲ့လို့ မင်းသား ဒေါသထွက်သွားခဲ့တာ။ သူက ဧကရာဇ်ရဲ့ သားတော်ကို ပြန်ပေးဆွဲပြီး ထွက်သွားခဲ့တယ်" အဘွားအိုက ပြန်ဖြေလိုက်သည်။ "ဒါနဲ့ ဒါတွေကို ဘာလို့ လာမေးနေရတာလဲ"
"သူက ဧကရာဇ်ရဲ့ သားတော်ကို ပြန်ပေးဆွဲခဲ့တယ် ဟုတ်လား။ သူက ဧကရာဇ်ရဲ့ သမက် မဟုတ်ဘူးလား။ ဘာလို့ သူ့ယောက်ဖကို ပြန်ပေးဆွဲရတာလဲ။ အကြောင်းအရင်း ရှိလို့လား" စေတမန်က မေးမြန်းလိုက်ပြန်သည်။
"ဪ... အဲဒါက တခြားကြောင့် မဟုတ်ပါဘူး။ အိမ်ရှေ့မင်းသားက သမက်တော် မင်းသားကို ကြီးလေးတဲ့ ရာဇဝတ်မှုတစ်ခုနဲ့ မတရား အကွက်ဆင် စွပ်စွဲခဲ့လို့လေ။ အဲဒီတုန်းက ဧကရာဇ် အပါအဝင် ငါတို့အားလုံးက သမက်တော် မင်းသားမှာ အပြစ်ရှိတယ်လို့ ထင်ခဲ့ကြတာ။ ဒါကြောင့် သူ ဒေါသထွက်ပြီး အဲဒီလို ဖြစ်သွားခဲ့တာပေါ့။ ဒါပေမဲ့ နောက်တော့ သမက်တော် မင်းသားက ပြန်လာပြီး သူ့မှာ အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့ပါတယ်" အဘွားအိုက လုံချန်းဘက်က ကာကွယ် ပြောဆိုလိုက်၏။
"ဪ... ကူညီပေးလို့ ကျေးဇူးပါပဲ။ ဒါဆို ရပါပြီ။ နင် သွားနိုင်ပါပြီ" စေတမန်က အဘွားအိုကို ထွက်ခွာခွင့်ပြုလိုက်သည်။ သူ လိုအပ်နေသော အဖြေအားလုံးကို ရရှိသွားခဲ့ပြီ ဖြစ်၏။
အဘွားအိုသည် စေတမန်ကို သံသယစိတ်ဖြင့် စိုက်ကြည့်ရင်း ဤထူးဆန်းသော လူများက မည်သူများဖြစ်ကြောင်း တွေးတောနေမိသည်။ သူမက လုံချန်းအကြောင်းကို အဘယ်ကြောင့် သိချင်မှန်း နှစ်ကြိမ်တိုင်တိုင် မေးခဲ့သော်လည်း သူတို့က ပြန်မဖြေခဲ့ကြချေ။
"သူ့အကြောင်းကို ဘာလို့ သိချင်နေရတာလဲ" သူမက တတိယအကြိမ်မြောက် ထပ်မံမေးမြန်းလိုက်သော်လည်း ယခုအထိ အဖြေမရရှိခဲ့သေးပေ။
စေတမန်များသည် မိမိတို့၏ အတွေးကမ္ဘာထဲတွင် နစ်မြုပ်လျက် အဘွားအိုကို လုံးဝဥဿုံ လျစ်လျူရှုကာ ဆက်လက်ထွက်ခွာသွားကြတော့သည်။
"မင်းလည်း ငါတွေးသလိုမျိုးပဲ တွေးနေတာလား" ပထမမြောက် စေတမန်က မေးစေ့ကို ပွတ်သပ်ရင်း ကျန်ရှိသော သူများအား မေးလိုက်၏။
"ငါလည်း အဲဒီလိုပဲ ထင်တယ်" ဒုတိယမြောက် စေတမန်က ဆိုသည်။
"ဒီလုံချန်းဆိုတဲ့ ကောင်က ဧကရာဇ်လုရဲ့ သမက် ဖြစ်နေတာပဲ။ အဲဒီအချိန်အထိတော့ အားလုံး အဆင်ပြေနေခဲ့တာ။ အဲဒီနောက်မှာ အကွက်ဆင် စွပ်စွဲမှုတွေ ဖြစ်လာတော့ လုံချန်းက ထွက်ခွာဖို့အတွက် သူ့ရဲ့ စွမ်းအားတွေကို သုံးဖို့ အခြေအနေ ဖန်တီးလာခဲ့ရတယ်။ အဲဒီအချိန်မှာပဲ သူ့ရဲ့ ကောင်းကင်ဘုံ မိစ္ဆာ သွေးမျိုးဆက် အမွေအနှစ်က ဧကရာဇ်ဆီမှာ ဖော်ပြခြင်း ခံလိုက်ရတာ" ပထမမြောက် စေတမန်က သုံးသပ်ပြလိုက်၏။
"ဧကရာဇ်က လုံချန်းမှာ အပြစ်ရှိတယ်။ လုံချန်းက ထွက်ပြေးသွားပြီလို့ ယုံကြည်သွားခဲ့တာ။ ဒါကြောင့် သူက လုံချန်းနဲ့ သူ့ရဲ့ ပတ်သက်မှု အချက်အလက်တွေကို ဖုံးကွယ်ပြီး ငါတို့ဆီ သတင်းပို့ ဆက်သွယ်ခဲ့တာပဲ"
"ကောင်းကင်ဘုံ မိစ္ဆာက ဧကရာဇ်ကို ကြောက်လို့ ထွက်ပြေးသွားတာ မဟုတ်ဘူး။ သူက ဧကရာဇ် အပေါ် စိတ်ပျက်ပြီး ထွက်ခွာသွားခဲ့တာ။ ဒါပေမဲ့ သူ့ဇနီးကြောင့် ဖြစ်နိုင်ခြေများတဲ့ အချက်အနေနဲ့ သူ့ယောက္ခမကိုတော့ အန္တရာယ်မပြုခဲ့ဘူး"
"နောက်ဆုံးမှာတော့ သူ စိတ်ငြိမ်သွားတဲ့အခါ ပြန်လာပြီး အပြစ်မရှိကြောင်း သက်သေပြခဲ့တယ်။ ပြီးတော့ သူ့ကို သတ်ဖို့ နောက်ထပ် ရန်သူတစ်ယောက် ရောက်မလာခင်အထိ ဧကရာဇ်နဲ့အတူ ဆက်ရှိနေခဲ့တာ။ အဲဒီနောက်မှာတော့ အခု မြင်တွေ့ရတဲ့အတိုင်း အကုန်လုံး ဖြစ်ပျက်သွားခဲ့တာပဲ" သူက တိကျမှန်ကန်သော ယူဆချက်ကို အဆုံးသတ်ကာ ပြောကြားလိုက်သည်။
"မေးစရာ ကျန်နေတာက လုံချန်းကို စိန်ခေါ်တဲ့ ရန်သူက သူတော်စင် အထွတ်အထိပ် အဆင့် အင်ပါယာဘုရင်ကို အလွယ်တကူ သတ်နိုင်ခဲ့တာပဲ။ သူက ဘယ်သူလဲ" တတိယမြောက် စေတမန်က မေးလိုက်၏။
"သူက နောက်ထပ် ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင် ဖြစ်နေလို့လား။ တစ်ဖက်တည်းသား အချင်းချင်းအကြား ဖြစ်ပွားတဲ့ ပဋိပက္ခလား။ ကောင်းကင်ဘုံ စစ်သည်တော် တစ်ယောက်တော့ ဖြစ်ဖို့ မရှိပါဘူး။ မဟုတ်ရင် ငါတို့ဆီမှာ ဒါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် ရှိနေမှာပဲ" ပထမမြောက် စေတမန်က မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။
"မှန်တယ်။ ကောင်းကင်ဘုံ မိစ္ဆာ သွေးမျိုးဆက် နှစ်ယောက် ဒီနေရာမှာ ရှိနေပြီး အချင်းချင်း တိုက်ခိုက်ရင်း အရာအားလုံးကို ဖျက်ဆီးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ အဲဒါရဲ့ ရလဒ်ပေါ့" သူက ထပ်လောင်း ပြောကြားလိုက်၏။
"တိုက်ပွဲအဆုံးသတ်မှာ အဲဒီနှစ်ယောက်စလုံး ပျောက်ကွယ်သွားခဲ့ကြပြီး ဘယ်ကိုသွားလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ မြို့တော်ကနေ ထွက်ခွာသွားတဲ့ ပျက်စီးခြင်းလမ်းစ ခြေရာလက်ရာလည်း မရှိဘူး။ ဒါကြောင့် သူတို့က တိုက်ခိုက်ရင်းနဲ့ အပြင်ကို ထွက်သွားကြတာတော့ မဟုတ်နိုင်ဘူး။ ငါ့အထင်တော့ သူတို့ထဲက တစ်ယောက်က အသတ်ခံလိုက်ရပြီး ကျန်တဲ့ တစ်ယောက်ပဲ ချန်ရစ်ခဲ့တာ နေမှာ။ အသက်ရှင်လျက် ထွက်ခွာသွားတဲ့သူကတော့ သေချာပေါက် ကောင်းကင်ဘုံ မိစ္ဆာပဲ ဖြစ်လိမ့်မယ်" သူက ဆိုသည်။
"မှန်တာပေါ့။ အခု ငါတို့ရဲ့ တာဝန်က အဲဒီကောင်းကင်ဘုံ မိစ္ဆာကို ရှာဖွေဖို့ပဲ" ဒုတိယမြောက် စေတမန်က ပြောလိုက်၏။
ပထမမြောက် စေတမန်က ခေါင်းညိတ်၍ သဘောတူလိုက်သည်။ သူက ပဉ္စမမြောက် စေတမန်ကို ကြည့်ကာ ဆိုလိုက်သည်။ "မင်း အင်မော်တယ်ကမ္ဘာကို ပြန်သွားပြီး ဒီနေရာမှာ ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင် ပေါ်ထွက်လာတယ်ဆိုတဲ့ သတင်းက အမှန်ဖြစ်ကြောင်း မြောက်ပိုင်း ဧကရာဇ်ကို သတင်းပို့လိုက်ပါ။ အဲဒီအတောအတွင်းမှာ ဟိုမိစ္ဆာက ဒီဂြိုဟ်ပေါ်ကနေ ထွက်ပြေးမလွတ်မြောက်သေးရင် ငါတို့ သူ့ကို ဖမ်းနိုင်ဖို့ ကြိုးစားထားမယ်"
အစီအစဉ်များ စတင်ပုံပေါ်လာသည်နှင့် လူငါးဦး အဖွဲ့ထဲမှ ပဉ္စမမြောက်လူသည် ထိုနေရာမှ ထွက်ခွာ၍ အင်မော်တယ် ကမ္ဘာသို့ ပြန်လည် ဦးတည်သွားခဲ့ပြီ ဖြစ်သည်။
ကျန်ရှိသောသူများကမူ လုံချန်း အမှောင်ယဇ်ပဏ္ဏာ အသွင်ပြောင်းလဲစဉ်က ထွက်ပေါ်ခဲ့သော အမှောင်ထုစွမ်းအင် လမ်းကြောင်း ခြေရာနောက်သို့ စတင်ခြေရာခံ လိုက်လံကြတော့သည်။ ၎င်းအမှောင်ထု လမ်းကြောင်းက တော်ဝင်မြို့တော်မှ ထွက်ခွာသွားသည်ကို သူတို့ မြင်တွေ့နေရ၏။
...
နွေးထွေးသော နံနက်ခင်းတစ်ခု ရောက်ရှိလာချိန်တွင် လုံချန်းသည် တဲအပြင်သို့ နှေးကွေးသော ခြေလှမ်းများဖြင့် လှမ်းထွက်လာခဲ့သည်။
အမျိုးသမီးများကမူ တဲနှင့် ကျန်ရှိသော ပစ္စည်းများကို သူတို့၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းကာ ထွက်ခွာရန် ပြင်ဆင် ပြီးစီးနေကြပြီ ဖြစ်၏။
လုံချန်းသည် မိမိ အသက်ကို ကယ်တင်ပေးခဲ့သော အဘွားအိုအား နောက်ဆုံးအနေဖြင့် နှုတ်ဆက်စကား ဆိုနေခဲ့သည်။
"ကဲ... အဘွား။ ကျွန်တော်တို့ ထွက်ခွာရမယ့်အချိန် ရောက်ပြီ" သူက အဘွားအို၏ အားနည်းသော လက်များကို ဆုပ်ကိုင်ရင်း ပြောလိုက်၏။ "ကျွန်တော့်ကို ကူညီ စောင့်ရှောက်ပေးခဲ့တဲ့အတွက် တကယ့်ကို ကျေးဇူးအများကြီး တင်ပါတယ် အဘွား"
"ငါ့ကို ကျေးဇူးတင်မနေပါနဲ့ကွယ်။ အဘွားက ထူးထူးခြားခြား ဘာမှလုပ်ပေးခဲ့တာ မဟုတ်ပါဘူး။ အဲဒီအစား အဘွားက မိသားစုလိုမျိုး နွေးနွေးထွေးထွေး ဆက်ဆံပေးတဲ့ လူသစ်လေးတွေနဲ့ လအတော်ကြာ အတူတူ နေထိုင်ခွင့် ရခဲ့သေးတာပဲ။ ဒီလဲလှယ်မှုက တကယ် တန်ပါတယ်" အဘွားအိုက သူမ၏ အရေးအကြောင်းများ ပြည့်နှက်နေသော မျက်နှာထက်တွင် တည်ငြိမ်သော အပြုံးတစ်ခု ဆင်မြန်းလျက် လုံချန်းကို ပြန်လည်ဖြေကြားလိုက်သည်။
လုံချန်းသည် သိုလှောင်လက်စွပ်ထဲမှ အခြားသိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်ယူကာ အဘွားအိုထံသို့ ကမ်းပေးလိုက်၏။
"အဘွား... ရော့၊ ဒါက ကျွန်တော့်ရဲ့ လက်ဆောင်အသေးစားလေးပါ။ ဒီထဲမှာ အဘွားလိုအပ်မယ့်အရာ အားလုံး ရှိပါတယ်။ ဆေးဝါးတွေ၊ အစားအသောက်တွေ၊ အရေးကြုံရင် ရောင်းချနိုင်မယ့် ရတနာအချို့နဲ့ အဘွားကို ကာကွယ်ပေးမယ့် အရာတစ်ခုခုလည်း ပါဝင်ပါတယ်" သူက လက်စွပ်ကို ကမ်းပေးရင်း ဆိုလိုက်သည်။
"နေပါဦး... အဘွားက ရတနာတွေ၊ ရွှေတွေ မလိုချင်ပါဘူး။ အဘွားလို အသက်ကြီးတဲ့ မိန်းမကြီးတစ်ယောက်က အဲဒါတွေကို ဘာလုပ်ရမှာလဲ" အဘွားအိုက လုံချန်းထံမှ လက်စွပ်ကို ငြင်းပယ်ရန် ကြိုးစားရင်း မေးလိုက်၏။
"စိတ်မပူပါနဲ့ အဘွား။ ဒီလက်စွပ်က လက်ဆောင်ပါ။ ပြီးတော့ ကျွန်တော့်အတွက်လည်း ဒါတွေက အသုံးမဝင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလက်စွပ်ထဲက ရတနာတွေက ကျွန်တော့်လို သန်မာတဲ့ ကျင့်ကြံသူ တစ်ယောက်အတွက် ဘာမှ သုံးစားလို့မရလို့ပါ။ ရွှေတွေနဲ့ ပတ်သက်လို့လည်း အဲဒီရွှေတွေက ဒီအင်ပါယာထဲမှာပဲ သုံးလို့ရတာမို့လို့ ကျွန်တော့်အတွက် အသုံးမဝင်ပါဘူး။ ကျွန်တော် ဒီအင်ပါယာဆီကို ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ဒါတွေကို ထားရတာက နေရာအပိုပုပ်ရုံပဲ ရှိမှာပါ" လုံချန်းက ဤပစ္စည်းများကို ပေးလိုက်ရခြင်းသည် မိမိအတွက် အရေးမပါကြောင်း နားလည်အောင် ရှင်းပြလိုက်၏။
"ဆေးဝါးတွေနဲ့ ပတ်သက်လို့လည်း ကျွန်တော်ကိုယ်တိုင်က ဆေးပညာရှင် တစ်ယောက်ပါ။ ဒါကြောင့် ဒီလိုအဆင့်ရှိတဲ့ ဆေးဝါးမျိုးကို ကျွန်တော့်အနေနဲ့ အလွယ်တကူ ဖော်စပ်နိုင်ပါတယ်။ ဒါကြောင့် စိတ်မပူပါနဲ့" သူက ဆက်လက်ပြောကြားလိုက်သည်။ "လက်ဆောင်ကို လက်ခံပေးပါ၊ မဟုတ်ရင် ကျွန်တော် စိတ်မကောင်း ဖြစ်ရလိမ့်မယ်"
"ဟင်း..."
အဘွားအို၏ နှုတ်ခမ်းဖျားမှ သက်ပြင်းအရှည်ကြီး တစ်ချက် ထွက်ပေါ်လာပြီးနောက် သူမ ခေါင်းညိတ်လိုက်၏။ "ကောင်းပါပြီ... အဘွား လက်ခံပါ့မယ်" သူမက ဆိုလိုက်သည်။
"ဒီလိုမှပေါ့ အဘွား" လုံချန်းက သူမကို ကျောမခိုင်းမီ နောက်ဆုံးအကြိမ် ပြောလိုက်၏။ "အရာအားလုံးအတွက် ထပ်ပြီး ကျေးဇူးတင်ပါတယ်"
"ကျွန်တော်တို့ တစ်နေ့ ပြန်ဆုံကြမယ်လို့ မျှော်လင့်ပါတယ်" သူက မထွက်ခွာမီ ပြောကြားလိုက်ပြီးနောက် မြွေဘုရင်ကို လှမ်းခေါ်လိုက်တော့သည်။
သူသည် မြွေဘုရင်နှင့် ကြိုတင်စကားပြောဆိုထားပြီး ဖြစ်သဖြင့် မြွေဘုရင်သည် အချိန်ဆွဲမနေဘဲ ခန္ဓာကိုယ်ကို စတင် ကြီးမားလာအောင် ပြုလုပ်လိုက်တော့၏။