အခန်း ၁၁၀၁
Vol. 105 Ch. 1101
အခန်း ၁၁၀၁ လမ်းစ၏ အဆုံးသတ်
သူမ ရှေ့တွင် နဂါးတစ်ကောင်ကဲ့သို့ ကြီးမားသော မြွေကြီးတစ်ကောင် ပေါ်ထွက်လာသည်ကို ကြည့်ရင်း အဘွားအိုသည် ထိတ်လန့်တုန်လှုပ်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
ဤလူများသည် အမှန်တကယ် မည်သူများ ဖြစ်ကြောင်း သူမ မတွေးဘဲ မနေနိုင်တော့ချေ။ သူတို့မှာ စီးနင်းစရာ သားရဲအဖြစ် နဂါးတစ်ကောင်တောင် ရှိနေသည်လော။
ထိုလူငယ်... သူက ရတနာများကို သကြားလုံးများ ပေးနေသလို လွယ်လွယ်ကူကူ ပေးခဲ့သည် မဟုတ်လော။ သူက မင်းသားတစ်ပါးသည်လော။ သူမ ကယ်တင်ခဲ့သည့် လူက အမှန်ပင် မည်သို့သော လူမျိုးနည်း။ ထို့ပြင် ဤမျှ ကြီးမား ပြင်းထန်သော ဒဏ်ရာများမှ သက်သာပျောက်ကင်းအောင် ကုသနိုင်ဖို့ သူက မည်မျှ သန်မာသနည်း။ ဤလူများသည် ဤလောကနှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ပင်။ ကျင့်ကြံသူများ ဟူသည်က ထိုမျှ စွမ်းအားကြီးကြသည်လော။
သူမ နေထိုင်သည့် ရွာပြင်ပတွင် ကျင့်ကြံသူဟူ၍ မရှိကြချေ။ သူမအနေဖြင့် ကျင့်ကြံသူများနှင့် တွေ့ဆုံခွင့် ရခဲလှပြီး တွေ့ဖူးသည့် လူများမှာလည်း သာမန်လူများထက် သိပ်ပြီး မစွမ်းကြချေ။ သို့သော် သူမရှေ့က လူများကမူ စစ်မှန်သော ကျင့်ကြံသူများ ဖြစ်ပုံရသည်။
ရွာထဲ၌ သူမကို ရိုင်းရိုင်းစိုင်းစိုင်း စကားလာပြောခဲ့သည့် လူတစ်စုနှင့် သူတို့ ခေါင်းဆောင်အား မင်ယုက မည်သို့ ရိုက်နှက်ဆုံးမခဲ့သည်ကို သူမ မှတ်မိနေသေးသည်။ သူမသည်လည်း သန်မာသူဖြစ်ပြီး သူတို့၏ စကားဝိုင်းအရ ဆိုလျှင် လုံချန်းက ပို၍ပင် သန်မာပုံရသည်။
ဤလူများသည် သူမရှေ့တွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်တွေးတောရင်း အဘွားအို၏ မျက်နှာထက်တွင် အပြုံးတစ်ခု ထင်ဟပ်လာခဲ့သည်။ အချိန်တိုလေး အတွင်း ဖြစ်လင့်ကစား သူမကို မိသားစုဝင်တစ်ယောက်လို နွေးနွေးထွေးထွေး ဆက်ဆံပေးခဲ့သည့် ယဉ်ကျေးပျူငှာသော ကျင့်ကြံသူများနှင့် သိကျွမ်းခွင့် ရခဲ့သည့်အတွက် သူမ ဝမ်းမြောက်မိသည်။ သူမသည် ဤအမှတ်တရများကို ထာဝရ သိမ်းဆည်းထားတော့မည် ဖြစ်၏။
သူမသည် လုံချန်းနှင့် ဇနီးများကို တင်ဆောင်ကာ ထွက်ခွာသွားသော နဂါးကဲ့သို့ ကြီးမားသည့် သတ္တဝါကြီးအား ကြည့်ရင်း လက်ကို ညင်သာစွာ ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။
"နောက်တစ်ခါ ပြန်ဆုံတာပေါ့ အဘွား" ထိုသို့ ဆိုရင်း မင်ယုနှင့် ကျိချင်းတို့ကလည်း ပြန်လည်လက်ပြ နှုတ်ဆက်ကြ၏။
လုံချန်းတစ်ဦးတည်းသာလျှင် လက်မပြနိုင်ဘဲ ရှိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အားအင်ကုန်ခမ်းနေဆဲ ဖြစ်သောကြောင့် ဖြစ်၏။ သူသည် ကြွက်သားများထဲ၌ အနည်းငယ်မျှ ပြန်လည်ကောင်းမွန်လာသော အားအင်လေးကို ချွေတာထားချင်သည်။
မကြာမီမှာပင် မြွေဘုရင်သည် အဘွားအို၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့တော့သည်။ အဘွားအိုသည် ပြုံးရွှင်လျက် သူမ၏ သစ်လုံးအိမ်လေးဆီသို့ လမ်းလျှောက်ပြန်လာခဲ့၏။
"ဘုရားသခင်က အဲဒီကလေးတွေကို ကောင်းချီးပေးပါစေ" အဘွားအိုက သူမ အိမ်ထဲသို့ မဝင်မီ နောက်ဆုံးအကြိမ် ဆုတောင်း စကားဆိုလိုက်သည်။
အိမ်ထဲသို့ ရောက်ရှိပြီးနောက် ကုတင်ပေါ်တွင် ထိုင်လိုက်ပြီးမှ လုံချန်း ပေးခဲ့သော လက်စွပ်ကို နောက်ဆုံး၌ ကြည့်လိုက်တော့သည်။
လုံချန်းက လက်စွပ်အား မည်သို့ ဖွင့်ရမည်ကိုလည်း သူမအား ပြောပြခဲ့ဖူးသည်။ သူမ ဖွင့်ကြည့်လိုက်သောအခါတွင် လုံချန်း မိမိအတွက် မည်သည့်အရာများ ချန်ထားခဲ့မှန်း နောက်ဆုံး၌ မြင်တွေ့လိုက်ရတော့၏။ ထိုအရာကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူမ၏ မျက်လုံးများမှာ အံ့သြလွန်းသဖြင့် ပြူးကျယ်သွားခဲ့ရသည်။
ရတနာများနှင့် ရွှေများက ဤမျှပင် များပြားသည်လော။ သူမ၏ မျိုးဆက် တစ်ဆယ်ဆက်တိုင်တိုင် လက်နှစ်ဖက်လုံးဖြင့် အကုန်အကျခံ သုံးစွဲပစ်လျှင်ပင် ဤငွေကြေးဥစ္စာများ ကုန်ဆုံးသွားလိမ့်မည်မဟုတ်ဟု သူမ ယုံကြည်မိသည်။
ထိုငွေကြေးများက အလွန်တရာ များပြားလွန်းသည်။ "ငါ့သားက ငွေနဲ့ စည်းစိမ်ကို မက်မောလို့ ထွက်သွားခဲ့တာ။ အခုကျတော့ ငါ့မှာ ငွေတွေ ဒီလောက်အများကြီး ရှိနေပေမဲ့ အတူတူ မျှဝေခံစားမယ့်လူ မရှိတော့ဘူး။ နှမြောစရာကောင်းလိုက်တာ" အဘွားအိုက သက်ပြင်းချရင်း ရေရွတ်လိုက်မိသည်။
သူမသည် လူအများကြားတွင် ဤလက်စွပ်ကို ဝတ်ဆင်ထားပါက မိမိကိုယ်ကိုယ် ဘေးဒုက္ခ ဖိတ်ခေါ်သလို ဖြစ်မည်ကို သဘောပေါက်သဖြင့် လက်စွပ်အား ကုတင်အောက်တွင် သေသေချာချာ ဝှက်ထားလိုက်တော့၏။
...
"အဲဒီအဘွားက တကယ့်ကို သဘောကောင်းတာပဲ။ ဒီလိုလူမျိုးတွေကို မြင်တွေ့ရတာ ဝမ်းသာဖို့ကောင်းတယ်။ မဟုတ်ရင် ငါတို့ဆုံသမျှ လူတွေက လူလိမ်တွေနဲ့ လူဆိုးတွေချည်း ဖြစ်နေမှာ" ကျိချင်းက လတ်ဆတ်သော လေထုကို ရှူရှိုက်ရင်း ရှေ့သို့ မျှော်ကြည့်ကာ လုံချန်းကို ပြောလိုက်သည်။
"မှန်တယ်... သူက သဘောကောင်းတဲ့ အဘွားအိုတစ်ယောက်ပါ။ ငါ့အသက်ကို ကယ်တင်ပေးခဲ့ပေမဲ့ ဘာလောဘမှ မရှိခဲ့ဘူး။ ငါ သူ့ကို လက်စွပ်ပေးတဲ့အချိန်မှာ လက်စွပ်ထဲကို ငုံ့တောင် မကြည့်ခဲ့ဘူးလေ။ အဲဒီအချိန်မှာပဲ သူက ငွေကြေးအတွက်ကြောင့် လုပ်ပေးခဲ့တာ မဟုတ်ဘူးဆိုတာ ငါ သဘောပေါက်သွားခဲ့တာ" လုံချန်းက ပြုံးလျက် ဆိုလိုက်၏။
"မှန်တာပေါ့။ တကယ်လို့ လောဘကြီးတဲ့လူသာ ဆိုရင် ငါတို့စကားကို ဆက်နားထောင်မှာ မဟုတ်ဘဲ လက်စွပ်ထဲကိုပဲ အလောတကြီး ကြည့်နေမှာ။ ငါတို့ ထွက်ခွာလာတဲ့ အချိန်အထိတောင် သူ မကြည့်ခဲ့ဘူး။ နင် လက်စွပ်ထဲမှာ ချန်ထားခဲ့တဲ့ ဓနဥစ္စာတွေကို သူ လုံးဝ ယူသုံးမယ် မထင်ဘူး။ အဲဒီလက်စွပ်က အိမ်ရဲ့ ထောင့်တစ်နေရာမှာပဲ ရှိနေပြီး အဘွားကတော့ သူ့ရဲ့ သက်ကြီးဘဝကို အေးအေးဆေးဆေး ဖြတ်သန်းရင်းပဲ သေဆုံးသွားလိမ့်မယ် ထင်တယ်" မင်ယုကလည်း သဘောတူစွာဖြင့် ဆိုသည်။
"ဒါကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ်ပဲ မူတည်ပါတယ်။ ဒါပေမဲ့ ဟုတ်တယ်... တကယ်လို့ ငါ နောက်နောင် ဒီနေရာကို ပြန်ရောက်ဖြစ်ခဲ့ရင်တော့ သေချာပေါက် သူ့ဆီ သွားတွေ့ဦးမှာပါ" လုံချန်းက မြွေဘုရင်၏ ကျောကုန်းပေါ်တွင် လှဲလျော်ရင်း မိမိ သွားလိုရာခရီးသို့ မရောက်မီ အနားယူလျက် ပြောလိုက်၏။
....
အင်မော်တယ်ကမ္ဘာမှ ရောက်ရှိလာသော စေတမန်ငါးဦးအဖွဲ့သည် လုံချန်း ချန်ထားခဲ့သော အမှောင်ထုစွမ်းအင် လမ်းကြောင်းနောက်သို့ ခြေရာခံလိုက်လံရင်း ယခုအခါ လေးဦးသာ ကျန်ရှိတော့သည်။
သူတို့သည် မည်သည့် အမှားအယွင်းမျှ မရှိစေရန် သေသေချာချာ သတိထား၍ ၎င်းအမှောင်ထု လမ်းကြောင်းနောက်သို့ လိုက်ပါခဲ့ကြသည်။ ဤအရာက သူတို့၏ ခရီးစဉ်ကို နှောင့်နှေးစေသော်လည်း သူတို့ ဂရုမစိုက်ချေ။
သူတို့သည် လုံချန်း၏ ခြေရာနောက်သို့ လိုက်ပါရင်း မြို့ပေါင်းများစွာနှင့် တောအုပ်ပေါင်းများစွာကို ရက်အတော်ကြာ ဖြတ်သန်းခဲ့ကြသည်။
လမ်းခရီးတွင် စားသောက်ရန် သို့မဟုတ် အနားယူရန်အတွက်ပင် အချိန်ဖြုန်းခြင်း မရှိခဲ့ကြချေ။
ပဉ္စမမြောက်နေ့သို့ ရောက်ရှိသောအခါမှသာ သူတို့သည် ကောင်းကင်ယံ အလယ်တွင် အမှန်တကယ် ရပ်တန့်လိုက်ကြတော့သည်။
"ထူးဆန်းတယ်။ အမှောင်ထုစွမ်းအင်က ဒီနေရာမှာတင် ရပ်တန့်သွားတာပဲ။ ဒါပြီးရင် သူ့ရဲ့ ဘာခြေရာလက်ရာမှ မရှိတော့ဘူး" စေတမန်တစ်ဦးက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်၏။
စေတမန်လေးဦးသည် အောက်ခြေသို့ စတင်ဆင်းသက်လိုက်ကြပြီး မည်သည်များ ဖြစ်ပျက်ခဲ့ကြောင်း တွေးတောနေကြသည်။
"သူက သူ့ရဲ့ စွမ်းအင်ခြေရာတွေကို ဖုံးကွယ်ဖို့ အဆောင် တစ်ခုခု သုံးသွားတာလား။ ဒါမှမဟုတ် ဒီနေရာကနေ တခြားကမ္ဘာတစ်ခုဆီကို နေရာရွှေ့ပြောင်းသွားတာလား" အခြားတစ်ဦးက ဖြစ်နိုင်ခြေတစ်ခုကို ထုတ်ဖော်ပြောဆိုလိုက်သည်။
ပထမမြောက် စေတမန်က မြေပြင်ပေါ်သို့ အခြေချလိုက်ရင်း ခေါင်းခါယမ်းကာ ထိုဖြစ်နိုင်ခြေကို ပယ်ချလိုက်၏။
"ငါတော့ အဲဒီလိုမထင်ဘူး။ ဒါကို ကြည့်လိုက်ဦး... သွေးတွေ..." သူက မြေပြင်ပေါ်ရှိ သွေးကွက် ခြေရာလက်ရာများကို ညွှန်ပြရင်း ဆိုလိုက်သည်။
"ငါ့မှာ ယူဆချက်တစ်ခု ရှိတယ်။ ကောင်းကင်ဘုံမိစ္ဆာ နှစ်ယောက်အကြားက တိုက်ပွဲပေါ့။ တစ်ယောက်က အသတ်ခံလိုက်ရပြီး ကျန်တဲ့တစ်ယောက်ကတော့ ထွက်ပြေးသွားခဲ့တာ။ မျှော်လင့်ရတာကတော့ လုံချန်းပေါ့" သူက ဒူးညွှတ်ကာ မြေပြင်ပေါ်သို့ လက်ညှိုးတင်ရင်း ဆိုလိုက်၏။
"ကျန်ခဲ့တဲ့ ကောင်းကင်ဘုံမိစ္ဆာနဲ့ ပတ်သက်လို့ကတော့ သူက အပြင်းအထန် ဒဏ်ရာရရှိခဲ့တာ။ ဒါပေမဲ့ အဲဒီလို အခြေအနေမျိုးမှာတောင် သူက ဒီလောက်အထိ အဝေးကြီးကို ခရီးနှင်လာခဲ့သေးတယ်။ ဒီနေရာကို ရောက်တော့မှ သူ ဆက်မတောင့်ခံနိုင်တော့ဘဲ လဲကျသွားပြီး သတိလစ်သွားတာ ဒါမှမဟုတ် သေဆုံးသွားတာ နေမှာပါ" သူက အကြံပြု သုံးသပ်လိုက်သည်။
ကျန်ရှိသော စေတမန်များသည်လည်း သူ့စကားကို သဘောတူသည့်အလား ခေါင်းညိတ်လိုက်ကြ၏။ "ဖြစ်နိုင်တယ်။ ဒါဆိုရင် အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ။ သူ လဲကျသွားတာမို့လို့ သူ့ရဲ့ စွမ်းအင်လမ်းကြောင်းက ရပ်တန့်သွားတာပေါ့။ သူ ဒီနေရာမှာတင် သေသွားတာလား"
"မသေပါဘူး။ တစ်ယောက်ယောက်က သူ့ရုပ်အလောင်းကို ဒီနေရာကနေ ဆွဲခေါ်သွားပုံရတယ်။ ငါတို့ ဒီသွေးခြေရာနောက်ကို လိုက်ရမယ်" ပထမမြောက် စေတမန်က ပြောလိုက်ပြီးနောက် အဘွားအိုက လုံချန်းကို ခေါ်ဆောင်သွားခဲ့သည့် လမ်းကြောင်းအတိုင်း စတင်လျှောက်လှမ်း လိုက်ကြတော့သည်။
အဘွားအိုသည် အသက်ကြီးရင့်နေပြီး လုံချန်းက သူမအတွက် အလွန်လေးလံလွန်းသဖြင့် သူမသည် သူ့ကို အနည်းငယ် ဆွဲခေါ်သွားခဲ့ရခြင်း ဖြစ်ပြီး ၎င်းက စေတမန်များ လိုက်လံခြေရာခံနိုင်မည့် သွေးလမ်းကြောင်း ခြေရာလက်ရာများအား ချန်ထားခဲ့မိခြင်း ဖြစ်ပေသည်။
ထိုသွေးခြေရာများသည် သူတို့အား အဘွားအို၏ သစ်လုံးအိမ်လေးဆီသို့ တိုက်ရိုက် လမ်းညွှန်ခေါ်ဆောင်သွားနေခဲ့ပြီ ဖြစ်၏။
...
လုံချန်းသည် ဤကမ္ဘာသို့ သူ ပထမဆုံး စတင်ခြေချခဲ့ဖူးသော တုအင်ပါယာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဤအင်ပါယာ၏ တော်ဝင်နန်းတော်သည် ဤကမ္ဘာနှင့် သူသွားလိုသော ပန်းတိုင်ကမ္ဘာတို့ကို ချိတ်ဆက်ပေးထားသည့် ဝင်ပေါက် ရှိရာ နေရာဖြစ်၏။
ပြဿနာမှာ သူသည် ယခုအချိန်အထိ အားအင် ရာနှုန်းပြည့် ပြန်လည် မပြည့်ဝသေးချေ။ ထို့ပြင် ထိုတံခါးဝဆီသို့ ရောက်ရှိရန်အတွက် သူသည် ခံစစ်စည်း အများအပြားကို ဖြတ်ကျော်ရဦးမည် ဖြစ်သည်။ အကယ်၍ လမ်းခရီးတွင် ဧကရာဇ်တု သို့မဟုတ် သူ့သားတော်နှင့် လမ်းဆုံတွေ့ခဲ့မည်ဆိုလျှင် အခြေအနေများမှာ တကယ့်ကို ရှုပ်ထွေးပွေလီသွားပေမည်။