အခန်း ၁၁၀၄
Vol. 105 Ch. 1104
အခန်း ၁၁၀၄ ခြေရာခံရန် ဖြစ်နိုင်ခြေရှိခြင်း
"နင်တို့ ဘာအကြောင်းပြောနေလဲ ငါ မသိပါဘူး။ ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်တစ်ခုကို တွေ့လို့ အဲဒီလူကို ကုသပေးနိုင်မလားဆိုပြီး ဒီကို ဆွဲခေါ်လာခဲ့တာတော့ မှန်ပါတယ်။ ဒါပေမဲ့ နောက်ကျသွားခဲ့ပြီလေ။ ငါ သူ့ဆီ ရောက်တဲ့ အချိန်မှာ သူက သေဆုံးနေခဲ့ပါပြီ။ ဒါကြောင့် သူ့အလောင်းကို မီးရှို့လိုက်ရတာပါ" သူမက လုံချန်းကို ကာကွယ်ရန်အတွက် လိမ်ညာပြောဆိုလိုက်သည်။
"ဪ... ဒါဆို နင်က အလောင်းကို မီးရှို့လိုက်တာပေါ့။ အဲဒီ ဆံပင်နက်နဲ့ ငွေရောင် မျက်လုံးတွေရှိတဲ့ ကောင်လေးက ဘယ်သူလဲဆိုတာ နင်သိလို့လား။ ဘာမှမသိဘဲနဲ့ သူ့အလောင်းကို ရှို့ပစ်လိုက်တာလား" ပထမမြောက် စေတမန်က ဤနေရာသို့ ရောက်လာသူမှာ လုံချန်း အမှန်တကယ် ဟုတ်မဟုတ် သို့မဟုတ် တိုက်ပွဲထဲမှ အခြားတစ်ဦးလားဆိုသည်ကို သိရှိရန် လှည့်ကွက်ဖြင့် စမ်းသပ်မေးမြန်းလိုက်ခြင်း ဖြစ်၏။
အကယ်၍ သူက ပုံပန်းသဏ္ဍာန်ကို တိုက်ရိုက်မေးမြန်းလျှင် ထိုအဘွားအိုက သူ့ကို ထပ်တူညီသော ပုံစံမျိုး လိမ်ညာပြောဆိုမည်ဟု သူက ယုံကြည်ထားသောကြောင့် ဖြစ်သည်။
"သူက ဘယ်သူလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ။ ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်တစ်ခုကို တွေ့လို့ ကယ်တင်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ သေနေတဲ့ လူကို သူက ဘယ်သူလဲလို့ ငါက လှမ်းမေးလို့ရမှာကျလို့" အဘွားအိုက သက်ပြင်းချရင်း ပြန်လည်ဖြေကြားလိုက်၏။
"မှန်တာပေါ့... နင်က လုံချန်းကို သူက ဘယ်သူလဲလို့ လှမ်းမေးလို့ရမှာမှ မဟုတ်တာ" ပထမမြောက် စေတမန်က လက်ပိုက်လျက် ခေါင်းညိတ်ပြရင်း အဘွားအို၏ စကားကို သဘောတူသည့်အလား ဆိုလိုက်သည်။
"ဒါဆို... နင် သူ့အလောင်းကို ဘယ်နေရာမှာ ရှို့လိုက်တာလဲ။ ငါတို့ကို အဲဒီနေရာလေး ပြလို့ရမလား" သူက ထပ်မံမေးမြန်းလိုက်၏။
"အင်း... ရတာပေါ့" အဘွားအိုက ခေါင်းညိတ်ပြပြီး တဲအိမ်အပြင်ဘက်သို့ စတင်လမ်းလျှောက် ထွက်ခွာလာခဲ့ကာ အခြား စေတမန်များကလည်း သူမနောက်မှ လိုက်ပါလာကြသည်။
"မင်း... အဲဒီအိမ်ထဲကို သွားစစ်ဆေးပြီး လုံချန်းနဲ့ ပတ်သက်လို့ သံသယဖြစ်စရာ တစ်ခုခုရှိမလား ရှာဖွေလိုက်ဦး" ပထမမြောက် စေတမန်က စတုတ္ထမြောက် စေတမန်ကို အဘွားအို မကြားနိုင်အောင် တိုးတိုးလေး အမိန့်ပေးလိုက်၏။
စတုတ္ထမြောက် စေတမန်သည် နှစ်ခါပြန် မမေးတော့ဘဲ အဖွဲ့ထဲမှ ဖြည်းညှင်းစွာ လူစုခွဲကာ အနောက်သို့ လှည့်ပြန်သွားခဲ့တော့သည်။
သူသည် အဘွားအို၏ သစ်သား အိမ်ငယ်လေးဆီသို့ ပြန်လည် လမ်းလျှောက်လာခဲ့ပြီး အတွင်းသို့ ဝင်ရောက်ကာ စတင်ရှာဖွေတော့၏။
ထိုအိမ်ငယ်လေးမှာ အလွန် မကြီးမားသဖြင့် သူ ရှာဖွေစစ်ဆေးရန် အချိန်အများကြီး မပေးလိုက်ရဘဲ နောက်ဆုံး၌ သူတို့ ရှာဖွေနေသည့်အရာကို တွေ့ရှိသွားခဲ့လေသည်။
"သာမန်လူသား အဘွားကြီးတစ်ယောက်က... ရတနာတွေ ဒီလောက်အများကြီးရှိတဲ့ သိုလှောင်လက်စွပ်ကို ပိုင်ဆိုင်ထားတာလား။ ဟား... စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ တခြားဘာမှတော့ ရှိမနေဘူး။ ငါ့အထင် ရှာဖွေတာကို ဒီမှာတင် အဆုံးသတ်လို့ရပြီ ထင်တယ်" စတုတ္ထမြောက် စေတမန်က ပြောလိုက်ပြီးနောက် တဲအိမ်ထဲမှ ပြန်လည်ထွက်ခွာလာခဲ့ကာ မကြာမီမှာပင် အခြားစေတမန်များရှိရာသို့ လိုက်မှီသွားခဲ့တော့သည်။
...
"ဒါဆို ဒီနေရာမှာပဲ နင် အလောင်းကို ရှို့လိုက်တာပေါ့" စေတမန်က ရေကန်ဘေး ကမ်းပါးကို ကြည့်ရင်း မေးလိုက်၏။
"ဟုတ်တယ်... ဒီနေရာပါပဲ" အဘွားအိုက မြက်ပင် သို့မဟုတ် မည်သည်မျှ မရှိသည့် နေရာတစ်နေရာကို ညွှန်ပြရင်း ပြောလိုက်သည်။
အချို့နေရာများတွင် မီးလောင်ကျွမ်းထားသည့် လက္ခဏာများ အမှန်တကယ်ပင် ရှိနေခဲ့၏။
"ဪ... ဒါပေမဲ့ ဒီမှာ ပြာတွေကိုတော့ ငါမမြင်ရပါလား။ အနည်းဆုံးတော့ ပြာအချို့ ကျန်နေရမှာ မဟုတ်ဘူးလား" ပထမမြောက် စေတမန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
"နင်က ဘယ်လိုလုပ် မြင်ရမှာလဲ။ ဒီမှာ မရှိစေချင်လို့ ငါ သန့်ရှင်းရေး လုပ်ပစ်လိုက်ပြီလေ။ ပြာတွေကတော့ ရေထဲကို အကုန် မျောပါ သွားလောက်ပြီ" အဘွားအိုက အပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်၏။
"ဪ... ဒါဆို ရေထဲကို မျောပါသွားတာပေါ့" ပထမမြောက် စေတမန်က မေးစေ့ကို ပွတ်သပ်ရင်း ဆိုလိုက်သည်။
"ဟုတ်တယ်" အဘွားအိုက ထပ်မံ အတည်ပြု ပြောဆိုပြန်သည်။
"ငါ နင့်ကို တစ်ခုလောက် မေးပါရစေ။ နင်က ငါတို့ကို ဘာမှတ်နေလဲ။ ဘာပြောပြော ယုံမယ့် ငတုံးတွေလို့ မှတ်နေတာလား ဒါမှမဟုတ် ကလေးတွေလို့ မှတ်နေတာလား။ ကျေးဇူးပြုပြီး ဖြေပေးပါ" ပထမမြောက် စေတမန်က ဆို၏။
"နင် ဘာပြောတာလဲ" အဘွားအိုက နားမလည်သည့်အလား မေးလိုက်သည်။
"ငါ ပြောရဦးမယ်... သာမန်လူသား တစ်ယောက်အနေနဲ့ နင်က လိမ်ညာရတာကို တော်တော်လေး ကျွမ်းကျင်ပါတယ်။ ဒါပေမဲ့ နင် လိမ်နေသလားဆိုတာကို ငါတို့ သိနိုင်ဖို့အတွက် ရတနာပစ္စည်း တစ်ခုခု သုံးနေဖို့တောင် မလိုလောက်အောင် နင်က မတော်သေးပါဘူး" ပထမမြောက် စေတမန်၏ မျက်နှာထက်မှ အပြုံးများ ပျောက်ကွယ်သွားခဲ့တော့သည်။
"ဒါနဲ့... နင် ဖြစ်ပျက်ခဲ့သမျှကို ငါ့ကို အမှန်အတိုင်း ပြောပြမလား၊ ဒါမှမဟုတ် ငါ နင့်ကို သတ်ပြီး နင့်ရဲ့ ဝိညာဉ်ကိုပဲ မေးရမလား" သူက ထပ်လောင်းမေးမြန်းလိုက်၏။
"နင်တို့ ဘာတွေ ပြောနေတာလဲ။ ငါ နားမလည်ဘူး" အဘွားအိုက နောက်သို့ ခြေတစ်လှမ်းဆုတ်ရင်း မသိနားမလည်ဟန်ဖြင့် ထပ်မံဟန်ဆောင်လိုက်ပြန်သည်။
"ငါ မေးနေတာက... နင် အမှန်အတိုင်း ပြောမလား ဒါမှမဟုတ် ငါ နင့်ကို အရင်သတ်ရမလားလို့"
ထိုထပ်တူညီသော အသံက သူမ၏ အနောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ အဘွားအို အနောက်သို့ လှည့်ကြည့်လိုက်သောအခါတွင် စောစောက သူမရှေ့တွင် ရှိနေခဲ့သော လူက ယခုအခါ သူမ အနောက်တွင် မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရ၏။
သူမ နှုတ်ခမ်းပင် မဟနိုင်သေးမီမှာပင် သူမ၏ လည်ပင်းကို ထိုလူက ဖမ်းဆွဲညှစ်လိုက်ပြီး လေထဲသို့ မြှောက်တင်လိုက်တော့သည်။
ထိုအချိန်တွင် စတုတ္ထမြောက် စေတမန်သည်လည်း ပထမမြောက် စေတမန်၏ ဘေးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
"မင်း ဘာရှာတွေ့ခဲ့လဲ" ပထမမြောက် စေတမန်က စတုတ္ထမြောက် စေတမန်ကို မေးလိုက်သည်။
"ဒီလက်စွပ်ပဲ။ တစ်ယောက်ယောက်က သူတို့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ပေးခဲ့တဲ့ လက်ဆောင်လို့ ငါယုံကြည်တယ်။ ဒီထဲမှာ အဲဒီလူရဲ့ အရှိန်အဝါကို ငါ မြင်တွေ့နေရတယ်" စတုတ္ထမြောက် စေတမန်က လက်ထဲရှိ လက်စွပ်ကို ပြသရန် လက်အား မြှောက်ရင်း ပြောလိုက်၏။
သူသည် စက္ကန့်ပိုင်းမျှပင် မဆိုင်းမတွဘဲ လက်စွပ်ထဲ၌ သိမ်းဆည်းထားသော ရတနာ အားလုံးကို အပြင်သို့ ထုတ်ယူလိုက်တော့သည်။
"လက်စွပ်ထဲမှာ ရတနာတွေ အများကြီး ရှိနေပေမဲ့ ကောင်းကင်ဘုံ မိစ္ဆာ တစ်ယောက် ပိုင်ဆိုင်ထားနိုင်တဲ့ အဖိုးတန်ဆုံး ရတနာမျိုးတော့ မဟုတ်ဘူး။ လက်စွပ်ရဲ့ အရည်အသွေးကလည်း သိပ်ပြီး မမြင့်မားဘူး။ သူ မလိုအပ်တော့ဘူးလို့ ထင်တဲ့ ရတနာတွေကိုပဲ မထွက်ခွာခင်မှာ လက်ဆောင်အဖြစ် ပေးသွားခဲ့ပုံရတယ်" သူက ရတနာ အားလုံးကို ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်ရှုရင်း ထပ်လောင်းပြောကြားလိုက်သည်။
"ဒါ... နင်တို့ မှားနေပြီ။ သူ့အလောင်းကို မီးမရှို့ခင်မှာ သူ့ခန္ဓာကိုယ်ပေါ်ကနေ ငါ ယူထားခဲ့တာပါ" အဘွားအိုက အတင်းအကျပ် ထပ်မံငြင်းဆိုပြန်သည်။
"အဘွားကြီး... ငါ့အဖော် ပြောတာကို နင် သေသေချာချာ မကြားလိုက်ဘူး ထင်တယ်။ ဒါက အဲဒီ ကောင်းကင်ဘုံမိစ္ဆာရဲ့ အဓိက လက်စွပ် မဟုတ်ဘူး၊ အဲဒီအချက်ကို ငါတို့ အသေအချာ သိတယ်။ ဒါကြောင့် အလောင်းပေါ်ကနေ နင် ယူထားခဲ့တာပါဆိုတဲ့ ဆင်ခြေကို ငါတို့ကို လာမပေးနဲ့။ နင်သာ ယူခဲ့မယ်ဆိုရင် ဒီလက်စွပ်ကို ရမှာ မဟုတ်ဘဲ သူ့ရဲ့ ပိုပြီး အဖိုးတန်တဲ့ လက်စွပ်ကို ရမှာ" ပထမမြောက် စေတမန်က ဖြဲပြုံးလျက် ဆိုလိုက်၏။
"နင် လိမ်နေမှန်း ငါတို့ ကြိုသိပြီးသားပါ။ ဒါပေမဲ့ နင့်ရဲ့ လိမ်ညာမှုတွေက အခုကျတော့ တော်တော်လေးကို သိသာလွန်းနေပြီ" ဒုတိယမြောက် စေတမန်ကလည်း ကြားညှပ်၍ ပြောဆိုလိုက်သည်။
"ရိုးရိုးသားသား ပြောရရင် အခုအချိန်မှာ ငါတို့အတွက် နင့်ကိုတောင် မလိုအပ်တော့ဘူး။ ဒီလက်စွပ် တစ်ကွင်းတည်းနဲ့တင် အဲဒီကောင်ဆီကို ငါတို့ လမ်းညွှန်ခေါ်ဆောင်သွားဖို့ လုံလောက်နေပြီ။ ဒါပေမဲ့ ငါ နင့်ရဲ့ အဖြေကိုတော့ ကြားချင်ပါသေးတယ်။ သူ ဘယ်ကို သွားတာလဲ" ပထမမြောက် စေတမန်က ထပ်မံမေးမြန်းလိုက်ပြန်၏။
အဘွားအိုသည် မိမိ၏ လိမ်ညာမှု အမိဖမ်းခံလိုက်ရပြီး သူတို့ အမှန်တရားကို သိရှိသွားပြီဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ သို့သော်လည်း လက်စွပ် တစ်ကွင်းတည်းနှင့် လုံချန်းအား ရှာဖွေနိုင်လိမ့်မည်ဟူသော သူတို့၏ စကားကိုမူ သူမ မယုံကြည်ချေ။ ထိုသို့သာ ရှာနိုင်လျှင် သူမထံမှ အဖြေကို မေးမြန်းနေစရာ အကြောင်းမရှိသောကြောင့် ဖြစ်၏။ ထို့ကြောင့် သူမထံမှ အဖြေကို ရရှိရန်အတွက် သူတို့က ခြိမ်းခြောက်ဟန်ဆောင်နေခြင်းသာ ဖြစ်မည်ဟု သူမ ယုံကြည်လိုက်သည်။
"သူ ဘယ်ကိုသွားလဲ ငါ မသိဘူး။ ဘာလို့လဲဆိုတော့ သူက သေသွားပြီမို့လို့ပဲ။ နင်တို့ ငါ့ကို မယုံလည်း ရတယ်၊ ကိစ္စမရှိဘူး။ ငါ့ကို သတ်ချင်လည်း ရတယ်၊ အဆင်ပြေတယ်။ ငါက အသက်ကြီးရင့်နေတဲ့ အဘွားကြီး တစ်ယောက်ပါ။ အသက်ရှင်ဖို့ ရက်နည်းနည်းပဲ ကျန်တော့တာ။ နင်တို့ လုပ်နိုင်သမျှ အဆိုးဆုံးကိုသာ လုပ်လိုက်ကြပါ" သူမသည် မိမိ၏ အသက်အန္တရာယ်ကိုပင် ဂရုမစိုက်တော့ဘဲ လုံချန်း သေဆုံးသွားပြီဟူ၍သာ ဆက်လက် အတင်းအကျပ် ပြောဆိုနေခဲ့သည်။
"ဒါဆို နင်က ကောင်းကင်ဘုံ မိစ္ဆာဘက်ကနေ ရပ်တည်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။ နှမြောစရာပဲ။ ဒါဆိုရင်တော့ ငရဲပြည်မှာပဲ အေးအေးဆေးဆေး အချိန်ဖြုန်းလိုက်တော့။ မကြာခင်မှာ အဲဒီ ကောင်းကင်ဘုံ မိစ္ဆာကိုလည်း ငါတို့ အဲဒီနေရာကိုပဲ လွှတ်ပေးမှာပါ" ပထမမြောက် စေတမန်က ပြောလိုက်ပြီးနောက် လက်ဖဝါးကို ပို၍ အားစိုက်ကာ ညှစ်လိုက်ပြီး အဘွားအို၏ လည်ပင်းအား ချိုးပစ်လိုက်တော့သည်။
သူမ၏ လည်ပင်း ချိုးခံလိုက်ရသဖြင့် အဘွားအိုသည် မယုံကြည်နိုင်ဆဲ အခြေအနေဖြင့်ပင် သေဆုံးသွားခဲ့ရ၏။ သူတို့က သူမကို တကယ် သတ်လိုက်သည်လော။ သို့ဆိုလျှင် လက်စွပ်နှင့် လုံချန်းကို ခြေရာခံနိုင်သည်က သူတို့ ခြိမ်းခြောက် ဟန်ဆောင်ခဲ့ခြင်း မဟုတ်နိုင်ပေ။ အကယ်၍ သူတို့သာ သူ့ကို ရှာတွေ့သွားမည်ဆိုပါက သေချာပေါက် သတ်ပစ်ကြမည် ဖြစ်သည်။ လုံချန်းက ဒဏ်ရာရနေဆဲပင် မဟုတ်လော။