အခန်း ၁၁၀၆
Vol. 105 Ch. 1106
အခန်း ၁၁၀၆ ဧကရာဇ်နှင့် မျက်နှာချင်းဆိုင်တွေ့ခြင်း
လုံချန်းသည် တော်ဝင်အစောင့်၏ အဝတ်အစားများကို ဝတ်ဆင်ပြီးနောက် တော်ဝင်နန်းတော်ဆီသို့ ဦးတည်ကာ စတင် လမ်းလျှောက်လာခဲ့သည်။
နန်းတော်သို့ ရောက်ရှိသောအခါ လုံချန်းသည် နေရာရွှေ့ပြောင်းခြင်းကို မသုံးခဲ့ဘဲ ပင်မ အဝင်ဝတံခါးမှတစ်ဆင့် တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့၏။
နန်းတော်အဝင်ဝရှိ အစောင့်များသည် သူ့ကို တားဆီးခြင်း မပြုသည့်အပြင် ရိုသေစွာ နှုတ်ဆက်ကြပြီး ပြန်လည် ကြိုဆိုခဲ့ကြသည်။
အရာရာတိုင်းက အလွန်တရာ ချောမွေ့လွန်းသဖြင့် ထူးခြားနေသလိုပင် ရှိတော့သည်။ သူသည် အခြေအနေ အားလုံး အဆင်ပြေ၊ မပြေ လှည့်ကင်းပတ်နေသည့်အလား ဟန်ဆောင်ကာ နန်းတော်အတွင်းသို့ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ဝင်သွားပြီး နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက် ရှိရာအခန်းဆီသို့ ဦးတည်လိုက်၏။
လမ်းလျှောက်လာရင်း အစောင့်များ ချထားသည့် အနေအထားကို မြင်လိုက်ရသောအခါ လုံချန်းသည် ရင်ထဲ၌ အနည်းငယ် သက်ပြင်းချနိုင်ခဲ့တော့သည်။
'ဒီမှာ အစောင့်တွေ ပိုများလာတာပဲ။ ပြီးတော့ သူတို့ရပ်နေတဲ့ နေရာတွေကလည်း နည်းနည်းကွာသွားတယ်။ ငါ အစားထိုးဖို့ ဆုံးဖြတ်ခဲ့တာ တကယ်ကို မှန်သွားတာပဲ။ တကယ်လို့ ငါသာ ဒီအတိုင်း နေရာရွှေ့ပြောင်းလာခဲ့ရင် သူတို့ရဲ့ ရှေ့တည့်တည့်မှာ သွားကျနေလိမ့်မယ်' သူက စိတ်သက်သာရာရစွာဖြင့် တွေးလိုက်မိသည်။
သူသည် နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်ရှိရာ အခန်းဆီသို့ ခရီးတစ်ဝက်ခန့် ရောက်ရှိနေပြီဖြစ်စဉ် မိမိထံသို့ ဦးတည် လျှောက်လှမ်းလာသော ဧကရာဇ်ကို လှမ်း၍ မြင်တွေ့လိုက်ရ၏။
တုအင်ပါယာ၏ ဧကရာဇ်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် သူ့နှလုံးခုန်သံမှာ တစ်ချက်မျှ တုန်ခွာသွားခဲ့ရသည်။ လွန်ခဲ့သည့် အကြိမ်က သူနှင့် ထိပ်တိုက်တွေ့ခဲ့ဖူးသူမှာ တုအင်ပါယာ၏ ဧကရာဇ် အစစ်အမှန် ဖြစ်နေခဲ့သည် မဟုတ်လော။ သူသည် အင်ပါယာ တစ်ခုလုံးတွင် အသန်မာဆုံး လူသားဖြစ်ပြီး သူတော်စင် နယ်ပယ် အထွတ်အထိပ် ပညာရှင်တစ်ဦးလည်း ဖြစ်သည်။
အကယ်၍ လုံချန်းသာ ပုံမှန် အခြေအနေအတိုင်းဆိုလျှင် ထိုထက်သန်မာသော ရန်သူများကိုပင် ရင်ဆိုင်နိုင်သည်ဟု မိမိကိုယ်ကိုယ် ယုံကြည်ထားသဖြင့် ဧကရာဇ်အား ဂရုစိုက်နေမည် မဟုတ်ချေ။ သို့သော် ယခုကဲ့သို့သော ဒဏ်ရာရ အားနည်းနေသည့် အခြေအနေမျိုးတွင်မူ ဧကရာဇ်၏ သားဖြစ်သူနှင့် ပဋိပက္ခဖြစ်လျှင်ပင် ပြဿနာရှိနိုင်ရာ ဖခင်ဖြစ်သူနှင့် ထိပ်တိုက် တွေ့ရမည့် အရေးမှာ ဆိုဖွယ်ရာမရှိတော့ပေ။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
"အရှင်မင်းကြီး သက်တော် ရာကျော် ရှည်ပါစေ"
ဧကရာဇ်က စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းလာစဉ် လမ်းခရီးတစ်လျှောက်ရှိ အစောင့်အားလုံးက ဦးညွှတ်နှုတ်ဆက်ကြ၏။
'ငါ့ဘက်က သံသယဖြစ်စရာ ဘာမှ မပြမိဖို့ လိုတယ်။ မဟုတ်ရင် ငါက အစောင့်အစစ် မဟုတ်ဘူးဆိုတာ သူ ရိပ်မိသွားလိမ့်မယ်။ ငါ အစောင့်တစ်ယောက်လိုပဲ သဘာဝကျကျ ပြုမူရမယ်' လုံချန်းက တွေးရင်း တည်ငြိမ်သော ခြေလှမ်းများဖြင့် ဆက်လက် လျှောက်လှမ်းခဲ့သည်။
သူသည် ဧကရာဇ်၏ အနီးသို့ ရောက်ရှိသွားသောအခါတွင် တုဧကရာဇ်ကို ဦးညွှတ်နှုတ်ဆက်လိုက်ရာ ဧကရာဇ်က ပျင်းရိငြီးငွေ့စွာဖြင့် ခေါင်းသာညိတ်ပြခဲ့ပြီး မိမိ ယခင်က အကြိမ် အနည်းငယ် မြင်တွေ့ဖူးသည့် သာမန် အစောင့်တစ်ဦးဟုသာ ထင်မှတ်ကာ လုံချန်းအပေါ် အာရုံအများကြီး မစိုက်ခဲ့ချေ။
ဧကရာဇ်သည် မည်သည်ကိုမျှ ထူးထူးခြားခြား မတွေးတောဘဲ ကျော်လွန် ထွက်ခွာသွားခဲ့တော့သည်။
ဧကရာဇ် ဘေးမှ ကျော်လွန်သွားပြီးနောက်တွင်မှ လုံချန်းသည် နောက်ဆုံး၌ သက်ပြင်းအရှည်ကြီး တစ်ချက် ချနိုင်ခဲ့တော့၏။ သူသည် အဆိုးရွားဆုံး အချိန်အခါမျိုးတွင် ကပ်ဘေးကြီး တစ်ခုနှင့် မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ခဲ့ရခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် နေရာရွှေ့ပြောင်းခြင်းကို အသုံးမပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ မဟုတ်လျှင် အခြေအနေများမှာ ယခုထက် ပိုမို ဆိုးရွားသွားနိုင်ပေသည်။ တစ်အောင့်နားက စင်္ကြံလမ်းထဲတွင် အကြောင်း ရင်းမရှိဘဲ လမ်းလျှောက်နေသည့် ဧကရာဇ်၏ ရှေ့တည့်တည့်သို့ သူ တိုက်ရိုက် ရွှေ့ပြောင်းမိသွားနိုင်သည့် အခွင့်အလမ်းက အမှန်တကယ်ပင် ရှိနေခဲ့သည် မဟုတ်လော။
'တွေ့လား ရွှင်း၊ တစ်ခါတလေမှာ မြင့်မားတဲ့ စွန့်စားမှုတွေက တကယ်ကို အသုံးဝင်တယ်လေ' လုံချန်းက စိတ်ထဲမှတစ်ဆင့် ရွှင်းကို လှမ်း၍ ပြောလိုက်သည်။
"ဒီတစ်ကြိမ်တော့ နင်ပြောတာ မှန်သွားတယ်လို့ ငါ ဝန်ခံရမှာပဲ။ နင့်ပုံသဏ္ဍာန်နဲ့ အဝတ်အစားတွေကို လဲလှယ်ခဲ့တာ တကယ်ကို ကောင်းသွားတယ်" ရွှင်းက လုံချန်း၏ စကားကို သဘောတူညီစွာဖြင့် ပြန်ပြောလိုက်၏။ "နင်က တစ်ခါတလေမှာ စွန့်စားရပေမဲ့ တကယ်ကို အလုပ်ဖြစ်မယ့် အကြံဉာဏ်ကောင်းတွေကို ထုတ်နိုင်သားပဲလို့ ငါ ပြောရလိမ့်မယ်"
ရှေ့ဘက်ရှိ လမ်းကွေ့အချို့ကို ထပ်မံကွေ့ပြီးနောက်တွင်မူ လုံချန်းသည် လွန်ခဲ့သည့် အကြိမ်က မိမိ ထွက်ခွာလာခဲ့ဖူးသော အခန်း ရှေ့သို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့တော့သည်။ နေရာရွှေ့ပြောင်းခြင်း အစီအရင် ဝင်ပေါက်မှာ ထိုတံခါး၏ အခြားတစ်ဖက်တွင် ရှိနေခဲ့၏။
"ဒီမှာ ဘာလာလုပ်တာလဲ"
အစီအရင် အခန်း၏ အဝင်ဝတွင် အစောင့်နှစ်ဦး မတ်တပ်ရပ်၍ စောင့်ကြပ်နေကြသည်။
"ငါက မင်းတို့ကို လာအကြောင်းကြားတာ။ အရှင်မင်းကြီးက မင်းတို့ကို ချက်ချင်း လာတွေ့ဖို့ ခေါ်ခိုင်းလိုက်တယ်။ ရာဇပလ္လင်ခန်းမမှာ သွားတွေ့လိုက်ကြပါ။ သူတို့မရှိတဲ့ အတောအတွင်း ဒီနေရာကို ငါက အစားထိုး စောင့်ပေးထားမယ်" လုံချန်းက မျက်နှာသေဖြင့် လိမ်ညာလှည့်ဖြား၍ ရှင်းပြလိုက်၏။
"ဪ... အရှင်မင်းကြီးက ငါတို့ကို စကားပြောချင်လို့ ဟုတ်လား။ ငါတို့ တစ်ခုခု မှားလုပ်မိလို့လား မသိဘူး" အစောင့်နှစ်ဦးစလုံးက စိုးရိမ်ပူပန်သွားသည့်အလား လုံချန်းကို မေးလိုက်ကြသည်။
"ငါလည်း အသေအချာတော့ မသိဘူး။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ မျက်နှာက တော်တော်လေး တည်ကြည်နေတာတော့ မြင်ခဲ့ရတယ်။ မင်းတို့ သူ့ကို အကြာကြီး အစောင့်မခိုင်းသင့်ဘူး ထင်တယ်" လုံချန်းက ပြန်လည်ဖြေကြားလိုက်၏။
"ငါတို့ အခုချက်ချင်း သွားလိုက်ပါ့မယ်။ မကောင်းတဲ့ အရာ ဘာမှမဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ရတာပဲ" အစောင့်များက ပြောဆိုကာ အခန်း၏ လုံခြုံရေးတာဝန်ကို လုံချန်း လက်ထဲသို့ အပ်နှံ၍ ထွက်ခွာသွားကြတော့သည်။
၎င်းက ရွှေတွင်းကို သူခိုးလက်ထဲ အပ်လိုက်ရသလိုမျိုးပင် ဖြစ်၏။ အခြားအစောင့်များ လမ်းလျှောက်ထွက်ခွာသွားစဉ် လုံချန်းသည် မျက်နှာကို တည်ကြည်သော အမူအရာဖြင့် ထိန်းထားခဲ့သော်လည်း သူတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် မျက်နှာထက်တွင် အပြုံးများ ပြန်လည် ပေါ်ထွက်လာခဲ့တော့သည်။
သူသည် တံခါးကို တွန်းဖွင့်ကာ ရွှေ့ပြောင်းခြင်းတံခါးရှိရာ အခန်းထဲသို့ လှမ်းဝင်လိုက်ပြီးနောက် တံခါးအား ပြန်လည်ပိတ်လိုက်၏။
ထို့နောက် မြေပြင်ပေါ်တွင် တောက်ပစွာ လင်းလက်နေသည့် ဟင်းလင်းပြင် အစီအရင် အပေါ်သို့ လှမ်းတက်လိုက်တော့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် အစီအရင်မှ အလင်းတန်းများမှာ တစ်ခန်းလုံး ပြည့်နှက်သွားသည်အထိ တောက်ပလာခဲ့သဖြင့် လုံချန်းသည် မျက်လုံးများကို မှိတ်ထားလိုက်ရ၏။ ထိုအလင်းတန်းများ ပျောက်ကွယ်မသွားမီ မိမိ၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်၏ နံရံများကို ဖြတ်သန်းသွားနေရသလို ခံစားလိုက်ရတော့သည်။
သူ မျက်လုံးများ ပြန်ဖွင့်လိုက်သော အခါတွင် မိမိသည် အခြားသော အခန်းတစ်ခန်းထဲတွင် ရောက်ရှိမတ်တပ် ရပ်နေသည်ကို သတိပြုမိလိုက်သော်လည်း ၎င်းက အစိမ်းသက်သက် အခန်းတစ်ခန်းတော့ မဟုတ်ချေ။ သူသည် ယခင်က ချန်ယုနှင့် တခြားလူများနှင့်အတူ ဤကမ္ဘာမှ ထွက်ခွာစဉ်က ဤအခန်းသို့ ရောက်ရှိခဲ့ဖူးခြင်း ဖြစ်သည်။
လုံချန်းသည် မိမိ အစောင့်တစ်ဦးအဖြစ် ရုပ်ဖျက်ရန် လိုအပ်လာခဲ့စဉ်က သိုလှောင်လက်စွပ်ထဲသို့ ခဏထည့်ထားခဲ့သော မြွေဘုရင်ကို အပြင်သို့ ပြန်ထုတ်လိုက်၏။
ယခုအခါ မြွေဘုရင် အပြင်သို့ ပြန်လည်ရောက်ရှိလာသောအခါတွင်မူ လုံချန်းကို သူ့အား ပျင်းစရာကောင်းသော နေရာသို့ ပြန်လည် ပို့ဆောင်ခဲ့သောကြောင့် တတွတ်တွတ်ဖြင့် ဆက်တိုက် ဆိုသလိုပင် ပြစ်တင် ညည်းညူတော့သည်။
"ရှူး... တိုးတိုးလုပ်၊ ငါတို့မှာ အချိန်အများကြီး မရှိဘူး။ ငါ့ရဲ့ လည်ပင်းမှာပဲ ပြန်ရစ်ပတ်ထားလိုက်တော့။ ငါ နန်းတော်ပြင်ပကို ရောက်ဖို့အတွက် တာဝေး နေရာရွှေ့ပြောင်းခြင်း သုံးရဦးမယ်။ တကယ်လို့ ငါက အစောင့်တွေထဲက တစ်ယောက်ယောက်ရဲ့ ရှေ့တည့်တည့်မှာ သွားကျခဲ့ရင် မင်းရဲ့ စွမ်းရည်ကို သုံးပြီး သူတို့ကို မလှုပ်ရှားနိုင်အောင် လုပ်ပေးပါ။ ဒါမှ ငါ သူတို့ကို ပိုပြီး လွယ်လွယ်ကူကူ သတ်လို့ရမှာ" လုံချန်းက အချိန်ပိုအကုန်မခံဘဲ အစီအစဉ်ကို ရှင်းပြလိုက်သည်။
"ငါ အခု တော်တော်လေး မောနေပြီ။ ဒါကြောင့် ငါ့စကားတွေကို ထပ်ခါတလဲလဲ အပြောမခိုင်းနဲ့တော့" သူက ထပ်လောင်းဆို၏။
"ကောင်းပြီ... ဒီမြွေဘုရင်ကြီးရဲ့ လက်ရုံးတပည့်က အကူအညီတောင်းနေမှတော့ အလွန် မွန်မြတ်တဲ့ နတ်ဘုရားကြီးဖြစ်တဲ့ ငါက ကူညီပေးရတာပေါ့" မြွေဘုရင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုကာ လုံချန်း၏ လည်ပင်းတွင် ရစ်ပတ်၍ ပခုံးပေါ်၌ မှီတွဲလိုက်တော့သည်။
အဆင်သင့်ဖြစ်ပြီးနောက် လုံချန်းသည် အစီအရင်အခန်း၏ အပြင်ဘက်သို့ နေရာရွှေ့ပြောင်းလိုက်ရာ ကံကောင်းထောက်မစွာဖြင့် လူသူ ဆိတ်ငြိမ်၍ ဗလာဖြစ်နေသော စင်္ကြံလမ်း တစ်လမ်းထဲသို့ ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း သူ နောက်ထပ် နေရာရွှေ့ပြောင်းခြင်းမှာမူ အနည်းငယ် ရှုပ်ထွေးသွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် သူသည် အစောင့်တစ်ဦး၏ ရှေ့တည့်တည့်သို့ သွားရောက်ဆင်းသက်မိသွားသောကြောင့် ဖြစ်သည်။
မိမိ ရှေ့တွင် သူစိမ်းတစ်ယောက် ရုတ်တရက် ပေါ်လာသည်အား မြင်လိုက်ရသဖြင့် ထိုအစောင့်သည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း သူ့ဓားကိုပင် အပြင်သို့ မထုတ်နိုင်သေးမီ သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ လေဖြတ်သွားသကဲ့သို့ လုံးဝ ရွေ့လျား၍ မရတော့ကြောင်း သဘောပေါက်သွားခဲ့ရသည်။ ခန္ဓာကိုယ်အနှံ့တွင် ကျင်တက်လာသော ခံစားမှုမျိုးသာ ရှိနေပြီး မည်သည့်အစိတ် အပိုင်းကိုမျှ လှုပ်ရှား၍ မရတော့ချေ။
လုံချန်းသည် ထိုအစောင့်၏ အနားသို့ တည်ငြိမ်စွာ လှမ်းလျှောက်သွားခဲ့ပြီးနောက် ချီစွမ်းအင်ဓား တစ်လက်ကို ဖန်တီးကာ ထိုအစောင့်အား သတ်ဖြတ်လိုက်ပြီး ရုပ်အလောင်းကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်း သိမ်းဆည်း လိုက်လေတော့သည်။
သူသည် အမှောင်ဓားကို အသုံးမပြုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုဓားကို ပိုမို သန်မာသော ရန်သူများနှင့် ရင်ဆိုင်ရချိန် သို့မဟုတ် မိမိ ကျန်းမာရေး ပြန်ကောင်းလာပြီး တိုက်ခိုက်မှုများ၏ စွမ်းအင်အား စုပ်ယူရန် လိုအပ်သည့် အချိန်မျိုးတွင်သာ အသုံးပြုရန် စိတ်ကူးထားသောကြောင့် ဖြစ်သည်။
ယခုအချိန်တွင်မူ ဤချီစွမ်းအင်ဓား တစ်လက်တည်းနှင့်ပင် လုံလောက်နေပြီ ဖြစ်သည်။