အခန်း ၉၃
Vol. 10 Ch. 93
အခန်း (၉၃) အချိန်ပြည့်တော့မယ်...မင်းက အခွင့်အရေးကို တန်ဖိုးမထားခဲ့ဘူးပဲ
ဤအခိုက်အတန့်တွင် တခြားကစားသမားများအားလုံးကဲ့သို့ပင် လီပင်းသည် သူမ၏စွမ်းအားများအားလုံး စုပ်ယူခံလိုက်ရသည့်အလား ဖြစ်နေသည်။ သူမသည် အလွန်အမင်း တိတ်ဆိတ်နေသော စာသင်ခန်းထဲတွင် ထိုင်ကာ သူမ၏ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် ထိုကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသော တရားစီရင်မှုကို စောင့်ဆိုင်းနေလေ၏။
တီးတိုးစကားပြောသံမရှိ အဖြေတိုက်သည့် ဆူညံသံ မရှိချေ။ လူတစ်ဦး၏ ကျောရိုးကို ခြေမွှလုမတတ် ဖြစ်စေသော လေးလံသည့် တိတ်ဆိတ်မှုသာ ရှိနေလေ၏။ ပတ်ဝန်းကျင်သည် အလွန်ဖိနှိပ်ချုပ်ကိုင်နေသဖြင့် လူအများကို အသက်ရှူမွန်းကြပ်စေသည်။
လီပင်း၏လက်များသည် စားပွဲအောက်တွင် တင်းကျပ်စွာ ဆုပ်ထားပြီး သူမ၏ လက်သည်းများသည် လက်ဝါးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေသော်လည်း သူမသည် နာကျင်မှုကို အနည်းငယ်မျှ မခံစားရချေ။
ဤတစ်ကြိမ်တွင် သူမ ယခင်တစ်ခေါက်ကထက် ပို၍စိုးရိမ်ထိတ်လန့်နေသည်။
အကယ်၍ သူမ ထွက်မသွားနိုင်ခဲ့လျှင် ပေးဆပ်ရမည့်တန်ဖိုးက နောက်ထပ်ငါးလ ဆက်နေရခြင်းပင်။
နောက်ထပ် ငါးလ...
ဆိုလိုသည်မှာ သူမသည် ဤ 【အထက်တန်းနောက်ဆုံးနှစ်】ဟု အမည်ရသော ငရဲခန်းတွင် စုစုပေါင်း တစ်နှစ်ကျော် နေထိုင်ရပေမည်။
အထက်တန်းနောက်ဆုံးနှစ် နယ်မြေမှာ တစ်နှစ်ကျော် နေရမည်ဆိုတာက လူတွေ လုပ်နိုင်သော ကိစ္စမျိုးလားဟု သူမ တွေးတောလိုက်မိသည်။
ငါ မလုပ်နိုင်ဘူး...
ငါ တကယ်ကို မလုပ်နိုင်ဘူး..
အလယ်က ငါးလတာ မှတ်ဉာဏ်တွေကို ဖျက်ပစ်ခံရမယ်ဆိုရင်တောင် နောက်ဆုံးရက်အနည်းငယ် ရောက်တဲ့အခါ နာကျင်စရာ မှတ်ဉာဏ်တွေ အားလုံးက ဒီရေလှိုင်းတစ်ခုလို ပြန်ရောက်လာပြီး တစ်လွှာပြီးတစ်လွှာ ထပ်နေအုံးမှာလေ...
ပထမအကြိမ်၏ နာကျင်မှုနှင့် ဒုတိယအကြိမ်၏ မျှော်လင့်ချက်မဲ့မှုတို့ ရောယှက်နေပြီး ထိုကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးနှင့် ဆုတ်ဖြဲခံရသည့် ခံစားချက်သည် အကြိမ်တိုင်း ပို၍ပို၍ လေးလံလာပြီး သူမကို ပို၍အသက်ရှူမွန်းကြပ်စေပေလိမ့်မည်။
သူမ လုံးလုံးလျားလျား ရူးသွပ်သွားပေလိမ့်မည်။
သူမ သေချာပေါက် ရူးသွားပေလိမ့်မည်။
အချိန်များသည် တစ်မိနစ်ပြီးတစ်မိနစ်၊ တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်သွားခဲ့ပြီး စက္ကန့်တိုင်းသည် ရာစုနှစ်တစ်ခုကဲ့သို့ ရှည်လျားနေလေ၏။
လီပင်းသည် သူမ၏ရင်ဘတ်ထဲတွင် ရူးသွပ်စွာ ခုန်ပေါက်နေသော သူမ၏ နှလုံးခုန်သံကိုပင် ရှင်းလင်းစွာ ကြားနိုင်ပြီး သူမ၏ နားထင်သွေးကြောများလည်း တဒုတ်ဒုတ် ခုန်နေသည်။
သူမ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် အစီရင်ခံစာ သို့မဟုတ် အသံချဲ့စက်မှ ထိုအေးစက်သော အသံကို စောင့်ဆိုင်းရင်း သူမက စာသင်ခန်းတံခါးကို စိုက်ကြည့်နေသည်။
ထိုအချိန်၌ ပေါ့ပါးသော ဒေါက်မြင့်ဖိနပ်သံများ ချဉ်းကပ်လာလေ၏။ ကျောင်းသားတိုင်း၏ နှလုံးသားများ ဆတ်ခနဲ တုန်ရီသွားသည်။ ဆရာမ ရောက်လာပြီဖြစ်ကြောင်း သူတို့အားလုံး သိလိုက်ကြသည်။
သူတို့ တွေးထင်သည့်အတိုင်းပင် ဆရာမ၏ ပုံရိပ်သည် စာသင်ခန်းတံခါးဝတွင် မကြာမီ ထွက်ပေါ်လာလေ၏။
"ဒီတက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့ ရလဒ်တွေကို ကြေညာပါ့မယ်...."
လီပင်း၏ နှလုံးသားသည် သူမ၏လည်ချောင်းထဲသို့ ခုန်တက်လာတော့မည့်အလားပင်။ သူမသည် ဆရာမကို စိုးရိမ်တကြီး ကြည့်ကာ ကောင်းကင်ဘုံသို့ ဆုတောင်းရင်း သူမ ထွက်သွားနိုင်ရန် မျှော်လင့်နေမိသည်။
ပဉ္စမနေရာကို ကြေညာလိုက်ပြီး သူမ မဟုတ်သောအခါ သူမ၏ နှလုံးသား လေးလံသွားသည်။ သူမ ပို၍စိုးရိမ်လာပြီး တီးတိုးရေရွတ်လိုက်၏။
"ဘုရားသခင် ကျွန်မကို ကောင်းချီးပေးပါ...ကျွန်မကို အပြင်ပေးထွက်ပါ...တောင်းပန်ပါတယ်...တောင်းပန်ပါတယ်..."
"ဒုတိယနေရာ...လီပင်း..."
သူမ၏နာမည်ကို ကြားလိုက်ရသည်နှင့် တပြိုင်နက် လီပင်းသည် ခေါင်းကို ဆတ်ခနဲ မော့လာပြီး အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားသည်။
"ဟားဟားဟား... ငါပဲ... ငါ့နာမည်ပဲ... ငါ ထွက်သွားလို့ ရပြီ... ဒီနေရာကနေ ငါ ထွက်သွားလို့ ရပြီ"
လီပင်းသည် ပထမအကြိမ်က ဝမ်မေကဲ့သို့ပင် သူမ၏ ခုံမှ ဝုန်းခနဲ မတ်တပ်ရပ်လိုက်ပြီး အလွန်အမင်း ဝမ်းသာပျော်ရွှင်နေလေ၏။
နောက်ဆုံးတော့... ဒီကျိန်ဆဲချင်စရာနေရာကနေ ငါ ထွက်သွားလို့ ရပြီ... ညှဉ်းပန်းနှိပ်စက်မှုကို ဆက်ခံစရာ မလိုတော့ဘူး..
တခြားသူများသည် လီပင်းကို မနာလိုမှု အပြည့်ရှိသော မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။ ဤမြင်ကွင်းမှာ ပထမအကြိမ်နှင့် အတိအကျ တူညီနေသည်။ တစ်ချိန်က လီပင်းသည် သူတို့ထဲမှ တစ်ဦးဖြစ်ခဲ့ပြီး ထွက်သွားနိုင်သူများကို မနာလို ဖြစ်ခဲ့ရသည်။
သို့သော် ယခုအချိန်၌ သူမသည် ထွက်သွားနိုင်သူ ဖြစ်နေလေပြီ။
...
နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်၌...
"စံသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူ အားလုံးကို ဆုလာဘ်တွေ ပေးအပ်ပြီးပြီ...သူတို့ နယ်မြေထဲကနေ ထွက်ခွာလို့ ရပြီ"
ဆာရာက ပြောဆိုသည်။
ချန်လန်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... ငါ အပြာရောင်ကြယ်ကို ခဏလောက် ပြန်သွားဦးမယ်..."
ဤစကားကို ကြားသောအခါ ဆာရာသည် တခဏကြာမျှ ကြက်သေသေသွားပြီးနောက် အလျှင်အမြန် သဘောပေါက်သွားလေ၏။
ချန်လန်က လီပင်းကို သွားရှာမလို့လား...
"နင်က တကယ့်ကို နတ်ဆိုးပဲ....သူလေး အပြင်ထွက်လာခါစရှိသေးတာကို နင်က သွားရှာအုံးမလို့လား.... ညှဉ်းပန်းနှိပ်စက်တာကို ဆက်လုပ်ချင်သေးလို့လား"
"မဟုတ်ပါဘူး....သူ့ရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို ငါ့မျက်စိနဲ့ကိုယ်တိုင် မြင်ချင်ရုံလေးပါ..."
ထိုသို့ပြောဆိုပြီးနောက် ချန်လန်သည် တံခါးပေါက်ကို ဖြတ်ကျော်ကာ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာမှ ထွက်ခွာသွားသည်။
မျက်စိတစ်မှိတ်အတွင်း သူ အပြာရောင်ကြယ်သို့ ရောက်ရှိသွားလေ၏။
လီပင်းကို မည်သည့်နေရာ၌ ရှာရမည်နှင့် ပတ်သက်ပြီး နေရာတစ်ခုကို သူ မှတ်မိနေသည်။
နာရီဝက်အကြာတွင် ချန်လန်သည် သူ၏ ယခင် ရပ်ကွက်သို့ အငှားယာဉ်ဖြင့် သွားခဲ့သည်။ အချိန်တခဏကြာ လမ်းလျှောက်ပြီးနောက် သူသည် စားသောက်ဆိုင်ငယ်လေး တစ်ဆိုင်သို့ ရောက်ရှိလာသည်။ ဆိုင်အတွင်းသို့ တစ်ချက်ကြည့်လိုက်ရုံဖြင့် အစားအသောက်များကို အငမ်းမရ စားသောက်နေသော ရင်းနှီးသည့် ကျောပြင်တစ်ခုကို သူ မြင်တွေ့မိလေ၏။
သူ ဖြည်းညင်းစွာ ချဉ်းကပ်သွားလိုက်သည်။
"အရသာရှိလိုက်တာ... အရမ်းအရသာရှိတာပဲ...ဒီလောက်ကောင်းတဲ့ဟာကို မစားရတာ အရမ်းကြာပြီ..."
"သူဌေး... အထူးဟင်းလျာ နောက်နှစ်ပွဲ ပေးပါဦး..."
လီပင်းသည် ထမင်းစားပွဲတွင် ထိုင်ကာ သူမ၏ အသွင်အပြင်ကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ အားရပါးရ စားသောက်နေသည်။
ဆာလောင်မှု၏ အရသာကို အမှန်တကယ် နားလည်နိုင်သူ အနည်းငယ်သာ ရှိပြီး အထူးသဖြင့် အလွန်အမင်း ထုံကျင်စေသော ဆာလောင်မှုမျိုးပင်။ ယခုအချိန်၌ သူမသည် အစားအသောက်များကို တွေ့ရှိပြီဖြစ်ရာ ထိုအရာများကို ရူးသွပ်စွာ စားသောက်ရန်သာ သူမ ဆန္ဒရှိတော့သည်။
"သူဌေး... ပြည်ကြီးငါးကင် တစ်ပွဲနဲ့ ခေါက်ဆွဲကြော် တစ်ပွဲပေးပါ... ဒီမှာပဲ စားမယ်..."
ချန်လန်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။
ဤစားသောက်ဆိုင်ငယ်လေးမှ ပြည်ကြီးငါးကင်သည် အလွန်အရသာရှိပြီး ဈေးမကြီးချေ။ တစ်ပွဲကို ယွမ် သုံးဆယ်ကျော်သာ ကျသင့်ပြီး ခေါက်ဆွဲကြော်နှင့်ဆိုပါက ယွမ်ငါးဆယ်ဝန်းကျင်သာ ကျသင့်သည်။
အစားအသောက်ထဲတွင် နစ်မြုပ်နေသော လီပင်းသည် ရင်းနှီးသော်လည်း အနည်းငယ် သူစိမ်းဆန်သော ထိုအသံကို ကြားလိုက်ရချိန်၌ ရုတ်တရက် ဆတ်ခနဲတုန်ရီသွားပြီး တောင့်တင်းသွားသည်။
ထို့နောက် သူမသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး ချန်လန်၏အကြည့်နှင့် ဆုံတွေ့သွားသည်။ သူမ၏စိတ်နှလုံးသား တုန်ရီသွားပြီး ဝုန်းခနဲ မတ်တပ်ရပ်ကာ သူမ၏အနောက်ရှိ စားပွဲနှင့် တိုက်မိသည်အထိ ထိတ်လန့်တကြား နောက်ဆုတ်သွားပြီး လဲကျလုမတတ် ဖြစ်သွားလေ၏။ သူမက ချန်လန်ကို လက်ညှိုးထိုးကာ ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။
"နင်... နင်က လူလား... သရဲလား..."
မဖြစ်နိုင်ဘူး...ငါ နယ်မြေထဲမှာ ဆယ်လတောင် နေခဲ့ရတာဆိုတော့ အပြင်လောကမှာ အနည်းဆုံး သုံးလကျော်တော့ ကုန်သွားလောက်ပြီ...ချန်လန်က ဘယ်လိုလုပ်ပြီး မသေသေးတာလဲ...ဘယ်လိုလုပ်ပြီး အသက်ရှင်နေနိုင်သေးတာလဲ....
ဒီလူက သေချာပေါက် ချန်လန် မဟုတ်ဘူး... ဒါမှမဟုတ် လူသားတစ်ယောက် မဟုတ်ဘူး...
သူမက တွေးတောလိုက်သည်။
"ငါက လူပေါ့....ဘာလဲ...သုံးလလေးပဲ ရှိသေးတာကို မင်းက ငါ့ကို မမှတ်မိတော့ဘူးလား...."
ချန်လန်က အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်။
"မဖြစ်နိုင်တာ... နင် သေသွားသင့်ပြီ မဟုတ်လား... နင့်ရဲ့ ရောဂါက အချိန်ဆွဲလို့မှ မရတာ... နတ်ဘုရားတောင် နင့်ကို ကယ်နိုင်မှာ မဟုတ်ဘူးလို့ ဆရာဝန်တွေက ပြောခဲ့တာလေ... ဒါမှမဟုတ်..."
ဤနေရာသို့ ရောက်ချိန်၌ လီပင်း ရုတ်တရက် ရပ်တန့်သွားပြီး သူမ၏မျက်လုံးသူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့သွားလေ၏။
"နင် တုန်လှုပ်ချောက်ချားဖွယ်နယ်မြေတစ်ခုထဲကို ဝင်ခဲ့တာလား..."
ထိုအချိန်က ချန်လန် အသက်ရှင်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ တုန်လှုပ်ချောက်ချားဖွယ်နယ်မြေ တစ်ခုထဲသို့ ဝင်ရောက်ပြီး တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ကာ ဆုလာဘ်တစ်ခု ရယူရန်ပင်။
အဘယ်ကြောင့်ဆိုသော် နယ်မြေထဲသို့ ဝင်ရောက်သူတိုင်းသည် လုံးလုံးလျားလျား ကျန်းမာသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခြင်းကြောင့်ပင်။ ချန်လန်သည် နယ်မြေတစ်ခုကို ရှင်းလင်းပြီး ဆုလာဘ်တစ်ခု ရယူကာ ယခုအချိန်အထိ အသက်ရှင်နေနိုင်ရန် ထိုအချက်ကို အားကိုးခဲ့ခြင်း ဖြစ်နိုင်ပေ၏။
"ငါ မဝင်ခဲ့ဘူး...ဒါပေမဲ့ မင်း ဝင်ခဲ့တယ်ဆိုတာကိုတော့ ငါသိတယ်...မင်းက အထက်တန်းနောက်ဆုံးနှစ်ထဲမှာ ဆယ်လတောင် နေပြီးမှ ထွက်လာတာလေ...အရသာက ဘယ်လိုနေလဲ"
"အရမ်းကို ဆင်းရဲဒုက္ခရောက်ရတာပဲ... နေပါအုံး... နင် ဘယ်လိုလုပ် သိတာလဲ"
လီပင်း သဘောပေါက်သွားပြီး ချန်လန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ဒီအကြောင်းကို နင် သိနိုင်စရာ အကြောင်း လုံးဝမရှိဘူး..."
ငါ အထက်တန်းနောက်ဆုံးနှစ် နယ်မြေထဲ ဝင်ခဲ့တာကို ချန်လန်က ဘယ်လိုလုပ် သိနိုင်မှာလဲ...ဒါမှမဟုတ်...
လီပင်း တစ်စုံတစ်ခုကို တွေးတောမိသွားသည်။ သူမ၏ အသက်ရှူသံများ မြန်ဆန်လာပြီး ချန်လန်ကို စိုက်ကြည့်နေသော သူမ၏အကြည့်များတွင် အလွန်အမင်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားလေ၏။
"ကြည့်ရတာ မင်း သိသွားပြီ ထင်တယ်..."
ချန်လန်က အေးစက်သော အပြုံးတစ်ခုကို ပြသလိုက်သည်။
"ငါ ဖန်တီးခဲ့တဲ့ နယ်မြေကို ဖြတ်သန်းရတာ ဘယ်လို ခံစားရလဲ..."
"နင်ပဲ...တကယ်တော့ နင်ပဲကို... နင်က အထက်တန်းနောက်ဆုံးနှစ်ကို ဖန်တီးခဲ့ပြီး ငါ့ကို အထဲဆွဲသွင်းခဲ့တာ...နင်ပဲ...."
လီပင်းက ရူးသွပ်ကာ အော်ဟစ်လိုက်ပြီး ချန်လန်ကို လက်ညှိုးထိုးကာ ဆဲဆိုလိုက်၏။
"ဘာလို့လဲ... ငါက နင့်ကို လမ်းခွဲရုံလေး လမ်းခွဲခဲ့တာလေ... နင့်မှာ ငါ့ကို နယ်မြေထဲ ဆွဲသွင်းဖို့က ဘာအခွင့်အရေး ရှိလို့လဲ... အဲ့ဒီဆယ်လကို ငါ ဘယ်လို ဖြတ်သန်းခဲ့ရလဲဆိုတာ နင် သိလား..."
"နင်က နတ်ဆိုးပဲ... နတ်ဆိုးတစ်ကောင်ပဲ...နင်က ဒီငရဲလို နယ်မြေကို ဖန်တီးပြီး လူတွေအများကြီးကို ဆင်းရဲဒုက္ခရောက်အောင် လုပ်ခဲ့တာပဲ..."
ချန်လန်က အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်။ နံရံပေါ်ရှိ နာရီသည် မည်သူမျှ သတိမထားမိဘဲ အချိန်တစ်ခုတွင် ရပ်တန့်သွားခဲ့လေပြီ။
သူသည် ထို 'အချိန်ရပ်တန့်ခြင်း' စွမ်းရည်ကို ဆာရာ့ထံမှ သင်ယူထားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
"မင်းရဲ့ ဒေါသထွက်နေတဲ့ပုံစံကို ကြည့်ရတာ တကယ့်ကို ခံစားလို့ကောင်းတာပဲ...."
ချန်လန်က လီပင်းကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်ရာ သူမ ထိတ်လန့်သွားသည်။
ချန်လန် ပြောင်းလဲသွားလေပြီ။ လအနည်းငယ်သာ ကြာမြင့်သေးသော်လည်း သူ လုံးလုံးလျားလျား ပြောင်းလဲသွားလေပြီ။
'သူ့ကို တိုင်မယ်.... ငါ ချန်လန်ကို တိုင်မယ်... သူက အထက်တန်းနောက်ဆုံးနှစ် နယ်မြေကို ဖန်တီးခဲ့တဲ့ ဖန်တီးသူပဲ.... နိုင်ငံတော်ကသာ သိသွားရင် ငါ့ကို သေချာပေါက် ဆုချီးမြှင့်မှာပဲ'
သူမက တွေးတောလိုက်သည်။
"နင်က အရမ်းရွံစရာကောင်းတယ်...ဘာလို့ နင် သေမသွားတာလဲ"
လီပင်းက အံ့ကြိတ်ပြီး ပြောဆိုသည်။
"အရင်တုန်းက မင်း တောင်းပန်တယ်ဆိုပြီး သေတမ်းစာ ရေးခဲ့တယ် မဟုတ်လား...မင်း အသိစိတ် ပြန်ရလာပြီလို့ ငါ ထင်နေခဲ့တာ..."
ချန်လန်က သက်ပြင်းချလိုက်၏။
လီပင်း သူမ၏အသိစိတ်ကို ပြန်လည်ရှာတွေ့ခဲ့ပြီဟု သူ တွေးထင်ခဲ့သော်လည်း ယခု ကြည့်ရသည်မှာ သူမ ထိုသို့မဖြစ်ခဲ့ပုံရသည်။
"ဟမ့်... အဲ့ဒီတုန်းက နင် သေပြီလို့ ငါထင်လို့ အဲ့ဒီစာကို ရေးခဲ့တာ... နင်က ဖန်တီးသူ ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... အဲ့ဒီတုန်းကသာ ငါ သိခဲ့ရင် နင့်ကို သေချာပေါက် ကျိန်ဆဲခဲ့မှာပဲ...."
လီပင်းက ချန်လန်ကို နာကြည်းမှုများဖြင့် ကြည့်လိုက်သည်။ ဤဘဝတွင် သူ့ကို သူမ ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်ချေ။ သူမကို နယ်မြေထဲ ဆွဲသွင်းပြီး ဆယ်လတိုင်တိုင် ညှဉ်းပန်းနှိပ်စက်ခဲ့သည်မှာ ဤနတ်ဆိုးပင်။
သူမသည် ချန်လန်ကို နာကျင်စေသော တန်ကြေးတစ်ခု သေချာပေါက် ပြန်ပေးဆပ်စေရပေမည်။
ချန်လန် သက်ပြင်းချလိုက်ပြီး သူမကို ဖြတ်ကျော်သွားပြီး နံရံပေါ်ရှိ နာရီကို တစ်ချက်ကြည့်လိုက်ရာ ယခုအချိန်၌ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။
"အချိန်ပြည့်တော့မယ်...မင်းက အခွင့်အရေးကို တန်ဖိုးမထားခဲ့ဘူးပဲ"