← Chapters

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅

Vol. 10 Ch. 95

အခန်း (၉၅) စံသတ်မှတ်ချက်က တကယ်တော့ ဘာလဲ

"ဝမ်ရုံ..."

အလုပ်ရုံမှူးက ပထမဆုံးနာမည်ကို ဖတ်ပြလိုက်သည်။ ထိုအသံကို ကြားလိုက်ရချိန်၌ လူအများအပြားသည် တူညီသော ဦးတည်ချက်သို့ တပြိုင်နက်တည်း ကြည့်လိုက်ကြရာ ထိုနေရာတွင်...

ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော အသက် လေးဆယ်ခန့်အရွယ် အမျိုးသမီးတစ်ဦးသည် ပြင်းထန်စွာ ဆတ်ခနဲ တုန်ရီသွားလေ၏။ သူမ၏မျက်လုံးများအတွင်း၌ ချက်ချင်းဆိုသလိုပင် မျက်ရည်များ ပြည့်နှက်သွားပြီး သူမ၏ခန္ဓာကိုယ် အထိန်းအကွပ်မဲ့စွာ တုန်ယင်နေသည်။

အဲ့ဒါက... တကယ်ကြီး ငါ လား...

ကိုယ်ပိုင် အဆင့်သတ်မှတ်ချက်မှာ သူမ တစ်ကြိမ်တစ်ခါမှ ပထမ မရခဲ့ဖူးချေ။ ရံဖန်ရံခါမှသာ သူမ အလွန်အမင်း ခက်ခဲစွာဖြင့် ထိပ်ဆုံးငါးယောက်စာရင်းကို အကြိမ်အနည်းငယ်သာ ဝင်ခဲ့ဖူးသည်။

သူမ၏အမြင်အရ သူမသည် ဤဧရာမ စက်ယန္တရားကြီးထဲရှိ အလွန်သာမန်ဆန်သော ဝက်အူလေးတစ်ခုမျှသာဖြစ်ပြီး ရှင်သန်ရန် ရုန်းကန်နေရကာ ပထမဆုံး ထွက်ခွာခွင့်ရမည့် လူအုပ်စုတွင် ပါဝင်နိုင်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ရဲခဲ့ချေ။

ငါက ထွက်ခွာခွင့် နေရာတစ်ခုကို တကယ်ကြီး ရနိုင်ခဲ့တာလား...

ကြီးမားသော အံ့အားသင့်မှုနှင့် ရေရှည် ဖိနှိပ်ထားမှုများအပြီး၌ လွတ်မြောက်သွားမှုတို့ကြောင့် သူမ၏ စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့လုနီးပါး ဖြစ်သွားစေခဲ့သည်။

သို့သော် သူမနှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက်အနေဖြင့် နားမလည်နိုင်မှု၊ သံသယဖြစ်မှုနှင့် တိတ်တဆိတ် ဝမ်းသာမှု အရိပ်အယောင်လေးများက တခြားကစားသမားများကြားတွင် လျှင်မြန်စွာ ပျံ့နှံ့သွားလေ၏။

"ဘယ်လိုလုပ် သူ ဖြစ်နိုင်မှာလဲ...သူ ပထမရတာကို ငါ တစ်ခါမှ မမြင်ဖူးဘူး... ထိပ်ဆုံးငါးယောက်စာရင်းထဲ အကြိမ်နည်းနည်း ဝင်ရုံနဲ့ သူ ထွက်သွားလို့ ရတယ်လား..."

လူငယ်တစ်ဦးက မကျေနပ်မှုများ အပြည့်ဖြင့် အော်ဟစ်လိုက်သည်။

"သူတောင် ထွက်သွားလို့ရတယ်ဆိုရင် ငါက ပထမနေရာကို ငါးကြိမ်တောင် ရခဲ့ဖူးတာဆိုတော့ ငါ သေချာပေါက် ထွက်သွားရမှာပေါ့..."

ရလဒ်ကောင်းများရှိသော တခြားကစားသမားတစ်ဦးသည် ယုံကြည်မှုများ ရုတ်တရက် မြင့်တက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ကျောကို သိသိသာသာ မတ်မတ်ထားလိုက်၏။

"ဟက်... ငါက ဆယ်ရက်ဆက်တိုက် ပထမနေရာ ရခဲ့တာ... ပြီးတော့ လိုင်းခေါင်းဆောင်အဖြစ်လည်း ရက်တွေအများကြီး လုပ်ခဲ့တာ..."

ယခင် လိုင်းခေါင်းဆောင်ဟောင်းတစ်ဦးက ပြောလိုက်ပြီး သူ၏မျက်နှာပေါ်တွင် ယုံကြည်မှုရှိသော အောင်ပွဲခံ အပြုံးတစ်ခုနှင့်အတူ လက်ပိုက်လိုက်သည်။

"ဘယ်လိုပဲ ကြည့်ကြည့်... ငါ့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်က အကောင်းဆုံးပဲ... ကြည့်ရတာ ဒီနယ်မြေကနေ ထွက်ခွာဖို့ စံသတ်မှတ်ချက်က ထင်ထားတာထက် ပိုနိမ့်ပုံရတယ်..."

"အဲ့ဒီလိုဆိုရင် ငါတို့မှာ အခွင့်အရေးတွေ အများကြီး ရှိတာပေါ့"

လူအများ အချင်းချင်း တီးတိုးပြောဆိုလာကြပြီး တောက်လောင်နေသော အလင်းရောင်တစ်ခုက သူတို့၏ မျက်လုံးများတွင် ပြန်လည်၍ လင်းလက်လာခဲ့သည်။

ဝမ်ရုံကဲ့သို့ ပုံပန်းသဏ္ဍာန် "အားနည်းသော" လူလတ်ပိုင်း အမျိုးသမီးတစ်ဦးပင် ထွက်သွားနိုင်သည်ကို မြင်သောအခါ သူတို့သည် "လုပ်ငန်းစွမ်းဆောင်ရည်" ဟုခေါ်သောအရာ၏ တန်ဖိုးမှာ မမြင့်မားကြောင်းနှင့် ထွက်ခွာရန် သတ်မှတ်ချက်မှာ သူတို့ ထင်ထားသည်ထက် များစွာနိမ့်ကျကြောင်း မသိစိတ်မှ ယူဆလိုက်ကြ၏။

ဤသည်က သူတို့၏စိတ်နှလုံးသားထဲရှိ လေးလံသော ကျောက်တုံးကြီး ကြမ်းပြင်ပေါ်သို့ ကျသွားသကဲ့သို့ ခံစားရစေပြီး ထွက်သွားပြီးနောက် သူတို့ ဘာလုပ်မည်ကိုပင် စတင်၍ တွက်ချက်လိုက်ကြသည်။

အတုအယောင်ဖြစ်ပြီး မျက်ကန်းအကောင်းမြင်မှု တစ်ခုသည် အရည်အချင်းပြည့်မီသူများ စာရင်း စတင်ကြေညာချိန်က ရှိခဲ့သော လူတချို့၏ တင်းမာမှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ကို တိတ်တဆိတ် အစားထိုး ဝင်ရောက်လာတော့သည်။

ဝမ်ရုံ ထွက်သွားနိုင်ခြင်းသည် ကိုယ်ပိုင်အဆင့်သတ်မှတ်ချက်တွင် ရံဖန်ရံခါ ပါဝင်မှုများအပေါ် အခြေခံထားခြင်း မဟုတ်ကြောင်းကို သူတို့ မည်သို့ သိနိုင်မည်နည်း။

ထို့အစား ဤသည်မှာ သူမ၏ ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ပိုင်ထိန်းချုပ်မှုနှင့် စုဆောင်းနိုင်စွမ်းတို့ကြောင့်ပင်။

သူမသည် ခက်ခက်ခဲခဲ ရှာဖွေထားသော တစ္ဆေဒင်္ဂါးပြားတိုင်းနီးပါးကို စုဆောင်းထားခဲ့ပြီး မလိုအပ်သော အသုံးစရိတ်များအတွက် စူပါမားကတ်သို့ သွားခဲလှပေ၏။

သူမ၏ တစ္ဆေဒင်္ဂါးလက်ကျန်ငွေမှာ ဤလူများအားလုံးထဲတွင် အများဆုံးပင်။

ဝမ်ရုံ၏ မယုံကြည်နိုင်သော အမူအရာနှင့် ဝမ်းသာပျော်ရွှင်မှု မျက်ရည်များကို မြင်တွေ့ရပြီးနောက် ပတ်ဝန်းကျင်ရှိ ကစားသမားများ၏ အကောင်းမြင်သော ဆွေးနွေးမှုများကို ကြားရသောအခါ ကျိုးထျန်ချန်သည် မျှော်လင့်ချက် အနည်းငယ် မဖြစ်ပေါ်ဘဲ မနေနိုင်ခဲ့ချေ။

ဒီစက်ရုံထုတ်လုပ်မှုလိုင်းနယ်မြေက သိပ်မခက်ဘူး ထင်တယ်....

ပါရမီ၊ စိတ်ဓာတ်ခွန်အားနဲ့ အလွန်အကျွံ ယှဉ်ပြိုင်မှုတွေကို သက်သက်ယှဉ်ပြိုင်ရတဲ့ အထက်တန်းနောက်ဆုံးနှစ်နဲ့ ယှဉ်ရင် အနည်းဆုံးတော့ ဒီမှာက နည်းနည်း ပိုလွယ်ပုံရတယ် မဟုတ်လား...

သူ တွေးတောလိုက်မိသည်။

မည်သို့ပင်ဆိုစေကာမူ အလွန်ရိုးရှင်းပြီး ကိုယ်ပိုင် အဆင့်သတ်မှတ်ချက်တွင် တစ်ကြိမ်တစ်ခါမှ ပထမ မရခဲ့ဖူးတဲ့ ဝမ်ရုံကဲ့သို့ လူလတ်ပိုင်း အမျိုးသမီး အလုပ်သမားတစ်ယောက်ပင် ထွက်ခွာခွင့် အရည်အချင်းကို ရနိုင်ခဲ့သည်။

ဤသည်က သူ့ကို သူ၏ အခြေအနေအား အလိုအလျောက် စတင်၍ ပြန်လည်အကဲဖြတ်လာစေခဲ့သည်။

"ကံတရားလား..."

သူ တိတ်တဆိတ် စဉ်းစားလိုက်သည်။

စက်ရုံ၏ ရွေးချယ်မှု ယန္တရားတွင် ကျပန်းဖြစ်မှု အတိုင်းအတာတစ်ခု ရှိနိုင်သည် သို့မဟုတ် စံသတ်မှတ်ချက်တစ်ခုတည်း ရှိနေခြင်းထက် အလုပ်တက်ရောက်မှုနှင့် တည်ငြိမ်မှုကဲ့သို့ တခြားအချက်များကိုပါ ဘက်စုံထည့်သွင်းစဉ်းစားခြင်း ဖြစ်နိုင်ပေ၏။

"ဒါမှမဟုတ်... တခြားအချက်တွေကြောင့် ဖြစ်နိုင်မလား..."

ယခင်ထက် ပို၍နက်ရှိုင်းသော မေးခွန်းတစ်ခု ထွက်ပေါ်လာသည်။

နယ်မြေထဲ ဝင်လာကတည်းက သူ လေ့လာနေခဲ့ကာ တခြားသူများကို အချိန်တိုင်း သူ စောင့်ကြည့်နေခဲ့သည်။

ဝမ်ရုံ၏ ပုံမှန်အသွင်အပြင်ကို ပြန်လည်အမှတ်ရကြည့်ပါက သူမသည် အမြဲတစေ စကားနည်းပြီး အလုပ်ထဲတွင် ခေါင်းငုံ့နေတတ်ကာ စူပါမားကတ်တွင် အလွန်အကျွံ သုံးစွဲနေသည်ကို သူ တစ်ကြိမ်တစ်ခါမျှ မတွေ့ခဲ့ဖူးသလောက်ပင်။

ဤသည်က သူ၏ နှလုံးသားကို ဆတ်ခနဲ တုန်ရီသွားစေခဲ့လေ၏။

ခြိုးခြံချွေတာခြင်းကလည်း ထွက်ခွာဖို့ စံသတ်မှတ်ချက်တစ်ခု ဖြစ်နိုင်မလား...

မဟုတ်ဘူး... တိတိကျကျ ပြောရရင် အဲ့ဒါက ပိုက်ဆံ ဖြစ်ရမယ်....

ကျိုးထျန်ချန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ တစ်စုံတစ်ခုကို သိမြင်သွားသကဲ့သို့ ဖြစ်သွားသည်။

ဤအခိုက်အတန့်တွင် အလုပ်ရုံမှူးက ဒုတိယ နာမည်ကို ဖတ်ရန် ဟန်ပြင်လိုက်သည်။ ကျိုးထျန်ချန်က တွေးတောခြင်းကို ရပ်တန့်လိုက်ပြီး တခြားအရာများကို မစဉ်းစားမီ နာမည်ငါးခုလုံးကို အဆုံးအထိ နားထောင်ရန် ဆုံးဖြတ်လိုက်၏။

"လျှိုချန်ဖုန်း..."

ဤတစ်ကြိမ်တွင် နာမည်ကို ကြားပြီးနောက် စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လာသူမှာ သက်ကြီးပိုင်း အမျိုးသားတစ်ဦးပင်။

"ငါပဲ... ငါ ထွက်သွားလို့ ရပြီ...သမီးရေ... မိန်းမရေ... ငါ မင်းတို့ကို လာတွေ့လို့ ရပြီ..."

လူတိုင်း အသံလာရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ထိုအမျိုးသားကို မြင်တွေ့ပြီးနောက် သူတို့အားလုံး ကြက်သေသေသွားကြသည်။

အကြောင်းအရင်းမှာ သူ၏ဝတ်စားဆင်ယင်မှုသည် ဝမ်ရုံ နှင့် ဆင်တူနေသောကြောင့်ပင်။

သူသည် ရိုးရှင်းပြီး မကြာခဏလျှော်ဖွပ်ထားသဖြင့် အရောင်လွင့်နေသော အလုပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရာသီဥတုဒဏ် ခံထားရသဖြင့် သူ၏မျက်နှာ မည်း​နက်နေသည်။ အချိန်နှင့်ပင်ပန်းဆင်းရဲမှုတို့က သူ၏ မျက်နှာပေါ်တွင် နက်ရှိုင်းသော အရေးအကြောင်းများကို ထွင်းထုထားလေ၏။

အထူးသဖြင့် ထင်ရှားသည်မှာ သူ၏ အလွန်မှိုင်းရီနေသော မျက်လုံးများဖြစ်ပြီး မီးခိုးရောင် မြူခိုးလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားသည့်အလားပင်။ ဤသည်မှာ အလင်းရောင် အားနည်းမှုနှင့် အနားယူချိန် နည်းပါးမှုတို့ကြောင့် ကာလရှည်ကြာ အလွန်အကျွံ အာရုံစိုက်ရခြင်း၏ ပုံမှန်လက္ခဏာတစ်ခုပင်။

သူသည် စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေကာ သူ မြှောက်လိုက်သော လက်များတွင် ထူထဲသော အသားမာများနှင့် သေးငယ်သော အမာရွတ်များ ဖုံးလွှမ်းနေသည်။ ဤသည်က ကြမ်းတမ်းသော ကိရိယာများ၊ စက်အစိတ်အပိုင်းများကို အချိန်ကြာမြင့်စွာ ထိတွေ့လုပ်ကိုင်ခဲ့ရမှုကြောင့် ကျန်ရစ်ခဲ့သော အမှတ်အသားများ ဖြစ်ကြောင်း သိသာထင်ရှားသည်။

အကယ်၍ ဝမ်ရုံ ထွက်သွားနိုင်ခြင်းကို ထိပ်ဆုံးငါးယောက်စာရင်းသို့ သူမ ရံဖန်ရံခါ ဝင်ရောက်ခဲ့ခြင်းဖြင့် ရှင်းပြနိုင်သေးသည် ဆိုပါက လျှိုချန်ဖုန်း၏ ထွက်ပေါ်လာမှုသည် အဆင့်သတ်မှတ်ချက်များအပေါ် အခြေခံ၍ လူအများအပြား တည်ဆောက်ထားခဲ့သော ယုံကြည်မှုကို လုံးလုံးလျားလျား လှုပ်ခတ်သွားစေခဲ့သည်။

"ဘယ်လိုလုပ်ပြီး ဒီလိုလူမျိုး ထပ်ဖြစ်ရတာလဲ..."

အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးတွင် အကြိမ်များစွာ ရှိခဲ့သော လူငယ်ကစားသမားတစ်ဦးက တီးတိုးရေရွတ်လိုက်ကာ သူ၏ မျက်နှာတွင် ဇဝေဇဝါဖြစ်မှုနှင့် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပြည့်နှက်နေလေ၏။

"အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးငါးယောက်စာရင်းမှာ သူ့ကို တစ်ခါမှ မတွေ့ဖူးဘူးလို့ ငါထင်တယ်"

အနီးနားရှိ တစ်စုံတစ်ဦးက လေသံနိမ့်နိမ့်ဖြင့် ထောက်ခံလိုက်ရာ သူတို့၏လေသံတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

"လုပ်ငန်းစွမ်းဆောင်ရည်ဆိုတာက အဆင့်သတ်မှတ်ချက်နဲ့ အမြန်နှုန်းတို့အပေါ်မှာ မူတည်ပြီး အကဲဖြတ်တာ မဟုတ်ဘူးလား..."

လူအုပ်ကြီးထဲတွင် အသိဉာဏ် ရှင်းလင်းသူများ မရှိခြင်း မဟုတ်ချေ။ ဒုတိယမြောက် သာမန်ပုံပေါက်သော လျှိုချန်ဖုန်းကို ထွက်ခွာရန် ခေါ်ယူလိုက်ချိန်၌ ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုသည် အဆိပ်ပြင်းသော မြွေတစ်ကောင်အလား သူတို့၏ စိတ်ထဲသို့ တိုးဝင်သွားသည်။

လုပ်ငန်းစွမ်းဆောင်ရည်ဆိုတာက အဆင့်သတ်မှတ်ချက်နဲ့ အမြန်နှုန်းတို့နဲ့ လုံးဝမသက်ဆိုင်ဘူးလား...

ဤအတွေး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် တောမီးအလား လျှင်မြန်စွာ ပျံ့နှံ့သွားသည်။

"အဲ့ဒါက အမှန်ပဲ....ဝမ်ရုံက ထိပ်ဆုံးငါးယောက်စာရင်းကို အကြိမ်နည်းနည်းလောက် ဝင်ခဲ့ပြီးတော့ လျှိုချန်ဖုန်းကတော့ လုံးဝကို အမည်မသိ လူတစ်ယောက်ပဲ....ဘာကို အခြေခံပြီး သူတို့က ထွက်သွားနိုင်ရတာလဲ..."

"တစ်နည်းအားဖြင့် ပြောရရင် ငါက ပထမနေရာကို ရတယ်ဆိုရင်တောင်... ငါ သေချာပေါက် ထွက်သွားနိုင်မှာ မဟုတ်ဘူးပေါ့..."

ဤနောက်ဆုံးစကားများသည် အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးသို့ ရောက်ရန်အတွက် သူတို့၏ ဦးနှောက်များကို အလွန်အကျွံ အသုံးပြုခဲ့ကြပြီး သမာသမတ်မကျသော နည်းလမ်းများကိုပင် အသုံးပြု၍ ယှဉ်ပြိုင်ခဲ့ကြသော ထိုကစားသမားများ၏ နှလုံးသားများကို ရက်ရက်စက်စက် ထုနှက်လိုက်သည့် လေးလံသော သံတူကြီး တစ်လက်ကဲ့သို့ ဖြစ်နေသည်။

အထူးသဖြင့် ရက်အများအပြား ပထမနေရာကို ဆက်တိုက်လွှမ်းမိုးထားခဲ့သော သို့မဟုတ် လိုင်းခေါင်းဆောင်များအဖြစ် အကြိမ်များစွာ တာဝန်ယူခဲ့ပြီး သူတို့ကိုယ်သူတို့ "အထက်တန်းလွှာ" များအဖြစ် ဂုဏ်ယူနေခဲ့သော ထိုကစားသမား အနည်းငယ်သာဖြစ်သည်။

သူတို့၏မျက်နှာများပေါ်ရှိ ဂုဏ်ယူမှုနှင့် ယုံကြည်မှုများသည် ချက်ချင်းအေးခဲတောင့်တင်းသွားပြီး အရူးလုပ်ခံလိုက်ရခြင်း၏ ဒေါသနှင့် အရိုးထဲထိ စိမ့်ဝင်နေသော ထိတ်လန့်မှုတို့က အစားထိုး ဝင်ရောက်လာသည်။

"မင်း ငါ့ကို နောက်နေတာလား... ငါ့ဘဝကြီးကို အရင်းအနှီးပြုပြီး ပထမနေရာကို အကြိမ်ကြိမ် ရအောင် ယူခဲ့တာ... အခုတော့ အဲ့ဒါက အလကားပဲလို့ မင်းက ပြောနေတာလား..."

"အဆင့်သတ်မှတ်ချက် တက်လာဖို့အတွက် စွမ်းအားဖြည့်အချိုရည်တွေ ကော်ဖီတွေ နေ့တိုင်းသောက်ပြီး ပိုက်ဆံအများကြီးသုံးဖို့ ငါ ဝန်မလေးခဲ့ဘူး... ငါ့မျက်လုံးတွေ ကန်းလုနီးပါး ဖြစ်နေပြီးတော့ ငါ့လက်တွေလည်း ပြုတ်ထွက်လုနီးပါး ဖြစ်နေပြီ...ပြီးတော့ ရလဒ်က ခေါင်းငုံ့ပြီး အလုပ်လုပ်နေတဲ့ ဒီလူအိုကြီး နှစ်ယောက်ကို မမီဘူးလား..."

"ဒါတွေက ဘယ်လို သောက်ရေးမပါတဲ့ စည်းမျဉ်းတွေလဲ...မင်းတို့က ငါတို့ကို ကစားနေတာလား..."

သူတို့၏ဒေါသများ ပေါက်ကွဲသွားလေ၏။

သူတို့သည် "ထိရောက်မှု ပထမ" ဟူသော ကစားပွဲတစ်ခုကို ကစားနေသည်ဟု အမြဲတစေ ထင်မှတ်ထားခဲ့ပြီး သူတို့၏ စွမ်းအားများနှင့် တွက်ချက်မှုများအားလုံးကို ထိုအရာထဲသို့ ရင်းနှီးမြှုပ်နှံခဲ့ကြသည်။

သို့သော် ယခုအချိန်၌ သူတို့ ယုံကြည်ခဲ့သော ကစားပွဲရည်မှန်းချက်မှာ အစကတည်းက အတုအယောင် ဖြစ်နေနိုင်ကြောင်း သူတို့ တွေ့ရှိလိုက်ရသည်။

ဤအသိဉာဏ် လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်သွားမှုကို လက်ခံရန်မှာ ရိုးရှင်းသော ကျရှုံးမှုထက် ပို၍ခက်ခဲပေ၏။

အလုပ်ရုံသည် ချက်ချင်းဆိုသလိုပင် ပို၍နက်ရှိုင်းသော ရုတ်ရုတ်သဲသဲဖြစ်မှု အခြေအနေတစ်ခုထဲသို့ ကျဆင်းသွားသည်။

မေးခွန်းထုတ်သံများ၊ ကျိန်ဆဲသံများနှင့် ပြိုလဲစွာ အော်ဟစ်သံများ ရောယှက်နေကာ လူတိုင်း ရူးသွပ်စွာ စတင်၍ တွေးတောလိုက်ကြသည်။ အကယ်၍ အဆင့်သတ်မှတ်ချက်နှင့် အမြန်နှုန်းမဟုတ်ပါက အစစ်အမှန် စံသတ်မှတ်ချက်သည် မည်သည့်အရာ ဖြစ်နေသနည်း။

All Chapters