← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

အခန်း (၉၉) တုန်လှုပ်ချောက်ချားနတ်ဘုရား တစ်ပါး၏ အရှိန်အဝါများကို မှိန်ပျပျ ပိုင်ဆိုင်လာခြင်း

"ဘာ....အဆင့်မြင့် ဖန်တီးသူ ဟုတ်လား...သူက နယ်မြေ နှစ်ခုပဲ ဖန်တီးရသေးတာလေ"

ရှေးဟောင်း တစ္ဆေတစ်ကောင်က တိတ်ဆိတ်မှုကို ဖြိုခွဲကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ချွင်းချက်အနေနဲ့ ရာထူးတိုးတာ... ဒီဆက်ဆံရေးမျိုးက ပြိုင်ဘက်ကင်းပဲ... အဲ့ဒီ နာမည်ကြီး အဆင့်မြင့် ဖန်တီးသူတွေရဲ့ မျိုးဆက်တွေတောင်မှ ဒီလို ဆက်ဆံရေးမျိုး ရနိုင်မှ ရနိုင်မှာ..."

"တုန်လှုပ်ချောက်ချားနတ်ဘုရားဝတ်ရုံ...အဲ့ဒါက အထွတ်အထိပ်အဆင့် တစ္ဆေဘုရင်ဆီက တိုက်ခိုက်မှုတွေကို ခုခံနိုင်တဲ့ စည်းမျဉ်းအခြေခံ ဖန်တီးမှုတစ်ခုလေ...အဲ့ဒါကို သူ့ဆီ ပေးအပ်လိုက်တာလား..."

"ပထမဆုံး လူသား အဆင့်မြင့် ဖန်တီးသူ... ဆိုလိုတာက သူက ပိုပြီးကြီးမားတဲ့ နယ်မြေကမ္ဘာတွေကို ဖွင့်လှစ်ဖို့နဲ့ အရင်းအမြစ်တွေ ပိုပြီးအသုံးပြုဖို့ ခွင့်ပြုချက် ရသွားပြီပေါ့....သူက... သူ့ရဲ့ ကိုယ်ပိုင် ဖန်တီးသူအဖွဲ့ကိုတောင် ဖွဲ့စည်းလို့ ရပြီ..."

"အရမ်း မြန်လွန်းတယ်... သူ တိုးတက်လာတဲ့ အမြန်နှုန်းက အရမ်းမြန်လွန်းတယ်... ဝါရင့်ဖန်တီးသူတွေထဲက ဘယ်သူက နှစ်ထောင်ပေါင်းများစွာကြာတဲ့ ကြိုးပမ်းမှုကို မဖြတ်သန်းခဲ့ရလို့လဲ...."

မရေမတွက်နိုင်သော တစ္ဆေများသည် တုန်လှုပ်ချောက်ချားသွားကြ၏။

အကယ်၍ ယခင်က ချန်လန်သည် သူတို့ကို ခြိမ်းခြောက်မှုနှင့် မနာလိုမှုများသာ ဖြစ်ပေါ်စေခဲ့သည်ဆိုလျှင် ယခုအချိန်၌ ဤဆက်တိုက်ဖြစ်ပေါ်နေသော စည်းမျဉ်းများကို ချိုးဖောက်သည့် ဆုလာဘ်များနှင့် ရာထူးတိုးမြှင့်မှုများသည် သူတို့ကို ကိုင်တွယ်ထိတွေ့နိုင်လုနီးပါး အကျပ်အတည်း ခံစားချက်တစ်ခုကို ခံစားရစေသည်။

ဆိုလိုသည်မှာ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာ၏ အထက်ပိုင်းအလွှာဖြစ်သည့် အရှင်သခင်သုံးပါးသည် သည် ချန်လန်ကို မယုံနိုင်လောက်အောင် တန်ဖိုးထားနေပြီ ဖြစ်ကြောင်းကိုပင်။

အရင်းအမြစ်များ၊ ခွင့်ပြုချက်များ၊ ကာကွယ်မှုများစသဖြင့် အရာအားလုံးက သူ့ဘက်သို့ ယိမ်းယိုင်နေလေပြီ။

နေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေပြီး တစ္ဆေများ၏စိတ်များ ရှုပ်ထွေးနေချိန်မှာပင်...

ဘန်း ...

ယခင်က တည်ရှိမှုများအားလုံးထက် များစွာပို၍ကြီးမားပြီး ဂုဏ်ကျက်သရေရှိသော တုန်လှုပ်ချောက်ချားမှု၏ မူလအစကို ကိုယ်စားပြုနေသကဲ့သို့ ကြီးကျယ်ခမ်းနားသည့် နတ်ဘုရာစွမ်းအားတစ်ရပ်သည် စကြဝဠာတစ်ခု မွေးဖွားလာသကဲ့သို့ ရုတ်တရက် ဆင်းသက်လာလေ၏။

အောင်ပွဲခံ ဟင်းလင်းပြင် တစ်ခုလုံးရှိ အလင်းရောင်များ မှိန်ကျသွားပြီး တောက်ပမှုအားလုံးသည် ထိုအမြင့်မြတ်ဆုံး တည်ရှိမှုကြီးက ဝါးမျိုလိုက်သည့်အလားပင်။

ထို့နောက် တောက်ပကာ အဆုံးမရှိ ဂုဏ်ကျက်သရေရှိပြီး ဖိနှိပ်ချုပ်ချယ်မှုရှိသော ရွှေရောင် အလင်းတန်းများသည် ကောင်းကင်မြစ်တစ်ခုအလား ဟာလာဟင်းလင်းဖြစ်နေသော အမိုးခုံးမှ စီးကျလာသည်။

ရွှေရောင် အလင်းတန်းများ စုစည်းသွားပြီး မရေမတွက်နိုင်သော စည်းမျဉ်းများနှင့် ကြောက်ရွံ့မှုများမှ စုစည်းထားပုံရသော ကောင်းကင်သို့ မြင့်တက်နေသည့် ဝိုးတဝါး ဧရာမပုံရိပ်ကြီးတစ်ခုက ကောင်းကင်မှ ဆင်းသက်လာလေ၏။

တုန်လှုပ်ချောက်ချားနတ်ဘုရား မိုကာ....

သူသည် သူ၏တည်ရှိမှုဖြင့် သူတို့ကို တဖန်ထပ်၍ ကောင်းချီးပေးလိုက်သည်။

ဤတစ်ကြိမ်တွင် မိုကာ ထုတ်လွှတ်ထားသော ဖိအားသည် ထိုနေရာရှိ တစ္ဆေအများစု၏ စိတ်ဝိညာဉ်များကို တုန်ယင်သွားစေခဲ့ပြီး သူတို့ကို အလိုအလျောက် ခေါင်းငုံ့သွားစေကာ ဝပ်တွား၍ပင် ကိုးကွယ်သွားစေခဲ့သည်။

အဆုံးမရှိသော ထိတ်လန့်မှုများနှင့် စည်းမျဉ်းများ ပါဝင်နေသည့် သူ၏အကြည့်သည် ရွှေရောင် အလင်းတန်းကို ထိုးဖောက်ကာ ပလ္လင်ပေါ်တွင် ထိုင်နေသော ချန်လန်အပေါ်သို့ တိုက်ရိုက်ကျရောက်လာသည်။

ပတ်ဝန်းကျင်နေရာတစ်ခုလုံးသည် အပ်ကျသံကိုပင် ကြားနိုင်လောက်အောင် ချက်ချင်းတိတ်ဆိတ်သွားလေ၏။

ချန်လန် မတ်တပ်မရပ်ခဲ့ချေ။ သူသည် ပလ္လင်ပေါ်တွင် ဆက်ထိုင်နေပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် မိုကာကို မော့ကြည့်နေသည်။

ဤရိုသေမှုမရှိသော လူသားကို ကြည့်ရင်း မိုကာ သည် အနည်းငယ် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ တစ်ချိန်က ဤလူသားသည် သူ၏ ရှေ့မှောက်တွင် အနည်းငယ်ကြောက်ရွံ့ပြီး ရိုသေမှု ရှိခဲ့ပေ၏။

အဲ့ဒီတုန်းကနေ အခုအချိန်အထိ ဘယ်လောက်တောင် ကြာသွားလို့လဲဟု သူ တွေးလိုက်မိသည်။

SSSအဆင့် နယ်မြေ နှစ်ခုကို ဖန်တီးတယ်...ဆုလာဘ် နည်းနည်းရတယ်..ပြီးတော့ အဆင့်မြင့် ဖန်တီးသူ အဆင့်အတန်းကို ရတယ်... ပြီးတော့ သူက ငါ့ကို ဒီလိုမျိုး လျစ်လျူရှုရဲတယ်ပေါ့...

ဒါက မောက်မာတာသက်သက် မဟုတ်တော့ဘူး...

ဒါက ဗြောင်ကျကျ ရန်စတာပဲ...ဒါက ငါ မိုကာနဲ့ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာရဲ့ အမြင့်ဆုံးအာဏာကို ပွင့်ပွင့်လင်းလင်း အထင်အမြင်သေးတာပဲ....

မိုကာ၏ဝိုးတဝါး မျက်နှာပေါ်တွင် မည်သည့် အမူအရာကိုမျှ မမြင်တွေ့ရသော်လည်း သူ၏ ကြီးကျယ်ခမ်းနားသော အသံတွင် နေရာတစ်ခုလုံးကို တိုက်ခတ်သွားသော ဝင်ရိုးစွန်းလေပြင်းတစ်ခုကဲ့သို့ အနည်းငယ်အေးစက်မှုတစ်ခု ပါဝင်နေလေ၏။

"ချန်လန်..."

"မင်းရဲ့ အရည်အချင်းက ငါတို့ကိုတောင် သတိထားမိစေခဲ့တယ်..."

"မင်း ရှေ့ဆက်ပြီး ကောင်းကောင်း နေထိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်..."

"ကောင်းကောင်းနေထိုင်" ဟူသော စကားလုံးများသည် လုံးလုံးလျားလျား ကွဲပြားခြားနားသော အရိပ်အယောင်တစ်ခု ပါဝင်နေသည်။

ဤသည်မှာ အားပေးမှု မဟုတ်တော့ဘဲ ရာဇသံတစ်ခုအလား သတိပေးချက်တစ်ခုပင်။

'မင်းရဲ့ နေရာကို မင်းသိထားစမ်း... မဟုတ်ရင်...'

ချန်လန်၏မျက်နှာပေါ်ရှိ အပြုံးသည် အနည်းငယ်ပို၍ ပီပြင်ထင်ရှားလာပုံရလေ၏။ အဆုံးမရှိသော ဖိအားများ ပါဝင်နေသည့် မိုကာ၏အကြည့်နှင့် ဆုံတွေ့ချိန်၌ သူသည် ဆက်လက်ထိုင်နေပြီး ရှင်းလင်းကာ နှိမ့်ချခြင်းမရှိသလို မောက်မာခြင်းလည်း မရှိသော အသံဖြင့် ပြန်ဖြေလိုက်သည်။

"အရှင့်ရဲ့ သွန်သင်ချက်တွေကို ကျွန်တော်ရဲ့စိတ်ထဲမှာ မှတ်ထားပါ့မယ်..."

သူ့စကားလုံးများ၏ အဓိပ္ပာယ်မှာ နှိမ့်ချပုံရသော်လည်း သူ၏ကိုယ်ဟန်အမူအရာနှင့် လေသံတို့က တခြားအဓိပ္ပါယ်တစ်ခုကို ဖော်ပြနေသည်။

'ငါ ကြားတယ်....ဒါပေမဲ့ ငါ သေချာပေါက် လက်ခံမှာ မဟုတ်ဘူး'

မိုကာ၏ပုံရိပ်သည် ရွှေရောင်အလင်းတန်းအတွင်း၌ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသော်လည်း ထိုအေးစက်ပြီး သတ်ဖြတ်ချင်နေသော ဖိအား အကြွင်းအကျန်များသည် နေရာတစ်ခုလုံးတွင် အချိန်အတော်ကြာ ကျန်ရစ်နေခဲ့ပြီး အပူချိန်ကို သိသိသာသာ ကျဆင်းသွားသကဲ့သို့ ခံစားရစေလေ၏။

ချန်လန်သည် သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပလ္လင်ပေါ်တွင်မှီကာ သူ၏လက်ချောင်းထိပ်များဖြင့် လက်ရန်းကို ခပ်ဖွဖွပုတ်နေသည်။

မိုကာတွင် သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာပြီဖြစ်ကြောင်းကို သူ ကောင်းစွာသိထားသည်။

သို့သော် တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာတွင် အထူးသဖြင့် အရှင်သခင်သုံးပါးက သူ့ကို အထင်ကြီးနေပုံရချိန်၌ အားနည်းမှုကို ပြသခြင်းက သူ့အတွက် ဘေးကင်းမှုကို ယူဆောင်လာပေးမည် မဟုတ်ချေ။ ဤသည်က သူ့ကို မကောင်းကြံချင်နေသူများကို ပို၍ရိုင်းစိုင်းလာစေမည်သာဖြစ်ကြောင်း သူ သိထားလေ၏။

သူသည် ဤရိုသေမှုမရှိသော အပြုအမူကို အသုံးပြု၍ မိုကာ၏ သည်းခံနိုင်စွမ်း အတိုင်းအတာကို စမ်းသပ်ရန်နှင့် တစ္ဆေများအားလုံးကို ကြေညာရန် ရည်ရွယ်ထားခြင်းပင်။

'ငါ... ချန်လန်က ဘယ်သူ့ရဲ့ လက်အောက်ငယ်သားမှ မဟုတ်ဘူး... ငါ့မှာ ငါ့ရဲ့ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိတယ်'

ဤအချိန်၌ မိုကာ၏ နတ်ဘုရားပုံရိပ်နှင့်အတူ လုံးလုံးလျားလျား ပျောက်ကွယ်မသွားသေးသော ရွှေရောင် အလင်းတန်းများသည် မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် ဆွဲဆောင်ခြင်းခံလိုက်ရပုံရလေ၏။ ဗလာနတ္တိအခြေအနေသို့ ပြန်သွားမည့်အစား ထိုအရာများသည် အသက်ရှိနေသကဲ့သို့ ပလ္လင်ပေါ်ရှိ ချန်လန်ထံသို့ လွင့်မျောကာ စုဝေးလာကြသည်။

ဤမြင်ကွင်းက တစ္ဆေများအားလုံး၏အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်။

ရွှေရောင်အလင်းတန်းများသည် နွေးထွေးသော ကြယ်အရည်များကဲ့သို့ စီးဆင်းသွားပြီး ချန်လန်၏ ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ရစ်ပတ်သွားလေ၏။

ထိုအရာများသည် သူ့ကို ရိုးရိုးရှင်းရှင်း လွှမ်းခြုံလိုက်ရုံမျှ မဟုတ်ဘဲ စည်းမျဉ်းများ၏လမ်းကြောင်းအတိုင်း လိုက်နာသော နက်နဲသည့် နည်းလမ်းတစ်ခုဖြင့် ဖြည်းညှင်းစွာ စုစည်းပြီး အတူတကွ ယှက်နွယ်သွားခြင်းပင်။

နောက်ဆုံးတွင် စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသော ဝတ်ရုံတစ်ထည်က ချန်လန်၏ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာသည်။

ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတစ်ခု မဟုတ်ဘဲ မရေမတွက်နိုင်သော ကြယ်ငယ်လေးများနှင့် နဂါးငွေ့တန်း၏ စီးဆင်းနေသော တောက်ပမှုတို့ဖြင့် ယက်လုပ်ထားသောအရာတစ်ခုနှင့် ပို၍တူညီနေသည်။

ဤသည်မှာ ထိုဝတ်ရုံပေါ်တွင် အဆုံးမရှိသော ကြယ်တာရာကောင်းကင်ကြီးကို သယ်ဆောင်ထားသည့်အလားပင်။ ထိုဝတ်ရုံပေ့ါ်တွင် ကြယ်များ တောက်ပနေပြီး နဂါးငွေ့တန်းများ ကွေ့ကောက်နေကာ နက်ရှိုင်းပြီး ရှေးကျ၍ အလွန်အမင်း ဂုဏ်ကျက်သရေရှိပြီး ကာကွယ်ပေးနိုင်စွမ်းရှိသော စွမ်းအားလှိုင်းတစ်ခုကို ထုတ်လွှတ်နေသည်။

တုန်လှုပ်ချောက်ချားနတ်ဘုရားဝတ်ရုံ...

ဤသည်မှာ အထွတ်အထိပ်အဆင့် တစ္ဆေဘုရင်ထံမှ တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့နိုင်စွမ်းရှိသည့် စည်းမျဉ်းအခြေခံ ဖန်တီးမှုလက်ရာတစ်ခုပင်။

ဤသည်က အမြင့်ဆုံး ကာကွယ်ရေး ရတနာတစ်ခုမျှသာ မဟုတ်ချေ။ ဤအချိန်အခိုက်အတန့်တွင် ချန်လန်အပေါ်တွင် ထိုဝတ်ရုံ၏လွှမ်းခြုံထားမှုသည် အဆင့်အတန်းနှင့် ၏ရာထူး၏ သင်္ကေတတစ်ခုလည်း ဖြစ်နေပေ၏။

စီးဆင်းနေသော ကြယ်တာရာ နဂါးငွေ့တန်းသည် ပလ္လင်ပေါ်တွင် ထိုင်နေသော သူ၏ကိုယ်ဟန်အမူအရာကို ပို၍ပေါ်လွင်စေပြီး မူလက သူ၏တည်ငြိမ်သော အသွင်အပြင်ကို နားလည်၍မရနိုင်သော ဖိအားခံစားချက်တစ်ခု ချက်ချင်းရရှိသွားစေသည်။

"အရမ်း မိုက်တာပဲ"

ဆာရာက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

တုန်လှုပ်ချောက်ချားနတ်ဘုရာဝတ်ရုံကို ဝတ်ဆင်ထားသော ချန်လန်သည် မိုကာထက်ပင် တုန်လှုပ်ချောက်ချားနတ်ဘုရားတစ်ပါးနှင့် ပို၍တူညီနေပေ၏။

သေချာသည်မှာ သူမ ထိုစကားကို အသံထွက်၍ မပြောရဲခြင်းပင်။

မရေမတွက်နိုင်သော တစ္ဆေများသည် ရှေးဟောင်း သတ္တဝါများဖြစ်စေ အသစ်တက်လာသော အစွမ်းထက်သူများဖြစ်စေ....

မိုကာ၏ နတ်ဘုရားစွမ်းအားမှ စုစည်းထားပြီး ကြယ်တာရာ နဂါးငွေ့တန်းများ စီးဆင်းနေသည့် ချန်လန်၏ခန္ဓာကိုယ်ပေါ်ရှိ တုန်လှုပ်ချောက်ချားနတ်ဘုရားဝတ်ရုံကို စိုက်ကြည့်နေကြသည်။ ထို့နောက် အ​စောပိုင်းက တုန်လှုပ်ချောက်ချားနတ်ဘုရားကို ရင်ဆိုင်ရချိန်၌ ပလ္လင်ပေါ်တွင် ထိုင်ကာ ပြုံးနေပြီး မည်သည့်ရိုသေမှုမျှ မပြသခဲ့သော သူ၏ သဘောထားကို သူတို့ ပြန်လည်၍ အမှတ်ရလိုက်ကြ၏။

ရိုးတွင်းခြင်ဆီအထိ ထိုးဖောက်ဝင်ရောက်သွားသော ဖော်ပြ၍မရနိုင်သည့် ထိတ်လန့်တုန်လှုပ်မှုတစ်ခုက သူတို့၏ လူသားမဆန်သော စိတ်များထဲတွင် ပေါက်ကွဲထွက်လာသည်။

SSSအဆင့် နယ်မြေများကို အဆက်မပြတ် ဖန်တီးနိုင်စွမ်းရှိခြင်းကို ထူးခြားသော ပါရမီရှင်တစ်ဦးဟု ခေါ်ဆိုနိုင်သည်။

အဆင့်မြင့် ဖန်တီးသူတစ်ဦးအဖြစ် ချွင်းချက်အနေဖြင့် ရာထူးတိုးမြှင့်ခံရခြင်းကို အဆုံးမရှိသော အလားအလာများ ရှိခြင်းဟု ခေါ်ဆိုနိုင်ပေ၏။

'တုန်လှုပ်ချောက်ချားနတ်ဘုရားဝတ်ရုံ' ကဲ့သို့ အမြင့်ဆုံး ရတနာတစ်ခုကို ရရှိနိုင်ခြင်းကို အထက်လူကြီးများ၏ အလွန်အမင်း တန်ဖိုးထားခံရခြင်းဟု ခေါ်ဆိုနိုင်သည်။

သို့သော်...

တုန်လှုပ်ချောက်ချားနတ်ဘုရားမိုကာကို တန်းတူရင်ဆိုင်ရဲပြီး တစ်ဖက်လူက ပေးအပ်သော အမြင့်ဆုံး ရတနာတစ်ခုကို လက်ခံရရှိပြီးတဲ့နောက်၌ပင် မည်သည့်ကျေးဇူးတင်မှု သို့မဟုတ် ရိုသေမှုမှ မပြသသည်ကမူ...

​ဤအရာကို ပါရမီ သို့မဟုတ် တန်ဖိုးထားခံရမှုတို့ဖြင့် ရှင်းပြ​၍ မရတော့ချေ။

ဒါက အဓိပ္ပာယ် တစ်ခုတည်းပဲ ရှိနိုင်တယ်...

ချန်လန်ဆိုတဲ့ ဒီလူသား အားကိုးနေတဲ့ စိတ်ဓာတ်ခွန်အား ရည်မှန်းချက်နဲ့ လျှို့ဝှက်လက်နက်တွေင သူတို့အတွက် စိတ်ကူးယဉ်လို့ မရနိုင်တဲ့ လက်လှမ်းမမီနိုင်တဲ့ အမြင့်ဆုံးအဆင့်တစ်ခုကို ရောက်နေပြီပဲ...

ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုသည် သူတို့၏အသိစိတ်ထဲတွင် ကူးစက်ရောဂါတစ်ခုကဲ့သို့ ကြီးထွားလာပြီး ရူးသွပ်စွာ ပျံ့နှံ့လာသည်။

"သူ... သူက..."

"ဘယ်လောက်တောင် ကြာသေးလို့လဲ... နယ်မြေ နှစ်ခုတည်းနဲ့... သူက..."

"သူ့ကိုသာ ဒီအတိုင်း ဆက်ပြီးတိုးတက်ခွင့် ပေးလိုက်မယ်ဆိုရင်... ပိုများပြားပြီး ပိုကြောက်စရာကောင်းတဲ့ နယ်မြေတွေကို ဆက်ဖန်တီးပြီးတော့ အရင်းအမြစ်တွေနဲ့ ဂုဏ်သတင်းတွေကို ပိုစုဆောင်းမယ်ဆိုရင်... သူ တကယ်ပဲ... တုန်လှုပ်ချောက်ချားနတ်ဘုရားအသစ် တစ်ပါး ဖြစ်လာနိုင်တယ်..."

တုန်လှုပ်ချောက်ချားနတ်ဘုရားအသစ်တစ်ပါး...

ဤအတွေးက ထိုကိစ္စကို သိမြင်လိုက်သော တစ္ဆေတိုင်းကို မသိစိတ်မှ ဖြစ်ပေါ်လာသော ကြက်သီးထမှုတစ်ခုကို ခံစားရစေသည်။

တုန်လှုပ်ချောက်ချားကမ္ဘာ၏ ရှည်လျားသော သမိုင်းကြောင်းတွင် နတ်ဘုရားရာထူးများ အပြောင်းအလဲ ဖြစ်ပေါ်ခြင်းသည် ယခင်က မရှိခဲ့ဖူးသည်တော့ မဟုတ်ချေ။ သို့သော် အကြိမ်တိုင်းတွင် ဤသည်က အဆုံးမရှိသော သွေးထွက်သံယို သတ်ဖြတ်မှုများ၊ ခေတ်ဟောင်းအင်အားစုများ ပြိုလဲခြင်းနှင့် စည်းမျဉ်းအသစ်များ တည်ထောင်ခြင်းတို့နှင့်အတူ လိုက်ပါလာလေ့ရှိပေ၏။

ဤသည်မှာ တည်ရှိမှုများအားလုံးကို ထိခိုက်စေမည့် အလုံးစုံပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

All Chapters