အခန်း ၁၀၀
Vol. 10 Ch. 100
အခန်း (၁၀၀) စက်ရုံထုတ်လုပ်မှုလိုင်း တိုးချဲ့ခြင်း... အထက်တန်းနောက်ဆုံးနှစ် ဘွဲ့ရများကို အတင်းအကြပ် ဖိတ်ကြားခြင်း...
နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်၌...
အလင်းနှင့်အရိပ်များ တည်ငြိမ်သွားပြီးနောက် အောင်ပွဲခံအခမ်းအနားမှ ချန်လန်နှင့် ဆာရာတို့ ပြန်လည်ရောက်ရှိလာသည်။
ချန်လန်၏ခန္ဓာကိုယ်ပေါ်ရှိ ကြယ်ရောင်များ စီးဆင်းနေသော "တုန်လှုပ်ချောက်ချားနတ်ဘုရားဝတ်ရုံ" သည် ပျောက်ကွယ်သွားသော်လည်း ထိုအရာ၏ အစွမ်းထက်သော ကာကွယ်မှုစွမ်းအားကမူ သူ့ကို မမြင်နိုင်သော နည်းလမ်းဖြင့် ဆက်လက်၍ စောင့်ရှောက်ပေးနေလေ၏။
ဆာရာသည် ပြန်ရောက်လာသည်နှင့် တပြိုင်နက် သူမ၏နီရဲသော မျက်လုံးများတွင် သိချင်စိတ်နှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကာ သူမ စကားမပြောဘဲ မနေနိုင်တော့ချေ။
"ချန်လန်...နင်က အဆင့်မြင့်ဖန်တီးသူအဖြစ် ရာထူးတိုးသွားပြီဆိုတော့... အရှင်သခင်တွေက နင့်ကို ဘယ်လို ခွင့်ပြုချက်အသစ်တွေ ပေးလိုက်လဲ... ငါ့ကို ပြောပြပါဦး..."
ချန်လန်က ပင်မထိန်းချုပ်ရေးစက်ဆီသို့ လျှောက်သွားပြီး သူ၏ ခွင့်ပြုချက် မျက်နှာပြင်ကို ဖွင့်လိုက်ရာ ထိုအရာတွင် ရွှေရောင် အလင်းတန်းများ ဖြာထွက်နေသော အသစ်ပွင့်လာသည့် အချက်အလက်များကို ပြသထားသည်။
သူက ထိုအရာများကို ကြည့်ပြီးနောက် အေးအေးဆေးဆေး ရှင်းပြလိုက်သည်။
"ခွင့်ပြုချက်တွေက တော်တော်လေး များလာတယ်... အဓိကအနေနဲ့တော့ အချက်အနည်းငယ်မှာ အာရုံစိုက်ထားတယ်..."
"ပထမအချက်... ကမ္ဘာဖန်တီးမှု ခွင့်ပြုချက်တွေ ကျယ်ပြန့်လာတယ်..."
သူက ပထမဆုံးအချက်ကို ညွှန်ပြလိုက်သည်။ "အခု... လူသားတွေရဲ့ ကြီးမားတဲ့ နိုင်ငံတစ်ခုနဲ့ ညီမျှတဲ့ နယ်မြေကမ္ဘာတစ်ခုကို အလွန်ဆုံးအနေနဲ့ ငါ လျှောက်ထားပြီးတော့ လွတ်လွတ်လပ်လပ် တည်ဆောက်နိုင်ပြီ... ပြီးတော့ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာရဲ့ အဓိကစည်းမျဉ်းတွေနဲ့ မဆန့်ကျင်သရွေ့ အခြေခံ ရူပဗေဒ စည်းမျဉ်းတွေနဲ့ ဂေဟစနစ် သံသရာတွေကို ငါက စိတ်ကြိုက်ပြင်ဆင်နိုင်ပြီ..."
ဤသည်က သူ့အတွက် ပို၍ကြီးကျယ်ခမ်းနားပြီး ပို၍လက်တွေ့ကျသော နယ်မြေများကို ဖန်တီးရန်အတွက် အခြေခံအုတ်မြစ်တစ်ခုကို ပံ့ပိုးပေးလိုက်ခြင်းပင်။
"အခွန်ကိစ္စလည်း ရှိသေးတယ်... ငါ အခွန်လျှော့ဆောင်လို့ ရပြီ... ပြီးတော့ ငါ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာမှာ အမြဲတမ်း နေထိုင်ခွင့် ရသွားပြီ... ငါ ခေါ်လာတဲ့ အဖွဲ့တောင်မှ ခွင့်ပြုချက်တချို့ကို ရနိုင်တယ်... အဲ့ဒါကြောင့် ငါတို့ ဖန်တီးတဲ့ နယ်မြေတွေက ပိုကြီးပြီး ပိုကောင်းလာနိုင်တယ်... ငါ့ရဲ့ စက်ရုံထုတ်လုပ်မှုလိုင်း နယ်မြေကလည်း အမြင့်ဆုံး ခွင့်ပြုချက်တွေကို ဖွင့်ပေးလိုက်ပြီ... လူခြောက်သောင်းကို တပြိုင်နက်တည်း အထဲကိုဆွဲသွင်းခွင့် ပြုလိုက်ပြီ..."
သူ အချိန်တခဏကြာခန့် ရပ်တန့်လိုက်သည်။
"စွမ်းရည်တိုးချဲ့လိုက်ပြီဆိုတော့ ငါ အဲ့ဒါကို သေချာပြန်ပြီး ပြုပြင်မွမ်းမံဖို့ လိုတယ်..."
ယခင်စက်ရုံထုတ်လုပ်မှုလိုင်းတွင် အခြေခံအားဖြင့် ဧရာမ အလုပ်ရုံတစ်ခုသာ တက်ကြွသော ဧရိယာ ဖြစ်ခဲ့ပြီး တခြား "စက်ရုံဇုန်များ" ဟုခေါ်သောအရာများမှာ ကစားသမားများ ဝင်ရောက်၍မရသော နောက်ခံ မြင်ကွင်းများသာ ဖြစ်ပေ၏။
"အခု ငါက စက်ရုံကို အသစ်ပြန်ပြင်ဖို့ လိုတယ်..."
ချန်လန်သည် ဒီဇိုင်းမျက်နှာပြင်ကို ဆွဲထုတ်ပြီး ပုံကြမ်းတစ်ခုကို စတင်၍ ရေးဆွဲလိုက်သည်။
"အဲ့ဒါကို လုပ်ဆောင်ချက်စုံလင်တဲ့ အကြီးစား စက်မှုလုပ်ငန်းဇုန်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်မယ်... အထဲမှာ မတူညီတဲ့ စက်ရုံထုတ်လုပ်မှုလိုင်း အမျိုးမျိုးကို တည်ဆောက်ပြီး မတူညီတဲ့ ထုတ်လုပ်မှုပရောဂျက်တွေကို သုတေသန လုပ်မယ်... ဒါက အလုပ်လုပ်ရတာ မတူညီတဲ့ ပုံစံမျိုးစုံ ဖြစ်စေပြီးတော့ ကစားသမားတွေ တစ်ပုံစံတည်း ထပ်ခါတလဲလဲ လုပ်ရလွန်းတာကြောင့် စောစောစီးစီး ထုံကျဉ်သွားတာကို တားဆီးပေးနိုင်ရုံတင်မကဘူး...အဲ့ဒီထက် ပိုအရေးကြီးတာက အမြင့်ဆုံး ထုတ်လုပ်မှု ထိရောက်မှုကို အချိန်တိုင်း ထိန်းသိမ်းထားနိုင်ဖို့ အလှည့်ကျ ပြောင်းလဲလုပ်ကိုင်တာတွေ လုပ်နိုင်စေတယ်..."
ဆာရာက နားထောင်ရင်း အဆက်မပြတ် ခေါင်းညိတ်လိုက်၏။
"ခွင့်ပြုချက်တွေ အများကြီးပဲ... ဒါဆိုရင် စက်ရုံထုတ်လုပ်မှုလိုင်းနယ်မြေရော ချေးငွေနယ်မြေကိုပါ အကောင်းဆုံး အရင်းအမြစ်တွေကို သုံးပြီး တည်ဆောက်လို့ ရပြီပေါ့...."
"အင်း..."
ချန်လန်က တုံ့ပြန်လိုက်ပြီး သူ၏အကြည့်ကို ဒီဇိုင်းပုံကြမ်းများမှ ဆာရာထံသို့ ရွှေ့လိုက်ကာ အရေးကြီးသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
"စက်ရုံထုတ်လုပ်မှုလိုင်းနယ်မြေကို တိုးချဲ့တာ အခု ပြီးသွားပြီ... ငါတို့ လူစခေါ်လို့ ရပြီလား..."
"ရတယ်... အချိန်မရွေးပဲ..."
ဆာရာက အတည်ပြုလိုက်သည်။
ချန်လန်၏မျက်လုံးများတွင် မည်သည့် စိတ်ခံစားမှုလှိုင်းဂယက်မျှ မရှိဘဲ ထုတ်လုပ်မှုအမိန့်တစ်ခုကို ထုတ်ပြန်နေသကဲ့သို့ တည်ငြိမ်မှုနှင့် ပြတ်သားမှုသာ ရှိနေလေ၏။
"ဒါဆို... အရင်က အထက်တန်းနောက်ဆုံးနှစ်နယ်မြေကို ရှင်းလင်းခဲ့ဖူးသူတိုင်းဆီကို တူညီတဲ့ ဖိတ်စာတစ်စောင်ပို့လိုက်တော့..."
သူက အထူးတလည် အလေးပေး၍ ပြောလိုက်သည်။ "ဒီတစ်ကြိမ်က မဖြစ်မနေ လာရမယ့် ဖိတ်ကြားချက်ပဲ..."
မဖြစ်မနေ ဖိတ်ကြားချက်...
ဆိုလိုသည်မှာ သူတို့၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနှင့် ကံကောင်းမှုများမှတစ်ဆင့် အထက်တန်းနောက်ဆုံးနှစ်၏ အိပ်မက်ဆိုးမှ လွတ်မြောက်လာခဲ့ပြီဟု တစ်ချိန်က ထင်မှတ်ထားခဲ့ကြသော ထိုကံကောင်းသူများအတွက် ရွေးချယ်ပိုင်ခွင့် ရှိတော့မည်မဟုတ်ကြောင်းပင်။
ယခုအချိန်အခိုက်အတန့်တွင် အပြာရောင်ကြယ်ပေါ်၌ သူတို့သည် မည်ကဲ့သို့ ဘဝမျိုးကို ဖြတ်သန်းနေစေကာမူ သူတို့ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ...
သူတို့သည် ပို၍သန့်စင်သော စည်းမျဉ်းများနှင့် ပို၍ကြီးမားကျယ်ဝန်းသော ဤစက်ရုံထုတ်လုပ်မှုလိုင်းငရဲထဲသို့ အတင်းအကျပ် စုဆောင်းခံရပြီး ပစ်ချခံရပေမည်။
ဤသည်မှာ ဖုံးကွယ်ထားခြင်းမရှိသော ညှဉ်းပန်းနှိပ်စက်မှုတစ်ခုပင်။
ဆာရာ အချိန်တခဏကြာမျှ ကြက်သေ သေသွားပြီးနောက် ချန်လန်၏ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။
အထက်တန်းနောက်ဆုံးနှစ်မှ ဘွဲ့ရများသည် ဖိအားဒဏ်ခံနိုင်ရည်နှင့် လိုက်လျောညီထွေဖြစ်နိုင်စွမ်း အတိုင်းအတာတစ်ခုအထိ ရှိနေပြီဖြစ်ကြောင်း သက်သေပြပြီးသား ဖြစ်ပေ၏။
စက်ရုံထုတ်လုပ်မှုလိုင်းအသစ်ကို ဖြည့်တင်းရန် သူတို့ကို အသုံးပြုခြင်းက ထိရောက်သော ထုတ်လုပ်မှု အခြေအနေတစ်ခုသို့ ပို၍လျင်မြန်စွာ ဝင်ရောက်နိုင်စေမည်မှာ သေချာပေါက်ပင်။
အရေးအကြီးဆုံးအချက်မှာ သူတို့သည် အိပ်မက်ဆိုးတစ်ခုကို ယခုလေးတင် ဖြတ်သန်းခဲ့ရုံသာ ရှိသေးကာ သူတို့သာ တခြားအိပ်မက်ဆိုးတစ်ခုထဲသို့ ပစ်ချခံရပါက မျှော်လင့်ချက်များ မြင့်တက်လာပြီးမှ လျင်မြန်စွာ ငြိမ်းသတ်ခံလိုက်ရသည့် ခံစားချက်နှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသော နှလုံးသားသည် အနုတ်လက္ခဏာစွမ်းအင် အမြောက်အများကို သေချာပေါက် ထုတ်လုပ်ပေးနိုင်ပေမည်။
ပြောရမည်ဆိုလျှင် ချန်လန်သည် ထူးချွန်သော နတ်ဆိုးတစ်ကောင် ဖြစ်မည်မှာ သေချာပေါက်ပင်။
ဖိတ်စာကို လက်ခံရရှိချိန်တွင် သူတို့၏ မျက်နှာများပေါ်ရှိ မျှော်လင့်ချက်မဲ့မှုကို သူမ စိတ်ကူးယဉ်ကြည့်၍ ရလုနီးပါးပင်။ ဤသည်က အနုတ်လက္ခဏာစွမ်းအင် အများအပြားကို သေချာပေါက် ထုတ်လုပ်ပေးပေလိမ့်မည်။ သို့သော် ဤသည်မှာ နယ်မြေထဲတွင် ဖြစ်မနေသည်ကမူ နှမြောစရာပင်။
"နားလည်ပြီ..."
ဆာရာ ထပ်မပြောတော့ဘဲ စနစ်ကို ချက်ချင်း စတင်လည်ပတ်လိုက်ပြီး 'အထက်တန်းနောက်ဆုံးနှစ်' နယ်မြေမှ လွတ်မြောက်လာခဲ့ကြသော ကစားသမားများ၏တည်နေရာအမှတ်များကို ချိတ်ပိတ်လိုက်၏။
...
တစ်ချိန်တည်းမှာပင်...
အပြာရောင်ကြယ်ပေါ်ရှိ အင်တာနက်ကမ္ဘာကြီး လုံးလုံးလျားလျား ပေါက်ကွဲသွားသည်။
တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာမှနေ၍ မရေမတွက်နိုင်သော ကမ္ဘာများဆီသို့ ကြေညာချက်သည် အပြာရောင်ကြယ်ပေါ်တွင်လည်း ဆူနာမီတစ်ခုကဲ့သို့ တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုကိစ္စနှင့် ဆက်စပ်သော သော့ချက်စာလုံးများသည် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများအားလုံးတွင် ပေါက်ကွဲအားပြင်းသော အမြန်နှုန်းဖြင့် ရေပန်းစားမှု စာရင်းများ၏ ထိပ်ဆုံးသို့ ရောက်ရှိသွားလေ၏။
အသစ်စက်စက် SSSအဆင့် နယ်မြေ 【စက်ရုံထုတ်လုပ်မှုလိုင်း】 ထွက်ပေါ်လာပြီ...
【စက်ရုံထုတ်လုပ်မှုလိုင်း】 နယ်မြေ ဖန်တီးသူင 【အထက်တန်းနောက်ဆုံးနှစ်】 ဖန်တီးသူနဲ့ တစ်ယောက်တည်း ဖြစ်မယ်လို့ သံသယရှိ...
【စက်ရုံထုတ်လုပ်မှုလိုင်း】နယ်မြေကို ရှင်းလင်းခဲ့တဲ့သူ ဘယ်သူရှိလဲ... အတွေ့အကြုံ မျှဝေပေးကြပါ...
သေဆုံးမှု သတ်မှတ်ချက် မရှိတဲ့ နယ်မြေတွေထဲ နောက်ထပ်အဖွဲ့ဝင်တစ်ဦး ထပ်တိုးလာပြီ...ဒါက လူသားဖန်တီးသူတစ်ဦးရဲ့ ကရုဏာများလား...
ထိတ်လန့်မှု၊ သိချင်စိတ်၊ ခန့်မှန်းမှုများနှင့် ရောဂါဆန်သော မျှော်လင့်ချက် အရိပ်အယောင်လေးများပင် အင်တာနက်တခွင်လုံး၌ ရူးသွပ်စွာ ပျံ့နှံ့သွားတော့သည်။
လူများသည် စိုးရိမ်ပူပန်မှု အခြေအနေတစ်ခုတွင် ရှိနေကြပြီး ဤ SSSအဆင့် နယ်မြေသစ်သည် မည်သို့သောပုံစံ ရှိမည်နည်း သို့မဟုတ် နောက်တစ်ကြိမ် ရွေးချယ်ခံရမည့်သူများမှာ သူတို့ ဖြစ်လာမည်လောကို တွေးတောနေကြသည်။
ထိပ်တန်းလျှို့ဝှက် စစ်ဘက်ဆိုင်ရာ အစည်းအဝေးခန်း တစ်ခုအတွင်း၌....
ပတ်ဝန်းကျင်အခြေအနေသည် ရေစက်များ ကျလာနိုင်လောက်အောင် မှုံမှိုင်းပြီး လေးလံနေလေ၏။
ဗိုလ်ချုပ်ကြီးထန်ရုန်သည် သူ၏ရှေ့ရှိ ကွန်ပြူတာမျက်နှာပြင်ပေါ်မှ 【စက်ရုံထုတ်လုပ်မှုလိုင်း】 နယ်မြေနှင့် ပတ်သက်သည့် အကန့်အသတ်ရှိသော အချက်အလက်များကို ကြည့်ရင်း သူ၏အမူအရာ တင်းမာခက်ထန်နေသည်။ သူက တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
"ဒီနယ်မြေကို ဖန်တီးတဲ့သူက တစ်ယောက်တည်း ဖြစ်နိုင်ချေ အရမ်းများတယ်... အရင်က အထက်တန်းနောက်ဆုံးနှစ်အတွက် ရွေးချယ်ခံခဲ့ရပြီးတော့အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့တဲ့ ကျိုးထျန်ချန်နဲ့ ပတ်သက်ပြီး ငါတို့ရခဲ့တဲ့ နောက်ဆက်တွဲ အခြေအနေ ဘယ်လိုရှိလဲ... ဖန်တီးသူနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ထပ်ရသေးလား..."
ထောက်လှမ်းရေး အရာရှိတစ်ဦးသည် အစီရင်ခံရန် ချက်ချင်းမတ်တတ်ရပ်လိုက်ကာ သူ၏ လေသံတွင် ဝေဝါးမှုနှင့် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပါဝင်နေလေ၏။
"မရပါဘူး... ကျိုးထျန်ချန်နဲ့ အဆက်အသွယ် လုံးဝပြတ်သွားပါပြီ... ဒါ့ပြင် သူ့ရဲ့မိသားစုကို စစ်ဆေးမေးမြန်းမှုအရ...သူက ခဏလေး ပြန်လာပြီးတဲ့နောက်မှာ တုန်လှုပ်ချောက်ချားဖွယ်နယ်မြေတစ်ခုထဲကို သူ ပြန်ဝင်တော့မယ်လို့ ကျိုးထျန်ချန်က ပြောခဲ့တယ်လို့ သူ့ဇနီးက ဆိုပါတယ်..."
"ဘာ...."
ထန်ရုန်က မျက်မှောင်တင်းတင်းကြုတ်လိုက်သည်။
"ဒါက မဖြစ်နိုင်ဘူးလေ....ငါတို့ရထားတဲ့ ထောက်လှမ်းရေး အချက်အလက်တွေ အားလုံးအရ... တုန်လှုပ်ချောက်ချားဖွယ်နယ်မြေ တစ်ခုထဲကို ဝင်ရောက်သူတိုင်းအတွက် မဖြစ်မနေ အနားယူရမယ့် ကာလတစ်ခု ရှိတယ်... ဒါက တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာရဲ့ အခြေခံစည်းမျဉ်းတွေထဲက တစ်ခုပဲ...သူက ဘယ်လိုလုပ် ဆက်တိုက် ဝင်သွားနိုင်မှာလဲ... ဒါမှမဟုတ်..."
ကြောက်မက်ဖွယ်ကောင်းသော ခန့်မှန်းချက်တစ်ခု သူ၏စိတ်ထဲတွင် ထွက်ပေါ်လာသဖြင့် သူ အချိန်တခဏခန့် ရပ်တန့်လိုက်သည်။
"မဖြစ်မနေ ဝင်ရတာများလား... ဒါပေမဲ့ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာက သူတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို တင်းတင်းကြပ်ကြပ် လိုက်နာခဲ့တာအချိန်အတော်ကြာနေပြီ... ဘာလို့ အခုမှ ရုတ်တရက်ကြီး ချိုးဖောက်ရတာလဲ..."
အစည်းအဝေးခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ ဤပုံမှန်မဟုတ်သော အခြေအနေက လူတိုင်းကို ကျောချမ်းသွားစေခဲ့လေ၏။
စည်းမျဉ်းများပြောင်းလဲခြင်းသည် အမျိုးအမည်မသိရခြင်းနှင့် ပို၍အန္တရာယ်များသော အနာဂတ်တစ်ခုကို ကိုယ်စားပြုလေ့ရှိသည်။
ထိုအချိန်၌ မျက်မှန်တပ်ထားသော အရာရှိတစ်ဦးသည် အချိန်တခဏကြာမျှ တွေဝေပြီးနောက် လုံးလုံးလျားလျား ခြားနားသော ရှုထောင့်တစ်ခုကို အကြံပြုလိုက်သည်။
"လူကြီးမင်းတို့... ဒါကို တခြားရှုထောင့်ကနေ ကြည့်ရအောင်..."
သူက မျက်မှန်ကို ပင့်တင်လိုက်ပြီး ပြောဆိုသည်။
"အဲ့ဒီ ဖန်တီးသူက လူသားတစ်ယောက်လေ... သူက သေဆုံးမှု သတ်မှတ်ချက် မရှိတဲ့ နယ်မြေနှစ်ခုကို ဖန်တီးခဲ့တယ်... ပြီးတော့ အခု သူက လူတွေကို ခဏခဏ အထဲဆွဲသွင်းနေပုံရတယ်... တကယ်တော့ သူက ငါတို့ လူသားတွေ မြန်မြန်ဆန်ဆန် တိုးတက်လာအောင် ကူညီပေးနေတာများ ဖြစ်နိုင်မလားလို့ လူကြီးမင်းတို့ ထင်လား..."
ဤစကားများကို ပြောဆိုလိုက်သည်နှင့် တစ်ပြိုင်နက် အစည်းအဝေးခန်းထဲရှိ တခြားသူများအားလုံး ကြက်သေသေသွားကြ၏။
ဤရှုထောင့်က အလွန်ဆန်းသစ်လွန်းပြီး အလွန် အကောင်းမြင်လွန်းနေသည်။
သို့သော် သေချာ စဉ်းစားကြည့်ပါက ဤသည်မှာ အမှန်တကယ်ကို အဓိပ္ပာယ်ရှိနေသည်။
သေဆုံးမှု သတ်မှတ်ချက် မရှိခြင်းဆိုသည်မှာ နယ်မြေထဲသို့ ဝင်ရောက်သူများအနေဖြင့် သူတို့၏ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မလိုတော့ကြောင်း ဆိုလိုခြင်းပင်။ သူတို့ နယ်မြေကို ရှင်းလင်းအောင် မလုပ်နိုင်လျှင်ပင် ကိစ္စမရှိချေ။ မည်သို့ပင်ဖြစ်စေကာမူ သူတို့ သေမည် မဟုတ်သောကြောင့်ပင်။ ဤသည်က လူတစ်ဦး၏စိတ်ဓာတ်ခွန်အားကို ပို၍ခိုင်မာလာစေရန်အတွက် မယုံနိုင်လောက်အောင် လက်တွေ့ကျသော လေ့ကျင့်မှုတစ်ခုအဖြစ် ရှုမြင်နိုင်သည်။
အကယ်၍ သူတို့ နယ်မြေကို ရှင်းလင်းနိုင်ပါက သူတို့ကိုယ်သူတို့ စွမ်းအားဖြည့်တင်းရန်အတွက် တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာမှ ဆုလာဘ်များကိုပင် ရရှိနိုင်ပေ၏။
"ဒီလူက ဘယ်သူလဲဆိုတာကို သိရအောင် အင်တာနက် တစ်ခွင်လုံးမှာ သဲလွန်စတွေကို ရှာဖွေပါ... ငါတို့ သေချာပေါက် သိရမယ်..."
Book 10 end.