← Chapters

အစကို ပြန်သွား၍

Vol. 13 Ch. 1213

အစကို ပြန်သွား၍

Vol. 13 Ch. 1213

ပိုင်ရှောင်ချန်းအတွက် ဘဝကြီးက မချင့်မရဲဖြစ်စရာကောင်းသည်ကို ဘယ်သူမှ မသိကြပေ။ သူ၏ဖြစ်တည်မှုက ယခင်ထက်ပို၍ အားအားယားယား ဖြစ်နေသည် မဟုတ်ပါလော။ အင်ပါယာမြို့တော်တည်ဆောက်ရေးဖြစ်စေ၊ သူတော်စင်ဧကရာဇ်နိုင်ငံနှင့် မိစ္ဆာဧကရာဇ်နိုင်ငံဖြင့် အမျိုးမျိုးသော စီမံဆောင်ရွက်မှုများဖြစ်စေ၊ ၄င်းတို့အားလုံးအား လက်အောက်ငယ်သားများ ကိုင်တွယ်ဖြေရှင်းကြလေသည်။

စုတ်တီးစုတ်ပဲ့ မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင်ကို လွှတ်ပေးပြီး မိစ္ဆာဧကရာဇ်နိုင်ငံထံ ပြန်လွှတ်လိုက်ပြီးနောက်ပိုင်း ပို၍များပြားသော ကောင်းကင်တံတားဒေသကျင့်ကြံသူများ စုပြုံရောက်ရှိလာကြလေသည်။

ကောင်းကင်တံတားဒေသ၏ အင်မော်တယ်နယ်မြေသည် အလွန်စည်ကားပြီး ယောက်ယက်ခတ်နေသော နေရာတစ်နေရာ ဖြစ်လာတော့သည်။ မြို့များ ဟိုဟိုသည်သည် ထွက်ပေါ်လာပြီး အကာအကွယ်နယ်နိမိတ်များ ဖန်တီးရန် နေရာတိုင်း၌ တောင်စဥ်တောင်တန်းများ မြင့်တက်လာလေသည်။

ပိုင်ရှောင်ချန်းသည် ဟိုရှောင်မေ့နှင့် စကားပြောရန် သွားချင်ပါသော်လည်း ဟိုရှောင်မေ့မှာ စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မို၏ မျက်စိထောက်ဒေါက်အကြည့်ခံနေရပြီး မဟာကောင်းကင်သခင်သည်လည်း သူမကို တရားဝင် နန်းတွင်းကိုယ်လုပ်တော်တစ်ယောက်ပမာ ဆက်ဆံကာ အခြွေအရံတစ်ဖွဲ့လုံးကို တာဝန်ပေးထားလေသည်။ ကံဆိုးစွာပင် ကုန်းစွန်းဝမ်အာဖြင့် အတူရှိခဲ့သည့် အချိန်ကထက် ပို၍အလုပ်များနေတော့သည်။

ဟိုရှောင်မေ့သည် ကိစ္စရေးရာများ ဖြစ်ပျက်နေပုံနှင့်ပတ်သက်၍ မပျော်မွေ့ဘဲ ကျိုးကျစ်မိုနှင့် စုန့်ကျင်းဝမ်တို့၏ ဗိုက်များကြောင့် ပို၍ ဆိုးသွားလေသည်။ ထို့ကြောင့် သူမက ပိုင်ရှောင်ချန်းကို တမင်တကာ လျစ်လျူရှုထားပြီး မည်သို့လုပ်ရမည်နှင့်ပတ်သက်သော အစီအစဥ်တစ်ခုအား ဆက်လက်စဥ်းစားနေတော့သည်။

ဟိုရှောင်မေ့က သူ့ကို ရှောင်နေကြောင်း ပိုင်ရှောင်ချန်း သဘောပေါက်လိုက်သောအခါ ကုန်းစွန်းဝမ်အာထံ သူမ၏အမြင်ကို မေးရန် သွားလေသည်။ သို့သော် ကုန်းစွန်းဝမ်အာသည် သင့်တင့်လျောက်ပတ်သောအမူအကျင့်ရှိသည့် အဆင့်အတန့်မြင့်မားသော ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သည်။ ထိုမျှသာမက မကြာသေးမီက ဒဏ်ရာအပြင်းအထန်ရခဲ့၍ တံခါးပိတ်ကျင့်ကြံရန် ဝင်ရောက်သွားခဲ့ပြီး ဖြစ်လေသည်။

" မိန်းမတစ်ယောက်ထဲရှိရင် သေချာပေါက် ပိုကောင်းမှာပဲ "

ပိုင်ရှောင်ချန်းက ခါးသီးစွာ သက်ပြင်းချ၍ တွေးလိုက်သည်။ အင်မော်တယ်နယ်မြေတစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြင့် ယောက်ယက်ခတ်နေပြီး မဟာခန်းမဆောင်တွင် သက်ပြင်းတချချနှင့် တစ်ယောက်တည်းထိုင်နေသော ပိုင်ရှောင်ချန်းကတော့ ခြွင်းချက်ပင်။

ကံကောင်းထောက်မစွာ ထိုအရာများကား ထိုအတိုင်း သိပ်ကြာရှည်မနေပေ။ တစ်လကြာသော် လူဦးရေ ဆက်လက်မြင့်တက်လာသဖြင့် နောက်ဆုံးတွင် အင်ပါယာမြို့တော် တည်ဆောက်ပြီးစီးသွားလေသည်။

၄င်းသည် အဝေးမှကြည့်လျှင် တောင်စဥ်ကိုးသွယ်လုံး အလယ်ဗဟိုတစ်နေရာတွင် အတူတကွစုဆုံသွားသည့်အလား ခမ်းနားထည်ဝါသော နေရာတစ်နေရာတွင် တည်ရှိသည်။ တောင်ကိုးလုံး ပူးပေါင်းသွားသော နေရာတွင်ကား ဧရာမရုပ်ထုကြီးတစ်ခုရှိ၏။

ရုပ်တုကြီးက အင်ပါယာဝတ်ရုံများဝတ်ဆင်ထားသော ပိုင်ရှောင်ချန်းကို သရုပ်ဖော်ထားသည်။ သူ၏ဘယ်လက်တွင် ဧရာမမြို့တော်ကြီးကို ကိုင်ဆောင်ထားပြီး ညာလက်ထဲတွင်ကား ဧရာမရေလုံးကြီးတစ်လုံးဖြစ်သည်။

ထိုသည်က သာမန်ရေမဟုတ်၊ ထာဝရပင်လယ်မှ ရေများဖြစ်လေသည်။

သို့ပေမည့် ယင်းမှာ မဟာကောင်းကင်သခင်နှင့် ဝါရင့်ဂိုဏ်းဝင်များဖြစ်သော အခြားအစွမ်းထက်ပညာရှင်များ လုပ်ဆောင်ခဲ့သည့်အရာနှင့် နှိုင်းယှဥ်လျှင် မပြောပြလောက်ပေ။ အမှန်တကယ်တွင် မူလကောင်းကင်တံတားဒေသ ဖျက်စီးခံလိုက်ရတုန်းက ခန္ဓာကိုယ်ပေါက်ကွဲသွားခဲ့သော ပထမမျိုးဆက် ဗဟိုဧကရာဇ်ကြီး၏ အသွေးအသားများဖြစ်သည့် ကျောက်တုံးကျောက်ခဲအစအနများအား ပင်လယ်နှင့် အင်မော်တယ်ကျွန်းဆွယ်အပါအဝင် အင်မော်တယ်နယ်မြေအားလုံးတွင် သူတို့ ပိုက်စိတ်တိုက် ရှာဖွေခဲ့ကြသည်။ ၄င်းတို့အားလုံးမှာ ပထမမျိုးဆက် ဗဟိုဧကရာဇ်အား အမှတ်ရစေရန် အားထုတ်မှုတစ်ခု ဖြစ်ချေသည်။

သူတို့က နောက်ဆုံးလက်ကျန်ကျောက်တုံးတိုင်းကို မရှာဖွေနိုင်သော်လည်း အတော်များများ ရှာတွေ့ကြပြီး ထိုအရာအားလုံးက ဧရာမပိုင်ရှောင်ချန်းရုပ်တုကြီး၏ အစိတ်အပိုင်းများ ဖြစ်လာကြလေသည်။ ရလဒ်အနေဖြင့် ထိုရုပ်ထုကြီးတွင် ထူးဆန်းပြီး ရင်သပ်ရှူမောဖွယ်ရာ စွမ်းအားများ ရှိလာတော့သည်။

ထိုရုပ်ထုကြီး အနားကပ်သွားသော ကောင်းကင်တံတားဒေသ၏ သွေးများရှိသော မည်သူမဆို သူတို့၏သွေးများ တဟုန်ထိုးစီးဆင်းနေသည်ကို ခံစားရမည် ဖြစ်သည်။ ၄င်းက ကျင့်ကြံအားထုတ်ခြင်းကို ပို၍လွယ်ကူစေပြီး သူတို့၏စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းစွမ်းရည်များနှင့် အတိုက်အခိုက်စွမ်းရည်နှစ်မျိုးလုံးကို မြှင့်တင်ပေးမည် ဖြစ်သည်။

ရုပ်ထုကြီးနှင့်ပတ်သက်၍ ထင်းခနဲ အမြင်သာဆုံးအရာမှာ ၄င်း၏ဘယ်လက်တွင် ကိုင်ဆောင်ထားသော အင်ပါယာမြို့တော်ပင်။

အဝေးမှကြည့်လျှင် ၄င်းသည် ကြီးမားပြီး ခံ့ညားထည်ဝါ၏။ ၄င်းက ကျင့်ကြံသူ သန်းပေါင်းများစွာ ဆံ့ပြီး မရေမတွက်နိုင်သော အဆောက်အအုံများ၊ လမ်းကြိုလမ်းကြားများဖြင့် ပြည့်ကြပ်နေလေသည်။

မြို့တော်တွင် နေထိုင်ရုံနှင့်ပင် ကောင်းကင်တံတားဒေသ၏သွေးများရှိေသာ မည်သူမဆိုအတွက် ကြီးမားသောအကျိုးအမြတ်ဖြစ်စေမည် ဖြစ်သည်။ အမှန်ပင် မဟာကောင်းကင်းသခင်နှင့် သူ၏အပေါင်းအဖော်များက မြို့တော်၏ အကာအကွယ်များကို မေ့ကြသည်မဟုတ်။ ရုပ်ထုကြီးအတွင်း၌ ၄င်းနှင့် မြို့တော်ကို ကာကွယ်ရန် မရေမတွက်နိုင်သော မန္တန်ဝင်္ကပါပေါင်းများစွာ တပ်ဆင်ထားသည်။ မန္တန်ဝင်္ကပါများသည် မိစ္ဆာဧကရာဇ်မြို့တော် သို့မဟုတ် သူတော်စင်ဧကရာဇ်မြို့တော်ရှိ အရာများကဲ့သို့ အတော်လေး စွမ်းအားမကြီးမားသော်လည်း ကောင်းကင်ဧကရာဇ်များ အလွယ်တကူ တစ်ခုခုလုပ်နိုင်သော အမျိုးအစား မဟုတ်သေးပေ။

ထိုအရာအားလုံးမှာ သေချာပေါက် အံ့သြတုန်လှုပ်ဖွယ်ကောင်းသော်လည်း ထို့ထက်ပိုသော အခြားအရာတစ်ခုရှိလေသည်။ ပိုင်ရှောင်ချန်းရုပ်ထုကြီး၏ နဖူးတွင်ကား သူ၏ ကောင်းကင်တံတားဓမ္မမျက်လုံးဖြစ်သည်။

အဝေးမှကြည့်လျှင် ၄င်းသည် အလင်းများဖြာထွက်နေသော ခရမ်းရောင်သလင်းကျောက်တစ်တုံးအလားပင်။ သို့သော် လူတစ်ယောက် ၄င်းအနား ပို၍ကပ်သွားပါက သလင်းကျောက်မဟုတ်ဘဲ စူးရှတောက်ပနေသော ခရမ်းရောင်အလင်းစုဆုံရာတစ်ခုဖြစ်ကြောင်း မြင်နိုင်လေသည်။

ထိုအံ့သြတုန်လှုပ်ဖွယ် ခရမ်းရောင်အလင်းအတွင်းတွင်းကား ခရမ်းရောင် အင်ပါယာနန်းတော်ပင်။

၄င်းက လက်ရာမြောက်၍ တန်ဖိုးကြီးပြီး ၄င်းအပေါ် အကြည့်ရောက်သွားသော မည်သူမဆို အံ့သြမှုများအား လှုံ့ဆော်ပေးမည့် စွမ်းအင်တစ်ခုဖြင့်လည်း သက်ဝင်လှုပ်ရှားနေလေသည်။

ယခုလောလောဆယ်တွင် ပိုင်ရှောင်ချန်းသည် မဟာခန်းမဆောင်ထဲရှိ နဂါးပလ္လင်ပေါ်တွင် ထိုင်နေ၏။ သူ၏ပလ္လင်အောက် တစ်ဆင့်နှိမ့်ကာ စီစဥ်ထားသည်က ဇာမဏီထိုင်ခုံသုံးခုဖြစ်ပြီး စုန့်ကျင်းဝမ်၊ ကျိုးကျစ်မိုနှင့် ဟိုရှောင်မေ့တို့အားလုံး ထိုင်နေကြလေသည်။ သူတို့သုံးယောက်သည် ရံဖန်ရံခါ တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြပြီး ရံဖန်ရံခါ သူ့ကို လှမ်းကြည့်ကြသည်။

ပိုင်ရှောင်ချန်းမှာ သက်ပြင်းချ၍ လောလောဆယ် ပင်မခန်းမဆောင်ထဲ၌ တစ်ယောက်နှင့်တစ်ယောက် ငြင်းခုံလျက် ရပ်နေကြသော လူတစ်ရာကျော်ကို ကြည့်လိုက်ကြသည်။

" ကျုပ် ပြောတာနားထောင်။ ကျုပ်တို့ ဒါကို ဧကရာဇ်ပိုင်နိုင်ငံတော်လို့ ခေါ်ဖို့လိုတယ်"

" ဟင့်အင်း အဲဒီနာမည်က အလုပ်မဖြစ်ဘူး။ အဲဒါကို မင်းဆက်အဆက်ဆက် ဘယ်လိုလက်ဆင့်ကမ်းလို့ရမှာတုန်း။ ကျုပ်တို့ ကောင်းကင်တံတားဧကရာဇ်နိုင်ငံတော်လို့ ခေါ်သင့်တာ "

" ကျုပ်တို့ရဲ့ တည်ထောင်သူဘိုးဘေးကြီးက ဗဟိုဘိုးဘေးကြီးဆိုတာ ခင်ဗျားတို့လူတွေ မေ့သွားကြပြီလား။ ကျုပ်တို့ သူ့ကို ဆက်လက် လေးစားဂုဏ်ပြုပြီး ဗဟိုဧကရာဇ်နိုင်ငံတော်လို့ ခေါ်သင့်တယ်"

ခန်းမအထဲ ငြင်းခုံကြသူများအကြား မဟာကောင်းကင်သခင်၊ သရဲကြီးဘုရင်၊ သောကကင်းဝေးကိုးသွယ်ဘုရင်၊ ဝိညာဥ်ခရီးဘုရင်၊ စစ်အောင်ဘုရင် နှင့် အရှေ့ပိုင်းနှင့်မြောက်ပိုင်း ကောင်းကင်တံတားဒေသမှ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများ ရှိကြလေသည်။ အခြား အင်ပါယာနိုင်ငံနှစ်နိုင်ငံမှ ကူးပြောင်းလာခဲ့သော နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ တစ်ဒါဇင်ကျော်လည်း ရှိ၏။

ကုန်းစွန်းဝမ်အာ ရှိသော်လည်း ဆွေးနွေးငြင်းဆုံရာတွင် ဝင်မပါပေ။ သို့သော် အခြားလူတိုင်းသာမက စိတ်စွမ်းအင် ခေါင်းဆောင်ကြီးပင် ပါဝင်လေသည်။ သူ၏ပြိုင်ဘက်ကင်းရာထူးကြောင့် လူအများစုက မည်သည့်အရာကို ပြောရန် ဖိအားအတော်များများ ပေးနေကြ၏။

လီချင်းဟောက်သာ ယခုထက်ထိ သူ၏အမြင်မပြောရသေးပေ။ ပိုင်ရှောင်ချန်းနှင့် သူ၏အထူးပတ်သက်မှုအရ သူပြောသော မည်သည့်အရာမဆို မဟာကောင်းကင်းသခင်မှပင် အလွန်အလေးအနက်ထားခံရမည်ဖြစ်သောကြောင့် သူက စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

ပိုင်ရှောင်ချန်းမှာ မည်သူတစ်ဦးတစ်ယောက်မှ သဘောတူခြင်းမရှိဘဲ သူတို့နိုင်ငံ၏ နာမည်အပေါ် ငြင်းခုံမှုများ နှစ်ရက်တိုင်ကြာမြင့်နေပြီ ဖြစ်သောကြောင့် သက်ပြင်းချလိုက်လေသည်။

လူတိုင်းတွင် အတွေးကိုယ်စီရှိကြပြီး အားလုံး၌ ပိုင်ရှောင်ချန်းက သူတို့ဖြင့် သဘောတူညီအောင် ကြိုးစားရန် နည်းလမ်းအမျိုးမျိုး ရှိကြလေသည်။ ယခုတွင် ကောင်းကင်တံတားဒေသသည် အင်မော်တယ်နယ်မြေတစ်ခုကို ထိန်းချုပ်ရပြီဖြစ်၍ တရားဝင် နိုင်ငံတည်ထောင်ရန် သေချာပေါက် အရေးကြီး၏။

ထိုသို့မလုပ်ခြင်းက နိုင်ငံသူနိုင်ငံသားများအပေါ်တွင် ဆိုးကျိုးများ ရှိမည်ဖြစ်သည်။

နောက်ဆုံးတွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများ တလက်လက်တောက်ပလာပြီး သူက လက်ကို ဖြည်းညင်းစွာ မြှောက်၍ လူထု၏ အာရုံစူးစိုက်မှုရရှိရန် ဘေးဘယ်ညာ ဝှေ့ယမ်းလိုက်လေသည်။ မည်သည့်ကျင့်ကြံခြင်းအခြေခံစွမ်းအားမှ သူသုံးစရာမလို။ လူတိုင်း ဆွေးနွေးငြင်းခုံနေကြသော်လည်း သူတို့သည် ပိုင်ရှောင်ချန်း တစ်ခုခုပြောမည်လားဆိုသည်ကို မျက်စိဒေါက်ထောက်ကြည့်နေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရန်ပွဲက တစတစ တိတ်ဆိတ်သွားပြီး လူတိုင်း ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်ကြသည်။

သူသည် လူအများအာရုံစိုက်ခံရသည်ကို အသားကျနေပြီဖြစ်သောကြောင့် လူအုပ်ထဲလှမ်းကြည့်ပြီး တည်ငြိမ်သောအသံဖြင့် စကား စတင်ပြောသည်။

" အရင်ဗဟိုဧကရာဇ် မသေဆုံးခင်တုန်းက သူ့ အရိုက်အရာကို ကျုပ်ဆီ လွှဲပြောင်းပေးခဲ့တယ် “

" ကျုပ်တို့အားလုံးက ကောင်းကင်တံတားဒေသသားတွေပဲ။ ကျုပ်တို့ဟာ မရေမတွက်နိုင်တဲ့ သေရေးရှင်ရေးတိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ပြီး ဒီလို တည်ငြိမ်မှုအဆင့်ထိ ရောက်ရှိလာကြပြီ။ ကျုပ်တို့ ဗဟိုဧကရာဇ်ရဲ့ ဆုတောင်းတွေကို ဂုဏ်ပြုသင့်ပြီး တည်ထောင်သူ ဗဟိုဧကရာဇ်ကို လေးစားသင့်တယ် “

" ငြင်းခုံနေတာတွေ လုံလောက်ပြီ။ ဒီနေ့ ဗဟိုဧကရာဇ်နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ ပြန်အဖတ်ဆယ်နိုင်ခဲ့ပြီ။ ကောင်းကင်တံတားတာအိုက ကျုပ်တို့ အိမ်ရဲ့ ကံကြမ္မာကို ပြောင်းလဲခဲ့တာကြောင့် ကျုပ်တို့ဖြစ်သင့်တဲ့အတိုင်း ပြန်သွားကြရမယ် “

" ကျုပ်တို့ ထာဝရအင်မော်တယ်နယ်မြေကို နောက်ကျမှ ရောက်လာခဲ့မယ့် ကျုပ်တို့ ဒီကို ရောက်လာကြသေးတာပဲ "

သူ၏မိန့်ခွန်းပြီးဆုံးချိန်တွင် သူက ထရပ်လိုက်၏။ ဤအခိုက်အတန့်တွင် ဗဟိုဧကရာဇ်နိုင်ငံ ပြန်လည်ထူထောင်ခဲ့ပြီ ဖြစ်ကြောင်း လူတိုင်း သဘောပေါက်လိုက်ကြလေသည်။

လူတိုင်းတွင် အတွေးကိုယ်စီရှိကြသော်လည်း ယခု၌ ပိုင်ရှောင်ချန်းသည် အထွတ်အထိပ် အချုပ်အခြာအာဏာကို သိမ်းပိုက်ထားသည်။ သူ၏စကားက ဥပဒေပင်။

ဘယ်သူမှ မကန့်ကွက်ရဲကြဘဲ အမှန်တွင် သူပြောသည်က ကျိုးကြောင်းဆီလျော်ကြောင်း လူတိုင်းဝန်ခံရမည် ဖြစ်သည်။ မဟာကောင်းကင်သခင်က မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် အတန်ငယ်မျက်နှာနီမြန်းနေကာ ပထမဆုံး ရှေ့တက်လာ၏။ သူ၏နှလုံးသားထဲတွင် နှစ်ပေါင်းများစွာတလျှောက် သူ၏ကြိုးစားအားထုတ်ခဲ့ရမှုများ အချည်းနှီး မဖြစ်ကြောင်း ယုံကြည်သွားလေပြီ။

သူက လက်ယှက်၍ ပိုင်ရှောင်ချန်းကို ဦးညွှတ်လိုက်သည်။

" ဂါဝရပြုပါတယ် ဗဟိုဧကရာဇ် "

ထို့နောက် သရဲကြီးဘုရင်၊ သောကကင်းဝေးကိုးသွယ်ဘုရင်၊ မြောက်ပိုင်းနှင့်အရှေ့ပိုင်း၏ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများနှင့် အခြားအစွမ်းထက်ပညာရှင်များအားလုံး ထိုနည်းတူ လက်ယှက်၍ ဦးညွှတ်လိုက်သည်။

" ဂါဝရပြုပါတယ် ဗဟိုဧကရာဇ် "

ပိုင်ရှောင်ချန်းကား သူ၏ကျင့်ကြံခြင်းအခြေခံအနည်းငယ်ပင် မထုတ်ဖော်ပေ။ ကုန်းစွန်းဝမ်အာ၊ ကျိုးကျစ်မို၊ စုန့်ကျင်းဝမ်နှင့် ဟိုရှောင်မေ့တို့အားလုံး သူ၏ဂုဏ်ကျက်သရေကြောင့် စိတ်နှလုံးလှုပ်ရှားသွားကြပြီး သူ့ကို လေးလေးနက်နက် အရိုအသေပေးလိုက်ကြသည်။

စိတ်စွမ်းအင်ခေါင်းဆောင်ကြီးနှင့် လီချင်းဟောက်မှာ စိတ်နှလုံးတုန်လှုပ်သွားပြီး ဤအခိုက်အတန့်မှစ၍ ပိုင်ရှောင်ချန်းသည် ထာဝရအင်မော်တယ်နယ်မြေများ၏ ဧကရာဇ်သုံးပါးအနက်တစ်ပါးဖြစ်သော ဗဟိုဧကရာဇ်ဖြစ်ကြောင်း သဘောပေါက်လိုက်ကြ၏။ သူက အသက်ပြင်းပြင်းရှူ၍ လေးလေးနက်နက်ဦးညွှတ်လိုက်သည်။

သူတို့အသံများ ပဲ့ထပ်ထွက်သွားသဖြင့် မဟာခန်းမဆောင်ကို စောင့်ကြည့်နေခဲ့သော ကောင်းကင်တံတားကျင့်ကြံသူသန်းပေါင်းများစွာ မည်သည့်အရာပြောလိုက်ကြောင်း သေသေချာချာ ကြားလိုက်ကြ၏။ သူတို့အားလုံးက ဒူးထောက်ဂါဝရပြုလိုက်ကြလေသည်။

" ဂါဝရပြုပါတယ် ဗဟိုဧကရာဇ် "

" ဂါဝရပြုပါတယ် ဗဟိုဧကရာဇ် "

မရေမတွက်နိုင်သော ကျင့်ကြံသူများ အတူတကွအော်ဟစ်လိုက်ကြသဖြင့် ဗဟိုဧကရာဇ်မြို့တော်မှ အသံလှိုင်းများ အရပ်မျက်နှာတစ်ခွင် တလိပ်လိပ် ပျံ့နှံ့သွားတော့သည်။ မကြာခင် အသံများကား အင်မော်တယ်နယ်မြေတစ်ခုလုံး ပြည့်နှက်သွားလေသည်။

မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်ပင် ယခု ဗဟိုဧကရာဇ်မြို့တော်ရှိရာဘက် ကြည့်နေကြ၏။

မရေမတွက်နိုင်သော အခြားကျင့်ကြံသူများနှင့်အတူ အင်ပါယာနိုင်ငံနှစ်နိုင်ငံမှ ကောင်းကင်ဧကရာဇ်များ၊ နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူများအားလုံး လေးလေးနက်နက်တုန်လှုပ်သွားကြလေသည်။ နိုင်ငံတော်အသစ် အာဏာတည်တံ့လာခဲ့ပြီဖြစ်ကြောင်း လူတိုင်းပြောနိုင်၏။

လျှို့ဝှက်ဆန်းကြယ်သော ထာဝရမယ်တော်ပင် မျက်လုံးများ ဖွင့်ပြီး နောက်ဆုံးပြန်ရောက်လာခဲ့သော သူမ၏ တတိယမြောက်သားတော်အား ကြည့်လိုက်ဟန်တူသည်။

All Chapters