အခန်း (၄၇၃-၄၇၄)
Vol. 48 Ch. 473-474
အခန်း (၄၇၃)
“ဆရာကတော်... ဆရာကတော်ရေ... အပြင်မှာ သွားကြည့်စရာ ပွဲကြီးပွဲကောင်း ကြုံနေတယ်”
ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ ဧည့်သည်ခြံဝင်းအတွင်း
ချူဖုန်းနှင့် ပင်းယန်တို့ လက်ဖက်ရည်ဝိုင်းရှေ့တွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်း ကျင့်စဉ်အကြောင်း ဆွေးနွေးနေကြသည်။
သူတို့စကားဝိုင်းမှာ စိတ်ဝင်စားစရာ အကောင်းဆုံးအခြေအနေသို့ ရောက်ရှိနေစဉ် ချန်ကျင်းကျင်း၏ သူတစ်ပါးဒုက္ခရောက်သည်ကို ဝမ်းသာအားရဖြစ်နေသော အသံကြောင့် ပြတ်တောက်သွားတော့၏။
“ဒီကောင်မလေးကတော့ ငါတို့က ဒီကို ပွဲကြည့်ဖို့ လာတာမဟုတ်ဘူးလေ”
ချူဖုန်း သူမကို ကလေးဆိုးလေးအား ချော့နေသလို ခပ်ဆတ်ဆတ်လေး ဆူလိုက်သည်။
ချန်ကျင်းကျင်းက သူမ ခေါင်းလေးကို စောင်းကာ ပြုံးလျက် ပြောလိုက်သည်။
“ဒါပေမဲ့ ဒီတစ်ခါ ပွဲက တကယ် စိတ်ဝင်စားဖို့ကောင်းတာ”
“အင်း...”
ချူဖုန်း ပြုံးရင်း မေးလိုက်သည်။
“ဘာပွဲမို့လို့လဲ”
“သက်လတ်ပိုင်း အမျိုးသားတစ်ယောက်လေ... အပေါ်အင်္ကျီမပါဘဲ ကျောပေါ်မှာ ဆူးခက်တွေထမ်းပြီး ဆီးနှင်းထဲမှာ ခြေဗလာနဲ့ လျှောက်လာနေတာ။ သူ့နောက်မှာလည်း အမျိုးသမီးတစ်ယောက်က ပါသေးတယ်။ အဲဒါ ဟိုတစ်ခါ ဆရာ ကျွန်မတို့ကို ပြောပြဖူးတဲ့ ပုံပြင်ထဲကလေ... ဘာတဲ့... ဘာတောင်းပန်တာလဲမသိဘူး”
ချန်ကျင်းကျင်းသည် အချိန်အတော်ကြာ စဉ်းစားသော်လည်း ထိုစကားပုံကို မမှတ်မိနိုင် ဖြစ်နေသည်။
“အဲဒါကို ‘အပြစ်ရှိကြောင်း ဝန်ခံရန် ဆူးခက်ထမ်း၍ တောင်းပန်ခြင်း’ လို့ ခေါ်တယ်။ မင်းကို စာအုပ်တွေ ပိုဖတ်ပါလို့ ငါပြောသားပဲ။ ဘယ်တုန်းကမှ နားမထောင်ဘူး။ ပြန်ရောက်ရင်တော့ ပြစ်ဒဏ်အနေနဲ့ စာအုပ်တစ်အုပ်ကို အကြိမ်တစ်ထောင် ကူးခိုင်းရမယ်”
ချူဖုန်း တည်တံ့သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“အဟင့်”
ပွဲသွားကြည့်ရုံလေးဖြင့် ပြစ်ဒဏ်အချခံရလိမ့်မည်ဟု ချန်ကျင်းကျင်းမှာ မမျှော်လင့်ထားခဲ့ပေ။ သူမသည် စာအုပ်ကူးရခြင်းကို အမုန်းဆုံးဖြစ်ရာ စိတ်ထဲတွင် ထိုပွဲဖြစ်အောင် လုပ်နေသည့် လူကို အလိုလို နာကျည်းသွားမိတော့သည်။
“သွားလို့ရပြီ”
ကောင်မလေး၏ ငိုက်စိုက်ကျသွားသော ခေါင်းလေးကို မြင်ရာ ချူဖုန်းက လက်ဝှေ့ယမ်းလိုက်သည်။
“ဟုတ်ကဲ့”
ချန်ကျင်းကျင်းသည် လှည့်ထွက်သွားပြီး ထိုလူကို အကြီးအကျယ် သရော်ပစ်ရန် စိတ်ကူးလိုက်လေ၏။ သို့မဟုတ်ပါက သူမ ခံရမည့် ပြစ်ဒဏ်မှာ အလကားဖြစ်သွားပေလိမ့်မည်။
သူမနှင့် ပိုင်ကျင်းတို့မှာ မြို့စားချိုက်ယုအား ခေါ်ဆောင်ကာ ဧည့်သည်ခြံဝင်း၏ အဝင်ဝသို့ ထွက်လာခဲ့ကြသည်။
မကြာမီမှာပင် အပေါ်အင်္ကျီဗလာဖြင့် လျှောက်လှမ်းလာသော အသက်လတ်ပိုင်း အမျိုးသားကို သူတို့ တွေ့လိုက်ရ၏။ သူ့နောက်တွင် လူများစွာ လက်ညှိုးထိုးကာ တိုးတိုးတိုးတိုးဖြင့် ပြောဆိုနေကြသည်။
သို့သော် ထိုအမျိုးသားက ထိုလူတို့ကို ဂရုမစိုက်ဘဲ ခြေလှမ်းများကို အေးအေးလူလူပင် လှမ်းနေခဲ့သည်။ သူ့ခန္ဓာကိုယ်အား တိုက်ခတ်နေသော လေစိမ်းများကလည်း သူ့ကို အန္တရာယ် တစ်စုံတစ်ရာ မပေးနိုင်သည့်ပုံပင်။
“ဒီလူ ငါတို့ဆီ လာနေတာတော့ မဟုတ်ပါဘူးနော်”
ချန်ကျင်းကျင်း တီးတိုးရေရွတ်လိုက်သည်။
“သူ ငါတို့ဆီ လာတာ သေချာပေါက် မဟုတ်ဘူး။ ဆရာကတော်ဆီ လာတာ နေမှာ”
ပိုင်ကျင်း ဘေးမှ ဝင်ပြောလိုက်၏။
“ဆရာကတော်က ငါ့အမေပဲလေ။ သူ ဒီလောက်အထိ ရိုသေမှုမရှိတာ ငါက သမီးတစ်ယောက်အနေနဲ့ သူ့ကို သင်ခန်းစာပေးတာ မှန်တယ်မလား”
ချန်ကျင်းကျင်း ထိုသို့ ပြောလိုက်ပြီး သူမ မျက်နှာတွင် သရော်ပြုံးတစ်ခု ပေါ်လာလေ၏။
သူမ၏ စီနီယာအစ်မမျက်နှာထက်မှ အမူအရာကို မြင်လိုက်ရသဖြင့် ထိုလူသည် ကံဆိုးမှုကြီးနှင့် ကြုံရတော့မည်ကို ပိုင်ကျင်း သိလိုက်သည်။ သူမ ပြုံးလျက် ပြောလိုက်၏။
“စီနီယာအစ်မ ပြောတာ မှန်တယ်။ ချိုက်ယု ခဏနေရင် အဲဒီလူကို ဘယ်လိုမှ အထဲပေးမဝင်နဲ့နော်”
“ဟုတ်ကဲ့ပါ သခင်မလေး”
ချိုက်ယုသည် သခင်မလေးနှစ်ဦး၏ စရိုက်ကို ကောင်းစွာသိထားပြီး သူမကိုယ်တိုင်လည်း ထိုမိန်းကလေးတို့ကိုယ်စား လှုပ်ရှားပေးရန် ပျော်ရွှင်နေသည်။
သူမအနေဖြင့် အခြားသူများကို သင်ခန်းစာပေးနိုင်ပြီး ယင်းအတွက် မည်သူကမှ လာရောက်ပြဿနာရှာရဲမည်မဟုတ်ချေ။ ဤမျှ ကောင်းမွန်သောကိစ္စမျိုးကို အခြား မည်သည့်နေရာတွင် ရှာဖွေနိုင်ပါဦးမည်နည်း။
သူတို့ စကားပြောနေစဉ်မှာပင် ပင်းရှောင်ဖုန်းနှင့် မုရိုတို့ ဧည့်သည်ခြံဝင်း၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ရှောင်ဖုန်း စကား စပြောမည်အပြုမှာပင် ချန်ကျင်းကျင်း ဦးအောင် အော်ဟစ်လိုက်လေ၏။
“နင် ရဲတင်းတဲ့ လူမိုက်။ နေ့ခင်းကြောင်တောင်ကြီးမှာ ဒီလောက်အောက်တန်းကျတဲ့ လုပ်ရပ်မျိုးကို ဘယ်လိုတောင် လုပ်ရဲရတာလဲ။ ချိုက်ယု သူ့ကို ဖမ်းစမ်း”
“နေ...”
နေဦးဟူသော စကားလုံးသည် ပင်းရှောင်ဖုန်း၏ နှုတ်ခမ်းဖျားမှ ထွက်ရုံရှိသေး သူ့အပေါ်သို့ မြို့စားအဆင့် ဖိအားများ သက်ရောက်လာသည်ကို ခံစားလိုက်ရသည်။
သူတင်မကဘဲ သူ့ဘေးနားရှိ မုရိုပင် ဆွံ့အသွားရသည်။ စပ်စုလိုသော ဘေးလူများလည်း နေရာတွင်ပင် တောင့်တင်းသွားကြတော့လေ၏။
ပင်းရှောင်ဖုန်း၏ ဆူးခက်ထမ်း၍ တောင်းပန်သော လုပ်ရပ်မှာ အစကတည်းက အာရုံစိုက်မှုများစွာ ရရှိထားပြီးဖြစ်သည်။ အကြောင်းမူကား သူသည် ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ သခင်လေးဖြစ်ပြီး စံအိမ်အတွင်း မြင့်မားသောအဆင့်အတန်း ရှိသူဖြစ်သည်။
သူ့အား ဤမျှ နှိမ့်ချသော အနေအထားဖြင့် လာရောက်တောင်းပန်ရအောင် ပြုလုပ်နိုင်သောသူမှာ အရေးပါသည့် ပုဂ္ဂိုလ်ကြီး ဖြစ်ပေလိမ့်မည်။
သို့သော် ဧည့်သည်ခြံဝင်းအတွင်းရှိ ထိုအရေးပါသူသည် ပြင်းထန်အေးခဲတောင်တန်းစံအိမ်အား အနည်းငယ်မျှ မျက်နှာမထောက်ဘဲ ချက်ချင်းပင် တိုက်ခိုက်ရန် အမိန့်ပေးလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
သူတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်အား မျက်စိထဲပင် မထည့်ကြဟန်တူသည်။
ဖြန်း
စူးရှသော ပါးရိုက်သံတစ်ချက် ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။
ပင်းရှောင်ဖုန်း ကိုယ်ဟန် ပြန်မထိန်းနိုင်ခင် နေရာတွင်ပင် သုံးပတ်မျှ လည်ထွက်သွားခဲ့ရလေ၏။ သူ ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် နောက်ထပ် လက်ဝါးတစ်ချက်မှာ ပြေးဝင်လာသည်ကို မြင်လိုက်ရပြန်သည်။
“ရပ်လိုက်စမ်း”
မကြာမီမှာပင် လူအုပ်ကြီးထဲမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ သခင်လေး ပင်းရှောင်ဖုန်းသည် သာမန်အရည်အချင်းသာရှိပြီး ဖခင်ဖြစ်သူကြောင့်သာ ရာထူးနေရာရထားခြင်း ဖြစ်သော်လည်း မည်သို့ပင်ဆိုစေကာမူ သူသည် စံအိမ်၏ မျက်နှာစာပင်။
တစ်ဖက်လူက စံအိမ်၏ နယ်မြေအတွင်းမှာတင် သခင်လေး၏ ပါးကို ရိုက်နှက်ခြင်းမှာ ပြင်းထန်အေးခဲတောင်တန်းစံအိမ် တစ်ခုလုံး၏ မျက်နှာကို ရိုက်နှက်လိုက်ခြင်း မဟုတ်လော။
ဖြန်း
ချိုက်ယုမှာ ထိုကဲ့သို့သော ကိစ္စရပ်များကို ဂရုမစိုက်ဘဲ နောက်ပါးတစ်ဖက်ကို ပြင်းထန်စွာ ရိုက်ချလိုက်ပြန်သည်။
ယခုအခါတွင်မူ သူ့ပါးနှစ်ဖက်လုံး ညီညာသွားသဖြင့် ကြည့်ရသည်မှာ ထူးဆန်း၍ မနေတော့ပေ။
ဤသည်ကို မြင်သော် ပတ်ဝန်းကျင်ရှိ ဘေးလူများသည် ဒေါသအမျက် ချောင်းချောင်းထွက်လာကြပြီး ချိုက်ယုနှင့် အခြားသူများကို ဒေါသတကြီး စိုက်ကြည့်လာကြ၏။ အချို့ဆိုလျှင် လက်နက်များကိုပင် ဆွဲထုတ်လိုက်ကြသည်။
မုရိုသည်လည်း ထိတ်လန့်နေရာမှ သတိပြန်ဝင်လာပြီး အလျင်အမြန်ပင် အော်ပြောလိုက်သည်။
“မချပါနဲ့တော့၊ မချပါနဲ့တော့။ ဒါတွေအားလုံးက အထင်လွဲတာပါ။ ကျွန်မအမျိုးသားက အစ်မပင်းယန်ကို လာတောင်းပန်တာပါ”
“…..”
ဤစကားကို ကြားရသောအခါ လူတိုင်း၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်သွားသော အမူအရာများ ပေါ်လာကြသည်။
ချန်ကျင်းကျင်းသည် ခဏတာမျှ ကြောင်အသွားပြီးနောက် ပြောလိုက်သည်။
“ဘယ်လောက် ရဲတင်းလိုက်သလဲ။ ငါ့ဆရာကတော်ရဲ့ နာမည်ကို နင်က ဘယ်လိုတောင် ခေါ်ဝံ့ရတာလဲ”
မုရို ပြောလိုက်သည်။
“ညီမလေး အစ်မအမျိုးသားက နင်တို့ ဆရာကတော်ရဲ့ မောင်အရင်းလေ။ အစ်မက သူ့မရီး။ သူ့နာမည်ကို ခေါ်တာ ရိုင်းပျတာ မဟုတ်ပါဘူး”
ဤသည်ကို ကြားရသောအခါ ဘေးလူများသည် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကြပြီး မုရိုကို ကြည့်သော မျက်လုံးများမှာ အလွန်ထူးဆန်းလာသည်။
သခင်မလေးသည် ပုံမှန်အားဖြင့် သူမ၏ ထူးခြားသော နောက်ခံအသိုင်းအဝိုင်းကို အမှီပြု၍ မည်သူ့ကိုမျှ အရေးမလုပ်တတ်သူဖြစ်လေ၏။ ယနေ့တွင်မူ သူမသည် အဘယ်ကြောင့် ဤမျှ နှိမ့်ချနေရပါသနည်း။
သူတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်သို့ အံ့မခန်း အစွမ်းထက်သည့် ပုဂ္ဂိုလ်ကြီးတစ်ယောက် ရောက်လာခဲ့ခြင်းပေလော။
ဤကိစ္စကို ထုတ်မပြောလျှင် အကြောင်းမဟုတ် ထုတ်ပြောလိုက်သဖြင့် ချန်ကျင်းကျင်းကို ဒေါသထွက်သွားစေသည်။ ဆရာကတော်သည် မိသားစုအပေါ် မကျေမနပ်ဖြစ်နေသည်ကို သူမသိထားလေ၏။
သူမ အေးစက်သော မျက်နှာဖြင့် ပြောလိုက်သည်။
“နင်တို့ ပြန်ကြတော့။ ငါ့ဆရာကတော်က အနားယူနေပြီ”
မုရိုသည် သူမ၏ မိမိကိုယ်မိမိ ပြစ်ဒဏ်ပေး၍ တောင်းပန်ခြင်းအစီအစဉ်ကို မသုံးရသေးခင်မှာတင် တံခါးပိတ်ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော် ပင်းယန်ကို စိတ်ကျေနပ်အောင် လုပ်နိုင်သရွေ့ သူမ ကလေးသည် မဟာပဏ္ဍိတမိုးမြေ၏ တပည့်ဖြစ်ခွင့် ရရှိနိုင်မည်ကို တွေးမိသောအခါ မျက်နှာပြောင်တိုက်၍သာ ပြောနိုင်တော့သည်။
“ညီမလေး... ကျေးဇူးပြုပြီး သတင်းလေးတစ်ခုလောက် ပါးပေပါ။ အစ်မတို့ ဇနီးမောင်နှံက အစ်မကြီးကို လာတောင်းပန်ပါတယ်လို့ပဲ ပြောပေးပါ”
ချန်ကျင်းကျင်း၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးကာ ပြုံးလိုက်သည်။
“နင်တို့က လင်မယား ဖြစ်နေမှတော့ ဘာလို့ ဒီဦးလေးတစ်ယောက်တည်းကပဲ ဆူးခက်ထမ်းပြီး တောင်းပန်နေရတာလဲ၊ နင်ကကျတော့ မပါဘူးလား”
…
မုရို အနှီကောင်မလေးက ဤမျှအထိ ကိုင်တွယ်ရခက်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
သူမ ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာပင် ဧည့်သည်ခြံဝင်းအတွင်းမှ အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည်။
“အတိတ်က ကိစ္စတွေကို အတိတ်မှာပဲ ထားလိုက်ပါ။ ပြန်ကြတော့”
ဤစကားလုံးများ ထွက်လာသည်နှင့်တစ်ပြိုင်နက် မုရိုနှင့် ပင်းရှောင်ဖုန်းတို့၏ မျက်နှာများသည် ချက်ချင်းပင် ရုပ်ဆိုးအကျည်းတန်သွားတော့၏။
သူတို့အနေဖြင့် ဤမျှအထိ နှိမ့်ချထားသော်လည်း ထိုအမျိုးသမီးက အခွင့်အရေး အနည်းငယ်မျှပင် မပေးမည်ဟု မမျှော်လင့်ထားပေ။ မုန်းစရာကောင်းလှ၏။
မုရို ကိုယ့်ကိုယ်ကို အမြန်ပြန်ထိန်းလိုက်ပြီး ရိုသေစွာ ပြောလိုက်သည်။
“နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် အစ်မပင်းယန်။ ကျွန်မ လေပန်းခြံဝင်းကို အဆင်သင့် ပြင်ထားပြီးပါပြီ။ အစ်မ ပင်းယန် ကျေးဇူးပြုပြီး အဲဒီမှာ ရက်အနည်းငယ်လောက် လာရောက်တည်းခိုပေးပါဦး”
ဧည့်သည်ခြံဝင်းအတွင်း
ဤသည်ကို ကြားရသောအခါ ပင်းယန် ပြန်မဖြေဘဲ ချူဖုန်းကို ကြည့်လိုက်၏။
“ယောက်ျား သူတို့ရည်ရွယ်ချက်က ဘာဖြစ်မလဲလို့ ထင်လဲ”
ချူဖုန်း ပြုံးလျက် ပြောလိုက်သည်။
“ဒါက ကိစ္စနှစ်ခုထက် မပိုပါဘူး။ ပထမအချက်က မင်းရဲ့ ခွင့်လွှတ်မှုကို ရဖို့၊ ဒုတိယအချက်ကတော့ မင်းကို တပည့်တစ်ယောက် လက်ခံခိုင်းဖို့ပဲ”
“ဟမ့်”
ပင်းယန် နှာမှုတ်ပြီး အေးစက်စွာ ပြောသည်။
“သူတို့တွက်ကိန်းတွေကို အကွက်စေ့စေ့ တွက်ထားတာပဲ။ အခုအချိန်မှာ ကျွန်မက ဒီလို အနှစ်မရှိတဲ့ မိသားစုသံယောဇဉ်မျိုးကို လိုအပ်နေသေးတယ်လို့ တကယ် ထင်နေကြတာလား”
“မိန်းမ မင်း သူတို့ကို အသက်ရှင်လျက်နဲ့ ရင်ကွဲနာကျအောင် လုပ်ချင်တာလား”
ချူဖုန်းက စနောက်လိုသော မျက်နှာထားဖြင့် မေးလိုက်သည်။
ပင်းယန်က မေးလိုက်၏။
“ယောက်ျားမှာ ဘာအကြံရှိလို့လဲ”
ချူဖုန်းက ပြုံးရင်း ပြောလိုက်သည်။
“ကိုယ်တမ်းတမ်းတတ လိုချင်နေပေမဲ့ မရနိုင်တဲ့အရာကို... ကိုယ်က အထင်အမြင်သေးထားတဲ့သူတစ်ယောက် ရသွားတာကို မြင်ရရင် ဘယ်လို ခံစားရမလဲ”
ဤသည်ကို ကြားရသော် ပင်းယန်၏ မျက်လုံးများမှာ လင်းလက်သွားတော့လေ၏။
“ယောက်ျား ရှင့်မှာ ဒီလို ဘက်ခြမ်းမျိုး ရှိနေမှန်း ကျွန်မမသိခဲ့ဘူး။ ကောင်းပြီ... ရှင်ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”
အခန်း (၄၇၄)
“မလိုတော့ဘူး။ နင်တို့ ပြန်ကြတော့”
ပင်းယန်၏ ပြတ်သားအေးစက်လှသော အသံသည် တိုက်ခတ်လာသည့် လေပြင်းတစ်ချက်နှင့်အတူ ဧည့်သည်ခြံဝင်းအတွင်းမှ လွင့်ပျံထွက်လာ၏။
အစောပိုင်းက အရေပြားပေါ်တွင် ဘာမှမသိသာခဲ့သော တောင်လေစိမ်းမှာ ယခုအခါတွင်မူ ပင်းရှောင်ဖုန်းနှင့် မုရိုတို့အား အလွန်အမင်း အေးစက်သွားစေတော့သည်။
မုရို ပြောလိုက်၏။
“ဒါဆိုရင် ကျွန်မတို့ သွားလိုက်ပါဦးမယ်”
ဤနေရာတွင် ဆက်ရှိနေပါက သူတို့ ပို၍ပင် လှောင်ရယ်စရာအဖြစ်ခံရပေလိမ့်မည်။
သူတို့နှစ်ဦး ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရှိ စောင့်ကြည့်နေကြသော တပည့်များ၏ ထူးဆန်းသော အကြည့်များအောက်တွင် အလျင်အမြန်ပင် ထွက်ခွာသွားကြတော့သည်။
သူတို့ကျောပြင်များကို ကြည့်ရင်း ချန်ကျင်းကျင်း၏ မျက်နှာထက်မှ အောင်နိုင်သူအပြုံးမှာ ပို၍ပင် ပေါ်လွင်လာတော့သည်။
ဘေးနားရှိ ပိုင်ကျင်းက သူမ လက်ဖဝါးလေးကို မြှောက်ကာ ချန်ကျင်းကျင်းနှင့် လက်ချင်းရိုက် လိုက်ရင်း တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
“ဟေး... အောင်ပြီ”
ဤဖြစ်ရပ်သေးသေးလေးသည် ပြင်းထန်အေးခဲတောင်တန်းစံအိမ်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။
သတင်းကို ကြားရသောအခါ အကြီးအကဲများ အစပိုင်းတွင် ဝမ်းသာအားရ ဖြစ်ကြသော်လည်း မကြာမီမှာပင် မည်သူမှ မရယ်မောနိုင်ကြတော့ချေ။
သူတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ တပည့်တစ်ဦး ဝမ်တောက်ကျောင်းတော်တွင် ခြေကုပ်ရရှိခဲ့သည်မှာ နှစ်ပေါင်းတစ်ရာပင် ရှိပြီဖြစ်သည်။
မျိုးဆက်သစ်တပည့်များ ရှိခဲ့ဖူးသော်လည်း နောက်ဆုံးတွင်မူ သူတို့အားလုံးသည် အပြင်စည်း၏ ကြီးကြပ်သူများအဖြစ်သာ တာဝန်ပေးခြင်း ခံခဲ့ရ၏။
ယခုအခါ အကြီးအကဲပင်းယန် ဝမ်တောက်ကျောင်းတော်တွင် အခြေကျနေပြီဖြစ်ရာ အကယ်၍ သူတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ ပါရမီရှင်တစ်ဦး မမွေးထုတ်နိုင်ပါက ပင်းယန်၏ မျက်နှာသာပေးမှု ကုန်ဆုံးသွားသည်နှင့် ကျောင်းတော်အတွင်းရှိ စံအိမ်၏ အဆင့်အတန်းမှာ ထိုးဆင်းသွားပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဝမ်တောက်ကျောင်းတော် လက်အောက်ခံဖြစ်သော သူတော်စင်တစ်ပိုင်းအဆင့် အင်အားစုများစွာထဲမှ တစ်ခုသာ ဖြစ်သည်။
ကျောင်းတော်၏အရိပ်အောက်တွင် ထိုကဲ့သို့သော သူတော်စင်တစ်ပိုင်းအဆင့် အင်အားစုများ ရေတွက်၍မကုန်နိုင်အောင် ရှိပါ၏။
ပင်းအောက်ကူ ဤသတင်းကို ကြားလိုက်ရသောအခါ သူ့အဖိုးတန်သားဖြစ်သူကို နောက်ဖေးအဆောင်သို့ တိုက်ရိုက်ဆွဲခေါ်သွားပြီး ပြင်းထန်စွာ ရိုက်နှက်ဆုံးမတော့သည်။
သူက ထိုနှစ်ယောက်ကို အဖြေတစ်ခုရှာရန် ပြောခဲ့ခြင်းဖြစ်ပြီး ကိုယ့်သေတွင်းကိုယ်တူးရန် ပြောခဲ့ခြင်းမဟုတ်ပေ။ ယခုကဲ့သို့ အချိန်မျိုးတွင် ပင်းယန်နှင့် မိသားစုသံယောဇဉ်အား ထုတ်ကစားရန် ကြိုးစားခြင်းသည် ပြဿနာရှာခြင်းသက်သက်ပင်။
ပြင်းထန်အေးခဲတောင်တန်းစံအိမ်အတွင်း ဖြစ်ပျက်သမျှအရာအားလုံးသည် ချူဖုန်း၊ ပင်းယန်တို့နှင့် လုံးဝ မသက်ဆိုင်ချေ။
နောက်နေ့ နံနက်စောစော၊
ချူဖုန်း ပင်းယန်ကြောင့် အိပ်ရာမှ စောစောစီးစီး နိုးလာရ၏။ အကြောင်းရင်းမှာ သူမ ငယ်စဉ်က ကျင့်ကြံခဲ့သောနေရာကို သူ့အား ပြသချင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် အိပ်ချင်မူးတူးဖြင့် ချူဖုန်းသည် ပြင်းထန်အေးခဲတောင်တန်းစံအိမ်အတွင်းရှိ တစ်ကိုယ်တည်း ထီးထီးကြီးရှိနေသော တောင်ခြေရင်းသို့ ပင်းယန်နောက်မှ လိုက်ပါလာ၏။
ချူဖုန်းသည် ဖြူဖွေးနေသော ဆီးနှင်းပြင်ကျယ်ကြီးကို လှမ်းကြည့်လိုက်၏။ လူရိပ်လူယောင် မပြောနှင့် သရဲတစ္ဆေအရိပ်ပင် မမြင်ရချေ။
သူတို့နှစ်ဦးမှ ဝေဟင်တွင် မပျံသန်းဘဲ တောင်ထိပ်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းခဲ့ကြသည်။
နေမင်း တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ သူတို့နှစ်ဦးသည် တောင်ထိပ်နှင့် ပို၍ပို၍ နီးကပ်လာတော့၏။
သူတို့သည် တောင်ပေါ်မှ ဓားရေးကစားနေသည့် အသံကို ရုတ်တရက် ကြားလိုက်ရသည်။
ထိုအသံကို ကြားရသော် ချူဖုန်း ပြုံးလျက် ပြောလိုက်၏။
“ပြင်းထန်အေးခဲတောင်တန်းစံအိမ်နဲ့ ဒီလောက်နှစ်အကြာကြီး ဝေးကွာနေခဲ့တာတောင် မင်း ခြေရာကို နင်းပြီး ဒီမှာ လေ့ကျင့်နေတဲ့လူ ရှိနေဦးလိမ့်မယ်လို့ မထင်ထားမိဘူး”
ပင်းယန် ခဏတာမျှ တုံ့ဆိုင်းသွားသည်။
“ဘယ်မိသားစုက ကလေးက ဒီမှာ လာပြီး ခိုးလေ့ကျင့်နေတာလဲ မသိဘူး”
ပြောပြီးနောက် သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အသံလာရာဘက်သို့ လျှောက်သွားကြသည်။
မကြာမီမှာပင် ချူဖုန်းသည် ဆီးနှင်းထဲတွင် ခပ်ပါးပါးဝတ်ဆင်ထားသော သွယ်လျသည့် မိန်းကလေးတစ်ဦး ဓားရေးလေ့ကျင့်နေသည်ကို တွေ့လိုက်ရ၏။
သူမ ဓားသိုင်းသည် ပြင်းထန်လှပြီး လှုပ်ရှားမှုတိုင်းတွင် ဓားဆန္ဒ၏ အရိပ်အယောင်များ ပါဝင်နေသည်။
အချီးမွမ်းရဆုံးအချက်မှာ သူမသည် တာအိုတည်ဆောက်ခြင်းအဆင့်သို့ စတင်ခြေလှမ်းရုံသာ ရှိသေး၏။
မိန်းကလေးသည် ကျင့်ကြံခြင်းတွင် လုံးလုံးလျားလျား စိတ်နှစ်ထားပုံရပြီး ချူဖုန်းနှင့် ပင်းယန်တို့ ရောက်ရှိလာသည်ကိုပင် သတိမပြုမိပေ။
သူမကို ခဏတာမျှ သေချာလေ့လာပြီးနောက် ချူဖုန်းသည် ဤမိန်းကလေးက ပင်းယန်နှင့် အနည်းငယ် ဆင်တူနေသည်ကို တွေ့ရှိလိုက်ရသည်။ သူမသည် ပင်းယန်၏ တိုက်ရိုက်သွေးမျိုးဆက် ဖြစ်ရပေမည်။
မိန်းကလေးသည် သူမ ဓားကွက်များကို ကစားပြီးနောက်တွင်မှ ချူဖုန်းနှင့် ပင်းယန်တို့ကို သတိပြုမိသွားပြီး အလျင်အမြန်ပင် ဂါရဝပြုလိုက်သည်။
“ပင်းယာက စီနီယာတို့ကို ဂါရဝပြုပါတယ်”
“ထပါ”
ပင်းယန် ခပ်အေးအေးပင် မေးလိုက်သည်။
“မင်းက ဘယ်မိသားစုကလဲ”
“စီနီယာ ကျွန်မက...”
ပင်းယာ တစ်စုံတစ်ခုကို ပြောချင်သော်လည်း တုံ့ဆိုင်းနေဟန်ရှိပြီး နောက်ဆုံးတွင် ခေါင်းကို ငုံ့ချလိုက်ကာ သူမ ဇာစ်မြစ်ကို ပြောပြရန် အလွန်ဝန်လေးနေပုံရသည်။
ချူဖုန်း ပြုံးလျက် ဆိုလိုက်၏။
“မင်းရဲ့ သရုပ်ကို ထုတ်ပြောလို့မရလို့လား”
ပင်းယာ ခက်ခဲသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“သခင်မလေးက ကျွန်မကို ထုတ်မပြောဖို့ မှာထားလို့ပါ။ စီနီယာတို့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
“အင်း...”
ချူဖုန်း၏ စိတ်ဝင်စားမှုသည် ချက်ချင်းပင် နိုးကြားလာသည်။ ထို့နောက် သူသည် ကမ္ဘာပျက်သုန်းမျက်ဝန်းကို သုံး၍ မိန်းကလေး၏ ကံကြမ္မာကို ကြည့်လိုက်၏။ ဖျော့တော့သော ခရမ်းရောင်အလင်းတန်းသည် သူမအား ဝမ်တောက်ကျောင်းတော်တွင် ပါရမီရှင်အသေးစားလေးတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပြီး နောင်တွင် မြို့စားအဆင့်ပင် ဖြစ်လာနိုင်ကြောင်း ပြသနေသည်။
“သူက မင်း အဖေ ဖြစ်နေလို့လား”
“ဟင်”
ပင်းယာ ချူဖုန်းတို့ကို ကြည့်ကာ ကြောင်အသွားသည်။ သူမ အမှတ်အသားကို ဤမျှ လွယ်ကူစွာ သိရှိသွားလိမ့်မည်ဟု မထင်ထား။
ချူဖုန်းနှင့် ပင်းယန်တို့သည် သူမ အမူအရာကို ကြည့်ရုံဖြင့် အဖြေကို သဘာဝကျကျ သိရှိသွားကြ၏။
“ဒါဆို မင်း ဘာလို့ ဒီမှာ နှင်းခဲဓားသိုင်းကို လေ့ကျင့်နေရတာလဲ”
ပင်းယန် အေးစက်သောအသံဖြင့် မေးလိုက်သည်။ သူမသည် မောင်ဖြစ်သူအပေါ် ခံစားချက်ကောင်း မရှိသဖြင့် သူ့သမီးအပေါ်၌လည်း ကောင်းမွန်မည်မဟုတ်ချေ။
ဒုန်း
ဤသည်ကို ကြားရသော် ပင်းယာသည် မြေပြင်ပေါ်သို့ တိုက်ရိုက် ဒူးထောက်ချလိုက်သည်။
“စီနီယာ ကျွန်မ ပြင်းထန်အေးခဲတောင်တန်းစံအိမ်က နှင်းခဲဓားသိုင်းကို တမင်ခိုးကျင့်တာ မဟုတ်ပါဘူး။ ဒီနေရာကနေ ထွက်သွားချင်ရုံတင်ပါ။ ကျွန်မ ကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
သူမ အရှေ့က ပုဂ္ဂိုလ်များကို တစ်ခါမျှ မမြင်ဖူးသော်လည်း တစ်ဖက်လူက နှင်းခဲဓားသိုင်းကို တစ်ချက်ကြည့်ရုံဖြင့် သိရှိနိုင်ပြီး ထူးခြားဆန်းပြားသော အဝတ်အစားများကို ဝတ်ဆင်ထားသဖြင့် မိသားစုအတွင်းမှ အကြီးအကဲများ ဖြစ်ရပေမည်။
“သိုင်းပညာကို ခိုးကျင့်တာလား။ စိတ်ဝင်စားစရာပဲ”
ပင်းယန်၏ မျက်နှာထက်မှ အေးစက်မှုများ ပျောက်ကွယ်သွားပြီး စိတ်ဝင်တစား မေးလိုက်သည်။
“ငါမှတ်မိသလောက်တော့ နှင်းခဲဓားသိုင်းကို ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရဲ့ ပင်မသွေးမျိုးဆက်က ဘယ်သူမဆို ကျင့်ကြံလို့ ရတာပဲ။ မင်း ပင်းရှောင်ဖုန်း သမီးဖြစ်နေမှတော့ ဘာလို့ ကျင့်ကြံလို့မရရတာလဲ”
ပင်းယာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
“ကျွန်မက အစေခံတစ်ယောက်ရဲ့ ကလေးပါ။ ကျွန်မကို ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရဲ့ တိုက်ရိုက်မျိုးဆက်အဖြစ် မသတ်မှတ်ကြထားဘူး။ သခင်မလေးရဲ့ နောက်က လိုက်ရင်း ခိုးကြည့်ပြီး ဒီဓားသိုင်းကို တတ်မြောက်ခဲ့တာပါ”
“တစ်ချိန်က ကျော်ကြားခဲ့တဲ့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်က ဘာကြောင့် ဒီအခြေအနေအထိ ကျဆင်းသွားရသလဲဆိုတာ နောက်ဆုံးတော့ နားလည်သွားပြီ။ သိုင်းပညာကို လက်ဆင့်ကမ်းတဲ့အခါ ပါရမီ ဒါမှမဟုတ် နားလည်နိုင်စွမ်းကို မကြည့်ဘဲ လူတစ်ယောက်ရဲ့ မျိုးဆက်ကိုပဲ ကြည့်တော့တာကိုး”
ပင်းယန် စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။
“မင်း တကယ်ပဲ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကနေ ထွက်သွားချင်တာလား”
“ဟုတ်ကဲ့”
ပင်းယာ ခေါင်းညိတ်လိုက်သည်။
“အမေ့ရဲ့ နောက်ဆုံးဆန္ဒက ကျွန်မကို ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကနေ ထွက်သွားပြီး လွတ်လပ်တဲ့လူတစ်ယောက် ဖြစ်စေချင်တာပါ။ သူတစ်ပါးရဲ့ ကျွန် ဒါမှမဟုတ် အစေခံ မဖြစ်စေချင်ဘူး”
“ကောင်းပြီ။ ဒါဆိုရင် ငါ မင်းကို ဒီအခွင့်အရေး ပေးမယ်။ မင်း ငါ့ တပည့် ဖြစ်ချင်လား”
ပင်းယန် မေးလိုက်သည်။
ပင်းယာသည် လုံးဝ ကြောင်အသွားပြီး ဖြစ်ပျက်နေသည်များကို နားမလည်နိုင် ဖြစ်နေတော့သည်။
“မလုပ်ချင်ဘူးလား”
ပင်းယန် ထပ်မံမေးလိုက်သည်။
“မ မဟုတ်ပါဘူး။ အဲလိုမဟုတ်ပါဘူး။ ကျွန်မ လိုလားပါတယ်။ ဒါပေမဲ့ တကယ်ပဲ ထွက်သွားလို့ရပါ့မလား။ ကျွန်မ စစ်မှန်ကံကြံမ္မာအဆင့် မရောက်သေးရင် သခင်မလေးရဲ့ သဘောတူညီချက်မရှိဘဲ ထွက်သွားလို့မရဘူး”
ပင်းယာသည် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် စကားကိုပင် သဲသဲကွဲကွဲ မပြောနိုင်တော့ချေ။
ပင်းယန်၏ နှုတ်ခမ်းထောင့်တွင် အထင်မြင်သေးဟန်တစ်ခု ပေါ်လာသည်။
“ငါ စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ ဘယ်သူကမှ မင်းကို ဆွဲထားရဲမှာ မဟုတ်ဘူး”
ဤသည်ကို ကြားရသော် ပင်းယာ ပင်းယန်ကို ကြည်ညိုလေးစားမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်မိ၏။ သူမ အမြင်တွင် သခင်မလေးသည် မိုးကောင်းကင်ကဲ့သို့ ဖြစ်ပြီး သူမကို ဆန့်ကျင်သော မည်သူမဆို ဆိုးဝါးသော အဆုံးသတ်နှင့် ကြုံရတတ်သည်။
ယခုအခါတွင် သခင်မလေးကို ဖိနှိပ်နိုင်သောသူ အမှန်တကယ် ရှိနေပြီး ထိုပုဂ္ဂိုလ်က သူမကို တပည့်အဖြစ် လက်ခံချင်နေသည်။ ဤသည်မှာ သူမ တစ်ခါမှ မမက်ဖူးသော အိပ်မက်ပေ။
သူမသည် မြေပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ဦးခိုက်လိုက်သည်။
“တပည့် ပင်းယာ ဆရာ့ကို ဂါရဝပြုပါတယ်”
ပင်းယန် သူမကို သာမန်ကာလျှံကာပင် ထူပေးလိုက်သည်။
“ပင်းယာဆိုတဲ့ နာမည်က သိပ်ပြီး ရိုးရှင်းလွန်းတယ်။ ဆရာတစ်ယောက်အနေနဲ့ လောလောဆယ် မင်းကို ပေးစရာ ဘာမှမရှိသေးတော့ ပထမဆုံး နာမည်အသစ်တစ်ခု ပေးမယ်။ အခုကစပြီး မင်းကို ပင်းချင်လို့ ခေါ်မယ်”
“ကျေးဇူးတင်ပါတယ် ဆရာ။ ယာယာ့မှာ နောက်ဆုံးတော့ သင့်တော်တဲ့ နာမည်တစ်ခု ရှိသွားပြီ”
ပင်းချင် စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်၏။
ပင်းယန်
“လောလောဆယ်တော့ မင်း မူလအတိုင်းပဲ ဆက်ပြီး နေပါ။ ငါ ထွက်သွားတဲ့အခါ မင်းကို သေချာပေါက် ခေါ်သွားမယ်”
“ဟုတ်... ဟုတ်ကဲ့”
ပင်းချင်က ခေါင်းညိတ်လိုက်သည်။ သူမသည် ပြင်းထန်အေးခဲတောင်တန်းစံအိမ်တွင် နှစ်နှစ်ဆယ်တိုင်တိုင် နေထိုင်ခဲ့ပြီးဖြစ်ရာ ရက်အနည်းငယ် ထပ်စောင့်ရခြင်းက ဘာမှမဟုတ်ပေ။
“ဒါနဲ့ ကျွန်မ ဆရာ့ကို ဘယ်လို လာရှာရမလဲ”
ပင်းယန် အသာအယာ ပြောလိုက်သည်။
“အချိန်တန်ရင် သိလာလိမ့်မယ်”
“ဟုတ်ကဲ့ပါ။ ဆရာ့ကို ယုံကြည်ပါတယ်”
ပင်းချင် စကားပြောပြီးနောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အလျင်အမြန် ပြောလိုက်သည်။
“ဆရာ ကျွန်မ ပြန်ရပါတော့မယ်။ တကယ်လို့ နောက်ကျတာ သခင်မလေး သိသွားရင် ထပ်ပြီး အပြစ်ပေးခံရလိမ့်မယ်”
“သွားတော့လေ”
ပင်းယန် သူမကို ဆွဲမထားခဲ့ချေ။
“ဟုတ်”