အခန်း (၄၇၅-၄၇၆)
Vol. 48 Ch. 475-476
အခန်း (၄၇၅)
“မိန်းမ မင်း ဒီကောင်မလေးကို အရင် စောင့်ကြည့်ချင်လို့လား”
ချူဖုန်းသည် ထိုမိန်းကလေး၏ ထွက်ခွာသွားသောကျောပြင်ကို ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
“ဟုတ်တယ်”
ပင်းယန် အေးအေးလူလူပင် ပြောလိုက်၏။
“ရုပ်ကို မြင်ပြီး စိတ်ဓာတ်ကိုတော့ မသိနိုင်သေးဘူး။ ကျွန်မ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကနေ နှစ်ပေါင်းရာချီ ဝေးကွာနေခဲ့ပေမဲ့ စံအိမ်ထဲက အကြီးအကဲတွေက ကျွန်မ အရင်တုန်းက ဒီမှာ လေ့ကျင့်ခဲ့ဖူးတာ အနည်းနဲ့အများတော့ သိကြတယ်။ ကျွန်မ တပည့်ဖြစ်ခွင့်ရဖို့အတွက် ဒီလိုနည်းလမ်းမျိုးကို သုံးတာဟာ ဖြတ်လမ်းတစ်ခုလို့ သတ်မှတ်နိုင်တယ်”
“ဟုတ်သားပဲ”
ချူဖုန်း ပြုံးလျက် ပြောလိုက်သည်။
“ဒါဆိုရင် ဒီကောင်မလေး နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာကို ငါ နည်းနည်းတော့ စိတ်ဝင်စားသွားပြီ”
ပင်းယန်က ဆိုလိုက်၏။
“ဒါဆိုရင် အတူတူ စောင့်ကြည့်ကြတာပေါ့”
“ကောင်းပြီလေ”
ချူဖုန်း စကားပြောအပြီးတွင် နတ်ဘုရားအာရုံဖြင့် ထိုမိန်းကလေးကို ကြည့်လိုက်သည်။
သူတို့ကဲ့သို့ တည်ရှိမှုမျိုးအတွက် တာအိုတည်ဆောက်ခြင်းအဆင့်မျှသာရှိသည့် မျိုးဆက်သစ်တစ်ဦးကို အသိမခံပဲ စောင့်ကြည့်ရန်မှာ အားစိုက်စရာပင် မလိုသော ကိစ္စတစ်ခု ဖြစ်သည်။
အကယ်၍ ပင်းယန်အနေဖြင့် ဤမိန်းကလေးကို တပည့်အဖြစ် လက်ခံလိုသော ဆန္ဒသာ မရှိပါက သူတို့သည် မိန်းကလေး၏ နတ်ဘုရားပင်လယ်နှင့် ဝိညာဉ်ကို နတ်ဘုရားအာရုံဖြင့် တိုက်ရိုက်စစ်ဆေးပြီး သူမ စိတ်ထဲရှိသမျှ အရာအားလုံးကို ကြည့်ပေလိမ့်မည်။
သို့သော် ထိုသို့ပြုလုပ်ခြင်းက မိန်းကလေး၏ ဝိညာဉ်နှင့် နတ်ဘုရားပင်လယ်ကို ထိခိုက်ပျက်စီးစေနိုင်၏။
ပင်းချင်သည် ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ အတွင်းပိုင်းဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။
မြေပြင်သို့ ဆင်းသက်ပြီးနောက် သူမ အလျင်အမြန်ပင် ရှေ့သို့ ဆက်လျှောက်လာခဲ့ရာ မကြာမီမှာပင် လေပန်းခြံဝင်း အပြင်ဘက်သို့ ရောက်ရှိလာ၏။
သူမ ဝင်လိုက်သည့်နှင့် မောက်မာသည့်ပုံရသည့် မိန်းကလေးတစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရသည်။
“နိမ့်ကျတဲ့ အောက်တန်းစားမ နင် ဘယ်တွေ သွားနေတာလဲ။ ဒီနေ့ ဒီသခင်မလေး ကွင်းပြင်ကို သိုင်းကျင့်ဖို့ သွားရမှာကို နင်မသိဘူးလား။ ဝမ်တောက်ကျောင်းတော်ကလူတွေကို ငါ့စွမ်းအားတွေ ပြရမယ်လေ”
ပင်းချင် ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်။
“ဒီအစေခံ မနေ့ညက အစားမှားပြီး မနက်ကျ အပေါ့အပါးသွားတာ နောက်ကျသွားလို့ပါ။ သခင်မလေး ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”
“ဟွန့်”
ထိုမိန်းကလေးက နှာမှုတ်ပြီး အေးစက်စွာ ပြောလိုက်သည်။
“နိမ့်ကျတဲ့ အစေခံဆိုတဲ့အတိုင်းပဲ။ ငါ နင့်ကို ကောင်းကောင်းကျွေးတာတောင် ဗိုက်နာရဲသေးတယ်ပေါ့။ နင့်ကို ခွင့်မလွှတ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒီခြံဝင်းထဲမှာပဲ ဒူးထောက်နေ။ ငါ ပြန်လာတဲ့အချိန်ကျမှ ထခွင့်ရှိမယ်၊ ကြားလား”
“ဟုတ်ကဲ့ပါ”
ပင်းချင် ပြန်ဖြေပြီးနောက် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
“သွားကြစို့”
ထိုမိန်းကလေး ပြောလိုက်ပြီးနောက် သူမ အခြွေအရံများကို ဦးဆောင်ကာ သိုင်းကွင်းပြင်ဆီသို့ ထွက်ခွာသွားတော့၏။
ဤမြင်ကွင်းကို ပင်းယန်နှင့် ချူဖုန်းတို့ မြင်တွေ့လိုက်ရသော်လည်း သူတို့နှစ်ဦးစလုံး ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ကြချေ။
ကိုယ့်ကိုယ်ကိုယ် အနာခံပြီး သနားအောင် လုပ်သည့် အကွက်မျိုးကို သူတို့ မမြင်ဖူးသည်မဟုတ်ပေ။ သူမ အတွေ့အကြုံသည် ပင်းယန်နှင့် ဆင်တူနေရုံမျှဖြင့် သူမကို ယုံကြည်သွားမည်မဟုတ်ချေ။
ထို့အပြင် တာအိုဟူသည် တိုက်ရိုက်လက်ဆင့်ကမ်း၍ ရသောအရာမဟုတ်ပေ။ သူတို့တပည့်အဖြစ် ခံယူရန်မှာလည်း မလွယ်ကူသော ကိစ္စတစ်ခု မဟုတ်လော။
သူတို့နှစ်ဦး ဧည့်သည်ခြံဝင်းသို့ ပြန်လာပြီး လက်ဖက်ရည်သောက်ကာ စကားစမြည် ပြောနေကြတော့သည်။
ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ သိုင်းကွင်းပြင်တွင် ပင်းမိသားစု၏ တိုက်ရိုက်သွေးမျိုးဆက်နှင့် သွေးနှောတပည့်အားလုံး စုစည်းရောက်ရှိနေကြသည်။
သူတို့၏ ရည်မှန်းချက်က တစ်ခုတည်းသာ။ လာမည့်ရက်များတွင် အစွမ်းပြနိုင်ရန်ပင်။
သူတို့သည် ဝမ်တောက်ကျောင်းတော်မှ ရောက်ရှိလာသော သူများ၏ သတိပြုမိခြင်းကို ခံရပြီး တပည့်အဖြစ် လက်ခံခြင်း ခံရရန် မျှော်လင့်နေကြ၏။
ယခုတစ်ခေါက်တွင် ဝမ်တောက်ကျောင်းတော်မှ မည်ကဲ့သို့သော တည်ရှိမှုမျိုး ရောက်ရှိလာသည်ကို သူတို့ မသိကြသော်လည်း မျိုးနွယ်စုအကြီးအကဲများနှင့် စံအိမ်သခင်ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြိုဆိုရမည့်သူဆိုလျှင် သေချာပေါက် အံ့မခန်း အစွမ်းထက်သည့် မဟာပဏ္ဍိတကြီးတစ်ဦး ဖြစ်ရပေမည်။
ပြင်းထန်အေးခဲတောင်တန်းစံအိမ် အတွင်း၌
ပင်းအောက်ကူ ပင်မနေရာတွင် ထိုင်ရင်း အောက်ခြေလူများ၏ ကိစ္စအမျိုးမျိုး လာရောက်အစီရင်ခံတင်ပြသည်ကို နားထောင်နေသည်။ လူတိုင်း အစီရင်ခံပြီးနောက်တွင် သူ မေးမြန်းလိုက်၏။
“ဒီနေ့ ယန်အာတို့ ဘယ်သွားကြလဲ”
“သခင်မလေးက ဧည့်သည်ခြံဝင်းကနေ ထွက်သွားတဲ့ အရိပ်အယောင် မတွေ့ရပါဘူး။ ဒါပေမဲ့ သူ့ တပည့်အချို့က စံအိမ်ထဲမှာ သွားလာလှုပ်ရှားနေတာကိုတော့ တွေ့ရပါတယ်”
ပင်းအောက်ကူ နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်သည်။
“သူတို့ သိုင်းကွင်းပြင်ကို သွားကြလား”
“မသွားပါဘူး။ သူတို့အားလုံး ကျွန်မတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ထဲက ရှုခင်းနေရာတွေကို လိုက်ကြည့်နေကြတာပါ”
ပြောပြီးနောက် ထိုမိန်းကလေးသည် စံအိမ်သခင်၏ မျက်နှာရိပ်မျက်နှာကဲကို သတိကြီးစွာ လှမ်းကြည့်ရန် မမေ့လျော့ပေ။
စံအိမ်သခင် မျက်နှာထား ပြောင်းလဲခြင်းမရှိသည်ကို မြင်မှသာ သူမ နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။
“သွားလို့ရပြီ”
ပင်းအောက်ကူက တိုးတိုးလေး ပြောလိုက်၏။
“ဟုတ်ကဲ့ပါ”
ပြန်ဖြေပြီးနောက် ထိုမိန်းကလေးသည် ပင်မခန်းမဆောင်မှ ထွက်ခွာသွားသည်။
ပင်းအောက်ကူ၏ အကြည့်သည် လူအုပ်ကြီးအပေါ်သို့ ကျရောက်သွား၏။
“အားလုံးပဲ မင်းတို့အားလုံး မင်းတို့မိသားစုက တပည့်တွေကို ယန်အာ့ဆီမှာ ပညာသင်ဖို့ စေလွှတ်ချင်ကြတယ်ဆိုတာ ငါသိတယ်။ မင်းတို့ထဲက ဘယ်သူမှာ အစီအစဉ် ရှိကြလဲ”
ဤစကားကို ကြားသောအခါ အကြီးအကဲအားလုံး နှုတ်ဆိတ်သွားကြတော့သည်။
သူတို့ စိတ်ထဲတွင် တွေးမိသွား၏။
‘မင်းသာ အဲ့အချိန်က ကိုယ်လုပ်တော်ကို မြှောက်စားပြီး ဇနီးသည်ကို နှိပ်ကွပ်မခဲ့ရင် ငါတို့ အခုလို ဒုက္ခခံပြီး မိသားစုက မျိုးဆက်သစ်တွေကို ပင်းယန်ဆီ တစ်ယောက်ပြီးတစ်ယောက် သွားပြပြီး အစစ်ဆေးခံခိုင်းစရာ မလိုဘူး’
‘အခု ငါတို့ လူလွှတ်ချင်ရင်တောင် အခွင့်အရေး မရှိတော့ဘူး။ ငါတို့ သိက္ခာအကျခံပြီး သွားရင်တောင် ပင်းယန်ကို တွေ့ခွင့်ရချင်မှ ရမှာ’
အကြီးအကဲများသည် မနေ့က ဖြစ်ပျက်ခဲ့သောအရာများကို ကောင်းစွာ သိရှိထားကြ၏။
ရုတ်တရက် အကြီးအကဲတစ်ဦး ထုတ်ပြောလာသည်။
“စံအိမ်သခင် ကျွန်တော်တို့အနေနဲ့ အာရုံစိုက်မှုကို ယန်အာ့ဆီမှာပဲ ပုံအောထားဖို့ မလိုဘူး ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မဟာပဏ္ဍိတမိုးမြေ တပည့်တွေကလည်း ဝမ်တောက်ကျောင်းတော်ရဲ့ အကြီးအကဲတွေပဲလေ။ သူ့မြေးတပည့် ဖြစ်လာနိုင်ရင် နောင်မှာ မြို့စား ဖြစ်လာဖို့ မခက်ခဲပါဘူး။ မဟာပဏ္ဍိတဖြစ်လာဖို့ ဆိုတာကတော့ ကလေးတွေအတွက် သိပ်ပြီး ဝေးကွာလွန်းပါသေးတယ်”
“ကျိုးကြောင်းဆီလျော်တယ်”
ပင်းအောက်ကူ ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင်တော့... မင်းတို့အနေနဲ့ သူ့တပည့်အချို့နဲ့ ကောင်းကောင်းမွန်မွန် ဆက်သွယ်ဖို့ ကြိုးစားကြည့်လိုက်ပေါ့”
အစည်းအဝေးက ရုတ်တရက် ပြီးဆုံးသွားသည်။ အကြီးအကဲများ ပင်မခန်းမဆောင်မှ ထွက်ခွာသွားပြီးနောက် သူတို့အချင်းချင်း တိုးတိုးတိုးတိုးဖြင့်ပြောဆိုလာကြ၏။
“ကိုးယောက်မြောက်ဦးလေး၊ ဦးလေးက ယန်အာ ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့တာပဲ။ ကျွန်တော်တို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရဲ့ ဆက်ဆံရေးအရဆိုရင် ဦးလေးနဲ့ ယန်အာ့ရဲ့ ဆက်ဆံရေးက အကောင်းဆုံးပဲ။ မျိုးနွယ်စုထဲက မျိုးဆက်သစ်တစ်ယောက်ကို အဲဒီကို စေလွှတ်ဖို့ စဉ်းစားဖူးလား”
အကြီးအကဲတစ်ဦး ပြုံးလျက် မေးလိုက်သည်။
ကိုးယောက်မြောက်ဦးလေး သူ့ကို အထင်မြင်သေးသော အကြည့်ဖြင့် ကြည့်လိုက်၏။
“ပင်းအောက်ရှင်း မင်း ဒီအဘိုးကြီးကို ယန်အာ့ရဲ့ တပည့်တွေဆီ သွားပြီး သူတို့ တပည့်လက်ခံသလားလို့ မေးခိုင်းချင်တာ မဟုတ်လား”
“ဟဲဟဲ”
ပင်းအောက်ရှင်း ရယ်မောလိုက်သည်။
“ကိုးယောက်မြောက်ဦးလေး ကျွန်တော့်ကို အသိဆုံးပဲ။ ဒါပေမဲ့ ကျွန်တော်နဲ့ ဝမ်းကွဲအစ်မယန်ရဲ့ ဆက်ဆံရေးက သာမန်ပဲလေ။ တကယ်လို့ ကျွန်တော် သွားလည်ရင် ကျွန်တော့်ကံကြမ္မာက ရှောင်ဖုန်းထက်တောင် ပိုဆိုးသွားနိုင်တယ်”
“ဒီအဘိုးကြီးရဲ့ မျိုးဆက်သစ်တွေက သာမာန်အရည်အချင်းပဲ ရှိတာ။ ယန်အာ့ရဲ့ မျက်စိကို ညစ်ပတ် မခံနိုင်ဘူး။ မင်းတို့ တပည့်တွေကို စေလွှတ်ချင်ရင် မင်းတို့ကိုယ်တိုင်ပဲ သွားကြ”
ကိုးယောက်မြောက်ဦးလေး ထိုစကားပြောပြီးနောက် မာန်ပါပါဖြင့် ထွက်ခွာသွားခဲ့ရာ ပင်းအောက်ရှင်း စိတ်ပျက်လက်ပျက်ဖြစ်၍ ကျန်ရစ်ခဲ့တော့သည်။ သူ ကိုးယောက်မြောက်ဦးလေး၏ နောက်ကျောကို ကြည့်ကာ စိတ်ထဲတွင် တွေးလိုက်လေ၏။
‘သောက်ရူးအဘိုးကြီး ငါ့ကို ဒီအကူအညီလေးတောင် မပေးဘူး။ တခြားနည်းလမ်း မရှိတော့ဘူးလို့ မယုံကြည်ဘူး’
ပင်းမိသားစု၏ မျိုးဆက်သစ်များသည် သိုင်းသင်တန်းကွင်းပြင်တွင် ညနေမိုးချုပ်သည်အထိ လေ့ကျင့်နေခဲ့ကြသည်။
ဝမ်တောက်ကျောင်းတော်မှ လူများကို မတွေ့လိုက်ရသဖြင့် သူတို့ မကျေမနပ်ဖြစ်လျက် ခြံဝင်းအသီးသီးသို့ တစ်ယောက်ပြီးတစ်ယောက် ပြန်သွား၏။
လေပန်းခြံဝင်း
ပင်းယုရှု ယနေ့ ဒေါသအိုးပေါက်နေသည်။ သူမသည် သိုင်းကွင်းပြင်တွင် တစ်နေ့ကုန် လက်များ နာကျင်ကိုက်ခဲသည်အထိ လေ့ကျင့်ခဲ့ရသော်လည်း ဝမ်တောက်ကျောင်းတော်မှ သူများ ရောက်မလာသေးဘဲ မနက်ဖြန်မှ ရောက်လာမည်ဖြစ်၍ သူမ စောစောထရမည်ဟုသာ အပြောခံခဲ့ရ၏။
ဤသည်ကို တွေးမိသောအခါ သူမ ဒေါသသည် ထွက်ပေါက်မရှိသလိုပင် ဖြစ်နေတော့သည်။ သူမ အဆောင်ထဲသို့ ဝင်လိုက်သည်နှင့် နိမ့်ကျသောအစေခံ ပင်းယာကို မြင်မြင်ချင်း ရှေ့သို့ တက်ကာ ပစ်ကန်လိုက်သည်။
“နိမ့်ကျတဲ့ အစေခံ နင့်ကို ဘယ်သူက လမ်းပိတ်ခိုင်းလို့လဲ”
ပင်းယာ ပြန်မပြောရဲချေ။ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကဲ့သို့ အဆင့်အတန်း ခွဲခြားမှု ပြင်းထန်သောနေရာမျိုးတွင် သခင်ဖြစ်သူ၏ စကားတစ်ခွန်းတည်းဖြင့် သူတို့ကဲ့သို့သော အစေခံများ၏ အသက်ကို ယူနိုင်သည်။
သူမ အမေသည် ဘာအပြစ်မှ မလုပ်ခဲ့ဘဲ စံအိမ်သခင်ငယ်ရွယ်စဉ်က မူးယစ်နေတုန်း အတင်းအဓမ္မ ပြုကျင့်ခြင်းကို ခံခဲ့ရ၏။
သို့သော် သူမကို မွေးဖွားပြီးနောက်တွင် သခင်မလေး၏ ကွပ်မျက်ခြင်းကို ခံခဲ့ရသည်။ အကယ်၍ သူမ သွေးကြောထဲတွင် ပင်းမိသားစု၏ သွေးများသာ စီးဆင်းမနေပါက သူမလည်း ရှင်သန်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ပိုမို၍ သန်မာလာပြီး ဤနေရာမှ ထွက်ခွာသွားရန် ဟူသော အတွေးမှာ သူမ နှလုံးသားတွင် အမြစ်တွယ်နေခဲ့ခြင်း ဖြစ်၏
“ဒီအစေခံ အမှားကို သိပါပြီ။ သခင်မလေး ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”
“ဟွန့်”
ပင်းယုရှု နှာခေါင်းရှုပ်ကာ ဒေါသ မပြေနိုင်သေးဟန်ဖြင့် အစေခံတစ်ဦးကို ပြောလိုက်သည်။
“ငါ့ရဲ့ နှင်တံကို ယူခဲ့စမ်း”
“ဟုတ်ကဲ့ပါ”
အစေခံမိန်းကလေးတစ်ဦး နှင်တံကို အလျင်အမြန် ကမ်းပေးလိုက်၏။
ဖြန်း... ဖြန်း... ဖြန်း...
မကြာမီမှာပင် နှင်တံဖြင့် ရိုက်နှက်သံများ ခြံဝင်းတစ်ခုလုံးတွင် ပျံ့လွင့်သွားတော့သည်။
အချိန်အတော်ကြာပြီးနောက် ပင်းရှောင်ဖုန်း ထွက်လာ၏။ ဤမြင်ကွင်းကို မြင်သော် သူ သမီးဖြစ်သူကို မတားဆီးသည့်အပြင် ပြုံးလျက် မေးလိုက်သည်။
“ယုရှု. ဒီနိမ့်ကျတဲ့ အစေခံက သမီးစိတ်ဆိုးအောင် ဘာလုပ်ပြန်ပြီလဲ”
ပင်းယုရှု
“ဒီကောင်မက ဒီမနက် သမီးရဲ့ ဆံပင်ကို မဖြီးပေးသလို ရေမချိုးပေးလို့ သမီး သိုင်းကွင်းပြင်ကို သွားဖို့ နောက်ကျသွားတာ။ အဲဒါကြောင့် သမီး ဝမ်တောက်ကျောင်းတော်က လူတွေနဲ့ မတွေ့ခဲ့ရတော့ သူတို့တပည့်မဖြစ်ခဲ့ရတာလေ။ ဒါကြောင့်မလို့ သမီး ဒီအစေခံမကို အပြစ်ပေးနေတာ”
ပင်းရှောင်ဖုန်း ပြုံးလျက် ပြောသည်။
“ဒါဆိုလည်း ယုရှု သမီးဒေါသပြေအောင် သူ့ကို နောက်ထပ် အချက်အနည်းငယ်လောက် ထပ်ရိုက်လိုက်ဦး။ သမီး စိတ်ပူစရာမလိုပါဘူး။ လာမဲ့ရက်တွေအတွင်း သူတို့နဲ့ တွေ့ဖို့ အခွင့်အရေးတွေ ရှိပါသေးတယ်။ အဲဒီအချိန်ကျမှ ကောင်းကောင်း အစွမ်းပြလိုက်ပေါ့”
မြေပြင်ပေါ်တွင် ဒူးထောက်နေသော ပင်းယာသည် ဤစကားများကို ကြားရသောအခါ မျှော်လင့်ချက်အရှိန်အဝါတစ်ခု သူမ၏ ခြောက်ကပ်နေသော မျက်လုံးများထဲတွင် ပေါ်လာသည်။ အတွေးတစ်ခု သူမ စိတ်ထဲတွင် ပေါ်လာ၏။
‘ဒီမနက် ငါ ကြုံခဲ့ရတဲ့ ပုဂ္ဂိုလ်က ဝမ်တောက်ကျောင်းတော်က သူတွေ ဖြစ်နေမလား’
ဤမြင်ကွင်းတစ်ခုလုံးကို ဧည့်သည်ခြံဝင်းအတွင်းရှိ ချူဖုန်းနှင့် ပင်းယန်တို့ အကုန်မြင်တွေ့လိုက်ကြ၏။
အခန်း (၄၇၆)
ဘုန်း
ဧည့်သည်ခြံဝင်းအတွင်း၌ ပင်းယန် သူမ လက်ထဲရှိ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်ပြီး သူမမျက်နှာက ကြောက်မက်ဖွယ်ကောင်းလောက်အောင် မှောင်မည်းနေသည်။
“ပင်းရှောင်ဖုန်းက အဖေတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး၊၊ ပြီးတော့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရဲ့ အနာဂတ်စံအိမ်သခင် ဖြစ်လာဖို့ဆိုတာ ပိုတောင် အရည်အချင်း မမီသေးတယ်”
ချူဖုန်း သူ့လက်ထဲရှိ ဝိုင်ခွက်ကို ကစားနေသည်။ သူ ရွှံ့နွံထဲတွင် ရုန်းကန်နေရသူတိုင်းကို ကူညီပေးမည့် သူတော်စင်တစ်ပါး မဟုတ်ပေ။ အကယ်၍ ပင်းယန် ထိုကောင်မလေးကို သဘောမကျပါက သူက သူမကို ဒုတိယအကြိမ် ပြန်ကြည့်မိမည်ပင် မဟုတ်ပေ။
“ဒါဆိုရင်လည်း အဲဒီကောင်မလေးကို ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရဲ့ အနာဂတ်စံအိမ်သခင် ဖြစ်လာဖို့အတွက် ပြုစုပျိုးထောင်ပေးလိုက်လေ၊၊ တစ်ချိန်က သူတို့ အထင်အမြင်သေးခဲ့တဲ့ အစေခံတစ်ယောက် နင်းချေတာကို ခံရတဲ့ ခံစားချက်က သူတို့ကို သတ်ပစ်လိုက်တာထက် ပိုပြီး နာကျင်ရမှာ သေချာတယ်”
၎င်းကို ကြားသောအခါ အနီးရှိ မဟာပဏ္ဍိတရွှေတောင်ပံ လေအေးတစ်ဆုပ် ရှူသွင်းလိုက်မိသည်။
သူ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“အစ်ကိုကြီး ခင်ဗျား ဒီလောက်တောင် အကြံကြီးလိမ့်မယ်လို့ မထင်ထားဘူး”
ချူဖုန်း ပြုံးကာ ပြောလိုက်သည်။
“ငါ ယန်အာကို ထွက်ပေါက် ရှာပေးနေရုံပါ။ ယန်အာကသာ သူတို့ကို သတ်ဖို့ ဆန္ဒမရှိဘူးဆိုရင် ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကကောင်တွေ အခုချိန်ထိ အေးအေးချမ်းချမ်း အသက်ရှင်နေနိုင်ဦးမယ်လို့ မင်း ထင်နေတာလား”
ပင်းယန် ခေါင်းညိတ်လိုက်သည်။
“ရှင်ပြောတာ ယုတ္တိရှိတယ်။ ဒါပေမဲ့ ဒီညတော့ အဲဒီကောင်မလေးရဲ့ အိပ်မက်တွေကို ကျွန်မ စောင့်ကြည့်ရဦးမယ်”
ချူဖုန်း သူမကို မတားဆီးပေ။
“အကုန်လုံး မင်းသဘောပါပဲ”
မကြာမီ ညအချိန်သို့ ရောက်ရှိလာ၏။
ပင်းယာ အိပ်မပျော်သဖြင့် ကျင့်ကြံရန် အပြင်သို့ တိတ်တဆိတ် ထွက်ပြေးသွားသည်။ သူမ ကျင့်ကြံခြင်း၌ နက်ရှိုင်းစွာ အာရုံစိုက်နေချိန်မှာပင် ဇီသာသံတစ်သံကို ရုတ်တရက် ကြားလိုက်ရ၏။
ဇီသာသံ ရောက်ရှိလာသည်နှင့် ပင်းယာ ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရပြီး နှင်းများထဲတွင် ဘုန်းခနဲ အိပ်ပျော်သွားခဲ့သည်။
မနီးမဝေးတွင် ချင်းချင်း တေးသွားတစ်ခုကို တီးခတ်နေပြီး သူမရှေ့ရှိ ကောင်မလေးကို ကလေးဘဝ အိပ်မက်ထဲသို့ ခေါ်ဆောင်သွား၏။
အချိန်ခဏအကြာတွင် ပင်းယာ မျက်နှာပေါ်၌ နာကျင်သော အမူအရာတစ်ခု ပေါ်လာပြီး သူမ ဆက်တိုက် အော်ဟစ်နေတော့သည်။
“ဟင့်အင်း အမေ့ကို ခေါ်မသွားပါနဲ့၊၊ သမီးက တရားမဝင်ကလေး မဟုတ်ပါဘူး”
ချင်းချင်း ထိုအသံထံမှ သက်ရောက်မှုမရှိချေ။ ယင်းအစား သူမ ဆရာကတော်ကို ကြည့်လိုက်၏။
ပင်းယန် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီးနောက် ချင်းချင်း ကောင်မလေး၏အိပ်မက်ကို ပြောင်းလဲလိုက်သည်။
ဤအချိန်တွင် ပင်းယာသည် သူမ ထိုစီနီယာနှစ်ဦးနှင့် တွေ့ဆုံခဲ့သည့် မနက်ခင်းအချိန်သို့ ပြန်ရောက်သွားသည်။ သူမ သူတို့နှင့် လမ်းခွဲတော့မည့် အချိန်လေးမှာပင်။
တစ်ဖက်လူ ရုတ်တရက် စကားပြောလာသည်။ “မနက်ဖြန် သိုင်းလေ့ကျင့်ရေးကွင်းကို သွားပါ။ ပြင်းထန်အေးခဲတောင်တန်းစံအိမ်က လူတိုင်းရှေ့မှာ မင်းကို ငါ့တပည့်အဖြစ် လက်ခံမယ်”
စကားသံအဆုံးတွင် ပင်းယာသည် စီနီယာ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။ သူမ မျက်လုံးများကို ဖွင့်လိုက်သောအခါ ပတ်ဝန်းကျင်၌ ဘာမှမရှိသည်ကို တွေ့လိုက်ရပြီး မသေချာမရေရာမှု အချို့ဖြင့် တီးတိုးရေရွတ်လိုက်သည်။
“ခုန ဖြစ်သွားတာတွေက တကယ်ကြီးလား”
သူမ သံသယအပြည့်ဖြင့် အနားယူရန် လေပန်းခြံဝင်း၏ ထင်းတဲခန်းဆီသို့ ပြန်သွားလိုက်၏။
အခြားသော တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် မတူဘဲ လေပန်းခြံဝင်းတွင် သူမ အဆင့်အတန်းက အလွန်နိမ့်ကျကာ ထင်းတဲအခန်းထဲတွင်သာ နေထိုင်နိုင်သည်။ စံအိမ်သခင်လေးနှင့် သူ့ဇနီးက ၎င်းမှာ သူမ စိတ်နှင့် ဆန္ဒကို လေ့ကျင့်ပေးရန်ဖြစ်သည်ဟုပင် ပြောထားကြသည်။
အစပိုင်းတွင် ပင်းယာ ၎င်းကို ယုံကြည်မိ၏။ သို့သော် ကျင့်ကြံသူများအပေါ် သူမ နားလည်မှုများ ကြီးထွားလာသည်နှင့် စံအိမ်သခင်လေး ပြောသမျှအရာအားလုံး သူမကို လှည့်စားရန် လိမ်ညာမှုတစ်ခုသာ ဖြစ်ကြောင်း သိရှိလာသည်။ သူ့လိမ်ညာမှုများကို သိမြင်ပြီးနောက်မှသာ ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ ထွက်ခွာလိုသော ဆန္ဒများ သူမထံတွင် အမှန်တကယ် ဖြစ်ပေါ်လာတော့၏။
ထိုညတွင် ပင်းယာ လုံးဝ အိပ်မပျော်နိုင်ပေ။ သူမ မိုးလင်းလာမည့်အချိန်ကို စောင့်ဆိုင်းရင်း အချိန်များကို စတင်ရေတွက်နေခဲ့သည်။
အကြောင်းပြချက်တစ်ချို့ကြောင့် ညတာသည် ပင်းယာအတွက် ဖြတ်သန်းရန် အထူးပင် ခက်ခဲနေသည်။
ကံကောင်းထောက်မစွာ နောက်ဆုံးတွင် အရုဏ်တက်ချိန်သို့ ရောက်ရှိလာ၏။ ပင်းယာ အချိန်မဆွဲရဲ သခင်မလေး အခန်းအပြင်ဘက်တွင် စောင့်ဆိုင်းရန် စောစောစီးစီး ရောက်လာသည်။
မကြာမီ အခန်းတွင်းမှ ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“အစေခံမ အထဲဝင်လာပြီး ငါ့ကို အဝတ်အစား လာဝတ်ပေးစမ်း”
“ဟုတ်ကဲ့ပါ သခင်မလေး”
ပင်းယာ ခေါင်းငုံ့ကာ အခန်းထဲသို့ ဝင်သွားပြီး သခင်မလေးကို ပုံမှန်အတိုင်း ခေါင်းဖြီးပေးကာ အဝတ်အစား ဝတ်ဆင်ပေးသည်။
နာရီဝက်အကြာတွင် ပင်းယုရှူ မှန်ထဲရှိ လှပပြီး ဆွဲဆောင်မှုရှိသော ပုံရိပ်ကို ကြည့်လိုက်ရင်း သူမ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။
“ဒီနေ့ ဒီသခင်မလေး တောက်ပပြပြီး ဝမ်တောက်ကျောင်းတော်က အကြီးအကဲတွေ သတိထားမိတာကို ခံရလိမ့်မယ်။ ငါ့ကို သဘောမကျရင်တောင်မှ သူတို့တပည့်တစ်ယောက်ယောက် သတိထားမိတာကို ခံရရင်လည်း ကောင်းတယ်”
ပင်းမိသားစု၏ မျိုးဆက်သစ်လူငယ်များထဲတွင် သူမ ပါရမီက သာမန်သာဖြစ်ပြီး ယနေ့အချိန်အထိ အဆင့်အနိမ့်ဆုံး အမွေခံခန္ဓာကိုယ်တစ်ခုကိုသာ နိုးထထားသည်။ သူမ မိဘများ၊ အဘိုးနှင့် အဘွားတို့၏ အလိုလိုက်မှုကြောင့်သာ မဟုတ်ပါက သူမတွင် လက်ရှိအဆင့်အတန်းမျိုး ရှိနေမည်မဟုတ်ပေ။
သူမအတွက် သင့်လျော်သော ခင်ပွန်းတစ်ဦးကို ရှာဖွေခြင်းက အရေးကြီးဆုံး ကိစ္စပင်ဖြစ်သည်။
“သခင်မလေး ဝမ်တောက်ကျောင်းတော်က သူတွေရဲ့ သတိထားမိတာကို သေချာပေါက် ခံရမှာပါ”
ပင်းယာ သူမကို မြှောက်ပင့်ပေးလိုက်သည်။ မနေ့ညက အိပ်မက်ထဲတွင် သူမ ဆရာအသံကို ကြားလိုက်သော်လည်း သိုင်းလေ့ကျင့်ရေးကွင်းသို့ သွားရန် သခင်မလေး၏ ခွင့်ပြုချက် လိုအပ်နေသည်။
ပင်းယုရှူ ပြုံးလျက် ပြောလိုက်သည်။
“နင်လို အဆင့်နိမ့်တဲ့ အစေခံမက နားထောင်လို့ကောင်းတဲ့ စကားတွေ ပြောတတ်နေပြီပဲ။ ဒီနေ့ ဒီသခင်မလေး စိတ်အခြေအနေ ကောင်းနေလို့ နင့်ကို ငါ့ရဲ့ဓားကိုင်အစေခံအဖြစ် လိုက်ခွင့်ပြုမယ်”
“ကျေးဇူးတင်ပါတယ် သခင်မလေး”
၎င်းကို ကြားသောအခါ ပင်းယာ စိတ်လှုပ်ရှားသွားသည်။
မကြာမီ သူမ ပင်းယုရှူနောက်မှ သိုင်းလေ့ကျင့်ရေးကွင်းဆီသို့ လိုက်ပါသွားသည်။
သူတို့ ရောက်ရှိသွားသောအခါ ထိုနေရာတွင် လူများ ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည်။ ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ လူငယ်တပည့်များအပြင် မျိုးဆက်ဟောင်းကြီးကြပ်သူများနှင့် အကြီးအကဲများပင် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနေကြ၏။
၎င်းကို မြင်သောအခါ ပင်းယုရှူ ချက်ချင်း ပြောလိုက်သည်။
“အဆင့်နိမ့်မ ရှေ့မှာ ဘာတွေဖြစ်နေလဲ သွားကြည့်ချေ၊ ဘာလို့ လူတိုင်း မကျင့်ကြံဘဲ ဒီမှာ လာစုနေကြတာလဲ”
“ဟုတ်ကဲ့ပါ သခင်မလေး”
ပြန်ဖြေပြီးနောက် ပင်းယာ လူအုပ်ထဲသို့ အလျင်အမြန် တိုးဝင်သွားသည်။ ကံကောင်းထောက်မစွာ တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သောကြောင့် သူမက အရှေ့ဆုံးသို့ အဆင်ပြေချောမွေ့စွာ တိုးဝင်သွားနိုင်လိုက်၏။ ကျောင်းတော်သားတစ်ဦးနှင့်တူသော ကျင့်ကြံသူတစ်ဦး လူငယ်ကျင့်ကြံသူ အနည်းငယ်ကို လေ့ကျင့်မှု၌ လမ်းညွှန်ပြသနေသည်ကို သူမ တွေ့လိုက်ရသည်။
သူ ဝတ်ဆင်ထားသော အဝတ်အစားများက ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ မဟုတ်သော်လည်း သူ့ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါက ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ တပည့်များ နှိုင်းယှဉ်၍မရနိုင်ပေ။
သူ့အဝတ်အစားကို တိတ်တဆိတ် မှတ်သားပြီးနောက် သူမ လူအုပ်ထဲမှ အပြင်သို့ ပြန်ထွက်လာရန် အားအင်များစွာ စိုက်ထုတ်လိုက်ရသည်။
ပင်းယုရှူကို မြင်သည်နှင့် ပင်းယာ ပြောလိုက်၏။
“သခင်မလေး အထဲမှာ လူငယ်တွေကို ဟောပြောပို့ချနေတဲ့ ကျောင်းတော်သားတစ်ယောက် ရှိတယ်။ သူတို့အားလုံး တခြားအင်အားစုတွေဆီက အဝတ်အစားတွေကို ဝတ်ထားကြပြီး ဟောပြောပို့ချနေတဲ့သူက”
“အဲဒါ ဝမ်တောက်ကျောင်းတော်က အကြီးအကဲတစ်ယောက်ရဲ့ ဝတ်စုံပဲ။ နင် သူ့ကို ကျောင်းတော်သားပုံစံလို့ ပြောနေမှတော့ သူက အဒေါ်ကြီးရဲ့ တပည့် ဖြစ်ဖို့များတယ်”
ပင်းယုရှူ ပြောနေရင်း သူမ မျက်နှာပေါ်၌ ယုံကြည်မှုရှိသော အပြုံးတစ်ခု ပေါ်လာသည်။
“ဝမ်တောက်ကျောင်းတော်က အဲဒီအကြီးအကဲရဲ့ ရုပ်ရည် ဘယ်လိုနေမလဲဆိုတာကိုပဲ သိချင်တယ်။ တကယ်လို့ သူ ချောမော ခန့်ညားနေမယ်ဆိုရင် ငါ့အတွက် အောင်သွယ်ပေးဖို့ အဒေါ်ကြီးကို အကူအညီ တောင်းလို့ ရနိုင်တယ်”
ပင်းယာ တိတ်ဆိတ်စွာ နေရန် ရွေးချယ်လိုက်ပြီး ဘာမျှမပြောခဲ့ပေ။
“သွားကြစို့။ အဲဒီအကြီးအကဲ ဘယ်လိုပုံစံ ရှိလဲဆိုတာ သွားကြည့်ရအောင်”
ပင်းယုရှူ စကားပြောရင်း လူအုပ်ဆီသို့ လျှောက်သွားပြီး ပင်းယာကလည်း ဘေးမှနေ၍ အော်ဟစ်လိုက်သည်။ “သခင်မလေး ယုရှူ ရောက်လာပြီ။လမ်းဖယ်ပေးကြစမ်း”
၎င်းကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ တပည့်များ လမ်းဖယ်ပေးလိုက်ကြသည်။ သူတို့သည် ဘိုးဘေးပေါက်စလေးကို မစော်ကားရဲကြပေ။
မကြာမီ အဖွဲ့က လူအုပ်ကို ဖြတ်ကျော်သွားပြီး သိုင်းလေ့ကျင့်ရေးကွင်းဘေးသို့ ရောက်ရှိသွား၏။
ပင်းယုရှူ ဝမ်တောက်ကျောင်းတော်မှ အကြီးအကဲဝတ်ရုံကို ဝတ်ဆင်ထားသည့် သိမ်မွေ့ပြီး ကြော့ရှင်းသော လူငယ်လေးကို ကြည့်လိုက်ရင်း သူမ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု တောက်ပသွားသည်။
“ဒီနေ့အတွက် ဟောပြောပို့ချမှုက ဒီမှာတင် ပြီးဆုံးပါပြီ”
သိုင်းလေ့ကျင့်ရေးကွင်းတွင် ရွှီချိုက်ချန်၏အသံက မကျယ်လောင်သော်လည်း လူတိုင်း ၎င်းကို ကြားလိုက်ရသည်။
ဖျာကြမ်းများပေါ်တွင် ထိုင်နေသော တပည့်နှစ်ဦး မတ်တပ်ရပ်ပြီး လေးစားစွာ ပြောလိုက်သည်။
“သင်ခန်းစာအတွက် ကျေးဇူးတင်ပါတယ် ဆရာ”
ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ လူအုပ်ထဲတွင် လူအများအပြား နှမြောတသဖြစ်နေသည့် အမူအရာများကို ဖော်ပြနေကြသော်လည်း သူ့ကို အနှောင့်အယှက်ပေးရန် ရှေ့သို့ မထွက်ရဲကြပေ။
သူ အကြည့်ခံနေရသည်ကို မြင်သောအခါ ရွှီချိုက်ချန် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ကျုပ်တို့ ကျင့်ကြံခြင်းက ပြီးဆုံးသွားပါပြီ။ ကျေးဇူးပြုပြီး ခင်ဗျားတို့ သဘောအတိုင်း လုပ်ကြပါ”
ထို့နောက် သူ သိုင်းလေ့ကျင့်ရေးကွင်းဘေးရှိ စင်မြင့်တစ်ခုပေါ်သို့ ပျံတက်သွားပြီး တင်ပျဉ်ခွေထိုင်ကာ သူ့ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်လိုက်သည်။
ဤမြင်ကွင်းကို မြင်သောအခါ ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ တပည့်များ စိတ်လှုပ်ရှားသွားသည်။
ဝမ်တောက်ကျောင်းတော်မှ ဆရာသခင်ကြီးသည် ယနေ့ တပည့်လက်ခံရန် ဤနေရာသို့ ရောက်ရှိနေခြင်းပင် ဖြစ်သည်။
သူတို့ စွမ်းဆောင်ရည်ကောင်းမွန်စေရမည်ဟု တိတ်တဆိတ် ဆုံးဖြတ်လိုက်ကြသည်။