အခန်း (၄၇၇-၄၇၈)
Vol. 48 Ch. 477-478
အခန်း (၄၇၇)
“စံအိမ်သခင် ဝမ်တောက်ကျောင်းတော်က အကြီးအကဲရွှီ သိုင်းလေ့ကျင့်ရေးကွင်းမှာ ရောက်နေပြီး တပည့်တွေ ကျင့်ကြံနေတာကို စောင့်ကြည့်နေပါတယ်”
“ဆက်ကြည့်ထား”
“ဟုတ်ကဲ့ပါ”
“စံအိမ်သခင် ဝမ်တောက်ကျောင်းတော်က အကြီးအကဲချင်းကလည်း သိုင်းလေ့ကျင့်ရေးကွင်းမှာ ပေါ်လာပါတယ်”
“ဆက်ကြည့်ထား”
“ဟုတ်ကဲ့”
ပြင်းထန်အေးခဲတောင်တန်းစံအိမ် ပင်မခန်းမဆောင်အတွင်း၌
အဆင့်မြင့်အရာရှိများသည် သူတို့လက်အောက်ငယ်သားများထံမှ သတင်းကောင်းများကို ကြားသောအခါ အားလုံး တက်ကြွသွား၏။
အကြီးအကဲတစ်ဦးက မေးလိုက်သည်။
“စံအိမ်သခင် ဒီတပည့်တွေအပေါ်မှာ ကျွန်တော်တို့ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရဲ့ လေးစားမှုကို ပြသဖို့ အဲဒီကို သွားသင့်သလား”
ပတ်ဝန်းကျင်ရှိ အကြီးအကဲများကလည်း ဝင်ပြောကြ၏။
“အမှန်ပဲ။ ဝမ်တောက်ကျောင်းတော်က တပည့်တွေတောင် သောင်းပြောင်းပညာရပ်ဌာနကို ဝင်ခွင့်ရတာကို ဂုဏ်ယူစရာတစ်ခုအဖြစ် မှတ်ယူထားကြတာ၊၊ ငါတို့ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကလည်း အဲဒီတပည့်တွေအပေါ်မှာ လေးစားမှု တစ်ချို့ ပြသသင့်တယ်”
“ကောင်းပါပြီ”
ပင်းအောက်ကူက ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် အတူတူ သွားကြတာပေါ့”
ခဏအကြာတွင် ပင်းအောက်ကူနှင့် သူ့အဖွဲ့ သိုင်းလေ့ကျင့်ရေးကွင်းအပြင်ဘက်သို့ ရောက်ရှိလာကြ၏။ သူတို့ တပည့်များ၏ လေ့ကျင့်မှုကို မနှောင့်ယှက်ဘဲ ဘေးတွင် ရပ်ကာ စောင့်ကြည့်နေသည်။
မည်သို့ပင်ဖြစ်စေ ဤကလေးများ သူတို့ပါရမီများကို ပြသသည်ကို မြင်တွေ့ရရန် အခွင့်အရေး ရှားပါး၏။
မကြာမီ ပင်းအောက်ကူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ပင်းမိသားစု၏ မျိုးဆက်သစ်လူငယ်များထဲမှ ဧကရာဇ်ခန္ဓာပိုင်ရှင် သူ့အဖိုးတန်မြေးလေး ပင်းချီလင်ကို သူ မတွေ့ရပေ။
သူ သူ့လူယုံကို အနားသို့ခေါ်ကာ တီးတိုးမေးလိုက်သည်။
“ချီလင်လေးရော ဘယ်မှာလဲ”
ပင်းချီလင်သည် မွေးရာပါ ကျောက်စိမ်းလင်းခန္ဓာကိုယ်နှင့် မွေးဖွားလာခဲ့သောကြောင့် သူ့ကို ပင်းချီလင်ဟု အထူးတလည် အမည်ပေးခြင်းဖြစ်သည်။ လူငယ်လေးသည် ပင်းမိသားစုတစ်ခုလုံးကို စိတ်ပျက်မသွားစေခဲ့ပေ။ စစ်မှန်ကံကြမ္မာအဆင့်သို့ အဆင့်တက်သွားပြီးနောက် သူ ချီလင်ဧကရာဇ်ခန္ဓာကိုယ်ကို နိုးထလာပြီး သူ့ရွယ်တူများနှင့် ကွာဟချက်ကို ချက်ချင်း ကျယ်ပြန့်သွားစေသည်။
အကယ်၍ ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ မျိုးဆက်သစ်လူငယ်များထဲတွင် ဝမ်တောက်ကျောင်းတော်သို့ ဝင်ရောက်ရန် မည်သူက အရည်အချင်းအပြည့်မီဆုံးလဲဟု မေးလျှင် ၎င်းက ပင်းချီလင်ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။ သို့သော် သူက သောင်းပြောင်းပညာရပ်ဌာနကို ဝင်ရောက်ရန် သန္နိဋ္ဌာန်ချထားသည်။ ပြီးခဲ့သည့် သောင်းပြောင်းပညာရပ်ဌာန ဝင်ခွင့်အကဲဖြတ်မှု၌ ငြင်းပယ်ခံရပြီးနောက် သူ ဝမ်တောက်ကျောင်းတော်မှ ထွက်ခွာကာ အိမ်သို့ပြန်၍ ကျင့်ကြံနေတော့၏။
လူယုံ ပြောလိုက်သည်။
“သခင်မကတော့ သခင်လေးချီလင်က တံခါးပိတ်ကျင့်ကြံနေပြီး ဝမ်တောက်ကျောင်းတော်က လူနှစ်ဦးရဲ့ အာရုံစိုက်မှုကို ရဖို့ မျှော်လင့်ချက်နဲ့ အဆင့်တက်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်”
“ဒါဆိုလည်း ပြီးတာပဲ”
ပင်းအောက်ကူ သူ့မြေးဖြစ်သူ မည်မျှ မာနကြီးကြောင်း သိထား၏။ ပြီးခဲ့သည့်တစ်ကြိမ် သောင်းပြောင်းပညာရပ်ဌာန၏ ငြင်းပယ်ခံရပြီးနောက် သူသည် သောင်းပြောင်းပညာရပ်ဌာနသို့ ဝင်ရောက်နိုင်စွမ်းရှိကြောင်း သက်သေပြရန် ယခင်ကထက် ပို၍ ကြိုးစားပမ်းစား ကျင့်ကြံသည်။
အနီးအနားရှိ အကြီးအကဲများ ဤလူငယ်များထဲမှ မည်သူက ဝမ်တောက်ကျောင်းတော်မှ အကြီးအကဲနှစ်ဦး၏ သတိထားမိခံရနိုင်ချေရှိကြောင်း စတင်ဆွေးနွေးနေကြသည်။
ချင်းချင်းနှင့် ရွှီချိုက်ချန်တို့ အကြည့်များသည် ထောင့်တစ်နေရာမှ ဓားအိမ်တစ်ခုကို ကိုင်ဆောင်ထားသည့် မိန်းမငယ်လေးတစ်ဦးအပေါ်၌ ကျရောက်နေကြောင်း သူတို့ မသိကြပေ။
ချင်းချင်းသည် ဂျူနီယာညီမလေး၏ ကံကြမ္မာကို မနေ့ညက လေ့လာကြည့်ရှုရန် အခွင့်အရေး မရခဲ့ပေ။ ယခု သေချာမြင်လိုက်ရသောအခါ သူမ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။
“ဆရာကတော် မျက်နှာသာပေးတဲ့ ကလေးလေး ပီသပါပေတယ်။ သူ သောင်းပြောင်းပညာရပ်ဌာနမှာ ကျင့်ကြံဖို့ အရည်အချင်း ပြည့်မီတယ်”
အချိန်များ ကုန်လွန်လာပြီး မွန်းတည့်ချိန်သို့ ရောက်ရှိလာ၏။
ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ တပည့်များသည် သိုင်းလေ့ကျင့်ရေးကွင်း၌ နာရီပေါင်းများစွာ ကျင့်ကြံနေကြသည်။
သာမန်နေ့တစ်နေ့ဆိုလျှင် တချို့က အနားယူရန် သေချာပေါက် ရွေးချယ်ကြမည်ဖြစ်၏။
သို့သော် သူတို့ကံကြမ္မာကို ပြောင်းလဲနိုင်သည့် အခွင့်အရေးက မျက်စိရှေ့မှောက်တွင် ရှိနေသဖြင့် လူတိုင်း သူတို့ကိုယ်သူတို့ သက်သေပြလိုသောကြောင့် တင်းကြပ်စွာ လေ့ကျင့်နေကြ၏။
သို့သော် အရာအားလုံးတွင် ချွင်းချက်များ ရှိစမြဲပင်။ ပင်းယုရှု သည်းမခံနိုင်တော့ပေ။
သူမ ချော်လဲဟန်ဆောင်ကာ အာ့ဟု အော်၍ မြေပြင်ပေါ်သို့ ထိုင်ကျသွားပြီး သနားစရာကောင်းသော အမူအရာကို ဖန်တီးကာ ရွှီချိုက်ချန်ကို မော့ကြည့်လိုက်သည်။
ဤမြင်ကွင်းက သူမပတ်ဝန်းကျင်ရှိ ပင်းမိသားစုမှ တပည့်များကို ဆွံ့အ မှင်တက်သွားစေသည်။ သူမ အဆင့်အတန်းကြောင့်သာ မဟုတ်ပါက သူတို ကျယ်လောင်စွာ ဆဲဆိုလိုက်မည်ပင်။
‘ငါတို့အားလုံး ဒီမှာ ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ ကြိုးစားနေကြတာ။ နင် ဒီလို အကွက်မျိုးကို လာလုပ်နေတယ်ပေါ့လေ။ နင် သောင်းပြောင်းပညာရပ်ဌာနကို မဝင်ချင်ဘူးလား’
မြေးမလေးကို အမြဲတမ်း အလိုလိုက်လေ့ရှိသော ပင်းအောက်ကူပင် ဤမြင်ကွင်းကို မြင်သောအခါ သူ့မျက်နှာ မှောင်မည်းသွားပြီး ကျိန်ဆဲလိုက်သည်။
“အရှက်ရစရာပဲ”
ထောင့်တစ်နေရာမှ ပင်းယာ တစ်ယောက်သာ ၎င်းကို မြင်ပြီး အလျင်အမြန် ပြေးသွားကာ ပင်းယုရှုကို ထူပေးလိုက်သည်။
“သခင်မလေး အဆင်ပြေရဲ့လား”
ဤစကားကြောင့် ပင်းယုရှု အမူအရာ ပြောင်းလဲသွားသည်။ အကြီးအကဲရွှီ ရှိနေခြင်းကြောင့်သာ မဟုတ်ပါက အခြေအနေမသိသော အစေခံမကို သူမ ပါးရိုက်လိုက်ချင်သည်။
‘ဒီသခင်မလေးက နင့်အကူအညီ လိုနေတယ်များ ထင်နေလား’
“ငါ အဆင်ပြေပါတယ်၊ ခြေကျင်းဝတ် နည်းနည်း ခေါက်သွားရုံပါ၊ နင် ပြန်ဆုတ်နေလို့ ရပြီ”
“ဟုတ်ကဲ့ပါ”
ပင်းယာ ပြန်ဖြေပြီးနောက် သူမ ဘေးသို့ ပြန်ဆုတ်သွားသည်။ ထိုစဉ် အဝေးမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“အကြီးအကဲပင်း ရောက်လာပြီ”
၎င်းကို ကြားသောအခါ လူတိုင်း ကျောက်ရုပ်ပမာ အေးခဲသွား၏။
သို့သော် မကြာမီ သူတို့မျက်နှာများတွင် အလွန်ဝမ်းမြောက်နေသော အမူအရာများ ပေါ်လာသည်။ ယခင်ကတင် နူးညံ့သိမ်မွေ့ဟန် ဆောင်နေသော ပင်းယုရှုပင် စိတ်လှုပ်ရှားလာသည်။
ပင်းမိသားစုမှ အကြီးအကဲများသည် ပို၍ပင် ရွှင်လန်းနေကြပြီး တစ်ယောက်ပြီးတစ်ယောက် စကားပြောဆိုနေကြ၏။
“ယန်အာက ပင်းမိသားစုဝင်တစ်ယောက် ဖြစ်တယ်ဆိုတာကို မမေ့သေးတဲ့ပုံပဲ။ ငါတို့အတွက် သတင်းကောင်း”
“ငါတို့ပင်းမိသားစုရဲ့ ရွေးချယ်ခံ ကလေးတွေထဲက ဘယ်သူများ ဒီတစ်ကြိမ် ယန်အာရဲ့ မျက်နှာသာပေးမှုကို ရရှိမလဲဆိုတာ သိချင်နေပြီ”
“…”
ဆွေးနွေးမှုများအကြား လူတိုင်းရှေ့တွင် စုံတွဲတစ်တွဲ ပေါ်လာခဲ့သည်။
စုံတွဲကို မြင်သောအခါ လူတိုင်း တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
“အကြီးအကဲပင်း ကျွန်တော်တို့ ဂါရဝပြုပါတယ်”
ချူဖုန်း သူ့သရုပ်မှန်ကို လျှို့ဝှက်ထားသည်။ သူ့သရုပ်မှန်ကို သိထားသူများသည် လာရောက် ဂါရဝပြုခြင်း မရှိသလို ချူဖုန်းကလည်း ၎င်းကို ဂရုမစိုက်ပေ။ သူ ယနေ့ ဤနေရာသို့ ပြဇာတ်ကို ကြည့်ရန် လာခဲ့ခြင်းဖြစ်သည်။
“ထကြပါ”
ပင်းယန် လေသံက အေးစက်နေပြီး လူတိုင်း၏ စိတ်အားထက်သန်မှုကို ရေအေးတစ်ဇလုံဖြင့် ပက်လိုက်သကဲ့သို့ ငြိမ်းသတ်ပစ်လိုက်သည်။
ထိုအခိုက် ပင်းအောက်ကူ အလွန်စိုးရိမ်ပူပန်နေသည်။ သူ့မြေးလေးချီလင်ကို တံခါးပိတ်ကျင့်ကြံခြင်းမှ ဆွဲထုတ်လာပြီး ပင်းယန် ကြည့်ရှုနိုင်ရန် သူမရှေ့သို့ ခေါ်ဆောင်လာလိုသော ဆန္ဒများ သူ့စိတ်ထဲ၌ ဖြစ်ပေါ်လာသည်။
ပင်းမိသားစု၏ အကြီးအကဲများသည် သူတို့ကိုယ်ပိုင် ရွေးချယ်ခံ ကလေးများကို ကြည့်လိုက်ကြပြီး လူငယ်များ စွမ်းဆောင်ရည်ကောင်းမွန်စေရန် သူတို့နတ်ဘုရားအာရုံများဖြင့် သတင်းစကားများ ပို့လွှတ်လိုက်ကြ၏။
လူအုပ်ထဲတွင် ပင်းယာ တစ်ယောက်သာ အလွန်စိတ်လှုပ်ရှားနေသဖြင့် သူမ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်နေသည်။ သူမ ဆရာက ဤကဲ့သို့သော နေရာမျိုးတွင် ပေါ်လာလိမ့်မည်ဟု မတွေးမိခဲ့ပေ။
‘မနေ့ညက အိပ်မက် မဟုတ်ဘူးပဲ။ နောက်ဆုံးတော့ ဒီပင်းမိသားစုဆိုတဲ့ အကျဉ်းထောင်ကနေ ငါ ထွက်ခွာလို့ ရပြီ’
ကိုးယောက်မြောက်အဘိုးလေး ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်လှမ်းပြီး လေးစားစွာ မေးလိုက်သည်။
“ယန်အာ ဒီနေ့ သမီး လာတာက ငါတို့ပင်းမိသားစုရဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ ပါရမီတွေကို လေ့လာကြည့်ရှုဖို့လား”
“မဟုတ်ဘူး”
ထို့နောက် ပင်းယန်က သူမ၏လေသံကို ပြောင်းလဲလိုက်ပြီး အာဏာအပြည့်ဖြင့် ပြောလိုက်သည်။
“ဒီနေ့ ကျွန်မ လာတာ လူတိုင်းရှေ့မှာ လူတစ်ယောက်ကို ကျွန်မရဲ့တပည့်အဖြစ် လက်ခံဖို့ပါ”
သူမ စကားများ အဆုံးတွင် လူတိုင်း တိတ်ဆိတ်သွား၏။ ဤသတင်းက ကြည်လင်နေသော ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူတိုင်းကို မှင်တက်သွားစေသည်။
ပြီးခဲ့သည့် နှစ်ရက်အတွင်း သူမ နေအိမ်မှ မထွက်ခွာသော အကြီးအကဲပင်းတွင် တပည့်လောင်း တစ်ယောက် ရှိနေပြီဟု မည်သူကမှ မထင်မှတ်ထားခဲ့ကြပေ။ ၎င်းက လုံးဝ မျှော်လင့်မထားသော ကိစ္စဖြစ်၏။
ကံကောင်းထောက်မစွာ ကိုးယောက်မြောက်အဘိုးလေး ကြီးကျယ်ခမ်းနားသော မြင်ကွင်းများကို မြင်တွေ့ဖူးသဖြင့် သူ့အာရုံများကို အလျင်အမြန် ပြန်စုစည်းလ်ိုက်နိုင်သည်။ သူ့အမြင်အရဆိုလျှင် ပင်းယန်၏တပည့်သည် ပင်းမိသားစုနှင့် သွေးကြောဆက်နွှယ်မှု ရှိနေသရွေ့ မည်သူဖြစ်စေ အရေးမကြီးပေ။
“အို ယန်အာ ငါတို့ပင်းမိသားစုရဲ့ ဘယ်တပည့်ကများ သမီးရဲ့ မျက်စိကျတာကို ခံရလဲဆိုတာ သိခွင့်ရမလား”
ပင်းယန် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ကျွန်မ ရွေးချယ်ထားတဲ့ တပည့်က လူအုပ်ထဲမှာ ရှိတယ်။ သူ့ကို ကျွန်မ လှမ်းခေါ်လိုက်မယ်”
၎င်းကို ကြားသောအခါ ကိုးယောက်မြောက် အကြီးအကဲ ချက်ချင်း ပြောလိုက်သည်။
“ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ။ ဒီအဘိုးကြီး သမီး ယန်အာ တပည့်လက်ခံမဲ့ ကိစ္စကို မနှောင့်ယှက်တော့ပါဘူး”
ထိုနေရာရှိ ပင်းမိသားစုဝင်များသည် ပင်းယန်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကြသည်။ အချို့က သူတို့နှလုံးသားထဲတွင်ပင် အော်ဟစ်နေကြသည်။
‘ငါ့ကို ရွေးပါ၊ ငါ့ကို ရွေးပါ’
ပင်းယန် ထိုနေရာရှိ တပည့်များအားလုံးကို တစ်ချက် ကြည့်ရှုစစ်ဆေးလိုက်ပြီး နောက်ဆုံးတွင် သူမ အကြည့်သည် ပင်းယာအပေါ်သို့ ရပ်တန့်ကာ ကြင်နာတတ်သော အမူအရာဖြင့် ပြောလိုက်သည်။
“ပင်းချင် ငါ့အနားကို လာခဲ့”
အခန်း (၄၇၈)
“ပင်းချင် ဆိုတာ ဘယ်သူလဲ”
“ငါတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှာ ဒီနာမည်နဲ့ တပည့် ရှိလို့လား”
“…”
ရောက်ရှိနေကြသူအားလုံးသည် ပင်းယာဟူသော နာမည်ကို ကြားလိုက်ရပြီးနောက် အုန်းအုန်းကျွတ်ကျွတ် ဝေဖန်လာကြတော့သည်။
တချိန်တည်း၌ လူအုပ်ကြီးထဲမှ တိုးညှင်းလှသော အသံလေး ထွက်ပေါ်လာ၏။
“ကျွန်မ ရှိပါတယ် ဆရာ”
လူတိုင်း၏ အကြည့်သည် ထိုအသံထွက်ပေါ်လာရာ အရပ်ဆီသို့ ချက်ချင်း ရောက်သွားကြသည်။
သူတို့ တွေ့လိုက်ရသည်မှာ အစေခံဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းလေးငုံ့ကာ ကြောက်ကြောက်လန့်လန့်ဖြင့် ပင်းယန်နှင့် ချူဖုန်းတို့ဆီ လျှောက်လှမ်းလာနေသည့် အစေခံမိန်းကလေးတစ်ဦး ဖြစ်၏။
လူတိုင်း ချက်ချင်းပင် ဆွံ့အသွားကြတော့သည်။ ပင်းယန်ကဲ့သို့ မဟာပဏ္ဍိတတစ်ဦး အစေခံမလေးတစ်ယောက်ကို တပည့်အဖြစ် ရွေးချယ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။
အကယ်၍ ယခုသတင်းသာ အပြင်သို့ ပျံ့သွားပါက ပျက်ရယ်ပြု ခံရပေလိမ့်မည်။
အစေခံမလေးက ဝမ်တောက်ကျောင်းတော်သို့ ရောက်သွားပြီး ထင်ရှားကျော်ကြားမလာလျှင် ကိစ္စမရှိပေ။ သို့သော် အကယ်၍ သူမသာ ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်လာခဲ့လျှင်။
ထိုသို့ဆို ပြင်းထန်အေးခဲတောင်တန်းစံအိမ်တစ်ခုလုံးမှာ ရယ်မောစရာ ဖြစ်သွားပေလိမ့်မည်။ သူတို့၏ ထောင်ချီသော မျိုးဆက်သစ်တပည့်များသည် အစေခံတစ်ယောက်၏ အရည်အချင်းကိုပင် မမှီပါဟု အပြောခံရပေတော့မည်။
မိန်းကလေးက နောင်တွင် ဘာမှဖြစ်မလာခဲ့လျှင်တောင်ပင်းယန်၏ လုပ်ရပ်သည် အခြားအင်အားစုများ အမြင်တွင် သူမအနေဖြင့် ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကို အရေးမစိုက်တော့သည့် သဘောဟု မြင်သွားကြလောက်၏။
ထိုသို့သာ ဖြစ်လာပါက သူတို့ပြင်းထန်အေးခဲတောင်တန်းစံအိမ်သည် ဒုက္ခများနှင့် ရင်ဆိုင်ရဖို့ ရှိနေသည်။
တစ်ကွင်းလုံးတွင် အထိတ်တလန့်အဖြစ်ဆုံးသူသည် ပင်းယုရှုပင်။ သူမ ရှေ့တွင် ပုံမှန်အားဖြင့် ခါးညွတ်ဦးချပြီး ပြာပြာသလဲ လုပ်နေတတ်သည့် အစေခံမလေးက ယခုအခါတွင် သူမ လှမ်းမမီနိုင်သော အဒေါ်ဖြစ်သူ၏ တပည့်အဖြစ် အသိအမှတ်ပြုခံလိုက်ရသည်ကို မြင်သော် သူမ နှလုံးသားထဲတွင် လုံးဝ မယုံကြည်နိုင် ဖြစ်နေတော့သည်။
သူမ စူးစူးရှရှဖြင့် အော်ငေါက်လိုက်၏။
“အစေခံမ နင်က ဘယ်လိုတောင် ရဲတင်းရတာလဲ။ အဒေါ်က ပင်းချင်ကို ခေါ်တာ။ အဲဒါ နင်နဲ့ ဘာဆိုင်လို့လဲ”
သူမ အသံက မကျယ်လှသော်လည်း လူတိုင်း၏ နားထဲ သဲသဲကွဲကွဲ ကြားလိုက်ရသည်။
ပင်းယန်၏ ဘေးနားတွင် ရပ်နေကြသော ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ တပည့်များသည်လည်း ဝင်ရောက်ပြောဆိုလာကြတော့သည်။
“ကောင်မလေး နင် တဇွတ်ထိုးမလုပ်တာ အကောင်းဆုံးပဲ။ သူ့ကို ဒေါသထွက်အောင် လုပ်မိရင် နင့်အရိုးတွေကို အမှုန့်ကြိတ်ရင်တောင် အပြစ်ကို ဆေးကြောနိုင်မှာ မဟုတ်ဘူး”
“ဟုတ်တယ်။ သူက ငါတို့ ပင်းမိသားစုထဲက တပည့်တစ်ယောက်ကို လက်ခံဖို့ လာတာ။ အစေခံတစ်ယောက်က ဘာအရည်အချင်းရှိလို့ တပည့်ဖြစ်ခွင့် ရမှာလဲ”
“…”
ဤအချိန်တွင် ပင်းယာသည် အစေခံတစ်ယောက်ဟူသော သူမ အမှတ်အသားကို စိတ်ထဲမှ မခွဲထုတ်နိုင်သေးချေ။ သူမက ခေါင်းကိုငုံ့ထားလျက်ပင် ရိုသေစွာ ဆိုလိုက်သည်။
“သခင်မလေး ပင်းချင်ဆိုတဲ့ နာမည်က ကျွန်မကို ဆရာက ပေးထားတာပါ။ ဒီမနက်မှာ သူ့တပည့်အဖြစ် ခံယူဖို့ လာခဲ့ပါလို့လည်း ဆရာကပဲ မှာကြားခဲ့တာပါ”
သူမ စကားလုံးများ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ လူတိုင်းက ပင်းယာကို မယုံကြည်နိုင်သော မျက်နှာထားဖြင့် စိုက်ကြည့်နေကြသည်။
ကျင့်စဉ်အဆင့် မြင့်မားသော တပည့်အချို့ဆို သူတို့၏ နတ်ဘုရားအာရုံများဖြင့် သူမကို ရဲရဲတင်းတင်းပင် လှမ်း၍ စစ်ဆေးကြည့်ကြ၏။ ဤမိန်းကလေးတွင် မည်ကဲ့သို့ ထူးခြားဆန်းပြားသောအရာ ရှိနေသဖြင့် အကြီးအကဲပင်း၏ ရွေးချယ်ခြင်းကို ခံရသနည်း။ ကျန်သည့်သူများသည် နေရာ၌ ရပ်ပြီး သံသယစိတ်၊ မနာလိုစိတ်များဖြင့် စူးစမ်းနေကြသည်။
ပင်းယာသည် ဆရာ့ထံ ဂရုတစိုက်ဖြင့် ဆက်လက်လျှောက်လှမ်းလာ၏။ လူအုပ်ကြီး၏ အကြည့်က သူမကို အလွန်အမင်း နေရထိုင်ရ ခက်စေ၏။
အစေခံမလေးသည် ပင်းယန်၏ ရွေးချယ်ခြင်းကို ခံရသည်ကို မျက်စိစပါးမွှေးစူးခြင်း အဖြစ်ဆုံးသူများမှာ ပင်းရှောင်ဖုန်းလင်မယားနှင့် ပင်းအောက်ကူတို့ပင်။
ထိုလင်မယား နှစ်ယောက် မိန်းကလေး၏ ဇာစ်မြစ်ကိုကောင်းစွာ သိထားကြ၏။
မုရို အေးစက်စွာ ပြောလိုက်သည်။
“ဒီကောင်မလေးသာ ဝမ်တောက်ကျောင်းတော်ကို ဝင်ပြီး ကျင့်ကြံခွင့်ရလိမ့်မယ်လို့သာ ငါကြိုသိခဲ့ရင် အဲ့တုန်းကတည်းက သူနဲ့ သူ့အမေကိုပါ သတ်ပစ်ခဲ့သင့်တာ”
“မင်း ရူးနေလား”
ပင်းရှောင်ဖုန်းက တိုးညှင်းသောအသံဖြင့် ဆိုလိုက်သည်။
“ဒီလိုအချိန်မျိုးမှာ ဒီလိုစကားမျိုး ပြောရသလား။ ပြီးတော့ ငါတို့မျိုးနွယ်စုခွဲက လူအင်အား နည်းနေပြီလေ။ အဖေက သူ့ကို အသက်ရှင်စေချင်လို့ မင်းကို ကျွေးမွေးခိုင်းခဲ့တာ။ အကယ်၍ မင်း သူ့အပေါ် ဘယ်လိုပြုမူခဲ့တယ်ဆိုတာကို အဖေသာ သိသွားရင် ငါတို့ ဒုက္ခရောက်ကုန်လိမ့်မယ်”
“အသုံးမကျတဲ့ အမှိုက်ကောင်”
မုရို ဒေါသတကြီး ဆဲရေးလိုက်ပြီး ပင်းယာ၏ နောက်ကျောပြင်ကို အံကြိတ်ကာ စိုက်ကြည့်နေတော့သည်။
တစ်ဖက်တွင် ပင်းအောက်ကူသည် ဒေါသထွက်လွန်းသဖြင့် ဆင်ခြင်တုံတရားကိုပင် ဆုံးရှုံးလုနီးပါး။
သူ့မျက်လုံးထဲတွင် သမီးမိုက် ပင်းယန်သည် သူ့မျက်နှာကို ဖြတ်ရိုက်ရန်နှင့် ဖခင်တစ်ယောက်အနေဖြင့် သူ့ဩဇာအာဏာကို စိန်ခေါ်ရန်အတွက် ဤသို့ ပြုလုပ်နေခြင်း ဖြစ်သည်။
သို့မဟုတ်ပါက ပင်းမိသားစုတွင် ဤမျှအထိ ထူးချွန်ထက်မြက်သော တပည့်များစွာ ရှိနေပါလျက် အဘယ်ကြောင့် ထိုသူများကို မရွေးချယ်၊ ကျင့်ကြံခွင့်ပင် မရှိသော အစေခံမလေးကို တိုက်ရိုက်တပည့်အဖြစ် ရွေးချယ်ရသနည်း။
သူမသည် သူ့က်ို စံအိမ်သခင်ရာထူးနေရာမှ ဆွဲချချင်နေခြင်း ဖြစ်ရပေမည်။
ပင်းအောက်ကူ တွေးလေ ပို၍ ဒေါသထွက်လေ ဖြစ်လာသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်တည်းက စုပြုံနေသော ဒေါကျွန်မများနှင့် ပေါင်းစပ်သွားပြီးနောက် နောက်ဆုံးတွင် သူ ရှေ့သို့ တစ်လှမ်းတက်ကာ ရန်တွေ့ရန် မထိန်းနိုင်တော့ချေ။
ပင်းယာသည် ပင်းယန်၏ ဘေးနားသို့ ရောက်ခါနီး၌ သူ လမ်းကို ပိတ်ဆို့လိုက်သည်။
“တော်လောက်ပြီ ပင်းယန်။ နင့် ဒီရူးနှမ်းတဲ့ လုပ်ရပ်တွေကို ရပ်လိုက်စမ်း”
ကျယ်လောင်လှသော အော်ဟစ်သံသည် လူတိုင်းကို အံ့ဩတုန်လှုပ်နေရာမှ လက်တွေ့ဘဝသို့ ပြန်လည်ဆွဲခေါ်လာ၏။
အကြည့်များသည် ဖခင်နှင့် သမီးအပေါ်သို့ ကျရောက်သွားကြတော့သည်။
ပင်းမိသားစုဝင်များသည် စံအိမ်သခင် ဒုက္ခရောက်မည်ကို စိတ်မပူကြချေ။
မည်သို့ပင်ဆိုစေကာမူ အကြီးအကဲပင်းအနေဖြင့် စံအိမ်သခင်အား မည်မျှပင် မနှစ်သက်သည်ဖြစ်ပါစေ သူမ ဖခင်အရင်းအပေါ်ကိုတော့ လက်ပါရဲမည်မဟုတ်ချေ။
သို့သော် ပြဇာတ်ကတော့ အလွယ်တကူ ပြေလည်သွားမည့်ဟန်မတူပေ။
အကြီးအကဲတစ်ဦး ကိုးယောက်မြောက်ဦးလေး၏ ခါးကို ညင်သာစွာ တို့လိုက်သည်။
“ကိုးယောက်မြောက်ဦးလေး ဦးလေးက ယန်အာ ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့တာပဲ။ ရှေ့ကို တက်ပြီး ကြားဝင်စေ့စပ်ပေးပါလား”
“လစ်စမ်း”
ကိုးယောက်မြောက်အဘိုးကြီး ဒုတိယအကြိမ် စဉ်းစားမနေဘဲ ဟောက်လိုက်သည်။
“မင်း ကောင်စုတ်လေး ငါ့ကို လမ်းပိတ်တယ်လို့ ထင်နေတာလား။ ငါက စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ ရာထူးနေရာကို ယူထားတာ သိပ်ကြာသွားလို့လား”
“ကျွန်တော်မျိုး မလုပ်ကဲပါဘူး”
ထိုအကြီးအကဲသည် ကိုးယောက်မြောက်ဦးလေး၏ လက်ချက်ဖြင့် မကြာခနအရိုက်ခံရဖူးသောကြောင့် နောက်ထပ် စကားတစ်ခွန်း မပြောရဲတော့ဘဲ အဖြစ်အပျက်သာ ငြိမ်သက်စွာ စောင့်ကြည့်နေရတော့သည်။
ပွဲကြည့်စင်မြင့်ပေါ်တွင် ပင်းယန်သည် သူမ ပုံမှန်အတိုင်း အေးစက်ထောင်လွှားသော အမူအရာကို ထိန်းသိမ်းထားလျက်ပင်။ သူမ ဖခင်ကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။
“ကျွန်မပင်းယန် ဘာများ မှားသွားလို့လဲဆိုတာ စံအိမ်သခင်ကြီး မိန့်ကြားပေးပါဦး။ ကျေးဇူးပြုပြီး စံအိမ်သခင်ကြီးကပဲ ကျွန်မကို ပြုပြင်ပေးပါဦး”
“နင်”
ပင်းအောက်ကူ ဆွံ့အသွားခဲ့ရသည်။
သူ သူမကို ဒေါသတကြီး အော်ငေါက်ချင်နေ၏။
“ငမိုက်မ ငါ့ကို ဘယ်လိုတောင် ပြန်ပြောရဲရတာလဲ’
သို့သော် သူ့စကားလုံးများမှာ ဘေးနားရှိ ချူဖုန်းက ပြုံးစိစိဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ လည်ချောင်းဝတွင် တစ်ဆို့သွားတော့၏။ သူ စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။
“နင် ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရဲ့ စည်းမျဉ်းတွေကို မေ့သွားပြီ ထင်တယ်”
“တောင်းပန်ပါတယ်. ကျွန်မက ဝမ်တောက်ကျောင်းတော်က အကြီးအကဲတစ်ယောက်ပါ၊၊ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရဲ့ စည်းမျဉ်းတွေအောက်မှာ ရှိမနေပါဘူး”
ပင်းယန်၏ လေသံက အေးစက်တည်ငြိမ်လှသော်လည်း စကားလုံးတိုင်းက ပင်းအောက်ကူကို ဒေါသထွက်လွန်းသဖြင့် ခုန်ပေါက်မတတ် ဖြစ်သွားစေသည်။
“ဒါပေမဲ့လည်း ကျွန်မအနေနဲ့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရဲ့ စည်းမျဉ်းတွေကို နားထောင်ဖို့ လိုလားပါတယ်ာ ကျွန်မ တကယ်ပဲ ရှင်တို့စံအိမ်ကို စော်ကားမိသလားဆိုတာကို ကြည့်ရအောင်လေ”
ဤစကားက စော်ကားလိုက်ခြင်းပင်။
ထိုအတွေးသည် လူတိုင်း၏ စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။
သို့သော် မည်သူတစ်ဦးမျှ အပြင်သို့ ထုတ်မပြောရဲကြချေ။ သူတို့က စံအိမ်သခင် မဟုတ်ကြသဖြင့် ထုတ်ပြောမိပါက အသက်ပါ ဆုံးရှုံးသွားနိုင်၏။
ပင်းအောက်ကူ အေးစက်သော မျက်နှာဖြင့် ဆိုလိုက်၏။
“ငါတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှာ ပင်းမိသားစုရဲ့ ပင်မကျင့်စဉ်တွေကို ပင်းဆိုတဲ့ မျိုးရိုးအမည်ရှိတဲ့သူတွေကိုပဲ သင်ကြားပေးလို့ရတယ်။ အစေခံတွေကို ပင်မကျင့်စဉ်တွေ ကျင့်ကြံခွင့် မပြုဘူး။ ပြီးတော့ အစေခံတွေရဲ့ ရှင်ခြင်းနဲ့သေခြင်း အာဏာက ပင်းဆိုတဲ့ မျိုးရိုးအမည်ရှိတဲ့သူတွေရဲ့ လက်ထဲမှာပဲ ရှိတယ်။ တစ်နည်းအားဖြင့် ပြောရရင် ဒီကောင်မလေးနဲ့ ပတ်သက်ပြီး ငါအဘိုးကြီး သဘောမတူရင် နင် သူ့ကို ခေါ်သွားလို့မရဘူး”
“အော်”
ဤသည်ကို ကြားရသော် ပင်းယန် သာမန်ကာလျှံကာပင် တုံ့ပြန်လိုက်သည်။
ပင်းယာလည်း ဤစကားများကို ကြားလိုက်ရသောအခါ စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာမှုတို့ကြောင့် နီမြန်းနေသော သူမ မျက်နှာလေးသည် ချက်ချင်းပင် ဖြူလျော်သွားတော့၏။
သူမသည် ခြေလှမ်းများကို အလိုလို ရပ်တန့်လိုက်မိပြီး စိတ်ထဲတွင် တိုးတိုးလေး ရေရွတ်မိသည်။
‘ငါဘလူသားတွေကို စားသောက်တတ်တဲ့ သားရဲတွင်းကြီးကနေ ထွက်မသွားနိုင်သေးဘူးလား”
ပင်းမိသားစုဝင်များလည်း ဤသည်ကို ကြားရသောအခါမှ စိတ်သက်သာရာရသွားကြပြီး အချို့ဆိုလသူတစ်ပါးဒုက္ခရောက်သည်ကို ဝမ်းသာအားရဖြစ်နေသော အမူအရာများပင် ပေါ်လာကြတော့၏။
သူတို့အနေဖြင့် ရွေးချယ်ခြင်းမခံရသော်လည်း အစေခံတစ်ယောက် ဝမ်တောက်ကျောင်းတော်သို့ သွားရောက်ကျင့်ကြံခွင့်ရမည်ကိုတော့ မမြင်လိုကြချေ။
တစ်ချိန်တည်းတွင် ပင်းယန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
“ဒါဆိုရင်တော့ ကျွန်မအနေနဲ့ စံအိမ်သခင်ကြီးကို မေးခွန်းအနည်းငယ်လောက် မေးချင်ပါတယ်”
“ပြော”
ဤသည်ကို ကြားရသော် ပင်းအောက်ကူသည် ပင်းယန်ကို ခြောက်လှန့်နိုင်ခဲ့ပြီဟု ထင်မှတ်ကာ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
“ပင်းမိသားစုမှာ ပင်မသွေးဆက်က တပည့်တွေ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ အစေခံအဆင့်အထိ နှိမ့်ချခံရတဲ့ သာဓက ရှိဖူးလား”
ပင်းယန် စကားပြောလိုက်သည်နှင့် သူမ မျက်နှာထက်မှ အပြုံးမှာ ပို၍ စနောက်လိုဟန် ပေါ်လာသည်။
ချူဖုန်းဆိုလျှင် သူမကို လက်မပင် ထောင်ပြလိုက်မိပြီး မအောင့်နိုင်စွာ ချီးမွမ်းလိုက်ရ၏။
ပင်းအောက်ကူ ပင်းယန်ဆိုသော စကား၏ အဓိပ္ပာယ်ကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း တုံ့ပြန်လိုက်သည်။
“မရှိဘူး။ ငါ့ပင်းမိသားစုရဲ့ ကလေးတွေဟာ အစေခံတစ်ယောက်က မွေးဖွားခဲ့တာ ဖြစ်ရင်တောင်မှ ပင်းဆိုတဲ့ မျိုးရိုးအမည်ကို ဆောင်ရတယ်ထ၊ ပြီးတော့ သူတို့အမေကိုလည်း ကိုယ်လုပ်တော်အဆင့်အထိ မြှောက်စားရတယ်”
“ကောင်းတယ်”
ပြောရင်းနှင့် ပင်းယန် ရှေ့သို့ တစ်လှမ်းတက်လိုက်ရာ ပင်းယာ၏ ဘေးနားတွင် ရုတ်တရက် ပေါ်လာခဲ့ပြီး တိုးတိုးလေး ပြောလိုက်သည်။
“ယာအာ မကြောက်နဲ့။ ဆရာ ရှိတယ်။ ဒီနေ့ မင်းကို ဘယ်သူမှ ဒုက္ခမပေးနိုင်ဘူး။ ဒါ့အပြင် စံအိမ်သခင်ကိုယ်တိုင် မင်းရဲ့ အမှတ်အသားကို အာမခံပေးလိမ့်မယ်”
သူမ စကားလုံးများ ဆုံးသွားသောအခါ ပင်းယာနှင့် ပင်းမိသားစုဝင်အားလုံး ပင်းယန်ကို ဇဝေဇဝါဖြင့် စိုက်ကြည့်လိုက်ကြသည်။
“ဟုတ်”
ပင်းယာက နှာမှုတ်သံလေးဖြင့် တိုးညှင်းစွာ ပြန်ဖြေလိုက်ပြီးနောက် သူမ လက်ဖဝါးလေးကို ဆွဲကာ ရှေ့သို့ လျှောက်လှမ်းသွားသည်ကို ခံစားလိုက်ရ၏။
ဤသည်ကို မြင်သော် ပင်းအောက်ကူ၏ မျက်နှာမှာ ပို၍ပင် အုံ့မှိုင်းသွားတော့သည်။ သူ မျိုးနွယ်စုခေါင်းဆောင်တစ်ဦး၏ အမူအရာကို ဖော်ထုတ်ကာ အော်ငေါက်လိုက်သည်။
“ပင်းယန် ဒါ ဘာသဘောလဲ”
ပင်းယန် ဒေါသမထွက်သည့်အပြင် ပြုံးလျက် ပြောလိုက်သည်။
“စံအိမ်သခင်ကြီး သေချာ ကြည့်စမ်းပါ။ ဒီမိန်းကလေးက ကျွန်မနဲ့ ဘယ်လောက်တောင် တူလဲဆိုတာကို”
ဤသည်ကို ကြားရသော် လူတိုင်း၏ အကြည့်များသည် ပင်းယာနှင့် ပင်းယန်တို့ထံသို့ ကျရောက်သွားကြသည်။
ပင်းအောက်ကူကိုယ်တိုင်ပင် ၎င်းတို့နှစ်ဦးကို သေချာစွာ စိစစ်ကြည့်လိုက်မိ၏။
သူ ကြည့်လိုက်မှသာ ထိတ်လန့်သွားရသည်။
ထိုမိန်းကလေး နှစ်ဦးစလုံးသည် အမှန်တကယ်ပင် တစ်ဦးနှင့်တစ်ဦး အနည်းငယ် ဆင်တူနေကြ၏။
ဤသည်ကို မြင်သော် ပင်းယန် အကျိုးသက်ရောက်မှုကို ပိုမိုပြင်းထန်စေရန် ဆုံးဖြတ်လိုက်သည်။ သူမ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ တစ်ကိုယ်လုံးသည် ချက်ချင်းပင် နှစ်ပေါင်းရာချီ နုပျိုသွားပြီး သူမ၏ ကလေးဘဝ အချိန်က ရုပ်ရည်သို့ ပြန်လည်ရောက်ရှိသွားသည်။
“စံအိမ်သခင်ကြီး နောက်တစ်ခေါက် သေချာ ထပ်ကြည့်ပါဦး”
ပင်းမိသားစုဝင်များ ပင်းယန်၏ နုပျိုသော ရုပ်သွင်ကို မြင်လိုက်ရသောအခါ အလိုလိုနေရင်း လေစိမ်းတစ်ဆုပ် ရှူသွင်းလိုက်မိကြသည်။
လူအုပ်ကြီးထဲမှ အော်ဟစ်သံများ လျှံထွက်လာတော့၏။
“အစောပိုင်းက သူတို့နှစ်ယောက်က သုံးပုံတစ်ပုံပဲ တူတာ။ အခု ထပ်ကြည့်လိုက်တော့ တကယ်ပဲ တစ်ဝက်လောက် တူနေတာပဲ။ ပင်းယာက ပင်းမိသားစုရဲ့ သွေးသား ဖြစ်နေလို့လား”
“သေချာပေါက် ဖြစ်ရမယ်။ ပြီးတော့ သူ အကြီးအကဲပင်းနဲ့ မျိုးနွယ်စုတစ်ခုတည်းကပဲ ဖြစ်ရမယ်။ မဟုတ်ရင် သူတို့ ဒီလောက်အထိ တူနေမှာ မဟုတ်ဘူး”
“…”
ပင်းအောက်ကူ ပင်းယန်၏ ကလေးဘဝတုန်းက မည်သို့ရှိခဲ့သည်ကို မှတ်မိသည်။ သူက ဘေးနားရှိ ပင်းယာကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။
“နင် နင်က ဘယ်သူလဲ”
“ဟီးဟီး”
ပင်းယန် ရယ်မောလိုက်ပြီး ချက်ချင်းပင် သူမ မူလရုပ်ရာ်သို့ ပြန်လည်ပြောင်းလဲလိုက်ကာ သရော်လိုက်သည်။
“ရှင် အသက်ကြီးလာလို့ ဇရာပြနေပြီထင်တယ်။ စံအိမ်သခင်ကြီး။ ရှင့်ရဲ့ မြေးအရင်းခေါက်ခေါက်က အရှေ့မှာ ရပ်နေတာကိုတောင် မမှတ်မိနိုင် ဖြစ်နေရတာလား”
သူမ စကား ဆုံးသွားသောအခါ ကွင်းပြင်တစ်ခုလုံး ချက်ချင်းပင် ဆိတ်ငြိမ်သွားတော့သည်။