← Chapters

အခန်း (၄၇၉-၄၈၀)

Vol. 48 Ch. 479-480

အခန်း (၄၇၉-၄၈၀)

Vol. 48 Ch. 479-480

အခန်း (၄၇၉)

“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ပင်းအောက်ကူ သူ့ရှေ့မှ အရှိတရားကို လက်ခံရန် ခက်ခဲလွန်းသဖြင့် နောက်သို့ ခြေလှမ်းတစ်ဝက်မျှ ဆုတ်လိုက်မိသည်။

မည်သို့ပင်ဆိုစေကာမူ သူ့အမြင်တွင် သူက အကြီးအကဲကောင်းတစ်ဦး စံအိမ်သခင်ကောင်းတစ်ဦး ဖြစ်သည်။

ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကြီး ဤမျှအထိ ကျဆင်းသွားရခြင်းမှာ ဆက်ခံသူပါရမီရှင် ရှားပါးလွန်းခြင်းကြောင့်သာဖြစ်ပြီး သူ စံအိမ်သခင်အဖြစ် အရည်အချင်းမရှိ၍ မဟုတ်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယနေ့ ပင်းယန်၏ လုပ်ရပ်က သူ့ကို လူပုံအလယ်တွင် ပါးရိုက်လိုက်သကဲ့သို့ ဖြစ်သွားစေ၏။

ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ သိက္ခာရှိလှသော စံအိမ်သခင်ကြီးက မြေးအရင်းခေါက်ခေါက် အစေခံမလေး ဖြစ်နေရသည်ကိုပင် မသိချေ။

သို့ဆိုလျှင် သူ မည်သည့်မျက်နှာဖြင့် စံအိမ်သခင်အဖြစ် ဆက်ရှိနေနိုင်ပါဦးမည်နည်း။

ပင်းယန်က ပြုံးလျက် ပြောလိုက်သည်။

“စံအိမ်သခင် ရှင့်အနေနဲ့ မယုံကြည်ဘူးဆိုရင် ကျွန်မတို့ သွေးစစ်ပြီး ဆွေမျိုးတော်စပ်မှုကို စစ်ဆေးကြည့်လို့ ရတာပေါ့။ ကျွန်မတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှာ ဒီလိုပညာရပ်မျိုးတွေ မရှားပါဘူး”

“မလိုတော့ဘူး”

ပင်းအောက်ကူ ပင်းမိသားစု၏ သွေးသားဆက်နွယ်မှု မည်မျှအထိ ပြင်းထန်သည်ကို ကောင်းစွာ သိထားသည်။ ပြင်ပလူတစ်ယောက်က အကြောင်းပြချက်မရှိဘဲ သူ့သမီးအရင်းနှင့် တစ်ဝက်လောက် ဆင်တူနေရန် လုံးဝ မဖြစ်နိုင်ချေ။

ပင်းယန် ဆက်ပြောသည်။

“ဒါဆိုရင် အခု စံအိမ်သခင်အနေနဲ့ ကျွန်မက တူမအရင်းကို တပည့်အဖြစ် လက်ခံတာ ပြဿနာရှိသေးတယ်လို့ ထင်နေတုန်းပဲလား”

ဤစကားများက ပင်းအောက်ကူ၏ နှလုံးသားထဲမှ နောက်ဆုံးကျန်ရှိနေသော အားအင်ကို တိုက်ရိုက်ပင် ရိုက်ချိုးလိုက်တော့သည်။

သူ နောက်သို့ ခြေလှမ်းတစ်ဝက်မျှ ထပ်မံဆုတ်လိုက်ပြီး အားအင်ချည်းနဲ့သွား၏။

“ဒီအဘိုးကြီး အားကုန်သွားပြီ။ ကျန်တဲ့ကိစ္စတွေကို နင်ပဲ စီစဉ်လိုက်တော့”

“စံအိမ်သခင်ကလည်း ထွက်သွားဖို့ကို ဘာလို့ ဒီလောက်အထိ အလျင်လိုနေရတာလဲ”

ပင်းယန် သူ့ကို ဤမျှလွယ်ကူစွာ လွှတ်ပေးရန် စိတ်ကူးမရှိချေ။

လူတိုင်း ဤစကားကို ကြားရသောအခါ အလိုလိုပင် တုန်လှုပ်သွားကြတော့၏။

အကြီးအကဲပင်း၏ တွက်ချက်မှုများ ဤမျှအထိ နက်ရှိုင်းလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

စံအိမ်သခင်ပင် သူမ၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ချေ။ အကယ်၍ သူတို့သာ စောစောက ဝင်ရောက်ပြောဆိုမိခဲ့လျှင် ယခုအချိန်၌ ပြာအဖြစ် ပြောင်းလဲသွားလောက်၏။

“နင် ဘာလုပ်ချင်လို့လဲ”

ပင်းအောက်ကူ တည်ငြိမ်မှုကို မနည်းထိန်းထားရင်း မေးလိုက်‌၏။

“ကျွန်မ ဒီမှာရှိတဲ့လူအားလုံးကို သိစေချင်ရုံတင်ပါ။ ဘာကြောင့် ကျွန်မက ဒီတူမလေး ချင်အာကို တပည့်အဖြစ် လက်ခံရသလဲဆိုတာကို။ အဲဒါက သူ ကျွန်မရဲ့ သွေးသားတော်စပ်လို့မဟုတ်ဘူး။ သူ့ ပါရမီက ပြင်းထန်အေးခဲတောင်တန်းစံအိမ်တစ်ခုလုံးမှာ ပြိုင်ဘက်ကင်းလောက်အောင် ထူးချွန်လွန်းလို့ပဲ”

ပြောပြီးနောက် ပင်းယန်သည် လူတိုင်းကို ကြည့်လိုက်သည်။

ပင်းယန်၏ စကားကို လူတိုင်း သံသယဝင်နေကြသော်လည်း မည်သူမျှ ပြန်လည်ချေပရန် မဝံ့ရဲကြချေ။

ပင်းအောက်ကူ မျက်မှောင်ကုပ်ကာ မေးလိုက်သည်။

“နင့်စကားရဲ့ အဓိပ္ပာယ်က ဘာလဲ”

ပင်းယန် ခပ်အေးအေးပင် ပြောလိုက်၏။

“ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှာ ပါရမီကို စမ်းသပ်တဲ့ ရတနာတစ်ခု ရှိတယ်မဟုတ်လား။ အဲဒါကို ထုတ်ပြီး ချင်အာရဲ့ ပါရမီကို စမ်းသပ်ခိုင်းလိုက်ရင် မပြီးဘူးလား”

“နင် တကယ်ပဲ ဒီလိုလုပ်ချင်တာလား”

ပင်းအောက်ကူ အဓိပ္ပာယ်ပါပါ မေးလိုက်သည်။

ပင်းယန်က ဖိအားပေးလိုက်ပြန်၏။

“စံအိမ်သခင်အနေနဲ့ အလုပ်ရှုပ်တယ်လို့ ထင်ရင်လည်း ကျွန်မရဲ့ ယောက်ျားကို နည်းစနစ်တစ်ခု သုံးခိုင်းပြီး ရှင်တို့အားလုံးရဲ့ ကံကြမ္မာပုံရိပ်တွေကို ထုတ်ပြခိုင်းလို့ရပါတယ်၊၊ ဒါဆိုရင် ရှင်တို့အားလုံး လုံးဝ ကျေနပ်သွားကြမှာပါ”

ဤသည်ကို ကြားရသော် လူတိုင်း၏ မျက်နှာသည် အလွန်အမင်း ရုပ်ဆိုးသွားကြတော့သည်။

‘ဒါက ငါတို့ကို ကျေနပ်အောင် လုပ်နေတာမဟုတ်ဘူး၊ သိသိသာသာကြီး ငါတို့ကို သတ်ပြီး နှလုံးသားကို တိုက်ခိုက်နေတာ’

ကိုးယောက်မြောက်ဦးလေးသည် အခြေအနေမှာ အဆုံးစွန်ထိ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားမိသဖြင့် အလျင်အမြန် ရှေ့သို့ တက်လာ၏။

“ယန်အာ မင်းရဲ့ အဆုံးအဖြတ်ကို ငါတို့အားလုံး သိပါတယ်။ ဒါ့အပြင် ဒီကလေးမလေး ချင်အာရဲ့ သွေးကြောထဲမှာလည်း မင်းရဲ့ သွေးတွေ စီးဆင်းနေတာပဲလေ။ သူ့ပါရမီက သေချာပေါက် ထူးချွန်နေမှာပေါ့။ ငါတို့အနေနဲ့ အမြင်ကျယ်အောင် လုပ်နေဖို့ မလိုတော့ပါဘူး”

ဤသည်ကို ကြားသော် အကြီးအကဲများအားလုံး ဝိုင်းပြောကြသည်။

“ဟုတ်တယ်။ ငါတို့ မျက်စိအမြင်ပွင့်သွားအောင် လုပ်နေဖို့ မလိုပါဘူး”

သို့သော် မျိုးဆက်သစ်တပည့်များကမူ ထိုသို့မတွေးကြချေ။ သူတို့သည် ဝမ်တောက်ကျောင်းတော်သို့ ဝင်ရောက်ခွင့်ရမည့် အခွင့်အရေးကို တွင် ရရှိထားကြသဖြင့် သူတို့နှင့် အစေခံမလေး မည်မျှအထိ ကွာခြားသည်ကို သိမြင်လိုကြသည်။

မကြာမီမှာပင် လူအုပ်ကြီးထဲမှ တစ်ဦးက ထုတ်ပြောလာလေ၏။

“ကျွန်တော်တို့ ဒါကို ကြည့်ချင်ပါတယ်။ ကျေးဇူးပြုပြီး အကြီးအကဲပင်း ကျွန်တော်တို့ကို လမ်းညွှန်ပြသပေးပါဦး”

“ဟုတ်တယ်။ သူ ကျွန်မထက် ပိုပြီး သန်မာလိမ့်မယ်လို့ မယုံနိုင်ဘူး”

ပင်းယုရှ ရူးသွပ်နေသကဲ့သို့ အော်ဟစ်လိုက်သည်။

ငယ်ရွယ်သော တပည့်များ၏ အော်ဟစ်သံများကို ကြားရသောအခါ အကြီးအကဲများအားလုံး ခေါင်းခါယမ်းလိုက်ကြတော့သည်။

‘ဒီကလေးတွေက ငယ်သေးတယ်။ အချို့အရာတွေကို အများကြီး မြင်တွေ့ရတာက မင်းတို့အတွက် ကောင်းကျိုးရှိမှာမဟုတ်ဘူး’

သိုင်းကွင်းပြင်မှ အသံများကို ကြားရသော် ပင်းယန် ပြုံးလျက် ဆိုလိုက်သည်။

“ကိုးယောက်မြောက်ဦးလေး ကျွန်မက ဦးလေးမျက်နှာကို မထောက်ချင်လို့ မဟုတ်ပါဘူး၊၊ မျိုးဆက်သစ်တပည့်တွေက တွေ့ချင်နေကြတာပါ”

ပြောပြီးနောက် သူမ ချူဖုန်းကို ကြည့်လိုက်၏။

ချူဖုန်းက ပြုံးကာ ပြောလိုက်၏။

“ဒီလို ကိစ္စသေးသေးလေးကို ငါကိုယ်တိုင် လုပ်နေဖို့ ဘာလို့ လိုမှာလဲ။ ချင်းအာ မင်းပဲ လုပ်လိုက်ပါ”

“ဟုတ်ကဲ့ပါ”

ပြန်ဖြေပြီးနောက် ချင်းအာ ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။ သူမသည် မျက်နှာပဝါကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်၏။ သူမ၏ ထူးခြားဆန်းပြားသော သူငယ်အိမ်နှစ်ခု မျက်ဝန်းများ ပေါ်လာသည့် အခိုက် သိုင်းလေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးတွင် အော်ဟစ်သံများ လျှံထွက်သွားတော့၏။

“ဝတ်ရုံဖြူကုချင်းနတ်ဆိုး”

“ကောင်စုတ်လေး အသက်မရှင်ချင်တော့ဘူးလား၊၊ အဲဒါ အကြီးအကဲချင်းလေ။ သူ့ကို ဝတ်ရုံဖြူကုချင်းနတ်ဆိုးလို့ ခေါ်ရဲရတာလား”

“…”

လူအုပ်ကြီး၏ ခေါ်ဝေါ်သံများကို ဂရုမစိုက်ဘဲ ချင်းချင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်မရဲ့နည်းစနစ်ကို သုံးပြီး ရှင်တို့ရဲ့ ကံကြမ္မာပုံရိပ်တွေကို ထုတ်ပြပေးမယ်။ ကံကြမ္မာကို အရောင်ရှစ်မျိုးနဲ့ ပြသသွားမှာပါ။ အနီ၊ အဝါနု၊ အဝါ၊ အစိမ်း၊ အပြာနု၊ အပြာ၊ ခရမ်း နဲ့ ရွှေရောင်။ အနီရောင်က အနိမ့်ဆုံးဖြစ်ပြီး ကံကြမ္မာ မမြင့်မားလှဘူး၊၊ ရွှေရောင်ကတော့ အကောင်းဆုံးပဲ။ ကျွန်မ ကံကြမ္မာသားတော်တစ်ဦးရဲ့ ပေရာချီ မြင့်မားတဲ့ ရွှေရောင်ကံကြမ္မာကို မြင်ဖူးတယ်။ ခဏနေလို့ ရှင်တို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို မြင်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ် မဝင်ကြပါနဲ့”

စကားလုံးများ ဆုံးသွားသည်နှင့် သူမ မျက်လုံးများအတွင်းမှ အလင်းတန်းတစ်ခု လွင့်ပျံထွက်လာခဲ့ပြီး ပင်းမိသားစု၏ ငယ်ရွယ်သော တပည့်အားလုံးကို လွှမ်းခြုံသွားသည်။

ခဏမျှအကြာတွင် လူတိုင်း၏ ဦးခေါင်းထက်တွင် ကံကြမ္မာအရောင်အသီးသီး ပေါ်လာခဲ့လေတော့၏။

“မင်းက အစိမ်းရောင်ပဲ၊ မင်းက အစိမ်းရောင်”

“မင်းရဲ့ အဝါရောင်ကံကြမ္မာက ဘာများ ထူးဆန်းနေလို့လဲ”

“…”

ငယ်ရွယ်သော ကျင့်ကြံသူတိုင်းသည် သူတို့ သူငယ်ချင်းများ၏ ကံကြမ္မာကို စောင့်ကြည့်နေကြသည်။

မကြာမီမှာပင် တစ်စုံတစ်ဦး၏ အကြည့်မှာ ပင်းယာထံသို့ ကျရောက်သွားခဲ့၏။ သူမ ဦးခေါင်းထက်တွင် (၁၉)ပေခန့် မြင့်မားသော ခရမ်းရောင်‌ဖျော့ဖျော့ ကံကြမ္မာတစ်ခု ပေါ်ထွက်လာပြီး သိုင်းလေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးတွင် ထူးခြားစွာ ထင်ရှားနေတော့သည်။

အကြီးအကဲချင်း တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

“ရှင်တို့အားလုံး သေချာ မြင်ကြပြီလား”

“ကျေးဇူးတင်ပါတယ် အကြီးအကဲချင်း”

မျိုးဆက်သစ်ကျင့်ကြံသူများ ပြန်လည်ဖြေကြားပြီးနောက် အကြီးအကဲချင်းကို ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။

သူတို့အားလုံးသည် သွေးဆူလွယ်သော အရွယ်များဖြစ်ကြပြီး မျှတမှုနှင့် တရားမျှတမှုကို တန်ဖိုးထားကြ၏။

ယခုအခါ ပင်းယာ၏ ကံကြမ္မာက သူတို့တို့ထက် သာလွန်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် ပြန်ပြောစရာ စကားမရှိတော့ချေ။

သူတို့အားလုံးသည် ကံကြမ္မာသားတော်များ၏ ပုံပြင်များကို နားထောင်ရင်း ကြီးပြင်းလာခဲ့ကြခြင်းဖြစ်၏။ ဝမ်တောက်ကျောင်းတော်က မြောက်ပိုင်းချောက်နက်တွင် ကံကြမ္မာသားတော်များနှင့် တိုက်ခိုက်ခဲ့သော စွမ်းဆောင်ချက်များကိုလည်း ကြားဖူးထားကြသည်။

ဘုန်း

သူမ ဦးခေါင်းထက်မှ အပြာနုရောင်ကံကြမ္မာကို မြင်ပြီးနောက် ပင်းယုရှု မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ စိတ်ဓာတ်များမှာလည်း လုံးဝ ပျက်စီးသွား၏။

နိမ့်ကျလှသော အစေခံ ပင်းယာ၏ ကံကြမ္မာက အဘယ့်ကြောင့် သခင်မလေးဖြစ်သော သူထက် ပို၍ သန်မာနေရသလဲဆိုတာ သူမ လုံးဝနားမလည်နိုင် ဖြစ်နေတော့သည်။

ဤသည်ကို မြင်သော် ပင်းယန် ပင်းအောက်ကူကို ကြည့်လိုက်၏။

“စံအိမ်သခင် အခု ရှင့်နှလုံးသားထဲမှာ သံသယတွေ ရှိနေသေးလား”

ပင်းအောက်ကူ အားအင်ချည်းနဲ့စွာ ပြောလိုက်သည်။

“ဒီကိစ္စက တကယ်ပဲ ဒီအဘိုးကြီး အမှားလုပ်မိတာပါ။ ယာအာ နောင်ကျရင် မင်းရဲ့ အဒေါ်နဲ့အတူ ကောင်းကောင်းမွန်မွန် ကျင့်ကြံပါ။ ပြင်းထန်အေးခဲတောင်တန်းစံအိမ်က မင်းရဲ့ နားခိုရာအမြဲတမ်း ဖြစ်နေမှာပါ”

“ဟုတ်”

ပင်းယာမှာ ဤကဲ့သို့သော စံအိမ်သခင်၏ ပုံစံမျိုးကို တစ်ခါမှ မမြင်ဖူးသဖြင့် ထိတ်လန့်တုန်လှုပ်မှုများဖြင့်သာ ပြန်ဖြေလိုက်မိသည်။

ပင်းယန်သည်လည်း ပင်းအောက်ကူ၏ နှလုံးသားကို ဓားဖြင့် ထပ်မံမွှေရန် မမေ့လျော့ချေ။

“စံအိမ်သခင် စိတ်အေးအေးထားပါ။ ကျွန်မ ယာအာကို ရှင် မကွယ်လွန်မခင် မဟာပဏ္ဍိတတစ်ဦးဖြစ်အောင် သေချာပေါက် ပျိုးထောင်ပေးမှာပါ။ ဒါမှ သူ ရှင့်ရဲ့ ရာထူးနေရာကို ဆက်ခံနိုင်မှာပေါ့”

“နင်”

ဤသည်ကို ကြားရသော် ပင်းအောက်ကူ ရင်ဘတ်ထဲတွင် တစ်ဆို့သွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွား၏။

“ဘာလဲ။ စံအိမ်သခင်က ပင်းမိသားစု ပင်မသွေးဆက်ရဲ့ မဟာပဏ္ဍိတတစ်ဦး ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကို အုပ်ချုပ်ဖို့ အရည်အချင်းမရှိဘူးလို့ ထင်နေတာလား”

ပင်းယန်၏ မျက်နှာထက်မှ အပြုံးမှာ ပို၍ပင် လှောင်ပြောင်နေဟန် ပေါ်လာသည်။

“ထားလိုက်ပါတော့... ထားလိုက်ပါတော့”

ပင်းအောက်ကူက ထိုစကားကို ပြန်လည်မချေပတော့ချေ။ အကယ်၍ သူသာ ပြန်လည်ချေပမိပါက မျိုးနွယ်ဝင်များ သူ့ကို ဆန့်ကျင်လာကြပေလိမ့်မည်။

အကြီးအကဲများသည် ပင်းယန်၏ ပင်းအောက်ကူအပေါ် ထားရှိသော နာကျည်းမှုက ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

သူတို့အတွက်မူ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကို မည်သူက အုပ်ချုပ်သည်ဖြစ်စေ ကိစ္စမရှိချေ။

ထို့အပြင် မည်သည့်အင်အားစုမဆို ကောင်းကင်မှ ပြုတ်ကျလာသည့် မဟာပဏ္ဍိတတစ်ဦး ရရှိမည့်အခွင့်အရေးကို မလိုလားဘဲ နေပါမည်နည်း။

မျိုးဆက်သစ်တပည့်များ၏ နှလုံးသားထဲတွင်မူ အတွေးအမြင်များ ကွဲပြားနေကြပြီး အများစုဆိုလျှင် ပင်းယာ၏ နောက်သို့ လိုက်ပါရန် အတွေးများပင် ပေါ်ပေါက်လာကြသည်။

“ယာအာ သွားကြစို့”

အကြီးအကဲပင်း ဓားဖြင့် ထပ်၍မမွှေတော့ပေ။ သူမ ပင်းအောက်ကူကို သေစေချင်သည်မဟုတ်ဘဲ သူတို့အား နောင်တရစေချင်ခြင်းသာ။

ထိုကဲ့သို့သောအရာများကို တဖြည်းဖြည်းချင်းသာ လုပ်ဆောင်ရပေမည်။

“ဟုတ်ကဲ့ပါ ဆရာသခင်”

ပင်းယာ ရိုသေစွာ ပြန်ဖြေလိုက်သည်။

ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ ကျင့်ကြံသူများ၏ စောင့်ကြည့်နေကြသော မျက်လုံးများအောက်တွင် ချူဖုန်းနှင့် သူ့အဖွဲ့သည် ဝေဟင်သို့ ပျံသန်းကာ ထွက်ခွာသွားကြလေတော့၏။

“မိန်းမ ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ”

ချူဖုန်း ဧည့်သည်ခြံဝင်းသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် သူမကို ချီးမွမ်းလိုက်တော့သည်။

ပင်းယန် ပြုံးလိုက်၏။

“ယောက်ျားကလည်း မြှောက်နေပြန်ပြီ။ ရှင့်ရဲ့ လမ်းညွှန်မှုသာမရှိရင် ယန်အာ ဒီလောက်အထိ စိတ်ကျေနပ်စရာကောင်းတဲ့ နည်းလမ်းမျိုးကို တွေးမိမှာမဟုတ်ပါဘူး”

ဤသည်ကို ကြားရသော် ချူဖုန်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိသော်လည်း ခဏတာမျှ ဘာက မှားယွင်းနေသည်ကို ရှာမတွေ့ ဖြစ်နေသည်။

သူ့ဘေးနားရှိ မဟာပဏ္ဍိတရွှေတောင်ပံ နှေးကွေးစွာ မေးလိုက်‌၏။

“မရီးက ဘာလို့ ကျွန်တော့်အစ်ကိုကြီးရဲ့ နည်းလမ်းတွေက နက်ရှိုင်းတယ်လို့ ပြောရတာလဲ”

သူက စကားပြောပြီးသည်နှင့် တပြိုင်နက် မဖော်ရွေသော အကြည့်နှစ်ခုမှာ သူ့အပေါ်သို့ ကျရောက်လာသည်။

မဟာပဏ္ဍိတရွှေတောင်ပံ ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ပြီး စောစောက ဘာမှမပြောခဲ့ပါဟူသော အမူအရာမျိုးကို ဖော်ထုတ်လိုက်တော့သည်။

ပင်းယန် စကားလမ်းကြောင်းကို ပြောင်းလိုက်၏။

“ယောက်ျား ကျွန်မ ယာအာကို အရင်သွားပြီး နေရာချပေးလိုက်ဦးမယ်”

“အင်း”

ချူဖုန်း လက်ဝှေ့ယမ်းလိုက်သည်။

“သွား... သွား”

ပင်းယန်မှာ ပင်းယာကို သီးသန့်အခန်းတစ်ခုသို့ ခေါ်ဆောင်လာပြီး သူမ မျက်နှာလေးကို ညင်သာစွာ တို့လိုက်သည်။

“ယာအာ... နောင်ကျရင် အဒေါ်နဲ့အတူ ရှိနေမှာဆိုတော့ တခြားအရာတွေကို တွေးမနေနဲ့တော့။ ကျင့်စဉ်ကိုပဲ ဝီရိယရှိရှိ ကျင့်ကြံပါ”

“ဟုတ်ကဲ့ပါ”

ပြန်ဖြေပြီးနောက် ပင်းယာက သတိကြီးစွာဖြင့် မေးလိုက်သည်။

“ဆရာက တကယ်ပဲ ကျွန်မရဲ့ အဒေါ်လားဟင်”

“ဟုတ်တယ်။ ငါ မင်းအဖေကို မနှစ်သက်ပေမဲ့ မင်းကတော့ သံသယဖြစ်စရာမလိုအောင်ကို ငါ့ရဲ့ တူမအရင်းပဲ”

ပင်းယန် စံအိမ်သခင်အကြောင်းကို ပြောလိုက်သည့်အချိန်တွင် မျက်နှာ အုံ့မှိုင်းသွားသော်လည်း ပင်းယာကို ကြည့်သော အကြည့်များက နူးညံ့ပျော့ပျောင်းနေဆဲပင်။

ဤသည်ကို မြင်သော် ပင်းယာ ထပ်မံမေးမြန်းလိုက်သည်။

“အဒေါ်... ကျွန်မ အဒေါ် ကို ဖက်လို့ရမလားဟင်”

“အမ်”

ပင်းယန်မှာ ဤကဲ့သို့သော တောင်းဆိုမှုမျိုးကို သေချာပေါက် မမျှော်လင့်ထားမိ။

ပင်းယာ အလျင်အမြန် ရှင်းပြသည်။

“အဒေါ်... ကျွန်မ ငယ်ငယ်လေးကတည်းက မိသားစုထဲက အကြီးအကဲတစ်ယောက်ရဲ့ ဖက်တာကို တစ်ခါမှ မခံခဲ့ရဖူးဘူး။ အမေ့ကိုတောင်မှ ကျွန်မ အဝေးကနေပဲ လှမ်းကြည့်ခဲ့ရတာ။ အမေ ကွယ်လွန်သွားတဲ့အချိန်အထိပေါ့။ အဲဒီအချိန်တုန်းကပဲ ကျွန်မ အမေ့ကို တစ်ခါပဲ ဖက်ဖူးခဲ့တာပါ”

ဤသည်ကို ကြားရသော် ပင်းယန်၏ မျက်လုံးများတွင် မျက်ရည်များက ချက်ချင်းပင် ဝဲတက်လာတော့သည်။

သူမနှင့် တူညီသော သို့မဟုတ် ပို၍ပင် ဆိုးရွားလှသော ဤဝမ်းနည်းစရာ ကံကြမ္မာတူ ကလေးမလေးကို ဖက်ဖို့ရာ လက်မောင်းများကို တက်ကြွစွာ ဖွင့်ဟလိုက်သည်။

မကြာမီပင် တုန်ရင်နေသော လက်တစ်ဖက်က သူမကို တင်းကျပ်စွာ ပွေ့ဖက်လာသည်ကို ခံစားလိုက်ရပြီး ခဏအကြာတွင် မျက်ရည်စက်များက ပုခုံးပေါ်သို့ ကျဆင်းလာသည်ကို သတိပြုမိလိုက်သည်။

“ယာအာ အဒေါ် ရှိနေပြီဆိုတော့ မင်းကို ဘယ်သူမှ ထပ်ပြီး အနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူး”

ပင်းယာ တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။

“ဟုတ်။ ယာအာလည်း အဒေါ်ရဲ့ ဂုဏ်ယူစရာလေး ဖြစ်အောင် ကြိုးစားကျင့်ကြံပါမယ်”

အခန်း (၄၈၀)

ထိုနေ့ မွန်းလွဲပိုင်းတွင်

ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ ကြေညာချက်အချို့ းကို ထုတ်ပြန်ခဲ့သည်။

ပထမအချက်

စံအိမ်သခင်သည် ကျန်းမာရေးချို့တဲ့မှုကြောင့် လာမည့်လအနည်းငယ်အတွင်း ယာယီ တံခါးပိတ်ကျင့်ကြံခြင်းမည်ဖြစ်၏။

အရေးကိစ္စအားလုံးကို အကြီးအကဲများကောင်စီက လွှဲပြောင်းစီမံခန့်ခွဲလိမ့်မည်။

ဒုတိယအချက်

စံအိမ်သခင်ငယ်နှင့် သခင်မလေးတို့သည် အခြေအနေများကို မမျှမတ စီမံခဲ့ပြီး မး သွေးသားရင်းခြာအပေါ် နှိပ်စက်ညှဉ်းပန်းခဲ့ကြ၏။ ထို့ကြောင့် သူတို့အားကိုယ်ပိုင် အဆောင်များ၌ သုံးနှစ်တိတိ အကျယ်ချုပ်ချုပ်ထားလိုက်သည်။

တတိယအချက်

ပင်းယာကို မိသားစုမျိုးရိုးမှတ်တမ်း၌ တရားဝင် အမည်စာရင်းသွင်းလိုက်သည်။

ဤသတင်းသည် ပြင်းထန်အေးခဲတောင်တန်းစံအိမ်၌ ကြီးမားသော ဝေဖန်ဆွေးနွေးမှု သို့မဟုတ် အငြင်းပွားမှုများကို ဖြစ်ပေါ်မလာစေခဲ့ချေ။

လူတိုင်း၏ အမြင်တွင် ဤသည်က အလွန်ပင် သဘာဝကျလှ၏။ တစ်စုံတစ်ဦးက အမှားလုပ်မိခဲ့လျှင် အပြစ်ပေးခံရမည်သာ။

ဧည့်သည်ဆောင်အတွင်း၌ ပင်းယန်သည် ကြေညာချက်သုံးခုကို ကြည့်ကာ သူမ၏ နှုတ်ခမ်းထောင့်ကို အနည်းငယ် ပင့်တင်လျက် အေးစက်သောအပြုံးတစ်ခုကို ဖော်ထုတ်လိုက်သည်။

“ဒီလူတွေကတော့ တကယ့်ကို အရေးကြီးတဲ့အချက်ကို ရှောင်လွှဲပြီး သာမန်ကိစ္စတွေကိုပဲ အာရုံစိုက်နေကြတာ။ ဒီနေ့ သူတို့ကို ပေးခဲ့တဲ့ သင်ခန်းစာက မလုံလောက်သေးတဲ့ပုံပဲ”

ချူဖုန်းက ပြုံးလျက် ပြောလိုက်သည်။

“မိန်းမ စိတ်မဆိုးပါနဲ့။ ဒါက သူတို့ မနာသေးဘူးဆိုတာကို ပြနေတာ။ ယာအာ တကယ်ပဲ ကြီးပြင်းလာတဲ့ အခါကျရင် သူတို့တွေ နာကျင်မှုဆိုတာ ဘယ်လိုလဲ သိသွားကြလိမ့်မယ်”

ဤသည်ကို ကြားရသော် ပင်းယန် ပင်းယာကို ကြည့်လိုက်၏။

“မင်းကော ဘာလုပ်သင့်တယ်လို့ ထင်လဲ”

ပင်းယာ ရိုသေစွာ ပြန်ဖြေလိုက်သည်။

“တပည့် ဆရာ့အမိန့်အတိုင်း နာခံပါ့မယ်”

သူတို့နှစ်ဦးအကြား၌ ပြင်ပလူများရှေ့တွင် ဆရာ၊ တပည့်အဖြစ် ခေါ်ဝေါ်ကြရန်နှင့် နှစ်ဦးတည်းရှိချိန်တွင်သာ အဒေါ်နှင့်တူမအဖြစ် ခေါ်ဝေါ်ရန် လျှို့ဝှက်သဘောတူညီချက်တစ်ခု ရှိထားကြသည်။

ပင်းယန် သူမ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးရင်း ပြော၏။

“ယာအာ ငါက ပြင်းထန်အေးခဲတောင်တန်းစံအိမ်က လူမဟုတ်ဘူး။ ဒါကြောင့် မင်းကို ဘာမှ အတင်းအကျပ် မလုပ်ခိုင်းပါဘူး။ မင်းအနေနဲ့ ပိုင်ဆိုင်တဲ့အရာအားလုံးကို ပြန်မလုယူချင်ဘူး၊၊ မင်းအမေအတွက်လည်း ကလဲ့စားမချေချင်ဘူးဆိုရင် ဝမ်တောက်ကျောင်းတော် မှာပဲ မင်းရဲ့ ဘဝကို အေးအေးလူလူ ကုန်‌ဆုံးနိုင်ပါတယ်”

“ကျွန်မ...”

ပင်းယာ၏ နှလုံးသားသည် ယခုအခါ ပြာယာခပ်နေပြီး မည်သို့ရွေးချယ်ရမည်ကို မသိဖြစ်နေတော့သည်။

ချူဖုန်းက သူမ၏စိတ်ထဲရှိအရာကို မြင်လိုက်သဖြင့် ပြုံးလိုက်၏။

“ကောင်မလေး မင်းရဲ့ နှလုံးသားနောက်ကို လိုက်ပါ။ မင်း ပိုပြီး သန်မာလာတဲ့အခါကျရင် လုပ်ချင်တာမှန်သမျှကို လုပ်နိုင်လိမ့်မယ်”

“ကျေးဇူးတင်ပါတယ် ဆရာဦး‌လေး”

ပင်းယာ ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။

သိုင်းလေ့ကျင့်ရေးကွင်းပြင်မှ တပည့်လက်ခံသည့် အခမ်းအနားသည် ပြင်းထန်အေးခဲတောင်တန်းစံအိမ်တစ်ခုလုံးအပေါ် ကြီးမားသော သက်ရောက်မှု ရှိခဲ့သည်။

မကြာမီ ကျင်းပတော့မည့် နှစ်ခြောက်ဆယ်တစ်ကြိမ် ကျင်းပသော ကျားဇီမဟာပြိုင်ပွဲကြီးပင် သက်ရောက်မှု ခံရလေ၏။ ယခုအခါ စံအိမ်သခင် တက်ရောက်နိုင်ခြင်းမရှိတော့သဖြင့် သူ့ရာထူးနေရာတွင် မည်သူ ထိုင်မည်နည်းဟူသည်မှာ ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာသည်။

ကျိုးကြောင်းဆင်ခြင်ရလျှင် စံအိမ်သခင်မရှိပါက စံအိမ်သခင်ငယ်က ထိုနေရာတွင် ထိုင်ရမည်ဖြစ်သော်လည်း ယခုအခါ စံအိမ်သခင်ငယ်မှာလည်း အကျယ်ချုပ် ကျခံနေရသည်။

ခဏတာမျှတော့ သူတို့က မည်သူ့ကို ဤနေရာတွင် ထိုင်ခိုင်းရမည်ကို မသိဖြစ်နေကြ၏။

ဆွေးနွေးတိုင်ပင်ပြီးနောက် အကြီးအကဲများသည် မျက်နှာထူထူဖြင့်သာ ဧည့်သည်ခြံဝင်းသို့ ရောက်ရှိလာပြီး ပင်းယန်ထံ လာရောက်ဂါရဝပြုကြသည်။

“မဟာပြိုင်ပွဲကြီးအတွင်းမှာ ကျွန်မကို စံအိမ်သခင် နေရာမှာ ထိုင်ခိုင်းချင်တာလား”

အကြီးအကဲများ၏ စကားကို နားထောင်ပြီးနောက် ပင်းယန် ခပ်အေးအေးပင် ပြန်မေးလိုက်သည်။

ကိုးယောက်မြောက်ဦးလေးက ဆိုသည်။

“ဟုတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက စံအိမ်သခင်ရဲ့ ပင်မသွေးမျိုးဆက်က သမီးအရင်းပဲလေ”

“အခုမှပဲ ကျွန်မကို ပင်မသွေးမျိုးဆက် သမီးအရင်းလို့ သတိရကြတာကို”

ပင်းယန် တမင်တကာ စကားကို ခဏဖြတ်လိုက်၏။

“မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ နယ်မြေကလွဲလို့ ကျန်တဲ့ တိုက်ပွဲဆုလာဘ်အားလုံးကို ကျွန်မတို့ ယူမယ်”

“ရပါတယ်။ ရပါတယ်”

ကိုးယောက်မြောက်ဦးလေး နှမြောတသဖြစ်သော မျက်နှာထားဖြင့် ပြောလိုက်ရသည်။

ဤတိုက်ပွဲကြီးသည် အင်အားစုအသီးသီးအကြား နယ်မြေလုသည့် တိုက်ပွဲတစ်ခုသာမကဘဲ အလောင်းအစားလုပ်ထားသော ရတနာများအတွက် တိုက်ပွဲလည်း ဖြစ်သည်။

ထိုရတနာတစ်ခုချင်းစီသည် အဓိကအင်အားစုများအကြား တန်ဖိုးကြီးလှသော ပစ္စည်းများ ဖြစ်ကြ၏။

“ကောင်းပြီ၊ ဒါဆိုရင် ဒီကိစ္စ ပြတ်ပြီ။ ရှင်တို့ သွားနိုင်ကြပြီ”

ကိစ္စပြီးသွားသောအခါ ပင်းယန်က ဧည့်သည်များကို ပြန်ရန် အမိန့်ပေးလိုက်တော့သည်။

အခန်းထဲရှိ အကြီးအကဲများသည် စိတ်ထဲမှ တိုးတိုးလေး သက်ပြင်းချလိုက်မိကြသည်။

“ဟုတ်ကဲ့ပါ”

သူတို့ ဧည့်သည်ခြံဝင်းမှ ထွက်ခွာသွားပြီးနောက်တွင် စတင်ညည်းတွားကြလေတော့၏။

“ကျားဇီယှဉ်ပြိုင်ပွဲကြီးမှာ အပြင်ကရန်သူတွေနဲ့ မ‌တွေ့ရတင်မှာ ငါတို့ရဲ့ အတွင်းပိုင်းက ကစဉ်ကလျား ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး”

“ဟုတ်ပါ့။ ဒါက ငါတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်အတွက် ကောင်းတာလား၊၊ ဆိုးဆာလားဆိုတာတောင် မသိတော့ဘူး”

“ကောင်းကျိုးလား ဆိုးကျိုးလားတော့ မသိဘူး ဒါပေမဲ့ ငါတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကတော့ တခြားမိသားစုတွေရဲ့ အမြင်မှာ ရယ်စရာအဖြစ် ပြောင်းလဲသွားပြီ ထင်တယ်”

“…”

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ခြောက်ဆယ် တစ်ကြိမ်ကျင်းပသော ကျားဇီပြိုင်ပွဲ ရောက်ရှိလာသည်။

နံနက်စောစောတွင် ချူဖုန်း ပင်းယန်၏ တိုက်တွန်းမှုကြောင့် နိုးလာခဲ့လေ၏။ သူတို့နှစ်ဦးစလုံး အကောင်းဆုံး ဝတ်စုံများကို ဝတ်ဆင်ပြီးနောက် အဆောင်အတွင်းမှ ထွက်လာကြသည်။

သူတို့ ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ပြင်ပမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။

“ကျွန်တော်မျိုးတို့ သခင်မလေးနဲ့ သခင်လေးကို ရိုသေစွာ ဖိတ်ကြားအပ်ပါတယ်”

“ထကြပါ”

ပင်းယန် ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။

ချူဖုန်း ပြုံးလိုက်၏။

“ငါ ဒီအသက်အရွယ်အထိ ရောက်နေပြီဖြစ်တာတောင် လူတွေက ငါ့ကို သခင်လေးလို့ ခေါ်တာမျိုး ကြားရဦးမယ်လို့ မထင်ထားဘူး”

သူ့ဘေးနားရှိ မဟာပဏ္ဍိတရွှေတောင်ပံ ပြုံးပြီး စနောက်လိုက်သည်။

“အစ်ကိုကြီးအနေနဲ့ ကိုယ့်ထက် အသက်ရာချီ ကြီးတဲ့ တာအိုမိတ်ဆွေ အချို့ကို ထပ်ရှာလို့ရသေးတာပဲ။ ဒါဆိုရင် အဘိုးကြီးတွေက အစ်ကိုကြီးကို သခင်လေးလို့ ခေါ်ကြဦးမှာပေါ့”

ဤစကားလုံးများ ထွက်လာသည်နှင့် မဟာပဏ္ဍိတရွှေတောင်ပံ သူ့အပေါ်သို့ သတ်ဖြတ်လိုသော အကြည့်တစ်ချက် ကျရောက်လာသည်ကို ခံစားလိုက်ရ၏။

ချူဖုန်း စကားတစ်ခွန်းမှ မပြောဘဲ ပြုံးလျက် ပင်းယန်၏ လက်ကို ဆွဲကာ တပည့်အုပ်စု၏ ဝိုင်းရံမှုဖြင့် ပြင်ပသို့ လျှောက်လှမ်းသွားလိုက်သည်။

ခဏအကြာတွင် သူတို့နှစ်ဦး ပင်မခြံဝင်းတံခါးဝ၌ စုဝေးနေကြသော ပင်းမိသားစုဝင်များကို တွေ့လိုက်ရ၏။

“သခင်မလေး... သခင်လေး... ကျေးဇူးပြုပြီး ဝေါယာဉ်ပေါ် ကြွပါ”

ကိုးယောက်မြောက်ဦးလေး ကျွမ်းကျင်သောအမူအရာဖြင့် ပြောလိုက်သည်။

ချူဖုန်း သူညွှန်ပြရာသို့ ကြည့်လိုက်ရာ အဝေးတွင် နှင်းနဂါးပေါက် ရှစ်ကောင် ဆွဲလာသော ဝေါယာဉ်တစ်စီး ရပ်တန့်နေသည်ကို တွေ့လိုက်ရသည်။

လင်မယားနှစ်ဦးစလုံး အားနာမနေတော့ဘဲ ဝေါယာဉ်ထံ တိုက်ရိုက်ပင် လျှောက်လှမ်းသွားကြတော့၏။

သူတို့ ဝေါယာဉ်ပေါ်သို့ တက်ပြီးနောက် ပင်းမိသားစုဝင်အချို့က မောင်းနှင်ရန် ကြိုးစားကြသော်လည်း မဟာပဏ္ဍိတရွှေတောင်ပံ၏ စူးစိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် နောက်သို့ ဆုတ်ခွာသွားကြရသည်။

“မင်းတို့က ဘယ်လို အဆင့်အတန်းမို့လို့ ဒီမဟာပဏ္ဍိတနဲ့ တန်းတူ ထိုင်ချင်ရတာလဲ”

ပင်းမိသားစုမှ အကြီးအကဲ စိတ်ပျက်အားလျော့သော မျက်နှာထားဖြင့် ရိုသေစွာ ပြောလိုက်သည်။

“မဟာပဏ္ဍိတကြီး ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်တော်မျိုး ရိုင်းပျမိသွားပါတယ်”

ချူဖုန်းကော ပင်းယန်ပါ သူတို့ကို မတားဆီးကြဘဲ ဝေါယာဉ်အတွင်း၌ မျက်လုံးမှိတ်ကာ ငြိမ်သက်စွာ အနားယူနေကြသည်။

မကြာမီ ဝေါယာဉ်သည် ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ ထွက်ခွာပြီး ဝေဟင်သို့ ပျံသန်းသွားခဲ့တော့သည်။

ဝေါယာဉ်သည် တိမ်တိုက်များအကြား ဖြတ်သန်းသွားလာနေပြီး ချူဖုန်းက ပြတင်းပေါက်မှတစ်ဆင့် တိမ်တိုက်ရှုခင်းများကို ကြည့်ကာ ပြောလိုက်သည်။

“ငါ့ရဲ့ ဟန်ထုတ်မှုက လိုနေသေးတဲ့ပုံပဲ။ ပင်းမိသားစုရဲ့ ဒီလို စီစဉ်မှုမျိုးကတော့ သဘောကျစရာတော့ကောင်းသား”

ဤသည်ကို ကြားရသော် မဟာပဏ္ဍိတရွှေ‌တောင်ပံ ပြုံးလိုက်သည်။

“အစ်ကိုကြီး... အစ်ကိုကြီးလည်း နဂါးပေါက်ရှစ်ကောင်ဆွဲတဲ့ ဝေါယာဉ်မျိုးကို ရချင်လို့လား”

ချူဖုန်း

“နဂါးစစ်စစ်ကိုးကောင် ဆွဲတဲ့ ဝေါယာဉ်မျိုးဆိုရင်တော့ ပိုပြီး သင့်တော်တာပေါ့။ နဂါးပေါက် ရှစ်ကောင်ကတော့ အဆင့်အတန်း မရှိလှဘူး”

“ဒါဆိုရင် ကျွန်တော်တို့ ပြန်ရောက်တဲ့အခါ အဆုံးမဲ့ပင်လယ်ကို သွားပြီး မဟာပဏ္ဍိတ နဂါးကိုးကောင်လောက်ကို သွားဖမ်းရမလား”

မဟာပဏ္ဍိတရွှေ‌တောင်ပံ စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“မင်းကတော့ ငါ့ကို အမြဲတမ်း အကြံဆိုးတွေပဲ ပေးနေတာပဲ”

သူ့ကို ဟောက်လိုက်ပြီးနောက် ချူဖုန်း ခပ်အေးအေးပင် ဆိုလိုက်သည်။

“ဒါပေမဲ့ မင်းပြောတာလည်း အဓိပ္ပာယ်ရှိပါတယ်။ ငါတို့ နဂါးနန်းတော် နဲ့ ကောင်းကောင်းမွန်မွန် ဆက်သွယ်ဖို့ပဲ လိုတာပါ”

သူတို့နှစ်ဦးသည် လမ်းခရီးတစ်လျှောက် ပေါ့ပေါ့ပါးပါး စကားပြောဆိုရင်း တိမ်တိုက်များကို စီးနင်းကာ အနောက်ဘက်သို့ ပျံသန်းလာကြသည်။

နာရီဝက်ခန့်အကြာတွင် ရိုသေသောအသံတစ်သံ ထွက်ပေါ်လာလေ၏။

“မဟာပဏ္ဍိတမိုးမြေ ကျွန်တော်တို့ သွားရမဲ့ နေရာကို ရောက်ခါနီးပါပြီ”

ချူဖုန်း ပြောလိုက်သည်။

“အင်း ရွှေတောင်ပံ။ မင်း လိုက်ခဲ့”

“ကောင်းပါပြီ”

မဟာပဏ္ဍိတရွှေ‌တောင်ပံ ပြန်လည်ဖြေကြားပြီးနောက် တိမ်တိုက်များပေါ်မှ အောက်သို့ ပျံသန်းဆင်းသက်သွား၏။

အချိန်ခဏအကြာတွင် ချူဖုန်း အဆုံးအစမရှိသော သဲကန္တာရကြီးတစ်ခုကို တွေ့လိုက်ရပြီး လေထုအတွင်းရှိ အပူချိန်မှာလည်း စတင်မြင့်တက်လာတော့သည်။

“ဒီပြိုင်ပွဲကို လျှိုလန်သဲကန္တာရမှာ ကျင်းပလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ယခုအချိန်အထိ စကားမပြောခဲ့သော ပင်းယန် ထူးဆန်းစွာ ပြောလိုက်၏။

“ပြိုင်ပွဲကြီးကို ဒီမှာပဲ အမြဲတမ်း ကျင်းပခဲ့တာပါ။ ပထမအချက်က ဒါက အဓိကအင်အားစုအချို့ရဲ့ နယ်စပ်ချင်း ဆုံရာနေရာဖြစ်လို့ပဲ။ ဒုတိယအချက်က ဒီမှာ သက်ရှိသတ္တဝါ သိပ်မရှိတာကြောင့် ဒီမှာ တိုက်ခိုက်ရင် အပြစ်မဲ့တဲ့ သတ္တဝါတွေကို သက်ရောက်မှု မရှိစေလို့ပဲ”

ချူဖုန်း သက်ပြင်းချလိုက်သည်။

“အဓိကအင်အားစုတွေက ဒီလောက်အထိ သနားကြင်နာတတ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ပတ်ဝန်းကျင် အပူချိန် ကျဆင်းသွားသည်နှင့် ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ အဖွဲ့မှာ သဲကန္တာရဆီသို့ တဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။

“ရပ်စမ်း”

အဖွဲ့၏ ရှေ့မှ ကျယ်လောင်သော အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာခဲ့ပြီး မဟာပဏ္ဍိတရွှေ‌တောင်ပံ သူ၏ အရှိန်အဝါကို သုံးကာ နဂါးပေါက်ရှစ်ကောင်ကို လွှမ်းမိုးလိုက်၏။ သူတို့သည် သဲကန္တာရပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် ဆင်းသက်သွားကြပြီး မလှုပ်ရဲကြတော့ချေ။

ချူဖုန်း ဝေါယာဉ်အတွင်း၌ ငြိမ်သက်စွာ ထိုင်ကာ ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ ကျင့်ကြံသူများ အခြေအနေကို လာရောက်အစီရင်ခံမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

မကြာမီ ဝေါယာဉ်ပြင်ပမှ ရင်းနှီးလှသော ကိုးယောက်မြောက်ဦးလေး၏ အသံက ထွက်ပေါ်လာခဲ့သည်။

“သခင်မလေး... သခင်လေး... ပြိုင်ပွဲကျင်းပမဲ့ နေရာက ရှေ့(၁၀)မိုင်ခန့်အကွာမှာ ရှိပါတယ်။ ကျွန်တော်တို့ ဘယ်နေရာမှာ စခန်းချရမလဲ”

ပင်းယန် ခပ်အေးအေးပင် ဆိုလိုက်သည်။

“ကိုးယောက်မြောက်ဦးလေး... ဦးလေးပဲ ဆုံးဖြတ်လိုက်ပါ”

“ဟုတ်ကဲ့ပါ”

ကိုးယောက်မြောက်ဦးလေး ပြန်လည်ဖြေကြားပြီး စိတ်ထဲမှ တွေးမိသည်။

‘ယန်အာကတော့ အရင်အတိုင်းပဲ။ အရာအားလုံးအပေါ် အေးစက်နေတုန်းပဲ၊၊ ဒါပေမဲ့ ဒါကလည်း ကောင်းပါတယ်’

သူက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“လူတိုင်း... ငါ့အမိန့်ကို နားထောင်ကြ။ ရှေ့ကို(၉)မိုင်လောက် ဆက်သွားပြီး လျှိုလန်မြို့ဟောင်းရဲ့ ပြင်ပမှာ စခန်းချကြမယ်”

“ဟုတ်ကဲ့ပါ”

ပြန်လည်ဖြေကြားပြီးနောက် ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ တပည့်များ သူတို့ခရီးကို ဆက်လက်လျှောက်လှမ်းခဲ့ကြသည်။

အမွှေးတိုင်တစ်တိုင်စာ အချိန်ခန့်အကြာတွင် ခရီးမှာ ရပ်တန့်သွားပြီး စခန်းချကြတော့သည်။

ချူဖုန်း ဝေါယာဉ်ပေါ်မှ ဆင်းလိုက်သောအခါ အဝေးရှိ သဲဝါများအကြားတွင် ပျက်စီးယိုယွင်းနေသော မြို့ဟောင်းကြီးတစ်ခု တည်ရှိနေသည်ကို တွေ့လိုက်ရလေ၏။

လျှိုလန်မြို့ဟောင်းနှင့် ပတ်သက်ပြီး သူက ဝမ်တောက်ကျောင်းတော်၌ မှတ်တမ်းများစွာကို ဖတ်ဖူးထားသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းခန့်က ဤလျှိုလန်သဲကန္တာရကြီး ရှိမနေခဲ့ဟု ဆိုကြသည်။ ထိုအစား လျှိုလန်မြို့ဟောင်း၏ မြို့တော်ဝန်သည် နတ်ဆိုးကျင့်စဉ်တစ်ခုကို ကျင့်ကြံလိုသဖြင့် ကမ္ဘာခြားနတ်ဆိုးများကို ဆင့်ခေါ်ရန်အတွက် မြို့တစ်ခုလုံးကို ယဇ်ပူဇော်ခဲ့ရာ ဤမြို့နှင့် ၎င်း နယ်မြေတစ်ခုလုံး သဲဝါများအဖြစ် ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်သည်။

ကမ္ဘာခြားနတ်ဆိုးများ မျိုးတုံးသွားခဲ့ပြီးနောက် လျှိုလန်မြို့ဟောင်းသည်လည်း မြို့ ‌‌သေတစ်မြို့ ဖြစ်လာ၏။

လောဘရမ္မက်ကြီးသော ကျင့်ကြံသူအချို့ ရံဖန်ရံခါ လျှိုလန်မြို့ဟောင်းအတွင်းသို့ စွန့်စားဝင်ရောက်ကြသည်မှလွဲ၍ တခြားအချိန်များတွင် ကျင့်ကြံသူများ ရှိမနေတတ်ချေ။

သို့သော် ယခုအခါတွင်မူ လျှိုလန်မြို့ဟောင်း၏ ပတ်ဝန်းကျင်မှာ အလွန်အမင်း စည်ကားနေတော့သည်။

ချူဖုန်း သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ အင်အားစုကြီးငယ်တို့ကို တွေ့လိုက်ရ၏။

သူ့နတ်ဘုရားအာရုံ ပြန်မသိမ်းရသေးခင် အဖွဲ့တစ်ခု ချဉ်းကပ်လာနေသည်ကို သူ ခံစားမိလိုက်သည်။

ချူဖုန်းက နတ်ဘုရားအာရုံကို ထိုလူများထံသို့ လွှဲပြောင်းလိုက်ရာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်လောက်သော ကြီးမားလှသော စစ်တပ်ကြီးတစ်ခု ပြင်းထန်အေးခဲတောင်တန်းစံအိမ်ထံ ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရသည်။

တခြားသော အဖွဲ့များလည်း ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ စခန်းဆီသို့ ချဉ်းကပ်လာနေကြပြီး တစ်ဖွဲ့တည်း မဟုတ်ချေ။

သူ စစ်ဆေးကြည့်လိုက်ရာ အဖွဲ့များအတွင်း၌ မဟာပဏ္ဍိတများ ရှိမနေကြသဖြင့် သူတို့သည် ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ လက်အောက်ခံ အင်အားစုများ ဖြစ်ကြပေလိမ့်မည်။

တစ်ချိန်တည်းပင် ဝတ်စုံဖြူဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ စခန်းပြင်ပ၌ ရပ်တန့်ကာ ရိုသေစွာ ပြောလိုက်သည်။

“မြောက်ပိုင်းအမဲလိုက်နိုင်ငံတော်ရဲ့ သံတမန်က လာရောက်ဂါရဝပြုပါတယ်”

All Chapters