အခန်း ၄၆၄
Vol. 47 Ch. 464
အခန်း (၄၆၄) - ၀င်စားခြင်းအဆင့်သို့တက်လှမ်းခြင်း၊ ဝင်စားခြက်းအဆင့် အထွတ်အထိပ်(၁)
အရိုးစုရှစ်ခုပေါ်တွင် မှောင်မိုက်သော ရွှေရောင်အလင်းတန်းများ စီးဆင်းနေသည်။ ထိုရွှေရောင်အလင်းတန်းများကို အချိန်ကာလ၏ ဖြတ်သန်းမှုကပင် မဖျက်ဆီးနိုင်ခဲ့ပေ။
ဖော်ပြ၍မရနိုင်သော ခမ်းနားကြီးကျယ်မှု တစ်ခုက တိတ်ဆိတ်စွာ ဖြာထွက်နေပြီး အရိုးမြှုပ်ရာ ခန်းမတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။
ဤအရိုးစုရှစ်ခုသည် ယခင်အရိုးစုများနှင့် အလွန်ကွာခြားနေကြောင်း ထင်ရှားလှပေသည်။
လင်းတုန်၏ မျက်လုံးအိမ်များမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“ဒါတွေက ဒဏ္ဍာရီထဲက မူလနဂါးအရိုးတွေပဲ”
ကြေးဝါစင်မြင့်ရှစ်ခု၏ ဘေးတွင် အခြားသော ကြေးဝါစင်မြင့်လေးခုလည်း ရှိနေသေးသည်။ သို့သော် ထိုလေးခုပေါ်တွင်မူ မည်းနက်သော အရိုးစုလေးခုသာ ထိုင်နေကြသည်။ ၎င်းတို့အတွင်း ပါဝင်သော စွမ်းအားမှာ ရှေ့ရှိ မူလနဂါးအရိုးရှစ်ခုထက် များစွာ နိမ့်ကျနေပေသည်။
လင်းတုန်က တွေဝေစွာ မေးလိုက်သည်။
“ဒီလေးခုက ဘာဖြစ်လို့လဲ”
ဝူယွမ်က အကဲခတ်ကြည့်ပြီးနောက် ရှင်းပြလိုက်သည်။ “ဒီလေးခုကလည်း မူလနဂါးအရိုးတွေပဲ၊ ဒါပေမဲ့ သူတို့အထဲက စွမ်းအားတွေက စုပ်ယူခံလိုက်ရပြီ၊ ဒီလို မူလနဂါးအရိုးမျိုးတွေရဲ့ စွမ်းအား စုပ်ယူခံလိုက်ရရင်တောင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားမှာ မဟုတ်ဘူး။
သူတို့က ဒီနဂါးအသွင်ပြောင်းရေကန်ရဲ့ စွမ်းအင်တွေကို တိတ်တဆိတ် ဆက်ပြီး စုပ်ယူနေဦးမှာပဲ။ တစ်နေ့ကျရင်တော့ မူလနဂါးအရိုးတွေအဖြစ် တစ်ဖန်ပြန်လည် ပြောင်းလဲလာကောင်း ပြောင်းလဲလာလိမ့်မယ်”
လင်းတုန်က သဘောပေါက်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒီလိုဆိုရင်တော့ နဂါးမျိုးနွယ်စုရဲ့ မူလနဂါးအရိုးတွေက လျော့သွားမှာမဟုတ်ဘဲ တိုးလာမှာပဲပေါ့။ နဂါးမျိုးနွယ်စုက ဒီလောက်အစွမ်းထက်ပြီး လွှမ်းမိုးနိုင်တဲ့အနေအထားကို အမြဲတမ်း ထိန်းသိမ်းထားနိုင်တာ အံ့သြစရာ မရှိတော့ပါဘူး”
“အို...”
ရုတ်တရက် လင်းတုန် သတိထားမိလိုက်သည်မှာ အရိုးမြှုပ်နှံရာခန်းမ၏ အပြင်ဘက်ရှိ ထောင်ပေါင်းများစွာသော အရိုးစုများသည် တင်ပျဉ်ခွေထိုင်နေကြသော်လည်း ၎င်းတို့ရှိရာသို့ ဦးညွှတ်နေကြခြင်းပင်။
ပိုမို တိကျစွာ ဆိုရလျှင် ဤနေရာရှိ မူလနဂါးအရိုး ဆယ့်နှစ်ခုဆီသို့ ဦးညွှတ်နေကြခြင်းဖြစ်သည်။
လင်းတုန်က မူလနဂါးအရိုး ဆယ့်နှစ်ခုကို ကြည့်လိုက်ရာ ၎င်းတို့ကလည်း ဦးတည်ရာ တစ်ခုတည်းသို့ မျက်နှာမူနေကြကြောင်း တွေ့ရှိလိုက်ရသည်။
မူလနဂါးအရိုးဆယ့်နှစ်ခု ဦးညွှတ်နေသော လားရာအတိုင်း သူ လိုက်ကြည့်လိုက်ရာ ချက်ချင်းပင် ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုကို တွေ့ရှိလိုက်ရသည်။
လင်းတုန် တံတွေးတစ်ချက် မျိုချလိုက်ပြီး ထိုဦးတည်ရာသို့ လက်ညှိုးထိုးကာ မေးလိုက်သည်။
“အစ်ကိုကြီး... အဲဒါဘာကြီးလဲ”
ထိုနေရာတွင် မားမားမတ်မတ်ရပ်တည်နေသော ဧရာမတိုင်ကြီးတစ်ခု ရှိနေသည်။ ထိုတိုင်ကြီးကို ရွှေလည်းမဟုတ်၊ သစ်သားလည်းမဟုတ်သော အထူးပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားပြီး ပျံသန်းနေသော ဧရာမနဂါးကြီးများ၏ ပုံစံအမျိုးမျိုးဖြင့် ဖုံးလွှမ်းထားသည်။
ထိုတိုင်ကြီးကို ကြည့်လိုက်ရုံမျှဖြင့် လင်းတုန်မှာ ရင်ခုန်သံမြန်လာသကဲ့သို့ ခံစားလိုက်ရသည်။
ဝူယွမ်နှင့် လင်းတုန်တို့သည် တစ်ပြိုင်နက်တည်း အထက်သို့မော့ကြည့်လိုက်ပြီး တိုင်ကြီးအပေါ်သို့ အကြည့်ရောက်သွားကြ၏။
၎င်းတို့၏ စူးရှသော အကြည့်များက ကျန်းတစ်ထောင်ခန့် မြင့်မားသော တိုင်ကြီး၏ ထိပ်ဖျားဆီသို့ တိုက်ရိုက်ဦးတည်သွားရာ ထိုနေရာတွင် ပုံရိပ်တစ်ခုကို ဝိုးတဝါး မြင်တွေ့လိုက်ရသည်။
ထိုပုံရိပ်ကို ကြည့်လိုက်ရုံမျှဖြင့် ပြင်းထန်သော ဖိအားတစ်ခုကို သူတို့ ခံစားလိုက်ရပြီး ယခင်က အမှောင်သခင်ကို ရင်ဆိုင်ခဲ့ရစဉ်ကထက်ပင် ပိုမိုပြင်းထန်နေလေသည်။
ထိုပုံရိပ်မှာ အတော်လေးသွယ်လျပုံရပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော စွမ်းအားကို ညွှန်ပြနေသည့် မည်းမှောင်သော ရွှေရောင်တောက်ပမှုမျိုးမရှိပေ။
သို့သော် သူ့ကို အထင်သေးဝံ့စေမည့် အရိပ်အယောင်မျိုးလည်း လုံးဝ မရှိခဲ့ပေ။
အရိုးစုကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လောကတွင် အပြစ်ကင်းစင်ဆုံးသော ကျောက်စိမ်းတစ်ခုကဲ့သို့ ကြည်လင်တောက်ပနေသည်။
အနီးကပ် သေချာကြည့်မည်ဆိုလျှင် အရိုးများအတွင်း၌ ကျောက်စိမ်းသွေးကြောပုံစံများကိုပင် ဝိုးတဝါး မြင်တွေ့နိုင်ပေသည်။ ယခင် နဂါးအရိုးများနှင့် မတူဘဲ ဤအရာမှာ လူသားတစ်ဦး၏အရိုးစုနှင့် ပိုတူနေလေသည်။
တစ်ခုတည်းသော ထူးခြားချက်မှာ ဤကျောက်စိမ်းနှင့်တူသော အရိုးစု၏ လက်ဖဝါးနှစ်ဖက်တွင် ကြည်လင်တောက်ပနေသော အရိုးလက်ချောင်း ခြောက်ချောင်းစီ ရှိနေခြင်းပင်။
လင်းတုန်က ထိတ်လန့်တကြားမေးလိုက်သည်။
“အစ်ကိုကြီး... သူက ဘယ်သူလဲ”
ဝူယွမ်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။
“လက်ခြောက်ချောင်း နတ်နဂါးဧကရာဇ်”
“သားရဲလောကကို တစ်ချိန်က ပေါင်းစည်းပေးခဲ့တဲ့ လူတစ်ယောက်ပဲ”
ဝူယွမ်ကိုယ်တိုင်လည်း ဤလက်ခြောက်ချောင်း နတ်နဂါးဧကရာဇ်အတွက် ထိတ်လန့်အံ့သြမှုများနှင့်အတူ လေးစားချီးကျူးမှုများ ပြည့်နှက်နေမိသည်။
လင်းတုန်ကလည်း လိုက်၍ ရေရွတ်လိုက်သည်။
“သားရဲလောကကို ပေါင်းစည်းခဲ့တယ် ဟုတ်လား”
ဤစကားကြောင့် သူ သိသိသာသာပင် ထိတ်လန့်သွားခဲ့သည်။ ဤစကား၏ အခက်အခဲမှာ လူသားမျိုးနွယ်ကို ပေါင်းစည်းခြင်းနှင့် နှိုင်းယှဉ်နိုင်ပေသည်။
သူတို့သိထားသော သမိုင်းတစ်လျှောက်တွင် အဆောင်ဘိုးဘေးမှလွဲ၍ မည်သူကမျှ ထိုကဲ့သို့ မလုပ်ဆောင်နိုင်ခဲ့ကြပေ။
ထို့အပြင် ရှေးဟောင်းသားရဲလောကသည် လက်ရှိအချိန်ထက် များစွာ ပိုမိုကစဉ်ကလျားဖြစ်နေခဲ့သည်မှာ ထင်ရှားပြီး စစ်ဘုရင်များက အာဏာလုရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြကာ အဓိကမျိုးနွယ်စုများစွာ ရှိနေခဲ့သည်။
၎င်းတို့အထဲတွင် နဂါးမျိုးနွယ်စုထက် အခြေခံအုတ်မြစ်မညံ့ဖျင်းသော အရှင်သခင်မျိုးနွယ်စုကြီးအချို့လည်း ပါဝင်သည်။
နဂါးမျိုးနွယ်စုအနေဖြင့် ၎င်းတို့နှင့် ယှဉ်ပြိုင်ရန် ပြဿနာမရှိသော်လည်း သားရဲလောကတစ်ခုလုံးကို ပေါင်းစည်းပြီး ထိုမာနကြီးသော အရှင်သခင် မျိုးနွယ်စုကြီးများကို အညံ့ခံခိုင်းမည်ဟု ဆိုခြင်းမှာ လုံးဝမဖြစ်နိုင်သော စိတ်ကူးယဉ်အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
သို့သော် လက်ခြောက်ချောင်း နတ်နဂါးဧကရာဇ် ၎င်းကို လုပ်ဆောင်နိုင်ခဲ့ခြင်းက သူ၏အဆင့်အတန်းနှင့် စွမ်းအားမှာ မှန်းဆ၍မရနိုင်လောက်အောင် ကြီးမားလှကြောင်း ပြသနေလေသည်။
ဝူယွမ်က ဆက်ပြောသည်။
“ငါသိထားသလောက်တော့ ရှေးခေတ်ကာလမှာ လက်ခြောက်ချောင်း နတ်နဂါးဧကရာဇ်ရဲ့ စွမ်းအားဟာ သခင်ကြီးရှစ်ပါးထဲမှာတောင် ရေခဲသခင်နဲ့ ဝါးမျိုခြင်းသခင်တို့ကပဲ သူ့ကို သေချာပေါက် အနိုင်ယူနိုင်စွမ်းရှိခဲ့တာ။
ကျန်တဲ့ သခင်ခြောက်ပါးက သူ့ကို အပြတ်အသတ်အနိုင်ရဖို့ ခက်ခဲခဲ့တယ်တဲ့”
လင်းတုန်မှာ ဆွံ့အသွားရသည်။
“သူက ရှေးဟောင်း သခင်ကြီးရှစ်ပါးနဲ့ ယှဉ်နိုင်တဲ့ တည်ရှိမှုမျိုးပါလား”
ကောင်းကင်နှင့် မြေကြီးစစ်ပွဲကြီး၏ နောက်ခံသမိုင်းကို နားလည်ပြီးနောက် ရှေးဟောင်းသခင်ကြီးရှစ်ပါးသည် သူ့နှလုံးသားထဲတွင် အဆောင်ဘိုးဘေးပြီးလျှင် ဒုတိယ အဆင့်အတန်းတစ်ခုသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ဝူယွမ်က ပြုံးကာ မေးလိုက်သည်။
“ဘယ်လိုလဲ... မင်း သူ့ရဲ့အရိုးတွေကို စိတ်ဝင်စားလား”
လင်းတုန်က ပြန်မေးလိုက်သည်။
“အစ်ကိုကြီးကရော... လက်ခြောက်ချောင်း နတ်နဂါးဧကရာဇ်ရဲ့ အရိုးတွေနဲ့ ပေါင်းစပ်ချင်လို့လား”
ဝူယွမ်က ခေါင်းခါပြလိုက်သည်။
“ငါ မဟုတ်ဘူး... မင်းအတွက်လေ”
လင်းတုန်က အံ့အားသင့်သွားပြီး ကိုယ့်ကိုယ်ကို လက်ညှိုးထိုးပြလိုက်သည်။
“ကျွန်တော်”
ဝူယွမ်က ရယ်မောလိုက်သည်။ “ဘာလဲ... မင်း ကြောက်နေတာလား”
လင်းတုန်က ခေါင်းကုတ်ရင်း ပြန်ပြောလိုက်သည်။
“ကြောက်ရမှာလား... သေချာပေါက် မကြောက်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က ဒီအရိုးတွေနဲ့ ပေါင်းစပ်လိုက်ရင် အစ်ကိုကြီးကျ ဘာလုပ်မှာလဲ”
ဤမျှကောင်းမွန်သောအရာကို သူ့အစ်ကိုကြီးက ဦးစွာရရှိသင့်ပြီး အစ်ကိုကြီးရွေးချယ်ပြီးမှသာ သူ၏အလှည့် ရောက်သင့်သည်ဟု သူ ခံစားရသည်။
အစ်ကိုကြီးသည် ယခင်က သူ့ကို ကောင်းမွန်သောအရာများစွာ ပေးခဲ့ဖူးသော်လည်း ထိုအရာများကို ရက်ရောမှုကြောင့် ပေးခဲ့ခြင်းဖြစ်ကြောင်း လင်းတုန် ကောင်းကောင်းသိထားပေသည်။
ဝူယွမ်က အေးအေးလူလူ ပြုံးပြလိုက်သည်။
“ငါလား... ငါကတော့ ဘာပဲဖြစ်ဖြစ်ရပါတယ်”
ထို့နောက် သူသည် စနစ်နေရာလွတ်အတွင်းမှ ကစဉ်ကလျားနဂါးအရိုးကို ထုတ်ယူလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ကျယ်ဝန်းသော ခန်းမကြီးအတွင်း၌ မယုံနိုင်လောက်အောင် ကြီးမားလှသော နဂါးအရိုးကြီးတစ်ခုက လေဟာနယ်ထဲမှ ရုတ်တရက်ပေါ်ထွက်လာသည်။
ထိုအရိုးကြီးမှာ အမည်းရောင်သမ်းနေသော အဖြူဖျော့ရောင်ဖြစ်ပြီး ခပ်ဖျော့ဖျော့ ခရမ်းရောင်အလင်းတန်းလေး ဖြာထွက်နေသည်။
တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် လူအများကို ညို့ယူဖမ်းစားနိုင်စွမ်း ရှိပေသည်။
မြူခိုးအလွှာများက အရိုးကြီးကို လွှမ်းခြုံထားပြီး တာအိုအငွေ့အသက်များကို ထုတ်လွှတ်ကာ ကစဉ်ကလျားစွမ်းအင်များ စီးဆင်းနေလေသည်။
၎င်း ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် လက်ခြောက်ချောင်း နတ်နဂါးဧကရာဇ်၏ အရိုးစုအပါအဝင် အရိုးမြှုပ်နှံရာခန်းမတစ်ခုလုံးရှိ နဂါးအရိုးများ၏ အလင်းရောင်အားလုံး မှေးမှိန်သွားခဲ့ရသည်။
ကစဉ်ကလျားနဂါးအရိုး၏ ရှေ့မှောက်တွင် ဤနေရာရှိ နဂါးအရိုးများသည် ပိုးစုန်းကြူးလေးများ၏ အလင်းရောင်ကဲ့သို့ ဖြစ်သွားပြီး လုံးဝ လျစ်လျူရှုထားနိုင်လောက်ပေသည်။
“အစ်ကိုကြီး ပြောတဲ့ ‘ဘာပဲဖြစ်ဖြစ် ရပါတယ်’ ဆိုတာ ဒါမျိုးကိုး...” လင်းတုန် တံတွေးကို အနိုင်နိုင်မျိုချလိုက်မိသည်။
သူကိုယ်တိုင်လည်းသူကိုယ်တိုင်လည်း ဤကဲ့သို့ ‘ဘာပဲဖြစ်ဖြစ်’ ဟု ပြောနိုင်မည့်အဆင့်မျိုး ရောက်ချင်နေမိသည်။
သူက သက်ပြင်းအရှည်ကြီးတစ်ချက်ချရင်း ဆိုလိုက်သည်။
“အစ်ကိုကြီး... လက်ခြောက်ချောင်း နတ်နဂါးဧကရာဇ်က အစ်ကိုကြီးနဲ့ တကယ်ကို မထိုက်တန်ဘူး”
သူ့အစ်ကိုကြီး၏ နောက်ခံဇာစ်မြစ်ကို သူ ထပ်မံ၍ မခန့်မှန်းဝံ့တော့ပေ။ ယခင်က သူနှင့် ရှောင်တျောင်းတို့သည် ဝူယွမ်အား ပြန်လည်ဝင်စားသူတစ်ဦး ဖြစ်နိုင်သည်ဟု ထင်ခဲ့ကြပြီး နောက်ပိုင်းတွင် အဆောင်ဘိုးဘေး ပြန်လည်ဝင်စားလာခြင်းဖြစ်နိုင်သည်ဟု ယူဆခဲ့ကြသည်။
သို့သော် အဆောင်ဘိုးဘေးနှင့် ပတ်သက်သည့် ပုံပြင်များစွာကို ကြားရပြီးနောက်တွင်မူ လင်းတုန်က ထိုသို့မဟုတ်နိုင်ကြောင်း ထပ်မံ ခံစားလိုက်ရပြန်သည်။ အဘယ်ကြောင့်ဆိုသော် အဆောင်ဘိုးဘေးသည်ပင် သူ့အစ်ကိုကြီးလောက် အစွမ်းမထက်သောကြောင့်ဖြစ်သည်။
ကမ္ဘာသစ်ပင်၊ ခန္ဓာကိုယ်ကျမ်း၊ ရွှေကျီးကန်း၊ ကျားဖြူ၊ လေဟာနယ်မှန်... ယခုလည်း လက်ခြောက်ချောင်း နတ်နဂါးဧကရာဇ်ထက်ပင် ပိုမို အကြောက်မက်ဖွယ်ကောင်းသော ဤနဂါးအရိုး။
ဤနည်းစနစ်များ၊ ရတနာများနှင့် အံ့ဖွယ်အမှုများ အားလုံးက ဝူယွမ်၏ ထူးခြားပြောင်မြောက်လှသော သဘာဝကို သက်သေထူနေကြသည်။
အဆောင်ဘိုးဘေးတွင် သူ့အစ်ကိုကြီးနှင့် ယှဉ်နိုင်စွမ်းရှိသော အရာ မည်သည့်နေရာတွင်ရှိနေသနည်း။
အကယ်၍ ထိုစဉ်က အဆောင်ဘိုးဘေးသာ သူ့အစ်ကိုကြီး၏ နည်းစနစ်မျိုးကို ပိုင်ဆိုင်ထားခဲ့မည်ဆိုပါက ကမ္ဘာခြားနတ်ဆိုးဘုရင်နှင့်အတူ အသက်ချင်းလဲရမည့် လမ်းစဉ်ကို ရွေးချယ်ခဲ့မည်မဟုတ်ပေ။
ဝူယွမ်က လင်းတုန်အား ဗျူဟာကို ရှင်းပြလိုက်သည်။
“ကောင်းပြီ... ညီလေး... ငါက ဒီနဂါးအရိုးကို စုပ်ယူတော့မယ်။ မင်းကတော့ လက်ခြောက်ချောင်း နတ်နဂါးဧကရာဇ်ကို သွားပြီး နှိမ်နင်းလိုက်တော့၊ အဲဒီအရိုးထဲမှာ လက်ခြောက်ချောင်းနတ်နဂါးဧကရာဇ်ရဲ့ ကျန်ရှိနေတဲ့အလိုဆန္ဒ ရှိနေသေးတာမို့လို့ရဖို့တော့မလွယ်ဘူး၊ မင်း ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို အသုံးပြုနိုင်တယ်...
ဘိုးဘေးအဆောင်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ဝါးမျိုခြင်းသခင်ရဲ့ ကျန်ရှိနေတဲ့ အလိုဆန္ဒရှိနေသေးတယ်။ ဝါးမျိုခြင်းသခင်ရဲ့ အလိုဆန္ဒကို ခေါ်ယူနိုင်သရွေ့တော့ လက်ခြောက်ချောင်း နတ်နဂါးဧကရာဇ်ကို မင်း နှိမ်နင်းနိုင်လိမ့်မယ်။ သွားတော့”
ကျန်ရှိသောအရာများကိုမူ သူကိုယ်တိုင် ကြိုးစားအားထုတ်ရန် ချန်ထားခဲ့လေသည်။ မုန့်ကို ပါးစပ်နားအထိ တေ့ပေးထားလျှင်ပင် မိမိဘာသာ ဝါးစားရန်တော့ လိုအပ်ပေလိမ့်မည်။
“ဟုတ်ကဲ့ အစ်ကိုကြီး”
လင်းတုန်က အလွယ်တကူပင် သဘောတူလိုက်သည်။
သူသည် မွေးရာပါ ဇွဲလုံ့လကြီးမားသူဖြစ်ပြီး ကြံ့ခိုင်၊ ထက်သန်ကာ မလျော့သောဇွဲရှိသည့် စရိုက်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ဝူယွမ်၏ဘေးတွင် ရှိနေချိန်၌ သူ၏ အရည်အချင်းများ ဖုံးကွယ်နေခဲ့ရသော်လည်း သူသည် လင်းတုန်အစစ်အမှန် ဖြစ်နေဆဲပင်။
ထို့အပြင် ဝူယွမ်၏နောက်သို့ လိုက်ပါလာပြီးနောက်ပိုင်း သူသည် အရာများစွာကို မြင်တွေ့ခဲ့ရပြီး သူ၏ အမြင်အာရုံများမှာလည်း ကျယ်ပြန့်လာခဲ့ပြီ ဖြစ်သည်။ သူ၏ စိတ်ကူးအမြင်များမှာလည်း ပိုမိုကြီးမားလာခဲ့သည်။