← Chapters

အခန်း ၄၆၉

Vol. 47 Ch. 469

အခန်း ၄၆၉

Vol. 47 Ch. 469

အခန်း (၄၆၉) - မဟာတောရိုင်း၊ အမှောင်သခင်နှစ်ပါး။ ကောင်းကင်နှင့် မြေကြီး ဘုရင်နှစ်ပါး(၁)

ယနေ့ခေတ် ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စု၏ အထူးချွန်ဆုံး ပါရမီရှင်နှစ်ဦး။

ဝင်စားခြင်းအဆင့် ကျင့်ကြံသူနှစ်ဦး။

၎င်းတို့သည် ယခုအခါ မျိုးနွယ်စုခေါင်းဆောင်လောင်း နေရာအတွက် အပြိုင်အဆိုင် တိုက်ခိုက်မည့် ပွဲစဉ်ကို စတင်တော့မည် ဖြစ်သည်။

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စု၏ ဘိုးဘေးဗိမာန်တော်ရှေ့တွင်။

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုဝင် အများအပြား၏ စောင့်ကြည့်မှုအောက်တွင် တစ်ဦးကိုတစ်ဦး အမြဲတစေ ကြည့်မရဖြစ်နေခဲ့ကြသော ပါရမီရှင် မြွေပါနှစ်ဦးသည် တိုက်ပွဲစင်မြင့်ထက်သို့ တက်လှမ်းလာခဲ့ကြသည်။

ဟောက်ကျိုယိုးက ရှောင်တျောင်းကို လက်ယှက်အရိုအသေပေးကာ ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။

“ဟဲဟဲ... အစ်ကိုရှောင်တျောင်း... မတွေ့ရတာ နှစ်တစ်ရာတောင် ရှိသွားပြီပဲ။ ဒီနေ့တော့ ကျွန်တော့်ကို လမ်းညွှန်ပြသပေးဖို့ မျှော်လင့်ပါတယ်”

မောက်မာသော ရှောင်တျောင်းက ဟောက်ကျိုယိုးနှင့် ဆက်စကားပြောချင်စိတ် မရှိချေ။

“အပိုတွေ ပြောမနေနဲ့။ မင်းက ငါ့ကို အမြဲတမ်း ကျော်တက်ချင်နေခဲ့တာ မဟုတ်ဘူးလား။ အခုက မင်းကိုယ်မင်း သက်သေပြရမယ့် အချိန်ပဲ။ အရင်တုန်းက နောက်မြီးဆွဲကောင်က အခု ဘယ်လိုစွမ်းရည်မျိုးတွေများ ရနေပြီလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့”

မွေးရာပါ ဗိုလ်ကျလွှမ်းမိုးလိုသော စရိုက်နှင့် သူ့အစ်ကိုကြီး၏ ကျောထောက်နောက်ခံပြုမှုတို့ကြောင့် ဟောက်ကျိုယိုးကို သူ့မျက်လုံးထဲတွင်ပင် ထည့်မတွက်ထားခဲ့ပေ။

ဟောက်ကျိုယိုးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ နောက်မြီးဆွဲ’ ဟူသော အသုံးအနှုန်းအပေါ် အလွန်အကဲဆတ်နေပြီး သူ၏ မျက်လုံးများထဲရှိ အေးစက်မှုများက ပိုမိုပြင်းထန်လာလေသည်။

ဝှစ်...

ရှောင်တျောင်းက ဦးစွာ လှုပ်ရှားလိုက်ပြီး ခရမ်းရောင် စွမ်းအင်လှိုင်းတစ်ခုက ရိုက်ခတ်ထွက်ပေါ်လာသည်။

ဟောက်ကျိုယိုး၏ပုံရိပ်က လေထဲသို့ တိုက်ရိုက်ပျံတက်သွားပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ကာ တစ်ချိန်တည်းမှာပင် သူ့လက်ဝါးများကို လှုပ်ရှားလိုက်သည်။

ကျယ်ပြောလှသော ကောင်းကင်နှင့်မြေကြီး ယွမ်စွမ်းအားများသည် ရေကြီးသကဲ့သို့ အဟုန်ပြင်းစွာ ဝင်ရောက်လာပြီး ထိုယွမ်စွမ်းအားများ စုစည်းသွားသည်နှင့်အမျှ ဟောက်ကျိုယိုး၏ လက်ဝါးများအတွင်း၌ မှောင်မိုက်သော ခရမ်းရောင်ကြယ်ပွင့်များ ဖြစ်ပေါ်လာသည်။

ရှောင်တျောင်းက လှောင်ပြောင်လိုက်သည်။

“ဟက်... မဟာကြယ်ကိုးပွင့် လက်ဝါးလား”

မဟာကြယ်ကိုးပွင့် လက်ဝါးသည် ၎င်းတို့ ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စု၏ ထူးခြားသော သိုင်းပညာရပ်တစ်ခုဖြစ်ပြီး သဘာဝကျကျပင် သူလည်း ၎င်းကို တတ်မြောက်ထားပေသည်။

ချက်ချင်းပင် သူကလည်း လက်ဝါးများကို လှုပ်ရှားလိုက်ရာ ကြမ်းတမ်းရက်စက်သော ယွမ်စွမ်းအားများသည် မြစ်တစ်စင်းသဖွယ် ကောင်းကင်နှင့် မြေကမ္ဘာအနှံ့ ဟိန်းထွက်သွားသည်။

အသက်ရှူကြိမ် ဆယ်ကြိမ်ခန့်အတွင်းမှာပင် ရှောင်တျောင်းနှင့် ဟောက်ကျိုယိုးတို့နှစ်ဦးလုံး၏ လက်ဝါးများအတွင်း၌ ကြယ်ကိုးပွင့်စီ စုစည်းဖြစ်ပေါ်လာခဲ့သည်။

ထိုကြယ်ကိုးပွင့်သည် မျက်စိကျိန်းမတတ် တောက်ပနေသော်လည်း မည်သူမဆို ခံစားသိရှိနိုင်သော အစွမ်းထက်သည့် စွမ်းအားတစ်ခု ပါဝင်နေလေသည်။

ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးသည် သာမန် သံသရာအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ခေတ္တမျှ ရှောင်တိမ်းသွားစေရန် ဖိအားပေးနိုင်စွမ်း ရှိပေသည်။

ဒိုင်း...

အလင်းလက်ဝါးများသည် ကောင်းကင်ထက်မှ ဥက္ကာပျံနှစ်ခုကဲ့သို့ ဝင်တိုက်မိကြပြီး မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်းများ ပြန့်ကျဲထွက်ပေါ်လာသည်။

ကြမ်းတမ်းရက်စက်သော စွမ်းအင်လှိုင်းဂယက်များကလည်း ဒီရေလှိုင်းများသဖွယ် ပျံ့နှံ့သွားကြသည်။

ကြီးမားကျယ်ပြန့်သော ယွမ်စွမ်းအားများဖြင့် ပြည့်နှက်နေသော ဟာရီကိန်းမုန်တိုင်း နှစ်ခုသည် ကောင်းကင်ထက်တွင် ရိုက်ခတ်သွားကြသည်။

ထိုအခိုက်အတန့်တွင် လေဟာနယ်ပင်လျှင် အမည်းရောင် အက်ကွဲကြောင်းများအဖြစ် ဆုတ်ဖြဲခံလိုက်ရပြီး ကောင်းကင်နှင့် မြေကြီးမှာ ချက်ချင်း မှောင်မိုက်သွားလေသည်။

“အရမ်း အစွမ်းထက်တာပဲ”

“သူတို့ရဲ့ စွမ်းအားတွေက တော်တော်လေးကို အင်အားမျှနေကြတာ၊ ဒီလိုဆို အနိုင်အရှုံး ဆုံးဖြတ်ဖို့ ခက်ခဲလိမ့်မယ်”

လင်းတုန်သည် အောက်ဘက်မှ စောင့်ကြည့်နေရင်း မျက်မှောင်အနည်းငယ် ကျုံ့လိုက်မိသည်။

“ဟောက်ကျိုယိုးရဲ့ နှစ်တစ်ရာ ကြိုးစားအားထုတ်မှုက ရှောင်တျောင်းကို မှီသွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

ဟောက်ကျိုယိုး၏ စွမ်းအားက သူ့ကို အနည်းငယ် အံ့အားသင့်စေခဲ့သော်လည်း ရှောင်တျောင်းကမူ သူ၏ အစစ်အမှန်စွမ်းအားကို မပြသရသေးပေ။

နှစ်များတစ်လျှောက် အစ်ကိုကြီး၏နောက်သို့ လိုက်ပါလာခြင်းကြောင့် ရှောင်တျောင်းသည် အကျိုးကျေးဇူးများစွာကို ရရှိခဲ့သည်။

အနည်းဆုံးတော့ သူကျင့်ကြံခဲ့သော ရုပ်ခန္ဓာကျမ်းက သူ၏စွမ်းအားများကို ပြန်လည်ကောင်းမွန်စေရုံသာမက ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ပါ မြှင့်တင်ပေးနိုင်ခဲ့သည်။

ယင်းမတိုင်မီကပင် ရှောင်တျောင်းသည် လေဟာနယ်ခန္ဓာကို ကနဦး ကျွမ်းကျင်ပိုင်နိုင်နေခဲ့ပြီ ဖြစ်သည်။

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စု၏ ထူးခြားသော သိုင်းပညာရပ်များနှင့်ပါ ပေါင်းစပ်လိုက်လျှင် ဝင်စားခြင်းအဆင့်အတွင်း သူ့ကိုယှဉ်ပြိုင်နိုင်သူ အလွန်နည်းပါးလှပေသည်။

ရှောင်တျောင်းသည် သူ့စွမ်းအားများကို စတင်အသုံးပြုလာပြီး တိုက်ပွဲကို တဖြည်းဖြည်း အသာစီးရယူကာ ဟောက်ကျိုယိုးကို ဖိနှိပ်လာလေသည်။

‘ဒီခွေးကောင်... ပြီးခဲ့တဲ့ နှစ်တစ်ရာအတွင်း ဒီစွမ်းအားတွေရဖို့ ငါ ဘယ်လောက်တောင် ကြီးမားတဲ့ တန်ဖိုးတွေကို ပေးဆပ်ခဲ့ရလဲ။ သူ အသက်ငွေ့ငွေ့လေးနဲ့ ပြန်လည်ကောင်းမွန်လာတဲ့ နှစ်တစ်ရာနဲ့တောင် ငါ ယှဉ်လို့မရဘူး ဆိုတာလား’

ဟောက်ကျိုယိုး၏ ရင်ထဲတွင် မကျေမချမ်း အော်ဟစ်နေမိသည်။

သူ၏ မျက်လုံးများ ခက်ထန်သွားပြီးနောက် လက်ဖဝါးအတွင်းမှ အမည်းရောင် ရူန်းစာလုံးတစ်ခု လင်းလက်လာသည်။

ထိုရူန်းစာလုံးမှာ မယုံနိုင်လောက်အောင် ရှုပ်ထွေးလှပြီး အပြင်ဘက်သို့ ဆန့်ထွက်နေသော မရေမတွက်နိုင်သည့် အမည်းရောင် မျဉ်းကြောင်းများကဲ့သို့ ဟောက်ကျိုယိုး၏ လက်ဖဝါးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

အလွန် ထူးဆန်းကျောချမ်းဖွယ်ကောင်းသော လှိုင်းဂယက်တစ်ခုက ၎င်းထံမှ ဝိုးတဝါး ထွက်ပေါ်နေလေသည်။

လင်းတုန်က စင်အောက်မှနေ၍ ချက်ချင်းပင် သတိပြုမိသွားသည်။

“ဒါက... ကမ္ဘာခြားနတ်ဆိုး စွမ်းအင်ပဲ”

သူသည် ဝါးမျိုခြင်းဘိုးဘေးအဆောင်နှင့် မိုးကြိုးဘိုးဘေးအဆောင်တို့ကို ပိုင်ဆိုင်ထားသဖြင့် ကမ္ဘာခြားနတ်ဆိုး စွမ်းအင်အပေါ် မယုံနိုင်လောက်အောင် အကဲဆတ်နေလေသည်။

သူက တိုးညှင်းစွာ ရေရွတ်လိုက်သည်။

“မှန်းထားတဲ့အတိုင်း ဒီဟောက်ကျိုယိုးက သံသယဖြစ်စရာပဲ။ သူက နတ်ဆိုးအကျဉ်းထောင်ရဲ့ လူတစ်ယောက် ဖြစ်နေပြီး ကမ္ဘာခြားနတ်ဆိုးတွေနဲ့ ပူးပေါင်းသွားခဲ့တာပဲ”

လင်းတုန်၏ အကြည့်က ပတ်ဝန်းကျင်ရှိ ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုဝင်များအပေါ်သို့ ရောက်ရှိသွားသည်။

ဟောက်ကျိုယိုးသည် ကမ္ဘာခြားနတ်ဆိုး တစ်ကောင်ဖြစ်နေရာ ဟောက်ကျိုယိုးကို ထောက်ခံနေကြသော ထိုကောင်းကင်မိစ္ဆာမြွေပါများသည်လည်း အပြစ်ကင်းစင်နေမည် မဟုတ်ပေ။

အထူးသဖြင့် ဟောက်ကျိုယိုးကို အမြဲတမ်း အခိုင်အမာ ကျောထောက်နောက်ခံပြုပေးခဲ့သော ထိုအကြီးအကဲ နှစ်ယောက်ပင်။

လင်းတုန်က တိတ်တဆိတ် မှတ်သားထားလိုက်သည်။

“အစ်ကိုကြီး အဆင်ပြေရဲ့လားမသိဘူး။ သူသာ အချိန်မီပြန်မလာနိုင်ရင် ဒီအခြေအနေက ထိန်းချုပ်ဖို့ နည်းနည်းခက်ခဲသွားလိမ့်မယ်”

သူ အနည်းငယ်စိုးရိမ်လာမိသည်။

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စု၏ စွမ်းအားမှာ နဂါးမျိုးနွယ်စုထက် အနည်းငယ်မျှ လျော့နည်းခြင်းမရှိဘဲ သံသရာအဆင့် ကျင့်ကြံသူ အများအပြား ရှိနေသည်။

အကယ်၍ ဟောက်ကျိုယိုးနှင့် အခြားသောသစ္စာဖောက်များ၏ မျက်နှာစစ်များ လုံးဝ ပေါ်ပေါက်သွားပြီး ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုတစ်ခုလုံး ကစဉ်ကလျား ဖြစ်သွားမည်ဆိုလျှင် သူတို့အနေဖြင့် ၎င်းကို ဖိနှိပ်နိုင်သည့်တိုင်အောင် သေဆုံးဒဏ်ရာရမှုများမှာ ကြီးမားလှပေလိမ့်မည်။

၎င်းက ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုကို အနည်းငယ် ထိခိုက်နစ်နာစေမည် ဖြစ်သည်။

ဤအချိန်တွင် ကွင်းပြင်ပေါ်ရှိ အခြေအနေက ထပ်မံ ပြောင်းလဲသွားပြန်သည်။ ဟောက်ကျိုယိုးသည် ကမ္ဘာခြားနတ်ဆိုး၏ စွမ်းအားကို အသုံးပြုပြီးနောက် သူ၏စွမ်းအားမှာ အဆမတန် တိုးလာခဲ့သည်။

သူ့လက်ဝါးမှာ ဟာရီကိန်းမုန်တိုင်းအတွင်း ပုန်းကွယ်နေသဖြင့် ပြင်ပလူများအနေဖြင့် သူ၏ လက်ဝါးထဲရှိ ရူန်းစာလုံးများကို မမြင်တွေ့နိုင်ကြပေ။

ဤအခိုက်အတန့်တွင် ထိုရူန်းစာလုံးများထံမှ သိပ်သည်းသော အမည်းရောင် းမျဉ်းကြောင်းများ ပစ်ထွက်လာသည်။

ဤမျဉ်းကြောင်းများသည် အမည်းရောင် ဟာရီကိန်းမုန်တိုင်းကို ဖြတ်သန်းသွားကာ ရှုပ်ထွေးသော ကွန်ရက်တစ်ခုသဖွယ် ဖြစ်နေသည်။

အမည်းရောင် မျဉ်းကြောင်းများသည် အမည်းရောင် ဟာရီကိန်းမုန်တိုင်းထဲသို့ ပေါင်းစပ်သွားပြီး ၎င်း၏ အရောင်ကို ပိုမို နက်မှောင်သွားစေသည်။ သို့သော် အရောင်နှစ်ခုမှာ ဆင်တူနေသဖြင့် သာမန်မျက်စိဖြင့် သတိပြုမိရန် ခက်ခဲလှပေသည်။

အချို့သော အစွမ်းထက်သည့် အကြီးအကဲများသာ ဟောက်ကျိုယိုး၏ လက်ထဲရှိ ဟာရီကိန်းမုန်တိုင်း၏ စွမ်းအား ရုတ်တရက် အတော်လေးတိုးလာသကဲ့သို့ ဝိုးတဝါး ခံစားမိကြသည်။

ဟောက်ကျိုယိုး၏ မျက်လုံးများထဲတွင် ရူးသွပ်မှုများ ပြည့်နှက်နေသည်။ သူက ရှောင်တျောင်းကို လှောင်ပြောင်ကြည့်ရင်း အော်ဟစ်လိုက်သည်။

“ဒီနေ့တော့ ငါ ဟောက်ကျိုယိုးဟာ ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုရဲ့ အထူးချွန်ဆုံး ပါရမီရှင်ဆိုတာ မင်းကို ငါ သိစေရမယ်။ မင်းက ငါ့ခြေဖဝါးအောက်မှာ အနင်းခံရဖို့ပဲ ထိုက်တန်တယ်”

အမည်းရောင် ဟာရီကိန်းမုန်တိုင်းက အကြမ်းပတမ်း ဝင်ရောက်လာပြီး ရှောင်တျောင်း၏ ခရမ်းရောင် ဟာရီကိန်းမုန်တိုင်းနှင့် ဝင်တိုက်မိလေသည်။ ဤတစ်ကြိမ်တွင်မူ မူလက မည်သည့် အကြောက်တရားမျှ မပြသခဲ့သော ခရမ်းရွှေရောင် ဟာရီကိန်းမုန်တိုင်းမှာ တစ်လက်မချင်းစီ ပြိုကွဲလာလေသည်။

ထို့နောက် ဆက်တိုက် တုံ့ပြန်မှုတစ်ခုကဲ့သို့ပင် ပေထောင်ချီ ရှည်လျားသော ကျယ်ပြောလှသည့် ယွမ်စွမ်းအား ဟာရီကိန်းမုန်တိုင်းကြီးသည် အံ့အားသင့်နေသော အကြည့်များစွာကြားတွင် လုံးဝ ပေါက်ကွဲထွက်သွားလေသည်။

ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။ ဟောက်ကျိုယိုးက ဤမျှ ကြောက်မက်ဖွယ်ကောင်းပြီး သူ၏စွမ်းအားများ ရုတ်တရက် အဆမတန် တိုးလာလိမ့်မည်ဟု ၎င်းတို့ မထင်မှတ်ထားခဲ့ကြပေ။

“ရှောင်တျောင်း”

လူအများအပြားက ရှောင်တျောင်းကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။

ခရမ်းရွှေရောင် ဟာရီကိန်းမုန်တိုင်း ပြိုကျသွားသည်နှင့်အမျှ ဟောက်ကျိုယိုးသည် အမည်းရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှောင်တျောင်းအရှေ့သို့ ရောက်ရှိလာကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

သူက ကြုံးဝါးလိုက်သည်။

“မင်းကို ငါ့ခြေဖဝါးအောက်မှာ နင်းပစ်မယ်လို့ ငါပြောခဲ့တယ်မလား... ဟင်... မင်း ဘယ်ရောက်သွားတာလဲ”

ဟောက်ကျိုယိုး၏ ကြမ်းတမ်းရက်စက်ပြီး ရူးသွပ်နေသော မျက်နှာအမူအရာမှာ ရုတ်တရက်အေးခဲသွားသည်။

သူ၏ ရိုက်ချက်မှာ လေထဲသို့သာ ကျရောက်သွားပြီး ရှောင်တျောင်း၏ ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့လေပြီ။

ထိုစဉ် လေဟာနယ်ထဲမှ လှောင်ပြောင်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

“ဒါဆို... ကမ္ဘာခြားနတ်ဆိုးရဲ့ နည်းစနစ်တွေကို အသုံးပြုတာတောင်မှ မင်းရဲ့ စွမ်းအားက ဒီလောက်ပဲလား”

အသံကို ကြားရသော်လည်း လူကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရပေ။

ဟောက်ကျိုယိုး၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။

“မင်း ဘယ်မှာလဲ”

ရှောင်တျောင်းကို သူ အာရုံမခံနိုင်သော်လည်း တစ်ဖက်လူမှာ သူ့ဘေးတွင် ရှိနေကြောင်း ထင်ရှားလှပေသည်။

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုဝင်များမှာလည်း အံ့သြသွားကြပြီး ရှုပ်ထွေးသွားကြသည်။

ရှောင်တျောင်း မည်သည့်နည်းစနစ်အား အသုံးပြုနေသည်ကို ၎င်းတို့ မသိရှိကြပေ။

‘ဗလာနတ္တိအဖြစ် ပြောင်းလဲသွားတာပဲ...’

လင်းတုန်၏ မျက်လုံးများ အရောင်လက်သွားသည်။ ရှောင်တျောင်းသည် လေဟာနယ်ခန္ဓာကို အသုံးပြုနေခြင်းဖြစ်ကြောင်း သူ သိရှိလိုက်သည်။

ရှောင်တျောင်းက ၎င်းကို ဤအဆင့်အထိ ကျင့်ကြံထားနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

လေဟာနယ်ထဲမှ ရှောင်တျောင်းက အော်ဟစ်လိုက်သည်။

“လေဟာနယ် ချုပ်နှောင်ခြင်း”

လေဟာနယ် သံကြိုးတန်းများ ပစ်ထွက်လာပြီး ဟောက်ကျိုယိုးကို ရစ်ပတ်ကာ ဖမ်းဆီးချုပ်နှောင်လိုက်လေသည်။

ဟောက်ကျိုယိုး ရုန်းကန်လိုက်သော်လည်း မည်သည့် စွမ်းအားကို အသုံးပြုစေကာမူ လေဟာနယ်သံကြိုးများမှ ရုန်းမထွက်နိုင်ခဲ့ပေ။

ဟောက်ကျိုယိုးက ရူးသွပ်နေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်သည်။

“မဖြစ်နိုင်ဘူး... မင်း ဒီလောက်အထိ အစွမ်းထက်နေစရာ အကြောင်းမရှိဘူး”

All Chapters