← Chapters

အခန်း ၄၇၀

Vol. 47 Ch. 470

အခန်း ၄၇၀

Vol. 47 Ch. 470

အခန်း (၄၇၀) - မဟာတောရိုင်း၊ အမှောင်သခင်နှစ်ပါး။ ကောင်းကင်နှင့် မြေကြီး ဘုရင်နှစ်ပါး(၂)

အကြီးအကဲချုပ်က ကြေညာလိုက်သည်။

“ရှောင်တျောင်း နိုင်တယ်။ ကောင်းပြီ... ရှောင်တျောင်း... အခု သူ့ကို လွှတ်ပေးလိုက်လို့ ရပြီ”

ရှောင်တျောင်းက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

“လွှတ်ပေးရမယ် ဟုတ်လား။ ဟက်ဟက်... ခင်ဗျားတို့ အားလုံး သတိမထားမိကြသေးဘူးလား။ သူ့ခန္ဓာကိုယ်ထဲမှာ ကမ္ဘာခြားနတ်ဆိုးရဲ့ စွမ်းအားတွေ ရှိနေတယ်။

သစ္စာဖောက်ကောင်... မင်း ဘာလို့ ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုကို သစ္စာဖောက်ပြီး ကမ္ဘာခြားနတ်ဆိုးတွေဘက် ပါသွားရတာလဲ”

ရှောင်တျောင်း ထုတ်လွှတ်လိုက်သော လေဟာနယ်သံကြိုးများက ဟောက်ကျိုယိုး၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။

သူက ဆက်လက်၍ ဒေါသတကြီး ပြောဆိုလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်တစ်ရာက ငါ ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရပေမဲ့ ပြဿနာက ဘယ်နေရာမှာလဲဆိုတာ ငါ မသိခဲ့ဘူး။

အခု မင်း ကမ္ဘာခြားနတ်ဆိုးရဲ့ စွမ်းအားကို အသုံးပြုနေတာ မြင်လိုက်ရတော့မှ အရာအားလုံးက ရှင်းလင်းသွားပြီ။ အဲဒီတုန်းက ငါ့ကို သစ္စာဖောက်ခဲ့တာ မင်းပဲ”

“ကမ္ဘာခြားနတ်ဆိုးလား”

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုဝင်များမှာ ဆူညံသွားကြပြီး ဟောက်ကျိုယိုးကို မယုံနိုင်စွာ ကြည့်လိုက်ကြသည်။

ရုတ်တရက် အကြီးအကဲတစ်ဦးက မေးခွန်းထုတ်လာသည်။

“ရှောင်တျောင်း... သက်သေမရှိဘဲ လူတွေကို မင်း စွပ်စွဲလို့ မရဘူး”

နောက်ထပ် အကြီးအကဲတစ်ဦးက ရှောင်တျောင်းကို ဖိအားပေးလာသည်။

“အရင်ဆုံး ဟောက်ကျိုယိုးကို လွှတ်ပေးလိုက်။ သူ အမှားလုပ်ခဲ့ရင်တောင် သူ့ကို အပြစ်ပေးဖို့က မင်းရဲ့ အပိုင်းမဟုတ်ဘူး”

၎င်းတို့အားလုံးမှာ ယခင်က ဟောက်ကျိုယိုးကို ထောက်ခံခဲ့သူများ ဖြစ်ကြသည်။

ရှောင်တျောင်းက လှောင်ပြောင်လိုက်သည်။

“ဟက်ဟက်... သူ့ကို အနိုင်ယူပြီးသွားပြီဆိုတော့ အခု ငါက တစ်ဦးတည်းသော မျိုးနွယ်စုခေါင်းဆောင်လောင်း ဖြစ်သွားပြီ။

ငါက ယာယီ မျိုးနွယ်စုခေါင်းဆောင်အဖြစ် ဆောင်ရွက်လို့ရတယ်။ သူ့ကို ဖမ်းဖို့ ငါ့မှာ အခွင့်အရေး မရှိဘူးလို့ ခင်ဗျားတို့က ပြောတာလား။

အကြီးအကဲချုပ်... လောလောဆယ် ဒီနှစ်ယောက်ကိုလည်း ဖမ်းထားလိုက်ပါ။ သူတို့တွေ ကမ္ဘာခြားနတ်ဆိုးတွေဘက် ပါသွားသလားဆိုတာ စုံစမ်းကြည့်ရင် သိရမှာပါ”

အကြီးအကဲက ဒေါသတကြီး ပြန်ပြောလိုက်သည်။

“မင်း ဘယ်လောက်တောင် ရဲတင်းနေရတာလဲ။ ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုထဲမှာ အတွင်းစစ်ဖြစ်အောင် မင်း လှုံ့ဆော်နေတာလား”

ရှောင်တျောင်းက ပြတ်သားစွာ ပြန်လည် ချေပလိုက်သည်။

“အတွင်းစစ် ဟုတ်လား။ ဒါကို ခင်ဗျားတို့ အားလုံးက စတင်ခဲ့တာပဲ။ ကောင်းကင်ဂူထဲမှာ ရှိနေတဲ့ ငါ့အဖေက ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရလို့ အခု နှစ်တစ်ရာတိုင်တိုင် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်မလာခဲ့တာ။

ပြီးတော့ ကောင်းကင်ဂူထဲမှာ တံခါးပိတ်ကျင့်ကြံနေတဲ့ အခြားမျိုးနွယ်စုဝင်အများအပြားလည်း အဲဒီလိုကံကြမ္မာဆိုးမျိုး ကြုံတွေ့နေရလောက်ပြီ”

“အကြီးအကဲချုပ်... ကောင်းကင်ဂူထဲကနေ ဘယ်မျိုးနွယ်စုအကြီးအကဲ ထွက်မလာခဲ့တာ အခုဆို နှစ်တစ်ရာနီးပါး ရှိနေပြီဆိုတာကို ခင်ဗျား ထူးဆန်းတယ်လို့ မထင်ဘူးလား။

ဒါ့အပြင် ငါ့အဖေက မျိုးနွယ်စုခေါင်းဆောင် တစ်ယောက်အနေနဲ့ ပုံမှန်အားဖြင့် ဒီလောက်ကြာအောင် တံခါးပိတ်ကျင့်ကြံလေ့မရှိဘူး။ အနည်းဆုံးတော့ အဲဒီလို မလုပ်ခင်မှာ အရာအားလုံးကို ရှင်းလင်းအောင်ပြောပြခဲ့မှာပဲ”

“ပြီးတော့ ကောင်းကင်ဂူကို စောင့်ကြပ်နေတဲ့ အကြီးအကဲတွေက ဟောက်ကျိုယိုးကို အမြဲတမ်း ထောက်ခံခဲ့သူတွေပဲ... သူတို့ အားလုံးက သူ့အဖွဲ့ဝင်တွေချည်းပဲ။

ခင်ဗျားတို့... ဒါတွေအားလုံးကို တစ်ခါမှ မထူးဆန်းဘူးလို့ မခံစားရဘူးလား”

ရှောင်တျောင်းက ပြတ်သားစွာ မေးခွန်းထုတ်လိုက်ရာ သူ၏အသံမှာ ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။

မျိုးနွယ်စုဝင်အားလုံးမှာ လန့်ဖြန့်သွားကြပြီး စတင် တွေးတောလာကြသည်။ အများအပြားက မျက်မှောင်ကျုံ့သွားကြပြီး ရှောင်တျောင်း၏ စကားများက တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို ၎င်းတို့အား သိမြင်လာစေခဲ့သည်မှာ ထင်ရှားလှပေသည်။

“အဓိပ္ပာယ်မရှိတာတွေ၊ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေပဲ။ ဒီအခွင့်အရေးကို ယူပြီး ကျိုယိုးကို တိုက်ခိုက်ဖို့နဲ့ သဘောထားကွဲလွဲသူတွေကို ဖယ်ရှားဖို့ မင်း ကြိုးစားနေတာပဲ။ မင်းရဲ့ ရည်ရွယ်ချက်တွေက အရမ်းကို ဆိုးယုတ်လွန်းတယ်”

“ဒီလောက် ဆိုးယုတ်တဲ့ ရည်ရွယ်ချက်တွေပါလား။ ဟောက်ကျိုယိုးကို မင်း သေဒဏ်ပေးချင်နေတာ ဖြစ်ရမယ်။

ဒီလောက် ကျဉ်းမြောင်းတဲ့ စိတ်ဓာတ်နဲ့ မင်းက ငါတို့ ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုခေါင်းဆောင် ဖြစ်ဖို့ မထိုက်တန်ဘူး”

“ဟောက်ကျိုယိုးကို လွှတ်ပေးစမ်း”

အကြီးအကဲအချို့က အသည်းအသန် ပြန်လည်ချေပလာကြပြီး ၎င်းတို့ထဲမှ နှစ်ဦးက လေဟာနယ်ဖြင့် ချုပ်နှောင်ခံထားရသော ဟောက်ကျိုယိုးကို ကယ်တင်ရန် တိုက်ရိုက်လှုပ်ရှားလာကြသည်။

“ခင်ဗျားတို့ စိုးရိမ်နေကြတာလား”

ရှောင်တျောင်းက ရယ်မောကာ အော်ဟစ်လိုက်သည်။

“ဒုတိယအစ်ကို”

ဤအခိုက်အတန့်တွင် လင်းတုန်က လှုပ်ရှားလိုက်ပြီဖြစ်ပြီး ရှောင်တျောင်းအရှေ့သို့ ရောက်ရှိလာကာ အကြီးအကဲနှစ်ဦးကို တားဆီးလိုက်သည်။

တစ်ချိန်တည်းမှာပင် ရှောင်တျောင်းကို ထောက်ခံသော အကြီးအကဲများကလည်း လှုပ်ရှားလာကြပြီး ရှောင်တျောင်းကို အလယ်တွင် ဝိုင်းရံထားလိုက်ကြသည်။

လင်းတုန် တားဆီးထားသော အကြီးအကဲတစ်ဦးက အော်ဟစ်လိုက်သည်။ “မင်းလို လူသားတစ်ယောက်က ငါတို့ ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်ရဲတယ်ပေါ့”

“ရှောင်တျောင်းက ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုကို အန္တရာယ်ပြုဖို့ လူသားတစ်ယောက်နဲ့ ပူးပေါင်းကြံစည်နေတယ်။ အကြီးအကဲချုပ်... သူတို့နှစ်ယောက်လုံးကို ဖိနှိပ်ပေးဖို့ တောင်းဆိုပါတယ်”

သူသည် ဖြောင့်မတ်မှန်ကန်ဟန်ဖြင့် ပြောဆိုနေပြီး ရှောင်တျောင်း လူသားတစ်ဦးကို ခေါ်လာခြင်းမှာ ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုကို အန္တရာယ်ပြုရန်ဖြစ်ကြောင်း ယုံကြည်နေပုံရသည်။

အကြီးအကဲချုပ်၏ မျက်ခုံးများ ကျုံ့သွားသည်။ ကိစ္စရပ်များက ဤအဆင့်အထိ ကြီးထွားလာမည်ဟု သူ မထင်မှတ်ထားခဲ့သကဲ့သို့ သူ၏ အတွေးများကိုလည်း မစုစည်းနိုင်သေးပေ။

အခြားသော အကြီးအကဲအများအပြားသည်လည်း သူ၏နည်းတူ နှစ်ဖက်လုံး၏ ပြောဆိုချက်များကို သံသယဝင်နေကြသည်။

ထိုစဉ် လေးနက်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

“အားလုံး ရပ်လိုက်ကြစမ်း”

“မျိုးနွယ်စုခေါင်းဆောင်”

“ဒါ မျိုးနွယ်စုခေါင်းဆောင်ပဲ”

ကွင်းပြင်ပေါ်ရှိ ကစဉ်ကလျား အခြေအနေမှာ ထိုအသံကြောင့် ငြိမ်သက်သွားပြီး လူတိုင်းက အသံလာရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။ မှောင်မိုက်သော ရွှေရောင်ဆံပင်များနှင့် ခမ်းနားကြီးကျယ်သော ပုံရိပ်တစ်ခု ပေါ်လာလေသည်။

“မျိုးနွယ်စုခေါင်းဆောင်”

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုဝင်များက လေးစားစွာ ဒူးထောက်လိုက်ကြသည်။ မျိုးနွယ်စုခေါင်းဆောင်ဟောင်း တစ်ဦးအနေဖြင့် နှစ်တစ်ရာတိုင်တိုင် တံခါးပိတ်ကျင့်ကြံနေခဲ့သော်လည်း သူ၏ သြဇာအာဏာမှာ လှုပ်ခတ်မှုမရှိ ခိုင်မာနေဆဲပင်။

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုခေါင်းဆောင်က ရှောင်တျောင်းကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ကောင်ဆိုးလေး... မင်း အသက်ရှင်နေသေးတာပဲ”

ရှောင်တျောင်းက မျက်လုံးပြူးပြလိုက်ပြီး ပေါ့ပေါ့ပါးပါးဟန်ဖြင့် ပြန်ပြောလိုက်သည်။

“အဘိုးကြီး... ခင်ဗျားခို ဆံပင်ဖြူနဲ့လူက ဆံပင်အမည်းနဲ့လူ သေရွာရောက်တာကို အဲဒီလောက်တောင် မြင်ချင်နေတာလား”

“ပြုပြင်လို့မရတဲ့ကောင်... အကျင့်ဇာရိတ္တကိုမရှိဘူး”

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုခေါင်းဆောင်က ဆူပူလိုက်သော်လည်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေလေသည်။

အကြီးအကဲချုပ်က စိတ်သက်သာရာရသွားသည့်ဟန်ဖြင့် မျက်လုံးများထဲတွင် ဝမ်းသာအံ့သြမှုများ ပြည့်နှက်နေလျက် ဆိုလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်... နောက်ဆုံးတော့ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့ပြီပဲ”

လက်ရှိအခြေအနေနှင့် ပတ်သက်၍ သူ အနည်းငယ် ဦးနှောက်ခဲနေခဲ့ခြင်းဖြစ်သည်။

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုခေါင်းဆောင်က အကြီးအကဲချုပ်ကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“အကြီးအကဲချုပ်... မင်းက ဒီဘုရင်ကို နည်းနည်းစိတ်ပျက်စေတာပဲ”

“မျိုးနွယ်စုခေါင်းဆောင်... ကျွန်တော်...”

အကြီးအကဲချုပ်၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုများ ပေါ်လာသည်။ အမှန်တကယ်ပင် သူသည် ဤနှစ်များတစ်လျှောက် ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုကို သေချာစီမံအုပ်ချုပ်နိုင်ခြင်းမရှိခဲ့ပေ။

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုခေါင်းဆောင်က တင်းမာစွာ ပြောဆိုလိုက်သည်။

“ကောင်းကင်ဂူက ငါတို့ ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုရဲ့ အရေးပါတဲ့ နေရာပဲ။ ဒါပေမဲ့ ကမ္ဘာခြားနတ်ဆိုး မျိုးနွယ်စုက ‘ထာဝရစိတ်ကူးယဉ် မိစ္ဆာပန်း’ ကို အဲဒီထဲမှာ လျှို့ဝှက်စိုက်ပျိုးထားခဲ့တယ်။

အဲဒါကြောင့် ဒီဘုရင်နဲ့ အဲဒီမှာ တံခါးပိတ်ကျင့်ကြံနေတဲ့ အစွမ်းထက် ကျင့်ကြံသူတွေ အားလုံး စိတ်ကူးယဉ်ကမ္ဘာထဲကို ကျရောက်သွားခဲ့ရတာပဲ။

ဒီနေ့ မိတ်ဆွေလေး ဝူယွမ်ကသာ ဝင်ရောက်ပြီး ငါတို့ကို မကယ်တင်ခဲ့ဘူးဆိုရင် ငါတို့ ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုက ကမ္ဘာခြားနတ်ဆိုးတွေရဲ့ လက်ချက်နဲ့ ပျက်စီးသွားလောက်ပြီ”

ထိုစဉ် ဝူယွမ်ကလည်း ပေါ်လာပြီး လူအုပ်ကြီးကို အကဲခတ်ကြည့်ရင်း ပြောလိုက်သည်။

“ထာဝရစိတ်ကူးယဉ် မိစ္ဆာပန်း တစ်ခုတည်း မဟုတ်ပါဘူး။ ခင်ဗျားတို့ မျိုးနွယ်စုထဲက လူအများအပြားလည်း ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ထိုးဖောက်ဝင်ရောက်မှုကို ခံထားရပါတယ်”

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။

“မိတ်ဆွေလေး ဝူယွမ်... သူတို့ အားလုံးကို အမြစ်ပြတ် ရှင်းလင်းပစ်ဖို့ နည်းလမ်းများရှိမလား”

ဝူယွမ်က ပြုံးလိုက်သည်။

“ပြဿနာမရှိပါဘူး... ကျွန်တော်က ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ဘေးဆိုးကြီးလေ”

ထို့နောက် သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ကွင်းပြင်ပေါ်ရှိ လူအချို့ကို လက်ညှိုးထိုးပြလိုက်သည်။

“သူ... သူ... သူနဲ့ ဟိုတစ်ယောက်...”

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆယ်ယောက်ကျော်ခန့် ရှိနေလေပြီ။

“မင်းတို့တွေ...”

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုခေါင်းဆောင်က ထိုသူများကို ကြည့်ကာ ဒေါသကြောင့် သွေးအန်လုမတတ် ဖြစ်သွားရသည်။

၎င်းတို့အထဲမှ အချို့မှာ သူနှင့် မျိုးဆက်တူများဖြစ်ကြပြီး လက်ရှိ မျိုးနွယ်စု၏ အဓိကအင်အားစုများ ဖြစ်ကြသော်လည်း ၎င်းတို့သည်ပင် ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုကို သစ္စာဖောက်ခဲ့ကြသည်။

ဝူယွမ်က အေးအေးလူလူပင် ပြောလိုက်သည်။

“နတ်ဆိုးမျိုးစေ့ လှုပ်ရှားလာပြီး ကမ္ဘာခြားနတ်ဆိုး စွမ်းအင်က သူတို့ရဲ့ စိတ်အာရုံကို ဝင်ရောက်လာကတည်းက သူတို့ရဲ့ အသိဉာဏ်က ပျက်စီးသွားခဲ့ပါပြီ။ မျိုးနွယ်စုခေါင်းဆောင် ဒေါသထွက်နေလည်း အလကားပါပဲ”

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုခေါင်းဆောင်က ဒေါသတကြီး အမိန့်ပေးလိုက်သည်။

“သူတို့ကို ဖမ်းကြစမ်း”

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုခေါင်းဆောင် ရှိနေခြင်းကြောင့် မျိုးနွယ်စုဝင်များမှာ ဆက်လက်၍ တွေဝေမနေကြတော့ပေ။

၎င်းတို့ အားလုံးက လှုပ်ရှားလိုက်ကြပြီး ဝူယွမ် လက်ညှိုးထိုးပြခဲ့သော လူဆယ်ယောက်ကျော်လုံးကို ဖမ်းဆီးလိုက်ကြသည်။

၎င်းတို့၏ ခန္ဓာကိုယ်အတွင်း ကမ္ဘာခြားနတ်ဆိုးများ၏ စွမ်းအားများ ရှိနေသော်လည်း ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုသည် သားရဲလောက၏ အရှင်သခင်တစ်ပါးဖြစ်ပြီး အစွမ်းထက်ကျင့်ကြံသူအများအပြား ရှိနေပေသည်။

ဟောက်ကျိုယိုးကို လေဟာနယ်ဖြင့် ချုပ်နှောင်ထားဆဲဖြစ်သော ရှောင်တျောင်းက မေးလိုက်သည်။

“ဒီကောင်ကိုရော ဘယ်လို ကိုင်တွယ်ရမလဲ”

ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုခေါင်းဆောင်က တည်ငြိမ်စွာ ဖြေလိုက်သည်။

“သူ့ကို စကားပြောခိုင်းလိုက်။ ဒီကောင်က အဓိက အရေးပါတဲ့ကောင် ဖြစ်လောက်တယ်”

“ဟူး...”

ကဟောက်ကျိုယိုးက ညည်းတွားလိုက်သည်။

ရှောင်တျောင်း၏ ဖိနှိပ်မှုက သူ၏အပေါ်သို့ ကြီးမားလှသော ဖိအားကို ကျရောက်စေခဲ့သည်။ သူက ရှောင်တျောင်းကို အလွန်အမင်း နာကြည်းစွာ ကြည့်လိုက်ပြီးနောက် ဝူယွမ်ကိုပါ မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။

နှစ်တစ်ရာတိုင်တိုင် စီစဉ်ခဲ့ရမှုများသည် ဤတိုက်ပွဲတစ်ပွဲတည်းတွင် ပြိုလဲသွားခဲ့ရသည်။ ဤအရာအားလုံးက သူတို့နှစ်ယောက်ကြောင့်ပင်။

သို့သော် ယခု သူ၏အစီအစဉ်များ ပေါ်ပေါက်သွားပြီဖြစ်ရာ လွတ်မြောက်ရန် နည်းလမ်းရှာရပေမည်။ ဟောက်ကျိုယိုး၏ မျက်နှာအမူအရာမှာ ပိုမို ရူးသွပ်လာသည်။

သူက လှောင်ပြောင်ရင်း ပြောလိုက်သည်။

“ငါ့ခန္ဓာကိုယ်ထဲမှာ ထာဝရစိတ်ကူးယဉ် မိစ္ဆာပန်းရဲ့ စိတ်ကူးယဉ်ရနံ့တွေ ပြည့်နှက်နေတယ်။ တကယ်လို့ မင်းတို့ ငါ့ကိုသတ်လိုက်ရင် ငါ့ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး စိတ်ကူးယဉ်ရနံ့တွေက ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စု တစ်ခုလုံးကို လွှမ်းခြုံသွားလိမ့်မယ်”

All Chapters