အခန်း ၄၇၃
Vol. 48 Ch. 473
အခန်း (၄၇၃) - မဟာအဆောင်သခင်၊ ဝါးမျိုခြင်း နတ်ဘုရားကျောင်းတော် ပေါ်ထွက်လာခြင်း(၂)
ဝူယွမ်သည် ထာဝရစိတ်ကူးယဉ် မိစ္ဆာပန်းများကို ပိုမို စုပ်ယူလာသည်နှင့်အမျှ သူ၏ ဝိညာဉ်စွမ်းအင်မှာလည်း အမြင့်သို့ ထိုးတက်သွားလေသည်။
ကမ္ဘာသစ်ပင်၏ ကျင့်ကြံပေးမှုအောက်တွင် ဝူယွမ်၏ ဝိညာဉ်စွမ်းအင်သည် ပျံ့နှံ့ထွက်ပေါ်နေပြီ ဖြစ်သည်။
တာအိုဂိုဏ်းနှင့် မဟာတောရိုင်းဂိုဏ်းမှ လူများသည် နောက်ဆုံးတွင် ထူးဆန်းမှုအချို့ကို စတင် သတိပြုမိလာကြသည်။ ထိုဝိညာဉ်စွမ်းအင်၏ လှိုင်းဂယက်များက လူတိုင်းကို ထိတ်လန့်သွားစေသည်။
အကဲဆတ်သော လူအချို့က ရှေးဟောင်းကျောက်တိုင်ကမ္ဘာ၏ အထက်တွင် အလွန် ကြီးမားကျယ်ပြန့်သော စွမ်းအားတစ်ခု တိတ်ဆိတ်စွာ စုစည်းနေသည်ကို ဝိုးတဝါး ခံစားမိကြသည်။
ထိုစွမ်းအားမှာ ပုံသဏ္ဌာန်မရှိသော်လည်း လူများကို အကောင်အထည် ရှိသလောက်နီးပါး ဖိအားတစ်ခု ပေးစွမ်းနေလေသည်။
ဝိညာဉ်စွမ်းအင်ကို အထူးပြုကျင့်ကြံသော အစွမ်းထက်ကျင့်ကြံသူများသာ ထိုစွမ်းအား၏ တိကျသော တည်ရှိမှုကို ရှင်းလင်းစွာ အာရုံခံသိရှိနိုင်ပြီး ၎င်းတို့၏ ရင်ထဲတွင် အကြောက်တရားများကို ခံစားလိုက်ရသည်။
သံသရာအဆင့်ကို ထိတွေ့လုနီးပါး ဖြစ်နေသော အစွမ်းထက် ကျင့်ကြံသူများပင်လျှင် ထိုကြီးမားလှသော ဝိညာဉ်စွမ်းအင်ကို အာရုံခံမိချိန်၌ ၎င်းတို့၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားကြသည်။
ထိုစွမ်းအားသည် အဆုံးမဲ့ သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ ရှေးဟောင်းကျောက်တိုင်ကမ္ဘာ၏ ကောင်းကင်ယံကို လွှမ်းခြုံထားပြီး မရေမတွက်နိုင်သော လူများကို တုန်လှုပ်သွားစေသည်။
“ဒါ မဟာအဆောင်သခင်အဆင့်ကို ဖောက်ထွင်းဝင်ရောက်တာပဲ”
မဟာတောရိုင်းသခင်နှင့် အမှောင်သခင်တို့ နှစ်ဦးလုံး၏ အကြည့်များက ဝူယွမ်ဆီသို့ ရောက်ရှိသွားကြသည်။ လွန်ခဲ့သည့် တစ်လအတွင်း ဝူယွမ်၏ ဝိညာဉ်စွမ်းအင်သည် ကြီးမားသော ခြေလှမ်းများဖြင့် တိုးတက်လာခဲ့ပြီး ၎င်းတို့ နှစ်ဦးစလုံးကို အံ့အားသင့်စေခဲ့သည်။
ပန်းထွက်လာသော ရေပူစမ်းတစ်ခုကဲ့သို့ ဤမျှလျင်မြန်သော တိုးတက်မှုနှုန်းမျိုးကို ယခင်က တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ကြချေ။
အခြားသူများဆိုလျှင် ကောင်းကင်အဆောင်သခင်မှ မဟာအဆောင်သခင်အဆင့်သို့ ရောက်ရှိရန် အနည်းဆုံး နှစ်တစ်ရာခန့် အချိန်ယူရပေလိမ့်မည်။
သို့သော် ဝူယွမ်ကမူ တစ်လအတွင်း၌ ခုန်ပျံကျော်လွှားကာ အဆင့်တက်သွားခဲ့သည်။
ဟွမ်ယွင်က ဝူယွမ်ထံသို့ ရုတ်တရက် သတင်းစကား ပါးလိုက်သည်။
“သခင်... ရှေးဟောင်းကျောက်တိုင်ကမ္ဘာက သခင့်ရဲ့ လေ၊ မိုးကြိုးကပ်ဘေးကို မစုစည်းပေးနိုင်သေးပါဘူး။ မဟာအဆောင်သခင်တာအိုကို ရရှိဖို့အတွက် သခင် အပြင်ဘက်ကိုသွားဖို့ လိုအပ်ပါတယ်”
၎င်းသည် ယခုအခါ ကမ္ဘာသစ်ပင်၏ ဝိညာဉ်ဖြစ်နေပြီး ဤကမ္ဘာ၏ ကောင်းကင်အသိစိတ်နှင့်လည်း တူညီနေလေသည်
ရှေးဟောင်းကျောက်တိုင်ကမ္ဘာ ဆင့်ကဲပြောင်းလဲလာသည်နှင့်အမျှ ၎င်းသည် ဝင်စားခြင်းအဆင့်ရှိ အစွမ်းထက် ကျင့်ကြံသူများကို မွေးဖွားပေးနိုင်ပြီ ဖြစ်သော်လည်း သံသရာအဆင့်ရှိသူများကိုမူ မမွေးဖွားပေးနိုင်သေးပေ။
၎င်းကို အောင်မြင်ရန်အတွက် ထျန်းရွှမ်တိုက်ကြီးကဲ့သို့ ပြည့်စုံသောနယ်ပယ်တစ်ခု လိုအပ်ပေသည်။
“ကောင်းပြီ”
ဝူယွမ်က ပြန်ဖြေလိုက်ပြီး ရှေးဟောင်းကျောက်တိုင်ကမ္ဘာထဲမှ ချက်ချင်းထွက်လာခဲ့သည်။
ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စု၏ ဘိုးဘေးတောင်တန်း အထက်တွင်။
ဝူယွမ် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ထက်တွင် မိုးကြိုးများ ရုတ်တရက်စုစည်းလာသည်။
ဒိုင်း...
ဧရာမမိုးကြိုးကြီးက ဟိန်းဟောက်လိုက်ပြီး မိုးကြိုးတိမ်တိုက်များ စုစည်းလာရာ မိုးကြိုးပေါင်းတစ်သောင်း ကျဆင်းလာတော့မည့် ဧကန်ကပ်ဘေးတစ်ခု ကျရောက်တော့မည့် မြင်ကွင်းကဲ့သို့ပင်။
ကောင်းကင်မိစ္ဆာမြွေပါများ အားလုံး အကြောင်းပြချက်မရှိ အံ့အားသင့်သွားကြသည်။
မွန်းတည့်ချိန်ဖြစ်သော်လည်း ကောင်းကင်ယံမှာ လျင်မြန်စွာ မှောင်မိုက်သွားပြီး အမည်းရောင် တိမ်တိုက်များ လိမ့်တက်လာသည်။
တိမ်တိုက်များအတွင်း၌ မရေမတွက်နိုင်သော မိုးကြိုးများက မိုးကြိုးနဂါးများသဖွယ် ရစ်ခွေနေကြပြီး ၎င်းတို့ တွန့်လိမ်လှုပ်ရှားနေသည်နှင့်အမျှ အံ့မခန်း ကောင်းကင်နှင့်မြေကြီး အရှိန်အဝါတစ်ခု ဖြာထွက်နေလေသည်။
ဒိုင်း...
မိုးကြိုးများ လက်ခနဲ လင်းလက်သွားပြီး မိစ္ဆာနယ်မြေတစ်ခုလုံးကို နေ့လယ်ခင်းကဲ့သို့ လင်းထိန်သွားစေသည်။ ဤအခိုက်အတန့်တွင် လောကတစ်ခုလုံးရှိ ယွမ်စွမ်းအားများ ဆူပွက်လာကြသည်။
ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စု၏ အစွမ်းထက် ကျင့်ကြံသူများ အားလုံး၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ပေါ်လာကြပြီး ကောင်းကင်ထက်ရှိ ဆူညံမှုများကို မျက်ခမ်းများ တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။
ဤအဆင့်ရှိ မိုးကြိုးမုန်တိုင်းမျိုးဆိုလျှင် သံသရာအဆင့်မှ အလွန်အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးပင်လျှင် ချက်ချင်း ပြာအဖြစ် ပြောင်းလဲသွားလောက်ပေသည်။
မိုးကြိုးသံများ ပိုမိုမြန်ဆန်လာပြီး တောက်ပသော မိုးကြိုးများကို အမည်းရောင်တိမ်တိုက်များကပင် မထိန်းချုပ်နိုင်တော့သည့်ဟန် ရှိသည်။
ဝင်ရောက်တိုက်ခိုက်တော့မည့် စစ်တပ်ကြီးတစ်ခုကဲ့သို့ အစီအရင်ကြီးက ကောင်းကင်နှင့် မြေကြီးကိုပင် အနည်းငယ် တုန်ခါသွားစေသည်။
ပေသောင်းချီ ရှည်လျားသော မရေမတွက်နိုင်သည့် မိုးကြိုးများသည် ဟိန်းဟောက်နေသော မိုးကြိုးနဂါးများသဖွယ် ကောင်းကင်ထက်ရှိ မိုးကြိုးတိမ်တိုက်များထဲမှ ပေါက်ကွဲထွက်လာ၏။
ထို့နောက် မိုးကြိုးရေတံခွန်ကြီးအဖြစ် ပြောင်းလဲကာ ကောင်းကင်မှ ကျဆင်းလာပြီး ရှောင်တျောင်းနေထိုင်ရာ နေရာဆီသို့ တိုက်ရိုက်ဦးတည်လာကြသည်။
“ဒီလောက် ပြင်းထန်တဲ့ မိုးကြိုးမျိုးကို မခံစားရတာ ကြာပြီပဲ”
ကောင်းကင်မိစ္ဆာမြွေပါ အများအပြား၏ ထိတ်လန့်နေသော အကြည့်များကြားတွင် ပုံရိပ်တစ်ခု ပျံတက်သွားပြီး ကျဆင်းလာသော မိုးကြိုးရေတံခွန်ကြီးကို တိုက်ရိုက်ရင်ဆိုင်လိုက်လေသည်။
ထိုမိုးကြိုးများသည် ဤသူ၏ ဆွဲဆောင်မှုကို ခံလိုက်ရသကဲ့သို့ ကြောက်မက်ဖွယ် မိုးကြိုးနဂါးများအဖြစ် ပြောင်းလဲသွားပြီး သူ့နောက်သို့ လိုက်လံတိုက်ခိုက်ကြသည်။
ကောင်းကင်မိစ္ဆာမြွေပါ အကြီးအကဲတစ်ဦးက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
“အဲဒါ ဝူယွမ်ပဲ... ဘုရားရေ၊ သူက မဟာအဆောင်သခင်အဆင့်ကို ဖောက်ထွင်းဝင်ရောက်တော့မလို့လား”
အခြားသူများကလည်း သတိပြုမိသွားကြပြီး ၎င်းတို့၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော အံ့အားသင့်မှုများ ပြည့်နှက်သွားကြသည်။
ဤကဲ့သို့သော အဆင့်တက်သည့် မြင်ကွင်းမျိုးကို ၎င်းတို့ ယခင်က တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ကြချေ။ အစွမ်းထက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုပင်လျှင် ဤမိုးကြိုးအရှိန်အဝါ၏ အောက်တွင် ၎င်းတို့ကိုယ်၎င်းတို့ သေးငယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
မရေမတွက်နိုင်သော မိုးကြိုးနဂါးများ စတင် စုစည်းလာကြပြီး ဒီရေလှိုင်းများသဖွယ် ဟိန်းဟောက်ကာ လောကကို ဖျက်ဆီးပစ်မည့် စွမ်းအားများ သယ်ဆောင်လာသကဲ့သို့ အဟုန်ပြင်းစွာ ဝင်ရောက်လာကြသည်။
ဝူယွမ်က သူ့လက်မောင်းကို ဆန့်တန်းလိုက်ရာ သူ၏ ဝိညာဉ်စွမ်းအင်များက ဝဲကတော့တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိုးကြိုးများကိုကြိုဆိုကာ ၎င်း၏ သန့်စင်ပေးမှုကို မောက်မာစွာ လက်ခံလိုက်လေသည်။
မိုးကြိုးသမုဒ္ဒရာကြီးသည် ဤအခိုက်အတန့်တွင် ခေါ်ယူခံလိုက်ရသကဲ့သို့ အရပ်မျက်နှာ အသီးသီးမှ ရူးသွပ်စွာ စီးဆင်းလာပြီး နောက်ဆုံးတွင် ဝူယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ အဟုန်ပြင်းစွာ ဝင်ရောက်သွားကြသည်။
သို့သော် ဝူယွမ်၏ ခန္ဓာကိုယ်မှာ အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ပင်...
သူသည် မည်သည့် သက်သောင့်သက်သာ မရှိမှုမျိုးကိုမျှ မပြသခဲ့ပေ။ ထို့အစား သူ၏ မျက်နှာပေါ်တွင် မိန်းမောသာယာနေသည့် အရိပ်အယောင်တစ်ခုပင် ပေါ်လာလေသည်။
နတ်ဘုရားကြိတ်ဆုံဖြင့် သန့်စင်ထားသော သူ၏ ဝိညာဉ်စွမ်းအင်သည် မိုးကြိုးများကို မကြောက်ရွံ့တော့သည့် အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။
ဤမိုးကြိုးများသည် သူ့ကို မထိခိုက်စေနိုင်ရုံသာမက သူ၏ စုပ်ယူခြင်းကိုပင် ခံလိုက်ရပြီး သူ၏ရုပ်ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် အစွမ်းအထက်ဆုံး စွမ်းအားတစ်ခုအဖြစ် ဆောင်ရွက်ပေးနေလေသည်။
မိုးကြိုးဝိညာဉ်ကောင်းကင်ဓားသည်လည်း သူ့ဘေးတွင် ပေါ်လာပြီး သူနှင့်အတူ မိုးကြိုး၏ နှစ်ခြင်းပေးမှုကို လက်ခံယူလေသည်။ မိုးကြိုးဧကရာဇ် ရတနာနည်းစနစ် လည်ပတ်သွားပြီး မိုးကြိုး၏ စည်းမျဉ်းများကို အပြည့်အဝ ဆင့်ကဲပြောင်းလဲစေလိုက်သည်။
မိုးကြိုးဘေးဒုက္ခ၏ အောက်တွင် ဝူယွမ်၏ ရုပ်ခန္ဓာ၊ ယွမ်စွမ်းအား၊ ဝိညာဉ်စွမ်းအင်နှင့် မိုးကြိုးစည်းမျဉ်းများ အားလုံးသည် လျင်မြန်စွာ တိုးတက်လာနေကြသည်။
သုံးရက်တာ အချိန်ကာလမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
မရေမတွက်နိုင်သော ကောင်းကင်မိစ္ဆာမြွေပါများ၏ သေးငယ်သော မျက်လုံးများ၏ စောင့်ကြည့်မှုအောက်တွင် ကောင်းကင်ထက်ရှိ မိုးကြိုးများကို ဝူယွမ်က အပြည့်အဝ စုပ်ယူသွားခဲ့လေပြီ။
ကောင်းကင်ကြီးသည်လည်း ပြန်လည်ငြိမ်သက်သွားခဲ့သည်။
ဝူယွမ်က ရုတ်တရက် မျက်လုံးဖွင့်လိုက်ရာ သူ့မျက်လုံးများထဲမှ လောကကို ထိုးဖောက်သွားနိုင်မည့်အလား စူးရှသောအလင်းတန်းတစ်ခု ပစ်ထွက်လာသည်။
သူ့မျက်ခုံးနှစ်ခုကြားရှိ မိုးကြိုးဧကရာဇ်မျက်လုံးမှာလည်း မျက်စိကျိန်းမတတ် တောက်ပနေပြီး ခရမ်းရောင်အလင်းတန်းများက ကောင်းကင်သို့ထိုးတက်သွား၏။
လူများကို တိုက်ရိုက် မကြည့်ဝံ့စေလောက်အောင် အစွမ်းထက်သော နတ်ဘုရားသတ်ဖြတ်ရေး မျက်လုံးတစ်လုံးကဲ့သို့ ဖြစ်နေလေသည်။
“ဒါက မဟာအဆောင်သခင်ပဲ”
“အစ်ကိုကြီး”
ရှောင်တျောင်းက စိတ်လှုပ်ရှားစွာဖြင့် လေထဲသို့ ပျံတက်သွားသည်။ သူက ဝူယွမ်ကို အားကျမြတ်နိုးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
‘အစ်ကိုကြီးက ပိုပြီး အစွမ်းထက်လာပြန်ပြီ'
သူ့စိတ်ထဲတွင်တော့ အစ်ကိုကြီးသည် လောကတွင် ပြိုင်ဘက်ကင်းနေပြီ ဖြစ်သည်။
ကောင်းကင်မိစ္ဆာမြွေပါမျိုးနွယ်စုခေါင်းဆောင်ကလည်း စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များဖြင့် သူ့ကို ကြည့်လိုက်သည်။
“မိတ်ဆွေလေး ဝူယွမ်”
ကောင်းကင်မိစ္ဆာမြွေပါ အများအပြား သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ဝူယွမ်က အားနာဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။
“တောင်းပန်ပါတယ်ဗျာ... အသံ နည်းနည်းကျယ်သွားတယ်”
တစ်လအတွင်း သူသည် မဟာအဆောင်သခင်အဆင့်ကို ဆက်တိုက် ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့သည်။
ဝူယွမ်သည် စွမ်းအင်အများအပြား စုဆောင်းထားခဲ့ပြီး ထာဝရစိတ်ကူးယဉ် မိစ္ဆာပန်း၏ အကူအညီဖြင့် ဤတစ်ကြိမ်တွင် ကြီးမားသော အဆင့်တက်မှုကို အောင်မြင်ခဲ့ခြင်းဖြစ်သည်။
လင်းတုန်သည် ရှေးဟောင်းကျောက်တိုင်ကမ္ဘာထဲမှ ထွက်လာပြီး မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်နေလျက် ပြောလိုက်သည်။
“အစ်ကိုကြီး... ကျွန်တော်လည်း ခြေလှမ်း၀က်မဟာအဆောင်သခင်အဆင့်ကို ရောက်သွားပြီ”
သူသည် မဟာအဆောင်သခင်အဆင့်ကို ဆက်တိုက် စိန်ခေါ်ရန် ဝူယွမ်လောက် မ၀ံ့ရဲခဲ့ပေ။
ဝူယွမ်က ချီးကျူးလိုဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“မဆိုးဘူး၊ မဆိုးဘူး”
ထိုအချိန်တွင် လင်းတုန်၏ မျက်ခုံးနှစ်ခုကြား၌လည်း ဝါးမျိုခြင်းနှင့် မိုးကြိုးစွမ်းအားများ ပြည့်နှက်နေသော မှော်ဆန်သည့် မျက်လုံးတစ်လုံး ရှိနေသည်ကို သူ သတိပြုမိသွားသည်။
“ဒုတိယညီလေး... ဒါက ဘာလဲ”
လင်းတုန်က ရယ်မောလိုက်သည်။
“ဟဲဟဲ... အစ်ကိုကြီး... ကျွန်တော်လည်း နတ်ဘုရားမျက်လုံးတစ်ခုကို ကျင့်ကြံနိုင်ခဲ့တယ်။ အဲဒါကို ဘိုးဘေးအဆောင်မျက်လုံးလို့ ကျွန်တော် နာမည်ပေးထားတယ်”
ဝီ...
လင်းတုန်၏ မျက်ခုံးနှစ်ခုကြား နေရာ အက်ကွဲသွားပြီး အက်ကွဲကြောင်း၏ အောက်တွင် အဆုံးမဲ့ အမည်းရောင်အလင်းတန်းနှင့် မိုးကြိုးများ ထုတ်လွှတ်နေသော လျှို့ဝှက်နက်နဲသည့် မျက်လုံးတစ်လုံး ရှိနေပုံရသည်။