← Chapters

အခန်း ၄၇၈

Vol. 48 Ch. 478

အခန်း ၄၇၈

Vol. 48 Ch. 478

အခန်း (၄၇၈) - အုပ်စိုးသူမျက်လုံး၊ မိစ္ဆာဧကရာဇ်၏လက်နှင့် မူလစွမ်းအား(၄)

သူ၏ ကမ္ဘာသစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အနာဂတ်တွင် နယ်ပယ်ချိပ်ပိတ်မှုကို သူ သေချာပေါက် ဖျက်ဆီးပစ်မည် ဖြစ်သော်လည်း ချိပ်ပိတ်မှုကို မဖျက်ဆီးမီ ကမ္ဘာခြားနတ်ဆိုး ဧကရာဇ်ကို အနိုင်ယူနိုင်မည့် စွမ်းအားရှိကြောင်း သေချာအောင် လုပ်ဆောင်ရမည် ဖြစ်သည်။

ထိုသို့မဟုတ်လျှင် ၎င်းကို ဖွင့်လှစ်လိုက်ခြင်းက လူများကို သေတွင်းထဲသို့ ပို့လိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။

မူလဇာတ်လမ်းတွင် ကောင်းကင်ဘုရင့်နန်းတော်နှင့် ဒုတိယဘုရင့်နန်းတော်တို့ကဲ့သို့ ကျန်ရစ်သော ကမ္ဘာခြားနတ်ဆိုးများ ဦးဆောင်သည့် နတ်ဆိုးအကျဉ်းထောင် အင်အားစုများသည် ယုတ်မာသည့် အကြံအစည်များ ပြုလုပ်နေခဲ့ကြသည်။

၎င်းတို့သည် မကြာမီတွင် ကောင်းကင်နှင့် မြေကြီး စစ်ပွဲကြီးအသစ်တစ်ခုကို စတင်တော့မည်ဖြစ်သည်။

၎င်းတို့၏ ရည်မှန်းချက်မှာ စစ်ပွဲမှတစ်ဆင့် သေဆုံးမှု အမြောက်အမြားကို ဖန်တီးရန်နှင့် မိစ္ဆာဧကရာဇ်၏ရုပ်တုကို အသက်သွင်းရန်အတွက် ကမ္ဘာခြားနတ်ဆိုးစစ်တပ်နှင့် ဘုရင့်နန်းတော်ကို ယဇ်ပူဇော်ရန်ပင်။

မိစ္ဆာဧကရာဇ်၏ ရုပ်တုကို အောင်မြင်စွာ အသက်သွင်းပြီးနောက် ၎င်းတို့သည် ကမ္ဘာခြားနတ်ဆိုးဧကရာဇ် ချန်ထားခဲ့သော ပြတ်တောက်နေသည့်လက်ကို ခေါ်ယူပြီး မိစ္ဆာဧကရာဇ်ရုပ်တုထဲသို့ ပေါင်းစပ်ထည့်သွင်းကာ ဤနယ်ပယ်မှ အစွမ်းထက်ကျင့်ကြံသူများကို တိုက်ခိုက်မည်ဖြစ်သည်။

ဤသို့ဖြင့် မိစ္ဆာဧကရာဇ်၏ ရုပ်တုသည် တိုက်ခိုက်မှု အမြောက်အမြားကို စုပ်ယူနိုင်မည်ဖြစ်ပြီး နှစ်ဖက်လုံး၏ စွမ်းအားများကို ပေါင်းစပ်ကာ နယ်ပယ်အတားအဆီးကို ဖောက်ထွင်းဖျက်ဆီးပြီး အောင်မြင်စွာ ဆင်းသက်လာနိုင်မည်ဖြစ်သည်။

ကြိုတင်သိရှိထားမှုနှင့်အတူ ဝူယွမ်သည် ၎င်းတို့ကို အောင်မြင်ခွင့်မပေးနိုင်သည်မှာ သဘာဝပင်။ ဤကျန်ရစ်သော ကမ္ဘာခြားနတ်ဆိုးများကို ရှာဖွေပြီး ၎င်းတို့ကို အာဟာရအဖြစ် အရင်ဖမ်းဆီးချင်နေလေသည်။

ချင်းကျီ၊ မိုလော့နှင့် အခြားသူများသည် နတ်ဆိုးအကျဉ်းထောင်ကို တိုက်ခိုက်နေခဲ့ကြသော်လည်း နတ်ဆိုးအကျဉ်းထောင်သည် အမှောင်ထုထဲတွင် ပုန်းကွယ်နေသဖြင့် ၎င်းတို့ကို ရှာမတွေ့နိုင်ဘဲ တိုက်ခိုက်မှုများကိုသာ ခံစားနေကြရသည်။

သို့သော် ဝူယွမ်ကမူ ယခုအခါ ကွာခြားသွားခဲ့ပြီဖြစ်သည်။

သူသည် အုပ်စိုးသူမျက်လုံးကို ကျင့်ကြံထားပြီးဖြစ်ရာ လောကရှိ စိတ်ကူးယဉ်ကမ္ဘာအားလုံးကို ထိုးဖောက်မြင်နိုင်စွမ်းရှိပြီး ပုန်းကွယ်မှုအားလုံးကို မြင်ရကာ နယ်ပယ်တစ်ခုလုံးကို သူ စောင့်ကြည့်နိုင်လေသည်။

“အုပ်စိုးသူမျက်လုံး”

ဝူယွမ်သည် လေဟာနယ်ထဲတွင် ရပ်နေရင်း သူ၏ မျက်ခုံးနှစ်ခုကြားရှိ အုပ်စိုးသူမျက်လုံးကို အသက်သွင်းလိုက်ပြီး ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များကို အဓိကထား ရှာဖွေလိုက်သည်။

မကြာမီမှာပင် သူ၏ အမြင်အာရုံထဲတွင် ထျန်းရွှမ်တိုက်ကြီး၏ နေရာအနှံ့အပြား၌ ပုန်းကွယ်နေသော ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များကို သူ မြင်တွေ့လိုက်ရသည်။

ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များ ရှိနေသော နေရာတိုင်းတွင် ကမ္ဘာခြားနတ်ဆိုးတစ်ကောင် ပုန်းအောင်းနေလေသည်။

“အနောက်ပိုင်းရွှမ်ဒေသ တစ်ခုလုံးက ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ထိန်းချုပ်မှုအောက်ကို လုံးဝရောက်သွားပြီပဲ”

ဝူယွမ်မှာ တိတ်တဆိတ် ထိတ်လန့်သွားမိသည်။ အနောက်ပိုင်းရွှမ်ဒေသ၏ မြေအောက်တွင် နက်ရှိုင်းပြီး မှောင်မိုက်သော ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များဖြင့် ပြည့်နှက်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။

အနောက်ပိုင်းရွှမ်ဒေသတွင် ကျယ်ပြောလှသော သဲကန္တာရကြီးတစ်ခုရှိပြီး ထိုသဲကန္တာရ၏အောက်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော ဧရာမမိစ္ဆာအရိပ်ကြီးတစ်ခု ရှိနေလေသည်။

ဝူယွမ်၏ အုပ်စိုးသူမျက်လုံး မျက်ဝန်းများမှာ ဆိုးယုတ်သော အငွေ့အသက်များရှိသည့် မိစ္ဆာအရိပ်ကြီးကိုကြည့်ရင်း ရုတ်တရက် ကျုံ့ဝင်သွားသည်။

ထိုမိစ္ဆာအရိပ်ကြီးတွင် ဧရာမ မိစ္ဆာလက်မောင်း အမြောက်အမြား ရှိနေပုံရပြီး လက်ဖဝါးတွင် တင်းကြပ်စွာ မှိတ်ထားသော ဆိုးယုတ်သည့် မိစ္ဆာမျက်လုံး တစ်လုံးစီ ရှိနေသည်။

ထိုမျက်လုံးများသည် ဝူယွမ် မြင်ဖူးသမျှထဲတွင် အဆိုးယုတ်ဆုံးပင်။

“အဲဒါ မိစ္ဆာဧကရာဇ်ရဲ့ရုပ်တု ဖြစ်လောက်တယ်၊ နတ်ဆိုးအကျဉ်းထောင်က အဲဒါကို အသက်သွင်းဖို့ နှစ်ပေါင်းများစွာ ကြံစည်နေခဲ့ကြတာပဲ”

“ဟဲဟဲ... ဒီလောက်ကြီးတဲ့ စွမ်းအင်ဘက်ထရီးကြီးကိုတော့ ငါ လက်လွတ်ခံလို့ မဖြစ်ဘူး”

ဝူယွမ်၏ နှုတ်ခမ်းထောင့်များက ကွေးတက်သွားပြီး ဆိုးယုတ်သောအပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုအနောက်ပိုင်းရွှမ် မဟာသဲကန္တာရထဲတွင် မယုံနိုင်လောက်အောင် အစွမ်းထက်သော ကမ္ဘာခြားနတ်ဆိုးဘုရင်အချို့ကိုလည်း ဝူယွမ် မြင်တွေ့လိုက်ရပြီး ယခင်က သူ ဖိနှိပ်ခဲ့သော ဘုရင့်နန်းတော် ဆယ်ပါးထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းနေသေးသည်။

ဤသူများသည် ကောင်းကင်ဘုရင့်နန်းတော်နှင့် ဒုတိယဘုရင့်နန်းတော်တို့ကဲ့သို့ နတ်ဆိုးအကျဉ်းထောင်၏ အဆင့်မြင့် အရာရှိများ ဖြစ်ပေလိမ့်မည်။

ထျန်းရွှမ်တိုက်ကြီးကို ကျူးကျော်ဝင်ရောက်လာသော ကမ္ဘာခြားနတ်ဆိုး မျိုးနွယ်စုထဲတွင် အစွမ်းအထက်ဆုံးမှာ ကမ္ဘာခြားနတ်ဆိုးဧကရာဇ်ဖြစ်ပြီး ၎င်းနောက်တွင် ကမ္ဘာခြားနတ်ဆိုး ဧကရာဇ်၏ စီးတော်ယာဉ်ဖြစ်သော မဟာကောင်းကင်ဘုံ မိစ္ဆာဆိုးဘုရင်နှင့် ကြီးမြတ်သော ဘုရင့်နန်းတော် ဆယ်ပါးတို့ ဖြစ်ကြသည်။

၎င်းတို့အားလုံးမှာ ရှေးဟောင်း သခင်ကြီးရှစ်ပါးနှင့် ယှဉ်နိုင်သော အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြသည်။ ၎င်းတို့အထဲတွင် ကောင်းကင်ဘုရင့်နန်းတော်ကို ရေခဲသခင်မကသာ ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။

ယခု ဤဘုရင့်နန်းတော်များ အားလုံးသည် အနောက်ပိုင်းရွှမ်ဒေသတွင် ပုန်းကွယ်နေကြသည်။

ဘုရင့်နန်းတော်အဆင့် ကမ္ဘာခြားနတ်ဆိုးများအပြင် ကမ္ဘာခြားနတ်ဆိုးဘုရင် အများအပြားလည်း ရှိနေသေးသည်။

ဤကမ္ဘာခြားနတ်ဆိုးများသည် အရှေ့ပိုင်းရွှမ်ဒေသ၊ မိစ္ဆာနယ်မြေ၊ ကစဉ်ကလျားမိစ္ဆာပင်လယ် အစရှိသည့် လောက၏ ဒေသအသီးသီးသို့ ထိုးဖောက်ဝင်ရောက်နေခဲ့ကြပြီဖြစ်ရာ... နာမည်ကြီး အင်အားစုအများအပြားတွင် ကမ္ဘာခြားနတ်ဆိုးများ၏ အရိပ်အယောင်များ ရှိနေကြသည်။

“ကောင်းကင်ဘုရင့်နန်းတော်က တော်တော်လေး အစွမ်းထက်တာပဲ၊ ဒီလောက်နှစ်တွေ အများကြီး တိတ်ဆိတ်နေပြီး သူက ဒီလောက်များတဲ့ အကြံအစည်တွေကို ချမှတ်ထားနိုင်ခဲ့တယ်”

ဝူယွမ်သည် ကောင်းကင်ဘုရင့်နန်းတော်အပေါ် သူ၏ရင်ထဲတွင် အနည်းငယ် လေးစားမိသွားသည်။ ကမ္ဘာခြားနတ်ဆိုး မျိုးနွယ်စု၏ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် ကောင်းကင်ဘုရင့်နန်းတော်သည် သူရဲကောင်းတစ်ဦး၊ ကြီးမြတ်သော တည်ရှိမှုတစ်ခုပင်။

မူလဇာတ်လမ်းတွင် သူ၏ အစီအစဉ်များမှာ အခြေခံအားဖြင့် ပြီးမြောက်ခဲ့သည်။ သူ နောက်ဆုံးတွင် မနိုင်ခဲ့ခြင်းမှာ ကမ္ဘာခြားနတ်ဆိုးဧကရာဇ်၏စွမ်းအား မလုံလောက်သောကြောင့်သာ။ ကောင်းကင်ဘုရင့်နန်းတော်၏အမှား မဟုတ်ပေ။

သေချာသည်မှာ ဝူယွမ်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်ခြင်းဖြစ်သည်။

လေးစားမှုဆိုသည်က တစ်ပိုင်း၊ ရန်သူဆိုသည်မှာ အမြဲတမ်း ရန်သူဖြစ်နေမည်ပင်။

ကောင်းကင်ဘုရင့်နန်းတော်၏ အစီအစဉ်သည် ကမ္ဘာခြားနတ်ဆိုးများအတွက် အံ့သြဖွယ်ကောင်းလှသော်လည်း သူတို့အတွက်တော့ ရက်စက်လွန်းလှပေသည်။

ကောင်းကင်ဘုရင့်နန်းတော်ကို ဖမ်းမိသောအခါ သူ့ကိုလည်း စွမ်းအင်ဘက်ထရီတစ်ခုအဖြစ် ပြောင်းလဲပစ်မည် ဖြစ်သည်။

“အော် ဒါနဲ့... မိစ္ဆာဧကရာဇ်ရဲ့လက်ကရော ဘယ်မှာပုန်းနေတာလဲ”

ဝူယွမ်သည် သူ၏ စုံစမ်းစစ်ဆေးမှုကို ဆက်လက်ပြုလုပ်နေပြီး အုပ်စိုးသူမျက်လုံးဖြင့် လောက၏ နေရာတိုင်းကို စောင့်ကြည့်နေခဲ့သည်။

တစ်လတိတိ စုံစမ်းစစ်ဆေးပြီးနောက် ဝူယွမ်သည် ကမ္ဘာခြားနတ်ဆိုးအားလုံး၏ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီး မြေပုံပေါ်တွင် ရှင်းလင်းစွာ မှတ်သားထားနိုင်ခဲ့သော်လည်း မိစ္ဆာဧကရာဇ်၏လက်ကိုမူ ရှာမတွေ့သေးပေ။

“ငါ ဘယ်လိုလုပ် ရှာမတွေ့တာလဲ။ ဒါက မြေပြင်ပေါ်မှာ မရှိတာများလား”

ဝူယွမ် ရုတ်တရက် အကြံဉာဏ်တစ်ခု ရလာပြီး သူ၏ အမြင်အာရုံကို လေဟာနယ်ဆီသို့ ချက်ချင်းပြောင်းရွှေ့လိုက်သည်။

“မင်းကိုတွေ့ပြီ”

ဝူယွမ်မှာ ဝမ်းသာအားရ ဖြစ်သွားသည်။ ထျန်းရွှမ်တိုက်ကြီး၏ ပတ်ပတ်လည်ရှိ လေဟာနယ်ထဲတွင် ဖြူရော်နေသော ဧရာမလက်မောင်းကြီးတစ်ခု လွင့်မျောနေသည်ကို သူ မြင်တွေ့လိုက်ရသည်။

မိစ္ဆာစွမ်းအင်များ ဆူပွက်နေပြီး လေဟာနယ်ကိုပင် ကူးစက်နေကာ ၎င်းထံမှ ဖြာထွက်နေသော အငွေ့အသက်က လက်ရှိ ဝူယွမ်ကိုပင် ရင်ထဲ၌ တုန်လှုပ်သွားစေသည်။

“ဒါ မိစ္ဆာဧကရာဇ်ရဲ့ အငွေ့အသက်ပဲ။ ဒါက ဘိုးဘေးအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ဦးရဲ့ စွမ်းအားလား”

ဝူယွမ်က မိစ္ဆာဧကရာဇ်၏ လက်မောင်းဆီသို့ ချက်ချင်း ပျံသန်းသွားလေသည်။

“ဒါက အကြီးဆုံး စွမ်းအင်ဘက်ထရီကြီးပဲ”

ဝူယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး လက်မောင်းကြီးကို ကျေနပ်စွာ ကြည့်လိုက်သည်။

၎င်းထံမှ ဖြာထွက်နေသော စွမ်းအားမှာ သူကြုံတွေ့ခဲ့ရသော ကမ္ဘာခြားနတ်ဆိုးများ အားလုံးထက် ပိုမိုကြောက်မက်ဖွယ်ကောင်းနေပြီး သူစုံစမ်းတွေ့ရှိခဲ့သော ကောင်းကင်ဘုရင့်နန်းတော်နှင့် မိစ္ဆာဧကရာဇ်၏ ရုပ်တုတို့ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေသေးသည်။

ထို့အပြင် ဤသည်မှာ ကမ္ဘာခြားနတ်ဆိုးဧကရာဇ်၏ လက်မောင်းတစ်ဖက်သာ ရှိသေးသည်။

ဝူယွမ် လေဟာနယ်ထဲသို့ ရောက်ရှိလာသည်နှင့် မိစ္ဆာဧကရာဇ်၏ လက်မောင်းကလည်း သူ့ကို အာရုံခံမိသွားသည်။

ကမ္ဘာခြားနတ်ဆိုးဧကရာဇ်၏ ကျန်ရစ်သော အလိုဆန္ဒက လက်မောင်းထဲတွင် ရှိနေဆဲပင်။

အမည်းရောင်မိစ္ဆာအရိပ်တစ်ခုက လက်မောင်းထဲမှ ထွက်ပေါ်လာသည်။

“မင်း ငါ့ကို တကယ်ပဲ ရှာတွေ့ခဲ့တာလား”

မိစ္ဆာအရိပ်က ဝူယွမ်ကို အနည်းငယ် အံ့အားသင့်စွာ စိုက်ကြည့်ရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ဝူယွမ်မှာ ဖိအားအချို့ကို ခံစားလိုက်ရသည်။ ဘိုးဘေးအဆင့် အစွမ်းထက် ကျင့်ကြံသူများသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

မူလဇာတ်လမ်းတွင် ဤလက်မောင်းနှင့် ပေါင်းစပ်ထားသော မိစ္ဆာဧကရာဇ်၏ ရုပ်တုကို ကိုင်တွယ်ဖြေရှင်းရန် ရေခဲသခင်မ နိုးထလာပြီး ထျန်းရွှမ်တိုက်ကြီးတစ်ခုလုံး၏ စွမ်းအားများကို စုစည်းကာ ယှဉ်ပြိုင်ခဲ့ရသည်မှာ အံ့သြစရာမဟုတ်တော့ပေ။

ဝူယွမ်မှာ စိတ်ထဲတွင် အံ့အားသင့်သွားသော်လည်း ပို၍ပင် ဝမ်းသာပျော်ရွှင်နေမိသည်။

“မင်းကို သန့်စင်လိုက်ရင် စွမ်းအင် အများကြီး ရလောက်တယ်”

သူသည် ဤမိစ္ဆာဧကရာဇ်၏ လက်မောင်းကို ဖိနှိပ်ရန် ချက်ချင်း လှုပ်ရှားလိုက်သည်။

ထိုမိစ္ဆာအရိပ်မှာ အကြွင်းအကျန် အလိုဆန္ဒတစ်ခုသာဖြစ်ပြီး ဝူယွမ်က ၎င်းကို ဂရုမစိုက်ခဲ့ပေ။

ကစဉ်ကလျားသန္ဓေသား၊ ငရဲနှိမ်နှင်းရေး နတ်ဘုရားခန္ဓာ၊ အာဏာရှင်သွေးမျိုးဆက်၊ နတ်ဆင်ဖိနှိပ်ခြင်း အကျဉ်းထောင်စွမ်းအား၏ ပဉ္စမအဆင့်၊ နတ်ဘုရားနှင့် နတ်ဆိုးချိပ်ပိတ်ခြင်း...

ဝူယွမ်သည် လက်မောင်း၏ စွမ်းအားများ ကုန်ခန်းသွားခြင်းမှ ကာကွယ်ရန် ဖိနှိပ်ခြင်းနှင့် ချိပ်ပိတ်ခြင်းနည်းလမ်းများကို အဓိက အသုံးပြုခဲ့သည်။

မကြာမီမှာပင် ဝူယွမ်က လက်မောင်းကို ချိတ်ပိတ်လိုက်ပြီး ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းသို့ ပြန်လည် ယူဆောင်သွားခဲ့သည်။

ကမ္ဘာသစ်ပင်သည် မိစ္ဆာဧကရာဇ်၏ လက်မောင်းမှ စွမ်းအားများကို ချက်ချင်း သန့်စင်ပြီး စုပ်ယူလိုက်ကာ ဝူယွမ်အား ဘိုးဘေးအဆင့်စွမ်းအား၏ အရင်းအမြစ်ကို ခွဲခြမ်းစိတ်ဖြာရန် ကူညီပေးသည်။

စွမ်းအင်နှင့် ခွဲခြမ်းစိတ်ဖြာမှုအားလုံးသည် သူ၏ ပင်မခန္ဓာကိုယ်က စုပ်ယူပြီး နားလည်သဘောပေါက်နိုင်ရန် အသက်နှင့်သေခြင်း သံသရာစက်ဝန်း ပန်းချီကားအတွင်းသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။

မိစ္ဆာဧကရာဇ်၏ လက်မောင်းစွမ်းအင် အကူအညီဖြင့် ဝူယွမ်သည် နတ်ဆင်ဖိနှိပ်ခြင်း အကျဉ်းထောင်စွမ်းအား၏ အဋ္ဌမအဆင့်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။

အဋ္ဌမအဆင့်။ နတ်ဘုရားများ အားလုံး၏ သန့်ရှင်းသော မြေ၊ နယ်မြေ ဖန်တီးခြင်း နည်းလမ်း။

အချိန်နှင့် လေဟာနယ် နည်းလမ်းကို နားလည်သဘောပေါက်ပြီး မိမိကိုယ်ကို ဗဟိုပြုကာ မူလအသက်စွမ်းအင်များကို စုစည်း၍ သန့်ရှင်းသော မြေတစ်ခုကို ဖန်တီးခြင်း။

သန့်ရှင်းသော မြေအတွင်း၌ စည်းမျဉ်းအားလုံးမှ ကင်းလွတ်ပြီး ထာဝရ သက်သောင့်သက်သာရှိနေကာ မည်သည့်တိုက်ခိုက်မှုကိုမဆို မိမိ၏ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည့် အစစ်အမှန် ပကတိကာကွယ်မှုတစ်ခု ဖြစ်သည်။

ဝူယွမ်သည် ရှေးဟောင်းကျောက်တိုင်ကမ္ဘာကို သူ၏ ကိုယ်ပိုင်နယ်မြေအဖြစ် တိုက်ရိုက်ဖန်တီးလိုက်သည်။ ဤနည်းအားဖြင့် သူသည် ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်း၌ အုပ်စိုးသူဖြစ်လာပြီး စည်းမျဉ်းအားလုံးမှ ကင်းလွတ်ကာ ထာဝရ ဖျက်ဆီး၍ မရနိုင်တော့ပေ။

ထို့အပြင် ရှေးဟောင်းကျောက်တိုင်ကမ္ဘာ၏ စွမ်းအားကိုလည်း သူ အသုံးပြုနိုင်ပြီဖြစ်သည်။

ကမ္ဘာသစ်ပင်၏ ခွဲခြမ်းစိတ်ဖြာမှုမှတစ်ဆင့် မိစ္ဆာဧကရာဇ်၏ လက်မောင်းတွင် နယ်ပယ်၏ အခြေခံစွမ်းအားများ ပါဝင်နေပြီး ၎င်းမှာ ဘိုးဘေးအဆင့် စွမ်းအား၏ အရင်းအမြစ်ဖြစ်ကြောင်း သူ သိလိုက်ရသည်။

ဘိုးဘေးအဆင့်ကို တိုက်ခိုက်ရန်အတွက် ထိုအဆင့်၏ အခြေခံစွမ်းအားကို နားလည်သဘောပေါက်ရမည် ဖြစ်သည်။

All Chapters