အခန်း ၁၀၉၁-၁၀၉၂)
Vol. 110 Ch. 1091-1092
အခန်း (၁၀၉၁) ထိုက်ပိုင်တောင် နတ်ဘုရားနယ်မြေတွေ ပေါ်ထွန်းလာခြင်း
ရှဲ့ဝမ်ရင်က သူမ၏ မိခင်ကို ပြန်ပြောလိုက်သည်။
"သမီး အကုန်ပြောပြပြီးပြီပဲဟာကို..."
ယခုအချိန်တွင် သူမသည် မကြာသေးမီကတင် ပြောခဲ့သော ရဲရင့်ပြတ်သားသည့် ကြုံးဝါးစကားများထဲ၌ စိတ်အာရုံ နစ်မြောနေဆဲ ဖြစ်သည်။
ထို့နောက်မှ မိခင်ဖြစ်သူ၏ မျက်နှာပေါ်ရှိ ထူးဆန်းသော အမူအရာကို သတိပြုမိသွားပြီး အခြေအနေကို ရိပ်မိသွားကာ မျက်နှာတစ်ခုလုံး မချိတင်ကဲဖြင့် နီရဲသွားရရှာသည်။
"မေမေ... အဲဒါက တောင်ပေါ်မှာလေ... တောတောင်အထပ်ထပ်ထဲမှာကို... မေမေ ဘာတွေ လျှောက်တွေးနေတာလဲ"
ဤအချိုးအစားကျလှပပြီး ညို့ဓာတ်ပြင်းသော အမျိုးသမီးကြီးကမူ ထိုအရာကို စိုးစဉ်းမျှ ဂရုမစိုက်ဘဲ လေသံခပ်တိုးတိုးဖြင့် ဆိုသည်။
"အဲလိုနေရာမျိုးဆိုတော့ ပိုတောင် စိတ်ကူးယဉ်ဆန်ဖို့ ကောင်းသေးတယ် မဟုတ်ဘူးလား"
ရှဲ့ဝမ်ရင် "..............."
ကျင်းရွှမ်တာအိုသီလရှင်သည် ရှဲ့ဝမ်ရင်၏ စကားများကြောင့် မကြာခဏဆိုသလို မျက်နှာနီရဲကာ အရှက်သည်းရလေ့ရှိသော်လည်း ယခုကြည့်ရသည်မှာ ၎င်းမှာ မိသားစုမျိုးရိုးဗီဇကြောင့်ပင် ဖြစ်ဟန်တူသည်။ သူမ၏ မိခင်ဖြစ်သူက ပို၍ပင် ပြတ်သားရဲတင်းလှပေသည်။
ဤအလှပဂေး မိခင်ကြီးသည် ရှဲ့ဝမ်ရင် ပြောပြခဲ့သော ထိုက်ယင်ကျမ်းစာကိုသာ အာရုံစိုက်မိသွားခြင်း ဖြစ်သည်။
စင်စစ်အားဖြင့် မကြာသေးမီက လီယန်ချူသည် ရှဲ့ဝမ်ရင်၏ ခန္ဓာကိုယ်အတွင်းသို့ အတိုင်းအဆမရှိ လျှံပယ်လှသော ကျင့်စဉ်စွမ်းအားများကိုပါ ထည့်သွင်းပေးခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် ရှဲ့ဝမ်ရင်ကို နတ်ဘုရားတုတစ်ပါးဟုပင် ဆိုနိုင်ချေပြီ။ စွမ်းအားသက်သက်ဖြင့်သာ တိုင်းတာမည်ဆိုလျှင် သူမသည် မြေပြင်နတ်ဘုရားတစ်ပါး ဖြစ်နေသည်မှာ အမှန်ပင်။
ဤကဲ့သို့သော အညစ်အကြေးကင်းစင်သည့် တာအိုခန္ဓာကိုယ်မျိုးသည် တကယ်ကို ထူးခြားဆန်းကြယ်လှပေသည်။ စွမ်းအားတစ်စက်မျှပင် လေလွင့်သွားခြင်းမရှိဘဲ အားလုံးကို အပြည့်အဝ စုပ်ယူနိုင်စွမ်းရှိရာ ဤကျင့်ကြံခြင်းလောက သမိုင်းတစ်လျှောက်တွင်ပင် အလွန်တရာ တွေ့ရခဲလှသော ထူးခြားသည့် ခန္ဓာကိုယ်အမျိုးအစား ဖြစ်သည်။
၎င်းမှာ အခြေခံအုတ်မြစ်မရှိဘဲ ဟင်းလင်းပြင်တွင် ပေါလောပေါ်နေသော ရေမှော်ပင်ကဲ့သို့ စွမ်းအားမျိုး ဖြစ်နေသော်လည်း အရှိန်အဝါ ပေါက်ကွဲလာမည်ဆိုလျှင်မူ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
သိုင်းနတ်ဘုရား သည် ချန်နိုင်ငံ၏ ကိုးကွယ်ပူဇော်မှုကို နှစ်ပေါင်း ခြောက်ရာတိုင်တိုင် ရရှိထားခဲ့သော်လည်း ချန်နိုင်ငံတစ်ဝှမ်းတွင် ပေါ်ပေါက်လာသော မြေပြင်နတ်ဘုရားများ၏ အရှိန်အဝါများကို အစကတည်းက တိုက်ရိုက်အာရုံခံနိုင်ခြင်းမျိုး မဟုတ်ပေ။
နိုင်ငံတော်၏ ကံတရားအရှိန်အဝါများ မိမိကိုယ်ပေါ်သို့ သက်ရောက်လာခြင်းကြောင့် သူ၏ သက်တမ်းကို ရှည်ကြာစေပြီး ထူးခြားသော အတတ်ပညာအချို့ကို တိုးပွားစေခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ၎င်းက သူ၏ အစွမ်းများကို ကန့်သတ်ချုပ်ချယ်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။
ရရှိမှုရှိလျှင် ဆုံးရှုံးမှုရှိသည်ဟူသော စကားမှာ ဤအရာကို ဆိုလိုခြင်း ဖြစ်သည်။ မဟုတ်လျှင် သိုင်းနတ်ဘုရား၏ ထူးချွန်ပြောင်မြောက်လှသော ပါရမီအရည်အသွေးဖြင့် ဆိုပါက ယခုအချိန်တွင် သူ၏ ကျင့်စဉ်အဆင့်မှာ ဤမျှထက် ပိုမိုမြင့်မားနေလောက်ချေပြီ။
လီယန်ချူသည် သန့်စင်သောယန်စွမ်းအင် ကျမ်းစာ ကို ကျင့်ကြံနေခြင်း ဖြစ်ပြီး ဤကျမ်းစာသည် ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ ခန္ဓာကိုယ်ကို သန့်စင်စွမ်းအားမြှင့်တင်ရခြင်း ဖြစ်သည်။
လီယန်ချူ၏ လက်ထဲတွင် အတိုင်းအဆမရှိ များပြားလှသော ဝိညာဉ်ကျောက်တုံးများ ရှိနေပြီး ၎င်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရေအတွက် ဖြစ်သည်။ ယခင်က သူသည် ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်ကျောက်တုံးများ မသုံးစွဲကြခြင်းမှာ ဤကမ္ဘာ၌ ထိုအရာများ မရှိသောကြောင့်ဟု ထင်မှတ်ခဲ့မိသည်။
သို့သော်လည်း နောက်ပိုင်းတွင် လူများစွာကို သတ်ဖြတ်ခဲ့ပြီးနောက်... သုံးသပ်ကြည့်ရလျှင် ရှေးဟောင်းမဟာကျင့်ကြံသူများနှင့် လောကပြင်ပတွင် ပုန်းအောင်းနေသော မိစ္ဆာအိုကြီးများကြောင့် ဤအရာများကို တစ်ဦးတည်းက လက်ဝါးကြီးအုပ် ထိန်းချုပ်ထားခဲ့ခြင်းမှန်း သိရှိလိုက်ရသည်။
သို့သော်လည်း ယခုအချိန်တွင်မူ ထိုသို့ လက်ဝါးကြီးအုပ်ထားနိုင်သူမှာ သူကိုယ်တိုင် ဖြစ်နေချေပြီ။ ထိုဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ ကျင့်ကြံခြင်းကြောင့် အရှိန်အဟုန်မှာ အလွန်တရာ မြန်ဆန်လှပြီး တိုက်ရိုက် စုပ်ယူနိုင်သကဲ့သို့ ဝိညာဉ်စွမ်းအင် စုစည်းမှု မန္တန်စွမ်းအင် စည်းဝိုင်းများကိုလည်း တည်ဆောက်နိုင်သည်။
အချိန်ကာလသည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ မကြာမီမှာပင် နှစ်ကုန်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
နေရာတိုင်းတွင် မီးအိမ်နီများကို ဆွဲချိတ်ထားကြပြီး ပျော်ရွှင်ချမ်းမြေ့စရာ အတိ ဖြစ်နေတော့သည်။ အရပ်သား ပြည်သူများအတွက်မူ တစ်နှစ်ပတ်လုံး ပင်ပန်းသမျှကို နှစ်သစ်ကူးအချိန်အခါတွင် ပျော်ပျော်ရွှင်ရွှင် နွှဲပျော်နိုင်ရန်သာ မျှော်လင့်ကြသည် မဟုတ်ပါလော။
နှစ်သစ်ကူး အကြိုညသို့ပင် မရောက်သေးသော်လည်း ဗြောက်အိုးသံများမှာ နေရာအနှံ့အပြားမှ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေချေပြီ။ ဝတ်ရုံထူထူများ ဝတ်ဆင်ထားသော ကလေးငယ်များသည် မြေပြင်ပေါ်မှ မပေါက်ကွဲသေးသော ဗြောက်အိုးများကို လိုက်လံကောက်ယူကာ လမ်းမထက်တွင် မီးရှို့ဆော့ကစားနေကြသည်။ ရံဖန်ရံခါတွင် မိဘလူကြီးများ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရသော်လည်း ဘာမှတော့ ထူးမခြားနားလှပေ။
နေရာတိုင်းတွင် လူသားလောက၏ ပျော်ရွှင်စရာ ကောင်းသော အငွေ့အသက်များဖြင့် ပြည့်နှက်နေတော့သည်။
လီယန်ချူသည် ချင်းယွန်းကျောင်းအတွင်း၌သာ အာရုံစိုက် ကျင့်ကြံနေခဲ့သည်။
ဤအချိန်အတွင်း ချန်နိုင်ငံတွင် ရှေးဟောင်း နတ်ဘုရားနယ်မြေ အကြွင်းအကျန် နှစ်နေရာ ထပ်မံပေါ်ထွန်းလာခဲ့ပြန်သည်။ သူသည် ထိုနေရာများအတွင်းရှိ နယ်မြေပြင်ပမိစ္ဆာများ၏ သွေးသားများကို လုံးဝ ခြေမှုန်းဖျက်ဆီးပစ်ခဲ့သော်လည်း နတ်ဘုရားများ၏ ဝိညာဉ်ကြွင်းများကို ဖြစ်စေ၊ ကျန်ရစ်ခဲ့သော နတ်ဘုရားလက်နက်များကို ဖြစ်စေ မတွေ့ရှိခဲ့ရပေ။
သို့သော်လည်း ထိုနေရာထဲမှ နတ်ဘုရားအပင်တစ်ပင်ကိုမူ ရှာဖွေတွေ့ရှိခဲ့သည်။ ဤနတ်ဘုရားအပင် တစ်ကိုယ်လုံးမှာ ရွှေဝါရောင် တောက်ပနေပြီး ထူးခြားဆန်းကြယ်လှသော အရှိန်အဝါများ လှည့်ပတ်စီးဆင်းနေကာ လွန်စွာမှပင် အံ့ဩဖွယ်ကောင်းလှပေသည်။
လီယန်ချူ၏ ကမ္ဘာငယ် အကျယ်အဝန်းမှာ ယခုအခါတွင် အလွန်တရာ ကျယ်ပြောလှပြီး အထဲ၌ ငါးရောင်ခြယ် နတ်ဘုရားမြေဆီလွှာများ ရှိနေသဖြင့် နတ်ဘုရားအပင်များ၏ ကြီးထွားနှုန်းကို ပိုမိုမြန်ဆန်စေနိုင်သည်။
မူလက ထိုနေရာမှာ ဗလာကျင်းနေခဲ့သော်လည်း နောက်ပိုင်းတွင် လီယန်ချူက မိစ္ဆာအိုကြီးများ၏ ရတနာသိုလှောင်မှုများကို သိမ်းပိုက်ရရှိခဲ့သဖြင့် ၎င်းကို ပိုမိုစုံလင်အောင် ဖြည့်တင်းထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် သူ၏ ကိုယ်ပေါ်၌ ကုသိုလ်မှတ်များစွာ ရှိနေသဖြင့် ဤရွှေရောင်နတ်ဘုရားအပင်ကို တိုက်ရိုက် အဆင့်မြှင့်တင်လိုက်သည်။
ရွှေရောင်နတ်ဘုရားအပင်မှ ထွက်ပေါ်လာသော အရှိန်အဝါများသည် ပိုမို၍ ကြီးမားထည်ဝါလာခဲ့သည်။ ၎င်းမှာ ကျင့်စဉ်အဆင့်ကို တိုက်ရိုက် အဆင့်တက်မပေးနိုင်သော်လည်း စားသုံးလိုက်မည်ဆိုပါက စွမ်းအားကို တိုးပွားစေနိုင်ပေသည်။
ထို့ကြောင့် လူသားလောကတွင် ရှိနေလျှင်ပင် လီယန်ချူသည် ကျင့်ကြံခြင်း ရင်းမြစ်များ ပြတ်လပ်သွားစရာ အကြောင်းမရှိဘဲ လိုအပ်ပါက ကုသိုလ်မှတ်များကိုသာ အသုံးပြုလိုက်ရုံပင် ဖြစ်သည်။
ယခုအခါ ကမ္ဘာငယ်တစ်ခုလုံးတွင် ဆန်းကြယ်လှသော ရောင်ခြည်တော်များ လင်းလက်နေပြီး အလွန်ပင် ထူးခြားလှပေသည်။ ကုသိုလ်မှတ် သုံးသန်းကို အသုံးပြု၍ အဆင့်မြှင့်တင်ထားသော နတ်ဘုရားအပင်သည် လီယန်ချူ၏ ဟူထျန်းအတတ်ဖြင့် တည်ဆောက်ထားသော ကမ္ဘာငယ်လေးထဲတွင် အလွန်ပင် ဆန်းကြယ်လှပေသည်။
ဆေးခင်းကြီးအတွင်းရှိ များစွာသော ဝိညာဉ်ဆေးပင်များသည်လည်း ထိုအပင်နှင့် အပြန်အလှန် ဟန်ချက်ညီညီ ပဲ့တင်ထပ်နေကြပြီး လီယန်ချူက ၎င်းတို့၏ ဆေးစွမ်းများကိုပါ အဆင့်မြှင့်တင်ပေးလိုက်သည်။ သက်တမ်းများ ပိုမိုရင့်ကျက်လာပြီး ဆေးစွမ်းများ ပိုမိုပြင်းထန်လာသည့်အပြင် ငါးရောင်ခြယ် နတ်ဘုရားမြေဆီလွှာ၏ ပြုစုပျိုးထောင်မှုကြောင့် အလွန်တရာ ခိုင်မာထူထဲသော အခြေခံအုတ်မြစ်ကြီး ဖြစ်လာခဲ့ရသည်။
နောက်ဆုံးတွင် ဤမျှများပြားလှသော ဝိညာဉ်ဆေးပင်များ၏ ပံ့ပိုးမှုဖြင့် လီယန်ချူသည် ရှန်ထင် အတားအဆီးကြီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ချေပြီ။ သန့်စင်သော ယန်စွမ်းအင်ကျမ်းစာ၏ အဓိက အာရုံခံဂိတ်ကိုးခုထဲမှ တတိယမြောက်ဂိတ်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
လီယန်ချူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ယခင်ကထက် တစ်ဆမျှ ပိုမိုသန်မာလာခဲ့သည်။ ဤတစ်ဆဆိုသော ပမာဏကို အထင်သေး၍မရပါချေ။ ယခုအခါ သူသည် သိုင်းနတ်ဘုရား ဖြစ်နေသဖြင့် ခန္ဓာကိုယ်မှာ အလွန်တရာ သန်မာလှရာ တစ်ဆမျှ ပိုမိုသန်မာလာခြင်းမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသော ပြောင်းလဲမှုကြီး ဖြစ်သည်။
သူသည် မိမိ၏ ခန္ဓာကိုယ်ပေါ်ရှိ ကုသိုလ်မှတ်များကို ပြန်လည်စစ်ဆေးကြည့်လိုက်ရာ သုံးသန်းကျော်မျှ ကျန်ရှိနေသေးသည်ကို တွေ့လိုက်ရသည်။
"နတ်ဘုရားနယ်မြေတွေ ပေါ်ထွန်းလာတာက တခြားအရာတွေကို ခဏဖယ်ထားရင်တောင် အထဲမှာ ပုန်းအောင်းနေတဲ့ နယ်မြေပြင်ပမိစ္ဆာတွေကတင် အတိုင်းအဆမရှိတဲ့ ကုသိုလ်မှတ်တွေပဲ"
ဟု လီယန်ချူက စိတ်ထဲမှ ရေရွတ်လိုက်သည်။
ယခုအခါ သိုင်းပညာအဆင့်သည်လည်း လျှို့ဝှက်အတားအဆီး သုံးခုစလုံးကို ဖောက်ထွက်နိုင်ခဲ့ပြီ ဖြစ်သဖြင့် အစွမ်းမှာ ယခင်ကထက် လုံးဝ ခြားနားသော ပြောင်းလဲမှုမျိုး ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။ ကျွေ့ဟွာနှင့် ယွန်းနျန်းတို့သည်လည်း သူ၏ ဘေးနားတွင် ရှိနေသဖြင့် အကျိုးကျေးဇူးများ ရရှိခဲ့ကြပြီး ဤဝိညာဉ်ဆေးပင်များ၏ ကူညီမှုကြောင့် ကျင့်စဉ်အဆင့်များမှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ကြသည်။
အချို့သော နတ်ဘုရားနယ်မြေများသည် တစ်စုံတစ်ဦး၏ ဖွင့်လှစ်ပေးမှုကြောင့် ပေါ်ထွက်လာခြင်း ဖြစ်ပုံရပြီး အချို့မှာမူ တံဆိပ်ခတ်ခြင်း ခံထားရဆဲ ဖြစ်သည်။
ပထမလဆန်း တစ်ဆယ့်ငါးရက် သို့ ရောက်ရှိလာသောအခါတွင်မူ အသစ်စက်စက် နတ်ဘုရားနယ်မြေတစ်ခု ထပ်မံပေါ်ထွန်းလာခဲ့ပြန်သည်။ ယခုတစ်ခေါက် ပေါ်ထွန်းလာသည်မှာ ထိုက်ပိုင်တောင် နတ်ဘုရားနယ်မြေပင် ဖြစ်သည်။
ဤထိုက်ပိုင်တောင် နတ်ဘုရားနယ်မြေအတွင်း၌ လီယန်ချူသည် နတ်ဘုရားများ၏ ဝိညာဉ်ကြွင်းများကို မတွေ့ရသော်လည်း အလွန်တရာ ပြင်းထန်လှသော အရှိန်အဝါတစ်ခုကိုမူ အာရုံခံမိလိုက်သည်။ ဤအရှိန်အဝါသည် နယ်မြေပြင်ပမိစ္ဆာ မဟုတ်ဘဲ မိမိကိုယ်ကို တံဆိပ်ခတ်၍ အိပ်မော်ကျနေသော သဘာဝလွန် သက်ရှိ ကောင်းကင်လူသား တစ်ဦး ဖြစ်နေသည်။
နှစ်ပေါင်းရာချီတိုင်အောင် ထိုက်ပိုင်တောင် နတ်ဘုရားနယ်မြေသည် တစ်ကြိမ်တစ်ခါမျှ ပွင့်လှစ်ခဲ့ခြင်းမရှိဘဲ ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် လူသားလောကနှင့် ပြန်လည်ချိတ်ဆက်မိခြင်း ဖြစ်သည်။ ဤမိမိကိုယ်ကို တံဆိပ်ခတ်ထားသော ကောင်းကင်လူသား သည် ယခုအခါတွင်မူ ပြန်လည်နိုးထလာခဲ့ပြီ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် စုတ်ပြတ်နေကာ သွေးချင်းနီရဲနေသော အစိမ်းရောင် ဝတ်ရုံချပ်ဝတ်တန်ဆာတစ်ခုကို ဆင်မြန်းထားသည်။
ယခင်က သူသည် နတ်ဘုရားတောင်တန်းအတွင်း၌ ပုန်းအောင်းနေခဲ့သဖြင့် အရှိန်အဝါမှာ နတ်ဘုရားတောင်တန်းနှင့် တစ်သားတည်း ဖြစ်နေခဲ့သည်။ ယခုအခါ ရုတ်တရက် ပြန်လည်နိုးထလာချိန်တွင် သူ၏ ကိုယ်ပေါ်မှ အရှိန်အဝါမှာ အလွန်တရာ ပြင်းထန်လှပေသည်။ စကားပြောလိုက်တိုင်း၊ အသက်ရှူလိုက်တိုင်းတွင် မိုးကြိုးမုန်တိုင်းများ ဆင်နွှဲသကဲ့သို့ ဖြစ်ပေါ်လာသဖြင့် လူကို ထိတ်လန့်တုန်လှုပ်စေကာ ထိုနေရာတွင် ဝပ်စင်းနေသော ဟိမဝန္တာခေတ်ဦးမှ သားရဲကြီးတစ်ကောင်ကဲ့သို့ပင် ဖြစ်နေတော့သည်။
ထိုကောင်းကင်လူသားသည် တင်းတင်းပိတ်ထားသော မျက်လုံးအစုံကို ရုတ်တရက် ဖွင့်လိုက်ပြီး...
"နောက်ဆုံးတော့ ပေါ်ထွန်းလာခဲ့ပြီပဲ"
"သေစမ်း"
"အဲဒီတုန်းက ငါတို့ကို ဘယ်သူက သစ္ဆာဖောက်ခဲ့တာလဲ"
အေးစက်လှသော အရှိန်အဝါများသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ပျံ့နှံ့သွားခဲ့သည်။ သူသည် ဤနေရာတွင် မိမိကိုယ်ကို ပိတ်လှောင်ထားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သဖြင့် စိတ်အာရုံကို ချက်ချင်း ဖြန့်ကြက်လိုက်သည်။ ထိုက်ပိုင်တောင် နတ်ဘုရားနယ်မြေ၏ နယ်နိမိတ်ကို ကျော်လွန်၍ ဘေးပတ်ဝန်းကျင်ရှိ ချန်နိုင်ငံ၏ မြို့ရွာများအထိ ရောက်ရှိသွားခဲ့သည်။
"အခုထိ အဲဒီရှေးဟောင်းနတ်ဘုရားတွေကို ကိုးကွယ်နေတုန်းပဲလား... တကယ့်ဂိုဏ်းအဆောက်အအုံကို တည်ထောင်ထားတာမျိုး မရှိသေးပါလား"
ရုတ်တရက်...
သူသည် တာအိုဆရာငယ်လေးတစ်ဦးကို မြင်တွေ့လိုက်ရသည်။ ထိုသူ၏ ကိုယ်ပေါ်တွင် အလွန်တရာ သန့်စင်အေးချမ်းသော အရှိန်အဝါများ ရှိနေသည်။
ကောင်းကင်လူသားက တည်ငြိမ်စွာ ဆိုသည်။
"ဒီအချိန်မှာ ငါ့ရှေ့ကို ရောက်လာနိုင်တယ်ဆိုတော့ မင်းက မြေပြင်နတ်ဘုရားတစ်ပါး ဖြစ်ရမယ်... မင်းရဲ့ အရှိန်အဝါတွေကို ဖုံးကွယ်ထားဖို့ မလိုပါဘူး"
"အသက်ရှင်နေတဲ့ ကောင်းကင်လူသားလား"
လီယန်ချူက ဆိုသည်။
"နတ်ဘုရားနယ်မြေတွေထဲမှာ နယ်မြေပြင်ပမိစ္ဆာတွေပဲ ရှိတယ်လို့ ထင်နေတာ"
ထိုအစိမ်းရောင် ချပ်ဝတ်ဆင်မြန်းထားသော ကောင်းကင်လူသားက မျက်မှောင်ကုတ်လိုက်သည်။
"နယ်မြေပြင်ပမိစ္ဆာ ဟုတ်လား... ဒီနတ်ဘုရားနယ်မြေထဲမှာ ဘယ်ကလာတဲ့ မိစ္ဆာရှိမှာလဲ"
လီယန်ချူက အေးဆေးစွာ ဆိုသည်။
"ကောင်းကင်လူသားတွေ သေဆုံးပြီးနောက် သွေးသားတွေကနေ ပြောင်းလဲသွားတာလေ... လောကက လက်မခံနိုင်ဘဲ မကောင်းဆိုးဝါး အရှိန်အဝါတွေ ထွက်ပေါ်နေတာ... အဲဒါ နယ်မြေပြင်ပမိစ္ဆာ မဟုတ်လို့ ဘာလဲ"
ကောင်းကင်လူသားက ခက်ထန်စွာ ဆိုသည်။
"ကောင်းကင်လူသားက ကောင်းကင်လူသားပဲ... မိစ္ဆာက မိစ္ဆာပဲ... ဘယ်လိုလုပ် တစ်ခုတည်းလို့ သတ်မှတ်လို့ရမှာလဲ"
သူသည် စိတ်ထဲမှ အနည်းငယ် ဒေါသထွက်လာပြီး 'နယ်မြေပြင်ပမိစ္ဆာ' ဟူသော အခေါ်အဝေါ်ကို အလွန် မုန်းတီးပုံရသည်။
လီယန်ချူသည် ထိုစဉ်က ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို စူးစမ်းချင်သဖြင့် မေးလိုက်သည်။
"ဒါဆို အဲဒီတုန်းက ဘာလို့ ကောင်ူကင်လူသားတွေက နတ်ဘုရားနယ်မြေတွေကို တိုက်ခိုက်ခဲ့ကြတာလဲ"
ချပ်ဝတ်ဆင်ထားသော ကောင်းကင်လူသားက ပြန်လည်မေးခွန်းထုတ်လိုက်သည်။
"ငါက ဘာလို့ မင်းကို ပြောပြရမှာလဲ"
သူ၏ မျက်လုံးများက အေးစက်နေပြီး အရှိန်အဝါမှာ အလွန်တရာ အာဏာပါလှပေသည်။
ဝုန်း...
သူသည် လီယန်ချူထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ဟင်းလင်းပြင်တွင် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး တားဆီး၍မရသော စွမ်းအားများသည် အရာအားလုံးကို ခြေမှုန်းဖျက်ဆီးပစ်နိုင်မည့်အလား ပေါက်ကွဲထွက်လာတော့သည်။
လီယန်ချူသည်လည်း ထို့အတူပင် လက်သီးတစ်ချက် ပြန်လည်ထိုးနှက်လိုက်ရာ ရွှေရောင်လင်းလက်နေသော နတ်ဘုရားနဂါးတစ်ကောင်သည် ဟင်းလင်းပြင်တွင် ရုတ်တရက် ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်တော့သည်။ နဂါးစစ်စစ်ကြီးနှင့် စွမ်းအားလှိုင်းလုံးကြီးတို့ ထိပ်တိုက်တွေ့ဆုံသွားကြပြီး ရွှေရောင်စွမ်းအား လှိုင်းတံပိုးကြီးများ ချက်ချင်း ပေါက်ကွဲထွက်သွားတော့သည်။
၎င်းတို့နှစ်ဦး၏ ဘေးပတ်ဝန်းကျင်တွင် နက်ရှိုင်းသော မြေကျင်းကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်သွားခဲ့ရသည်။
"နတ်နဂါးကျင့်စဉ်" ဟု ချပ်ဝတ်ဆင်ထားသော ကောင်းကင်လူသား က အေးစက်စွာ ဆိုသည်။
သူသည် နောက်ထပ် လက်သီးတစ်ချက်ကို ထပ်မံပစ်သွင်းလိုက်ပြန်ရာ ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများသည် လှိုင်းလုံးကြီးများအသွင်ဖြင့် လီယန်ချူထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။ ၎င်းမှာ ယခင်ကထက် ဆယ်ဆမျှ ပိုမိုပြင်းထန်လှပေသည်။
လီယန်ချူ၏ ရှေ့တွင်လည်း ရွှေရောင်နတ်နဂါးကြီးတစ်ကောင် ထွက်ပေါ်လာပြီး ခန့်ညားထည်ဝါလှသောအစွမ်းဖြင့် ထိုလှိုင်းလုံးကြီးကို ဝင်တိုက်လိုက်ရာ ၎င်းမှာ ချက်ချင်းပင် ကြေမွပျက်စီးသွားခဲ့ရသည်။ ရွှေနဂါးကြီးသည် ဟိန်းဟောက်ကာ ချပ်ဝတ်ဆင်ထားသော ကောင်းကင်လူသားထံသို့ ဆက်လက် အုန်းမောင်းဝင်ရောက်သွားတော့သည်။
"ဟိန်း..."
ချပ်ဝတ်ဆင်ထားသော ကောင်းကင်လူသား၏ အသံ ထွက်ပေါ်လာပြီးနောက် အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ထိုနဂါးကြီးကို တားဆီးလိုက်သည်။ နဂါးကြီး၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော်လည်း နောက်ဆုံးတွင်မူ စွမ်းအားများ ကုန်ဆုံးသွားသဖြင့် လောကကြားတွင် ကွယ်ပျောက်သွားခဲ့ရသည်။
ကောင်းကင်လူသားက အံ့ဩစွာ ဆိုသည်။
"အခုလို လူသားလောကမှာ မင်းလို မြေပြင်နတ်ဘုရားမျိုး ရှိနေသေးတာပဲ"
လီယန်ချူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး စိတ်ဓားအတတ် ကို ထုတ်ဖော်လိုက်သည်။ စိတ်ဓားဟူသည် ဝိညာဉ်ကိုသာ သီးသန့် ဖြတ်တောက်ခြေမှုန်းခြင်း ဖြစ်သည်။
ကောင်းကင်လူသား တစ်ကိုယ်လုံးတွင် အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ့ကို ကာကွယ်ထားလိုက်သည်။ နောက်တစ်ခဏတွင်မူ သူ၏ ကိုယ်ပေါ်၌ ကြီးမားထည်ဝါလှသော ဝိညာဉ်ရုပ်ကောင်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် လက်နှစ်ဖက်ဖြင့် ဓားမန္တန်ကို ဆုပ်ကိုင်ကာ ဟင်းလင်းပြင်သို့ ထိုးစိုက်လိုက်တော့သည်။ ဤသူသည် ဝိညာဉ်ဖြင့် ဓားကို ထိန်းချုပ်ကာ လီယန်ချူ၏ စိတ်ဓားကို ထိပ်တိုက် ရင်ဆိုင်လိုက်ခြင်း ဖြစ်သည်။
ကြီးမားလှသော ဝိညာဉ်ကြီးသည် ချပ်ဝတ်ဆင်ထားသော ကောင်းကင်လူသား၏ နောက်ကွယ်တွင် ဝင့်ဝင့်ထည်ထည် ရှိနေပြီး လက်ညှိုးကို ဓားကဲ့သို့ အသုံးပြုကာ အထက်စီးမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် ထိုးနှက်လိုက်ပြန်သည်။
လီယန်ချူသည် မိမိ၏ ဝတ်ရုံလက်အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင် နတ်ဘုရားအရှိန်အဝါများသည် လက်အင်္ကျီထဲမှ ထွက်ပေါ်လာပြီး နဂါးပျံတစ်ကောင်ကဲ့သို့ အောက်ခြေမှနေ၍ ထိုကောင်းကင်လူသား၏ ကြီးမားလှသော ဝိညာဉ်ကြီးနှင့် ထိပ်တိုက် တိုးတိုက်လိုက်တော့သည်။
ဒုန်း... ဒုန်း... ဒုန်း...
၎င်းမှာ ပြင်းထန်လှသော သံတူကြီးဖြင့် မီးရဲရဲတောက်နေသော သံတုံးကြီးကို ထုရိုက်လိုက်သကဲ့သို့ မီးပွင့်များ နေရာအနှံ့ ဖြာထွက်သွားတော့သည်။ ဤကောင်းကင်လူသား၏ ကြီးမားလှသော ဝိညာဉ်ကြီးမှာ လက်ညှိုးကို အောက်သို့ ထိုးနှက်နိုင်ခြင်းမရှိဘဲ လီယန်ချူ၏ နတ်ဘုရားအရှိန်အဝါဖြင့် တားဆီးခြင်းကို ခံလိုက်ရသည်။
ရှပ်...
နောက်ထပ် စိတ်ဓားတစ်လက် ချက်ချင်း ဖြတ်တောက်ဝင်ရောက်သွားပြန်သည်။ ကြီးမားလှသော ဝိညာဉ်ကြီး၏ ခန္ဓာကိုယ် တုန်ခါသွားခဲ့ရသည်။ မကြာသေးမီကတင် ဤအတတ်ပညာဖြင့် သူသည် အနည်းငယ် အရေးနိမ့်သွားခဲ့ရခြင်း ဖြစ်သည်။
ဝိညာဉ်ကြီးသည် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး မျက်လုံးအစုံမှာ လျှပ်စီးလက်သကဲ့သို့ အေးစက်သွားခဲ့ရသည်။
"မင်းက မြေပြင်နတ်ဘုရားတစ်ပါးတင်မကဘူး... သိုင်းနတ်ဘုရားလည်း ဖြစ်နေတာပဲ"
"ဒါပေမဲ့ သက်တမ်းက ကန့်သတ်ချက်ရှိနေတာကို... မင်း ဒီလိုလုပ်တာက ကိုယ့်ရဲ့ ပါရမီအရည်အသွေးတွေကို ကြိုတင်ပြီး ဖြုန်းတီးပစ်လိုက်တာပဲ... သနားစရာ ကောင်းလိုက်တာ"
ထိုကောင်းကင်လူသား၏ ကြီးမားလှသောအသံသည် ဟိန်းထွက်လာပြီး လီယန်ချူ၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိလာကာ လက်ဖဝါးဖြင့် ရိုက်ချလိုက်တော့သည်။ ၎င်းမှာ 'နတ်ဘုရား ရိုက်ချက်' ပင် ဖြစ်သည်။
လီယန်ချူသည် ယခုအခါ ရှန်ထင် အတားအဆီးကြီးကို ကျော်ဖြတ်ထားပြီး ဖြစ်သဖြင့် ဝိညာဉ်မှာ အလွန်တရာ သန်မာလှပြီး သွေးသားအရှိန်အဝါမှာလည်း နေမင်းကြီးကဲ့သို့ ပြင်းထန်လှရာ တစ်ကိုယ်လုံးမှ တောက်ပလှသော သွေးသားရောင်ခြည်များ ထွက်ပေါ်လာသဖြင့် လူကို စိုက်မကြည့်ရဲလောက်အောင်ပင် ပူပြင်းလှပေသည်။
ကောင်းကင်လူသား၏ လက်ဖဝါးသည် ဤအရှိန်အဝါကြောင့် တားဆီးခြင်း ခံလိုက်ရသဖြင့် ဟင်းလင်းပြင်တွင် ခဏမျှ ရပ်တန့်သွားသော်လည်း နောက်တစ်ခဏတွင်မူ ပိုမိုပြင်းထန်စွာဖြင့် ရိုက်ချလိုက်ပြန်သည်။ သူသည် လီယန်ချူ၏ ကျင့်စဉ်အဆင့်ကို တိုက်ရိုက် ရိုက်ချိုးဖျက်ဆီးပစ်ချင်နေခြင်း ဖြစ်သည်။
ဒုန်း...
လီယန်ချူ၏ လက်သီးနှစ်ဖက်မှာ စည်ကြီးတီးခတ်လိုက်သကဲ့သို့ ထိုကောင်းကင်လူသား၏ ရင်ဘတ်ဆီသို့ အရင်ဆုံး ထိမှန်သွားခဲ့ရသည်။ ကောင်းကင်လူသား၏ ခန္ဓာကိုယ်မှာ အလွန်တရာ ကြံ့ခိုင်လှပြီး အစိမ်းရောင် ချပ်ဝတ်တန်ဆာမှာလည်း ကြီးမားသော မန္တန်စွမ်းအားများ ရှိနေသော်လည်း...ကောင်းကင်လူသား၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားခဲ့ရပြီး လက်ဖဝါးရိုက်ချက်မှာ လွဲချော်သွားကာ မြေပြင်ပေါ်သို့ ကျရောက်သွားတော့သည်။
မြေပြင်ပေါ်တွင် အက်ကွဲကြောင်း ပေါင်းများစွာ ချက်ချင်း ထွက်ပေါ်သွားခဲ့ပြီး လိပ်ခွံကဲ့သို့ အက်ကွဲသွားခဲ့ရသည်။ မြေလှန် တောင်ပြိုမတတ်ပင်။
လီယန်ချူသည် နောက်တစ်ကြိမ် ထပ်မံဝင်ရောက်သွားပြီး ဤအစိမ်းရောင် ချပ်ဝတ်ဆင်ထားသော ကောင်းကင်လူသား နှင့် တစ်ချက်တည်းသော အမူအရာဖြင့် လက်ဖဝါးကို ရိုက်ချလိုက်တော့သည်။ ရွှေရောင်သွေးသား အရှိန်အဝါများသည် အလွန်တရာ ပြင်းထန်လှပြီး အောက်သို့ မကျရောက်ခင်မှာပင် ဘေးပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးကို မီးလောင်ကျွမ်းစေကာ ပုံပျက်သွားစေတော့သည်။
ချပ်ဝတ်ဆင်ထားသော ကောင်းကင်လူသားသည် တစ်ခဏအတွင်း သူ၏ ခန္ဓာကိုယ်ကို သာမန်လူတစ်ယောက်ကဲ့သို့ သေးငယ်အောင် ပြုလုပ်လိုက်ပြီး လီယန်ချူ၏ ချက်အောက်ပိုင်းဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်တော့သည်။ ချက်အောက်ပိုင်းဟူသည် အလွန်တရာ အရေးကြီးလှသော နေရာဖြစ်ပြီး အသက်စွမ်းအင်ဂိတ်နှင့် ကျင့်စဉ်ပင်လယ် ရှိနေသော နေရာဖြစ်သည်။ သူသည် လီယန်ချူ၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်ချင်နေခြင်း ဖြစ်သည်။
လီယန်ချူသည် ခန္ဓာကိုယ်ကို တစ်ချက် စောင်းလိုက်ရာ တစ်ကိုယ်လုံးမှာ အလျားလိုက် တင်ထားသော ရှေးဟောင်း နတ်ဘုရားလေးတစ်စင်ကဲ့သို့ ဖြစ်သွားခဲ့ရသည်။ တစ်ခဏအတွင်းမှာပင် လေးကြိုးကို အပြည့်ဆွဲထားသကဲ့သို့ ဖြစ်ပေါ်လာပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်မည့် အဟုန်ဖြင့် ကောင်းကင်လူသားထံသို့ ဝင်တိုက်လိုက်တော့သည်။
ကောင်းကင်လူသား၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုဖြင့်ပင် ယခုအခါတွင်မူ ဆက်တိုက်ဆိုသလို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့ရသည်။ သူ၏ မျက်လုံးထဲတွင် တိုက်ပွဲဝင်လိုစိတ်များ ဆူပွက်လာပြီး ရင်ဘတ်ကို တစ်ချက်ပွတ်ကာ မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းဟောက်လိုက်သည်။
"ပြန်လာခဲ့စမ်း"
ဤသူ၏ ကျင့်စဉ်အဆင့်မှာ အလွန်ပင် မြင့်မားလှပေသည်။ ယခင်က မြို့တော်၏ ကောင်းကင်ယံသို့ ဆင်းသက်လာခဲ့သော ကောင်းကင်လူသားမှာ ပဉ္စမအဆင့် ကောင်းကင်လူသား ဖြစ်သည်။ သို့သော်လည်း ဤသူ၏ ရှေ့တွင်ဆိုလျှင်မူ ထိုသူမှာ တစ်ကွက်မျှပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။ ဤသူသည် ကျင့်စဉ်အဆင့် မြင့်မားရုံတင်မကဘဲ တိုက်ခိုက်ရေး အတတ်ပညာများကိုလည်း အလွန်တရာ ကျွမ်းကျင်လှပေသည်။
လီယန်ချူအနေဖြင့် ကျင့်စဉ်အဆင့်ကို မမြှင့်တင်ရသေးခင်ကဆိုလျှင်... အကယ်၍ နတ်ဘုရားလက်နက်ကို မသုံးပါက ဤသူနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။
ကောင်းကင်လူသားက တည်ငြိမ်စွာ ဆိုသည်။
"မင်း ဘာလို့ မင်းရဲ့ ခါးမှာ ချိတ်ထားတဲ့ နတ်ဘုရားဓားကို မသုံးတာလဲ... မင်းရဲ့ ကိုယ်ပေါ်မှာ အနည်းဆုံး နတ်ဘုရားလက်နက် နှစ်ခုရှိနေတာကို"
လီယန်ချူ၏ မျက်နှာမှာ တည်ကြည်နေပြီး အနည်းငယ် အံ့ဩသွားသော်လည်း ဘာမှတော့ ပြန်မပြောပေ။ ကောင်းကင်လူသားက မျက်မှောင်ကုတ်လိုက်ပြီးမှ ရုတ်တရက် သဘောပေါက်သွားကာ ဆိုသည်။
"အော်... မင်းက ငါ့ကို သုံးပြီး မင်းရဲ့ အတတ်ပညာတွေကို လေ့ကျင့်ချင်နေတာကိုး"
ဤသို့ တွေးမိလိုက်သည်နှင့် သူသည် အေးစက်စွာ လှောင်ပြောင်လိုက်တော့သည်။ သူသည် လက်ဖဝါးကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်မှ ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသော ကြောက်မက်ဖွယ်ကောင်းသည့် မြေနဂါးတစ်ကောင် ထွက်ပေါ်လာပြီး လီယန်ချူထံသို့ ပြေးဝင်သွားတော့သည်။
လီယန်ချူ မလှုပ်ရှားရသေးခင်မှာပင် ၎င်းနောက်မှ နောက်ထပ် ခုနစ်ကောင်၊ ရှစ်ကောင်မျှရှိသော မြေနဂါးကြီးများ ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်လာခဲ့ပြန်သည်။
"ဒီလူ့ရဲ့ ကျင့်စဉ်အဆင့်က တကယ်ကို မြင့်မားတာပဲ... တော်သေးတာပေါ့ ငါ့ရဲ့ ကျင့်စဉ်ကလည်း အများကြီး တိုးတက်လာခဲ့လို့"
ဟု လီယန်ချူက စိတ်ထဲမှ တွေးလိုက်သည်။
၎င်းနောက် သူသည် ပါးစပ်ကို ဖွင့်ကာ သုံးရောင်ခြယ်မီးတောက် ကို မှုတ်ထုတ်လိုက်ရာ ဤစန်းမေ့မီးတောက်သည် အလွန်တရာ ပြင်းထန်စွာ လောင်ကျွမ်းသွားတော့သည်။ ထိုခုနစ်ကောင်၊ ရှစ်ကောင်မျှရှိသော မြေနဂါးကြီးများသည် အရှိန်အဝါ ပြင်းထန်လှသော်လည်း လီယန်ချူ၏ ရှေ့မှောက်သို့ မရောက်ရှိခင်မှာပင် လုံးဝ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ဤကဲ့သို့သော အားကောင်းသည့် ရန်သူနှင့် ဆုံတွေ့ရခြင်း ဖြစ်ပြီး နတ်ဘုရားနယ်မြေ အကြွင်းအကျန်အတွင်း၌ ဖြစ်သဖြင့် တိုက်ခိုက်ရာတွင် မည်သည့်အရာကိုမျှ အားနာနာငဲ့ကွက်နေစရာ မလိုပါချေ။ အမြဲတမ်း ပုန်းအောင်းကျင့်ကြံနေရုံဖြင့် အစွမ်းကို များစွာ မတိုးတက်စေနိုင်ဘဲ အရေးကြီးဆုံးမှာ တိုက်ပွဲအတွင်းရှိ သွေးနှင့် မီးတောက်များ၏ စမ်းသပ်မှုကို ခံယူရခြင်း ဖြစ်သည်။
နှစ်ဦးသား လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ တိုက်ခိုက်နေကြသဖြင့် ခန္ဓာကိုယ် ပုံရိပ်များပင် ပျောက်ကွယ်သွားခဲ့ရသည်။ စင်စစ်အားဖြင့် ၎င်းမှာ ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ အရှိန်နှုန်းမှာ အစွန်းကုန် မြန်ဆန်လွန်းလှသောကြောင့် ဖြစ်သည်။
"သေစမ်း"
ထိုချပ်ဝတ်ဆင်ထားသော ကောင်းကင်လူသားက အော်ဟစ်လိုက်ရာ ထိုက်ပိုင်တောင် နတ်ဘုရားနယ်မြေအတွင်းမှ ကျိုးပဲ့နေသော လှံတို တစ်စင်းသည် သူ၏ ထံသို့ ပျံသန်းရောက်ရှိလာခဲ့သည်။ ဤလှံကြေးညိုသည် အပေါ်ယံတစ်ဝက်သာ ကျန်ရှိတော့ပြီး ကျိုးပဲ့နေခဲ့ပြီ ဖြစ်သော်လည်း ၎င်းက ပိုမို၍ ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါကို ပေးစွမ်းနေတော့သည်။
ဤကောင်းကင်လူသားသည် လှံကြေးညိုကို ကိုင်ဆောင်ကာ လီယန်ချူထံသို့ ထိုးစိုက်လိုက်ရာ မိုးကြိုးဝုန်းဝုန်းပစ်ချလိုက်သကဲ့သို့ အရှိန်အဟုန် ပြင်းလှပေသည်။
ရှူး...
လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးနှင့် မီးတောက် အရှိန်အဝါများ ထွက်ပေါ်လာပြီး အစီရင်ဝတ်စုံမှာ ထပ်မံ၍ ပြောင်းလဲသွားခဲ့ရသည်။ သူသည် ကျန့်ကျောင်းဓား ကို ဆုပ်ကိုင်ကာ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ထိုကောင်းကင်လူသား၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
ကျန့်ကျောင်းဓားသည် အစွန်းကုန် အပြင်သို့ ထွက်မလာသေးဘဲ အချို့အစိတ်အပိုင်းမှာ ဓားအိမ်ထဲတွင် ရှိနေဆဲ ဖြစ်သည်။ ဓားရိုးဖြင့် ကောင်းကင်လူသား၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ဆောင့်တွန်းလိုက်ရာ...
ဒုန်း...
စူးရှလှသော အုန်းမောင်းသံကြီး ထွက်ပေါ်လာပြီး ချပ်ဝတ်ဆင်ထားသော ကောင်းကင်လူသားမှာ နောက်သို့ လွင့်ထွက်သွားခဲ့ရကာ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်သွားတော့သည်။ ယခုအခါ သူ၏ ကိုယ်ပေါ်ရှိ အစိမ်းရောင် ချပ်ဝတ်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာခဲ့ပြီး လည်ချောင်းထဲမှ သွေးတစ်လုပ်ကို အတင်းအဓမ္မ ပြန်လည်မြိုချလိုက်ရကာ...
"ဓားကို အိမ်ထဲကတောင် မထုတ်ဘူးလား"
"တာအိုဆရာ... မင်း ငါ့ကို အထင်သေးနေတာပဲ"
ကောင်းကင်လူသား အလွန်တရာ ဒေါသထွက်သွားခဲ့ရသည်။
လီယန်ချူက ဘာမှ ပြန်လည်မရှင်းပြဘဲ ချပ်ဝတ်ဆင်ထားသော ကောင်းကင်လူသား သည် ညာလက်ဖြင့် လှံကြေးညိုကို ကိုင်ဆောင်ကာ နောက်တစ်ကြိမ် ထပ်မံဝင်ရောက်လာခဲ့ပြန်သည်။ ဤလှံ၏ ထိပ်ဖျားသည် အေးစက်သော အလင်းတန်းများ လင်းလက်နေပြီး အလွန်တရာ ထက်မြက်လှပေသည်။
လီယန်ချူက ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး နတ်ဘုရား ကန်ချက် ဖြင့် ထိုထက်မြက်လှသော လှံကြေးညိုကို ရှောင်တိမ်းလိုက်ကာ...
ဝုန်း...
ခြေတစ်ဖက်ဖြင့် ထိုကောင်းကင်လူသား၏ ရင်ဘတ်ဆီသို့ ကန်ချလိုက်ရာ ကောင်းကင်လူသားမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့ရသည်။
အကြိမ်ကြိမ် တိုက်ခိုက်ပြီးနောက်တွင်မူ ဤတာအိုဆရာလေး ထူးခြားပြောင်မြောက်လှသော အစွမ်းကို မြင်တွေ့လိုက်ရသဖြင့် ချပ်ဝတ်ဆင်ထားသော ကောင်းကင်လူသားက မအောင့်နိုင်ဘဲ မေးလိုက်သည်။
"မင်းနဲ့ ဟိုးတုန်းက နတ်ဘုရားနယ်မြေတွေကို တံဆိပ်ခတ်ခဲ့တဲ့သူတွေနဲ့ ဘာပတ်သက်မှု ရှိလို့လဲ... မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ"
လီယန်ချူသည် ဤကိစ္စကို အကြိမ်ကြိမ် မေးမြန်းချင်ခဲ့သော်လည်း ယခုအခါ တစ်ဖက်လူ၏ ပြန်လည်မေးမြန်းခြင်းကို ခံလိုက်ရသဖြင့် အံ့ဩသွားရသည်။
"မင်းက ငါ့ကို ပြန်မေးနေတာလား"
ကောင်းကင်လူသားက ဆိုသည်။
"မှန်တယ်... အကယ်၍ ဘာမှမပတ်သက်ရင် မင်းက ဘာလို့ ဒီနေရာကို ရုတ်တရက် ရောက်လာမှာလဲ"
သို့သော်လည်း ဤသို့ ဖြစ်သွားခြင်းကြောင့် လီယန်ချူသည် ထိုသူ၏ ပါးစပ်မှ ကိစ္စတစ်ခုကို သိရှိလိုက်ရသည်။ ဟိုးတုန်းက လူသားလောကမှ ပျောက်ကွယ်သွားခဲ့သော နတ်ဘုရားနယ်မြေများသည် တကယ်ပဲ ကောင်းကင်လူသားတို့၏ လက်ချက် မဟုတ်ပါချေ။
"အကယ်၍ ကောင်းကင်လူသားတွေရဲ့ လက်ချက်ဆိုရင် သူက အခု ငါ့ကို ဒီလိုမေးနေမှာ မဟုတ်ဘူး"
ဟု လီယန်ချူက စိတ်ထဲမှ တွေးလိုက်သည်။
အခန်း (၁၀၉၂) ထိုစဉ်က သစ္စာဖောက်
"မိုးကြိုးနတ်ဘုရားငါးပါး လက်ဖဝါးထဲမှာ တည်ရှိတယ်... မြေပြင်ကို တွန်းထုတ်ရင် ကွဲအက်ပြီး ကောင်းကင်လည်း ပြိုကျပျက်စီးစေရမယ်... မိစ္ဆာတွေနဲ့ စုန်းကဝေတွေသာ အခုလိုမျိုးနဲ့ ဆုံတွေ့ရင် တစ်ခဏအတွင်းမှာတင် ပြာအဖြစ် ပြောင်းလဲသွားစေရမယ်... လက်ဖဝါးမိုးကြိုးမန္တန်... ပွင့်စေ..."
လီယန်ချူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားတော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
မိုးကြိုးများမှာ ခေါင်းပေါ်သို့ တိုက်ရိုက် ပစ်ချလိုက်တော့သည်။
ထိုကောင်းကင်လူသားသည် လက်ဖဝါးတစ်ချက်ကို ကောင်းကင်ယံသို့ ပစ်သွင်းလိုက်ရာ တောက်ပလှသော အစိမ်းရောင် လက်ဝါးကြီးတစ်ခု ပေါ်ထွက်လာပြီး ထိုမိုးကြိုးအရှိန်အဝါကို ထိပ်တိုက် ရင်ဆိုင်လိုက်တော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
လီယန်ချူ၏ လက်ဖဝါးအလယ်မှ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး အစွန်းကုန် ကြံ့ခိုင်ထက်မြက်လှကာ သန့်စင်သောယန်စွမ်းအင်များ ပြည့်နှက်နေတော့သည်။
ကောင်းကင်လူသားက လက်ကို ဝှေ့ယမ်းလိုက်ရာ မြေပြင်ကြီး အက်ကွဲသွားပြီး ဟိမဝန္တာခေတ်ဦးမှ သားရဲကြီးတစ်ကောင်က ပါးစပ်ကြီးကို ဟစိစိ ပြုလုပ်ထားသကဲ့သို့ လီယန်ချူကို ဝါးမြိုပစ်ရန် ကြိုးစားတော့သည်။
သို့သော်လည်း ယခုအချိန်တွင် ထိုအက်ကွဲကြောင်းကြီးသည် လီယန်ချူ၏ ဘေးနားသို့ ရောက်ရှိလာချိန်တွင်မူ တစ်ခဏအတွင်းမှာပင် ပြန်လည်စေ့ပိတ်သွားခဲ့ရသည်။
ဘေးပတ်ဝန်းကျင်ရှိ မြေပြင်ကြီးမှာ အလွန်တရာ ညီညာသွားခဲ့ရပြီး ထိုကြောက်မက်ဖွယ်ကောင်းသော မန္တန်စွမ်းအားများသည်လည်း ကူးစက်ပျံ့နှံ့လာခြင်းမရှိချေ။
ဝုန်း...
လီယန်ချူသည် နောက်ထပ် လက်ဖဝါးမိုးကြိုးတစ်ချက်ကို ခေါင်းပေါ်သို့ ထပ်မံပစ်ချလိုက်ပြန်ရာ ကောင်းကင်လူသားကို ဗဟိုပြု၍ ပတ်ဝန်းကျင် မီတာရာပေါင်းများစွာအတွင်းရှိ နေရာအားလုံးမှာ မိုးကြိုးအရှိန်အဝါများဖြင့် လွှမ်းမိုးခြင်းကို ခံလိုက်ရတော့သည်။
နက်ရှိုင်းလှသော မြေကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့ရပြီး တစ်ပြင်လုံးမှာ မည်းတူးသွားကာ မိုးကြိုးအတတ်ပညာ၏ သန့်စင်သောယန်အငွေ့အသက်များ ကျန်ရစ်နေတော့သည်။
ဤကောင်းကင်လူသား၏ ကိုယ်ပေါ်ရှိ အစိမ်းရောင် နတ်ဘုရားချပ်ဝတ်တန်ဆာမှ ဆန်းကြယ်လှသော ရောင်ခြည်တော်များ လင်းလက်လာခဲ့သည်။ ၎င်းမှာ စုတ်ပြတ်နေပြီ ဖြစ်သော်လည်း ဟောင်းနွမ်းကာ အစွမ်းထက်မြက်လှသော အရှိန်အဝါများ ရှိနေဆဲ ဖြစ်ရာ သူသည် လက်ဖြင့် မန္တန်စွမ်းိုင်းကို ဆုပ်ကိုင်လိုက်သည်။
ကျောက်စိမ်းတုံးများဖြင့် ဖွဲ့စည်းထားသော ထွားကျိုင်းသန်မာလှသော လူသားကြီးတစ်ယောက် ပေါ်ထွက်လာပြီး အမြင့်မှာ တစ်လန်ခွဲခန့် ရှိကာ မန္တန်စွမ်းအားများမှာ အလွန်တရာ စုစည်းသိပ်သည်းလှပေသည်။
ဤလူသားကြီးသည် လီယန်ချူ၏ နောက်ကွယ်မှ ပေါ်ထွက်လာခြင်း ဖြစ်ပြီး ပြင်းထန်လှသော လက်သီးတစ်ချက်ကို ဝုန်းခနဲ ပစ်သွင်းလိုက်ရာ အရှိန်အဝါမှာ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှပေသည်။
လီယန်ချူသည် လက်နှစ်ဖက်ကို အဝိုင်းပုံစံ ပြုလုပ်လိုက်ရာ ရင်ခွင်ထဲတွင် နေနှင့်လကို ပွေ့ပိုက်ထားသကဲ့သို့ ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်ကို ညင်သာစွာ လှည့်လိုက်သည်။
ပြင်းထန်လှသော အင်အားမျိုး ထွက်ပေါ်လာခြင်းမရှိပါချေ။
သို့သော်လည်း ထိုကျောက်စိမ်းတုံးများဖြင့် ဖွဲ့စည်းထားသော ထွားကျိုင်းလှသော လူသားကြီးမှာ တစ်ခဏအတွင်းမှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
သို့သော်လည်း နောက်တစ်ခဏတွင်မူ ထိုလူသားကြီးသည် ပြန်လည်စုစည်းသွားခဲ့ပြန်ပြီး လီယန်ချူထံသို့ နောက်တစ်ကြိမ် ထပ်မံဝင်ရောက် တိုက်ခိုက်လာခဲ့ပြန်သည်။
ဤကောင်းကင်လူသား၏ သဘာဝလွန်အတတ်ပညာမှာ အလွန်တရာ ဆန်းကြယ်လှပေသည်။
လီယန်ချူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တောင်တန်းများကို ရိုက်ခတ်၍ ကျောက်တုံးများကို ရွှေ့ပြောင်းစေနိုင်သော သဘာဝလွန်အတတ်ပညာကို ထုတ်ဖော်လိုက်ရာ တစ်ခဏအတွင်းမှာပင် ထိုထွားကျိုင်းလှသော ကျောက်စိမ်းလူသားကြီး၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်နိုင်ချေပြီ။
ထိုလူသားကြီးသည် လီယန်ချူကို ကျော်လွန်၍ အထက်သို့ မြင့်မားစွာ ပျံတက်သွားခဲ့ပြီး ကောင်းကင်လူသားထံသို့ လက်သီးတစ်ချက် ပြန်လည်ပစ်သွင်းလိုက်တော့သည်။
ကောင်းကင်လူသားက မျက်မှောင်ကုတ်လိုက်ပြီး မန္တန်အတတ်ပညာကို ဖြုန်းတီးပစ်လိုက်ရာ...
ဝုန်း... ဝုန်း... ဝုန်း...
ကျောက်ခဲများ လွင့်စင်သွားခဲ့ရသည်။
သူသည် မိမိ၏ ဝတ်ရုံလက်အင်္ကျီကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ တစ်ခဏအတွင်းမှာပင် လေပြင်းများ တိုက်ခတ်လာပြီး ကျောက်ခဲများ လွင့်ပျံလာကာ ကောင်းကင်နှင့်မြေပြင်မှာ မှောင်မိုက်သွားခဲ့ရတော့သည်။ ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ လွင့်ပျံနေသော ကျောက်တုံးများကြားတွင် ပိတ်မိနေခဲ့ရပြီး ထက်မြက်လှသော အရှိန်အဝါများ ပြည့်နှက်နေတော့သည်။
နောက်တစ်ခဏတွင်မူ ထိုတာအိုဆရာလေးကို အထဲတွင် ပိတ်လှောင်ထားလိုက်ပြီး တောင်ငယ်တစ်ခုကဲ့သို့ ဖြစ်ပေါ်သွားခဲ့ရသည်။
"အမိန့်တော်..."
ကောင်းကင်လူသားသည် တောင်တန်းများကို ရွှေ့ပြောင်းစေနိုင်သော မန္တန်အတတ်ပညာအချို့ကို ဆက်တိုက်ဆိုသလို ထပ်မံထုတ်ဖော်လိုက်ရာ တောင်ငယ်၏ အထက်တွင် ရွှေရောင်အစီရင်များ ထွက်ပေါ်လာပြီး ၎င်းကို ဖိနှိပ်ချုပ်ချယ်ထားလိုက်တော့သည်။
ကောင်းကင်လူသားက သက်ပြင်းတစ်ချက် ညင်သာစွာ ချလိုက်ခါနီးတွင်မူ...
ရှပ်...
နားစည်ထဲတွင် ထက်မြက်လှသော လေတိုးသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ အမှန်တကယ်ဆိုလျှင် ချုပ်ချယ်ခြင်း ခံထားရမည့် တာအိုဆရာလေးမှာ ယခုအခါ သူ၏ ဘေးနားတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး လက်ကို ဓားကဲ့သို့ အသုံးပြုကာ သူ၏ လည်ပင်းဆီသို့ အလျားလိုက် ဖြတ်တောက်လိုက်တော့သည်။
ကောင်းကင်လူသားက လက်ကို မြှောက်၍ လက်သီးတစ်ချက် ပြန်လည်ပစ်သွင်းလိုက်ရာ...
တစ်ခဏအတွင်းမှာပင် ၎င်းတို့နှစ်ဦးသည် ဆယ်ဂဏန်းမျှရှိသော အကွက်များကို အပြန်အလှန် တိုက်ခိုက်မိသွားကြချေပြီ။
ကောင်းကင်နှင့် မြေပြင်ကြားတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများသည် ဘေးပတ်ဝန်းကျင်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
ထိုက်ပိုင်တောင် နတ်ဘုရားနယ်မြေသည် ယခုမှတင် ပေါ်ထွန်းလာခြင်း ဖြစ်သော်လည်း ၎င်းတို့ တည်ရှိနေသော နေရာမှာ ယခုအခါတွင်မူ ပြိုကျပျက်စီးသွားခဲ့ရချေပြီ။
"ခြောက်ပါးသော နတ်မန္တန်စည်းဝိုင်း"
ကောင်းကင်လူသားက အနည်းငယ် အံ့ဩသွားခဲ့ရသည်။
သူသည် ဤတာအိုဆရာလေးကို လုံးဝ ပိတ်လှောင်ထားနိုင်ခြင်းမရှိဘဲ တစ်ဖက်လူ၏ ပုံရိပ်ယောင်အတတ်ပညာအတွင်းသို့ သက်ရောက်သွားခြင်း ဖြစ်နေသည်။
ဝုန်း...
၎င်းတို့နှစ်ဦးစလုံး အပြန်အလှန် ဖယ်ခွာသွားခဲ့ကြပြီး သူ၏ အရှိန်အဝါမှာ အစွမ်းထက်မြက်နေဆဲ ဖြစ်သည်။
ဤတာအိုဆရာလေး၏ ကျင့်စဉ်အဆင့်မှာ သူ့ကို လုံးဝ မမှီနိုင်သော်လည်း တတ်မြောက်ထားသော သဘာဝလွန် အတတ်ပညာများမှာ နတ်ဘုရားကျင့်စဉ်များ ဖြစ်နေသည့်အပြင် ခန္ဓာကိုယ်မှာလည်း အလွန်တရာ ကြံ့ခိုင်လှပေသည်။
"စိတ်ဝင်စားဖို့ကောင်းတယ်... သစ္စာဖောက်ကို လိုက်ရှာဖို့ အချိန်မရသေးခင်မှာပဲ မင်းလို တာအိုဆရာတစ်ယောက်နဲ့ အရင်ဆုံး ဆုံတွေ့ရတယ်ပေါ့"
သူ၏ စကားကြောင့် လီယန်ချူက မျက်ခုံးကို တစ်ချက်ပင့်လိုက်ပြီး...
"ဘာသစ္စာဖောက်လဲ"
ကောင်းကင်လူသားက အေးဆေးစွာ ဆိုသည်။
"ဟိုးတုန်းက အကယ်၍ သစ္စာဖောက်တစ်ယောက် ပေါ်မလာခဲ့ရင်... ယခုအချိန်မှာ မင်းတို့ရဲ့ ဒီကမ္ဘာလောကကြီးဟာ ငါတို့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေတာ ကြာလှပေါ့"
လီယန်ချူက မျက်ခုံးပင့်လိုက်မိသည်။
ကောင်းကင်လူသား မျိုးနွယ်စုထဲတွင် သစ္စာဖောက်တစ်ယောက် ရှိနေခဲ့ပြီး ကောင်းကင်လူသားများ၏ သုတ်သင်ရှင်းလင်းမှုကို တားဆီးပေးခဲ့ခြင်းလား။
သို့သော်လည်း အသေးစိတ် စကားမဆိုနိုင်သေးခင်မှာပင် ချပ်ဝတ်ဆင်ထားသော ကောင်းကင်လူသားသည် ညာလက်ဖြင့် ထိုကျိုးပဲ့နေသော လှံကြေးညိုကို ကိုင်ဆောင်ကာ နောက်တစ်ကြိမ် ထပ်မံ ဝင်ရောက်တိုက်ခိုက်လာခဲ့ပြန်သည်။
လီယန်ချူသည် ကျန့်ကျောင်းဓားကို ဆုပ်ကိုင်လိုက်ရာ ရှူးခနဲ အသံနှင့်အတူ ကျန့်ကျောင်းဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာခဲ့ပြီး သူ၏ ရှေ့မှောက်တွင် ဖြူဖွေးလှသော အလင်းတန်းတစ်ခု ပေါ်ထွက်လာကာ အလွန်တရာ ထက်မြက်လှပေသည်။
ဤထိုက်ပိုင်တောင် နတ်ဘုရားနယ်မြေအတွင်း၌ မိမိကိုယ်ကို တံဆိပ်ခတ်ထားသော အစွမ်းထက်လှသော ကောင်းကင်လူသားပင် ဖြစ်နေလင့်ကစား ထိုထက်မြက်လှသော အရှိန်အဝါကို တိုက်ရိုက် ရင်ဆိုင်ဝံ့ခြင်းမရှိပါချေ။
ဤဖြူဖွေးလှသော အလင်းတန်းသည် မိုင်ပေါင်းဆယ်ဂဏန်းမျှ တိုင်အောင် ဖြတ်သန်းသွားခဲ့ပြီး တားဆီးထားသော အရာအားလုံးကို လုံးဝ ဖြတ်တောက်ခြေမှုန်းပစ်လိုက်တော့သည်။
သူသည် ပါရမီထူးချွန်ပြောင်မြောက်လှသော လူသားပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးသော်လည်း ယခုကဲ့သို့သော တာအိုဆရာလေးမျိုးကိုမူ အလွန်တရာ တွေ့ရခဲလှပေသည်။
ကျန့်ကျောင်းဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာချိန်တွင် ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေခဲ့ပြီး ၎င်းမှာ ဓားထုတ်ခြင်းအတတ်ပညာနှင့် အနည်းငယ် တူညီလှပေသည်။
လီယန်ချူသည် ကျန့်ကျောင်းဓားကို ကိုင်ဆောင်ကာ ဤကောင်းကင်လူသားနှင့် တစ်နေရာတည်းတွင် ရောထွေးတိုက်ခိုက်နေခဲ့ရာ ဓားအလင်းတန်းများမှာ အလွန်တရာ ထက်မြက်လှပေသည်။
ဒုန်း... ဒုန်း... ဒုန်း...
ကြောက်မက်ဖွယ်ကောင်းသော သံတူကြီးဖြင့် ထုရိုက်လိုက်သကဲ့သို့ အုန်းမောင်းသံများ ထွက်ပေါ်လာခဲ့ပြီး ထိုက်ပိုင်တောင် နတ်ဘုရားနယ်မြေအတွင်းရှိ နတ်ဘုရားတောင်တန်းများမှာ တစ်ခဏအတွင်းမှာပင် မီးလောင်ကျွမ်းကာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့သည်။
လီယန်ချူသည် ထိုနေရာတွင် နယ်မြေပြင်ပမိစ္ဆာများ၏ အငွေ့အသက်ကို မတွေ့ရှိခဲ့ရပေ။
"ဒါဆိုရင် ဟိုးတုန်းက ဒီထိုက်ပိုင်တောင် နတ်ဘုရားနယ်မြေထဲကို သူတစ်ယောက်တည်းပဲ ရောက်လာခဲ့တာ ဖြစ်ရမယ်... ဒါ့အပြင် သေဆုံးသွားခြင်းမရှိဘဲ ဒီအချိန်ထိ အသက်ရှင်နေခဲ့တာပေါ့"
"ဒါတင်မကသေးဘူး... အဲဒီတံဆိပ်ခတ်ခဲ့တဲ့သူရဲ့ မျက်စိကိုတောင် ဖုံးကွယ်ထားနိုင်ခဲ့သေးတယ်"
လီယန်ချူက မျက်ခုံးပင့်လိုက်မိသည်။
ကောင်းကင်လူသားသည် ဟင်းလင်းပြင်သို့ ပျံတက်သွားခဲ့သည်။
"သေစမ်း..."
လက်ထဲမှ ကျိုးပဲ့နေသော အစိမ်းရောင်လှံတိုသည် ဟောင်းနွမ်းလှသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်ပြီး လျှပ်စီးအလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ လီယန်ချူ၏ ရင်ဘတ်ဆီသို့ ပြေးဝင်သွားတော့သည်။
လီယန်ချူက ဓားတစ်ချက်ဖြင့် ထိုလှံတို၏ ထိပ်ဖျားဆီသို့ တိုက်ရိုက် ဖြတ်တောက်လိုက်ရာ...
ထိပ်တိုက်တွေ့ဆုံသွားကြချေပြီ။
ကျန့်ကျောင်းဓားတွင် လက်နက်များကို တုန်ခါပျက်စီးစေနိုင်သော စွမ်းပကား ရှိနေပေသည်။
ယခင်က မြို့တော်သို့ ဆင်းသက်လာခဲ့သော ကောင်းကင်လူသား၏ လက်ထဲတွင် နတ်ဘုရားအရှိန်အဝါများ ပြည့်နှက်နေသော ရတနာလက်နက် ရှိနေပြီး ကြီးမားသော တာအိုအငွေ့အသက်များ ရှိနေခဲ့သော်လည်း...
လီယန်ချူ၏ လက်နက်နှင့် ထိပ်တိုက်တွေ့ဆုံသွားချိန်တွင်မူ တစ်ခဏအတွင်းမှာပင် တုန်ခါပျက်စီးသွားခဲ့ရသည်။
မိစ္ဆာနယ်မြေအတွင်းရှိ မိစ္ဆာစစ်စစ်များ၏ လက်ထဲမှ မိစ္ဆာရတနာများမှာလည်း ထို့အတူပင် ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ဤကောင်းကင်လူသား၏ လက်ထဲမှ လှံကြေးညိုမှာမူ ပျက်စီးသွားခြင်းမရှိဘဲ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ အလွန်တရာ ပြည့်နှက်နေတော့သည်။
သူသည် ထိုလှံကြေးညိုကို လက်ထဲတွင် ပြန်လည်ဆုပ်ကိုင်လိုက်ပြီး မျက်လုံးအစုံမှာ အေးစက်နေတော့သည်။
သူက မန္တန်စွမ်းအားကို ဆုပ်ကိုင်၍ ရွတ်ဆိုလိုက်သည်နှင့်အမျှ လက်ထဲမှ လှံတိုပေါ်တွင် ဆန်းကြယ်လှသော ရောင်ခြည်တော်များ လင်းလက်လာခဲ့ပြီး ဝုန်းဝုန်းနှင့် အသံများ ထွက်ပေါ်လာကာ လက်ထဲမှ ရုန်းထွက်၍ ပျံသန်းသွားတော့မည့်အလား ဖြစ်နေတော့သည်။
၎င်းမှာ ရှေးဟောင်းကာလက ကျန်ရစ်ခဲ့သော ရတနာတစ်ခု ဖြစ်ပြီး သတ်ဖြတ်လိုသော အရှိန်အဝါမှာ အလွန်တရာ ပြင်းထန်လှပေသည်။
သူသည် ၎င်းကို ရှေးဟောင်းစစ်တလင်းအတွင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။
နတ်ဘုရားနယ်မြေများအတွင်း၌ ယခုကဲ့သို့သော အစွမ်းထက်မြက်လှသောသူမျိုး ရှိမနေသင့်ပါချေ... ဒါတင်မကသေးဘဲ အသက်ရှင်နေသော ကောင်းကင်လူသားမျိုးလည်း ရှိမနေသင့်သော်လည်း...
ဤကောင်းကင်လူသားကမူ အသက်ရှင်နေခဲ့သည့်အပြင် အစွမ်းမှာလည်း အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ယခုအချိန်တွင် သူက မန္တန်အတတ်ပညာကို ရွတ်ဆိုလိုက်သည်နှင့်အမျှ ဤဟောင်းနွမ်းလှသော လှံတိုသည် နောက်တစ်ကြိမ် လျှပ်စီးအလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ လီယန်ချူထံသို့ ဝင်ရောက်တိုက်ခိုက်လာခဲ့ပြန်သည်။
လီယန်ချူက ဓားတစ်ချက် ဖြတ်တောက်လိုက်သော်လည်း...
ထိုလှံတိုမှာ ဟင်းလင်းပြင်တွင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သကဲ့သို့ ဖြစ်သွားခဲ့ရသည်။
နောက်တစ်ခဏတွင်မူ လီယန်ချူ၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် စိုက်ဝင်သွားတော့သည်။
ချပ်ဝတ်ဆင်ထားသော ကောင်းကင်လူသား၏ မျက်လုံးထဲတွင် ပြုံးယောင်သန်းသွားခဲ့သော်လည်း နောက်တစ်ခဏတွင်မူ ထိုအပြုံးများမှာ မျက်နှာပေါ်တွင် ခဲလျက်သား ဖြစ်သွားခဲ့ရရှာသည်။
အလွန်တရာ ထက်မြက်လှသော လှံတိုသည် ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်သွားခြင်းမရှိပါချေ။
လီယန်ချူ၏ ကိုယ်ပေါ်တွင် သန့်စင်သောယန်မိုးကြိုးနှင့် မီးတောက်အရှိန်အဝါများ ထွက်ပေါ်လာခဲ့ပြီး ရွှေရောင်ချပ်ဝတ်တန်ဆာကို ဆင်မြန်းထားကာ သွေးသားအရှိန်အဝါမှာ သမုဒ္ဒရာကြီးကဲ့သို့ ပြင်းထန်လှပေသည်။
တစ်ကိုယ်လုံးမှ အရှိန်အဝါမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ပိုမို၍ ကြံ့ခိုင်ပြတ်သားကာ ပြင်းထန်လှပေသည်။
သူက အေးစက်စွာ အော်ဟစ်လိုက်ပြီး ပူပြင်းလှသော သွေးသားအရှိန်အဝါများသည် နတ်ဘုရားမီးတောက်ကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။
"ကျန်ရစ်ခဲ့စမ်း..."
ဤလှံကြေးညိုသည် ပျံသန်းသွားချင်နေသော်လည်း လီယန်ချူ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရချေပြီ။
လှံတိုပေါ်မှ ဆန်းကြယ်လှသော ရောင်ခြည်တော်များ လင်းလက်နေတော့သည်။
တစ်ခဏအတွင်းမှာပင် မြေလှန်တောင်ပြိုမတတ် တုန်ခါသွားခဲ့ရသည်။
သို့သော်လည်း လီယန်ချူ၏ လက်ထဲတွင် မြဲမြံစွာ ဆုပ်ကိုင်ထားခြင်းကို ခံနေရဆဲပင်။
"ရဲတင်းလှချည်လား..."
ကောင်းကင်လူသားသည် လီယန်ချူ၏ ရှေ့မှောက်သို့ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး လက်ဖဝါးတစ်ချက်ဖြင့် လီယန်ချူ၏ ဦးခေါင်းဆီသို့ ရိုက်ချလိုက်တော့သည်။
ဤလှံကြေးညိုတွင် အလွန်တရာ ပြင်းထန်သော မန္တန်စွမ်းအားများ ရှိနေသဖြင့်...
လီယန်ချူသည် ၎င်းကို တစ်ခဏအတွင်း ဖမ်းဆီးချုပ်ချယ်ရန် စိတ်ကူးမရှိဘဲ ဤကောင်းကင်လူသားကို မိမိထံသို့ ရောက်ရှိလာစေရန်သာ ဆွဲဆောင်လိုက်ခြင်း ဖြစ်သည်။
သူ၏ ဘယ်ဘက်ခြေထောက်ကို အနည်းငယ် ကွေးလိုက်ပြီး တစ်ခဏအတွင်းမှာပင် လှံတိုကို လွှတ်လိုက်ကာ ဓားတစ်ချက်ဖြင့် ထိုကောင်းကင်လူသား၏ ချက်အောက်ပိုင်းဆီသို့ ထိုးစိုက်လိုက်တော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
ကောင်းကင်လူသား၏ ကိုယ်ပေါ်ရှိ အစိမ်းရောင်နတ်ဘုရားချပ်ဝတ်မှာ ကျန့်ကျောင်းဓား၏ ထက်မြက်မှုကို ကာကွယ်ထားနိုင်သော်လည်း...
လီယန်ချူ၏ တိုက်ခိုက်မှုကြောင့် နောက်သို့ ကိုက်ရာပေါင်းများစွာတိုင်အောင် လွင့်ထွက်သွားခဲ့ရသည်။
"သေစမ်း..."
ကောင်းကင်လူသားက အေးစက်စွာ အော်ဟစ်လိုက်ပြီး လှံကြေးညိုသည် လီယန်ချူ၏ ဦးခေါင်းနောက်ဘက်ဆီသို့ တိုက်ရိုက် စိုက်ဝင်သွားတော့သည်။
ထိုထက်မြက်လှသော သတ်ဖြတ်လိုသည့် အရှိန်အဝါကို အာရုံခံမိလိုက်သဖြင့် လီယန်ချူက ခန္ဓာကိုယ်ကို လှည့်၍ ဓားတစ်ချက် ဖြတ်တောက်လိုက်ရာ လှံကြေးညိုမှာ နောက်သို့ ဆုတ်ခွာသွားခဲ့ရသည်။
ဤအစွမ်းထက်မြက်လှသော ကောင်းကင်လူသားသည် ခေါင်းကို ငုံ့ကြည့်လိုက်ရာ ချက်အောက်ပိုင်းရှိ အစိမ်းရောင်နတ်ဘုရားချပ်ဝတ်မှာ တုန်ခါပျက်စီးသွားခဲ့ပြီး...
ပိုမို၍ စုတ်ပြတ်သွားခဲ့ရသည်ကို တွေ့လိုက်ရသည်။
သူက လက်ကို ဆန့်ထုတ်၍ လှံကြေးညိုကို လက်ထဲတွင် ပြန်လည်ဆုပ်ကိုင်လိုက်ပြီး မျက်လုံးအစုံမှာ အေးစက်နေတော့သည်။
ယခင်က ၎င်းတို့နှစ်ဦးသည် လက်နက်များကို မသုံးစွဲဘဲ တိုက်ခိုက်ခဲ့ကြစဉ်က အစွမ်းမှာ တူညီလှသော်လည်း... သူသည် ဤတာအိုဆရာလေးကို ဖိနှိပ်ချုပ်ချယ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေခဲ့သည်။
သူ့တွင် ကျင့်စဉ်အဆင့်၏ အသာစီးရမှု ရှိနေသောကြောင့်ပင်။
သို့သော်လည်း လက်နက်များကို သုံးစွဲပြီးနောက်တွင်မူ သူသည် ဆက်တိုက်ဆိုသလို အရေးနိမ့်မှုများ ဖြစ်ပေါ်နေခဲ့ရသည်။
"လူ့လောကက မြေပြင်နတ်ဘုရားတစ်ပါးမှာ နတ်ဘုရားလက်နက် နှစ်ခုရှိနေတာက တကယ်ကို တွေ့ရခဲတယ်... အနည်းငယ် အခက်အခဲ ရှိနေပေမယ့်လည်း သတ်ပစ်လို့မရတာတော့ မဟုတ်ဘူး"
လီယန်ချူ၏ ယခုလက်ရှိ အစွမ်းမှာ ယခင်ကထက် လုံးဝ ခြားနားသော ပြောင်းလဲမှုမျိုး ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။
မဟုတ်လျှင် ယခင်က ယခုကဲ့သို့သော ကျင့်စဉ်အဆင့်ရှိသည့် ကောင်းကင်လူသားကို ရင်ဆိုင်ရန်အတွက် နတ်ဘုရားလက်နက်ကိုသာ အားကိုးရမည် ဖြစ်ပြီး...
နတ်ဘုရားကျင့်စဉ်များမှာလည်း အသုံးဝင်လိမ့်မည် မဟုတ်ပေ။
ကျင့်စဉ်အဆင့်မှာ အလွန်တရာ ကွာခြားလွန်းလှသဖြင့် အစွမ်းမည်မျှပင် ကြီးမားသော နတ်ဘုရားကျင့်စဉ် ဖြစ်ပါစေဦးတော့ အသုံးဝင်လိမ့်မည် မဟုတ်ပါချေ။
"ငါ နဲ့ ရတနာချင်း ပြိုင်ချင်တာလား"
လီယန်ချူက အေးစက်စွာ ပြုံးလိုက်သည်။
သူသည် နဂါးကိုးကောင်နတ်ဘုရားမီးတောက်အုပ်ဆောင်း ကို ထုတ်ဖော်လိုက်ရာ ရွှေဝါရောင် တောက်ပနေသော အုပ်ဆောင်းကြီးသည် ဟောင်းနွမ်းကာ ခန့်ညားထည်ဝါလှပြီး...
တစ်ခဏအတွင်းမှာပင် ထိုချပ်ဝတ်ဆင်ထားသော ကောင်းကင်လူသားထံသို့ အုပ်မိုးသွားတော့သည်။
ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို အာရုံခံမိလိုက်သဖြင့် ကောင်းကင်လူသားက အဝေးသို့ အလျင်အမြန် ဆုတ်ခွာသွားခဲ့သော်လည်း...
ယခုအခါ လီယန်ချူ၏ အစွမ်းဖြင့် ဆိုပါက နဂါးကိုးကောင်နတ်ဘုရားမီးတောက်အုပ်ဆောင်းကို ထုတ်ဖော်ရာတွင် ပိုမို၍ ကြီးမားသော စွမ်းပကားများကို ပြသနိုင်ချေပြီ။
ဤဟောင်းနွမ်းကာ ခန့်ညားလှသော ရွှေရောင်အုပ်ဆောင်းကြီး၏ အထက်တွင် ကောင်းကင်နဂါး ကိုးကောင်ကို ထုဆစ်ထားပြီး တစ်ခဏအတွင်းမှာပင် တောင်စဉ်တောင်တန်းများကဲ့သို့ ကောင်းကင်လူသားထံသို့ အုပ်မိုးသွားတော့သည်။
တစ်ခဏအတွင်းမှာပင် ထိုကောင်းကင်လူသားသည် ကိုယ်ပွားအတတ်ပညာကို ထုတ်ဖော်လိုက်ရာ ကိုယ်ပွားတစ်ခုမှာ နဂါးကိုးကောင်၏ ပတ်ပတ်လည် ဝန်းရံခြင်းကို ခံလိုက်ရပြီး အထဲတွင် ပိတ်မိသွားခဲ့ရသည်။
အခြားကိုယ်ပွားတစ်ခုမှာမူ အပြင်သို့ ဆုတ်ခွာသွားခဲ့ပြီး နတ်ဘုရားတောင်တန်းတစ်ခု၏ အထက်တွင် မတ်တပ်ရပ်နေတော့သည်။
ဤရှေးဟောင်းနတ်ဘုရားလက်နက်နှင့် ရင်ဆိုင်ရချိန်တွင် သာမန်ကိုယ်ပွားအတတ်ပညာများမှာ အသုံးဝင်လိမ့်မည် မဟုတ်ပါချေ။
ယခုကဲ့သို့သော အစစ်အမှန်လူသားနှင့် တူညီလှသော ကိုယ်ပွားအတတ်ပညာမျိုးမှသာ ဤကံတရား၏ ဘေးဒုက္ခကို ရှောင်တိမ်းနိုင်မည် ဖြစ်သည်။
သူ၏ ကိုယ်ပွားသည် နဂါးကိုးကောင်နတ်ဘုရားမီးတောက်အုပ်ဆောင်းအတွင်း၌ ပိတ်မိနေခဲ့ရပြီး နတ်ဘုရားမီးတောက်များ ပျံ့နှံ့လာကာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
စူးရှလှသော အော်ဟစ်သံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီး တားဆီးရန် လုံးဝ မဖြစ်နိုင်ချေ။
ဤကောင်းကင်လူသား၏ အစစ်အမှန်ခန္ဓာကိုယ်က မန္တန်အတတ်ပညာကို ရွတ်ဆိုလိုက်ရာ လှံကြေးညိုပေါ်မှ သတ်ဖြတ်လိုသော အရှိန်အဝါများ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
ယခုတစ်ခေါက်တွင်မူ သူသည် ၎င်းကို ပစ်လွှတ်ခြင်းမရှိတော့ဘဲ လက်ထဲတွင် ဆုပ်ကိုင်ကာ လီယန်ချူထံသို့ ထိုးစိုက်လိုက်တော့သည်။
လှံထိပ်ဖျားမှာ ထက်မြက်လှပြီး အေးစက်သော အလင်းတန်းများ လင်းလက်နေတော့သည်။
လီယန်ချူ၏ မျက်နှာမှာ တည်ကြည်နေပြီး လက်ကို ဟင်းလင်းပြင်သို့ ဆန့်ထုတ်ကာ အစိမ်းရောင်အလံကြီး ကို လက်ထဲတွင် ဆုပ်ကိုင်လိုက်သည်။
သူသည် ၎င်းကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ ဖြူဖွေးလှသော နတ်ဘုရားအလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး...
တစ်ခဏအတွင်းမှာပင် ထိုကောင်းကင်လူသားကို အောက်သို့ ရိုက်ချလိုက်တော့သည်။
ဤကောင်းကင်လူသား၏ ကိုယ်ပေါ်ရှိ နတ်ဘုရားချပ်ဝတ်မှာ ပိုမို၍ စုတ်ပြတ်သွားခဲ့ပြီး လဲပြိုလုလု ဖြစ်နေချေပြီ။
ဤကောင်းကင်လူသားသည် ဤအစိမ်းရောင်အလံကြီး၏ အစွမ်းကို သိရှိထားသဖြင့် စိတ်ထဲမှ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး လီယန်ချူနှင့် ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ဘဲ ခန္ဓာကိုယ်ကို လှည့်၍ ကောင်းကင်ယံသို့ အလျင်အမြန် ဆုတ်ခွာသွားတော့သည်။
လီယန်ချူသည် အစိမ်းရောင်အလံကြီးကို နောက်တစ်ကြိမ် ထပ်မံဝှေ့ယမ်းလိုက်ပြန်ရာ တစ်ခဏအတွင်း မြေလှန်တောင်ပြိုမတတ် ဖြစ်သွားခဲ့ရပြီး ဖြူဖွေးလှသော နတ်ဘုရားအလင်းတန်းသည် ကောင်းကင်လူသား၏ ကိုယ်ပေါ်ရှိ နတ်ဘုရားချပ်ဝတ်ကို လုံးဝ ခြေမှုန်းဖျက်ဆီးပစ်လိုက်တော့သည်။
ကောင်းကင်လူသားမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့ရပြီး လှံကြေးညိုကို ထုတ်ဖော်လိုက်ကာ ရှေးဟောင်းကာလက ကျန်ရစ်ခဲ့သော လက်နက်ကို အားကိုး၍ ကောင်းကင်ယံသို့ နောက်တစ်ကြိမ် ထပ်မံဆုတ်ခွာသွားပြန်သည်။
နဂါးကိုးကောင်နတ်ဘုရားမီးတောက်အုပ်ဆောင်းအတွင်း၌ ပိတ်မိနေသော ထိုကိုယ်ပွားမှာ သူ၏ အစစ်အမှန်စွမ်းအား၏ ခြောက်ဆယ်ရာခိုင်နှုန်းမျှ ရှိသော်လည်း ယခုအချိန်တွင်မူ လုံးဝ လောင်ကျွမ်းပြာကျသွားခဲ့ရချေပြီ။
လီယန်ချူသည် နဂါးကိုးကောင်နတ်ဘုရားမီးတောက်အုပ်ဆောင်းကို ပြန်လည်သိမ်းဆည်းလိုက်ပြီး အစိမ်းရောင်အလံကြီးကို ကိုင်ဆောင်ကာ တိုက်ခိုက်ရန် ဝင်ရောက်သွားခဲ့ရာ...
ဤကောင်းကင်လူသားနှင့် တိမ်ပင်လယ်အထက်တွင် ရောထွေးတိုက်ခိုက်နေခဲ့ကြတော့သည်။
အသက်ရှူကြိမ် ဆယ်ဂဏန်းမျှ ကုန်လွန်သွားပြီးနောက် ကောင်းကင်ယံမှ လူသားပုံရိပ်တစ်ခု ဝုန်းခနဲ ပြုတ်ကျလာခဲ့သည်။
ဝုန်း...
မြေပြင်ပေါ်သို့ ကျရောက်သွားပြီးနောက် မိုင်ပေါင်းဆယ်ဂဏန်းမျှရှိသော နေရာတစ်ခုအတွင်း နက်ရှိုင်းသော မြေကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့ရသည်။
မြေကျင်း၏ အလယ်ဗဟိုတွင်မူ မကြာသေးမီကတင် ရှိနေခဲ့သော ကောင်းကင်လူသား ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးချင်းနီရဲနေတော့သည်။
လီယန်ချူသည် အစိမ်းရောင်အလံကြီးကို ကိုင်ဆောင်ကာ တိမ်ပင်လယ်အထက်မှ လူ့လောကသို့ ပြန်လည်ဆင်းသက်လာခဲ့ပြီး မျက်နှာမှာ တည်ကြည်နေကာ...
"ဟိုးတုန်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို မင်း ပြောပြမယ်ဆိုရင်... ငါ မင်းကို လွှတ်ပေးနိုင်တယ်"
ကောင်းကင်လူသားသည် ရုန်းကန်၍ ထရပ်လိုက်ပြီး စိတ်ထဲမှ ထိတ်လန့်တုန်လှုပ်ခြင်းများ ဖြစ်ပေါ်နေခဲ့ရသည်။
ထိုတာအိုဆရာလေး၏ ကိုယ်ပေါ်တွင် ယခုကဲ့သို့သော ကြီးမားလှသော ရတနာလက်နက်များ ရှိနေလိမ့်မည်ဟု မထင်မှတ်ခဲ့မိပါချေ။
"မေးချင်ရင်လည်း ထိုက်ပိုင်တောင် နတ်ဘုရားနယ်မြေကို တံဆိပ်ခတ်ခဲ့တဲ့သူကို သွားမေး... ငါက အမိန့်တော်အရ လူ့လောကကို ဆင်းသက်လာခဲ့တာ သက်သက်ပဲ... ကျန်တဲ့ကိစ္စတွေကိုတော့ ဘာမှမသိဘူး"
ဤသူသည် ကောင်းကင်လူသား မျိုးနွယ်စုထဲတွင်လည်း ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်ပြီး အဆင့်အတန်းမှာ မြင့်မားလှပေသည်။
လီယန်ချူ၏ ရှေးဟောင်းနတ်ဘုရားလက်နက်ကို မယှဉ်ပြိုင်နိုင်သဖြင့် စိတ်ထဲမှ ထိတ်လန့်နေသော်လည်း မိမိ၏ မာနတရားများ ရှိနေဆဲ ဖြစ်သည်။
လီယန်ချူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဆက်လက်မမေးမြန်းတော့ဘဲ ကြာပန်းစိမ်းအလံ ကို ဝှေ့ယမ်းလိုက်ရာ ဤသူကို အထဲသို့ သိမ်းပိုက်လိုက်တော့သည်။
ယခုအခါ သူ၏ မန္တန်စွမ်းအားများမှာ သမုဒ္ဒရာကြီးကဲ့သို့ ပြည့်နှက်နေပြီး ဝိညာဉ်မှာလည်း အလွန်တရာ သန်မာလှသဖြင့် ကြားပန်းစိမ်းအလံ၏ ပိုမိုကြီးမားသော စွမ်းပကားများကို ပြသနိုင်ချေပြီ။
အစိမ်းရောင်အလံကြီးကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့်အမျှ ဤကောင်းကင်လူသား၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားခဲ့ပြီး အထဲတွင် ပိတ်လှောင်ခြင်းကို ခံလိုက်ရချေပြီ။
"ဒီလူ့ရဲ့ ကိုယ်ပေါ်ကနေ ဟိုးတုန်းက လျှို့ဝှက်ချက်အချို့ကို သိရှိနိုင်လိမ့်မယ် ထင်တယ်"
လီယန်ချူက ခေါင်းကို လှည့်၍ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
အကယ်၍ ယခုလက်ရှိ နတ်ဘုရားနယ်မြေများ ပေါ်ထွန်းလာခြင်းကို တစ်စုံတစ်ဦးက ထိန်းချုပ်ထားနိုင်သည်ဆိုလျှင်...
ဟိုးတုန်းက နတ်ဘုရားနယ်မြေများသည် ကောင်းကင်လူသားတို့၏ သုတ်သင်ရှင်းလင်းမှုကို ခံရပြီးနောက်တွင်မူ တစ်စုံတစ်ဦး၏ တံဆိပ်ခတ်ခြင်းကို ခံခဲ့ရပြန်သည်။
ဒါဆိုလျှင် ဤလူနှစ်ယောက်မှာ တစ်ဦးတည်း ဖြစ်နေမလား။
ဒါတင်မကသေးဘဲ ယနေ့ နတ်ဘုရားနယ်မြေအတွင်း၌ အသက်ရှင်နေသော ကောင်းကင်လူသားတစ်ဦး ရှိနေခဲ့ပြီး... အကယ်၍ သူက ဟိုးတုန်းက နတ်ဘုရားနယ်မြေများကို ဖျက်ဆီးပစ်ခဲ့ကာ မြေပြင်နတ်ဘုရားများကို သတ်ဖြတ်ခဲ့သော တရားခံများထဲမှ တစ်ဦး ဖြစ်နေမည်ဆိုပါက...
ဤတစ်ခေါက် ကွယ်ရာမှနေ၍ နတ်ဘုရားနယ်မြေများ ပေါ်ထွန်းလာခြင်းကို အဓိက ထိန်းချုပ်နေသောသူသည် ဤကိစ္စကို သိရှိထားပါသလား။
လီယန်ချူ၏ စိတ်ထဲတွင် သံသယပေါင်းများစွာ ဖြစ်ပေါ်နေခဲ့ပြီး တစ်ခဏအတွင်းမှာပင် ဘေးပတ်ဝန်းကျင်၌ စူးစမ်းလေ့လာနေသော မျက်လုံးတစ်စုံ ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
"လောကကြီးက စစ်တုရင်ခုံလိုပဲ... နယ်ရုပ်တစ်ရုပ် ဖြစ်ရတဲ့ ခံစားချက်က တကယ်ကို မကောင်းဘူး"
လီယန်ချူသည် ဆိုင်ရှင်မကို အနည်းငယ် သတိရမိသွားသည်။ အကယ်၍ သူမသာ ရှိနေမည်ဆိုပါက အချို့သော ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးနိုင်လိမ့်မည် မဟုတ်ပါလော။
ဆိုင်ရှင်မ ကောင်းကင်ဘုံသို့ ပျံတက်သွားခဲ့သည်မှာ လေးဆယ့်ခြောက်ရက်မြောက် ရှိခဲ့ချေပြီ... သူမကို သတိရမိသည်။
............
ဤကောင်းကင်လူသားကို ဖမ်းဆီးချုပ်ချယ်ပြီးနောက်တွင်မူ လီယန်ချူသည် ဤထိုက်ပိုင်တောင် နတ်ဘုရားနယ်မြေအတွင်း၌ လိုက်လံရှာဖွေနေခဲ့သည်။
သူ၏ ဝိညာဉ်အာရုံမှာ အလွန်တရာ သန်မာလှသည့်အပြင် သဘာဝလွန်အတတ်ပညာကိုလည်း တတ်မြောက်ထားပြီး...
လက်ထဲတွင်လည်း နတ်ဘုရားလက်နက်အဆင့်သို့ မြှင့်တင်ထားသော ရှစ်ခွင်မှန်ကြီး ကို ဆုပ်ကိုင်ထားသော်လည်း...
မည်သည့် နယ်မြေပြင်ပမိစ္ဆာများ၏ အငွေ့အသက်ကိုမျှ ရှာဖွေတွေ့ရှိခြင်းမရှိပါချေ။
"နယ်မြေပြင်ပမိစ္ဆာတွေက ကောင်းကင်လူသားတွေ သေဆုံးပြီးနောက် သွေးသားတွေကနေ ပြောင်းလဲသွားတာလေ... ဒါဆိုရင် ဒီနေရာမှာ ဟိုးတုန်းက ကောင်းကင်လူသားတစ်ယောက်မှ သေဆုံးခဲ့ခြင်းမရှိတာလား"
လီယန်ချူက မျက်မှောင်ကုတ်လိုက်မိသည်။
ဤသို့ဆိုလျှင် နတ်ဘုရားနယ်မြေအားလုံး၌ နယ်မြေပြင်ပမိစ္ဆာများ ရှိနေခြင်းမျိုး မဟုတ်ပါချေ။
ထိုကိစ္စကို တွေးမိလိုက်ပြီးနောက် လီယန်ချူက တစ်ခဏမျှ ဆွံ့အသွားခဲ့ရပြန်သည်။
"အရင်က ဒီလူက နယ်မြေပြင်ပမိစ္ဆာ ဖြစ်နေတာကို ဝန်မခံတာက... သက်သက်မဲ့ အထက်စီးကနေ ဟန်ဆောင်နေတာလား... ဒါမှမဟုတ် ဒီထဲမှာ တခြား လျှို့ဝှက်ချက်တစ်ခုခု ရှိနေသေးတာလား"
ဤသံသယသည် စိတ်ထဲတွင် တစ်ချက် ဖြတ်သန်းသွားခဲ့သည်။
ဤနတ်ဘုရားနယ်မြေများသည် မူလကပင် လူ့လောကတွင် ရှိနေခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းမှသာ ကြီးမားသော မန္တန်စွမ်းအားများဖြင့် တံဆိပ်ခတ်ခြင်း ခံထားရခြင်း ဖြစ်ရာ...
ယခုအခါ ပြန်လည်ပေါ်ထွန်းလာချိန်တွင် အနည်းငယ် ခြောက်သွေ့ပျက်စီးနေသည်မှလွဲ၍ အလွန်တရာ ထူးဆန်းအံ့ဩဖွယ်ကောင်းခြင်းမျိုး မရှိပါချေ။
လီယန်ချူသည် မြေအောက်အတတ်ပညာကို ထုတ်ဖော်၍ လျှောက်လှမ်းနေခဲ့သော်လည်း မည်သည့်တာအိုကျောင်းအတွင်း၌မျှ နတ်ဘုရားများ၏ ဝိညာဉ်ကြွင်းများကို မတွေ့ရှိခဲ့ရပေ။
"နှမြောစရာကောင်းလိုက်တာ... အခု ဒီကောင်းကင်လူသားက အသက်ရှင်နေပေမဲ့ ဘာမှ မမေးမြန်းနိုင်ဘူး... တကယ်လို့ နတ်ဘုရားတွေရဲ့ ဝိညာဉ်ကြွင်းတွေသာ ရှိနေမယ်ဆိုရင် အချင်းချင်း စစ်ဆေးကြည့်ပြီး ပိုမိုများပြားတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိနိုင်လောက်တယ်"
လီယန်ချူသည် ဤနေရာတွင် ရက်အနည်းငယ်မျှ လှည့်လည်သွားလာနေခဲ့ပြီး ဝိညာဉ်ဆေးပင်အချို့ကို ရှာဖွေတွေ့ရှိခဲ့သည်မှလွဲ၍ မည်သည့်အရာကိုမျှ မရရှိခဲ့ပါချေ။
အစွမ်းထက်မြက်လှသော နတ်ဘုရားလက်နက်များလည်း ဤနေရာတွင် ဝှက်သိမ်းထားခြင်းမရှိချေ။
အခြားသော မြေပြင်နတ်ဘုရားများ၏ ဝိညာဉ်ကြွင်းများကို မတွေ့မြင်ရသော်လည်း ဤနေရာသို့ ရတနာလာရောက်ရှာဖွေကြသော လူ့လောကမှ ကျင့်ကြံသူပေါင်းများစွာကိုမူ နေရာအနှံ့ တွေ့မြင်နေခဲ့ရသည်။
စူးစမ်းလေ့လာမှုများ မအောင်မြင်ခဲ့ပြီးနောက် လီယန်ချူသည် ထိုနေရာမှ ထွက်ခွာခဲ့ပြီး ဝေမြို့တော်သို့ ပြန်လည်ရောက်ရှိလာခဲ့တော့သည်။
............
ယွန်းနျန်းသည် နူးညံ့သိမ်မွေ့ပြီး အေးချမ်းသော အမူအရာ ရှိကာ တစ်နေ့ကုန် အစီရင်အတတ်ပညာများကိုသာ လေ့လာလိုက်စားနေလေ့ရှိသည်။ သူမသည် တရားရုံးတော်မှ တာဝန်ရှိသူ ရွှီထျန်းနန်၏ ဖိတ်ကြားချက်အရ မြို့တော်သို့ သွားရောက်၍ အစီရင်များကို ပြုပြင်ပေးခဲ့ပြီးနောက် ပြန်လည်ရောက်ရှိလာချိန်တွင်မူ မကြာခဏဆိုသလို ကျင့်ကြံခြင်းအတွင်းသို့ ဝင်ရောက်သွားလေ့ရှိသည်။
အသစ်စက်စက် နားလည်သဘောပေါက်မှုအချို့ ရှိနေခဲ့ပုံရသည်။
အမြင့် သုံးလက်မခန့်ရှိသော နတ်သမီးလေး နီရှန်းသည် သူမ၏ ဘေးနားတွင် မကြာခဏဆိုသလို အတူရှိနေတတ်ပြီး ကျင့်ကြံခြင်းဆိုင်ရာ အကြံဉာဏ်အချို့ကို ပံ့ပိုးပေးလေ့ရှိသည်။
ကျွေ့ဟွာကမူ ငြိမ်ငြိမ်မနေတတ်သော အလေ့အထ ရှိရာ ဝေမြို့တော်၏ စည်ကားသိုက်မြိုက်မှုကို သဘောကျသဖြင့် မကြာခဏဆိုသလို အပြင်သို့ ထွက်ပြေးသွားတတ်ပြီး အဝတ်အစားလှလှလေးများနှင့် အရသာရှိသော အစားအစာများကို ဝယ်ယူတတ်သည်။
မဟုတ်လျှင်လည်း လီယန်ချူ မကြာခဏ ထိုင်လေ့ရှိသော ကြိမ်ကုလားထိုင်ပေါ်တွင် ဝပ်စင်းကာ နေပူဆာလှုံနေလေ့ရှိသည်။
လူသားအသွင်သို့ ပြောင်းလဲထားသော်လည်း ကြောင်တစ်ကောင်၏ အလေ့အထပေါင်းများစွာ ကျန်ရှိနေသေးသဖြင့်...
ယခုအချိန်တွင် ကြိမ်ကုလားထိုင်ပေါ်တွင် ဝပ်စင်းနေချိန်၌ အဝတ်အစားများစွာ ဝတ်ဆင်ထားသော်လည်း အချိုးအစားကျလှပသော ခန္ဓာကိုယ်အကောက်အကွေ့များကို မြင်တွေ့နိုင်ဆဲပင် ဖြစ်သည်။
လီယန်ချူသည် ထိုက်ပိုင်တောင် နတ်ဘုရားနယ်မြေမှ ပြန်လည်ရောက်ရှိလာချိန်တွင် နေပူဆာလှုံနေသော ကျွေ့ဟွာ၏ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အမူအရာကို မြင်တွေ့လိုက်ရသဖြင့် မအောင့်နိုင်ဘဲ ခေါင်းကို တစ်ချက်ခါယမ်းလိုက်မိပြီး အနည်းငယ် အားကျမိသွားသည်။
တကယ့်ကို ဘာသောက မျှ ရှိမနေပါချေ။
ဦးနှောက်က ရိုးရှင်းတာ တကယ်ကို ကောင်းလှပေသည်။
ကျွေ့ဟွာက ခေါင်းကို လှည့်ကြည့်လိုက်ပြီး လီယန်ချူ ပြန်လာသည်ကို မြင်တွေ့လိုက်ရသဖြင့်
"ထိုက်ပိုင်တောင် နတ်ဘုရားနယ်မြေက ဘယ်လိုလဲ... ပျော်စရာကောင်းလား"
သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေတော့သည်။
လီယန်ချူက ခေါင်းခါယမ်းလိုက်ပြီး
"ဘာရတနာမှ မရှိပါဘူး... အသက်ရှင်နေတဲ့ ကောင်းကင်လူသားတစ်ယောက်ပဲ ရှိတယ်"
တစ်ချက်မျှ ရပ်တန့်လိုက်ပြီးနောက် လီယန်ချူက ထပ်မံဖြည့်စွက်ပြောလိုက်သည်။
"ဟိုးတုန်းက နတ်ဘုရားနယ်မြေတွေကို သုတ်သင်ရှင်းလင်းခဲ့တဲ့ တရားခံတွေထဲက တစ်ယောက်ပေါ့"
ကျွေ့ဟွာက 'အာ' ခနဲ အော်ဟစ်လိုက်ပြီး ကြိမ်ကုလားထိုင်ပေါ်မှ ချက်ချင်း ခုန်ထွက်လာခဲ့သည်။
"ဒီလိုကိစ္စမျိုးလည်း ရှိသေးတာလား"
သို့သော်လည်း ကျွေ့ဟွာ၏ ဦးနှောက်ဖြင့် ဆိုပါက ဤကိစ္စမှာ ဤမျှဖြင့်တင် ပြီးဆုံးသွားခဲ့ရချေပြီ။
အနည်းငယ် စူးစမ်းချင်စိတ် ရှိသည်မှလွဲ၍ မည်သည့် အကြံဉာဏ်ကောင်းကိုမျှ မပေးစွမ်းနိုင်ပါချေ။
သို့သော်လည်း သူမ၏ အတင်းအဖျင်းပြောလိုသော မီးတောက်များမှာ ပြင်းထန်စွာ လောင်ကျွမ်းလာခဲ့ပြီး မျက်လုံးများ လင်းလက်လာကာ...
"နောက်တစ်ခေါက် နတ်ဘုရားနယ်မြေ ပေါ်ထွက်လာရင်... ငါလည်း နင်နဲ့အတူ လိုက်ခဲ့မယ်"