အခန်း (၁၀၉၃-၁၀၉၄)
Vol. 110 Ch. 1093-1094
အခန်း (၁၀၉၃) တူညီသော ခြေရာကို ပြန်နင်းမိခြင်း
ညဉ့်နက်သန်းခေါင်ယံ အချိန်တွင် ဖြစ်သည်။
ကြီးမားကျယ်ဝန်းလှသော စံအိမ်တော်ကြီးတစ်ခုအတွင်းမှ ပျော်ရွှင်ရယ်မောသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့သည်။ ခန့်ညားချောမောလှသော လူငယ်တစ်ယောက်သည် ဝဲယာဝန်းရံထားသော မိန်းမပျိုများနှင့်အတူ သောက်စားပျော်ပါးနေပြီး အလွန်တရာ အလိုကျနှစ်သက်နေပုံရပေသည်။
၎င်းမှာကား မဟာရှနိုင်ငံ၏ ကျန့်နန်နယ်စားကြီး လီရွှင် ပင် ဖြစ်သည်။
သရဲသုံးကောင်ကိုခြေမှုန်း၍ ကျင့်စဉ်လမ်းတွင် အောင်မြင်မှုရရှိထားသော ဤနယ်စားမင်းကြီးသည် ယခုအချိန်တွင် တိုက်ခိုက်လုယက်လိုစိတ် လုံးဝမရှိတော့ဘဲ ကာမဂုဏ်အာရုံနှင့် သောက်စားမူးယစ်ခြင်းထဲတွင်သာ နစ်မျောနေခဲ့ချေပြီ။
သူ၏ ဘေးနားရှိ အလှပဂေး ပြည့်တန်ဆာမလေးများ၏ ကိုယ်လုံးကိုယ်ပေါက်၊ အသားအရေနှင့် ရုပ်ရည်တို့မှာ ထိပ်တန်းအဆင့်များ ဖြစ်ကြသည်။
၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ပါးလျလှသော ပိုးဝတ်ရုံစပါးလင်ကိုသာ ခြုံလွှမ်းထားသဖြင့် ဗလာကျင်းနေသည်ထက်ပင် ပိုမို၍ ဆွဲဆောင်မှု ရှိနေတော့သည်။
ထိုစဉ် လီရွှင်သည် မျက်လုံးကို အဝတ်နက်ဖြင့် စည်းနှောင်ထားပြီး မိန်းမပျိုလေးများကို လိုက်လံဖမ်းဆီး၍ ကစားနေခဲ့သည်။ မိန်းမပျိုလေးများသည်လည်း ခြေလှမ်းများကို ပေါ့ပါးစွာ ရွှေ့ပြောင်းရင်း ရယ်မောကာ သူ့ကို ဝိုင်းရံ၍ လှည့်ပတ်ပြေးလွှားနေကြပြီး ရံဖန်ရံခါ သူ၏ အထိအတွေ့ကို ခံရချိန်တွင်မူ ရယ်မောသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
လီရွှင်သည် ကိုယ်လုံးကိုယ်ပေါက် ထွားထွားစွင့်စွင့်နှင့် အလှပဂေးလေးတစ်ယောက်ကို ဖမ်းဆီးလိုက်ပြီး စားပွဲခုံပေါ်သို့ ဝုန်းခနဲ ဖိနှိပ်လိုက်ကာ လက်နှစ်ဖက်ကို နောက်ပြန်ချုပ်ကိုင်လိုက်ရင်း...
"မိစ္ဆာမလေး... ဒီနေ့တော့ ငါ့ရဲ့ အစွမ်းကို ကောင်းကောင်းကြီး မြည်းစမ်းစေရမယ်"
လီရွှင်က ရက်စက်ကြမ်းကြုတ်ဟန် ဆောင်လိုက်သည်။
ထိုကိုယ်လုံးကိုယ်ပေါက် ထွားစွင့်လှသော အလှပဂေးမလေးကလည်း လီရွှင်၏ ခန္ဓာကိုယ်ကို ညင်သာစွာ ပွတ်သပ်ရင်း ရုန်းကန်ချင်ယောင် ဆောင်လိုက်ကာ...
"မလုပ်ပါနဲ့... ကျွန်မကို လွှတ်ပေးပါ... တောင်းပန်ပါတယ်ရှင်"
သူမ၏ မျက်လုံးအစုံမှာ ကြည်လင်နေပြီး ညှို့ဓာတ်များ ပြည့်နှက်နေကာ တိုးညင်းနူးညံ့လှသော အသံဖြင့် ရုန်းကန်နေခြင်းက လူတို့၏ စိတ်အာရုံထဲမှ ဆန္ဒမီးတောက်ကို ပိုမို၍ တောက်လောင်စေတော့သည်။
ယခုကဲ့သို့ စိတ်အလိုကို နားလည်ပြီး အလိုက်သိလှသော မိန်းမပျိုလေးကို မည်သူက မနှစ်သက်ဘဲ နေနိုင်ပါမည်နည်း။
ထိုစဉ် လီရွှင်သည် ရုတ်တရက် ခေါင်းကို မော့၍ ရှေ့တည့်တည့်သို့ ကြည့်လိုက်ပြီး မျက်ခုံးကို ညင်သာစွာ ပင့်လိုက်မိသည်။
ချက်ချင်းပင် သူ၏ ကိုယ်ပေါ်မှ ဝေဝါးလှသော လူသားပုံရိပ်တစ်ခု လွင့်ပျံထွက်သွားခဲ့ပြီး တစ်ခဏအတွင်းမှာပင် အပြင်ဘက် ဝင်းခြံထဲသို့ ရောက်ရှိသွားတော့သည်။
အခန်းထဲတွင်မူ ဤလီရွှင်သည် ထိုအလှပဂေးမလေးကို စားပွဲခုံပေါ်တွင် ဖိနှိပ်ထားဆဲ ဖြစ်ပြီး ဘေးနားရှိ မိန်းမပျိုလေးများကလည်း ဘေးမှနေ၍ မြှောက်ပင့်ပေးနေကြဆဲပင်။
............
ဝင်းခြံထဲတွင်မူ...
အေးစက်လှသော လရောင်အောက်တွင် လူသားပုံရိပ်တစ်ခု မတ်တပ်ရပ်နေခဲ့သည်။ ၎င်းမှာ အစိမ်းရောင်ဝတ်ရုံ ဆင်မြန်းထားသောသူတစ်ဦး ဖြစ်ပြီး မျက်နှာကို သဲသဲကွဲကွဲ မြင်တွေ့ရခြင်းမရှိချေ။
လီရွှင်က
"တာအိုမိတ်ဆွေက ညဉ့်နက်သန်းခေါင်ယံမှာ လာရောက်လည်ပတ်ပြီး အရှိန်အဝါကို ထုတ်လွှတ်ထားပေမဲ့ တံခါးထဲကို ဝင်မလာဘူးဆိုတော့... ငါ့ကို ရှာတာ ဘာကိစ္စရှိလို့လဲ မသိဘူး" ဟု မေးမြန်းလိုက်သည်။
အစိမ်းရောင်ဝတ်ရုံဝတ်သူက အေးဆေးစွာ ဆိုသည်။
"မင်းဆီက အရာတစ်ခုကို လာတောင်းတာ"
လီရွှင်က မေးသည်။
"တာအိုမိတ်ဆွေ ဘာအရာကို လိုချင်တာလဲ မသိဘူး... ငါ့မှာ ရှိနေသရွေ့တော့ မပေးဘဲ နေမှာ မဟုတ်ပါဘူး"
ယခင်တစ်ခေါက်က ထိုအနီရောင်ဝတ်စုံဝတ် မိန်းမပျိုသည်လည်း ယခုကဲ့သို့ပင် ဖြစ်ရာ အတိတ်က အကြွေးဟောင်းအချို့သာ ဖြစ်ရပါမည်။
အစိမ်းရောင်ဝတ်ရုံဝတ်သူက အေးဆေးစွာ ဆိုပြန်သည်။
"မင်းရဲ့ ဆရာမ ချိုင်ဖုန်းနတ်သမီး ရှုလင်နတ်ဘုရားနယ်မြေထဲကနေ ယူဆောင်လာခဲ့တဲ့ အရာပဲ"
လီရွှင်က မျက်ခုံးပင့်လိုက်ရင်း
"မင်းပြောတာ ကျန့်မုန့်ကမ္ဘာဦးသစ်ပင် ကို ပြောတာလား... အဲဒီအရာက ငါ့ဆီမှာ မရှိဘူး"
သူ ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ ယခုအခါ ကောင်းကင်ဘုံသို့ ဆက်သွယ်နိုင်သည်ဟု ကျော်ကြားလှသော ကျန့်မုန့်ကမ္ဘာဦးသစ်ပင်သည် လီယန်ချူ၏ ကိုယ်ပေါ်တွင် ရှိနေသောကြောင့်ပင်။
အစိမ်းရောင်ဝတ်ရုံဝတ်သူသည် ထိုစကားကို ကြားသောအခါ ခေါင်းကို ခါယမ်းလိုက်ပြီး
"ကောင်းကင်ဘုံကျင့်စဉ်လမ်း ပြန်ပွင့်လာပြီဆိုတော့ ကျန့်မုန့်သစ်ပင်က နတ်ငှက်တွေကို ဆွဲဆောင်တာကလွဲရင် ငါ့အတွက် ဘာမှ အသုံးမဝင်ဘူး... ငါလိုချင်တာက အဲဒီ တံပိုးမှုတ်တံ ပဲ"
လီရွှင်က ခေါင်းခါယမ်းလိုက်ပြန်ပြီး
"မင်းပြောတဲ့ တံပိုးမှုတ်တံက ဘာလဲဆိုတာ ငါ တကယ်မသိဘူး"
အစိမ်းရောင်ဝတ်ရုံဝတ်သူ၏ ခေါင်းပေါ်တွင် ဝတ်ရုံဦးထုပ်ကို ဆောင်းထားသဖြင့် မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း ယခုအချိန်တွင်မူ မျက်လုံးအစုံမှ အလွန်တရာ ထက်မြက်လှသော အေးစက်သည့် အလင်းတန်းနှစ်ခု ထွက်ပေါ်လာခဲ့ကာ...
"မင်းရဲ့ ဆရာမ ချိုင်ဖုန်းနတ်သမီး သေဆုံးသွားခဲ့ရပြီ... တစ်စုံတစ်ယောက်ရဲ့ ကယ်တင်မှုကို ရလို့သာ မနည်း လူပြန်ဝင်စားနိုင်ခဲ့တာ... မင်းကော သူမရဲ့ ခြေရာဟောင်းကို ပြန်နင်းချင်တာလား"
လီရွှင်က ပခုံးတွဲလိုက်ရင်း
"မင်း ငါ့ကို ရှာတွေ့နိုင်တယ်ဆိုကတည်းက ငါဟာ လူ့လောကကိစ္စတွေကို စိတ်မဝင်စားတော့ဘဲ အဲဒီတုန်းက အကျိုးအကြောင်း အဆိုးအကောင်းတွေကိုပဲ နားလည်ချင်တော့တယ်ဆိုတာ သိသင့်ပါတယ်"
တစ်ချက်မျှ ရပ်တန့်လိုက်ပြီးနောက် လီရွှင်က ထပ်မံဆိုသည်။
"ငါ ဘာနတ်ဘုရားနယ်မြေကိုမှ မသိဘူး... ဘာတံပိုးမှုတ်တံကိုလည်း မသိဘူး"
"အဲဒီကျန့်မုန့်သစ်ပင်ဟာ ငါ့ဆရာမ ချိုင်ဖုန်းနတ်သမီး ဘယ်နေရာကနေ ရခဲ့တာလဲဆိုတာကိုလည်း ငါ လုံးဝ မသိပါဘူး"
အစိမ်းရောင်ဝတ်ရုံဝတ်သူက
"မင်းကတော့ အကုန်လုံးကို ပြတ်ပြတ်သားသား ငြင်းပယ်နေတာပဲပေါ့" ဟု ဆိုသည်။
လီရွှင်က "ဒါတွေ အားလုံးက အမှန်တရားတွေပါ" ဟု ဆိုသည်။
အစိမ်းရောင်ဝတ်ရုံဝတ်သူက
"ဒါဆိုရင်လည်း မင်းကို အရင်ဆုံး ဖမ်းဆီးပြီးမှပဲ ဖြည်းဖြည်းချင်း ရှာဖွေရတော့မှာပေါ့" ဟု ဆိုတော့သည်။
လီရွှင်က ချက်ချင်းပင်
"နေဦး... ဒီနေရာမှာ လက်ပါမယ်ဆိုရင် တခြားလူတွေရဲ့ ချောင်းမြောင်းကြည့်ရှုမှုကို ဆွဲဆောင်မိမှာ မင်းမကြောက်ဘူးလား" ဟု ဆိုလိုက်သည်။
အစိမ်းရောင်ဝတ်ရုံဝတ်သူက လှောင်ပြုံးပြုံးလိုက်ရင်း
"သိုင်းနတ်ဘုရားက ကောင်းကင်ဘုံကို တက်လှမ်းသွားပြီပဲ... ချောင်းမြောင်းကြည့်ရှုတာကို ဆွဲဆောင်မိရင်ကော ဘာဖြစ်လဲ"
လီရွှင်က အေးဆေးစွာ ဆိုသည်။
"မကြာသေးခင်ကတင် ပေါ်ထွက်လာတဲ့ အဲဒီ တာအိုဆရာလေး ရှိတယ်... နတ်ဘုရားတွေတောင် သူ့လက်ထဲမှာ သေဆုံးခဲ့ရတာ... ဒီနေရာကနေ သူရဲ့ တာအိုကျောင်းရှိတဲ့နေရာကို မိုင်သုံးရာပဲ ဝေးတာ... မင်း ကိုယ့်ကိုယ်ကိုယ် အမှားမလုပ်မိစေနဲ့"
အစိမ်းရောင်ဝတ်ရုံဝတ်သူက
"ကောင်းကင်နှင့်မြေပြင် တံတားက အခုမှတင် ဆက်သွယ်မိကာစပဲ ရှိသေးတယ်... ဆင်းသက်လာတဲ့ ကောင်းကင်လူသားတွေဟာ အများဆုံး ကျင့်စဉ်အဆင့် အဆင့်ငါးထက်မပိုဘူး... ငါလည်း သတ်နိုင်တယ်"
ဟု ဆိုလိုက်သည်။
သူ၏ စကားအဓိပ္ပာယ်မှာ ထိုတာအိုဆရာလေးကို လုံးဝ ကြောက်ရွံ့ခြင်းမရှိကြောင်း ပြသနေခြင်းပင်။
လီရွှင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး
"ဒါဆိုရင်လည်း မင်း ဘယ်ကနေ လာတာလဲဆိုတာ ငါ့ကို ပြောပြလို့ရမလား... ငါ သေရင်တောင် သေချာ သိသွားအောင်လို့ပါ"
အစိမ်းရောင်ဝတ်ရုံဝတ်သူက လှောင်ပြုံးပြုံးလိုက်ရင်း
"မင်း ချိုင်ဖုန်းနတ်သမီးဆီကနေ ပုံရိပ်ယောင်အတတ်ပညာကိုပဲ သင်ယူခဲ့တာလား"
စကားဆုံးသည်နှင့်အမျှ သူသည် ဝတ်ရုံလက်အင်္ကျီကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ ရှေ့မှောက်ရှိ ပုံရိပ်များမှာ တစ်ခဏအတွင်းမှာပင် ကွဲအက်ပျက်စီးသွားခဲ့ရတော့သည်။
ထိုနေရာတွင် မည်သည့် ခန့်ညားချောမောလှသော လူငယ်တစ်ယောက်မျှ ရှိမနေတော့ဘဲ ဆံပင်တစ်ပင်တည်းသာ ညင်သာစွာ ပြုတ်ကျကျန်ရစ်ခဲ့သည်။
အစိမ်းရောင်ဝတ်ရုံဝတ်သူသည် ဝိညာဉ်အာရုံဖြင့် လိုက်လံစစ်ဆေးကြည့်လိုက်ရာ အခန်းထဲတွင် အလှပဂေး ပြည့်တန်ဆာမလေးများနှင့် ပျော်ပါးနေသော လူငယ်သည်လည်း ယခုအခါ မီးခိုးပြာတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး ဆံပင်တစ်ပင်အဖြစ် ပြုတ်ကျကျန်ရစ်ခဲ့သည်ကို တွေ့လိုက်ရသဖြင့်...
ထိုအလှပဂေးလေးများမှာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ကြတော့သည်။
"တကယ့်ကို အေးစက်စက်နိုင်လှတဲ့ စရိုက်ပဲ"
အစိမ်းရောင်ဝတ်ရုံဝတ်သူက လှောင်ပြုံးပြုံးလိုက်ရင်း...
"မင်းက တကယ်ပဲ ဒီလိုမျိုး အေးစက်စက်နိုင်တာပဲဖြစ်ဖြစ်... ဒါမှမဟုတ် ဒီနည်းလမ်းကို သုံးပြီး သူတို့ရဲ့ အသက်ကို ကယ်တင်ချင်တာပဲဖြစ်ဖြစ်... ငါ မင်းကို တစ်ချက်လောက် ကူညီပေးလိုက်ပါ့မယ်"
သူက လက်ညှိုးကို ညင်သာစွာ ခါထုတ်လိုက်ရာ မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့ပြီး စံအိမ်တော်ကြီးတစ်ခုလုံးမှာ တစ်ခဏအတွင်း မီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့သည်။
ငယ်ရွယ်နုပျိုပြီး ဆွဲဆောင်မှုရှိလှသော အလှပဂေး ပြည့်တန်ဆာမလေးများသည် တစ်ခဏအတွင်းမှာပင် မီးပင်လယ်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး အထဲရှိ အစေခံမိန်းကလေးများနှင့် အားလုံး အပါအဝင် တစ်ယောက်မျှ လွတ်မြောက်သွားခြင်းမရှိပါချေ။
ပိုမို၍ အဓိကကျသည်မှာကား ဤမီးတောက်သည် မြန်မြန်ဆန်ဆန် လောင်ကျွမ်းခြင်းမျိုး မဟုတ်ဘဲ နားမခံသာလှသော အော်ဟစ်ငိုကြွေးသံများ ဆက်တိုက် ထွက်ပေါ်နေခဲ့သဖြင့် လူတို့၏ ဦးရေပြားကို ထုံကျင်သွားစေလောက်ပေသည်။
ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် အစိမ်းရောင်ဝတ်ရုံဝတ်သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ လင်းလက်လှသော အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံသို့ ပျောက်ကွယ်သွားခဲ့တော့သည်။
............
မြို့ရိုးအထက်တွင် ခန့်ညားချောမောလှသော လူငယ်တစ်ယောက် မတ်တပ်ရပ်နေခဲ့ပြီး ဘေးနားတွင် ကြောင်တောင်တောင်နှင့် အော်ဟစ်နေသော မျောက်တစ်ကောင် ရှိနေကာ လက်နှစ်ဖက်ကို ရမ်းခါနေခဲ့သည်။
ကျန့်နန်နယ်စား လီရွှင်က ညင်သာစွာ ပြုံးလိုက်ရင်း
"မိန်းမတွေဆိုတာ အပျော်ကစားရုံသက်သက်ပါပဲ... အဲဒီလူရဲ့ အရှိန်အဝါက အလွန်တရာ ကြံ့ခိုင်လွန်းတယ်... ငါ သူနဲ့ မတိုက်ချင်ဘူး" ဟု ဆိုလိုက်သည်။
မျောက်ကလေးက လက်နှစ်ဖက်ဖြင့် ရင်ဘတ်ကို ထုရိုက်ရင်း ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လိုသော အမူအရာကို ပြုလုပ်လိုက်ပြီး ထိုမီးပင်လယ်ရှိရာ နေရာသို့ လက်ညှိုးထိုးပြလိုက်သည်။
လီရွှင်က အေးဆေးစွာ ဆိုသည်။
"ဘဝသစ်တစ်ခု ပြန်လည်ရရှိလာတဲ့အခါမှာတော့ သဘာဝအတိုင်း အနည်းငယ် ကွဲပြားမှုတွေ ရှိလာတာပေါ့... 'တူညီတဲ့ ခြေရာကို ပြန်နင်းမိခြင်း' ဆိုတဲ့ စကားလုံးလေးလုံးကိုတော့ သင်ခန်းစာယူရမယ်"
မျောက်ကလေးသည် ရုတ်တရက် ငြိမ်သက်သွားခဲ့ရပြီး မျက်လုံးအစုံတွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်သွားခဲ့ရကာ တစ်စုံတစ်ခုကို တွေးမိသွားပုံရပေသည်။
လီရွှင်က အေးဆေးစွာ ဆိုပြန်သည်။
"ဒီလူက ရှုလင်နတ်ဘုရားနယ်မြေရဲ့ ကိစ္စတွေကို သိနေတာဆိုတော့... သေချာပေါက် အတိတ်က လူဟောင်းတစ်ယောက် ဖြစ်ရမယ်... ဖန်းကျန့် က လာတာလား... ဒါမှမဟုတ် ယင်ကျိုး က လာတာလားတော့ မသိဘူး"
"ကြည့်ရတာ ဒီလူတွေက အခုထိ စိတ်မချနိုင်ကြသေးဘူးပဲ"
............
အစိမ်းရောင်ဝတ်ရုံဝတ်သူသည် လီရွှင်၏ သဲလွန်စကို ဆက်လက်ရှာဖွေခြင်းမပြုတော့ဘဲ မာကူနတ်ဘုရားနယ်မြေသို့ ရောက်ရှိလာခဲ့ပြီး...
မာကူနတ်သမီး၏ ဝိညာဉ်ကြွင်းတစ်ခုနှင့် ဆုံတွေ့လိုက်ရသည်။
"မာကူတာအိုမိတ်ဆွေ... မတွေ့ရတာ ကြာလှပေါ့... မင်းရဲ့ အရှိန်အဝါတွေက အရင်အတိုင်း ရှိနေဆဲပဲနော်"
အစိမ်းရောင်ဝတ်ရုံဝတ်သူက ပြုံး၍ ဆိုလိုက်သည်။
မာကူက ကိုယ်ထင်ပြလိုက်ရင်း
"ယင်ကျိုးက နတ်ဘုရားတွေဟာ အခု ရှန်ကျိုးမြေပြင်ပေါ်ကို ခြေချလာကြပြီပေါ့"
ဟု ဆိုသည်။
အစိမ်းရောင်ဝတ်ရုံဝတ်သူက အေးဆေးစွာ ဆိုသည်။
"ငါတို့ရဲ့ တပည့်တစ်ယောက် ရှန်ကျိုးမြေပြင်ပေါ်မှာ သေဆုံးသွားခဲ့ရတယ်... ဒါကြောင့် တရားခံအစစ်အမှန်ကို ရှာဖွေဖို့အတွက် အထူးသဖြင့် လာရောက်လည်ပတ်ရတာပါ"
မာကူက
"မင်းတို့ယင်ကျိုးကတော့ အခုထိ ဒီလိုစရိုက်မျိုး ရှိနေဆဲပဲ" ဟု ဆိုသည်။
အစိမ်းရောင်ဝတ်ရုံဝတ်သူက
"ဟိုးတုန်းက တာအိုမိတ်ဆွေဟာ ငါတို့ယင်ကျိုးကို သဘောမကျလို့ပဲ ဖုန်လိုင်ကို သွားခဲ့တာလေ... အခု ဖုန်လိုင် ပြိုကျပျက်စီးသွားခဲ့ရတာဟာလည်း သူတို့ရဲ့ အတွေးအခေါ်တွေနဲ့ မပတ်သက်ဘူးလို့ ပြောလို့မရပါဘူး" ဟု ဆိုသည်။
မာကူက လေးနက်သော အသံဖြင့်
"ပင်လယ်ပြင်ပက နတ်ဘုရားကျွန်းတွေဟာ အားလုံးသာ ယင်ကျိုးလို စရိုက်မျိုး ရှိနေမယ်ဆိုရင်... တကယ်ကို စိတ်ပျက်စရာကောင်းလွန်းလိမ့်မယ်" ဟု ဆိုလိုက်သည်။
အစိမ်းရောင်ဝတ်ရုံဝတ်သူသည် သူမနှင့် ဆက်လက်ငြင်းခုံခြင်းမပြုတော့ဘဲ
"တာအိုမိတ်ဆွေရဲ့ ဝိညာဉ်ကြွင်းဟာ အခုထိ ကျန်ရှိနေသေးတာက တကယ်ကို အံ့ဩစရာကောင်းတယ်... ငါ့ကို ဟွမ်ယွမ်တူ ရဲ့ သဲလွန်စကို ပြောပြလို့ ရမလား"
ဟု ဆိုလိုက်သည်။
မာကူက မျက်လုံးအစုံဖြင့် သူ့ကို စိုက်ကြည့်လိုက်ရင်း
"ငါကတော့ ယင်ကျိုးဟာ ဖုန်လိုင်လိုပဲ ပြိုကျပျက်စီးသွားခဲ့ပြီလို့ ထင်နေတာ... ကောင်းကင်လူသားတွေ လူ့လောကကို သုတ်သင်ရှင်းလင်းစဉ်တုန်းက... ဘာဖြစ်လို့ မင်းတို့ယင်ကျိုးကိုပဲ လွှတ်ပေးခဲ့ရတာလဲ" ဟု မေးမြန်းလိုက်သည်။
အစိမ်းရောင်ဝတ်ရုံဝတ်သူက ခေါင်းခါယမ်းလိုက်ပြီး
"ယင်ကျိုးတင်မကပါဘူး... ဖန်းကျန့်လည်း ဘာမှမဖြစ်ခဲ့ဘူး... ကျိုဟွာကျွန်း စတဲ့ နေရာတွေလည်း ဘာမှမဖြစ်ခဲ့ပါဘူး" ဟု ဆိုသည်။
မာကူက
"ဒီလိုဆိုရင် ပင်လယ်ပြင်ပက ကျင့်ကြံခြင်းနယ်မြေတွေထဲမှာ ဖုန်လိုင်တစ်ခုတည်းပဲ ပြိုကျပျက်စီးသွားခဲ့တာပေါ့" ဟု မေးလိုက်သည်။
အစိမ်းရောင်ဝတ်ရုံဝတ်သူက "မှန်တယ်" ဟု ဆိုသည်။
မာကုက မေးသည်။ "ဒါ ဘာဖြစ်လို့လဲ"
"ကောင်းကင်လူသားတွေက ဘာဖြစ်လို့ နတ်ဘုရားနယ်မြေတွေထဲက မြေပြင်နတ်ဘုရားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီးတော့... မင်းတို့ကိုကျတော့ လွှတ်ပေးခဲ့ရတာလဲ"
အစိမ်းရောင်ဝတ်ရုံဝတ်သူက ခေါင်းခါယမ်းလိုက်ပြန်သည်။
မာကူက မျက်ခုံးပင့်လိုက်ရင်း
"မသိတာလား... ဒါမှမဟုတ် မပြောပြချင်တာလား" ဟု မေးလိုက်သည်။
အစိမ်းရောင်ဝတ်ရုံဝတ်သူက
"တာအိုမိတ်ဆွေမှာ ဝိညာဉ်ကြွင်းတစ်ခုပဲ ကျန်တော့တာမို့လို့... ငါ မင်းကို လိမ်ညာပြီး မပြောချင်ပါဘူး" ဟု ဆိုတော့သည်။
မာကူက လှောင်ပြုံးပြုံးလိုက်ရင်း
"ဟန်ဆောင်ပန်ဆောင်နဲ့... အတိတ်တုန်းကလည်း ငါ မင်းရဲ့ ဒီလိုမျက်နှာမျိုးကို ကြည့်မရခဲ့တာ... အခုထိလည်း ဒီလိုစရိုက်မျိုး ရှိနေတုန်းပဲ... တကယ်ကို စိတ်ပျက်စရာကောင်းတယ်"
အစိမ်းရောင်ဝတ်ရုံဝတ်သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေါင်းပေါ်မှ ဝတ်ရုံဦးထုပ်ကို ချွတ်လိုက်ရာ ခန့်ညားချောမောလှသော မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ ထက်မြက်လှသော မျက်ခုံး၊ ကြယ်တာရာကဲ့သို့ တောက်ပသော မျက်လုံးများနှင့် အလွန်တရာ အရှိန်အဝါ ရှိလှပေသည်။
"မာကူ... အတိတ်တုန်းကလည်း မင်း ငါ့ကို ဒီလိုပဲ မြင်ခဲ့တာ... ဒါပေမဲ့ ငါ ဘယ်တုန်းက မြည်တွန်းတောက်တီးဖူးလို့လဲ... ဒါ့အပြင် ဘယ်တုန်းကရော ရွှမ်ချိန် ကို တိုက်ခိုက်ဖူးလို့လဲ"
မာကူက လှောင်ပြုံးပြုံးလိုက်ရင်း
"နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီးတဲ့နောက်မှာ မင်းဟာ ခေါင်းမြီးခြုံပြီးပဲ နေတတ်တော့တယ်လို့ ငါ ထင်နေတာ... မင်း စိတ်ထဲမှာ ရွှမ်ချိန် ကို မှတ်မိနေသေးတာပဲပေါ့"
အစိမ်းရောင်ဝတ်ရုံဝတ်သူက အေးဆေးစွာ ဆိုသည်။
"ငါ သူ့ကို သဘောမကျတာဟာ... အတိတ်က ကိစ္စတွေကို အကုန်လုံး မေ့ပစ်လိုက်မယ်လို့ မဆိုလိုပါဘူး"
အတိတ်တုန်းက မာကူနတ်သမီး၊ ဤအစိမ်းရောင်ဝတ်ရုံဝတ်သူနှင့် ဖုန်လိုင်မှ နတ်ဘုရား ရွှမ်ချိန်တာအိုဆရာတို့သည် မိတ်ဆွေဟောင်းများ ဖြစ်ကြပြီး... အချင်းချင်းကြားတွင် ဇာတ်လမ်းပေါင်းများစွာ ဖြစ်ပျက်ခဲ့ဖူးပေသည်။
မာကူက အေးဆေးစွာ ဆိုသည်။
"ကောင်းစီလျန်... နင် အတိတ်က သံယောဇဉ်တွေကို သတိရနေသေးတယ်ဆိုရင်... အဲဒီတုန်းက အမှန်တရားကို ငါ့ကို ပြောပြပါ"
အစိမ်းရောင်ဝတ်ရုံဝတ်သူက ခေါင်းခါယမ်းဆဲ ဖြစ်ပြီး
"အမှန်တရားက ဘာလဲဆိုတာကော ဘာအရေးကြီးလို့လဲ" ဟု ဆိုသည်။
မာကူက ညင်သာစွာ ပြုံးလိုက်ရင်း
"အကယ်လို့ ငါက ဟွမ်ယွမ်တူရဲ့ သဲလွန်စနဲ့ လဲလှယ်မယ်ဆိုရင်ကော"
ဟု မေးလိုက်သည်။
အစိမ်းရောင်ဝတ်ရုံဝတ်သူက
"မင်း ငါ့ကို ဒီလိုပဲ မြင်တာလား... ငါ ဒီတစ်ခေါက် ရှန်ကျိုးမြေပြင်ပေါ်ကို ခြေချလာတာဟာ အမိန့်တော်အရ ဟွမ်ယွမ်တူကို လာရှာတယ်လို့ ထင်နေတာလား" ဟု ဆိုလိုက်သည်။
မာကူက "မဟုတ်ဘူးလား" ဟု ပြန်လည်မေးမြန်းလိုက်သည်။
အစိမ်းရောင်ဝတ်ရုံဝတ်သူက ခေါင်းခါယမ်းလိုက်ပြီး
"ငါ ဒီတစ်ခေါက် ရှန်ကျိုးမြေပြင်ပေါ်ကို ခြေချလာတာဟာ တခြားကိစ္စတစ်ခုကြောင့်ပဲ... အဲဒီကိစ္စကို မင်း မဖြေရှင်းနိုင်ဘူး... ဒါကြောင့် ငါတို့ချင်း လဲလှယ်လို့မရပါဘူး" ဟု ဆိုတော့သည်။
မာကူက သူ့ကို စိုက်ကြည့်လိုက်ရင်း ဝမ်းနည်းပူဆွေးစွာ ပြုံးလိုက်ကာ...
"ငါ အမှန်တရားတစ်ခုကို သိချင်တာတောင် ဒီလောက်တောင် ခက်ခဲရတာလား"
အစိမ်းရောင်ဝတ်ရုံဝတ်သူက ဖြည်းညှင်းစွာ ဆိုသည်။
"ငါ သိတာကလည်း အစိတ်အပိုင်းတစ်ခုပဲ... မင်းကို ပြောပြရင်လည်း သောကတွေ ပိုတိုးလာရုံပဲ ရှိလိမ့်မယ်"
"ဖုန်လိုင်လည်း ပြိုကျပျက်စီးသွားခဲ့ပြီ... မာကူတောင် နတ်ဘုရားနယ်မြေလည်း တစ်စစီ ပျက်စီးသွားခဲ့ပြီ... အခုအချိန်မှာ ဒါတွေကို မေးနေလို့ ဘာထူးမှာလဲ"
အမြဲတမ်း တည်ငြိမ်အေးချမ်းလှသော မာကူသည် ယခုအချိန်တွင်မူ မျက်လုံးအစုံ၌ ဒေါသစိတ်အချို့ ဖြစ်ပေါ်လာခဲ့ပြီး...
"ထွက်သွားစမ်း"
နောက်တစ်ခဏတွင်မူ မာကူ၏ ပုံရိပ်သည် ပျောက်ကွယ်သွားခဲ့ရပြီး သာမန် ကျောက်ဆစ်ရုပ်တုတစ်ခုအသွင် ပြန်လည်ပြောင်းလဲသွားခဲ့ရတော့သည်။
............
ဝေမြို့တော်၊ ချင်းယွန်းတာအိုကျောင်းတွင် ဖြစ်သည်။
ဤနေရာသည် စည်ကားသိုက်မြိုက်လှသော ပတ်ဝန်းကျင်တွင် တည်ရှိသော်လည်း အလွန်တရာ အေးချမ်းဆိတ်ငြိမ်လှပေသည်။
လီယန်ချူသည် လေမီးဖျာ ထက်တွင် ထိုင်နေခဲ့ပြီး ခါးတွင်မူ ထိုဖုန်လိုင်နတ်ကျောက်တုံး၊ စိတ်ကြည်လင်ကျောက်စိမ်းပြား စသည့် ရတနာလက်နက်အချို့ကို ဆွဲချိတ်ထားသဖြင့်...
တစ်ချက်မျှ လှုပ်ရှားလိုက်ရုံဖြင့် အလင်းပွင့်သော အခြေအနေအတွင်းသို့ ဝင်ရောက်သွားနိုင်ပြီး သဘာဝလွန်အတတ်ပညာများနှင့် ကျင့်စဉ်များကို ဖော်ထုတ်ရာတွင် ကြီးမားသော အကျိုးကျေးဇူးများ ရှိနေတော့သည်။
ကျွေ့ဟွာသည် ယခုအချိန်တွင် သူ၏ ဘေးခန်း၌ ကျင့်ကြံနေခဲ့ပြီး ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် ဝတ်ရုံရှည်ကြီးကို ဆင်မြန်းထားသည်။
ထိုဝတ်ရုံရှည်ကြီးသည် သူမ၏ အချိုးအစားကျလှပသော ခန္ဓာကိုယ်ကို ဖုံးကွယ်ထားနိုင်ခြင်းမရှိဘဲ အလွန်တရာ ဆန်းကြယ်လှသော အရှိန်အဝါများ ရှိနေတော့သည်။
၎င်းမှာကား ရှေ့တန်းတွင် လက်သီးဖြင့် ပြင်းထန်စွာ တိုက်ခိုက်တတ်သော စွမ်းအားကြီးလှသည့် မိန်းမပျိုတစ်ယောက် ဖြစ်သည်ဟု တွေးတောရန် ခက်ခဲလှပေသည်။ တစ်ချိန်တည်းမှာပင် သူမသည် အမြီးကို လှုပ်ခါတတ်ပြီး လက်မောင်းကို ပွေ့ပိုက်ကာ သခင်ကြီး ဟု ချွဲနွဲ့စွာ ခေါ်ဆိုတတ်သေးသည်။
ယခုအချိန်တွင် ကျွေ့ဟွာသည် နဂါးနတ်ဘုရားကျင့်စဉ်ကို အလွန်မြင့်မားသော အဆင့်သို့ ကျင့်ကြံထားနိုင်ခဲ့ချေပြီ။
တစ်ကိုယ်လုံးတွင် နဂါးအရှိန်အဝါများ ပြည့်နှက်နေပြီး အရှိန်အဝါမှာ သာမန်ထက် ထူးခြားလှပေသည်။
လီယန်ချူ၏ အလင်းပွင့်သော ကျင့်ကြံခြင်း နယ်ပယ်ကို အားကိုး၍ သူမ၏ ယခုလက်ရှိ နဂါးနတ်ဘုရားကျင့်စဉ်မှာ အလွန်တရာ ပြင်းထန်ထက်မြက်လှပြီး အရှိန်အဟုန်ဖြင့် တိုးတက်နေခဲ့ခြင်း ဖြစ်သည်။
လီယန်ချူသည် ယခုအခါ ကျင့်ကြံစဉ်အတွင်း၌ ထိုလျှို့ဝှက်ဆန်းကြယ်လှသော ဖုန်လိုင်နတ်ကျောက်ကျွန်းအတွင်းသို့ အကြိမ်ကြိမ် ဝင်ရောက်သွားခဲ့ပြီး နတ်ဘုရားလက်ဖက်ရည်များနှင့် နတ်ဘုရားသစ်သီးများကို ယူဆောင်ကာ အထဲတွင် ဆက်လက်ရှာဖွေနေခဲ့သည်။
သူသည် ဤနေရာသည် ရတနာလက်နက်တစ်ခု၏ အတွင်းပိုင်းနေရာ မဟုတ်ဘဲ အစစ်အမှန် ဖုန်လိုင်နတ်ကျောက်ကျွန်း ဖြစ်ကြောင်း ပိုမို၍ သေချာလာခဲ့ရချေပြီ။
သို့သော်လည်း ယခုကဲ့သို့ ဖြစ်လေလေ လီယန်ချူသည် ပိုမို၍ စူးစမ်းချင်စိတ် ပြင်းထန်လာလေလေ ဖြစ်ရသည်။
အကယ်၍ နောင်တွင် ပိုမိုမြင့်မားသော ကျင့်စဉ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ဝိညာဉ်အာရုံ ပိုမိုသန်မာလာခဲ့မည်ဆိုပါက အထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်နိုင်လိမ့်မည် ဖြစ်သည်။
ဤကိစ္စနှင့် ပတ်သက်၍ သူသည် အလောတကြီးမဖြစ်ဘဲ စိတ်အေးလက်အေးဖြင့် ဝါဂွမ်းတာအိုကျမ်းနှင့် သန့်စင်သောယန်ကျမ်းစာများကို ကျင့်ကြံနေခဲ့ပြီး နတ်ဆေးပင်များကို သောက်သုံးကာ အစွမ်းများကို တည်ငြိမ်စွာ မြှင့်တင်နေခဲ့သည်။
ထိုနေ့တွင်...
ကျင့်ကြံနေစဉ်အတွင်း လီယန်ချူသည် ရုတ်တရက် ပြင်းထန်လှသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သည်။
ချက်ချင်းပင် သူ၏ ပုံရိပ်သည် တာအိုကျောင်းအတွင်းမှ ပျောက်ကွယ်သွားခဲ့တော့သည်။
ဝေမြို့တော်၏ တောတောင်လျှိုမြောင်များကြားတွင် တိုးညင်းလှသော ဟိန်းဟောက်သံများ စိမ့်ထွက်နေခဲ့ပြီး အလွန်တရာ လေးလံထိုင်းမှိုင်းလှပေသည်။
လီယန်ချူသည် အရှိန်အဝါနောက်သို့ လိုက်လံရှာဖွေလာခဲ့ရာ တောအုပ်အတွင်းရှိ သစ်ပင်ပန်းမာန်များမှာ တုန်ခါနေခဲ့ပြီး ရူးသွပ်စွာ ကြီးထွားနေကာ အလွန်တရာ ဆန်းကြယ်ထူးဆန်းနေသည်ကို တွေ့လိုက်ရသဖြင့်...
"နယ်မြေပြင်ပမိစ္ဆာလား"
လီယန်ချူက မျက်ခုံးပင့်လိုက်မိသည်။
သူသည် ဝိညာဉ်အာရုံဖြင့် လိုက်လံစစ်ဆေးကြည့်လိုက်ရာ ထူးခြားလှသော နေရာတစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရသည်။
ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်၏ ဘေးနားတွင် ဟင်းလင်းပြင်ကြီးသည် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်နေခဲ့ပြီး အရှိန်အဝါများမှာ ဤနေရာမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ဤအရှိန်အဝါများကြောင့်ပင် ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမာန်များကို သက်ရောက်မှု ရှိစေခဲ့ခြင်း ဖြစ်သည်။
လီယန်ချူ၏ ဦးခေါင်းအထက်တွင် ရွှေရောင်ကြာပန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး ဖန်တီးခြင်းအတတ်ပညာကို လည်ပတ်လိုက်ရာ...
သစ်ပင်ပန်းမာန်များသည် တစ်ခဏအတွင်းမှာပင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး ယခုကဲ့သို့သော ညစ်ညမ်းမှုဘေးဒုက္ခမှ လွတ်မြောက်သွားခဲ့ရတော့သည်။
"ဒီအက်ကွဲကြောင်းရဲ့ နောက်ကွယ်က တကယ်ပဲ ဘယ်နေရာကို ဆက်သွယ်ထားတာလဲ"
လီယန်ချူက အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာခဲ့စဉ်တွင်မူ လူသားပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းမှာ အနက်ရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး ရင်သားထွားစွင့်ကာ တင်ပါးဆုံကောက်ကြောင်းလှပလှပြီး ခြေတံရှည်လျားကာ အရပ်မြင့်မားလှသော မိန်းမပျိုလေး ဖြစ်သည်။
ကျွေ့ဟွာက စူးစမ်းလိုစိတ်ဖြင့်
"ဒါက လူတစ်ယောက်ယောက်က တမင်လုပ်ထားတာလား... ဒါမှမဟုတ် သဘာဝအတိုင်း ပွင့်လာတာလား" ဟု မေးမြန်းလိုက်သည်။
လီယန်ချူက
"ဟင်းလင်းပြင်အတတ်ပညာရဲ့ အငွေ့အသက်ကို မခံစားရဘူး... သူ့ဘာသာသူ ပွင့်လာတာနဲ့ တူတယ်" ဟု ဆိုလိုက်သည်။
ကျွေ့ဟွာက နားစွင့်၍ နားထောင်လိုက်သည်။ သူမတွင် မွေးရာပါ သဘာဝလွန်အတတ်ပညာ ရှိနေသဖြင့် ယခုကဲ့သို့ နားထောင်လိုက်သည်နှင့်တစ်ပြိုင်နက် မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ရပြီး...
"နဂါးဟိန်းသံ ရှိနေတယ်... အထဲမှာ နဂါးအစစ် ရှိနေပုံရတယ်... ဒါမှမဟုတ် အဲဒီအရာနဲ့ ပတ်သက်နေတာ ဖြစ်ရမယ်"
နဂါးအစစ်မှာ အလွန်တရာ ပြင်းထန်ထက်မြက်လှသဖြင့် ၎င်းနှင့် ပတ်သက်နေသော အရာမှာလည်း သေချာပေါက် ထူးခြားလှသော ရတနာတစ်ခု ဖြစ်ရပါမည်။
လီယန်ချူက ခဏမျှ တွေးတောလိုက်ပြီး
"အထဲကို ဝင်ကြည့်မလား" ဟု ဆိုလိုက်သည်။
ကျွေ့ဟွာက ချက်ချင်းပင် ခေါင်းညိတ်လိုက်ရင်း
"ကောင်းတာပေါ့... ကောင်းတာပေါ့" ဟု ဆိုတော့သည်။
ရှူးခနဲ...
ကောင်းကင်ယံမှ ရွှေရောင်အလင်းတန်းတစ်ခု ပျံသန်းလာခဲ့ပြီး အရှိန်အဝါမှာ ပြင်းထန်လှပေသည်။ ၎င်းမှာကား တာအိုကျောင်းအတွင်း၌ ကျင့်ကြံနေခဲ့သော ရွှေကျီးကန်းလေး ပင် ဖြစ်သည်။
ရွှေကျီးကန်းလေး၏ မျက်လုံးအစုံမှာ ကြည်လင်နေပြီး လီယန်ချူနှင့် ကျွေ့ဟွာတို့ကို ကြောင်တောင်တောင်နှင့် ကြည့်နေခဲ့သည်။
ကျွေ့ဟွာက လူကြီးလူကောင်းဆန်ဆန် အမူအရာဖြင့်
"ဒီကောင်ကလည်း တကယ့်ကို အငြိမ်မနေနိုင်ဘူးပဲ" ဟု ဆိုလိုက်သည်။
နင် ကိုယ်တိုင်လည်း အဲဒီလိုပဲ မဟုတ်ဘူးလား... လီယန်ချူက လက်ကို ဝှေ့ယမ်းလိုက်ရင်း
"ဒါဆိုရင်လည်း အတူတူ သွားကြတာပေါ့" ဟု ဆိုလိုက်သည်။
သူသည် စိမ်းပြာဓားသန္ဓေ ခရုခွံကို ထုတ်ဖော်လိုက်ပြီး အမှတ်အသားတစ်ခု ချန်ထားလိုက်သည်။
ဤသို့ပြုလုပ်ခြင်းဖြင့် အကယ်၍ ဤအက်ကွဲကြောင်းကြီး ပျောက်ကွယ်သွားခဲ့ရလျှင်ပင် ဤကိုဩဒိနိတ်အမှတ်အသားကို အားကိုး၍ လူ့လောကသို့ ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်သည်။
"ကဲ... သွားကြစို့"
စကားဆုံးသည်နှင့်အမျှ သူ၏ ပုံရိပ်သည် တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့ရတော့သည်။
ကျွေ့ဟွာနှင့် ရွှေကျီးကန်းလေးတို့သည်လည်း သူ၏ နောက်ကွယ်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြတော့သည်။
အထဲသို့ ရုတ်တရက် ဝင်ရောက်သွားခဲ့ချိန်တွင် လီယန်ချူသည် တစ်ခဏအတွင်းမှာပင် နတ်ဘုရားကျင့်စဉ်လမ်း၏ ဖိအားကို ခံစားလိုက်ရပြီး အလွန်တရာ လေးလံလှပေသည်။
၎င်းမှာ လည်ပတ်ရာတွင် အနည်းငယ် ထိုင်းမှိုင်းနေသော်လည်း အလွန်တရာ သဲကွဲလှပေသည်။
"စိတ်ဝင်စားဖို့ကောင်းတယ်... နယ်မြေပြင်ပမိစ္ဆာတွေ ကျန်ရစ်ခဲ့တဲ့ နေရာအများစုဟာ တစ်စစီ ပြိုကျပျက်စီးသွားခဲ့ရတာချည်းပဲ"
"ဒီနေရာမှာတော့ အခုထိ ကျင့်စဉ်အဆင့်ကို ဖိနှိပ်ထားနိုင်တဲ့ အရှိန်ဝါ ရှိနေသေးတာပဲ"
လီယန်ချူက အဝေးသို့ မျှော်ကြည့်လိုက်ရာ ပျက်စီးယိုယွင်းနေသော အုတ်ရိုးဟောင်းပေါင်းများစွာကို မြင်တွေ့လိုက်ရပြီး ခြောက်သွေ့ပျက်စီးနေကာ အလွန်တရာ ဟောင်းနွမ်းလှသော အရှိန်အဝါများကို ပေးစွမ်းနေတော့သည်။
"နတ်ဘုရားနယ်မြေတစ်ခုနဲ့ အနည်းငယ် တူပေမယ့်... ဘယ်နေရာလဲဆိုတာတော့ မသိဘူး"
လီယန်ချူက စိတ်ထဲမှ တွေးလိုက်မိသည်။
အနက်ရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး အသားအရေ ဖြူဖွေးဝင်းပလှသော ကျွေ့ဟွာသည် လီယန်ချူ၏ ဘေးနားတွင် အတူ လျှောက်လှမ်းနေခဲ့သည်။
ရွှေကျီးကန်းလေးကမူ ဘေးပတ်ဝန်းကျင်၌ ပျံသန်းနေခဲ့သည်။
ဤအတွဲအစပ်မှာ အလွန်တရာ မျက်စိကျစရာကောင်းလှပေသည်။ ခန့်ညားလှသော လူငယ်၊ လှပလှသော မိန်းမပျိုနှင့် ရှေးဟောင်းနတ်ငှက်ကလေး တို့ပင် ဖြစ်သည်။
သိပ်မဝေးလှသော နေရာသို့ လျှောက်လှမ်းလာခဲ့ပြီးနောက် လီယန်ချူသည် နတ်ဘုရားအလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်ကို မြင်တွေ့လိုက်ရပြီး မြည်ဟိန်းသံများ ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။
၎င်းမှာကား ဆည်းလည်း တစ်ခု ဖြစ်သည်။
၎င်း၏ အထက်တွင် တောင်တန်းများ၊ ပန်းမာန်များနှင့် ငှက်၊ သားရဲ၊ ငါး၊ ပုရွက်ဆိတ် စသည့် အစီရင်များ ထုဆစ်ထားပြီး ရတနာအလင်းတန်းများ လင်းလက်နေတော့သည်။
လီယန်ချူက မျက်ခုံးပင့်လိုက်မိသည်။ ၎င်းမှာ အလွန်တရာ ထူးခြားလှသော ရတနာလက်နက်တစ်ခု ဖြစ်နေသောကြောင့်ပင်။
ကျွေ့ဟွာက အံ့ဩတုန်လှုပ်စွာဖြင့်
"ဒါ ဘယ်လိုနေရာမျိုးလဲ... ရောက်ရောက်ချင်းမှာတင် ရတနာကို မြင်တွေ့ရတယ်ပေါ့" ဟု ဆိုလိုက်သည်။
သူမသည် ခြေလှမ်းများကို လျင်မြန်စွာ ရွှေ့ပြောင်းရင်း ရှေ့သို့ ပြေးထွက်သွားခဲ့ပြီး တစ်ခဏအတွင်းမှာပင် ထိုဆည်းလည်း၏ ရှေ့မှောက်သို့ ရောက်ရှိသွားတော့သည်။
ဆည်းလည်း၏ အထက်မှ နတ်ဘုရားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
နောက်တစ်ခဏတွင်မူ ဂျိန်းဂျိန်းဂျင်ဂျင်နှင့် မြည်သံများ ထွက်ပေါ်လာခဲ့ပြီး ဝိညာဉ်ကိုပင် တုန်ခါသွားစေနိုင်သော စွမ်းပကား ရှိနေတော့သည်။
ကျွေ့ဟွာသည် ဘာမှမဖြစ်သကဲ့သို့ လက်ကို ဆန့်ထုတ်၍ ဖမ်းဆီးရန် ကြိုးစားလိုက်သော်လည်း...
ထိုဆည်းလည်းသည် လင်းလက်လှသော အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံသို့ ပျံသန်းထွက်ပြေးသွားတော့သည်။
ရွှေကျီးကန်းလေးက အတောင်ပံများကို ဖြန့်ကျက်လိုက်ပြီး ထိုဆည်းလည်းကို လိုက်လံဖမ်းဆီးလိုက်ကာ လီယန်ချူ၏ ဘေးနားသို့ ရောက်ရှိလာခဲ့သဖြင့်...
ကျွေ့ဟွာသည် တစ်ခဏအတွင်း မကျေမနပ် ဖြစ်သွားခဲ့ရရှာသည်။
သူမသည် ပိုမို၍ သတိပြုမိလာခဲ့ရသည်မှာကား ရွှေကျီးကန်းလေးသည် မျက်လုံးအစုံ ကြည်လင်နေသော်လည်း လက်ပါရမည့် အချိန်တွင်မူ ဘာမှ ချန်ထားခဲ့ခြင်းမရှိဘဲ အလျင်အမြန် ပြုလုပ်တတ်ခြင်းပင် ဖြစ်သည်။
လီယန်ချူက ပြုံး၍ ရွှေကျီးကန်းလေး၏ ခေါင်းကို ပုတ်ပေးလိုက်ရင်း
"မဆိုးဘူး... တကယ်ကို အစွမ်းထက်တယ်" ဟု ဆိုလိုက်သည်။
ရွှေကျီးကန်းလေးက သာယာနာပျော်ဖွယ်ကောင်းသော အော်ဟစ်သံလေး ထွက်ပေါ်စေလိုက်ပြီး လီယန်ချူ၏ လက်ဖဝါးအလယ်ကို ညင်သာစွာ ပွတ်သပ်နေခဲ့တော့သည်။
အခန်း (၁၀၉၄) ဆန်းကြယ်လှသော မိန်းမပျိုလေး
ထိုစဉ် အဝေးတစ်နေရာမှ နတ်ဘုရားအလင်းတန်းတစ်ခုသည် နိုးထလာခဲ့ပြီး ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
ဝေဝါးလှသော အလင်းတန်းထဲတွင် ဓားကျိုးတစ်စင်း ဖြစ်ကြောင်း သဲသဲကွဲကွဲ မြင်တွေ့လိုက်ရပေသည်။
ဤဓားကျိုးသည် ခုနက ဆည်းလည်းထက်ပင် ပိုမို၍ အစွမ်းထက်ပြီး ကြံ့ခိုင်လွန်းလှသည်။
၎င်းသည် ထိုနေရာတွင် ငြိမ်သက်စွာ မျောလွင့်နေသော်လည်း ၎င်း၏အထက်မှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါကိုမူ အတိုင်းသား ခံစားနေရဆဲပင် ဖြစ်သည်။
ရှူးခနဲ...
ရွှေကျီးကန်းလေးသည် လင်းလက်လှသော အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး အရှိန်အဝါဖြင့် ရှေ့သို့ တိုးဝင်သွားကာ ထိုဓားကျိုးကို ဝုန်းခနဲ ပြန်လည်ဖမ်းဆီး ဆွဲခေါ်လာခဲ့တော့သည်။
ဓားကျိုးသည် တုန်ခါ၍ မြည်ဟိန်းနေခဲ့သော်လည်း ရွှေကျီးကန်းလေး၏ ကျစ်လစ်လှသော ဖမ်းဆီးချုပ်ကိုင်မှုကိုမူ ရုန်းကန်နိုင်ခြင်းမရှိပါချေ။
ရွှေကျီးကန်းလေးသည် သာယာနာပျော်ဖွယ်ကောင်းသော အော်ဟစ်သံလေး ထွက်ပေါ်စေလိုက်သည်။
"..............."
ကျွေ့ဟွာက မင်သက်မိသွားပြီး အံ့ဩတုန်လှုပ်စွာဖြင့်...
"ရွှေကျီးကန်းမှာ ဒီလိုမျိုး သဘာဝလွန်အတတ်ပညာ ရှိနေတာလား" ဟု တွေးတောလိုက်မိသည်။
ဒါက အချစ်ကို လုယူတာလား။
သို့သော်လည်း သူမသည် သူမ၏ အချိုးအစားကျလှပပြီး ထွားစွင့်လှသော ရင်သားအစုံကို ငုံ့ကြည့်လိုက်ရင်း...
"ထားလိုက်ပါတော့... သူ့ကို ငါ ဘာဖြစ်လို့ စိတ်ဆိုးနေရမှာလဲ"
"သူက ကိုယ်လုံးကိုယ်ပေါက် ထွားစွင့်ပြီး တင်ပါးဆုံကောက်ကြောင်း လှပတဲ့ အလှပဂေးလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားနိုင်လို့လား" ဟု တွေးလိုက်ပြန်သည်။
ရွှေကျီးကန်းလေး၏ ကျား၊ မ မည်သူမည်ဝါ ဖြစ်သည်ကို မသိရသော်လည်း ဤမျှ ကြည်လင်လှသော မျက်လုံးအစုံဖြင့်မူ လှပချောမောလှသော မိန်းမပျိုတစ်ယောက်နှင့် ဆက်စပ်တွေးတောရန် ခက်ခဲလှပေသည်။
"ချိခနဲ..."
ရုတ်တရက် ကောင်းကင်ယံမှ ဖြူဖွေးလှသော အလင်းတန်းတစ်ခုသည် ပြင်းထန်စွာ ဝှေ့ယမ်းလာခဲ့ပြီး ၎င်းမှာ အလွန်တရာ ထက်မြက်လှသော ဓားအလင်းတန်းတစ်ခု ဖြစ်ပေသည်။ ၎င်း၏အထက်တွင် ခြောက်လှန့်ဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များကို ခံစားလိုက်ရသည်။
လီယန်ချူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီး ထိုဓားအလင်းတန်းကို တစ်ခဏအတွင်းမှာပင် ရိုက်ခွဲပစ်လိုက်ရာ သိပ်မဝေးလှသော နေရာမှ အေးစက်လှသော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
လီယန်ချူသည် အဝေးသို့ မျှော်ကြည့်လိုက်ရာ အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး ဦးခေါင်းတွင် သံကွင်းတစ်ခု စွပ်ထားကာ ခြေဗလာဖြင့် လက်ထဲတွင် ရှေးဟောင်းဓားတစ်စင်းကို ကိုင်ဆောင်ထားသော အဘိုးအိုတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။
ထိုအဘိုးအို၏ မျက်နှာတွင် အံ့ဩတုန်လှုပ်သွားသော အမူအရာ ဖြစ်ပေါ်သွားခဲ့ရပေသည်။ မိမိ၏ ခုနက ဓားချက်ကို ဤငယ်ရွယ်လှသော တာအိုဆရာလေးက လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်ခွဲပစ်လိုက်လိမ့်မည်ဟု မထင်မှတ်ထားသောကြောင့်ပင်။
သို့သော်လည်း စကားပြောရန် အချိန်မရလိုက်ဘဲ နောက်တစ်ခဏတွင်မူ ရွှေကျီးကန်းတစ်ကောင်သည် ထိုဓားကျိုးကို ဖမ်းဆီးချုပ်ကိုင်ရင်း မိမိဆီသို့ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လာသည်ကို မြင်တွေ့လိုက်ရတော့သည်။
ဓားကျိုးသည် အလွန်တရာ ထက်မြက်လှသဖြင့် လူကို ကြောက်ရွံ့ထိတ်လန့်စေကာ ထိပ်တန်းအဆင့် ရတနာလက်နက်တစ်ခု ဖြစ်ပေသည်။
ဦးခေါင်းတွင် သံကွင်းစွပ်ထားသော အဖြူရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ထက်မြက်လှသော ဓားအလင်းတန်းတစ်ခုကို ထပ်မံထုတ်ဖော်၍ အလျင်အမြန်ပင် ပြန်လည်ခုခံလိုက်ပြီး...
"ဂျိန်း..."
ဓားကျိုးသည် နတ်ဘုရားအစွမ်းများကို ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီး ထိုဓားအလင်းတန်းနှင့် ပြင်းထန်စွာ တိုက်မိသွားတော့သည်။
ရွှေကျီးကန်းလေးသည် အတောင်ပံများကို ဖြန့်ကျက်လိုက်ရာ ထက်မြက်လှသော ဓားအလင်းတန်းနှစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ လွင့်ပျံလာခဲ့သည်။
အဖြူရောင်ဝတ်ရုံဝတ် အဘိုးအိုသည် အဝေးသို့ အလျင်အမြန် ရှောင်တိမ်းသွားခဲ့ရပြီး ဓားအလင်းတန်းသည် မြေပြင်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းကြီးကို ဖြစ်ပေါ်စေခဲ့တော့သည်။
ယခုကဲ့သို့ အခြေအနေကြောင့် ထိုအဖြူရောင်ဝတ်ရုံဝတ် အဘိုးအိုတင်မကပါဘဲ လီယန်ချူနှင့် ကျွေ့ဟွာတို့ပါ စိတ်လှုပ်ရှားသွားခဲ့ရပေသည်။
ကျွေ့ဟွာက အနည်းငယ် မင်သက်မိသွားပြီး ရွှေကျီးကန်းလေးသည် အမှန်တကယ်ပင် ဘာတွေ ပြုလုပ်လိုက်တာလဲဟု တွေးတောမိကာ...
"စောစောစီးစီး ဝိညာဉ်အာရုံ အမှတ်အသားကို ချန်ထားခဲ့တာက ဒီလောက်တောင် အကျိုးကျေးဇူး ရှိနေတာလား" ဟု ကျွေ့ဟွာက အနည်းငယ် နားမလည်နိုင်ဘဲ ရှိနေတော့သည်။
"ရွှေကျီးကန်းက ရှေးဟောင်းနတ်ငှက်တစ်ကောင် ဖြစ်ပေမဲ့လည်း ယခုလိုမျိုး အရှိန်အဟုန် ရှိမနေသင့်ဘူး... ဒါက ကျင့်ကြံနေတာနဲ့မတူဘဲ အစွမ်းတွေကို ပြန်လည်ရရှိလာတာနဲ့ ပိုတူတယ်" ဟု လီယန်ချူက တွေးတောမြော်မြင်လိုက်သည်။
ဓားကို ကိုင်ဆောင်ထားသော အဘိုးအို၏ ဓားအရှိန်အဝါမှာ အလွန်တရာ ပြင်းထန်ထက်မြက်လှပြီး လက်ထဲမှ ထိုရှေးဟောင်းဓားကို ဝှေ့ယမ်းကာ မြေပြင်ကို အဆက်မပြတ် ဖြတ်တောက်နေခဲ့သည်။
ရွှေကျီးကန်းလေးသည် သူနှင့် ပြင်းထန်စွာ တိုက်ခိုက်နေခဲ့ပြီး ဓားကျိုးသည်လည်း အေးစက်လှသော အလင်းတန်းများကို ဖြစ်ပေါ်စေခဲ့ရာ မထင်မှတ်ဘဲ ရွှေကျီးကန်းလေးက အသာစီး ရရှိနေခဲ့ချေပြီ။
အဘိုးအိုသည် တိုက်ခိုက်လေလေ ပိုမို၍ ထိတ်လန့်တုန်လှုပ်လေလေ ဖြစ်ရပြီး ဘေးနားတွင်လည်း ၎င်းတို့၏ အစွမ်းအတိမ်အနက်ကို ခန့်မှန်းရခက်လှသော ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ရှိနေသေးသည်။
"ဘယ်ကနေ ဒီလိုမျိုး အစွမ်းထက်တဲ့ အဆင့်မြင့်ပညာရှင်တွေ ပေါ်လာတာလဲ"
သူ၏ စိတ်ထဲတွင် ဆုတ်ခွာလိုစိတ် ဖြစ်ပေါ်လာခဲ့ပြီး ရှေးဟောင်းဓားကို တုနှိုင်းမဲ့ အရှိန်အဝါဖြင့် မောင်းနှင်ကာ လင်းလက်လှသော အလင်းတန်းတစ်ခုအသွင်ဖြင့် ကောင်းကင်ယံသို့ အလျင်အမြန် ထွက်ပြေးတိမ်းရှောင်သွားတော့သည်။
"ဂျိန်း..."
ရွှေကျီးကန်းလေးသည် အတောင်ပံများကို ဖြန့်ကျက်လိုက်ရာ ကောင်းကင်ယံထက်တွင် ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး တစ်ခဏအတွင်းမှာပင် ကောင်းကင်ယံတစ်ခုလုံး သွေးချင်းချင်းနီသွားခဲ့ရတော့သည်။
အဘိုးအိုသည် ခါးကနေ နှစ်ပိုင်း ပြတ်သွားခဲ့ရပြီး ချက်ချင်းပင် အသက်ပျောက်သွားခဲ့ချေပြီ။
ရှူးခနဲ...
ရွှေကျီးကန်းလေးသည် လင်းလက်လှသော အလင်းတန်းတစ်ခုအသွင်ဖြင့် လီယန်ချူ၏ ဘေးနားသို့ ပျံသန်းရောက်ရှိလာခဲ့ပြီး ထိုဓားကျိုးနှင့် အဘိုးအို၏ ရှေးဟောင်းဓားကို ယူဆောင်လာခဲ့သည်။
"ကောင်းတယ်... တကယ်ကို တော်တယ်"
လီယန်ချူက ရွှေကျီးကန်းလေး၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
ရွှေကျီးကန်းလေးသည် ယခုအချိန်တွင် နေမင်းစစ်မှန်သောမီးတောက်များ ဝန်းရံထားပြီး ဓားတစ်စင်းနှင့် ဓားကျိုးတစ်စင်းကို မောင်းနှင်နေသည်မှာ အလွန်တရာ ခန့်ညားပြီး ထူးခြားလှပေသည်။
"ဒီကောင်က အခုတော့ ဒီလောက်တောင် ရက်စက်ကြမ်းကြုတ်သွားတာလား"
"ခုနက အဘိုးအိုရဲ့ ဓားအရှိန်အဝါက သာမန်ထက် ထူးခြားလှတာကိုတောင် သူ့လက်ထဲမှာ အသတ်ခံလိုက်ရတယ်ပေါ့"
ကျွေ့ဟွာက မျက်လုံးကို ပွတ်သပ်ရင်း ရေရွတ်လိုက်မိသည်။
ထိုအချိန်တွင် အဘိုးအို၏ ရုပ်အလောင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး ဇီဝိန်ချုပ်ငြိမ်းသွားခဲ့ချေပြီ။
ရုတ်တရက်...
ကျွေ့ဟွာသည် ဝေဝါးလှသော လူသားပုံရိပ်တစ်ခု ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရပြီး ၎င်းမှာကား ခုနက အသတ်ခံလိုက်ရသော အဘိုးအိုပင် ဖြစ်သည်။
မြေပြင်ပေါ်ရှိ ထိုရုပ်အလောင်းသည် ယခုအခါ သုံးလက်မအရွယ် စုန်းကဝေဓားငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ၎င်းမှာ သစ်သားဖြင့် ထုဆစ်ထားခြင်း ဖြစ်ပေသည်။
"ရတနာကို လုယူရုံတင်ပဲဟာကို... မင်းတို့က တကယ်ပဲ သတ်ဖြတ်လိုစိတ် ရှိနေတာပဲ" ဟု အဘိုးအိုက မုန်းတီးလှသော လေသံဖြင့် ဆိုလိုက်သည်။
သူသည် အစစ်အမှန်ကိုယ်ခန္ဓာဖြင့် ဤနေရာသို့ လာရောက်ခဲ့ခြင်းမဟုတ်ဘဲ ခန္ဓာခွဲတစ်ခုတည်းဖြင့်ပင် ယခုကဲ့သို့သော ကျင့်စဉ်နယ်ပယ် ရှိနေခြင်း ဖြစ်သည်။
လီယန်ချူက လှောင်ပြုံးပြုံးလိုက်ရင်း...
"ခုနက မင်းရဲ့ ဓားချက်က ငါ့ရဲ့ အသက်ကို ယူဖို့ မဟုတ်ဘူးလား" ဟု ဆိုလိုက်သည်။
အဖြူရောင်ဝတ်ရုံဝတ် အဘိုးအို၏ မျက်လုံးအစုံမှာ အလွန်တရာ ထက်မြက်လှပြီး...
"မင်းဆီမှာ ဒီရှေးဟောင်းနတ်ငှက် ရှိနေပေမဲ့လည်း... ငါ မင်းကို ရှာတွေ့တဲ့နေ့ကျရင်တော့ သေချာပေါက် မင်းရဲ့ ကျောရိုးကို ထုတ်ပြီး ဓားအဖြစ် သွေးပစ်မယ်" ဟု အော်ဟစ်လိုက်တော့သည်။
လီယန်ချူက ထိုအဖြူရောင်ဝတ်ရုံဝတ် အဘိုးအိုကို လက်ညှိုးထိုးပြလိုက်ရင်း ကျွေ့ဟွာအား...
"ဒီလိုလူမျိုးကို အာချောင်တဲ့လူလို့ ခေါ်တယ်" ဟု ဆိုလိုက်သည်။
ကျွေ့ဟွာသည် အစောပိုင်းက ထိုအဘိုးအို၏ စကားကြောင့် အနည်းငယ် ဒေါသထွက်နေခဲ့သော်လည်း ဤစကားကို ကြားလိုက်ရသောအခါ တစ်ခဏအတွင်းမှာပင် တဟားဟား အော်ဟစ်ရယ်မောလိုက်တော့သည်။
ရှူးခနဲ...
လီယန်ချူသည် ဝတ်ရုံလက်အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့ပြီး...
ထိုအဘိုးအို၏ ဝိညာဉ်အာရုံတစ်ခုကို တိုက်ရိုက်ပင် ရိုက်ခွဲဖျက်ဆီးပစ်လိုက်တော့သည်။
............
နောက်ကမ္ဘာဦးကမ္ဘာ၊ ဖုန်ယင်တောင်တွင် ဖြစ်သည်။
ထိုနေရာတွင် ကျင့်ကြံသူအများအပြားသည် ဓားကို စီးနင်း၍ ပျံသန်းနေကြပြီး သို့မဟုတ် ရတနာလက်နက်များကို မောင်းနှင်နေကြသဖြင့် အလွန်တရာ နတ်ဘုရားဆန်လှပေသည်။
ဤနေရာကား ထိုက်ရွှမ်နတ်ကျောင်းတော်၏ ဂိုဏ်းချုပ်အခြေစိုက်ရာ နယ်မြေ ဖြစ်သည်။
ထိုနေရာရှိ ရှေးဟောင်းဂူဗိမာန်တစ်ခုအတွင်းမှ ဦးခေါင်းတွင် သံကွင်းစွပ်ထားပြီး အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားသော အဘိုးအိုတစ်ယောက်သည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်မိပြီး မျက်နှာမှာ အလွန်တရာ ညိုမှောင်နေခဲ့ကာ...
"တောက်...ငလူးမကောင်"
"အဲဒီနယ်မြေပြင်ပက တာအိုဆရာက ငါ့ရဲ့ခန္ဓာခွဲကို သတ်ရုံတင်မကဘူး... ငါ့ကိုပါ လှောင်ပြောင် သရော်သွားသေးတယ်"
အဖြူရောင်ဝတ်ရုံဝတ် အဘိုးအိုသည် မတ်တပ်ရပ်လိုက်ပြီး ထိုရွှေလင်နတ်ဘုရားနယ်မြေသို့ သွားရောက်ရန် ပြင်ဆင်တော့သည်။
ရှူးခနဲ...
ပြင်ပဘက်မှ လင်းလက်လှသော အလင်းတန်းတစ်ခု ပျံသန်းလာခဲ့ပြီး ၎င်းမှာ အခြားအဘိုးအိုတစ်ဦး ဖြစ်ကာ မျက်နှာမှာ အလွန်တရာ တည်ကြည်ခိုင်မာလှပေသည်။
"တာအိုမိတ်ဆွေ... ဘာကိစ္စရှိလို့ ဒီလောက်တောင် ဒေါသထွက်ပြီး ဂူအောင်းရာကနေ ထွက်လာရတာလဲ" ဟု ထိုအဘိုးအိုက ပြုံး၍ မေးမြန်းလိုက်သည်။
အဖြူရောင်ဝတ်ရုံဝတ် အဘိုးအို၏ မျက်နှာမှာ အေးစက်လှပြီး...
"ကျင့်ကြံသူတစ်ယောက်က ရွှေလင်နတ်ဘုရားနယ်မြေထဲမှာ ငါ့ရဲ့ခန္ဓာခွဲကို သတ်ပစ်လိုက်တယ်... ငါ သူ့ရဲ့ ကျောရိုးကို ထုတ်ပြီး ဓားအဖြစ် သွေးပစ်မယ်" ဟု ဆိုလိုက်သည်။
ထိုတည်ကြည်လှသော မျက်နှာရှိသည့် အဘိုးအိုက မျက်ခုံးကို ညင်သာစွာ ပင့်လိုက်ရင်း...
"ရွှေလင်နတ်ဘုရားနယ်မြေထဲမှာ ဘာဖြစ်လို့ နယ်မြေပြင်ပကလူ ရှိနေရတာလဲ" ဟု တွေးတောလိုက်မိသည်။
ဤအဖြူရောင်ဝတ်ရုံဝတ် အဘိုးအို ချီကျန့်နတ်ဘုရားက လူသတ်ပြီး ဓားသွေးမည့် ကိစ္စကိုမူ သူက စိတ်ထဲမထားပါချေ။
ချီကျန့်နတ်ဘုရားက အေးဆေးစွာ ဆိုသည်။
"မင်း ငါ့ကို လာရှာတာ ဒီကိစ္စအတွက် မဟုတ်ဘူးမလား"
သူ့ရှေ့မှောက်ရှိ ဤတည်ကြည်လှသော မျက်နှာနှင့် အဘိုးအိုကို ဖုန်မိုးအရှင် ဟု ခေါ်တွင်ပြီး ထိုက်ရွှမ်နတ်ကျောင်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်ကာ မိမိနှင့် အဆင့်အတန်း တူညီလှပေသည်။
ဖုန်မိုးအရှင်က ပြုံး၍ ဆိုလိုက်သည်။
"မှန်တယ်... ဒီတစ်ခေါက် လာရောက်လည်ပတ်ရတာက တာအိုမိတ်ဆွေဆီကနေ အရာတစ်ခုကို လာချေးမလို့ပါ"
ချီကျန့်နတ်ဘုရားက လေးနက်သော အသံဖြင့်...
"ယုဟွမ်ဆေးလုံး လား" ဟု မေးမြန်းလိုက်သည်။
"မှန်တာပေါ့" ဖုန်မိုးအရှင်က ပြုံး၍ ဆိုသည်။
"တာအိုမိတ်ဆွေက တကယ့်ကို အမြော်အမြင် ကြီးမားလှတာပဲ"
ချီကျန့်နတ်ဘုရားက အေးစက်စွာ ဆိုသည်။
"ယုဟွမ်ဆေးလုံးကိုတောင် မင်းက လာတောင်းရဲတယ်ပေါ့... ဒါက ကျင့်စဉ်အဆင့် တိုးတက်ဖို့အတွက် သုံးရမယ့်အရာပဲ... ငါကိုယ်တိုင်တောင် သုံးဖို့ နှမြောနေတာ"
ဖုန်မိုးအရှင်က ပြုံး၍ ဆိုပြန်သည်။
"တာအိုမိတ်ဆွေရဲ့ ဆေးလုံးကို လာတောင်းတာ မဟုတ်ပါဘူး... ငါ လိုချင်တာက ရှဲ့နင်း ရဲ့ ဆေးလုံးပါ"
ချီကျန့်နတ်ဘုရား၏ မျက်လုံးအစုံမှာ အလွန်တရာ ထက်မြက်လှပြီး...
"ရှဲ့နင်းက ယွမ်မုန့်ကျောက်ထဲမှာ သေဆုံးသွားခဲ့တာပဲ... ယုဟွမ်ဆေးလုံးက သဘာဝအတိုင်း သူ့ရဲ့ကိုယ်ပေါ်မှာ ရှိနေမှာပေါ့... ဘာဖြစ်လို့ ငါ့ဆီမှာ ရှိနေရမှာလဲ" ဟု ဆိုလိုက်သည်။
ရှဲ့နင်း ဆိုသည်မှာကား လီယန်ချူ ယခင်က တွေ့ဆုံခဲ့ဖူးသော မျက်ခုံးနီလူငယ် ပင် ဖြစ်ပေသည်။
ဖုန်မိုးအရှင်က ဆိုသည်။
"ငါ တခြားအရာတစ်ခုနဲ့ လဲလှယ်နိုင်ပါတယ်... တာအိုမိတ်ဆွေသာ ယုဟွမ်ဆေးလုံးကို ပေးမယ်ဆိုရင်ပေါ့"
ချီကျန့်နတ်ဘုရားက ခေါင်းကို ခါယမ်းလိုက်ရင်း...
"ရှဲ့နင်းရဲ့ အဲဒီဆေးလုံးက ငါ့ဆီမှာ မရှိဘူး... ငါ့ရဲ့ ဒီယုဟွမ်ဆေးလုံးကလည်း ငါကိုယ်တိုင် သုံးဖို့တောင် မလောက်ဘူး... ဒီကိစ္စကို ထပ်မပြောနဲ့တော့" ဟု ဆိုတော့သည်။
စကားဆုံးသည်နှင့်အမျှ သူသည် ဓားအလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံသို့ ပျောက်ကွယ်သွားခဲ့တော့သည်။
ဖုန်မိုးအရှင်သည် သူ၏ ကျောပြင်ကို စိုက်ကြည့်လိုက်ရင်း တိတ်ဆိတ်စွာ ရှိနေခဲ့စဉ်တွင်...
မိန်းမပျို တပည့်တစ်ယောက်သည် သူ၏ ဘေးနားသို့ ရောက်ရှိလာခဲ့သည်။
"ငါ စောစောကတည်းက ပြောသားပဲ... ဒီလူက အလွန်တရာ လောဘကြီးလွန်းတယ်... တပည့်ဖြစ်သူရဲ့ ယုဟွမ်ဆေးလုံးကိုတောင် ချန်ထားချင်တာ... ဘယ်လိုလုပ်ပြီး လဲလှယ်ပေးမှာလဲ"
ဖုန်မိုးအရှင်က ဖြည်းညှင်းစွာ ဆိုသည်။
"ငါက ဂိုဏ်းတူမိတ်ဆွေတွေမို့လို့ သံယောဇဉ်ရှိလို့ပါ... သူသာ ပေးမယ်ဆိုရင်တော့ သူ့ရဲ့ အသက်ကို ချမ်းသာပေးမလို့ပဲ"
ဤမိန်းမပျို တပည့်၏ လေသံမှာ ထိုက်ရွှမ်နတ်ကျောင်းတော်၏ တပည့်တစ်ယောက်နှင့် လုံးဝ မတူပါချေ။
ထိုက်ရွှမ်နတ်ကျောင်းတော်သည် အလွန်တရာ အေးစက်ပြီး စည်းကမ်းကြီးလှသဖြင့် ဆရာသမားများအပေါ် အလွန်တရာ ရိုသေကိုးကွယ်ကြပေသည်။
သို့သော်လည်း ဤမိန်းမပျို တပည့်သည် ဖုန်မိုးအရှင်နှင့် စကားပြောရာတွင်မူ သက်တူရွယ်တူ မိတ်ဆွေတစ်ယောက်ကဲ့သို့ လေသံမျိုး ဖြစ်နေတော့သည်။
ဖုန်မိုးအရှင်က ဆိုသည်။
"သူ့ရဲ့ ကျင့်စဉ်အဆင့်က ငါနဲ့ တူညီပေမယ့်လည်း... ဓားကျင့်ကြံသူတွေရဲ့ သတ်ဖြတ်နိုင်စွမ်းက အလွန်တရာ ပြင်းထန်လွန်းတယ်... ငါတို့နှစ်ယောက်တည်းနဲ့တော့ သူ့ကို ကောင်းကောင်းကြီး တားဆီးနိုင်ဖို့ မလွယ်ဘူး"
မိန်းမပျို တပည့်က ညှို့ဓာတ်ပြည့်ဝစွာ ပြုံးလိုက်ရင်း...
"ငါ လူတွေကို အဆင်သင့် ရှာဖွေထားပြီးသားပါ... အခု ရွှေလင်နတ်ဘုရားနယ်မြေထဲမှာ ရှိနေကြတယ်" ဟု ဆိုလိုက်သည်။
ဖုန်မိုးအရှင်က မျက်ခုံးပင့်လိုက်မိသည်။
"ဒါဆိုရင်... သူ့ရဲ့ခန္ဓာခွဲ အသတ်ခံလိုက်ရတာက မင်းရဲ့ အစီအစဉ်ပေါ့"
မိန်းမပျို တပည့်က ခေါင်းကို ခါယမ်းလိုက်ပြီး...
"အဲဒီလို အစီအစဉ် ရှိပေမယ့်လည်း... ဒီကိစ္စကတော့ မထင်မှတ်ဘဲ ဖြစ်သွားတာပဲ... သူ ဘယ်လိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ လူနဲ့ သွားတိုးမိလဲတော့ မသိဘူး" ဟု ဆိုသည်။
ဖုန်မိုးအရှင်က တွေးတောလိုက်ပြီး...
"သူ ခုနက ပြောတာတော့ နယ်မြေပြင်ပက ကျင့်ကြံသူတစ်ယောက်လို့ ပြောတယ်... ကောင်းကင်နှင့်မြေပြင်ကြားမှာ ကျားဝှက်နဂါးဝပ် အစွမ်းထက်တဲ့လူတွေ အများကြီးရှိနေတာပဲ... ရွှေလင်နတ်ဘုရားနယ်မြေထဲမှာလည်း လျှို့ဝှက်ချက်ကြီးတွေ ရှိနေတာဆိုတော့... ဒီလူတွေကို ဆွဲဆောင်မိတာကလည်း အံ့ဩစရာမရှိပါဘူး... သတိထားရမယ်" ဟု ဆိုလိုက်သည်။
မိန်းမပျို တပည့်က ပြုံး၍ ဆိုသည်။
"ငါတို့က ရွှေလင်နတ်ဘုရားနယ်မြေထဲက လျှို့ဝှက်ချက်တွေကို စိတ်မဝင်စားပါဘူး... ငါတို့ လိုချင်တာက ချီကျန့်နတ်ဘုရားရဲ့ လက်ထဲက အဲဒီ ဓားကျမ်းစာ ပေလိပ်ပဲ... ဒါအကုန်ပဲ"
ဖုန်မိုးအရှင်က မျက်ခုံးကို ညင်သာစွာ ပင့်လိုက်ရင်း...
"မင်းက အခုထိ အဲဒီဓားကျမ်းစာရဲ့ လျှို့ဝှက်ချက်ကို ငါ့ကို ပြောပြဖို့ ငြင်းဆန်နေတုန်းပဲပေါ့" ဟု ဆိုလိုက်သည်။
မိန်းမပျို တပည့်က ဆိုသည်။
"ငါတို့ စောစောကတည်းက သဘောတူထားပြီးသားပဲလေ... ယုဟွမ်ဆေးလုံးက မင်းအတွက်... ဓားကျမ်းစာက ငါ့အတွက်... ဒါတွေကို ဘာဖြစ်လို့ ထပ်မေးနေဦးမှာလဲ"
ဖုန်မိုးအရှင်က မျက်ခုံးပင့်လိုက်မိသော်လည်း ဘာမှ ထပ်မံပြောဆိုခြင်းမရှိတော့ပါချေ။
သူ့ရှေ့မှောက်ရှိ ဤမိန်းမပျိုသည် အမှန်တကယ်တော့ သူ၏ တပည့်မဟုတ်ဘဲ အနောက်ရိုင်းဒေသ နဥ်းရွှေနတ်ဘုရားနယ်မြေ၏ အကြီးအကဲတစ်ဦး ဖြစ်ပြီး ထိုက်ရွှမ်နတ်ကျောင်းတော်အတွင်းသို့ တိတ်တဆိတ် ခိုးဝင်လာခဲ့ခြင်း ဖြစ်ပေသည်။
ရွှေလင်နတ်ဘုရားနယ်မြေသည် အလွန်တရာ ရှေးကျလှသဖြင့် အထဲတွင် အရင်းအမြစ်များနှင့် ရတနာများစွာ ရှိနေသည်။
ချီကျန့်နတ်ဘုရားသည် ကောင်းမွန်လှသော လက်နက်သွေးမည့် ပစ္စည်းများကို ရှာဖွေရန်အတွက် ထိုနတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ၎င်းမှာလည်း သူ၏ ဘေးဒုက္ခအတွက် အကြောင်းအရင်း ဖြစ်လာခဲ့ချေပြီ။
သူ၏လက်ထဲရှိ ထိုဓားကျမ်းစာသည် အတိတ်တုန်းက ရွှေလင်နတ်ဘုရားနယ်မြေထဲကနေ ရရှိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ချီကျန့်နတ်ဘုရားသည် ထိုက်ရွှမ်နတ်ကျောင်းတော်အတွင်း၌ အဆင့်အတန်း ထူးခြားလှသဖြင့် ဂိုဏ်းချုပ်ကြီးကိုယ်တိုင်ပင် သူ့ကို အထင်သေးရဲခြင်းမရှိပါချေ။ ၎င်းမှာလည်း ဤဓားကျမ်းစာနှင့် ပတ်သက်နေသောကြောင့်ပင်။
၎င်းတို့နှစ်ဦးစလုံးသည် ကိုယ်စီ လျှို့ဝှက်ချက်များကို ရင်ဝယ်ပိုက်ရင်း ချီကျန့်နတ်ဘုရား၏ ခြေလှမ်းများနောက်သို့ လိုက်လံ၍ ရွှေလင်နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်သွားကြတော့သည်။
.........
လီယန်ချူ၊ ကျွေ့ဟွာနှင့် ရွှေကျီးကန်းလေးတို့သည် ဤအဆုံးအစမရှိ ကျယ်ဝန်းလှသော လျှို့ဝှက်နယ်မြေထဲတွင် ဆက်လက်ရှာဖွေနေခဲ့ကြသည်။
ဓားကို ကိုင်ဆောင်ထားသော အဘိုးအို၏ ခန္ဓာခွဲကို သတ်ပစ်လိုက်ပြီးနောက် ၎င်းတို့သည် ရှေးဟောင်း ပျက်စီးယိုယွင်းနေသော အဆောက်အအုံဟောင်းကြီးတစ်ခု၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ကြပေသည်။
ယခင်က ဝေမြို့တော်အနီးတွင် နယ်မြေပြင်ပမိစ္ဆာများ၏ အရှိန်အဝါနှင့် နဂါးစစ်မှန်သော အရှိန်အဝါကို ခံစားမိခဲ့သော်လည်း...
ဤနေရာသို့ ရောက်ရှိလာခဲ့ပြီးနောက်တွင်မူ နတ်ဘုရားကျင့်စဉ်လမ်း၏ ဖိအားက အလွန်တရာ လေးလံလှသဖြင့် တစ်ခဏအတွင်းမှာပင် ထိုအရှိန်အဝါနှစ်ခုမှာ ပျောက်ကွယ်သွားခဲ့ရတော့သည်။
ဤနေရာရှိ အဆောက်အအုံများမှာ အလွန်တရာ ရှေးကျလှပြီး ပျက်စီးယိုယွင်းနေခဲ့ချေပြီ။
လီယန်ချူသည် အထဲသို့ ဝင်ရောက်သွားခဲ့သော်လည်း မည်သည့် ကျင့်ကြံသူမျှ ဤနေရာတွင် ကျင့်ကြံခဲ့ဖူးသော သဲလွန်စများကို ရှာဖွေတွေ့ရှိခြင်းမရှိပါချေ။
ပိုမို၍ အဓိကကျသည်မှာကား သဲလွန်စအများစုမှာ အကုန်လုံး ဖျက်ဆီးခြင်း ခံထားရသဖြင့် တမင်သက်သက် ပြုလုပ်ထားပုံရပေသည်။
ကျွေ့ဟွာက မျက်ခုံးကို ညင်သာစွာ ပင့်လိုက်ရင်း...
"ဒီနေရာက ငါ့ကို ပေးတဲ့ ခံစားချက်က တကယ်ကို ထူးဆန်းလွန်းတယ်" ဟု ရေရွတ်လိုက်မိသည်။
လီယန်ချူက သူမ ပြောသည်မှာ ဤနေရာရှိ သဲလွန်စများကို ဆိုလိုသည်ဟု ထင်မှတ်လိုက်ပြီး...
"မှန်တယ်... သဲလွန်စအများစုက အကုန်လုံး ဖျက်ဆီးခြင်း ခံထားရတယ်" ဟု ဆိုလိုက်သည်။
ကျွေ့ဟွာက ခေါင်းကို ခါယမ်းလိုက်ရင်း...
"မဟုတ်ဘူး... စကားလုံးနဲ့ ဖော်ပြရခက်တဲ့ ခံစားချက်မျိုးပဲ" ဟု ဆိုသည်။
ရွှေကျီးကန်းလေးသည် နေမင်းစစ်မှန်သောမီးတောက်များ ဝန်းရံထားပြီး လီယန်ချူ၏ ဘေးနားတွင် လှည့်ပတ်ပျံသန်းနေခဲ့ကာ ၎င်းမှာကား တောက်ပလှသော နေမင်းအလားပင် ဖြစ်သည်။
၎င်းသည် သာယာနာပျော်ဖွယ်ကောင်းသော အော်ဟစ်သံလေး ထွက်ပေါ်စေလိုက်ပြီး ကျွေ့ဟွာကို ပြန်လည်တုံ့ပြန်လိုက်ပုံရပေသည်။
ကျွေ့ဟွာက ဆိုသည်။ "နင်လည်း အာရုံခံမိတာလား"
ရွှေကျီးကန်းလေးသည် ထပ်မံ၍ သာယာစွာ အော်ဟစ်လိုက်ပြန်သည်။
သို့သော်လည်း လီယန်ချူသည် ရွှေကျီးကန်းလေး၏ ဝိညာဉ်အာရုံထဲတွင် အမှတ်အသား ချန်ထားခဲ့သော်လည်း ၎င်းနှင့်မူ တိုက်ရိုက် စကားမပြောနိုင်ပါချေ။
"ငါက ဘာဖြစ်လို့ ဘာခံစားချက်မှ ရှိမနေရတာလဲ"
ဟု လီယန်ချူက အံ့ဩတုန်လှုပ်စွာ တွေးတောလိုက်မိသည်။
ထို့နောက် ၎င်းတို့သည် ထိုပျက်စီးယိုယွင်းနေသော အဆောက်အအုံဟောင်းကြီးအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာခဲ့ကြသည်။
ဤနေရာတွင် ဟိုးတုန်းက အလွန်တရာ ပြင်းထန်လှသော တိုက်ပွဲကြီး ဖြစ်ပွားခဲ့ရပါမည်။ ထို့ကြောင့်ပင် တားမြစ်ချက် အားလုံးမှာ တစ်စစီ ပြိုကျပျက်စီးသွားခဲ့ရခြင်း ဖြစ်ပေသည်။
လီယန်ချူက ကျွေ့ဟွာကို မေးမြန်းကြည့်ရာ သူမတွင် ယခုအထိ ဤခံစားချက်မျိုး ရှိနေဆဲ ဖြစ်သည်။
၎င်းတို့သည် ပျက်စီးနေသော ကျောက်ခန်းတစ်ခု၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ချိန်တွင် ကျွေ့ဟွာ၏ မျက်နှာသည် တစ်ခဏအတွင်းမှာပင် အေးစက်သွားခဲ့ရပြီး...
"ဘယ်သူက စကားပြောနေတာလဲ" ဟု အော်ဟစ်လိုက်တော့သည်။
သူမ၏ အသံမှာကား မိုးခြိမ်းသံအလားပင် ဖြစ်ပေသည်။
"ဘာဖြစ်လို့လဲ" လီယန်ချူက မေးမြန်းလိုက်သည်။
"တစ်စုံတစ်ယောက်က ငါ့ရဲ့ နားထဲမှာ စကားလာပြောနေတာ... ဒါပေမဲ့ ငါ သူ့ရဲ့ သဲလွန်စကို ရှာမတွေ့ဘူး"
ဟု ကျွေ့ဟွာက မျက်ခုံးပင့်လိုက်ရင်း ဆိုသည်။
"ဒီလိုကိစ္စမျိုး ရှိတာလား" လီယန်ချူက ခဏမျှ ဆွံ့အသွားခဲ့ရပေသည်။
ရှူးခနဲ...
သူသည် ရှစ်ခွင်မှန် ကို ထုတ်ဖော်လိုက်ရာ ရှစ်ခွင်မှန်အတွင်းမှ နတ်ဘုရားအလင်းတန်းများသည် ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့တော့သည်။
ယခုအခါ ရှစ်ခွင်မှန်သည် နတ်ဘုရားလက်နက်အဆင့်သို့ ရောက်ရှိထားခဲ့ပြီ ဖြစ်သဖြင့် နတ်ဘုရားအလင်းတန်းမှာ အလွန်တရာ လင်းလက်လှပြီး ဤနေရာတစ်ခုလုံးကို အသေးစိတ် စစ်ဆေးရှာဖွေနေခဲ့ချေပြီ။
ရှူးခနဲ...
မကြာမီမှာပင် ရှစ်ခွင်မှန်အတွင်းမှ နတ်ဘုရားအလင်းတန်းတစ်ခု ကျရောက်သွားခဲ့ပြီး ဝေဝါးလှသော လူသားပုံရိပ်တစ်ခုကို ထင်ဟပ်စေခဲ့သည်။
ထိုလူသားပုံရိပ်သည် တစ်ခဏအတွင်း ကြောင်တောင်တောင် ဖြစ်သွားခဲ့ရပြီး တစ်စုံတစ်ယောက်က မိမိကို မြင်တွေ့လိမ့်မည်ဟု ထင်မှတ်မထားပုံရပေသည်။
ကျွေ့ဟွာက သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ရင်း...
"ခေါင်းမြီးခြုံပြီး ပုန်းကွယ်နေတဲ့ကောင်"
ဟု အော်ဟစ်လိုက်ပြီး လက်ဝါးတစ်ချက် တိုက်ရိုက် ရိုက်ထုတ်လိုက်တော့သည်။
ဤကျောက်ခန်းအတွင်းသို့ ရောက်ရှိလာကတည်းက ထူးဆန်းလှသော ချောင်းမြောင်းကြည့်ရှုသည့် ခံစားချက်မျိုးကို ခံစားနေရခဲ့ခြင်း ဖြစ်ပြီး၊ ယခုအခါ အကြောင်းအရင်းကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သဖြင့် တစ်ခဏအတွင်းမှာပင် ဒေါသစိတ် ဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်ပေသည်။
"ဒုန်း..."
ဝေဝါးလှသော လူသားပုံရိပ်သည် ဘေးဘက်သို့ အလျင်အမြန် ရှောင်တိမ်းသွားခဲ့သော်လည်း ရှစ်ခွင်မှန်၏ ထင်ဟပ်မှုကိုမူ ရှောင်ကွင်းနိုင်ခြင်းမရှိပါချေ။
ကျွေ့ဟွာသည် လက်နှစ်ဖက်ဖြင့် အစီရင်ကို လည်ပတ်လိုက်ရာ ဟင်းလင်းပြင်ထက်တွင် နတ်ဘုရားအမွှေးတိုင်တစ်ခု ပေါ်ထွက်လာခဲ့ပြီး ပြင်းထန်လှသော စုပ်ယူမှုစွမ်းအားဖြင့် ထိုဝေဝါးလှသော လူသားပုံရိပ်ကို လွှမ်းခြုံရန် ကြိုးစားလိုက်တော့သည်။
ထိုအခါ သန့်စင်လှသော အမွှေးတိုင်အငွေ့အသက်များသည် ကျောက်ခန်းတစ်ခုလုံးကို ပြည့်နှက်သွားခဲ့ရပေသည်။
ကျွေ့ဟွာ၏ အရှိန်အဝါမှာ အလွန်တရာ ဆန်းကြယ်ပြီး နတ်ဘုရားဆန်လှပေသည်။
ထိုလူသားပုံရိပ်သည် သန့်စင်လှသော အမွှေးတိုင်အငွေ့အသက်များ၏ လောင်ကျွမ်းမှုကို ခံလိုက်ရသဖြင့် တစ်ခဏအတွင်းမှာပင် ကိုယ်ထင်ပြလာခဲ့ရတော့သည်။
၎င်းမှာကား အစိမ်းရောင်ဝတ်စုံကို ဆင်မြန်းထားသော မိန်းမပျိုလေးတစ်ယောက် ဖြစ်ပြီး ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများမှာ အနည်းငယ် ကြီးလှသဖြင့် အချိုးအစား မကျသော်လည်း သူမ၏ ကိုယ်ပေါ်တွင်မူ အလွန်တရာ ဆန်းကြယ်လှသော အရှိန်အဝါ ရှိနေတော့သည်။
"ဟွန်း..."
အစိမ်းရောင်ဝတ်စုံဝတ် မိန်းမပျိုလေးက နှာခေါင်းရှုံ့လိုက်ရင်း လက်နှစ်ဖက်ဖြင့် အစီရင်ကို လည်ပတ်လိုက်ရာ ပြင်းထန်လှသော ကျင့်စဉ်စွမ်းအားများသည် ရေလှိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး...
ကျွေ့ဟွာဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လာခဲ့တော့သည်။
နတ်ဘုရားအမွှေးတိုင်အတွင်း၌ လူသားပုံရိပ်တစ်ခု ထိုင်နေခဲ့ပြီး အမွှေးတိုင်အငွေ့အသက်များသည် ရေလှိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့ရာ၊ ရေလှိုင်းနှစ်ခု ပြင်းထန်စွာ တိုက်မိသွားခဲ့ပြီးနောက် အစိမ်းရောင်ဝတ်စုံဝတ် မိန်းမပျိုလေးမှာ နောက်သို့ ဆုတ်ခွာသွားခဲ့ရတော့သည်။
ကျွေ့ဟွာက လျှပ်စီးလက်သဖွယ် ထပ်မံ၍ လှုပ်ရှားလိုက်ရင်း...
"ငါ့အတွက် ကျန်ရစ်ခဲ့စမ်း" ဟု အော်ဟစ်လိုက်သည်။
သူမသည် ရှေးဟောင်းမိစ္ဆာမျိုးနွယ်စုကြီး၏ ကိုးသက်ကြောင်နတ်ဘုရား သွေးမျိုးဆက်၊ နဂါးစစ်မှန်သောခွဲဖြာခန္ဓာနှင့် နတ်ဘုရားစွမ်းအားများကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ခြင်း ဖြစ်ပေသည်။
ကျွေ့ဟွာ၏ ကျင့်စဉ်အဆင့်မှာ အလွန်တရာ ကြံ့ခိုင်လွန်းလှသဖြင့် တစ်ချက်မျှ လှုပ်ရှားလိုက်ရုံဖြင့် မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့ရတော့သည်။
အစိမ်းရောင်ဝတ်စုံဝတ် မိန်းမပျိုလေးသည် သူမ၏ ပြိုင်ဘက်မဟုတ်သဖြင့် ကိုယ်ဖျောက်၍ ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း...
လီယန်ချူက ဘေးနားကနေ ရှစ်ခွင်မှန်ကို အသုံးပြုလိုက်ပြန်သည်။
ရှူးခနဲ...
နတ်ဘုရားအလင်းတန်းတစ်ခု ကျရောက်သွားခဲ့ပြီး ထိုအစိမ်းရောင်ဝတ်စုံဝတ် မိန်းမပျိုလေး၏ တည်နေရာကို တိုက်ရိုက်ပင် ဖော်ပြပေးလိုက်တော့သည်။
ကျွေ့ဟွာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း ဟိန်းဟောက်သံများ ထွက်ပေါ်စေလိုက်ရာ...
ဝေဝါးလှသော ဟင်းလင်းပြင်ထက်တွင် ခန့်ညားလှသော နဂါးစစ်မှန်တစ်ကောင် ပေါ်ထွက်လာခဲ့ပြီး အစိမ်းရောင်ဝတ်စုံဝတ် မိန်းမပျိုလေးဆီသို့ ထပ်မံ၍ ရိုက်ချလိုက်တော့သည်။
နဂါးစစ်မှန်သော အတတ်ပညာ။
အစိမ်းရောင်ဝတ်စုံဝတ် မိန်းမပျိုလေးသည် ညည်းတွားသံတစ်ခု ထွက်ပေါ်စေလိုက်ပြီး နဂါးစစ်မှန်သော အရှိန်အဝါ၏ ဖိနှိပ်မှုကို ခံလိုက်ရသဖြင့် လှုပ်ရှားနိုင်ခြင်းမရှိတော့ပါချေ။
ကျွေ့ဟွာသည် ဤနဂါးစစ်မှန်သောခန္ဓာကို ကျင့်ကြံရာတွင် အလွန်တရာ ကျွမ်းကျင်လှသဖြင့် လီယန်ချူထက်ပင် ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သန့်စင်လှသော အမွှေးတိုင်အငွေ့အသက်များသည် သံကြိုးများအသွင် ပြောင်းလဲသွားခဲ့ပြီး ထိုအစိမ်းရောင်ဝတ်စုံဝတ် မိန်းမပျိုလေး၏ လက်နှစ်ဖက်နှင့် ခြေထောက်များကို ချည်နှောင်ပစ်လိုက်တော့သည်။
မိန်းမပျိုလေးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရပြီး မျက်နှာတွင် အလွန်တရာ ထိတ်လန့်တုန်လှုပ်နေခဲ့ကာ...
"ဝူးဝူး..."
သူမ၏ ပါးစပ်ကိုလည်း အမွှေးတိုင်အငွေ့အသက်များဖြင့် ပိတ်ဆို့ထားသဖြင့် စကားမပြောနိုင်ပါချေ။
ကျွေ့ဟွာက သဘာဝလွန်အတတ်ပညာကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး အနက်ရောင်ဝတ်ရုံကို ဆင်မြန်းထားကာ အရပ်မြင့်မားပြီး အသားအရေ ဖြူဖွေးဝင်းပလှသဖြင့် အလွန်တရာ ဆန်းကြယ်ပြီး လှပလွန်းလှပေသည်။
"ဘယ်ကနေ ရောက်လာတဲ့ ဝိညာဉ်ဆိုးလဲ"
ခုနက တိုက်ပွဲအတွင်းမှာပင် ကျွေ့ဟွာသည် ဤအစိမ်းရောင်ဝတ်စုံဝတ် မိန်းမပျိုလေးသည် လူသားအစစ်မဟုတ်ဘဲ ဝိညာဉ်တစ်ခု ဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွားခဲ့ခြင်း ဖြစ်ပေသည်။
မိန်းမပျိုလေး၏ ရုပ်ရည်မှာ အလွန်တရာ စင်ကြယ်လှပသော်လည်း ယခုအချိန်တွင်မူ အချုပ်အနှောင် ခံထားရသဖြင့်...
"ဝူးဝူးဝူး..."
လှုပ်ရှားနိုင်ခြင်းမရှိသလို စကားလည်း မပြောနိုင်ဘဲ ရှိနေတော့သည်။
ကျွေ့ဟွာက အေးစက်စွာ ဆိုသည်။
"မပြောချင်လည်း ထားလိုက်တော့... တိုက်ရိုက် သတ်ပစ်ရုံပဲ"
အစိမ်းရောင်ဝတ်စုံဝတ် မိန်းမပျိုလေး၏ မျက်နှာထက်တွင် မျက်ရည်နှစ်ကြောင်း စီးကျလာခဲ့ပြီး ပိုမို၍ ထိတ်လန့်တုန်လှုပ်သွားခဲ့ရရှာသည်။
လီယန်ချူကမူ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် တင်ထားရင်း ဘေးနားကနေ ပြုံး၍ ကြည့်နေခဲ့သည်။
ရှစ်ခွင်မှန်သည် ကောင်းကင်ယံထက်တွင် မြင့်မားစွာ သီတင်းသုံးနေခဲ့ပြီး နတ်ဘုရားအလင်းတန်းများကို ပေးစွမ်းနေဆဲပင်။
ရှစ်ခွင်မှန်အတွင်း၌ ထိုမိန်းမပျိုလေး၏ ပုံရိပ်သည် သန့်စင်လှသော ဝိညာဉ်စွမ်းအားတစ်ခုအဖြစ် ထင်ဟပ်နေခဲ့သည်။
ကျွေ့ဟွာက ကိုယ်ကို ညင်သာစွာ နှိမ့်လိုက်ရင်း ရက်စက်ကြမ်းကြုတ်ဟန် ဆောင်လိုက်ကာ...
"ငါ နင့်ကို နောက်ဆုံးအခွင့်အရေး တစ်ခေါက် ပေးမယ်... နင် စကားမပြောရင်တော့ ငါ နင့်ကို မီးရှို့သတ်ပစ်မယ်" ဟု အော်ဟစ်လိုက်တော့သည်။
အစိမ်းရောင်ဝတ်စုံဝတ် မိန်းမပျိုလေးသည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်လုံးအစုံ ပြူးသွားခဲ့ရပြီး အလွန်တရာ ကြောက်ရွံ့ထိတ်လန့်သွားခဲ့ရပေသည်။
ကျွေ့ဟွာက လက်ညှိုးကို ညင်သာစွာ ခါထုတ်လိုက်ရာ သန့်စင်လှသော အမွှေးတိုင်မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့ပြီး...
နောက်တစ်ခဏတွင်မူ မီးတောက်သည် တစ်ကိုက်ခန့် မြင့်မားစွာ တောက်လောင်သွားခဲ့သဖြင့် အလွန်တရာ ခြောက်လှန့်ဖွယ်ကောင်းလှပေသည်။
မီးလင်းတန်းသည် သူမ၏ လှပလှသော မျက်နှာထက်သို့ ကျရောက်သွားခဲ့ပြီး ပိုမို၍ ဆွဲဆောင်မှု ရှိနေတော့သည်။
"နင် ပြောမှာလား မပြောဘူးလား"
ကျွေ့ဟွာက လက်ထဲမှ တစ်ကိုက်ခန့် မြင့်မားစွာ တောက်လောင်နေသော မီးတောက်ကို မိန်းမပျိုလေး၏ အနားသို့ တိုးကပ်လိုက်ရာ...
မိန်းမပျိုလေးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့ပြီး မျက်ရည်များ အဆက်မပြတ် စီးကျလာခဲ့သဖြင့် ကျွေ့ဟွာမှာ တစ်ခဏအတွင်း တဟားဟား အော်ဟစ်ရယ်မောလိုက်တော့သည်။
"နင် ခုနက ငါ့ကို ခြောက်လှန့်ချင်ဦးလေ"
ကျွေ့ဟွာက ထိုမိန်းမပျိုလေး၏ ပါးစပ်မှ အချုပ်အနှောင်ကို ဖယ်ရှားပေးလိုက်သည်။
အစိမ်းရောင်ဝတ်စုံဝတ် မိန်းမပျိုလေးက ချက်ချင်းပင် ငိုကြွေးလိုက်ရင်း...
"ဝူးဝူး... ကျွန်မကို မီးမရှို့ပါနဲ့... ကျွန်မ မှားသွားပါပြီ... နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး"
ဟု တောင်းပန်တိုးလျှိုးလိုက်တော့သည်။