← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

Chapter 131

ဓားတစ်လက်

ထိုအမျိုးသမီးအလောင်းမှာ ဟွာသမ္မတနိုင်ငံအာဏာပိုင်များ၏လက်ထဲတွင်ရှိနေဆဲဖြစ်ကြောင်း ထင်ရှားလှသည်၊၊

ဆွေးနွေးပွဲက ဆက်လက်ကျင်းပနေဆဲဖြစ်သည်၊၊ အတွေးများပြတ်ကာ အနည်းငယ်ပျင်းရိလာသဖြင့် ဝမ်ရှန်းက သူ၏ စီနီယာအစ်မစိတ်မပူစေရန်အတွက် အခြေအနေကို တိတ်တဆိတ် စာတိုပို့ပေးလိုက်၏၊၊

ထို့အပြင် ကျင်းယွမ်က လေယာဉ်ဖြင့် ပြန်သွားပြီဖြစ်ကြောင်းနှင့် ယခုအချိန်တွင် လန်ထျန်းအနီးသို့ရောက်ရှိနေလောက်ပြီဖြစ်ကြောင်းလည်း သူမကို ပြောပြလိုက်သည်၊၊ တကယ်လို့ ချီဝမ်အနေနဲ့ ကျုံးနန်တောင်ပေါ်က ဆင်းရဲဒုက္ခတွေကိုသည်းခံနိုင်ရင် ကျင်းယွမ်နဲ့အတူနေထိုင်ပြီး သူမရဲ့ လမ်းညွှန်မှုအောက်မှာ ကျင့်ကြံနိုင်သည်၊၊ ဒါက တခြားဂိုဏ်းတူမောင်နှမတွေ သူမကိုနည်းစနစ်မကျဘဲ သင်ကြားပေးတာထက်စာရင် အများကြီးပိုကောင်းပေလိမ့်မည်၊၊

တကယ်လို့ ချီဝမ်က ကျုံးနန်တောင်ပေါ်က ဘဝကို အရမ်းပင်ပန်းတယ်လို့မြင်ရင် ဝူတန်းတောင်ကိုပဲ အချိန်မရွေးပြန်သွားနိုင်ပေသည်၊၊ သူတို့ရဲ့ ခြံဝင်းငယ်လေးတွင် ရေလိုင်း၊ မီးလိုင်းများရှိသောကြောင့် တောင်ထိပ်ပေါ်က တဲအိမ်ထဲမှာ နေရတာထက်စာရင် ဘဝက အများကြီးပိုပြီးသက်တောင့်သက်သာရှိလှသည်၊၊

စီနီယာအစ်မက ထိုအစီအစဉ်ကို အစောပိုင်းက သဘောတူခဲ့သော်လည်း ညနေ ၅ နာရီခန့်တွင်မူ သူမက သူ့ထံသို့ ဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်းနှင့် စိတ်တိုခြင်းများကို ဖော်ပြသည့် အီမိုဂျီပုံစံမျိုးစုံကို ရုတ်တရက် တရစပ်ပေးပို့လာခဲ့သည်၊၊

ဝမ်ရှန်း။ ဘာဖြစ်လို့လဲ… တစ်ယောက်ယောက်နဲ့ ရန်ဖြစ်လာတာလား၊၊

မုဝမ်ရွှမ်း။ နင် ဒဏ်ရာရပြီး ခြေထောက်တောင် ကျိုးသွားတယ်ဆို၊၊

ဝမ်ရှန်း။ မဟုတ်ပါဘူး စီနီယာအစ်မ… ဒါက ကျွန်တော် တမင်တကာအရိုးတွေကို ပြန်လည်ဖွဲ့စည်းနေတာပါ၊၊ ကျွန်တော်က မိစ္ဆာကျင့်ကြံသူတွေလို အောက်တန်းစားအချို့နဲ့ တိုက်ခိုက်ရင်း ခြေထောက်ကျိုးရမယ့် လူမျိုးလို့ တကယ်ထင်နေတာလား၊၊

သူမက ချက်ချင်းပင် အခြားအီမိုဂျီအမြောက်အမြားဖြင့် ထပ်မံတုံ့ပြန်လာသဖြင့် ဝမ်ရှန်းလည်း မိမိ၏ ဖုန်းအင်တာနက်ဘေလ်အတွက် အသံတိတ်စိတ်မကောင်းဖြစ်မိသွားသည်၊၊ သူက စီနီယာအစ်မအတွက် လစဉ်သုံးအကန့်အသတ်မဲ့အင်တာနက်အစီအစဉ်ကို ဝယ်ပေးထားသော်လည်း သူကိုယ်တိုင်မှာမူ ပက်ကေ့ချ်တွင်ပါဝင်သည့် အခြေခံအစီအစဉ်ကိုသာအသုံးပြုနေခြင်းဖြစ်သည်၊၊

မုဝမ်ရွှမ်း။ အဲဒီမှာပဲနေ… ငါ အခု လာခဲ့မယ်၊၊

ဝမ်ရှန်းက ထိုအကြောင်းကို ခဏမျှ စဉ်းစားလိုက်သည်၊၊

ဝမ်ရှန်း။ စီနီယာအစ်မက ချီဝမ်နဲ့အတူနေပေးပြီး သူမကို အခုချက်ချင်း ပြန်မလာခိုင်းနဲ့ဦး၊၊ ကျွန်တော်တို့က ဒီဖြစ်ရပ်အတွက်စာရင်းရှင်းဖို့ ပြင်ဆင်နေတယ်၊၊ တကယ်လို့ သူမ အခုပြန်လာရင် ပစ်မှတ်ဖြစ်သွားနိုင်တယ်၊၊ ဘာပဲဖြစ်ဖြစ် အဆင်မပြေတာမျိုးရှိလာရင် သူမကို အဲဒီနေရာကနေခေါ်ထုတ်ရတာက ပိုလွယ်လိမ့်မယ်၊၊

စက္ကန့်အနည်းငယ်အကြာတွင် စာတိုပုံးထဲ၌ ခေါင်းစောင်းကာစဉ်းစားနေသည့် ရုပ်ပုံငယ်လေးတစ်ခုပေါ်လာသည်၊၊

မုဝမ်ရွှမ်း။ နင် ဒီလိုပြောတော့လည်း အဓိပ္ပာယ်ရှိသားပဲ၊၊ ကောင်းပြီ၊၊ ငါက နင့်ရဲ့ စီနီယာအစ်မဖြစ်တာမို့ နင့်ရဲ့ အကြံပြုချက်ကို မလွဲမသာဘဲလက်ခံပေးလိုက်မယ်၊၊

ဝမ်ရှန်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်၊၊ နှစ်ပေါင်းထောင်ချီသက်တမ်းရှိသော အမျိုးသမီးအလောင်းကို မြင်တွေ့ခဲ့ရသည့် ရှားပါးလှသောအတွေ့အကြုံကို မျှဝေရန်ပြင်ဆင်နေစဉ်မှာပင် နောက်ထပ်စာတိုတစ်ခုလက်ခံရရှိလိုက်သည်၊၊

မုဝမ်ရွှမ်း။ ဆရာဒေါ်လေး ကျင်းယွမ်က အားလုံးစီစဉ်ပြီးသွားပြီ၊၊ ဝမ်လေးက တောင်ပေါ်မှာ သူမနဲ့အတူနေရမယ်၊၊ ဒါမှ ငါတို့ရဲ့ ဂျူနီယာညီမလေးကို သူမရဲ့ သွေးကြောတွေ အားလုံးပွင့်သွားအောင် ကူညီပေးနိုင်မှာလေ၊၊ ငါတို့ဆရာပြန်ရောက်လာတဲ့အခါမှ သူမရဲ့ ကျင့်ကြံခြင်းအစီအစဉ်တွေကို ဆွေးနွေးကြလိမ့်မယ်၊၊

ဆရာဒေါ်လေးက ဘာတွေကြံစည်နေတာလဲ၊၊ ဆရာ့ရှေ့မှာ ဩဇာပိုရှိလာအောင် ချီဝမ်ကို သူမရဲ့တပည့်အဖြစ်သတ်မှတ်ဖို့ ကြိုးစားနေတာလား၊၊

ဝမ်ရှန်း စဉ်းစားနေစဉ်မှာပင် သူ၏ ဖုန်းထဲသို့ နောက်ထပ်စာတိုတစ်ခု ထပ်မံရောက်ရှိလာသည်၊၊

မုဝမ်ရွှမ်း။ ကြည့်ရတာ ဆရာဒေါ်လေးက ငါတို့ ဂျူနီယာညီမလေးကို တပည့်အဖြစ်လက်ခံချင်ပုံပဲ၊၊ ဘာလို့လဲဆိုတော့ သူမရဲ့ ကျင့်စဉ်က အမျိုးသမီးတွေပဲ ကျင့်ကြံလို့ရတာကိုး၊၊ ဆရာကတော့ သဘောတူပါ့မလားမသိဘူး၊၊

ထိုအကြောင်းကိုစဉ်းစားကြည့်သောအခါ ဝမ်ရှန်းအနေဖြင့် ထိုအကြံဉာဏ်မှာ မျှော်လင့်မထားဘဲ ကျိုးကြောင်းဆီလျော်လှကြောင်း တွေ့ရသည်၊၊

သူတို့ ဂျူနီယာညီမလေး၏ ပါရမီအရည်အသွေးမှာ သဘာဝအတိုင်းအနည်းငယ်လိုအပ်ချက်ရှိနေသည်၊၊ ၎င်းမှာ ကြိုးစားမှုသက်သက်ဖြင့် ပြုပြင်၍ရသောအရာ မဟုတ်ပေ၊၊

တာအိုကျင့်ကြံခြင်းနှင့် ပတ်သက်လာလျှင် နည်းလမ်း၊ ဥစ္စာ၊ အဖော်နှင့် နေရာတို့မှာ ပြင်ပအချက်များဖြစ်ကြသည်၊၊ ပါရမီ၊ အရည်အချင်း၊ နားလည်မှု၊ ထိုးထွင်းသိမြင်မှုနှင့် ဇွဲလုံ့လတို့မှာမူ အဓိကကျသောအတွင်းပိုင်းအချက်များဖြစ်ကြသည်၊၊

အကယ်၍ ကျင့်ကြံခြင်းတွင် အောင်မြင်ပြီး မှန်ကန်သောလမ်းကြောင်းသို့ လျှောက်လှမ်းလိုပါက ဇွဲလုံ့လသည် မရှိမဖြစ်လိုအပ်သော အရည်အသွေးတစ်ခုဖြစ်သည်မှာ ပြောနေစရာပင်မလိုပေ၊၊ ကျန်ရှိသော အချက်သုံးချက်ထဲမှ နှစ်ချက်ကို ပိုင်ဆိုင်ထားပါက အလားအလာရှိသော ပါရမီရှင်တစ်ဦးဖြစ်လာနိုင်ပြီး အားလုံးကို ပိုင်ဆိုင်ထားပါက ထူးချွန်ထက်မြက်သူတစ်ဦးဖြစ်လာပေလိမ့်မည်၊၊

ချီဝမ်တွင် ထိုသုံးချက်ထဲမှ တစ်ခုမျှမရှိသဖြင့် ပြင်ပအကြောင်းအချက်များကိုသာ အားကိုးရမည်ဖြစ်သည်၊၊

ဖြစ်နိုင်တာက ဆရာဒေါ်လေးမှာ ငါတို့ ဂျူနီယာညီမလေးကို ပိုပြီးသန်မာလာအောင် လုပ်နိုင်မယ့်နည်းလမ်းရှိနေလို့ ဖြစ်လိမ့်မယ်...၊၊

“ဝမ်လေး မင်း ဘယ်သူနဲ့စာရိုက်နေတာလဲ”

ဝမ်ရှန်း ဖုန်းကိုသိမ်းပြီး မော့ကြည့်လိုက်ရာ မာဇီပင်းက သူ့ထံသို့ လျှောက်လာသည်ကို တွေ့ရသည်၊၊

နှစ်နာရီကျော်ကြာစကားပြောဆိုခဲ့ရသော်လည်း ပရော်ဖက်ဆာမာသည် စွမ်းအင်များပြည့်ဝနေဆဲဖြစ်ပြီး သူ၏ မျက်ဝန်းများမှာလည်း စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေဆဲဖြစ်သည်၊၊ တာအိုဆရာကြီးများနှင့် ဆွေးနွေးခဲ့ရခြင်းက သိပ္ပံပညာရှင်များ၊ အထူးသဖြင့် အမျိုးသမီးအလောင်းကို သုတေသနပြုနေသူများအတွက် များစွာအကျိုးရှိခဲ့ကြောင်းထင်ရှားလှသည်၊၊

ဆေးများကွာကျနေသော ရေနွေးဓါတ်ဘူးကို ကိုင်ဆောင်လျက် မာဇီပင်းက ပြုံးလျက် စားပွဲကို မှီလိုက်သည်၊၊ သူက ရေနွေးတစ်ငုံသောက်လိုက်ရင်း ဝမ်ရှန်းကို မျက်စိတစ်ချက်မှိတ်ပြလိုက်သည်၊၊

“ခဏနေရင် ထမင်းအတူစားကြရအောင်၊၊ ပြီးရင် မင်းအတွက် ကောင်းတာတစ်ခုခုယူပေးမယ်၊၊ ဒါနဲ့... ကပ္ပတိန်ချီလင်းက တကယ်ပဲ မင်းရဲ့ဆရာကတော်လား”

“ဖြစ်နိုင်ပါတယ်”

“ဘာဖြစ်နိုင်တာလဲ… မင်းရဲ့ ဆရာက ကပ္ပတိန်ချီလင်းကို ပြန်ပြီး အနိုင်မယူချင်ဘူးလား”

မာဇီပင်းက မျက်မှောင်ကြုတ်လိုက်သည်၊၊

“ငါ့မိန်းမက ကပ္ပတိန်ရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ပဲ၊၊ သူမက ငါ့ကို ဒီအကြောင်းပဲ အမြဲပွစိပွစိပြောနေတာ… ချီစွမ်းအင်တွေ ပြန်မရောက်ခင်တုန်းက ငါ့မိန်းမက မင်းရဲ့ ဆရာကို တာဝန်မဲ့တဲ့ တာအိုဘုန်းကြီးစုတ်ဆိုပြီး ကျိန်ဆဲဖူးတယ်၊၊ အခုတော့ သူမက မင်းရဲ့ ဆရာက ကပ္ပတိန်ကိုပါခေါ်ပြီး အင်မော်တယ်ဖြစ်အောင် ကျင့်ကြံပေးဖို့ မျှော်လင့်နေတယ်၊၊ အဲဒီလိုနဲ့ သူမအတွက် အသားအရေဖြူဝင်းပစေမယ့်၊ အလှအပထိန်းသိမ်းပေးမယ့် ဆေးလုံးအချို့ကိုပါ ယူပေးစေချင်နေတယ်”

ဝမ်ရှန်းက မရယ်ဘဲ မနေနိုင်တော့ပေ၊၊ မာဇီပင်းက ပေါ့ပေါ့ပါးပါးနေတတ်သည့်အခါတွင် တကယ်ကို ဟာသဉာဏ်ရွှင်လှသည်၊၊

ခန်းမအတွင်းရှိ အခြားသူများမှာမူ စတင်ထွက်ခွာနေကြပြီ ဖြစ်သည်၊၊

တာဝန်ခံဖြစ်ပုံရသော အဆင့်မြင့်အရာရှိက “လောင်မာ... တာအိုဆရာကြီးတွေကို ထမင်းစားဖို့ လိုက်ပို့လိုက်ဦး၊၊ တာအိုဆရာဝမ်လည်း ငါတို့နဲ့အတူလာစားလေ”

မာဇီပင်းက တွဲဖက်ပရော်ဖက်ဆာတစ်ဦးမျှသာဖြစ်သော်လည်း သုတေသနဌာနအတွင်း၌ သိသာထင်ရှားသော ဩဇာအာဏာရှိပုံရသည်၊၊

သူ့ဆရာ သင်ကြားပေးဖူးသည့် ချီစွမ်းအင်အကဲခတ်နည်းကိုအသုံးပြု၍ ဝမ်ရှန်း ကြည့်လိုက်သောအခါ မာဇီပင်း၏ ပညာရှင်အရှိန်အဝါသမုဒ္ဒရာကြီးက သူ၏ ချောမွေ့ပြောင်လက်နေသော ငယ်ထိပ်မှ စုစည်းပြီးနောက် ပြန်လည်ပျံ့နှံ့သွားကာ သိပ္ပံနည်းကျကျင့်ကြံခြင်းဆီသို့ ရှင်းလင်းသောလမ်းကြောင်းတစ်ခုကို လင်းထိန်စေသည်ကိုမြင်လိုက်ရသည်၊၊

သူတို့သည် သုတေသနဌာန၏ ကန်တင်းတွင် ထမင်းစားကြရသည်၊၊ ၎င်းမှာ သာမန်ကျောင်းကန်တင်းတစ်ခုထက် အဆင်မြင့်မားလှသည်မှာ ပုံမှန်ပင်ဖြစ်သည်၊၊ ၎င်းက မျှတသောအာဟာရ၊ ကောင်းမွန်သောအရသာများနှင့် အားလုံးထက်ထူးခြားသည်မှာ အခမဲ့ကျွေးမွေးခြင်းဖြစ်သည်၊၊

ထမင်းစားနေစဉ်အတွင်း တာအိုဆရာကြီးများနှင့် ပညာရှင်များက ဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်၊၊ တာအိုဆရာကြီးများက ၎င်းတို့၏ ဘိုးဘေးများထံမှ လက်ဆင့်ကမ်းလာခဲ့သည့် တာအိုစိတ်ပိုင်းဆိုင်ရာကျင့်ကြံခြင်းနည်းလမ်းများနှင့် အတွေးအမြင်များကို ထုတ်ဖော်ပြောကြားကြပြီး မာဇီပင်းနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များက ခေတ်ပေါ်သိပ္ပံပညာက ချီစွမ်းအင်နှင့် လူသားခန္ဓာကိုယ်ကြားက ဆက်စပ်မှုကို ဘယ်လိုခွဲခြမ်းစိတ်ဖြာနိုင်မလဲဆိုသည်ကို ဆွေးနွေးကြသည်၊၊

ဖြည်းဖြည်းချင်းဖြင့် ဝတ်စုံဖြူဝတ်ဆင်ထားသည့် လူငယ်သိပ္ပံပညာရှင်များအုပ်စုတစ်ခုက သူတို့ဘေးနားတွင် စုဝေးလာကြပြီး တစ်ယောက်ချင်းစီက မှတ်စုစာအုပ် သို့မဟုတ် ဖုန်းများထဲတွင် မှတ်သားနေကြသည်၊၊

“လူတိုင်းက ဒီကိစ္စကို တကယ်အလေးအနက်ထားကြတာပဲ” ဝမ်ရှန်းက ပြုံးလျက် ပြောလိုက်သည်၊၊

သူတို့၏ ကြိုးပမ်းမှုများကြောင့် ဖြစ်နိုင်သည်မှာ နောက်ထပ် ၁၀နှစ် သို့မဟုတ် နှစ် ၂၀အတွင်း ဟွာသမ္မတနိုင်ငံသည် သိပ္ပံနည်းကျနည်းလမ်းများဖြင့် နတ်ဘုရားကျင့်စဉ်ကို ဖော်ထုတ်နိုင်ပေလိမ့်မည်...

သူနှင့် မုရွှယ်တို့ကမူ ထောင့်တစ်နေရာတွင် သက်တောင့်သက်သာဖြင့် ထမင်းစားနေကြသည်၊၊ စားပွဲပေါ်တွင် အသားဟင်းနှင့် ဟင်းသီးဟင်းရွက်ဟင်းလျာမျိုးစုံဖြင့် ပြည့်နှက်နေပြီး မာဇီပင်း၏ လမ်းညွှန်မှုအောက်ရှိ လူငယ်သုတေသီနှစ်ဦးက သူတို့ကို ကူညီဧည့်ခံပေးကြသည်၊၊

မုရွှယ်က ရယ်မောရင်း “ချီစွမ်းအင်ပြန်လည်ရောက်ရှိလာတာက ကမ္ဘာကြီးအပေါ် သက်ရောက်မှုရှိတာဟာ အချို့နေရာတွေမှာ စက်မှုတော်လှန်ရေးထက်တောင် အများကြီးပိုပြီးကျော်လွန်လိမ့်မယ်၊၊ ဘာပဲဖြစ်ဖြစ် စက်မှုတော်လှန်ရေးကစလို့ သိပ္ပံပညာဟာ ဆေးဝါးကုသမှုတိုးတက်အောင်လုပ်တာနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကြွယ်ဝအောင်လုပ်တာမျိုးလို ပြင်ပကိစ္စတွေကိုပဲ အာရုံစိုက်ခဲ့တာလေ၊၊ လူသားတွေရဲ့ သဘာဝသက်တမ်းကန့်သတ်ချက်ကိုတော့ ဘယ်တုန်းကမှ မတိုးမြှင့်ပေးနိုင်ခဲ့ဘူး”

သူတို့ဘေးရှိ လူငယ်သုတေသီတစ်ဦးက “မှန်ပါတယ်၊၊ အခု သုတေသနစီမံကိန်းအများစုက ဒီအချက်ကို အဓိကထားနေကြတာပါ၊၊ မျိုးရိုးဗီဇခွဲခြမ်းစိတ်ဖြာချက်အရ လူသားတွေရဲ့ သက်တမ်းကန့်သတ်ချက်က တစ်ဦးချင်းကွာခြားချက်ရှိပေမဲ့ ပျမ်းမျှ အသက် ၁၁၅ နှစ်ကနေ ၁၃၀ ဝန်းကျင်အထိပဲ ရှိတာပါ၊၊ ဒါပေမဲ့ ချီစွမ်းအင်ပြန်လည်ရောက်ရှိလာတာက အဲဒီကန့်သတ်ချက်ကို ပြောင်းလဲပေးနေပုံရတယ်၊၊ တာအိုဆရာကြီးတွေ ထမင်းစားပြီးသွားရင် သူတို့ ချန်ထားခဲ့မယ့် သဲလွန်စအချို့ကို မျိုးရိုးဗီဇစမ်းသပ်ဖို့အတွက် ကျွန်တော်တို့ စုဆောင်းရမယ်၊၊ အဲဒါက ယူဆချက်တော်တော်များများကို အတည်ပြုဖို့ ကူညီပေးလိမ့်မယ်”

ဝမ်ရှန်းက ရယ်ချင်သွားကာ “ဆရာကြီးတွေကို သွေးလှူဖို့ တိုက်ရိုက်တောင်းဆိုလိုက်ရင်မရဘူးလား”

“တကယ်လို့ သူတို့ စိတ်အနှောင့်အယှက်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

သုတေသီက အသံကို နှိမ့်လိုက်ပြီး “ကျွန်တော်တို့က မူဝါဒလမ်းညွှန်ချက်တွေကို ဆန့်ကျင်လို့မရဘူး၊၊ သုတေသနတစ်ခုတည်းအတွက်နဲ့ အဲဒီလိုလေးစားရတဲ့ တာအိုဆရာကြီးတွေကို စိတ်အနှောင့်အယှက်မပေးသင့်ဘူးလေ”

ထိုအခိုက်အတန့်တွင် လူအုပ်ထဲမှ တာအိုဆရာကြီးတစ်ဦးက အသံအကျယ်ကြီးဖြင့် လှမ်းပြောလာသည်၊၊

“သွေးထုတ်မလို့လား၊၊ ပြဿနာမရှိပါဘူး… လာ ပုလင်းနည်းနည်းလောက် ယူလိုက်လေ”

သုတေသီက မျက်တောင်ခတ်သွားသည်၊၊ ဝမ်ရှန်းက ခပ်တိုးတိုးရယ်မောလိုက်ပြီးနောက် ဆက်၍ စားသောက်နေလိုက်သည်၊၊

ထမင်းစားပြီးနောက် သူတို့သည် လေ့လာရေးခရီးစဉ်သို့ ဆက်လက်ထွက်ခွာခဲ့ကြသည်၊၊ တာအိုဝတ်ရုံများဝတ်ဆင်ထားသည့် ဆံပင်ဖြူနှင့် တာအိုဆရာကြီးများက ခေတ်ရှေ့ပြေးသော စင်္ကြံလမ်းများတစ်လျှောက် လျှောက်လှမ်းနေကြသည်မှာ တကယ်ကို စိတ်ဝင်စားဖွယ်ကောင်းလှသော ဆန့်ကျင်ဘက်မြင်ကွင်းတစ်ခုပင်၊၊

ဝမ်ရှန်းနှင့် မုရွှယ်တို့က လူအုပ်နောက်မှ လိုက်ပါရင်း သုတေသနဌာန၏ တစ်ဝက်ခန့်ကို လေ့လာခဲ့ကြသည်၊၊ အချိန်အတန်ကြာပြီးနောက် မာဇီပင်းက လူအုပ်၏ အရှေ့မှနေ၍ နောက်သို့ ဆုတ်လာခဲ့ပြီး ဝမ်ရှန်းကို စပ်ဖြဲဖြဲဖြင့် မျက်စိမှိတ်ပြလိုက်သည်၊၊

မုရွှယ်က ဝမ်ရှန်းကို သူ့နောက်သို့လိုက်ရန် ချက်ချင်းပင် တံတောင်ဖြင့် တို့လိုက်၏၊၊

မာဇီပင်းက တံခါးတစ်ခု၏အရှေ့တွင် ရပ်လိုက်ပြီး သူတို့ကိုဝင်ရန်အချက်ပြကာ “ဒါက ငါ့ရဲ့ ဓာတ်ခွဲခန်းပဲ… လာ… ထိုင်ဦး”

ဝမ်ရှန်းအနေဖြင့် သူ၏ ဓာတ်ခွဲခန်းကို စိတ်ဝင်စားမည်မဟုတ်မှာကို မာဇီပင်းက စိုးရိမ်နေပုံရသည်၊၊ ထို့ကြောင့် ကလေးတစ်ယောက်ကို ချော့မြှူနေသကဲ့သို့ လုပ်ယူထားသော နက်နဲသောလေသံဖြင့် “ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆီကနေ မင်းအတွက် ဓားတစ်လက်ယူပေးထားတယ်၊၊ ဟဲဟဲ…”

ဝမ်ရှန်း၏ မျက်လုံးများမှာ တိုက်တေနီယမ် သတ္တုစပ်တန်းများကဲ့သို့ ချက်ချင်းပင် လင်းလက်သွားခဲ့သည်၊၊

ဓားတစ်လက် ဟုတ်လား...၊၊

Chapter 132

ဝိညာဉ်မဲ့ဓား

မာဇီပင်းသည် သူရောက်ရှိလာကတည်းက ဝမ်ရှန်းအတွက် ကောင်းနိုးရာရာတစ်ခုသိမ်းဆည်းထားကြောင်းပြောဆိုနေခဲ့ခြင်းဖြစ်ရာ ယခုမူ ထိုအရာမှာ ဓားတစ်လက်ဖြစ်နေလိမ့်မည်ဟု ဝမ်ရှန်း လုံးဝမထင်မှတ်ထားခဲ့ပေ။

သုတေသနအဖွဲ့က ထုတ်လုပ်ထားသည့် ကောင်းကင်အဆင့်ဓားတစ်လက်လား…၊၊ စိတ်အေးအေးထားရန်နှင့် နောက်မှ စိတ်ပျက်မသွားစေရန် မျှော်လင့်ချက်ကို ထိန်းထားဖို့လိုအပ်သည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် လျှို့ဝှက်နံပါတ်ဖြင့် ပိတ်ထားသော တံခါးတစ်ခုဆီသို့ ရောက်ရှိလာကြသည်။ မာဇီပင်းသည် တံခါးကို အတန်ကြာ တို့ထိပြီးနောက် ငွေဖြူရောင်တံခါးချပ်နှစ်ချပ်မှာ ဘေးဘက်သို့ ပွင့်ဟသွားတော့သည်။ ဆေးပင်နံ့၊ စက်ဆီနံ့နှင့် ဓာတုပစ္စည်းများ၏ စူးရှသောအနံ့တို့ တစ်ပြိုင်နက်ပျံ့လွင့်ထွက်ပေါ်လာသဖြင့် ဝမ်ရှန်းလည်း မျက်ရည်များဝဲတတ်လာပြီး မျက်စိပင်ကောင်းကောင်းမဖွင့်နိုင်တော့ပေ။

“အာ… တောင်းပန်ပါတယ်… ငါအပြင်ထွက်တုန်းကလေဝင်လေထွက်ပန်ကာကို ပိတ်ထားမိလို့ ခဏလေးစောင့်ဦး”

အကယ်၍ မာဇီပင်းက ဤနေရာသည် သူ၏ဓာတ်ခွဲခန်းဖြစ်ကြောင်း ထပ်ခါထပ်ခါမပြောခဲ့လျှင် ဝမ်ရှန်းအနေဖြင့် ဂရုတစိုက်ထိန်းသိမ်းမထားသောဂိုဒေါင်တစ်ခုထဲသို့ ခြေချမိသည်ဟု ထင်မှတ်မိပေလိမ့်မည်။ ပုံစံမျိုးစုံနှင့် အရွယ်အစားမျိုးစုံရှိသော စက်ပစ္စည်းကိရိယာကြီးငယ်တို့မှာ ရှုပ်ပွနေအောင်စုပုံနေသဖြင့် ဝမ်ရှန်းတစ်ချက်ကြည့်ရုံဖြင့် အကုန်လုံးကို မသိနိုင်ပေ။ ထိုရှုပ်ထွေးလှသော စက်ပစ္စည်းများ၏ အမည်ကို သူအကုန်နာမည်တပ်မခေါ်နိုင်သော်လည်း မာဇီပင်း၏ သုတေသနဘာသာရပ်များမှာ အလွန်တရာကျယ်ပြန့်ကြောင်းကိုမူ သူ ခန့်မှန်းနိုင်လေ၏။

ဘယ်ဘက်နံရံပေါ်တွင် ချိတ်ဆွဲထားသောပုံအချို့က ဝမ်ရှန်း၏ အာရုံကို ချက်ချင်းဖမ်းစားသွားခဲ့သည်။ ယင်းတို့မှာ ရှေးဟောင်းပုံစံနက္ခတ်တာရာပြမြေပုံတစ်ချပ်ပင်၊၊ ဝမ်ရှန်း ငယ်စဉ်က မြင်တွေ့ခဲ့ဖူးသော နှစ်သစ်ကူးအခမ်းအနားများတွင် အသုံးပြုသည့် နတ်မင်းများ၏ ပုံရိပ်ပါသော မန္တန်စက္ကူတစ်ချပ်နှင့် ရေဆေးပန်းချီအချို့ ဖြစ်ကြသည်။

“ခဏလေးစောင့်ဦး… ဓားကို ဘယ်နားထားမိလဲ မသိဘူး… ရှာလိုက်ဦးမယ်… မနေ့ကမှ ရောက်တာဆိုတော့ တစ်နေရာရာပစ်ထားမိလားလို့”

မာဇီပင်းသည် ခေါင်းကို ကုတ်လျက် ရှုပ်ပွနေသော ပစ္စည်းပုံများကြားတွင် လိုက်လံမွှေနှောက်ရှာဖွေတော့သည်။ မကြာမီတွင် သူသည် ရှည်လျားသော သေတ္တာတစ်လုံးကို ရင်ခွင်၌ ပွေ့ပိုက်လျက် ပြုံးရွှင်သောမျက်နှာဖြင့် လျှောက်လှမ်းလာခဲ့သည်။

“ဝမ်လေး… ဒီဓားကို ဘယ်လိုထင်လဲ… ဒါက ငါတို့အဖွဲ့ရဲ့ လက်တွေ့အသုံးချသုတေသနအောင်မြင်မှုတွေထဲကတစ်ခုပဲ… စစ်တပ်အတွက် အများအပြားထုတ်လုပ်ဖို့ကျတော့ အကုန်အကျသိပ်များလွန်းလို့ နမူနာနည်းနည်းပဲ သွန်းလုပ်ထားတယ်၊၊ အများစုကိုတော့ ဓားသိုင်းအထူးပြုတဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ကနည်းပြတွေကိုပေးထားတယ်”

တန်ဖိုးကြီးဓားတစ်လက်လား…၊၊

ဝမ်ရှန်း၏ မျက်လုံးများတောက်ပသွားပြီး မာဇီပင်း၏ ရင်ခွင်ထဲမှ သေတ္တာရှည်ကြီးကို စူးစိုက်ကြည့်ရှုနေမိသည်။ မာဇီပင်းက ဝမ်ရှန်း၏ ရှေ့ရှိ ဓာတ်ခွဲခန်းစားပွဲပေါ်သို့ သေတ္တာရှည်ကြီးကို တမင်အချိန်ဆွဲကာ တင်လိုက်ပြီး လျှို့ဝှက်သော့ကို ဖြည်းညင်းစွာဖွင့်လိုက်သည်။

ဤသည်မှာ တကယ့်ကိုပင် ပိုးထည်ကန်လန့်ကာနောက်က ဗျပ်စောင်းလေးလို တစ်ဝက်တစ်ပျက်သဏ္ဌာန်ဖြင့် ပေါ်ထွက်မလာမီ အကြိမ်တစ်ထောင်မက တမ်းတတောင်းဆိုရသကဲ့သို့ပင်၊၊

သေတ္တာရှည်ကြီး ပွင့်သွားသောအခါ စူးရှတောက်ပပြီး အေးမြသည့်အလင်းရောင်တစ်ချက်ဖြာထွက်လာပြီး ရှေးဟောင်းပုံစံဓားရှည်တစ်လက်ပေါ်ထွက်လာသည်။ ဓားသွားမှာ လှိုင်းထနေသော အလင်းတန်းများဖြင့် တလက်လက်တောက်ပနေပြီး ဓားအသွားမှာ ပုစဉ်းရင်ကွဲအတောင်ပံကဲ့သို့ ပါးလွှာလှသော်လည်း ဝမ်ရှန်း မျက်မှောင်အနည်းငယ် ကြုတ်မိသွားသည်။ သူသည် ဝှီးချဲကို အနီးသို့တွန်းရွှေ့ကာ ကြည့်ရှုလိုက်ပြီး သူ၏မျက်ဝန်းထဲတွင် စိတ်ပျက်ရိပ်အချို့ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပြန်လည်ဖုံးကွယ်လိုက်သည်။

“ဒီဓားကို အဆင့်မြင့်ပေါင်းစပ်ပစ္စည်းတွေနဲ့ လုပ်ထားတာ ၁ဂရမ်ကို သုံးထောင်လောက် ကျတယ်” မာဇီပင်းက ရှင်းပြသည်။

“ငါက ပစ္စည်းသိပ္ပံပညာရပ်ကို အထူးပြုတာမဟုတ်တော့ အသေးစိတ်ကို သိပ်နားမလည်ဘူး မင်းအတွက်ဆိုပြီး ငါ့မိတ်ဆွေဟောင်းတစ်ယောက်ဆီကနေ အထူးတလည်တောင်းဆိုထားတာပါ”

တစ်ဂရမ်ကို သုံးထောင် ဟုတ်လား… ခဗျားက ကိုယ်တိုင်တောင် မသိလိုက်ပဲ နိုင်ငံတော်ပိုင်ပစ္စည်းတွေကို အလွဲသုံးစားလုပ်နေတာလား…၊၊

မာဇီပင်းက ပြုံးလျက် ဓားရှည်ကို ဂရုတစိုက်မယူကာ ဝမ်ရှန်းထံသို့ ကမ်းပေးလိုက်သည်။

“ရော့… ဘယ်လိုလဲ သဘောကျရဲ့လား”

ဝမ်ရှန်းသည် ဓားရှည်ကို လှမ်းယူလိုက်ရာ လက်ထဲတွင် အလွန်ပေါ့ပါးနေသည်ကို ခံစားရသည်။ သူက လက်ညှိုးဖြင့် ဓားပြားကို တောက်လိုက်သောအခါ ဓားဆီမှ ယခင်က တစ်ခါမျှမကြားဖူးသော စူးရှကြည်လင်သည့် မြည်ဟည်းသံတစ်ခုထွက်ပေါ်လာသည်။

“တကယ်ကိုကောင်းတဲ့ ဓားတစ်လက်ပဲ… ပရော်ဖက်ဆာမာကို ကျေးဇူးတင်ပါတယ်”

“မင်းသဘောကျရင် ပြီးတာပါပဲ”

မာဇီပင်းက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောသည်။

“ဒါကို ငါကိုယ်တိုင်လုပ်တာတော့ မဟုတ်ပါဘူး၊၊ သူများကိုယ်စားလက်ဆောင်ပေးတာပါ၊၊ ဂိုဒေါင်ထဲမှာ ပြပွဲပစ္စည်းအဖြစ် ဖုန်တက်နေမှာ စိုးလို့ပါ၊၊ ဒါနဲ့ မင်းက မိစ္ဆာကျင့်ကြံသူတွေနဲ့ ခဏခဏတိုက်ခိုက်နေရတာဆိုတော့ အသုံးဝင်မယ့်ကိရိယာအသေးလေးတွေလည်း ငါယူလာပေးသေးတယ်၊၊ ခဏလေး ရှာလိုက်ဦးမယ်… ဒီနေရာက ဘာလို့ဒီလောက်တောင်ရှုပ်ပွနေရတာလဲ၊၊ ဘယ်သူမှ မရှင်းကြဘူးလားမသိဘူး”

မုရွှယ်က တိုးညင်းစွာ သတိပေးသည်။

“တာအိုဆရာဝမ်… ပရော်ဖက်ဆာမာပေးတာကို လက်ခံလိုက်ပါ”

ဝမ်ရှန်းသည် ပြုံး၍ ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။ မာဇီပင်း၏ ဂရုစိုက်မှုမှာ ဆရာကတော်နှင့် ပတ်သက်မှုကြောင့်သာဖြစ်ပေလိမ့်မည်။

ထို့နောက် သူသည် လက်ထဲရှိ နတ်ဓားကဲ့သို့ ထက်မြက်လှသော ဓားရှည်ကို ငုံ့ကြည့်ကာ စိတ်ထဲတွင် အနည်းငယ်သက်ပြင်းချမိသည်။

ဒီဓားကတော့...

ယွမ်ဖူကျန်းရန်ကဲ့သို့သော ဓားဆရာကြီးများမှလွဲ၍ ဝမ်ရှန်း၏ ဓားသိုင်းပညာနှင့် ဓားတာအိုအပေါ် နားလည်သဘောပေါက်မှုတို့မှာ ယနေ့ခေတ် ကျင့်ကြံခြင်းလောကတွင် ထိပ်တန်းအဆင့်၌ရှိနေပြီဖြစ်သည်။

ဝမ်ရှန်း ကိုင်တွယ်ဖူးသမျှ ဓားတိုင်းတွင် မထင်ရှားသော ကိုယ်ပိုင်လက္ခဏာတစ်ခုစီရှိကြသည်။ ၎င်းသည် ဓားသွားပေါ်တွင် ရိုက်နှိပ်ထားသော ဇာတ်ကြောင်းကို ဖတ်ရှုနိုင်သကဲ့သို့ပင်။ ဤဓားကို မည်သို့သွန်းလုပ်ခဲ့သနည်း… မည်သူက ကိုင်တွယ်ခဲ့ဖူးသနည်း… မည်သူနှင့် ရင်ဆိုင်ခဲ့ဖူးသနည်း… မည်သည့်လက်နက်များနှင့် ထိမှန်ဖူးသနည်း... အသစ်စက်စက်သွန်းလုပ်ထားသော ဓားတစ်လက်တွင်ပင် မိမိကိုယ်ပိုင်သမိုင်းကြောင်းရှိရမည်ဖြစ်သည်။

သို့သော်လည်း လက်ထဲရှိ ဓားတွင်မူ မည်သည့်အရာမျှမရှိပေ။ ၎င်းသည် အလွန်အေးစက်နေပြီး လုံးဝဆိတ်သုဉ်းနေသည်။

ဝမ်ရှန်းသည် ၎င်း၏ဓားပြားကို လက်ချောင်းများဖြင့် ပွတ်သပ်ကာ ညင်သာစွာတောက်လိုက်ပြီး ထွက်ပေါ်လာသောကြည်လင်သည့်တုန်ခါသံကို နားစွင့်နေမိသည်။ ကံဆိုးစွာပင် ၎င်း၏အတွင်း၌ ဝိညာဉ်အရိပ်အယောင်မျှပင် သူ မခံစားရချေ။

“တစ်ခုခုမှားနေလို့လား တာအိုဆရာဝမ်”

“ဘာမှမဟုတ်ပါဘူး ဒီဓားက ထက်လွန်းနေလို့ သဘာဝတရားရဲ့စနစ်ကို နှောင့်ယှက်နေသလိုပဲ”

ဝမ်ရှန်းက ဓားရှည်ကို သေတ္တာထဲသို့ ပြန်ထည့်ကာ တိတ်ဆိတ်စွာကြည့်ရင်း မရည်ရွယ်ဘဲပြန်ပြောလိုက်သည်။

အမှန်စင်စစ် ဤအရာသည် ဓားသဏ္ဌာန်ပြုလုပ်ထားသော အလွန်ထက်မြက်သည့် လက်နက်တစ်ခုမျှသာဖြစ်သည်။

ပစ္စည်းနှင့် သွန်းလုပ်မှုနည်းပညာကန့်သတ်ချက်များကြောင့် အနက်ရှိုင်းဆုံးနားစွင့်သူဓားကို အနိမ့်ဆုံးအဆင့်ရှိ ရတနာပစ္စည်းအဖြစ်သာသတ်မှတ်နိုင်ပြီး ရတနာဓားဟု ခေါ်ဆိုရန်ပင် မလွယ်လှပေ၊၊ သို့သော်လည်း သူ၏ အတွေ့အကြုံနှင့်အမြင်အရ ထိုဓားသည် သူကိုင်တွယ်ဖူးသမျှတွင် ဝိညာဉ်အရှိဆုံးဓားဖြစ်ခဲ့သည်။ ၎င်းသည် ကျော်ကြားခြင်းမရှိသော်လည်း တာအိုကို ဆင်ခြင်သုံးသပ်နေစဉ်အတွင်း ဓား၏ဝိညာဉ်ကို သူ မကြာခဏခံစားမိလေ့ရှိသည်။

တစ်ဖက်တွင်မူ ယခုရှေ့မှောက်ရှိ ဓားမှာ ရှေးခေတ်က အမည်မသိစုံလင်လှသည့်ပေါင်းစပ်ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ယင်း၏ သွန်းလုပ်မှုနည်းပညာများမှာလည်း စက်မှုနည်းလမ်းမျိုးစုံကိုအသုံးပြုထားခြင်းကြောင့် အကဲဖြတ်ရန်ပင် ခက်ခဲလှသည်။ သို့သော်လည်း ၎င်း၌ ဝိညာဉ်ကင်းမဲ့နေသည်။

ဘာကြောင့် ဝိညာဉ်ကင်းမဲ့နေရတာလဲ… ထက်လွန်းလို့လား… ဒါက သဘာဝရဲ့ မျှခြေကို တကယ်ပဲ ပျက်ပြားစေတာလား…၊၊

ဤဓားသည် သူ၏ဓားကျင့်ကြံမှုကို ဘယ်လိုမှအထောက်အကူပြုလိမ့်မည်မဟုတ်ကြောင်း ဝမ်ရှန်းသိရှိလိုက်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ဆိုးကျိုးသက်ရောက်မှုအချို့ပင် ရှိနိုင်ပေသည်။ သို့သော်လည်း ဤအတိုင်း အလွယ်တကူစွန့်လွှတ်လိုက်ရန် တွန့်ဆုတ်နေမိသဖြင့် ဓားကို ပြန်လည်မယူကာ ဓားကွက်အချို့ကို ဖြည်းညင်းစွာကစားကြည့်လိုက်သည်။

သူ၏ လှုပ်ရှားမှုများမှာ ထိခိုက်မှုမရှိပေ။ ဓားအတွင်းသို့ အစစ်မှန်ချီများထည့်သွင်းရသည်မှာလည်း ထူးခြားစွာချောမွေ့လှသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဓား၏ကန့်သတ်ချက်သို့ရောက်ရန် ဝေးကွာလွန်းနေသေးပြီး ၎င်းကို တီထွင်သူများမှာ ကျင့်ကြံသူ၏ အစစ်မှန်ချီကို မြှင့်တင်ပေးနိုင်ရန်ပင် သေချာဆောင်ရွက်ထားကြသည်။

သူတို့ရဲ့ သိပ္ပံပညာဦးနှောက်တွေနဲ့ ဒါမျိုးကို ဘယ်လိုတောင်လုပ်နိုင်ကြတာလဲ…၊၊

ဝမ်ရှန်းက အစစ်မှန်ချီများကို လှည့်ပတ်လိုက်ရာ ဓားသွားထိပ်ဖျားမှ ဓားအလင်းတန်းများ ချက်ချင်း လျှံထွက်လာသည်။ အနီးရှိ စားပွဲထောင့်ကို မရည်ရွယ်ဘဲ တစ်ချက်ဝှေ့ယမ်းလိုက်ရာ စတီးလ်အလွှာပါးလေးတစ်ခု ချက်ချင်းကွာကျသွားတော့သည်။ အားစိုက်ရသည်ဟု မခံစားရရုံသာမက ဓားသွားမှာလည်း လုံးဝထိခိုက်ခြင်းမရှိပေ။

ဓားတာအိုကျင့်ကြံဖို့အတွက်အသုံးမဝင်သော်လည်း တိုက်ခိုက်ရေးအတွက်မူ အလွန်ကောင်းမွန်သည့်အရာပင်ဖြစ်သည်။

ဝမ်ရှန်းသည် ဇီဇာကြောင်တတ်သူမဟုတ်ပေ။ သူ့အတွက် ဂရုတစိုက်ရွေးချယ်ထားသော လက်ဆောင်ဖြစ်သဖြင့် ညည်းညူစရာအကြောင်းမရှိပေ။ ယဥ်ကျေးမှုအရ သူက တစ်ခုခုပြန်လည်ပေးသင့်သော်လည်း ပေးစရာသင့်တော်သောပစ္စည်းတစ်ခုမျှ သူ့ထံ၌ တကယ်မရှိချေ။

“ပရော်ဖက်ဆာမာ—ဦးလေးမာ ဒီဓားမှာ နာမည်ရှိလား”

ဗီရိုတစ်ခုထဲတွင် မွှေနှောက်နေဆဲဖြစ်သော မာဇီပင်းက နောက်လှည့်မကြည့်ဘဲ ပြန်ဖြေသည်။

“ဒါကိုလုပ်တဲ့အဖွဲ့ကတော့ ‘အလင်းအနားသတ် အမှတ် ၆’ လို့ ခေါ်ကြတာပဲ… မင်းက အဲဒီနာမည်ကို ကြိုက်မယ်မထင်ဘူး… အဲဒါကြောင့် မင်းစိတ်ကြိုက်နာမည်အသစ်သာပေးလိုက်”

ဝမ်ရှန်း ခေတ္တမျှ စဉ်းစားလိုက်သည်။ မာဇီပင်းသည် လက်ထဲတွင် သေတ္တာအသေးအချို့ကို ကိုင်ဆောင်ကာ နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာသောအခါ ဝမ်ရှန်းက ပြောလိုက်သည်။

“ဒါကို ဝိညာဉ်မဲ့လို့ပဲ ခေါ်ရအောင်”

“ဝိညာဉ်မဲ့ဟုတ်လား အတော်လေးကောင်းတာပဲ”

မာဇီပင်းက ရယ်မောသည်။

“မင်းတို့ ကျင့်ကြံသူတွေက အမြဲတမ်းရှေးဆန်တဲ့အနုပညာကို ပိုင်ဆိုင်ထားကြတာပဲ၊၊ ငါတို့လို သုတေသနသမားတွေနဲ့ မတူဘူး… ငါတို့ဦးနှောက်တွေက တာအိုပညာရပ်နဲ့ ကမ္ဘာဦးချီတွေရဲ့ သဘာဝကို ခွဲခြမ်းစိပ်ဖြာဖို့ပဲ စဉ်းစားနေကြတာလေ”

ဝမ်ရှန်းက ပြုံးလိုက်သည်၊၊

“ဦးလေးမာရဲ့ အလုပ်က ဟွာသမ္မတနိုင်ငံတစ်ခုလုံးကို အကျိုးပြုတာပါ၊၊ ကျုပ်တို့ ကျင့်ကြံသူတွေကတော့ ကိုယ့်ကိုယ်ကိုယ်အတွက်ပဲ လုပ်နေကြတာများပါတယ်”

မာဇီပင်းက သက်ပြင်းချသည်။

“ဒါက တကယ့်အလှည့်အပြောင်းတစ်ခုကို ဖော်ဆောင်နိုင်မှပဲ မှန်လိမ့်မယ်၊၊ သုတေသနပရောဂျက်တော်တော်များများက အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာ အဲဒါကြောင့်ပဲ ငါတို့က တကယ့်ကျင့်ကြံသူတွေနဲ့ ထိတွေ့ချင်ခဲ့တာ ဒီနေ့မွန်းလွဲပိုင်းတစ်ခုတည်းတင် ငါတို့အများကြီး သင်ယူခဲ့ရတယ်၊၊ ဘာပဲဖြစ်ဖြစ် ဒါကို ကြည့်လိုက်ဦး။ ဒါက ပြီးခဲ့တဲ့နှစ်က ငါတီထွင်ထားတဲ့ အရာတွေထဲကတစ်ခုပဲ—တတိယမျိုးဆက် ကမ္ဘာဦးချီစုဆောင်းကိရိယာ”

ဝမ်ရှန်း၏ စိတ်ဝင်စားမှုများ ချက်ချင်းမြင့်တက်သွားသည်။ သူသည် ဝိညာဉ်မဲ့ဓားကို သေတ္တာထဲသို့ ဂရုတစိုက်ပြန်ထည့်လိုက်ပြီး စားပွဲပေါ်ရှိ ထူးဆန်းသောပုံစံရှိသည့် သေတ္တာများကို စစ်ဆေးကြည့်ရှုလိုက်သည်။

မာဇီပင်း ကမ်းပေးသော ပထမဆုံးပစ္စည်းမှာ ခန္ဓာကိုယ်အနေအထားထိန်းညှိပေးသည့် ကိရိယာတစ်ခုနှင့် တူညီနေသည်။ သူက ဝမ်ရှန်းအား ဝတ်ဆင်ကြည့်ရန် အမူအရာပြလိုက်သည်။ ဝမ်ရှန်း တွန့်ဆုတ်သွားသော်လည်း မငြင်းပယ်ချင်သဖြင့် သူ၏တာအိုဝတ်စုံပေါ်မှ ထပ်၍ ဝတ်ဆင်လိုက်သည်။

ဒီအရာက ကမ္ဘာဦးချီစုပ်ယူမှုကို တကယ်ပဲ မြှင့်တင်ပေးနိုင်လို့လား…။

All Chapters