အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
Chapter 137
ဓား ၇၂လက် စမ်းသပ်ချက်
ရှူဂိုဏ်း၏ ဓားထိန်းချုပ်ခြင်းပညာရပ်၊ ဓားတောင်ကုန်း၊ ဓားတာအို၏ စမ်းသပ်ကွင်း...
ဓားကျင့်ကြံသူတစ်ဦးအနေဖြင့် ဝမ်ရှန်းသည် ၎င်းတို့သည် သဘာဝအတိုင်း အလွန်အမင်းဆွဲဆောင်မှုရှိသည်ဟု ခံစားနေရသည်။ သို့သော်လည်း သူသည် ဇွတ်တရွတ်လုပ်တတ်သော လူငယ်တစ်ဦးမဟုတ်ပေ။ ဖေးလျန်ဇီက အကျိုးကျေးဇူးများကို ပြောပြခဲ့သော်လည်း ဝမ်ရှန်းအနေဖြင့် ၎င်းတို့နောက်တွင် ဖုံးကွယ်နေသည့် အန္တရာယ်များကိုလည်း မြင်တွေ့နိုင်လေ၏။
“ရှူပြည်နယ်မှာ ဓားကျင့်ကြံသူတွေ အများကြီးရှိတာကို ထည့်တွက်ရင်၊ ကျွန်တော့်မျိုးဆက်ထဲက လူအချို့ကတော့ ပြီးပြည့်စုံတဲ့ ဓားဆန္ဒကို နားလည်သဘောပေါက်ထားပြီးသားဖြစ်ရမယ်။ သူတို့အားလုံးက ဘာလို့ ဓားထိန်းချုပ်ခြင်းပညာကို ပြန်လည်ရယူဖို့ ကျရှုံးခဲ့ကြတာလဲ”
ဝမ်ရှန်း၏ ကြည်လင်၍ တည်ငြိမ်သောအကြည့်များက ဖေးလျန်ဇီထံသို့ စိုက်ကျသွားသဖြင့် နောက်ဆုံးတွင် အိုးတိုးအမ်းတမ်းဖြင့် ရယ်မောလိုက်ရတော့သည်။
ဝမ်ရှန်းက ဆက်ပြောလိုက်၏။
“စီနီယာဖေးလျန်… စမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ကြတဲ့ ကျင့်ကြံသူအားလုံးဟာ ဒဏ်ရာတွေကြောင့် နောက်ဆုတ်ခဲ့ကြတာလား”
“အဲဒါကတော့...”
ဖေးလျန်ဇီက နှုတ်ခမ်းကို သပ်လိုက်သည်။
လီကူဖုန်းက ဝမ်ရှန်းကို အံ့ဩရိပ်အနည်းငယ်ဖြင့် ကြည့်လိုက်၏။ ၎င်းတို့ ချဥ်းကပ်ခဲ့ကြသည့် အခြားသောဓားကျင့်ကြံသူများအားလုံးမှာမူ တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူခဲ့ကြသည်။ အစပိုင်းတွင် ငြင်းပယ်ခဲ့ကြသူများပင်လျှင် အနည်းငယ်မာနရှိခြင်းထက် မပိုခဲ့ကြချေ။
သို့သော် ဝမ်ရှန်းကတော့ အရေးကြီးသောပြဿနာကို ပထမဆုံးထောက်ပြနိုင်သူဖြစ်၏။
ဖေးလျန်ဇီက အနေရခက်စွာ ရယ်မောလိုက်ပြီး
“သူတို့ထဲက အချို့ကတော့ ဒဏ်ရာရခဲ့ကြတာအမှန်ပါပဲ၊၊ ဒါပေမဲ့ ဘယ်သူမှ သိပ်မပြင်းထန်ပါဘူး။ အားလုံး သုံးရက်ကနေ ခုနစ်ရက်အတွင်း ပြန်ကောင်းသွားကြတာပဲ။ စမ်းသပ်ချက်က တပည့်တွေကို လေ့ကျင့်ပေးဖို့နဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းကို မြှင့်တင်ပေးဖို့ တည်ဆောက်ထားတာမလို့ ငါတို့ဘိုးဘေးတွေက အသက်အန္တရာယ်ဖြစ်စေမယ့်အရာမျိုးကို အရမ်းကြီးထည့်သွင်းထားမှာ မဟုတ်ပါဘူး”
“ဒါပေမဲ့လည်း စမ်းသပ်ချက်ဆိုကတည်းက သဘာဝအတိုင်းအန္တရာယ်အချို့တော့ ရှိတာပေါ့။ စုစုပေါင်း အဆင့် ၈ဆင့်ရှိပြီး အဆင့်တစ်ခုစီကို ဓားဆန္ဒကိုးလွှာနဲ့ စောင့်ကြပ်ထားတယ်။ ဓားကျင့်ကြံသူတစ်ဦးအတွက်တော့ ဒါဟာ အနှိုင်းမဲ့တိုးတက်မှု အခွင့်အရေးပဲ။ တာအိုဆရာ ဖေးယွီ...”
ဝမ်ရှန်းက ရိုသေစွာ လက်သီးဆုပ်လိုက်ပြီး
“ကျွန်တော် ဒါကို မငြင်းပယ်နိုင်ပါဘူး။ ကျွန်တော် စမ်းကြည့်ပါ့မယ်။ ကျွန်တော့်ခြေထောက်က နှစ်ရက်အတွင်း အပြည့်အဝပြန်ကောင်းလာမှာမလို့ အဲဒီကျရင် ရှူဓားဂိုဏ်းကို ထွက်ခွာနိုင်ပါပြီ”
ဖေးလျန်ဇီမှာ အတိုင်းထက်အလွန်ဝမ်းသာသွားပြီး ဝမ်ရှန်း၏လက်ကို ကပျာကယာဆွဲကိုင်ရန် ရှေ့သို့ တိုးလာခဲ့သည်။ သို့သော်လည်း သူ အနားမရောက်နိုင်ခင်မှာပင် ဝမ်ရှန်း၏ဘေး၌ လှပသောပုံရိပ်တစ်ခုပေါ်လာခဲ့၏။
နူးညံ့သော်လည်း ပြင်းထန်သော ယင်ယန်ချီများက ၎င်းတို့ပတ်လည်တွင် စုစည်းသွားပြီး ဖေးလျန်ဇီ၏ ခြေလှမ်းများကို လွယ်ကူစွာတားဆီးလိုက်ကာ သူ့ကို မူလနေရာသို့ ပြန်လည်တွန်းပို့လိုက်ေလသည်။
ဝမ်ရှန်းက သူ၏ စီနီယာအစ်မကို အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်မိသည်၊၊ ဖေးလျန်ဇီ၏ မျက်နှာတွင်လည်း မယုံကြည်နိုင်မှုများပြည့်နှက်သွားလေသည်။ သူသည် မုဝမ်ရွှမ်းကို တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား စိုက်ကြည့်နေတော့၏။
သူက ရက်ပိုင်းအတွင်းမှာတင် ထပ်ပြီးအဆင့်တတ်သွားတာလား…၊၊
ဝမ်ရှန်းသည် နဖူးကို ပွတ်ရင်း သက်ပြင်းချလိုက်မိသည်။ သူသည် ဝမ်းသာမိသလို တစ်ဖက်တွင်လည်း အနည်းငယ်စိတ်ဓာတ်ကျမိသွား၏။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူ၏ စီနီယာအစ်မသည် တားဆီး၍မရသော တိုးတက်မှုအဆင့်ငယ်များအားလုံးထဲတွင် သူမသည် အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်၌ အချိန်အကြာဆုံးကုန်ဆုံးခဲ့သော်လည်း ၎င်းသည်ပင် တိုတောင်းသောကာလမျှသာဖြစ်ခဲ့သည်။ သူမသည် လုံလောက်သောအခြေခံအုတ်မြစ်ကို စုဆောင်းထားပြီးဖြစ်ကာ သူ၏နားလည်သဘောပေါက်မှုကို နက်ရှိုင်းစေခဲ့ပြီး သူ၏တာအိုကို ပြည့်စုံလုနီးပါးဖြစ်စေခဲ့၏။ ထိုအချိန်တွင် ဖောက်ထွက်သွားခြင်းမှာ သဘာဝကျလှပေသည်။
သို့သော်လည်း...
နောက်ဆုံးတွင် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ရောက်ရှိသွားခဲ့သဖြင့် ဝမ်ရှန်းသည် သူ၏ စီနီယာအစ်မကို အမီလိုက်နိုင်တော့မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း သူက ကွာဟချက်ကို ကျဥ်းမြောင်းအောင် လုပ်ဆောင်နေစဥ်မှာပင် သူမက အားစိုက်ထုတ်စရာမလိုဘဲ နောက်ထပ်ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်ပြန်ပြီဖြစ်၏။ ယခုအခါ သူသည် နတ်သန္ဓေသားအဆင့်သို့ ရောက်ရှိရန် အလားအလာရှိနေပြီဖြစ်ကာ အကြွင်းမဲ့အားကောင်းသော ပညာရှင်ဖြစ်လာတော့မည်ဖြစ်သည်။
ထားလိုက်ပါတော့။ ဒါက ကောင်းကင်အဆင့်သတ်မှတ်ချက်ထဲမှာ ပါဝင်တဲ့လူတစ်ယောက်ဆီကနေ ငါမျှော်လင့်ထားရမယ့် လွှမ်းမိုးနိုင်စွမ်းပဲ…။
ဝမ်ရှန်းအနေဖြင့် ရှူဓားဂိုဏ်း၏ ဓား ၇၂လက် စမ်းသပ်ချက်ဖိတ်ခေါ်မှုကို ငြင်းပယ်ရန်အကြောင်းပြချက်မရှိပေ။ ဤအရာသည် ၎င်းတို့တပည့်များအတွက် မြင့်မြတ်သောစမ်းသပ်ချက်တစ်ခုဖြစ်သင့်၏။ မည်သို့ပင်ဆိုစေကာမူ မည်သည့်စမ်းသပ်ချက်မဆို၊ အထူးသဖြင့် ဂိုဏ်းတစ်ခု၏ တာအိုအမွေအနှစ်နှင့် ဆက်နွှယ်နေသော စမ်းသပ်ချက်သည် ၎င်း၏တပည့်များအတွက် ကြီးမားသောကံကောင်းခြင်းနေရာအဖြစ် သတ်မှတ်ခြင်းခံရသည်။ ထို့အပြင် ရှူဓားဂိုဏ်း၏ စမ်းသပ်ချက်မှာ ဓားကျင့်ကြံသူတစ်ဦးအနေဖြင့် သူ၏ကျွမ်းကျင်မှုနှင့် လုံးဝကိုက်ညီနေ၏။
ဒါ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ။ အန္တရာယ်နည်းနည်းရှိနေပေမဲ့ စွန့်စားရကျိုးနပ်ပါတယ်လေ…။
လေဆိပ်မှအပြန် လမ်းခရီးတွင် ဖေးလျန်ဇီက မုရွှယ်ကို အခြားကားတစ်စီးသို့ ပြောင်းစီးစေခဲ့သဖြင့် သူသည် ဝမ်ရှန်းနှင့် စကားပြောခွင့်ရရှိခဲ့သည်။ မျက်နှာဝိုင်းနှင့် တာအိုဆရာကြီးသည် ရှေ့ခရီးသည်တင်ခုံတွင် နွေးထွေးစွာ ပြုံးလျက်ထိုင်နေပြီး ဝမ်ရှန်းက ရုတ်တရက်အတောင်ပံများပေါက်ကာ ပျံသန်းသွားမည်ကို စိုးရိမ်နေသည့်အလား နောက်သို့ မကြာခဏလှည့်ကြည့်နေလေ၏။
ဝမ်ရှန်း၏ ခြေထောက်မှာ အပြည့်အဝပြန်မကောင်းသေးသဖြင့် ဝူတန်းတောင်သို့ပြန်ရန်မှာ အဆင်မပြေလှပေ။ ဖေးလျန်ဇီကလည်း ဘီးတပ်ကုလားထိုင်ပေါ်တွင်ရှိနေဆဲဖြစ်သော သူ့ကို ရှူပြည်နယ်တောင်တန်းများ၏ အန္တရာယ်ရှိသောမြေမျက်နှာသွင်ပြင်ကို သွားရောက်ရန် ဇွတ်အတင်းပြုလုပ်လိမ့်မည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် ဖေးလျန်ဇီသည် အမြုတေဖွဲ့စည်းခြင်းအဆင့်၏ နောက်ဆုံးအဆင့်တွင်ရှိသော ဓားကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဓားပညာသက်သက်ကိုသာအလေးထားသည့်ဂိုဏ်းတစ်ခု၏ တပည့်တစ်ဦးဖြစ်၏။ ဝမ်ရှန်းသည် ယခုလောလောဆယ်ခရီးမသွားနိုင်သေးသော်လည်း ဓားသိုင်းပညာနှင့် ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ရန် အခွင့်အရေးကိုတော့ အလဟဿအဖြစ်ခံမည်မဟုတ်ပေ။
ဟိုတယ်သို့ ပြန်မည့် မိနစ် ၃၀ကြာ မော်တော်ကားခရီးစဥ်အတွင်း ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့သည် ဓားသိုင်းများနှင့် ဓားဆန္ဒမှသည် သဏ္ဌာန်မဲ့ဓားနှင့် ဓားအရှိန်ဝါအထိ အရာအားလုံးကို တက်ကြွစွာ နှီးနှောဖလှယ်ခဲ့ကြသည်။ ဖေးလျန်ဇီသည် အလွန်အမင်းစိတ်လှုပ်ရှားနေသဖြင့် ဝမ်းသာအားရလက်ခုပ်တီးကာ ကားပေါ်ကနေ ချက်ချင်းခုန်ဆင်းပြီး ဝမ်ရှန်းနှင့် ထိုနေရာမှာတင် အခုချက်ချင်း သိုင်းပြိုင်ချင်နေသည့်အလား ပုံစံမျိုးဖြစ်နေတော့၏။
ထိုစကားဝိုင်းကြောင့် ဝူတန်းတောင်၏ တက်သစ်စပါရမီရှင်သည် ခုနှစ်စင်ကြယ်ဓားဆန္ဒကို သံသယဖြစ်ဖွယ်မရှိဘဲ အပြည့်အဝနားလည်သဘောပေါက်ထားကြောင်း ဖေးလျန်ဇီကို ပို၍သေချာသွားစေသည်။ သူသည် ၎င်းကို အပြည့်အဝမပြည့်စုံသေးလျှင်ပင် ဓားထိန်းချုပ်ခြင်းပညာရပ်ကို အောင်မြင်စွာ ပြန်လည်ရရှိရန် အခွင့်အလမ်းမြင့်မားနေဆဲပင်၊၊
အတိအကျပြောရလျှင် ဝမ်ရှန်းအနေဖြင့် ထိုကဲ့သို့သော မြင့်မြတ်သောစမ်းသပ်ချက်ကို ဖြတ်ကျော်ရန်အခွင့်အရေးကို ငြင်းပယ်လိမ့်မည်မဟုတ်ကြောင်း ဖေးလျန်ဇီ သိရှိထားသည်။ သူ့ကို စည်းရုံးရန်အတွက် မိမိကိုယ်ကိုယ် ဤမျှအထိ နှိမ့်ချနေစရာမလိုပေ။
သို့သော်လည်း ဝမ်ရှန်း ရုတ်တရက်စိတ်ပြောင်းသွားမည်ကို သူ အမှန်တကယ်ကြောက်ရွံ့နေလေသည်။ သူ စောစောကပြောခဲ့သလိုပင် ဓားထိန်းချုပ်ခြင်းပညာမရှိလျှင် ရှူဓားဂိုဏ်းသည် ဝိညာဉ်မဲ့နေမည်ဖြစ်၏။
ထိုအချိန်တွင် မိစ္ဆာကျင့်ကြံသူအချို့ပေါ်လာပြီး ဝမ်ရှန်း၏ ဓားကိုင်ထားသည့် လက်ချောင်းတစ်ချောင်းကိုပင် ထိခိုက်အောင်ပြုလုပ်ရန် ကြိုးစားလာပါက ဖေးလျန်ဇီသည် တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ပွဲထဲသို့ မိမိကိုယ်ကိုယ်ပစ်သွင်းလိုက်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ဟိုတယ်ကားပါကင်သို့ ရောက်ရှိသည့်အခါ ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့သည် ၎င်းတို့၏ ဆွေးနွေးမှုတွင် အလွန်အမင်းနစ်မျောနေခဲ့ကြသဖြင့် ဆိတ်ငြိမ်သော ထောင့်တစ်နေရာကို ရှာဖွေကာ သိုင်းကွက်အနည်းငယ်ကိုဖလှယ်ရန် မအောင့်အီးနိုင်ကြတော့ချေ။
ဝမ်ရှန်းသည် သူ၏ဘီးတပ်ကုလားထိုင်ပေါ်တွင် ဆက်လက်ထိုင်နေပြီး ဖေးလျန်ဇီကမူ နှစ်မီတာခန့်အကွာတွင် ရပ်နေသည်။ တစ်ဦးစီသည် လမ်းဘေးကနေ ကောက်ကိုင်လာသည့် သစ်ကိုင်းတစ်ကိုင်းစီကို ကိုင်ဆောင်ထားကြပြီး ပြိုင်ဘက်၏ ရင်ဘတ်ကို ရိုက်ခတ်ရန်အတွက် အသုံးပြုကြမည် ဖြစ်ကာ အောင်မြင်စွာ ထိမှန်သည့် အကြိမ်အရေအတွက်က အနိုင်အရှုံးကို ဆုံးဖြတ်မည် ဖြစ်၏။
ပထမအချီတွင် ဝမ်ရှန်းသည် ခုနှစ်စင်ကြယ်ဓားသိုင်းကို ခုနှစ်စင်ကြယ်ဓားအစီအရင်၏ အစိတ်အပိုင်းများနှင့် ပေါင်းစပ်လိုက်သည်။ သို့သော်လည်း သူသည် သင့်တော်သော ခြေလှမ်းအချိတ်အဆက်မရှိသဖြင့် ထိုသိုင်းပညာ၏ စွမ်းအားကို အပြည့်အဝမထုတ်ဖော်နိုင်ခဲ့ချေ။
ဖေးလျန်ဇီကမူ ရှူဓားဂိုဏ်း၏ အခြေခံဓားသိုင်းတစ်ခုကို အသုံးပြုခဲ့သည်။ နောက်ဆုံးရလဒ်မှာ ၁၆မှတ်- ၂၄မှတ် ဖြစ်ရာ သူသည် ဓားတာအိုတွင် တကယ့်ကို ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း ထင်ရှားသောသက်သေပင်ဖြစ်၏။ သူ၏စွမ်းရည်များသည် ကောင်းရှီရှင်းထက် အနည်းငယ်နိမ့်ကျသော်လည်း ကွာခြားမှုမှာမူ သိပ်မကြီးမားလှပေ။
ဒုတိယအချီတွင် ဝမ်ရှန်းသည် သူ၏လှုပ်ရှားမှုများထဲ၌ ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒကို ထည့်သွင်းလိုက်သည်။ ဖေးလျန်ဇီက ၇၂ကွက် ရွေ့လျားဓားတောင်ထိပ်များဟု လူသိများသည့် ရှုပ်ထွေးသောသိုင်းတစ်ခုဖြင့် ပြန်လည်တုံ့ပြန်ခဲ့သော်လည်း ဝမ်ရှန်း၏ ခံစစ်ကို ဖောက်ထွက်ရန် ကျရှုံးခဲ့လေ၏၊၊
နောက်ဆုံးတွင် ဝမ်ရှန်းသည် ဖေးလျန်ဇီ၏ ဓားအရှိန်ဝါအတွင်းရှိ ဟာကွက်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။ သူသည် သူ၏ဓားသိုင်းကို တင်းမာမှုမှသည် ပျော့ပြောင်းမှုသို့ ပြောင်းလဲလိုက်ပြီး အင်အားကို ဖြည်းဖြည်းချင်းတည်ဆောက်လိုက်၏။ ထို့နောက် သူသည် ထက်မြက်သောတိုက်စစ်တစ်ခုကို ဆင်နွှဲလိုက်ရာ ပျော့ပျောင်းသော သစ်ကိုင်းဖြင့် ဖေးလျန်ဇီ၏ ရင်ဘတ်ကို အောင်မြင်စွာ ထိမှန်သွားစေနိုင်ခဲ့သည်၊၊
နောက်ဆုံးရလဒ်ကတော့ ၁-၀ ဖြစ်၏။ ၎င်းသည် ကပ်သီးကပ်သတ်အနိုင်ရရှိမှုပင်ဖြစ်သည်။
၎င်းတို့သည် ပျော်ရွှင်စရာသိုင်းပြိုင်မှုအဖြစ်သာ အဓိကလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သော်လည်း ဖေးလျန်ဇီ၏ တပည့်နှစ်ဦးမှာမူ လုံးဝဆွံ့အသွားခဲ့ကြရသည်။ အကယ်၍ ကျိုးရင်လောင်သာ ထိုနေရာတွင် ရှိနေခဲ့ပါက ၎င်းတို့သည် ဆေးရုံသို့သွားရောက်ကာ ရှီချန်ကျန်းထံ အလည်အပတ်သွားနိုင်ကြမည် ဖြစ်၏။ ၎င်းတို့သည် ဝမ်ရှန်းက ၎င်းတို့ကို မည်သို့ ခြေမှုန်းခဲ့သည်ဟူသော အတွေ့အကြုံများကို ပြောပြရင်း မာကျောက်တစ်ဝိုင်းကစားရန်အတွက် လူအင်အား လုံလောက်သွားပေလိမ့်မည်။
ဖေးလျန်ဇီက လက်ကို ဝှေ့ယမ်းလိုက်ပြီး
“တတိယအချီတော့ မလိုတော့ပါဘူး။ ဒီလိုသိုင်းပြိုင်မှုမျိုးမှာတော့ မင်းရဲ့ ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒကို တန်ပြန်ဖို့ ငါ့မှာ တကယ်ကို နည်းလမ်းမရှိဘူး”
၎င်း၏ ဆိုလိုရင်းမှာ ရှင်းလင်းလှပေသည်၊၊ အကယ်၍ ၎င်းတို့သာ အတည်အပေါက်တိုက်ခိုက်ကြမည်ဆိုပါက ဝမ်ရှန်း၏ ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒကို ကျော်လွှားနိုင်မည့်နည်းလမ်းများ သူ့တွင် ရှိနေသေးပေ၏။
ဝမ်ရှန်းက ပြုံးလျက် ခေါင်းညိတ်လိုက်စဥ် ဖေးလျန်ဇီသည် သူ၏သစ်ကိုင်းကို ဘေးသို့ ပေါ့ပေါ့ပါးပါးပစ်ချလိုက်ပြီး ဝမ်ရှန်းကို သဘောကျစွာ စိုက်ကြည့်နေပြန်သည်။ ထိုအချိန်တွင် မုဝမ်ရွှမ်းက ချောင်းတစ်ချက်ဟန့်ကာ ရှေ့သို့ အနည်းငယ်တိုးလိုက်ပြီး သူမ၏ ဂျူနီယာမောင်လေးကို ဂိုဏ်းအတွင်းသို့ သိမ်းသွင်းလိုသည့် စိတ်ဆန္ဒများကို ထိန်းချုပ်ရန် တာအိုဆရာကြီးအား တိတ်တဆိတ်သတိပေးလိုက်၏။
Chapter 138
ဖေးလျန်ဇီ၏ အကြံ
ဖေးလျန်ဇီသည် ဝမ်ရှန်းကို တပည့်အဖြစ်ခေါ်ယူရန် အမှန်ပင်စဉ်းစားခဲ့ဖူးသည်။ သို့သော်လည်း မုဝမ်ရွှမ်းက အတားအဆီးတစ်ခုအဖြစ်ရှေ့တွင်ရှိနေသဖြင့် သူသည် ထိုကောင်လေးကို စည်းရုံးချင်စိတ်ကို အောင့်အီးလိုက်သည်။ ကိုယ်တိုင်မသင်ကြားပေးနိုင်လျှင်တောင်မှ သူ့ကို ဂိုဏ်းတူညီလေး သို့မဟုတ် ထိုကဲ့သို့သော အဆင့်အတန်းတစ်ခုခုအဖြစ်နှင့်ပင် ဂိုဏ်းသို့ ခေါ်ဆောင်သွားနိုင်လောက်သည်၊၊
သို့သော် တစ်ချက်ပြန်စဉ်းစားကြည့်လိုက်သောအခါ ပုယန် (ချင်ယန်ဇီ) ၏ ကျင့်ကြံခြင်းအဆင့်သည် အကြီးအကဲမျိုးဆက်များ၏အဆင့်သို့ ချဉ်းကပ်နေပြီဖြစ်ပြီး ဖေးယွီ၏ ဓားသိုင်းပညာသည်လည်း ၁၀နှစ် သို့မဟုတ် နှစ်နှစ်ဆယ်ခန့် ဓားသိုင်းကျင့်ကြံခဲ့သည့် တာအိုအကြီးအကဲများထက်မနိမ့်ကျကြောင်း ဖေးလျန်ဇီ သဘောပေါက်သွားသည်။ ထို့အပြင် သူတို့၏ ဆရာဖြစ်သူချင်ယန်ဇီကိုလည်း ထည့်သွင်းစဉ်းစားရဦးမည် ဖြစ်သည်။
အင်း... ရှုဓားဂိုဏ်းရဲ့ လက်ရှိအင်အားနဲ့ဆိုလျှင် ငါတို့က သူတို့ကိုသွားပြီး မလေးမစားလုပ်မိတာအကောင်းဆုံးပဲ…၊၊
လောလောဆယ်တွင် ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ထားခြင်းက အကောင်းဆုံးဖြစ်ပြီး နောင်တစ်ချိန်တွင် မိမိတို့ဓားတောင်တန်း၏ ပြင်းထန်သော ဓားကျင့်ကြံခြင်းပတ်ဝန်းကျင်က ဖေးယွီကို ဆယ်စုနှစ်အနည်းငယ်ခန့် လာရောက်ကျင့်ကြံရန် ဆွဲဆောင်နိုင်မလားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
စိတ်ပိုင်းဖြတ်ပြီးနောက် ဖေးလျန်ဇီသည် ရှေ့သို့တစ်လှမ်းတိုးကာ လက်သီးဆုပ်ကာပြုံးပြလိုက်သည်။
“မင်းရဲ့ခြေထောက်သက်သာသွားရင် ငါတို့ စမ်းသပ်ချက်ကို အလောတကြီးသွားခိုင်းမှာမဟုတ်ပါဘူး။ ငါ့ရဲ့ ဆရာဦးလေးအချို့ကို မင်းကို ဓားကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး လမ်းညွှန်မှုပေးခိုင်းပြီး မင်းရဲ့ ဓားဆန္ဒကို အရင်ဆုံးသွေးပေးခိုင်းမယ်။ ဒါက ငါ့ဓားဂိုဏ်းရဲ့ အရေးပေါ်အကျပ်အတည်းကို ဖြေရှင်းဖို့ ကူညီပေးလိမ့်မယ်။ ငါ့ဘဝမှာ အကူအညီတောင်းတာရှားပေမဲ့ ဒီကိစ္စကိုတော့ မင်းကိုပဲအားကိုးရတော့မယ် ဖေးယွီ”
“ဒါက ကျွန်တော့်အတွက်လည်း ရှားပါးတဲ့အခွင့်အရေးတစ်ခုပဲ။ စီနီယာက... အရမ်းကြီးအားနာမနေပါနဲ့”
ဝမ်ရှန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။ အကြွေးတင်စရာမလိုဘဲ တာအိုအကြီးအကဲများထံမှ လမ်းညွှန်မှုခံယူနိုင်မည့် အခွင့်အရေးမျိုးကို သူက အမြဲတမ်းကြိုဆိုနေကျဖြစ်သည်။
အနီးတွင် ကျီလင်းသည် သူမဆရာ ပစ်လိုက်သော သစ်ကိုင်းကို ကောက်ယူလိုက်သည်။ ထို့နောက် ဝမ်ရှန်းထံသို့အပြေးလာကာ ဝမ်ရှန်းဆီမှ သစ်ကိုင်းကိုပါယူပြီး အနီးရှိ အမှိုက်ပုံးထဲသို့ ထည့်လိုက်သည်။
“ဖေးယွီ”
ဖေးလျန်ဇီသည် မုဝမ်ရွှမ်းကို တစ်ချက်လှမ်းကြည့်ကာ ဘေးသို့ တစ်လှမ်းချင်းဆုတ်ပြီး ဝမ်ရှန်းထံ အနည်းငယ်တိုးကပ်သွားသည်။
“ငါ့ဆီမှာ ချော်လဲတာနဲ့ ထိခိုက်ဒဏ်ရာတွေကို ကုသရာမှာ အထူးကောင်းမွန်တဲ့ ဆေးကပ်ခွာအချို့ ရှိတယ်။ မင်း စမ်းသုံးကြည့်ချင်လား”
ဝမ်ရှန်းက ပြန်ပြောသည်။
“မလိုပါဘူး စီနီယာ... ဒုက္ခမရှာပါနဲ့တော့။ ကျွန်တော့်ခြေထောက်က တစ်ရက်၊ နှစ်ရက်အတွင်း လုံးဝသက်သာသွားမှာပါ။ ဒီအခွင့်အရေးကို သုံးပြီး ကျွန်တော့်ခြေထောက်က အရိုးတွေကို ပိုသန်မာအောင်လုပ်ချင်လို့ပါ”
“ကောင်းပြီ... အဲဒါနည်းလမ်းကောင်းပဲ။ ဒါဆို ငါနဲ့ ငါ့တပည့်တွေ မင်းတို့နှစ်ယောက်ကို မနှောင့်ယှက်တော့ဘူး။ ဒါက ငါ့ရဲ့ ဖုန်းနံပါတ်ပါ… တစ်ခုခုလိုရင် ငါ့ကို ဖုန်းဆက်လိုက်။ ဘာကိစ္စမှမရှိရင်တောင် အချိန်မရွေးဖုန်းဆက်လို့ရပါတယ်။ ငါတို့ ဓားသိုင်းအကြောင်း ဒါမှမဟုတ် တခြားကိစ္စရပ်တွေကို ဆက်ပြီးဆွေးနွေးနိုင်တာပေါ့”
ဖေးလျန်ဇီက လိပ်စာကတ်တစ်ခုကို ကမ်းပေးလိုက်သည်။ ဝမ်ရှန်းက ၎င်းကို လက်ခံရရှိပြီးနောက် ထိုမျက်နှာဝိုင်းဝိုင်းနှင့် တာအိုဆရာသည် ကျေနပ်စွာခေါင်းညိတ်ပြကာ လက်နှစ်ဖက်ကိုနောက်ပစ်လျက် ထူးဆန်းသောပုံစံဖြင့် ထွက်ခွာသွားခဲ့သည်၊၊
“တာအိုရောင်းရင်းတို့... မနက်ဖြန်ကျမှ ပြန်ဆုံကြတာပေါ့ ဟားဟားဟားဟား”
ကျီလင်းသည် သူမ၏ဆရာပြဿနာရှာမည်ကိုစိုးရိမ်နေသည့်အလား နောက်ကအပြေးအလွှားလိုက်သွားသည်။ အိတ်ကြီးအိတ်ငယ်များကို ထမ်းပိုးထားရသော လီကူဖုန်းသည် ဝမ်ရှန်းကို နှုတ်ဆက်ပြီးနောက် သူတို့နောက်သို့ အမြန်လိုက်ပါသွားတော့သည်။
ဝမ်ရှန်း၏ ဝိညာဉ်အသိစိတ်သည် လေနှင့်အတူလွင့်ပျံ့သွားစဉ် ကျီလင်း၏ အားကျနှစ်ခြိုက်နေသောသံကို သဲ့သဲ့မျှကြားနေရသေးသည်။
“ဆရာ... ကျွန်မတို့ ဒီညဒီမှာပဲတည်းကြမှာလား။ ဒီနေရာက ဈေးကြီးတယ်မဟုတ်လား”
“မစိုးရိမ်ပါနဲ့... အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ငါတို့ရဲ့ ကုန်ကျစရိတ်တွေကို ကျခံပေးမှာပါ။ ဟူး... အကုန်လုံးဒီလောက်အထိ ချောချောမွေ့မွေ့ဖြစ်သွားလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ပြန်ကြစို့... ပြီးရင် ဂိုဏ်းချုပ်ဆီ ဗီဒီယိုကောလ်ခေါ်ပြီး ဒီသတင်းကောင်းကိုပြောပြရမယ်”
“တာအိုဆရာဝမ်ရဲ့ ဓားသိုင်းက တကယ့်ကို အံ့ဩစရာပဲ ဆရာ။ ပြီးတော့ နတ်သမီး ပုယွီကလည်း တကယ့်ကို နတ်မိမယ်တစ်ပါးလို အရှိန်အဝါရှိတာပဲနော်။ အဲဒါကို ခဏထားပါဦး... ဆရာက ဘာလို့ အသက်နဲ့မလိုက်အောင်လုပ်တတ်တဲ့ အကြီးအကဲတစ်ယောက်လိုဖြစ်သွားတာလဲလို့ ကျွန်မ ဘာလို့ခံစားနေရတာလဲ”
“တိတ်စမ်း... ငါက ငါတို့ဂိုဏ်းအတွက် ငါ့ရဲ့ သိက္ခာရှိတဲ့ ပညာရှင်အသွင်အပြင်ကို စွန့်လွှတ်ခဲ့ရတယ်။ ဒါက ငါတို့ရဲ့ ကြီးမြတ်တဲ့ဓားဂိုဏ်းရဲ့ ကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံမှုပဲ”
ဓာတ်လှေကားတံခါးများ ပိတ်သွားသည်နှင့်အမျှ သူတို့၏ အသံများမှာ တဖြည်းဖြည်းတိုးလျသွားသည်။ ဝမ်ရှန်းက ခပ်တိုးတိုးရယ်မောလိုက်သည်။ ဆရာတပည့်တိုင်းတွင် ကိုယ်ပိုင်အပြန်အလှန်ဆက်ဆံရေးပုံစံရှိကြသည်။ ဖေးလျန်ဇီသည် မာနမကြီးသောအမျိုးအစားဖြစ်သည်။
သူတို့၏ ချင်ယန်ဇီမှာမူ အစအနောက်သန်ပြီး ပျင်းရိကာ စိတ်လိုက်မာန်ပါလုပ်တတ်ပေသည်။ သို့သော် ဖေးလျန်ဇီနှင့်မတူဘဲ သူသည် အမြဲတည်ငြိမ်ပြီး ဆရာတစ်ယောက်၏ အသွင်အပြင်ကို ထိန်းသိမ်းထားတတ်သည်။ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် သူတို့၏ ဆရာကို ထိုကဲ့သို့သောပုံစံမျိုးဖြင့် ဘယ်သောအခါမှ နောက်ပြောင်ရဲကြမည်မဟုတ်ပေ။
မုရွှယ်သည် သူမ၏ လွယ်အိတ်ကို မွှေနှောက်ကာ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့၏ အခန်းကတ်များကို ထုတ်ပေးလိုက်သည်။
“တာအိုဆရာဝမ်... တာအိုဆရာမပုယွီ... တခြားကိစ္စမရှိရင် ကျွန်မ အလုပ်တွေကို ကူညီဖို့ပြန်ပါရစေဦး။ လောလောဆယ်အဖွဲ့မှာ လူအင်အားလိုအပ်နေလို့ပါ။ စစ်ဆေးမေးမြန်းမှုတွေက လေးပုံတစ်ပုံပဲပြီးသေးတယ်၊၊ ပြီးတော့ ဝန်ထမ်းတွေအများကြီးကို အင်တာနက်ကို စောင့်ကြည့်ဖို့ ပြန်တာဝန်ချထားရတယ်”
ဝမ်ရှန်းက ပြုံးလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ် အရမ်းကြီးအပင်ပန်းမခံပါနဲ့။ အလုပ်နဲ့ အနားယူခြင်းကို မျှတအောင် ထိန်းသိမ်းဖို့က အရေးကြီးပါတယ်။ ခင်ဗျားတို့ အရင်က ဖမ်းမိထားတဲ့ ကျင့်ကြံသူတွေအားလုံးကို တစ်ယောက်ချင်းစီ စစ်ဆေးမေးမြန်းနေတာလား”
“ဟုတ်တယ်”
မုရွှယ်သည် ကားပါကင်အနီးတစ်ဝိုက်ကို လှည့်ပတ်ကြည့်ရှုကာ အနီးနားတွင် မည်သူမျှမရှိကြောင်း အတည်ပြုပြီးနောက် သူမ၏ အသံကိုတိုးလိုက်သည်။
“အထက်က အမိန့်မရမချင်း တာအိုဂိုဏ်းတွေရဲ့ တပည့်တွေကို အိမ်ပြန်ခွင့်မပေးဖို့ ကျွန်မတို့ စီစဉ်ထားတယ်။ အခု ကျွန်မတို့ရဲ့ ညွှန်ကြားချက်ကတော့ အပေါ့ပါးဆုံးပြစ်ဒဏ်အဖြစ် တစ်ပတ်လောက်ထိန်းသိမ်းထားဖို့ပဲ”
“တခြားသူတွေကို ဒဏ်ရာရအောင်လုပ်တဲ့အထဲမှာ ပါဝင်ပတ်သက်သူတွေကိုတော့ ပြင်းပြင်းထန်ထန်အရေးယူသွားမှာဖြစ်ပြီး ပြစ်မှုရာဇဝင်ရှိတဲ့ မိစ္ဆာကျင့်ကြံသူတွေကိုတော့ စံပြအနေနဲ့ အရေးယူသွားမှာကတော့ ပြောနေစရာမလိုပါဘူး။ အဲဒီညက မြစ်ထဲကို တကယ်ပဲ အပြေးအလွှားသွားခဲ့ကြတဲ့ မြင့်မြတ်တောင်တန်းတွေက တပည့်အနည်းငယ်ရှိတယ်ဆိုတာကိုလည်း ကျွန်မတို့ အတည်ပြုထားပြီးပါပြီ”
ဝမ်ရှန်းက သတိပေးလိုက်သည်။
“ကျင့်ကြံသူတွေနဲ့ ပဋိပက္ခတွေကို အရမ်းမကြီးထွားစေတာ အကောင်းဆုံးပဲ။ လောလောဆယ်မှာ ကျင့်ကြံခြင်းလောကက အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ အခုအချိန်မှာ ကျင့်ကြံသူတွေရဲ့ စွမ်းရည်က အကန့်အသတ်ရှိနေပေမဲ့ နောင်အနာဂတ်မှာ သူတို့ ဘယ်လို မန္တန်တွေနဲ့ နတ်စွမ်းရည်တွေကို ထုတ်ဖော်လာနိုင်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး”
မုရွှယ်က ပြုံးလိုက်သည်။
“နားလည်ပါပြီ။ ရှင့်ရဲ့ အကြံပြုချက်ကို အဖွဲ့ဆီ အမြန်ဆုံးလက်ဆင့်ကမ်းပေးပါ့မယ်။ ရှင်က အလုပ်ထဲကို အသားကျနေပြီပဲ... မစ္စတာအကြံပေး။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ မကြာခင်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့က လူထုရှေ့ကို ရောက်ရှိလာတော့မှာဖြစ်ပြီး ဖြောင့်မတ်တဲ့ တာအိုကျင့်ကြံသူတွေကို စုစည်းပေးမယ့် ကျင့်ကြံခြင်းလောကအတွက် ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်တစ်ခုကို အိမ်ရှင်အနေနဲ့ လက်ခံကျင်းပတော့မှာပါ”
မကြာခင်လား။ အဲဒါက ဟွာသမ္မတနိုင်ငံရဲ့ ပထမဆုံးသော မော်ကွန်းဝင် အင်မော်တယ်တာအိုမဟာပြိုင်ပွဲကြီးလေ…၊၊
ဝမ်ရှန်းသည် ထိုပွဲကို ရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်။ ကျင့်ကြံသူများသာပါဝင်နိုင်သော်လည်း ၎င်းနှင့်ပတ်သက်သည့် ကောလာဟလများသည် အင်တာနက်အနှံ့ ပျံ့နှံ့သွားခဲ့သည်။
မုရွှယ်၊ အစောင့်အဖြစ်ရပ်နေသော ဘူဒိုဇာနှင့် ဖေးလျန်ဇီတို့ ဆရာတပည့်များနှင့်အတူရှိနေခဲ့သော အခြားနှစ်ယောက်တို့သည် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ကို နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် သူတို့အတူတူထွက်ခွာသွားကြတော့သည်။
သူတို့နှစ်ဦးတည်းသာ ကျန်ရှိတော့သောအခါ မုဝမ်ရွှမ်းသည် သက်ပြင်းကို ချလိုက်ပြီး ချက်ချင်းပင် သူမ၏ ဘယ်ဘက်လက်ဖြင့် ဝမ်ရှန်း၏ ပုခုံးကို ပြင်းထန်စွာ ဖိချလိုက်သည်။
“အ အား... နာတယ်... စီနီယာအစ်မ...”
“ဟွန့်”
သူမ ဘာဖြစ်နေတာလဲ။ တစ်ခုခုကို စိတ်ဆိုးနေတာလား။
ဝမ်ရှန်းသည် သူမ၏လက်ထဲမှ ဓားသေတ္တာနှင့် ခရီးဆောင်အိတ်ကို ယူလိုက်ရင်း ခပ်ဖွဖွရယ်မောလိုက်သည်။ ထို့နောက် မုဝမ်ရွှမ်းက သူ့ကို ဓာတ်လှေကားထဲသို့ တွန်းပို့လိုက်သည်။ အခန်းထဲသို့ ပြန်ရောက်သောအခါ မုဝမ်ရွှမ်းသည် အထုတ်အပိုးများကို ချက်ချင်းမဖြည်သေးဘဲ လက်ကိုဆေးကြောကာ ဝမ်ရှန်း၏ အရိုးဒဏ်ရာကို စစ်ဆေးရန်ကူညီပေးခဲ့သည်။
သို့သော် ဝမ်ရှန်းက သူမ၏စိတ်ကို ချက်ချင်း ရိပ်မိသွားသည်။ သူမ၏ စရိုက်အရဆိုလျှင် သူ့ကို ပွေ့ချီသွားနိုင်ခြေရှိသည်။ ထို့ကြောင့် သူသည် ဝှီးချဲပေါ်မှ ကုတင်ပေါ်သို့ ချက်ချင်းခုန်တက်လိုက်သည်။ သိက္ခာရှိသော ယောကျ်ားတစ်ယောက်အနေဖြင့် မိမိ၏ စီနီယာအစ်မက သူ့ကို နတ်သမီးလေးလို ပွေ့ချီသွားခြင်းကို ခံရမည်ဆိုပါက သူ၏ ဂုဏ်သိက္ခာက…၊၊
Single ဖြစ်ရတာကလည်း နောက်ဆုံးတော့ ကိုယ့်စွမ်းရည်နဲ့ကိုယ်ပဲကိုး...။
“ရော့”
မုဝမ်ရွှမ်းသည် ခရီးဆောင်အိတ်ထဲမှ မုန့်နှစ်ထုပ်ကို ထုတ်ပြီး ဝမ်ရှန်းကို ကမ်းပေးလိုက်သည်။ ထုံးစံအတိုင်း သူမသည် အစားအသောက်ဖြင့် နာကျင်မှုကို သက်သာအောင်လုပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ထို့နောက် သူမသည် ကုတင်ဘေးတွင် ဒူးထောက်ကာ ဝမ်ရှန်း၏ ဖိနပ်ကို ဂရုတစိုက်ချွတ်ပေးပြီး ဘောင်းဘီခြေထောက်ကို လိပ်တင်လိုက်သည်။ ထို့နောက် ပတ်တီးဖြင့် အလျင်အမြန်စည်းထားသော ခြေကျင်းဝတ်ကို ကြည့်ပြီး အသာအယာမှုတ်ပေးလိုက်သည်။
ဝမ်ရှန်းက သက်ပြင်းချလိုက်သည်။
“စီနီယာအစ်မ... အစ်မက အင်မော်တယ်လေကို မှုတ်ပေးနေတာလား။ ကျွန်တော့်ဒဏ်ရာက တကယ်ပဲ သက်သာသွားသလို ခံစားရတယ်”
မုဝမ်ရွှမ်းက သူ့ကို လျှာလေးထုတ်ပြကာ ပြောင်ပြလိုက်သည်။
“ဖူး”
သူမသည် ဒဏ်ရာကို ဖိချတော့မည့်အလား သူမ၏ လက်ချောင်းများကို တဖြည်းဖြည်းတိုးကပ်လာခဲ့သည်။ သို့သော်လည်း သူမသည် အစစ်မှန်ချီကို သူ၏ အရိုးများထဲသို့ စီးဆင်းစေကာ ဂရုတစိုက်ကုသပေးခဲ့သည်။
သူတို့နှစ်ဦးစလုံးသည် သန့်စင်ယန်အင်မော်တယ်ကျင့်စဥ်ကို သုံးပြီး ကျင့်ကြံခဲ့ကြပြီး တူညီသောဂိုဏ်းမျိုးဆက်မှဖြစ်ကြသည်။ သို့သော်လည်း မုဝမ်ရွှမ်း၏ အစစ်မှန်ချီသည် ဝမ်ရှန်းထက် များစွာပိုမိုသန့်စင်ပြီး စွမ်းအားကြီးမားသောကြောင့် သူမ၏ ကုသမှုက များစွာပိုမိုထိရောက်မှုရှိသည်။
ဝမ်ရှန်းသည် တံတောင်ဆစ်များကို အားပြုကာ လျောင်းစောင်းလျက် ဆံပင်ရှည်များနောက်တွင် တစ်စိတ်တစ်ပိုင်းဖုံးကွယ်နေသော သူ၏ စီနီယာအစ်မ၏ မျက်နှာကို ကြည့်နေမိသည်။ သူ၏ နှလုံးသားထဲတွင် နက်ရှိုင်းသောငြိမ်းချမ်းမှုတစ်ခုအခြေချသွားခဲ့သည်။
“စီနီယာအစ်မ... ဆရာဒေါ်လေးက ဂျူနီယာညီမလေးကို သူမရဲ့ တပည့်အဖြစ် တကယ်ပဲခေါ်ထားချင်နေတာလား”
မုဝမ်ရွှမ်းသည် စကားဖြင့် မပြောနိုင်သောကြောင့် ခေါင်းညိတ်ပြရုံသာ ပြုလုပ်ပြီး ဝမ်ရှန်း၏ အကြည့်ကို သူမ၏ မျက်ဝန်းများဖြင့် အဖြေပေးလိုက်သည်။
“အွန်း”
တစ်ယောက်ယောက်က မျက်တောင်ခတ်ပြီး ရိုက်လို့ရတဲ့ ကီးဘုတ်မျိုးကို တီထွင်သင့်တယ်…။