အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
Chapter 135
ရှူဓားဂိုဏ်း၏ အကျပ်အတည်း
လေဆိပ်အဆောက်အအုံအတွင်းရှိ လူကြိုဆိုသည့်နေရာတွင် လူနှစ်စုသည် အချင်းချင်းစိုက်ကြည့်ရင်း ရပ်နေကြသဖြင့် အနီးနားရှိ လုံခြုံရေးဝန်ထမ်းအချို့လည်း သတိထားမိသွားပြီး ပို၍အာရုံစိုက်ကြည့်ရှုလာကြ၏။
ဝမ်ရှန်းသည် စိတ်သဘောထားကောင်းသူဖြစ်သော်လည်း ဤရယ်စရာကောင်းလှသည့် အမည်ပြောင်ကိုကြားရသည့်အခါ စိတ်တိုသွားခဲ့သည်၊၊ သူသည် နောက်ကနေ အမီလိုက်လာသည့် သက်လတ်ပိုင်းတာအိုဆရာကို စိုက်ကြည့်လိုက်သည်။ မုဝမ်ရွှမ်းကမူ ပို၍ပင် ပြတ်သားသေး၏။ သူက လျင်မြန်စွာ လှည့်၍ ဝမ်ရှန်း၏ရှေ့တွင် ကာဆီးရပ်လိုက်ပြီး ယင်ယန်ချီများက သူ့ခန္ဓာကိုယ်ပတ်လည်တွင် ခပ်ပါးပါးရစ်သိုင်းလာလေသည်။
ထိုတာအိုဆရာသည် အရပ်သိပ်မမြင့်လှပေ။ ထို့အပြင် ဝိုင်းစက်နီမြန်းသော မျက်နှာ၊ စူးရှမှုကို ဖုံးကွယ်ထားသည့် မျက်ဝန်းများ၊ မေးနှစ်ထပ်နှင့် နဖူးပေါ်တွင် ဝဲကျနေသည့် ဆံနွယ်ရှည်နှစ်စုရှိကာ အပြာရင့်ရောင်တာအိုဝတ်စုံနှင့် ဟွမ်းယွမ်ခေါင်းစည်းကို ဝတ်ဆင်ထားသည်။
သူသည် ဝမ်ရှန်းထံအပြေးအလွှားလာပြီးစကားပြောချင်သော်လည်း မုဝမ်ရွှမ်းက ယင်ယန်ချီဖြင့်ပိတ်ဆို့ထားလိုက်သဖြင့် တာအိုဆရာလည်း ပျာပျာသလဲဖြစ်သွားပြီး ရှေ့တိုးနောက်ဆုတ်ဖြင့် ဂဏာမငြိမ်ဖြစ်နေကာ ဝမ်ရှန်း နားမလည်နိုင်သည့် ဒေသန္တရစကားများကို ဗလုံးဗထွေးပြောဆိုလိုက်သည်။
ယွီ၊ လု၊ လွီ ဆိုသည့် အသံထွက်များက လုံးဝ ထပ်တူကျနေသလိုပင်...
ဒေသန္တရစကားအနည်းငယ်ကို ပြောင်းလဲပြောဆိုပြီးနောက်တွင်မူ တာအိုဆရာသည် နောက်ဆုံး၌ မှန်ကန်သော မန်ဒရင်းအသံထွက်ကို ရှာတွေ့သွားတော့သည်။
“မင်းက တာအိုဆရာ ဝမ်ဖေးယွီမဟုတ်လား။ ဒီမှာဆုံရတာ တကယ်ကို တိုက်ဆိုင်တာပဲ။ ဒါက ငါတို့ ဘိုးဘေးတွေ မစတာပဲဖြစ်ရမယ်။ မြန်မြန်၊ မြန်မြန်။ ငါနဲ့ အခုချက်ချင်း လိုက်ခဲ့ပါ။ ငါတို့ဂိုဏ်းနဲ့ ဂိုဏ်းသားတွေကို ကယ်တင်ပေးပါဦး”
ဝမ်ရှန်း ပြန်မပြောနိုင်သေးခင်မှာပင် သူ၏ ဝိညာဉ်အသိစိတ်က နောက်ကလိုက်လာသည့် ကျင့်ကြံသူနှစ်ဦးကို ထပ်မံတွေ့ရှိလိုက်သည်။ လှည့်ကြည့်လိုက်သောအခါ သူ့အရွယ်ခန့် ရှိမည့် လူငယ်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရ၏။
လူငယ်က အပြာနုရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး အမျိုးသမီးငယ်မှာမူ ရိုးရှင်း၍ အမြင်တင့်တယ်သောဂါဝန်ရှည်ကို ဝတ်ဆင်ထားသည်။ ၎င်းတို့သည် ဝိညာဉ်ပေါင်းစည်းခြင်းနောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်ရာ အဆင့်အတန်းတစ်ခုအထိ ကျင့်ကြံထားပြီးသားဖြစ်သဖြင့် မည်သည့်နည်းနှင့်မျှ မနိမ့်ပါးကြချေ။
ဝမ်ရှန်းသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို အကဲခတ်နိုင်သော်လည်း မျက်နှာဝိုင်းဝိုင်းနှင့် တာအိုဆရာ၏ ကျင့်ကြံခြင်းအဆင့်ကိုမူ လုံးဝခန့်မှန်း၍မရချေ။
အထုပ်အပိုးအမြောက်အမြားကို သယ်ဆောင်လာသည့် လူငယ်ကျင့်ကြံသူသည် နောက်ဆုံးတွင် ၎င်းတို့ထံ ရောက်ရှိလာပြီး လှမ်းအော်လိုက်သည်။
“ဆရာ။ နည်းနည်းလောက် စောင့်ပါဦး။ ဆရာက ဘာအထုပ်အပိုးမှ သယ်မထားပဲနဲ့”
အမျိုးသမီးငယ်ကမူ ဆရာဖြစ်သူ၏ လက်မောင်းကို လက်နှစ်ဖက်ဖြင့် ကပျာကယာဆွဲကိုင်လိုက်သည်။ ထို့နောက် မျက်လုံးဝိုင်းကြီးများဖြင့် ဝမ်ရှန်းကို ကြည့်ကာ မျက်တောင်ခတ်ရင်း ပြောလိုက်၏။
“တကယ်ပဲ တာအိုဆရာ ဖေးယွီပဲ။ နေပါဦး။ ရှင်က နတ်သမီး ပုယွီလား။ ကျွန်မတို့ကို ကြိုဖို့ သီးသန့်လာခဲ့တာလား”
ဝမ်ရှန်း မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။ သူသည် ဤသုံးဦးအနက် မည်သူ့ကိုမျှ မသိသော်လည်း ၎င်းတို့ကမူ သူ့ကို အလွန်အမင်းစိတ်လှုပ်ရှားစွာရှာဖွေနေခဲ့ကြပုံရ၏။
သူတို့က ငါ့မိဘတွေရဲ့ အတိတ်ကအမျိုးတွေများလား။ ဒီတာအိုဆရာက ငါ့ရဲ့ ကွဲကွာနေတဲ့ အဖိုးများလား…။
ဒါလည်း မဖြစ်နိုင်ပေ။ သူ့မိဘများသည် ထိုကဲ့သို့ ထူးခြားဆန်းကြယ်သည့် နောက်ခံသမိုင်းကြောင်းရှိခဲ့သည်ဟူသောအရိပ်အယောင်မျိုး သူ့ကို တစ်ခါမျှမပြခဲ့ဖူးချေ။
မကြာမီပင် လူများပို၍ရောက်ရှိလာကြသည်။
အညိုရောင် ကုတ်အင်္ကျီရှည်များ ဝတ်ဆင်ထားသည့် လူငယ်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အပြေးအလွှားရောက်လာကြသည်။ ၎င်းတို့သည် စက္ကူခွက်များနှင့် ပေါင်မုန့်ထုပ်များကို ကိုင်ဆောင်ထားပြီး မျက်နှာများတွင်လည်း ပင်ပန်းနွမ်းနယ်မှုများ အထင်းသားပေါ်လွင်နေ၏။ ဝမ်ရှန်းနှင့် ကျန်သူများကို မြင်လိုက်ရသည့်အခါ ၎င်းတို့မှာ အံ့ဩတုန်လှုပ်လျက် ကြောင်အမ်းအမ်းဖြစ်သွားကြသည်။
ဝမ်ရှန်း၏ နောက်တွင်မူ မုရွှယ်၏ မျက်ဝန်းများတောက်ပသွားကာ ပြောလိုက်၏။
“ဟင်။ နင်တို့နှစ်ယောက်က ဒီမှာဘာလုပ်နေတာလဲ”
ကုတ်အင်္ကျီရှည်နှင့် နှစ်ဦးမှာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ပုံရသည်။
အမျိုးသမီး စုံစမ်းစစ်ဆေးရေးမှူးက တော်တော်လေး ယဉ်ကျေးပျူငှာလေသည်။ သူမက အပြေးအလွှားလာခဲ့ပြီး သူတို့ကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
“တာအိုဆရာဝမ်… တာအိုဆရာမ ပုယွီ… အစ်ကိုနူး… အစ်မရွှယ်”
ထို့နောက် သူမသည် မျက်နှာဝိုင်းနှင့် တာအိုဆရာ၏ ဘေးတွင်ရပ်ကာ ၎င်းတို့အဖွဲ့ကို မိတ်ဆက်ပေးသည်။
“ဒီသုံးယောက်က ရှူဓားဂိုဏ်းက တာအိုဆရာတွေပါ။ တာအိုဆရာဝမ်ဆီကနေ အကူအညီတောင်းဖို့ သီးသန့်လာခဲ့ကြတာပါ”
“ဓားဂိုဏ်းတွေက ကျွန်မနဲ့ အိုဝမ်ရဲ့တာဝန်အောက်မှာ အမြဲရှိနေခဲ့တာမလို့ တာအိုဆရာ ဖေးလျန်က ဒီနေ့မွန်းလွဲပိုင်းမှာ ကျွန်မဆီ ဆက်သွယ်လာခဲ့တယ်။ လေယာဉ်လက်မှတ်တွေရှိတာကို မြင်တာနဲ့ ဒီနေရာကိုတိုက်ရိုက်လာမယ့် လေယာဉ်ခရီးစဉ်ကို စီစဥ်ပေးလိုက်တာပါ။ အဲဒီနောက်မှာ အလုပ်တွေ အရမ်းများသွားလို့ အချိန်ကိုသတိမထားမိဘဲဖြစ်သွားတာကြောင့် အစ်မရွှယ်ကို အချိန်မီအစီရင်မခံနိုင်ခဲ့တာပါ။ ကျွန်မရဲ့ ပေါ့ဆမှုအတွက် တောင်းပန်ပါတယ်”
မုရွှယ်က ပြုံးလိုက်ပြီး
“စိတ်ထဲမထားပါနဲ့။ နင်တို့လည်း ငါတို့လိုပဲ အတော်လေးပင်ပန်းနေမှာပါ”
အမျိုးသမီးစုံစမ်းစစ်ဆေးရေးမှူးက နူးဟု ခေါ်ခဲ့သည့် ဘူဒိုဇာကမူ ဘေးကနေ တီးတိုးရေရွတ်လိုက်သည်။
“ခွင့်ရက်ပိုရဖို့ ရာထူးကို အလွဲသုံးစားလုပ်တဲ့လူက ပင်ပန်းတယ်လို့ ညည်းညူတတ်သေးတယ်ပေါ့”
“ဟမ်”
မုရွှယ်က သူ့ကို စိုက်ကြည့်လိုက်၏။
ဘူဒိုဇာသည် ချက်ချင်းပင် လျှောက်သွားပြီး အိုဝမ်၏ဘေးတွင် ရပ်လိုက်သည်။ ၎င်းတို့နှစ်ဦးသည် လက်များကို နောက်ပစ်ကာ ခေါင်းငုံ့ထားကြရာ ၎င်းတို့၏ ပါတနာများထက အဆင့်နိမ့်ကြောင်း ချက်ချင်းပင် သိသာထင်ရှားစေသည်။
“စီနီယာအစ်မ”
ဝမ်ရှန်းက တိုးတိုးလေးခေါ်လိုက်သည်။
“တာအိုဆရာက မကောင်းတဲ့ရည်ရွယ်ချက်ရှိပုံမရပါဘူး”
သူ့စကားကို နားထောင်ပြီး မုဝမ်ရွှမ်းသည် နောက်သို့ဆုတ်ကာ ဝမ်ရှန်း၏ဘေးတွင် ရပ်လိုက်သည်။ သို့သော်လည်း မျက်နှာဝိုင်းနှင့် တာအိုဆရာကိုမူ သတိကြီးစွာဖြင့် စောင့်ကြည့်နေဆဲပင်။
တာအိုဆရာသည် ဝမ်ရှန်းကို ကြည့်ကာ ရှားပါးရတနာတစ်ခုကို အကဲခတ်နေသကဲ့သို့ ပါးစပ်စိမရအောင် ပြုံးနေတော့သည်။ မကြာမီ သူ၏အကြည့်များက ဝမ်ရှန်း၏ ဂျိုင်းကြားတွင် ညှပ်ထားသည့် ဓားအိတ်ဆီသို့ ရောက်ရှိသွား၏။ သို့သော်လည်း ၎င်းကို နှစ်ချက်မျှအကဲခတ်ပြီးနောက် ဝမ်ရှန်းကိုသာ အသည်းအသန်ပြန်လည်စိုက်ကြည့်နေပြန်ရာ ဝမ်ရှန်းကို ပို၍ စိတ်ဝင်စားနေကြောင်း ထင်ရှားလှပေသည်။
အမျိုးသမီးစုံစမ်းစစ်ဆေးရေးမှူးက ဆက်လက်မိတ်ဆက်ပေးသည်။
“ဒီပုဂ္ဂိုလ်ကတော့ ရှူဓားဂိုဏ်းက တာအိုဆရာ ဖေးလျန်ဖြစ်ပြီး ဒီနှစ်ယောက်ကတော့ သူ့ရဲ့ တပည့်တွေပါ”
လူငယ်ကျင့်ကြံသူက သူ၏အထုပ်အပိုးများကို ဘေးသို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး ဝမ်ရှန်းကို လက်သီးဆုပ်နှုတ်ဆက်ကာ တောက်ပစွာ ပြုံးပြလိုက်သည်။
“ကျွန်တော်က လီကူဖုန်းပါ။ ကျွန်တော့်ရဲ့ တာအိုဘွဲ့ကလည်း ကူဖုန်းပါပဲ။ ဆရာက နာမည်အသစ်ပြောင်းဖို့ ပျင်းလို့လေ”
“တာအိုဆရာ ဖေးယွီရဲ့ တာအိုဘွဲ့ကတော့ မိုးကြိုးသံလို ဟိန်းထွက်နေတာပဲ။ ခဗျားကို မျိုးဆက်သစ်တွေထဲမှာ ထိပ်တန်းဓားကျင့်ကြံသူသုံးယောက်ထဲက တစ်ယောက်လို့ လူသိများကြတယ်။ အခု လူချင်းတွေ့ရတော့မှ ခဗျားရဲ့ကျော်ကြားမှုက တကယ်ကိုထိုက်တန်ကြောင်းအတည်ပြုနိုင်တော့တယ်”
ဝမ်ရှန်းကလည်း ကူဖုန်းကို ပြန်၍လက်သီးဆုပ်နှုတ်ဆက်လိုက်ပြီး
“ကျွန်တော့်ကို အမွှမ်းတင်လွန်းနေပါပြီ… တာအိုရောင်းရင်း ကူဖုန်း”
မုဝမ်ရွှမ်းကလည်း လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။ လီကူဖုန်းသည် သဘာဝအတိုင်းပွင့်လင်းပြီး ပျော်ပျော်နေတတ်ကာ ယဉ်ကျေးသိမ်မွေ့ပုံရသည်။ ထို့အပြင် အသက်အရွယ်အရလည်း သူတို့နှင့် မျိုးဆက်တူဖြစ်ပုံရ၏။
ဖေးလျန်၏ဘေးမှ မိန်းကလေးကမူ အတော်လေးရှက်တတ်ပုံရသည်။ သူမ၏ ဆရာက ဝမ်ရှန်းထံစိတ်လှုပ်ရှားစွာဖြင့် ရုတ်တရက်ခုန်အုပ်သွားမည်ကို စိုးရိမ်နေသကဲ့သို့ ဆရာဖြစ်သူ၏အင်္ကျီလက်ကို တင်းကျပ်စွာ ဆွဲကိုင်ထား၏။
လီကူဖုန်းက မိမိကိုယ်ကိုယ် မိတ်ဆက်ပြီးနောက်တွင် သူမက တိုးတိုးလေးရေရွတ်လိုက်သည်။
“မင်္ဂလာပါ တာအိုဆရာဝမ်နဲ့ တာအိုဆရာမ ပုယွီ။ ကျွန်မက ကျီလင်းပါ၊၊ ကူဖုန်းရဲ့ ဂျူနီယာညီမလေးပါ။ ဟို... တာအိုဆရာမ ပုယွီနဲ့ ဓာတ်ပုံတူတူရိုက်လို့ ရမလားဟင်။ ကျွန်မက အစ်မရဲ့ အမာခံပရိသတ်ပါ”
“တာအိုဆရာမ ကျီလင်း”
ဝမ်ရှန်းက သူ့ကို ယဉ်ကျေးစွာ ပြန်နှုတ်ဆက်လိုက်သည်။ ထို့နောက် မုဝမ်ရွှမ်းဘက်သို့ လှည့်ကာစနောက်လိုက်၏။
“စီနီယာအစ်မက ဘယ်တုန်းက ဆယ်လီဖြစ်သွားတာလဲ”
မုဝမ်ရွှမ်းက အနည်းငယ် နားမလည်နိုင်သကဲ့သို့ မျက်တောင်လေးခတ်လိုက်သည်။ မော်ရှန်းတောင် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့ပြီးကတည်းက သူ့ဓာတ်ပုံများနှင့် ကောလာဟလများစွာ ပျံ့နှံ့နေခဲ့သည်ကို သူကိုယ်တိုင်လည်းမသိရှိခဲ့ပေ။ ကျုံးနန်တောင် ကျင့်ကြံခြင်းအဖွဲ့အစည်းမှ ဗီဒီယိုအချို့လည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခဲ့သည်။
ဝမ်ရှန်းသည် သူ၏ဓားသိုင်းပညာကြောင့် ကျော်ကြားသော်လည်း မုဝမ်ရွှမ်းမှာမူ သူမတူသော အလှအပနှင့် မျိုးဆက်သစ်ကျင့်ကြံသူများထဲတွင် ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းကြောင့် ကျော်ကြားလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံခြင်းလောကတွင်… အထူးသဖြင့် မြင့်မြတ်တောင်တန်းကြီးများရှိ အဓိကဂိုဏ်းကြီးများမှ တပည့်များကြားတွင် သူ့ကို အားပေးသူအမြောက်အမြားရှိလာခဲ့၏။ သူသည် လူငယ်တာအိုဆရာမများကြားတွင် အလွန်ရေပန်းစားလာခဲ့သည်။
“ကောင်းတယ်… တကယ်ကို ကောင်းတယ်”
ဖေးလျန်က ကျီလင်း၏လက်ကို ခါထုတ်ရင်း ရေရွတ်လိုက်သည်။ သူက လက်များကိုနောက်ပစ်ကာ ဝမ်ရှန်းကို လှည့်ပတ်ကြည့်ရှုရင်း ချီးကျူးဂုဏ်ယူဟန်ဖြင့် ခေါင်းကို တရစပ်ငြိမ့်နေတော့သည်။
“မင်းက ဓားအိမ်ထဲက ဓားတစ်လက်လိုငြိမ်သက်နေပေမဲ့ တကယ့်ကို စစ်မှန်တဲ့ ဓားသမားတစ်ယောက်ရဲ့ အရိုးဖွဲ့စည်းပုံရှိတယ်။ တကယ်ကို ထူးခြားတယ်၊၊ ကူဖုန်း၊ ကျီလင်း… ငါတို့ နောက်ဆုံးတော့ မှန်ကန်တဲ့လူကို ရှာတွေ့ပြီ”
ကျီလင်းက နှုတ်ခမ်းဆူလိုက်ပြီး
“ဆရာက ကိုယ်တိုင်တောင် မိတ်မဆက်ရသေးဘူးလေ။ တောင်ပေါ်က မဆင်းခင်တုန်းကတော့ ကျွန်မတို့ကို ယဉ်ကျေးဖို့ ခဏခဏသတိပေးနေပြီး ဆရာကိုယ်တိုင်က အရင်ဆုံးမေ့သွားတာပဲ”
“အိုး… ဟုတ်သားပဲ။ အဟမ်း”
ဖေးလျန်သည် ချက်ချင်းပင် ကိုယ်ကိုမတ်လိုက်ပြီး ဝမ်ရှန်းကို လက်သီးဆုပ်လိုက်သည်။ ထို့နောက် သူက စည်းဝါးကျသောလေသံဖြင့် ရွတ်ဆိုလိုက်၏။
“ရှူဓားဂိုဏ်းဟာ မြင့်မားပြီး အဆုံးမဲ့ကောင်းကင်ယံအထိ ရောက်ရှိနေတယ်။ ငါကတော့ တောင်တန်းတွေပေါ်မှာ ကျင့်ကြံနေတဲ့ ဧည့်သည်တစ်ဦးပါပဲ၊၊ နက်ရှိုင်းတဲ့ ချောက်ကမ်းပါးထဲကို ဆင်းသက်သွားတဲ့ ဓားပျံတစ်လက်ပေါ့။ ငါက ဖေးလျန်ဇီပါ၊၊ ရှူဓားဂိုဏ်းမှာ ကျင့်ကြံသူဖြစ်ခဲ့တာ နှစ်ပေါင်းသုံးဆယ်ကျော်ပါပြီ။ လက်ရှိမှာ ကိုးယောက်မြောက်အကြီးအကဲအဖြစ် တာဝန်ယူထားပါတယ်။ တွေ့ရတာ ဝမ်းသာပါတယ်”
ဝမ်ရှန်းသည် မျက်နှာဝိုင်းနှင့် တာအိုဆရာကြီးတွင် အထင်ကြီးဖွယ်နောက်ခံသမိုင်းကြောင်းရှိမည်ဟု ခန့်မှန်းထားပြီးသားဖြစ်သော်လည်း ကျော်ကြားလှသည့် ရှူဓားဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်နေလိမ့်မည်ဟုမူ မမျှော်လင့်ထားခဲ့ပေ။
သူက ချက်ချင်းပင် အရိုအသေပေးကာ ပြန်လည်နှုတ်ဆက်လိုက်သည်။
“ကျွန်တော်လည်း ဝမ်းသာပါတယ်… စီနီယာဖေးလျန်…စောစောက မရိုမသေဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်”
ဖေးလျန်က သဘောကျကာ ပါးစပ်စိမရအောင် ပြုံးလိုက်ပြီး “အဲဒီလိုရိုးရာဓလေ့တွေ မလိုပါဘူး… တာအိုဆရာ ဖေးယွီ။ အဆုံးမှာတော့ ငါတို့က မင်းဆီကနေ အကူအညီတောင်းဖို့ လာခဲ့ကြတာပဲ။ ပိုပြီး တိတ်ဆိတ်တဲ့နေရာမှာ စကားပြောကြရအောင်”
ရှူဓားဂိုဏ်းမှ ကျင့်ကြံသူသုံးဦးက သူ့ထံမှ ဘာအကူညီကိုလိုလားနေကြသည်ကို ဝမ်ရှန်း လုံးဝမသိရှိပေ။ သို့သော်လည်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များက ကြားခံအဖြစ်ဆောင်ရွက်ပေးနေသောကြောင့် ၎င်းတို့တွင် မကောင်းသော ရည်ရွယ်ချက် ရှိလိမ့်မည်ကိုမူ မစိုးရိမ်တော့ချေ။
စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ၄ဦးလည်း ခေတ္တမျှ ဆွေးနွေးပြီးနောက်တွင် အဖွဲ့သည် လေဆိပ်ကဖေး၏ ဆိတ်ငြိမ်သော ထောင့်တစ်နေရာသို့ ဦးတည်သွားကြတော့သည်။
၎င်းတို့ လာရောက်ရသည့် အကြောင်းရင်းကို နောက်ဆုံးတွင် ထုတ်ဖော်ပြောဆိုသည့်အခါ ဖေးလျန်သည် တွန့်ဆုတ်နေ၏။ သူ၏မျက်နှာတွင် ရှက်ရွံ့မှုများပြည့်နှက်သွားပြီး စကားများပင် ထစ်ငေါ့လာတော့သည်။ လီကူဖုန်းနှင့် ကျီလင်းတို့လည်း စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ပုံစံမျိုးကို မထိန်းချုပ်နိုင်ခဲ့ကြပေ။
၎င်းတို့၏ အကျပ်အတည်းကို ရှင်းပြနေကြစဥ် ဝမ်ရှန်းသည် သူ နားကြားမှားနေသလားဟုပင် သံသယဝင်လာတော့သည်။
Chapter 136
ဖိတ်ခေါ်ခြင်း
ရှူဓားဂိုဏ်းဟုပြောလျှင် ၎င်း၏ အထင်ကရပညာရပ်ဖြစ်သော ဓားထိန်းချုပ်ခြင်းကို လျစ်လျူရှု၍ မရပေ။
ဝမ်ရှန်းသည် ယွမ်ဖူကျန်းရန်က သူနှင့် ကျိုးရင်လောင်ကို ဓားထိန်းချုပ်ခြင်း၏ အခြေခံသဘောတရားများအကြောင်း ဟောပြောပို့ချခဲ့သည်ကို ရှင်းလင်းစွာ မှတ်မိနေဆဲပင်။ ထိုပညာရပ်သည် ဓားလမ်းစဉ်တွင် အမှန်တကယ် ပါဝင်ခြင်း ရှိ၊ မရှိကိုပင် သူက ဆွေးနွေးခဲ့သေးသည်။
ယွမ်ဖူကျန်းရန်က သူ့ကို တစ်ခါမျှမပြောခဲ့ဖူးလျှင်ပင် ဝမ်ရှန်းသည် ဓားထိန်းချုပ်ခြင်းနှင့် မစိမ်းလှပေ။ သူ၏ အတိတ်ဘဝတွင် ထိုပညာရပ်ကိုရရှိရန် နှစ်ပေါင်းများစွာ တောင့်တခဲ့ဖူး၏။
ဖေးလျန်ဇီနှင့် သူ၏တပည့်များသည် သူ့အတွက် သီးသန့်လာခဲ့ကြခြင်းဖြစ်သော်လည်း ၎င်းတို့သည် ဓားသိုင်းဖလှယ်ရန် လာခဲ့ကြခြင်းမဟုတ်ကြောင်း ဝမ်ရှန်းလည်း မကြာမီသိရှိလိုက်ရသည်။ ယင်းအစား ၎င်းတို့သည် ခေတ်သစ်ကာလတွင် တာဂိုဏ်းများစွာရင်ဆိုင်နေရသည့် အကျပ်အတည်းတစ်ခုအတွက် အကူအညီလိုအပ်နေခြင်း ဖြစ်၏။
လွန်ခဲ့သည့် နှစ်တစ်ထောင်အတွင်း ချီစွမ်းအင်များခန်းခြောက်သွားမှုကြောင့် ရှူဓားဂိုဏ်းသည် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပြီး ၎င်း၏မျိုးဆက်ပင် အကြိမ်ကြိမ်ပျက်သုဉ်းလုနီးပါးဖြစ်ခဲ့ရသည်။ ထို့အပြင် တစ်ခါက ကျော်ကြားလှသည့် ဓားထိန်းချုပ်ခြင်းအတတ်မှာလည်း ကျန်ရစ်သည်ဆိုရုံသာပြောနိုင်သည့် အဆင့်သို့ လျော့ကျသွားခဲ့၏။ ထိုပညာရပ်၏ စစ်မှန်သော အနှစ်သာရမှာ မျိုးဆက်ပေါင်းများစွာတိုင် ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။
မည်သည့် တာအိုအမွေအနှစ်၏မဆို အဓိကအနှစ်သာရမှာ ၎င်း၏ တာအိုပညာရပ်များပင် ဖြစ်သည်။ ဓားဂိုဏ်း၏ စိတ်ပိုင်းဆိုင်ရာကျင့်ကြံခြင်းနည်းလမ်းများက အကောင်းပကတိအတိုင်းရှိနေဆဲဖြစ်သော်လည်း ဓားထိန်းချုပ်ခြင်းပညာရပ်မရှိဘဲနှင့်မူ ၎င်း၏အမည်နာမသည် ရရှိထားသည့်အမွေအနှစ်နှင့် ထိုက်တန်ရန် ခဲယဉ်းလှပေသည်။
လက်ရှိတွင် ရှူဓားဂိုဏ်း၌ အဓိကဂိုဏ်းခွဲ ၃ ခုရှိပြီး အားလုံးသည် ၎င်းတို့၏ ဓားထိန်းချုပ်ခြင်းပညာရပ်သည် ချင်ခေတ်မတိုင်မီက ရှူပြည်နယ်ရှိ နတ်ဘုရားတောင်တန်းတစ်ခုထံမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။ သို့သော်လည်း ထိုမျိုးဆက် ၃ခုစလုံးသည် ပြင်းထန်သော ဆုံးရှုံးမှုများကို ခံစားခဲ့ရ၏။ ၎င်းတို့၏ ကြွင်းကျန်ရစ်သောအသိပညာများကို ပေါင်းစပ်လိုက်လျှင်ပင် ပြီးပြည့်စုံသောပညာရပ်တစ်ခုဖြစ်လာရန် မလုံလောက်ချေ။
သို့သော်လည်း ၎င်းတို့တွင် မျှော်လင့်ချက်အရိပ်အယောင်လေးတစ်ခုတော့ရှိနေဆဲပင်။
ဖေးလျန်ဇီက ရှက်ရွံ့နေပုံရသည်။ ထို့ကြောင့် သူ၏တပည့်ဖြစ်သူ လီကူဖုန်းက ရှင်းပြခြင်းကို ဆက်၍တာဝန်ယူလိုက်၏။
“ကျွန်တော်တို့ဂိုဏ်းရဲ့ တည်ထောင်သူဘိုးဘေးက ဓား ၇၂လက်လို့ လူသိများတဲ့ ဓားစမ်းသပ်ချက်တစ်ခုကို ချန်ထားခဲ့တယ်။ အဲဒါက ဓားတောင်ကုန်းရဲ့ နောက်မှာ ရှိပါတယ်။ ကျွန်တော်တို့ဂိုဏ်းရဲ့ ရှေးဟောင်းကျမ်းစာတွေအရ အဲဒီထဲမှာ ပြီးပြည့်စုံတဲ့ ဓားထိန်းချုပ်ခြင်းပညာရပ်ရှိနေတယ်။ ကမ္ဘာဦးချီတွေ ပြန်ရောက်လာတဲ့အခါ စမ်းသပ်ကွင်းအတွင်းက အစီအရင်က ဆန်းကြယ်စွာပဲ ပြန်လည်အသက်ဝင်လာပြီး ဝင်ရောက်ခွင့် ပြန်ပွင့်လာခဲ့တယ်”
ဝမ်ရှန်း ခဏမျှစဥ်းစားပြီးနောက်မေးလိုက်သည်။
“မင်းတို့ စမ်းသပ်ချက်ကို ကြိုးစားတဲ့အခါ အတားအဆီးတစ်ခုခုနဲ့ ကြုံတွေ့ခဲ့လို့လား”
လီကူဖုန်းသည် သက်ပြင်းချ၍ ခါးသီးစွာ ပြုံးလိုက်၏။ ထို့နောက် သူ၏ဆရာကို လှမ်းကြည့်လိုက်သည်။ ဖေးလျန်ဇီကမူ ဆက်ပြောရန်သာ လက်ဝေ့ယမ်းပြလိုက်၏။
လီကူဖုန်းက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး တိုးတိုးလေးပြန်ဖြေလိုက်သည်။
“စမ်းသပ်ချက်က ပြဿနာဖြစ်နေတာမဟုတ်ဘူး။ ဘိုးဘေးတွေက စမ်းသပ်ကွင်းမှာ စည်းမျဉ်းတစ်ခုသတ်မှတ်ခဲ့ကြတယ်။ အသက် ၂၅နှစ်အောက် ပြီးပြည့်စုံတဲ့ ဓားဆန္ဒကို နားလည်သဘောပေါက်ထားတဲ့ တပည့်တွေပဲ စမ်းသပ်ကွင်းထဲကို ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီတယ်တဲ့။ ကျွန်တော်တို့ဂိုဏ်းက တပည့်အများစုကတော့ အခြေခံလိုအပ်ချက်ကိုတောင် မပြည့်မီကြဘူး”
“လူအများအပြားက အကြိမ်ကြိမ်ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပေမဲ့ အစီအရင်က သူတို့ကို ဝင်ပေါက်မရောက်ခင်မှာတင် တားဆီးပိတ်ဆို့ခဲ့တယ်။ အသက် ၂၅နှစ်မတိုင်ခင်မှာ ကိုယ်ပိုင်ဓားတာအိုကို နားလည်သဘောပေါက်ဖို့နဲ့ ပြီးပြည့်စုံတဲ့ ဓားဆန္ဒကို ကျင့်ကြံဖို့ဆိုတာ အတော်ငယ်ငယ်လေးကတည်းက ဓားသိုင်းပညာကို စတင်လေ့ကျင့်ခဲ့တာမဟုတ်ရင် မဖြစ်နိုင်သလောက်ပဲလေ”
“တပည့်တွေထဲမှာ ကျွန်တော့်ရဲ့ စီနီယာအစ်ကိုအချို့ကတော့ အဲဒီလိုစွမ်းဆောင်ရည်မျိုးကိုရရှိခဲ့ပြီး အစီအရင်ရဲ့ စံနှုန်းတွေကို မနည်းပြည့်မီခဲ့ကြတယ်။ ဒါပေမဲ့ စိတ်ပျက်စရာကောင်းတာက... ရလဒ်တွေက မကောင်းခဲ့ဘူး”
လီကူဖုန်းက လေးပင်စွာ သက်ပြင်းချလိုက်သည်။
“ကမ္ဘာဦးချီတွေ ပြမ်ရောက်လာတာ နှစ်အနည်းငယ်ပဲရှိသေးတယ်။ ဒီလိုတိုတောင်းတဲ့ကာလအတွင်းမှာ ပြီးပြည့်စုံတဲ့ဓားဆန္ဒကို ဖြစ်ပေါ်စေဖို့ဆိုတာ လူအများစုရဲ့ စွမ်းဆောင်ရည်ထက်ကျော်လွန်နေပါတယ်”
လီကူဖုန်းသည် မိမိ၏လက်များကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြစ်နေလသည်၊၊
မုဝမ်ရွှမ်းက ဝမ်ရှန်း၏ လက်မောင်းကို တံတောင်ဖြင့် ခပ်ဖွဖွတွန်းလိုက်သည်။ သူ၏တောက်ပသော မျက်ဝန်းများတွင် ရယ်ချင်စိတ်များပြည့်နှက်နေပြီး ဝမ်ရှန်းသည်လည်း သာမန်လူတွေရဲ့ ကန့်သတ်ချက်တွေအောက်မှာရှိနေသလားဟု မေးမြန်းနေသည့်အလားပင်။
ဝမ်ရှန်းကမူ မျက်တောင်ခတ်ပြရုံသာတတ်နိုင်တော့သည်။
ဖေးလျန်ဇီက နှာမှုတ်လိုက်ပြီး
“ဘယ်သူက မဖြစ်နိုင်ဘူးလို့ ပြောလဲ။ အဲဒါက မင်းတို့တွေ ကြိုးစားအားထုတ်မှုမရှိကြလို့လေ။ တာအိုဆရာ ဖေးယွီကို ကြည့်လိုက်စမ်း။ သူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ သူ့ရဲ့ ဓားအရှိန်အဝါတွေက... သူက တကယ့်ကို သက်ရှိဓားတစ်လက်ပဲ။ အဟမ်း… ငါဆိုလိုတာက သူက ခေတ်သစ်ရဲ့ ဓားဝိညာဉ်ကို ကိုယ်စားပြုတဲ့ လူငယ်ကျင့်ကြံသူတစ်ယောက်ပဲ”
ကျီလင်းက နှုတ်ခမ်းဆူလိုက်ပြီး လီကူဖုန်းကမူ မျက်လုံးပြူးသွားသည်။ ဆရာဖြစ်သူ၏ အရှက်မရှိအမွှမ်းတင်ပြောဆိုမှုများကြောင့် သူ ဆွံ့အနေလေသည်၊၊ သို့သော်လည်း ၎င်းတို့သည် ဝမ်ရှန်း၏ အကူအညီကို လိုအပ်နေသဖြင့် ဘာမှမတတ်နိုင်ကြချေ။
…
၎င်းတို့၏ ရှင်းပြချက်အရ ဖေးလျန်ဇီနှင့် သူ၏တပည့်များ၏ ရည်ရွယ်ချက်မှာ အတော်လေးရှင်းလင်းသွားပြီ ဖြစ်သည်။ ရှူဓားဂိုဏ်းသည် စမ်းသပ်ချက်အတွင်းသို့ ဝင်ရောက်ကာ ပျောက်ဆုံးနေသော ရှူဂိုဏ်း၏ ဓားထိန်းချုပ်ခြင်းပညာရပ်ကို ပြန်လည်ရယူနိုင်ရန်အတွက် ဝမ်ရှန်း၏ ဓားတာအိုနားလည်သဘောပေါက်မှုကို ငှားရမ်းလိုခြင်းဖြစ်၏။
ရှူဂိုဏ်းရဲ့ မျိုးဆက်သစ်ဓားသမားတွေဟာ တကယ်ပဲ ဒီလောက်အထိ ဆုတ်ယုတ်သွားရတာလား…၊၊
အခြေအနေကို အပြည့်အဝနားလည်သဘောပေါက်သွားသော မုရွှယ်သည် ဝမ်ရှန်းထံသို့ သက်ဆိုင်ရာ အချက်အလက်အချို့ကို စာတိုဖြင့် ချက်ချင်း ပေးပို့လာခဲ့သည်။
ရှူဓားဂိုဏ်း၏ ဂိုဏ်းခွဲ ၃ခုမှာ ဓားတံခါး၊ အော်မေ့တောင်နှင့် ကျန်းယွမ်တောင်တို့တွင် အခြေစိုက်ကြသည်။ ကမ္ဘာဦးချီများ ပြန်လည်ရောက်ရှိလာသောအခါ ဓားတောင်ကုန်းကို စောင့်ရှောက်ရသည့် ဓားတံခါးမျိုးဆက်က မိမိတို့ကိုယ်မိမိ ရှူဓားဂိုဏ်း၏ စစ်မှန်သောမျိုးဆက်အဖြစ် ကြေညာခဲ့သဖြင့် ကျန်ဂိုဏ်းခွဲနှစ်ခုကို မကျေနပ်ဖြစ်စေခဲ့၏။
သို့သော်လည်း ဂိုဏ်းခွဲ ၃ခုစလုံးမှ တာအိုဆရာအများစုမှာ မိတ်ဟောင်းဆွေဟောင်းများဖြစ်ကြသဖြင့် တိုက်ရိုက်ပဋိပက္ခမျိုးမဖြစ်ပွားခဲ့ကြချေ။ ယင်းအစား ၎င်းတို့သည် အကြိမ်ကြိမ်ဆွေးနွေးငြင်းခုံမှုများနှင့် ဂိုဏ်းလုံးကျွတ်ဆွေးနွေးပွဲများကိုသာပြုလုပ်ခဲ့ကြသည်။
ဂိုဏ်း၏ ပျောက်ဆုံးနေသော ဓားထိန်းချုပ်ခြင်းပညာရပ်ကြောင့်လည်းကောင်း၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ကြားဝင်စေ့စပ်ပေးမှုကြောင့်လည်းကောင်း နောက်ဆုံးတွင် ဂိုဏ်းခွဲ ၃ခုစလုံး စစ်ပြေငြိမ်းသွားကြပြီး ၎င်းတို့ အမွေဆက်ခံထားသည့် စိတ်ပိုင်းဆိုင်ရာကျင့်ကြံခြင်းနည်းလမ်းများကို စုပေါင်းခဲ့ကြသည်။ သို့သော်လည်း ဓားထိန်းချုပ်ခြင်းပညာရပ်ကို ပြန်လည်ဖော်ထုတ်ရန် မတတ်နိုင်ခဲ့ကြသဖြင့် အခြားရွေးချယ်စရာမရှိတော့ဘဲ ဓား ၇၂လက် စမ်းသပ်ချက်သည် ၎င်းတို့အတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်လာခဲ့တော့သည်။
ကမ္ဘာဦးချီများပြန်မလာခင်တည်းကပင် ရှူပြည်နယ်၌ တာအိုကျောင်းများစွာရှိခဲ့သော်လည်း ချင်းချန်တောင်မှလွဲ၍ အများစုမှာ တာအိုသိုင်းပညာကြောင့် ကျော်ကြားခြင်းမရှိကြချေ။ လူငယ် သို့မဟုတ် ကလေးသူငယ်အနည်းငယ်သာ ဓားသိုင်းပညာလေ့ကျင့်ရန် တောင်ပေါ်သို့ စေလွှတ်ခြင်းခံခဲ့ရသည်။ တပည့်များအဆက်မပြတ်စီးဝင်နေသည့် ဝူတန်းတောင်တွင်ပင် လက်ရှိ၌ ပိုမိုတောင့်တင်းသော မျိုးဆက်သစ်ဓားကျင့်ကြံသူများရှိနေပြီ ဖြစ်သည်။
ထို့အပြင် ကမ္ဘာဦးချီများပြန်ရောက်မလာခင်က ရှူဓားဂိုဏ်းသည် ဘေးဒုက္ခများစွာကို ရင်ဆိုင်ခဲ့ရသဖြင့် ၎င်း၏ တာအိုအမွေအနှစ်မှာ ပြတ်တောက်လုနီးပါးဖြစ်ခဲ့ရ၏။ ကမ္ဘာဦးချီများပြန်လည်ရောက်ရှိလာသည့်တိုင်အောင် ၎င်းတို၏မျိုးဆက်ကို မနည်းဆက်ခံခဲ့ရသည်။ မိမိတို့၏ ရိုးရာဓလေ့များကို ဆက်လက်ရှင်သန်စေရန်အတွက်ပင် ကြီးမားစွာ ရုန်းကန်လှုပ်ရှားခဲ့ရ၏။
ရှူဓားဂိုဏ်း၏ တည်ထောင်သူဘိုးဘေးသည် ထူးခြားထက်မြက်သော ပါရမီနှင့် နားလည်သဘောပေါက်မှုရှိသည့် ထူးချွန်သောဆက်ခံသူများကို မွေးထုတ်ပေးရန်အတွက် ဤဓား ၇၂လက် စမ်းသပ်ချက်ကို အတိအကျတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အသက် ၂၅နှစ်အောက် ဖြစ်ပြီး ပြီးပြည့်စုံသည့် ဓားဆန္ဒကို နားလည်သဘောပေါက်ထားသူများသာ စမ်းသပ်ချက်အတွင်းသို့ ဝင်ရောက်နိုင်ကြ၏။ အနည်းဆုံးတော့ ၎င်းတို့သည် ဓားသိုင်းတစ်ခုကို သေချာပေါက်ကျွမ်းကျင်ပိုင်နိုင်ထားရမည်ဖြစ်ပြီး ၎င်း၏အနှစ်သာရကို ဆုပ်ကိုင်ကာ သဏ္ဌာန်မဲ့ဓားအဆင့်၏ အစပျိုးမှုကို ရောက်ရှိထားရမည်ဖြစ်သည်။
လီကူဖုန်း ပြောခဲ့သကဲ့သို့ပင် ကလေးဘဝကတည်းက ဓားသိုင်းကို လေ့ကျင့်ခဲ့ခြင်းမဟုတ်လျှင် ထိုကဲ့သို့ စွမ်းဆောင်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ လွန်ခဲ့သည့် နှစ်နှစ် သို့မဟုတ် သုံးနှစ်အတွင်းမှသာ စတင်ကျင့်ကြံခဲ့ကြသူများထဲတွင် လူနည်းစုသာ ဓားတာအို၏ ဒုတိယအဆင့်သို့ရောက်ရှိနိုင်ကြသည်။
ရှူဓားဂိုဏ်းအနေဖြင့် အသက် ၁၂နှစ် သို့မဟုတ် ၁၃နှစ်အရွယ် ကလေးတစ်စုကို ယခုမှစ၍ စတင်လေ့ကျင့်ပေးပါက ၇နှစ် သို့မဟုတ် ၈နှစ်အတွင်းတွင် ၎င်းတို့သည် စမ်းသပ်ချက်အတွင်းသို့ ဝင်ရောက်ကာ ပြီးပြည့်စုံသောဓားထိန်းချုပ်ခြင်းပညာရပ်ကို ပြန်လည်ရယူနိုင်သည့် ထူးချွန်သောဓားကျင့်ကြံသူအချို့ကို မွေးထုတ်ပေးနိုင်မည် ဖြစ်၏။
သို့သော်လည်း ထိုအချိန်ကျလျှင် ကျင့်ကြံခြင်းလောက၏ အခြေအနေက မည်သို့ဖြစ်နေမည်နည်း။
အဆောင်ဂိုဏ်းကြီး သုံးခုကဲ့သို့သော အဓိကတာအိုဂိုဏ်းကြီးများ၏ လောင်းရိပ်လွှမ်းမိုးမှုကို ခံထားရသဖြင့် ရှူဓားဂိုဏ်းသည် မိမိတို့၏ တည်ရှိမှုကို ထိန်းသိမ်းရန် ရုန်းကန်နေခဲ့ရသည်။ အကယ်၍ ၎င်းတို့သည် ဓားထိန်းချုပ်ခြင်းပညာရပ်ကို ယခုမယူနိုင်ပါက ကျင့်ကြံခြင်းလောကတွင် ၎င်းတို့၏ ရပ်တည်ချက်မှာ ထိုးဆင်းသွားနိုင်ပြီး မည်သည့်အခါမျှ ပြန်နာလန်ထူနိုင်တော့မည် မဟုတ်ပေ။
အဖြေကတော့ ထင်ရှားလှပေသည်။
၎င်းတို့၏ ရွေးချယ်စရာများကို ချိန်ဆပြီးနောက် ရှူဓားဂိုဏ်းသည် မိမိတို့ဂိုဏ်းပြင်ပမှ ဓားကျင့်ကြံသူများ၏ အကူအညီကို ရယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ၎င်းသည် ဂုဏ်ယူစရာကိစ္စမျိုးမဟုတ်သဖြင့် ၎င်းတို့သည် အစပိုင်းတွင် ရှူပြည်နယ်အတွင်း၌ ပါရမီရှင်ဓားသမားများကို တိတ်တဆိတ် ရှာဖွေခဲ့ကြပြီး မိတ်ဖက်ဂိုဏ်းများထံမှ မျှော်လင့်ချက်ရှိသော လူငယ်ဓားသမား နှစ်ဦး သို့မဟုတ် သုံးဦးကိုပင် ငှားရမ်းခဲ့ကြလေ၏။
ဂိုဏ်းသည် ဓား ၇၂လက် စမ်းသပ်ချက်ကို ဖြတ်ကျော်ရန်အတွက် စုစုပေါင်း လူ၇ဦးကို ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် ဓားထိန်းချုပ်ခြင်းပညာရပ်ကို အရိပ်အယောင်ပင်မမြင်တွေ့ခဲ့ရဘဲ အလွန်ဆုံးသုံးရက်မျှသာခံပြီးနောက် နောက်ဆုတ်ခဲ့ကြရ၏။
ရှူဓားဂိုဏ်းသည် ဓားတာအို၏ ပါရမီရှင်တစ်ဦးကို ဆက်လက်ရှာဖွေရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများမှာ တဖန်ပြန်လည်အချည်းနှီးဖြစ်သွားသောအခါ ၎င်းတို့သည် ရှာဖွေမှုကို ပိုမိုချဲ့ထွင်စေခဲ့ပြီး ဂိုဏ်းသားများသည် သင့်တော်သော ကိုယ်စားလှယ်တစ်ဦးကို ရှာဖွေရန် မမောမပန်းလုပ်ဆောင်ခဲ့ကြသည်။ အဆုံးတွင်တော့ ဓားထိန်းချုပ်ခြင်းပညာရပ်ကို အမြန်ဆုံးပြန်လည်ရရှိလေ၊ ၎င်းတို့ဂိုဏ်း၏အင်အားကို အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်လေပင်၊၊
ဟွာသမ္မတနိုင်ငံတွင် တာအိုအမွေအနှစ်များနှင့် ဓားကျင့်ကြံသူအမြောက်အမြားရှိသော်လည်း စမ်းသပ်ချက်၏ လိုအပ်ချက်များနှင့် ကိုက်ညီသူများမှာမူ အလွန်အမင်းရှားပါးလှပေသည်။
ဝမ်ရှန်းမှာမူ ထိုနည်းပါးလှသောလူအနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး ၎င်းတို့ထဲတွင် ကျော်ကြားမှုအရှိဆုံးလည်းဖြစ်၏။
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ကြားနေအာမခံသူအဖြစ် ဆောင်ရွက်ပေးထားသဖြင့် ဝမ်ရှန်းအနေဖြင့် ဓားထိန်းချုပ်ခြင်းပညာရပ်ကို ဂိုဏ်းပြင်ပသို့ ပျံ့နှံ့စေမည့် အခွင့်အလမ်းမှာ အတော်လေးနည်းပါးလှသည်။ အချက်အလက်အားလုံးကို ထည့်သွင်းစဥ်းစားလိုက်လျှင် သူသည် သေချာပေါက်အားကိုးရဆုံးသော ကိုယ်စားလှယ်လောင်းပင်၊၊
ဤသည်မှာ ဖေးလျန်ဇီနှင့် သူ၏တပည့်များ လေဆိပ်တွင် “ဝမ်ဖေးလွီ” ထံသို့ ချဥ်းကပ်ခဲ့ကြသည့် အကြောင်းရင်း ဖြစ်တော့သည်။
ဖေးလျန်ဇီက ဝမ်ရှန်းကို ကြည့်ကာ ပြုံးလိုက်ပြီး
“ဒါဟာ မင်းအတွက်လည်း ကြီးမားတဲ့ အခွင့်အရေးတစ်ခုဖြစ်လာမှာပါ။ ငါတို့ဓားဂိုဏ်းရဲ့ ဓားထိန်းချုပ်ခြင်းပညာရပ်ဟာ တစ်ခါက တင်းကျပ်စွာ လျှို့ဝှက်ထားခဲ့တဲ့ ပညာရပ်တစ်ခု ဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းကတော့ အဲဒီခေတ်က အကြီးမြတ်ဆုံးဓားဆရာကြီးတွေတောင် အဲဒါကို လာရောက်တောင်းဆိုကြတဲ့အခါ ငြင်းပယ်ခြင်းခံခဲ့ရတယ်”
“အခု မင်းလုပ်ရမှာက ဓား ၇၂လက် စမ်းသပ်ချက်ကနေ ပြီးပြည့်စုံတဲ့ ဓားထိန်းချုပ်ခြင်းပညာရပ်ကို ပြန်လည်ရယူဖို့ ငါတို့ကို ကူညီပေးရုံပါပဲ။ အဲဒါကို အပြင်လူတွေကို မဖြန့်ဝေပါဘူးလို့ မင်းကျိန်ဆိုသရွေ့တော့ မင်းကိုယ်တိုင် လွတ်လပ်စွာလေ့ကျင့်နိုင်မယ်၊၊ ငါတို့ဓားဂိုဏ်းကလည်း မင်းအတွက် ထိုက်တန်တဲ့ ဆုလာဘ်ကို ပေးဖို့ အစွမ်းကုန်ကြိုးစားမှာပါ”
“ဒါတင်မကဘူး… ငါတို့ဂိုဏ်းသားအားလုံးကလည်း မင်းကို အမြဲကျေးဇူးတင်နေကြမှာပါ”
ဖေးလျန်ဇီက သက်ပြင်းချလိုက်သည်၊၊
“ဟူး... ဓားထိန်းချုပ်ခြင်းပညာမရှိရင် ငါတို့ဂိုဏ်းဟာ ဝိညာဉ်မရှိတဲ့ ခန္ဓာကိုယ်လိုပဲ”