အခန်း (၁၃၉-၁၄၀)
Vol. 14 Ch. 139-140
Chapter 139
နတ်ဘုရားငါးပါးဂိုဏ်း
ဝမ်ရှန်းက ရယ်မောလိုက်သည်။
“စီနီယာအစ်မ... ခဏလောက်ရပ်ပါဦး။ အစ်မကို စိတ်ဝင်စားစရာတစ်ခုပြမယ်”
သူသည် ဘယ်ဘက်လက်ကို ဝေ့ယမ်းကာ ကမ္ဘာဦးချီစုစည်းကိရိယာနှင့် ဘက်စုံသုံးကမ္ဘာဦးချီလက်အိတ်များပါရှိသော သေတ္တာများကိုဆွဲယူကာ ပြသရန် ပြင်ဆင်လိုက်သည်။
မုဝမ်ရွှမ်းသည် သူ့ဘေးရှိ သေတ္တာများကိုလည်းကောင်း၊ ကုတင်ဘေးတွင် ထားရှိထားသော ဓားသေတ္တာကိုလည်းကောင်း စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ သူမ၏ ဂျူနီယာမောင်လေးက ဤကဲ့သို့သော ထူးဆန်းသည့်အရာများကို ဘယ်ကနေ ဘယ်လိုရနေမှန်း သူမ မသိပေ။
“ဒါကို ကြည့်လိုက်”
ဝမ်ရှန်းသည် ကမ္ဘာဦးချီစုစည်းကိရိယာကို အရင်ဆုံးထုတ်လိုက်သည်။ အစက သူသည် ၎င်းကို မုဝမ်ရွှမ်းထံကမ်းပေးရန် ရည်ရွယ်သော်လည်း ၎င်းသည် အမျိုးသားသုံးဗားရှင်းဖြစ်ကြောင်း လျင်မြန်စွာ သဘောပေါက်သွားသည်။ သူ၏ စီနီယာအစ်မတွင် သွယ်လျသော လည်ပင်းနှင့် ထင်ရှားသော ညှပ်ရိုးများ ရှိသော်လည်း အောက်ပိုင်းကမူ... သူမနှင့် အဆင်ပြေမည်မဟုတ်သည်မှာ သေချာသည်။
သူမ၏ အဆင့်အတန်းမြင့်မားသော အငွေ့အသက်သည် လူအများကို သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို သတိမထားမိအောင် အမြဲတမ်းဖုံးကွယ်ထားသည်။ ၎င်းက မလေးစားသလို ခံစားရနိုင်သော်လည်း ယခု စဉ်းစားကြည့်လိုက်သောအခါ သူ၏ စီနီယာအစ်မ၏ ခန္ဓာကိုယ်က... တကယ့်ကို အံ့ဩစရာကောင်းလှသည်။
“ဒါ ဘယ်လိုအလုပ်လုပ်လဲဆိုတာ ပြမယ်”
ဝမ်ရှန်းက ခါးမတ်၍ထိုင်လိုက်သည်။ သူနှင့် အတော်လေးနီးကပ်နေသော သူ၏ စီနီယာအစ်မကို ကြည့်လိုက်သောအခါ မလိုလားအပ်သောအတွေးအားလုံးသည် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
မုဝမ်ရွှမ်းက သူ့ကို တိတ်တဆိတ်ကြည့်နေရင်း ညင်သာစွာပြုံးပြလိုက်သည်။ သို့သော်လည်း ဝမ်ရှန်းက ၎င်းကိုဝတ်ဆင်ပြီး ဖွင့်တော့မည့်အချိန်မှာပင် သူ၏ ဖုန်းက တုန်ခါလာခဲ့သည်။
မုရွှယ်လား... သူမ ပြန်သွားတာမကြာသေးဘူးမဟုတ်လား။
သူ ဖုန်းကို လက်ခံလိုက်သည်နှင့် တစ်ပြိုင်နက် မုရွှယ်၏ စိုးရိမ်တကြီးအသံက ဖုန်းလိုင်းမှ ထွက်ပေါ်လာသည်။
—တာအိုဆရာဝမ်... ကျွန်မတို့ဆီမှာ အရေးပေါ်အခြေအနေဖြစ်နေပြီ။
“ဘာဖြစ်လို့လဲ”
မုရွှယ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးမှ ပြန်ဖြေသည်။
—လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က မိစ္ဆာကျင့်ကြံသူတွေဟာ ကျွန်မတို့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းဌာနခွဲတစ်ခုကို သတိပေးချက်မရှိဘဲ ရုတ်တရက်တိုက်ခိုက်ခဲ့ကြတယ်။ အဲဒီမှာတာဝန်ကျနေတဲ့ ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အပြင်းအထန် ထိခိုက်ကျဆုံးခဲ့ရတယ်။
—သူတို့က မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအတွက် လက်စားချေနေကြတာထင်တယ်။ လောလောဆယ်မှာတော့ နတ်ဘုရားငါးပါးဂိုဏ်း၊ ထျန်းလင်ဂိုဏ်းနဲ့ တခြားအဓိကအာဏာရှိ တာအိုမိစ္ဆာဂိုဏ်းတွေ ပါဝင်ပတ်သက်နေတာကို ကျွန်မတို့ အတည်ပြုထားပြီးပြီ။ ပုံရိပ်ယောင်အမြုတေအဆင့်ရှိတဲ့ မိစ္ဆာကျင့်ကြံသူအများအပြားလည်း ဒီတိုက်ခိုက်မှုမှာ ပါဝင်ခဲ့ကြတယ်၊၊ အဲဒီအထဲမှာ ရေနတ်ဘုရားနဲ့ သံမဏိနတ်ဘုရားလည်း ပါတယ်။ သူတို့က ချုံခိုတိုက်ခိုက်မှုတွေကို တစ်ပြိုင်နက်တည်း ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်။
—အခု သူတို့က ဓားစာခံတွေကို ခေါ်ဆောင်ပြီး ကမ်းရိုးတန်းဆီကို ဦးတည်နေကြတယ်၊၊ ဒါကြောင့် ကျွန်မတို့ သေနတ်တွေကို သုံးလို့မရဘူး။ သူတို့က ကျင့်ကြံခြင်းလောကရဲ့ ထုံးစံအတိုင်း ဆွေးနွေးဖို့ တောင်းဆိုထားကြတယ်။ တာအိုဆရာဝမ်... ကျွန်မ အရင်ဆုံးစိတ်ငြိမ်အောင်လုပ်ပရစေ၊၊
ဖုန်းလိုင်းက တိတ်ဆိတ်သွားသည်။ အတန်ကြာမှ မုရွှယ်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
—အခြေအနေက ဒီလိုပါ။ သူတို့က ကျွန်မတို့ရဲ့ ကပ္ပတိန်နဲ့ သစ်သားယင်နတ်ဘုရားကိုသတ်ခဲ့တဲ့ ကျင့်ကြံသူကို သူတို့နဲ့ လာရောက်ညှိနှိုင်းဖို့ အထူးတောင်းဆိုထားကြတယ်။ ကျွန်မတို့ လောလောဆယ် ကယ်ဆယ်ရေးအစီအစဉ်ကို လုပ်ဆောင်နေပေမဲ့ ရှင့်အနေနဲ့ အချိန်ဆွဲပေးတဲ့နေရာမှာ ကူညီပေးဖို့လိုအပ်လိမ့်မယ်ထင်တယ်။
“ကောင်းပြီ။ ကျွန်တော့်ကို လာခေါ်ဖို့ ကားတစ်စီးလွှတ်လိုက်ပါ။ ခင်ဗျားတို့နဲ့တွေ့ဖို့ အခုပဲထွက်လာခဲ့မယ်”
ဝမ်ရှန်းက ချက်ချင်းပင်ပြန်လည်တုံ့ပြန်လိုက်သည်။
—ဘူဒိုဇာက နောက်နှစ်မိနစ်အတွင်း အောက်ထပ်ကို ရောက်လိမ့်မယ်။ အဲဒီကနေတစ်ဆင့် ရှင့်ကို အနီးဆုံးစစ်ဘက်ဆိုင်ရာလေဆိပ်ကို ခေါ်ဆောင်သွားမယ့် ရဟတ်ယာဉ်ပေါ်ကို ပြောင်းရွှေ့ပေးမယ်။ ကပ္ပတိန်နဲ့ ကျွန်မတို့အဖွဲ့ကတော့ လမ်းမှာရောက်နေကြပြီ။ ကျွန်မတို့ အခင်းဖြစ်ပွားရာနေရာကို သုံးနာရီအတွင်း ရောက်ရှိနိုင်လိမ့်မယ်။
—အနီးဆုံး အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေကိုတော့ ဖြန့်ကျက်ထားပြီးပြီ။ သူတို့က အရေးပေါ်တုံ့ပြန်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းကိုလည်း စတင်လိုက်ပြီဖြစ်လို့ ကျွန်မတို့ မရောက်ခင်မှာ အခြေအနေကို ကိုင်တွယ်ဖြေရှင်းပြီးသားဖြစ်နေနိုင်တယ်။ ဒါပေမဲ့လည်း ကျွန်မတို့ အနီးနားက လမ်းမှန်တာအိုဂိုဏ်းတွေဆီကို အရေးပေါ်အကူအညီတောင်းခံမှုတွေ ပေးပို့ထားပါတယ်။
အာဏာပိုင်များက ယခုအကြိမ်တွင် လျင်မြန်စွာတုံ့ပြန်ခဲ့ကြရာ ၎င်းက အဓိပ္ပာယ်ရှိလှသည်။ မီးသူတော်စင်၏ ယခင်လုပ်ရပ်များသည် နှောင့်ယှက်မှုတစ်ခုမျှသာဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤအခြေအနေသည် မိစ္ဆာတာအိုကျင့်ကြံသူများထံမှ တိုက်ရိုက်စိန်ခေါ်ခြင်းဖြစ်သည်။ သူတို့သည် တကယ်ကို အလွန်အကျွံလုပ်ဆောင်ခဲ့ကြပြီ။
ဝမ်ရှန်း ဖုန်းချလိုက်ပြီး သူ၏ စီနီယာအစ်မထံ လှည့်လိုက်သည်။
“ဒီမှာပဲ စောင့်နေပါ စီနီယာအစ်မ… စီနီယာအစ်မက ဒီကိစ္စမှာ ပါဝင်ပတ်သက်ဖို့ မလိုပါဘူး။ မစိုးရိမ်ပါနဲ့။ အဲဒီ မိစ္ဆာကျင့်ကြံသူတွေ အောင်မြင်မှာ မဟုတ်ပါဘူး။ သူတို့က ညှိနှိုင်းနိုင်မယ်လို့ ထင်နေလောက်အောင်အထိ မာန်တက်နေကြတာပါ၊၊ ဒါပေမဲ့ ကျွန်တော်တို့ အလေးအနက်ထားတဲ့အခါ သူတို့အပေါ် ဘယ်လောက်အထိ အင်အားသုံးနိုင်မလဲဆိုတာကို သူတို့မသိကြဘူး”
လေးနက်သော အမူအရာဖြင့် မုဝမ်ရွှမ်းသည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ သူမသည် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီးနောက် သူမ၏ ဖုန်းကို လှမ်းယူလိုက်သည်။ အတန်ကြာ ရှာဖွေပြီးနောက် သူမသည် ဝမ်ရှန်းကို တစ်ခါမျှ မပြဖူးသော ပုံတစ်ပုံကို ထုတ်ပြခဲ့သည်။
၎င်းမှာ ဓားကို ကိုင်ဆောင်လျက် မြူခိုးများထဲသို့ တစ်ဦးတည်း လျှောက်လှမ်းသွားသော ဓားသမားတစ်ဦး၏ ပုံဖြစ်သည်။
သူမသည် မျက်နှာပြင်ကို အသာအယာ ညွှန်ပြပြီးနောက် ဝမ်ရှန်းကို ညွှန်ပြကာ မိမိကိုယ်ကိုယ်ပြန်ညွှန်ပြလိုက်သည်။ သူမ ပြောချင်သည်ကို အပြည့်အဝဖော်ပြနိုင်ခြင်း မရှိသေးသည်ကို သဘောပေါက်သွားသောအခါ သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် စကားလုံးလေးလုံးကို ဖြည်းညှင်းပြတ်သားစွာနှင့် ပြောလိုက်သည်။
“ငါ...လည်း...လိုက်...မယ်”
ဝမ်ရှန်း တံတွေးကို ဂလုခနဲနေအောင် မြိုချလိုက်မိသည်။ သူ၏ စီနီယာအစ်မကို မငြင်းနိုင်တော့သဖြင့် သူသည် နောက်ဆုံးတွင် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ရတော့သည်။
“ကောင်းပြီ... ဒါဆို အတူတူသွားကြတာပေါ့”
…
မိစ္ဆာတာအိုကျင့်ကြံသူများသည် လူအသက်များကို မဆင်မခြင်သတ်ဖြတ်ကာ သောင်းကျန်းနေကြ၏။ ထိုကဲ့သို့သောကိစ္စမျိုးကို ကြုံတွေ့ရလျှင်ပင် လျစ်လျူရှု၍မရနိုင်ရာ မိမိကိုယ်တိုင်တိုက်ရိုက်ပတ်သက်နေသည့် အခြေအနေမျိုးတွင်မူ ပို၍ပင် ပစ်ထား၍ မရနိုင်တော့ချေ။
သူ၏ ပြီးခဲ့သောဘဝတုန်းက နတ်ဘုရားငါးပါးဂိုဏ်းတစ်ခုလုံး အမြစ်ပြတ်ချေမှုန်းခံရပြီး အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များတွင်ပါ စံပြအဖြစ် သတိပေးဖော်ပြခြင်းခံခဲ့ရသည်မှာ မဆန်းတော့ပေ။ အင်အားကြီးမားသော ယင်ယန်ဂိုဏ်းက ပိုမိုနက်ရှိုင်းစွာ ပုန်းကွယ်သွားခဲ့သော်လည်း နတ်ဘုရားငါးပါးဂိုဏ်းမှာမူ အတင့်ရဲလာပြီး ယခုအခါ အာဏာပိုင်များနှင့်ပင် လာရောက်ညှိနှိုင်းရန် ကြိုးပမ်းလာကြသည်။
ဓားစာခံများကို ဖမ်းဆီး၍ ညှိနှိုင်းရုံသက်သက်ဆိုလျှင် ကောက်ကျစ်ယုတ်မာသောလုပ်ရပ်ဖြစ်သော်လည်း အနည်းဆုံးတော့ ထိုမိစ္ဆာကျင့်ကြံသူများသည် အသိဉာဏ်လုံးဝကင်းမဲ့မသွားသေးကြောင်း ပြသရာရောက်ပေလိမ့်မည်။ သို့သော်လည်း နတ်ဘုရားငါးပါးဂိုဏ်းသည် အခြားသောအင်အားစုကြီးအချို့နှင့် ပူးပေါင်းကာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရုံးခွဲတစ်ခုကိုပါ ရက်စက်စွာသတ်ဖြတ်ချေမှုန်းခဲ့ကြသည်။
၎င်းမှာ ဟွာသမ္မတနိုင်ငံကို ပေါ်တင်သတိပေးလိုက်ခြင်းဖြစ်ပြီး ထိုမိစ္ဆာကျင့်ကြံသူများကသာ ဆူပူသောင်းကျန်းလိုလျှင် အစိုးရအနေဖြင့် မခံမရပ်နိုင်လောက်သည့် ထိုးနှက်ချက်မျိုးကို ပေးစွမ်းနိုင်သည်ဟု ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။
သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ခန့် ကျင့်ကြံခြင်းအခွင့်အလမ်းများမပွင့်လင်းသေးမီအချိန်က အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အစိုးရ၏ လုံးဝမသည်းခံသော သဘောထားကို ထိုမိစ္ဆာကျင့်ကြံသူများက မေ့လျော့နေကြပုံရ၏။ ယခုအခါ သူတို့၏ လုပ်ရပ်များသည် စည်းကျော်သွားခဲ့ပြီဖြစ်ရာ ၎င်းမှာ ကိုယ့်သေတွင်းကိုယ်တူးနေခြင်းသာဖြစ်ပေတော့မည်။
ဝမ်ရှန်းနှင့် ချီလင်းတို့သည်ပင် အရန်အစီအစဉ်အဖြစ်သာသတ်မှတ်ခြင်းခံထားရသည်။ သူတို့မရောက်ရှိလာမီမှာပင် ထိုမိစ္ဆာကျင့်ကြံသူများက ရှင်းလင်းခံရပြီးဖြစ်နိုင်ခြေ ရှိပေသည်။
အကယ်၍ ရန်သူများက အတင့်ရဲစွာဖြင့် ဓားစာခံများကို ဖမ်းဆီးမထားခဲ့ပါက ယခုအချိန်တွင် ပြင်းထန်လှသောလက်နက်ကြီးများ၏ ပစ်ခတ်မှုအောက်၌ ပြာဖြစ်နေလောက်ပြီ ဖြစ်သည်။
လက်ရှိတွင် အခက်ခဲဆုံးပြဿနာမှာ ရက်စက်ကြမ်းကြုတ်သောရန်သူများသည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များကို ဖမ်းဆီးထားခြင်းဖြစ်သည်။ ထို့အပြင် တိုက်ခိုက်ရန်အတွက် ပင်လယ်ကမ်းရိုးတန်းဒေသကို ရွေးချယ်ခဲ့ကြသဖြင့် ပင်လယ်ရေကြောင်းမှတစ်ဆင့် ဆုတ်ခွာနိုင်မည့်လမ်းကြောင်းကိုလည်းရရှိထားကြသည်။ ထိုတည်နေရာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းမှာ အဆပေါင်းများစွာ ပိုမိုခက်ခဲသွားခဲ့ရသည်။
ရန်သူများက သစ်သားယင်နတ်ဘုရားကိုသတ်ခဲ့သည့် ကျင့်ကြံသူနှင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ကပ္ပတိန်တို့ကို ဆွေးနွေးရန် အတိအကျတောင်းဆိုထားကြသည်။ ဝမ်ရှန်းအနေဖြင့် ထိုအခြေအနေကို ရှောင်လွှဲရန်နည်းလမ်းမရှိသကဲ့သို့ ရှောင်လွှဲရန်အကြောင်းပြချက်လည်းမရှိပေ။
“စီနီယာအစ်မ… စောစောက လက်အိတ်တွေကို စွပ်ထားလိုက်… ကျွန်တော် အဝတ်အစားသွားလဲလိုက်ဦးမယ်၊၊ ပြီးရင် ဘယ်လိုသုံးရမလဲဆိုတာ ရှင်းပြပေးမယ်”
ဝမ်ရှန်းသည် ချီစုစည်းကိရိယာကို ကျောတွင်လွယ်ကာ သူ၏ တစ်ခုတည်းသော မှော်ရတနာကို လှမ်းယူလိုက်သည်။ ထို့နောက် ဘီးတပ်ကုလားထိုင်ပေါ်မှ ရေချိုးခန်းထဲသို့ လက်နှစ်ဖက်ဖြင့်တွန်းကာ ခုန်ဝင်သွားခဲ့သည်။
သူ၏ မှော်ရတနာကို စနစ်တကျဝတ်ဆင်ပြီးနောက် ချက်ချင်းပင် သူ၏ အချက်အချာကျသောနေရာများ၌ လန်းဆန်းစေသည့် အအေးဓာတ်ကို ခံစားလိုက်ရသည်။ ယစ်မူးနတ်လိပ်ပြာချည်ဖြင့် ပြုလုပ်ထားသော အတွင်းခံအဝတ်အစားမှာ ကျင့်ကြံခြင်းလောကတွင် ထိပ်တန်းဇိမ်ခံပစ္စည်းတစ်ခုဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ဝမ်ရှန်း တာအိုဝတ်ရုံကိုဝတ်ဆင်ပြီး အပြင်သို့ ပြန်ထွက်လာချိန်တွင် မုဝမ်ရွှမ်းသည် ပန်းရောင်နှင့် အဖြူရောင်စပ်ထားသော ရှေးဟောင်းဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီးဖြစ်နေသည်။ သူမက ပို၍ပင် မြန်ဆန်စွာ လဲလှယ်နိုင်ခဲ့သည်။
ဝမ်ရှန်းသည် ဆေးနတ်ဘုရားချိုင့်ဝှမ်းမှ တာအိုဆရာကြီးတစ်ဦးပေးခဲ့သော ဆေးကျည်တောက်ကို ထုတ်ယူလိုက်သော်လည်း ဆေးမလူးရသေးမီမှာပင် ဘူဒိုဇာထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
“လမ်းကျမှပဲ လူးတော့မယ်၊၊ စီနီယာအစ်မ ခဏနေရင် ဆေးအာနိသင်ပျော်ဝင်အောင် ကူညီပေးဦး”
မုဝမ်ရွှမ်းက ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည်။
“အွန်း”
ကံကောင်းထောက်မစွာဖြင့် လွန်ခဲ့သောနှစ်ရက်အတွင်း ဝမ်ရှန်းသည် သူ၏ အစစ်မှန်ချီများကို အသုံးပြုကာ အရိုးများကိုသန်မာစေပြီး ကျိုးသွားသောနေရာများကို ကုသခဲ့သည်။ ယခုအချိန်တွင် အရိုးများ ပြန်လည်သန်မာလာမှုလုပ်ငန်းစဉ်မှာ သုံးပုံနှစ်ပုံခန့်ပြီးစီးနေပြီဖြစ်သည်။
အကယ်၍ သူက ဆက်လက်သန်မာအောင် လုပ်ဆောင်ခြင်းကို စွန့်လွှတ်လိုက်ပါက သုံးနာရီအတွင်း သူ၏ အစစ်မှန်ချီအားလုံးကို ဒဏ်ရာများကုသရန်အတွက်သာ အာရုံစိုက်အသုံးပြုနိုင်မည်ဖြစ်သည်။ ဆေးနတ်ဘုရားချိုင့်ဝှမ်းမှ ရှားပါးလှသော ဆေးဆီဖြင့်ဆိုလျှင် သူသည် ပို၍ပင် စောစီးစွာမတ်တတ်ရပ်နိုင်ပေလိမ့်မည်။ နောင်တွင် ထပ်မံဝယ်ယူရမည့်အခြေအနေကိုရှောင်လွှဲရန်အတွက် ထိုဆေးဆီကို သိမ်းဆည်းထားချင်သော်လည်း ယခုမူ အခြားရွေးချယ်စရာမရှိတော့ပုံရသည်။
အရိုးသန်မာအောင်လုပ်တာကတော့ နောက်တစ်ခါခြေထောက်ပြန်ကျိုးမှပဲ လုပ်တော့မယ်...၊၊
ဝမ်ရှန်းက သူ၏ ဓားသေတ္တာကို ကောက်ကိုင်လိုက်ပြီး မုဝမ်ရွှမ်းက ဘီးတပ်ကုလားထိုင်ကို တွန်းပေးခဲ့သည်။ သူတို့နှစ်ဦး အခန်းထဲမှအမြန်ထွက်လာခဲ့ကြသည်။ ဓာတ်လှေကားတံခါးပွင့်သွားချိန်တွင် ဘူဒိုဇာက အထဲ၌အဆင်သင့်စောင့်ဆိုင်းနေပြီး ဝမ်ရှန်းကို အထဲသို့အမြန်တွဲကူပေးခဲ့သည်။
“မင်းရဲ့ ခြေထောက်ဒဏ်ရာက ဘယ်လိုလဲ”
ဘူဒိုဇာက စိုးရိမ်တကြီးမေးလိုက်သည်။
“စိတ်မပူပါနဲ့… မကြာခင်သက်သာသွားမှာပါ”
ဝမ်ရှန်းသည် ဟိုတယ်ဝင်ပေါက်၌ပင် သူ၏ ဘီးတပ်ကုလားထိုင်ကို ထားရစ်ခဲ့သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့်တွန်းကာ SUV ကား၏ နောက်ခန်း ထိုင်ခုံပေါ်သို့ တိုက်ရိုက်ခုန်ဝင်လိုက်သည်။
မုဝမ်ရွှမ်း ကားပေါ်သို့တက်လာသည်နှင့် ဝမ်ရှန်း၏ ခြေထောက်များကို သူမ၏ ပေါင်ပေါ်သို့ ချက်ချင်းတင်ပေးလိုက်သည်။ သူမ၏ လက်ဖဝါးများမှ အစစ်မှန်ချီများ ထွက်ပေါ်လာပြီး ဒဏ်ရာများကို ချီစွမ်းအင်ဖြင့် လွှမ်းခြုံပေးခဲ့သည်။
ဘူဒိုဇာက ကားကို စက်နှိုးလိုက်သည်။ သူ လီဗာကို မနင်းရသေးမီမှာပင် ဟိုတယ်ဝင်ပေါက်မှ တစ်စုံတစ်ယောက်က လှမ်းအော်လိုက်သည်။
“နေဦး၊၊ ငါလည်း လိုက်မယ်”
Chapter 140
တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်း
အမျိုးသားတစ်ဦးက မယုံနိုင်လောက်အောင် လျင်မြန်သောနှုန်းဖြင့် ပြေးဝင်လာပြီး ကားတံခါးကို ဆွဲဖွင့်ကာ ရှေ့ခရီးသည်ထိုင်ခုံတွင် တိုးဝင်ထိုင်လိုက်သည်။ ထို့နောက် လှည့်၍ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းကို ပြုံးပြလိုက်သည်။
“ငါ တစ်ခါတည်းကြုံလို့ လိုက်ခဲ့တာ… ငါ့ကို လာကြိုဖို့ လူသက်သက်လွှတ်နေစရာမလိုတော့ဘူးပေါ့” ဖေးလျန်ဇီက ပြောလိုက်သည်။
ဝမ်ရှန်း၏ မျက်လုံးများ တောက်ပသွားသည်။ “စီနီယာလည်း အဲဒီကိုသွားမလို့လား”
“ဒါပေါ့၊၊ ဒီလိုကိစ္စမျိုးကြုံလာရင် ငါတို့ အရေးယူရမှာပေါ့” ဖေးလျန်ဇီ၏ မျက်နှာအမူအရာက တည်တံ့သွားသည်။
“ငါတို့ ဂိုဏ်းက တရားမျှတမှုအပေါ်မှာ အခြေခံပြီး တည်ထောင်ထားတာ ‘ခြေ ၁၀လှမ်းမှာ တစ်ယောက်သတ်ပြီး မိုင်တစ်ထောင်အတွင်း ဘယ်သူ့ကိုမှ အသက်ရှင်ခွင့်မပေးဘူး’ ဆိုပြီး ချီးကျူးခံရတဲ့ ဒဏ္ဍာရီလာဓားအင်မော်တယ်ထိုက်ပိုင်ရဲ့ ကြီးမြတ်တဲ့သူရဲကောင်းစိတ်ဓာတ်မျိုး ငါ့မှာမရှိပေမဲ့ မိစ္ဆာတွေကို နှိမ်နင်းဖို့၊ တာအိုကို ကာကွယ်ဖို့နဲ့ လူသားတွေကို စောင့်ရှောက်ဖို့ တာဝန်ကတော့ ငါ့မှာရှိနေတုန်းပဲ”
“ကောင်းတယ်” ဘူဒိုဇာက ဟိန်းဟောက်လိုက်သည်။
“ငါတို့ အခြေစိုက်စခန်းကို တိုက်ရိုက်သွားကြမယ်၊၊ ဟယ်လီကော်ပတာလည်း မကြာခင်ရောက်တော့မယ်”
သူက လီဗာကို အဆုံးထိနင်းလိုက်ရာ ကားက မိန်းလမ်းမကြီးပေါ်သို့ မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားခဲ့သည်။
ဟိုတယ်ဝင်ပေါက်တွင် လီကူဖုန်းက ဓားရှည်နှစ်လက်ကိုဆုပ်ကိုင်လျက် ပြေးထွက်လာပြီး ပျောက်ကွယ်လုနီးပါးဖြစ်နေသော ကားနောက်မီးကို ငေးကြည့်နေခဲ့သည်။
“ဆရာ… ဓားကျန်ခဲ့တယ်လေ”
သို့သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ချေ။ ကားမှာ အဝေးသို့ မောင်းနှင်သွားခဲ့ပြီ ဖြစ်သည်။
ဝမ်ရှန်းနှင့် အခြားသူများ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ယာယီအခြေစိုက်စခန်းသို့ ရောက်ရှိချိန်၌ပင် ဟယ်လီကော်ပတာအချို့ ကောင်းကင်မှ ဆင်းသက်လာကြသည်။ ယခင်နှင့်မတူဘဲ ဝမ်ရှန်းသည် ယခုအကြိမ်တွင် စီနီယာအစ်မက သူ့ကို ဟယ်လီကော်ပတာပေါ်သို့ ချီမတင်ပေးခြင်းကို ခွင့်ပြုခဲ့သည်။
သူတို့ ကားပေါ်တွင် ရှိနေစဉ်ကပင် မုဝမ်ရွှမ်းသည် ဝမ်ရှန်း၏ ခြေကျင်းဝတ်ကို ဆေးဆီဖြင့် ဂရုတစိုက်လူးပေးခဲ့သည်။ ယခုအခါတွင်လည်း သူမက ဆေးအာနိသင်ပျော်ဝင်စေရန် ဆက်လက်ကူညီပေးနေဆဲဖြစ်သည်။
မိမိကို တိတ်တဆိတ်ပြုစုပေးနေသော စီနီယာအစ်မကို ကြည့်ရင်း ဝမ်ရှန်း၏ နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ သို့သော်လည်း ဘူဒိုဇာက လက်ရှိအခြေအနေကို လာရောက်အကြောင်းကြားချိန်တွင် ထိုခံစားချက်များ ချက်ချင်းပျောက်ကွယ်သွားခဲ့ရသည်။
မိစ္ဆာကျင့်ကြံသူအဖွဲ့သည် မဆင်မခြင်လုပ်ဆောင်နေကြခြင်း မဟုတ်ပေ။ သူတို့သည် ကုန်းတွင်းပိုင်းနှင့်နီးကပ်သောကျွန်းတစ်ခုသို့ ဆုတ်ခွာသွားခဲ့ကြပြီး ကျွန်းပေါ်ရှိ ရွာသားများကိုပါ ဓားစာခံအဖြစ် ထပ်မံဖမ်းဆီးထားကြသည်။
“အထူးစစ်ဆင်ရေးအဖွဲ့က ကျွန်းကို ဝိုင်းထားပြီးပြီ၊၊ ဒါပေမဲ့ အဲဒီကောင်တွေက အတော်ရက်စက်တယ်၊၊ သူတို့ ဓားစာခံတွေကို စတင်သတ်ဖြတ်နေကြပြီ”
ဘူဒိုဇာ၏ မျက်လုံးများက ဒေါသကြောင့်တောက်လောင်နေပြီး သူက ခပ်တိုးတိုးကျိန်ဆဲလိုက်သည်။
“သူတို့က အထူးစစ်ဆင်ရေးအဖွဲ့ကို အဲဒီဒေသကနေ ဆုတ်ခွာပေးဖို့ တောင်းဆိုနေကြတယ်၊၊ မဆုတ်ခွာပေးရင် သုံးမိနစ်ကို တစ်ယောက်နှုန်းနဲ့ ဓားစာခံတွေကို သတ်မယ်လို့ ခြိမ်းခြောက်ထားတယ်၊၊ အခုလည်း လူအချို့ကို စသတ်နေပြီ”
ဖေးလျန်ဇီလည်း ဒေါသထွက်သွားသည်။
“အဲဒီမိစ္ဆာကျင့်ကြံသူတွေက လူအသက်တွေကို ကစားစရာလိုသဘောထားနေကြတာပဲ၊၊ သူတို့ကို အပိုင်းပိုင်းခုတ်ပစ်ရမယ်၊၊ သူတို့ထဲမှာ မိစ္ဆာပညာရပ်တွေကိုကျင့်ကြံပြီး လူသားဆန်မှုလုံးဝကင်းမဲ့သွားတဲ့သူတွေ အများကြီးရှိနေတာသေချာတယ်”
“သူတို့ထဲမှာ ပုံရိပ်ယောင်အမြုတေအဆင့်ပညာရှင်ဘယ်နှယောက်ရှိလဲဆိုတာ အတိအကျသိရပြီလား”
ဝမ်ရှန်းက မေးလိုက်သည်။
ဘူဒိုဇာက သူ၏ ဖုန်းကို စစ်ဆေးလိုက်သည်။ “ရန်သူ့ဘက်မှာ ပုံရိပ်ယောင်အမြုတေအဆင့်ကျွမ်းကျင်သူ ၆ယောက်ရှိနေတာ အတည်ပြုနိုင်ပြီ၊၊ သူတို့ကတော့ နတ်ဘုရားငါးပါးဂိုဏ်းက ရေနတ်ဘုရား၊ သံမဏိနတ်ဘုရားနဲ့ မြေနတ်ဘုရား၊ ထျန်းလင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် သံမဏိလင်းယုန်၊ မီးတောက်ပျံဂိုဏ်းက အကြီးအကဲ တွမ့်ကုန်းမင်နဲ့ မိစ္ဆာကျင့်ကြံသူ ကျိရှောင်းယောင်တို့ပဲ”
“နတ်ဘုရားငါးပါးဂိုဏ်းက ဒီစစ်ဆင်ရေးကို ဦးဆောင်နေပြီး အာဏာပိုင်တွေကို ကျင့်ကြံခြင်းလောကရဲ့ ကိစ္စရပ်တွေမှာ ဝင်ရောက်မစွက်ဖက်ဖို့ ဖိအားပေးချင်နေတာ… သူတို့က ကျင့်ကြံသူတွေက သူတို့ပြဿနာ သူတို့ရှင်းကြပြီး အစိုးရပိုင်းက ဝင်မပါတဲ့ ရှေးခေတ်ကလို မင်းမဲ့စရိုက်အခြေအနေမျိုးကို ပြန်လိုချင်နေကြတယ်”
ဝမ်ရှန်းက နှာမှုတ်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ အနားယူလိုက်သည်။
ရန်သူဘက်တွင် ပုံရိပ်ယောင်အမြုတေအဆင့် ကျွမ်းကျင်သူ ၆ဦး ရှိနေသည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် အချိန်တိုအတွင်း ကျွမ်းကျင်သူမည်မျှစုစည်းနိုင်မည်ကို မသေချာသော်လည်း သုတေသနဌာန၏ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့ကြသော တာအိုဆရာကြီး ၇ဦးမှာ သူတို့နှင့်အတူရှိနေလောက်ပေသည်။
သူတို့၏ အင်အားမှာ နောက်ကျကျန်နေမည်မဟုတ်သည်တော့ သေချာသည်။
ထို့အပြင် မိစ္ဆာကျင့်ကြံသူများက ထိုကဲ့သို့ ကြီးမားသောဆူပူမှုကို ဖန်တီးခဲ့ကြသဖြင့် အထူးစစ်ဆင်ရေးအဖွဲ့၏ ထိပ်တန်းအဖွဲ့ဝင်များနှင့် သူတို့၏ နည်းပြများလည်း အရေးယူဆောင်ရွက်ကြပေလိမ့်မည်။
အများကြီးစိုးရိမ်နေစရာမလိုပေ။ ဝမ်ရှန်းအနေဖြင့် သူ တတ်နိုင်သည့်ဘက်မှ ကူညီပေးရန်သာရှိတော့သည်။
****
ကျုံးနန်တောင်တန်း၏ အနောက်ဘက်စွန်းရှိ အမည်မသိတောင်ထိပ်တစ်ခုတွင် ဖြစ်သည်။
တောင်စောင်းရှိ ဂူဝင်ပေါက်အနီးတွင် ကျင်းယွမ်သည် ပုံမှန်အားဖြင့် ကျောက်စိမ်းရုပ်တုကဲ့သို့ ငြိမ်သက်စွာရပ်နေလေ့ရှိသော်လည်း ယခုမူ တိမ်တိုက်များပေါ်မှ ဆင်းသက်လာခဲ့သည်။
သူမ၏ ဆံပင်အရှည်များကို စည်းနှောင်လိုက်ပြီး တဲတစ်ခု၏ ဘေးတွင် မီးမွှေးလိုက်သည်။ ကျယ်ပြန့်လှသော ကြယ်စုံသည့်ကောင်းကင်ယံအောက်၌ ခြောက်သွေ့သော သစ်သားများဖြင့်မွှေးထားသောမီးတောက်များက တည်ငြိမ်စွာတောက်လောင်နေပြီး သူမသည် ဘေးတွင်တရားထိုင်နေသော မိန်းကလေးငယ်အတွက် ခေါက်ဆွဲပြင်ဆင်ပေးနေခဲ့သည်။
တီ... တီ... တီ...
မြည်လာသော ဖုန်းသံကြောင့် ကျင်းယွမ်၏ အတွေးများပြတ်တောက်သွားခဲ့သည်။ သူမက သွယ်လျသော လက်ကို မီးပုံဆီသို့ နှိမ့်ချလိုက်ရာ မီးတောက်များ ချက်ချင်းလျော့နည်းသွားခဲ့သည်။ သူမက ပေါ့ပါးသောလှုပ်ရှားမှုတစ်ခုဖြင့် ဖုန်းကို လက်ဖဝါးထဲသို့ ရောက်ရှိလာအောင် လုပ်ဆောင်လိုက်သည်။ ထို့နောက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ပေးပို့လာသော သတင်းစကားကို ကြည့်ရှုလိုက်ပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုအချိန်တွင် ပင့်ကူအိမ်များစွာ အချိန်ကြာမြင့်စွာ စုပုံနေခဲ့သော ဂူထဲမှ ပျင်းရိငြီးငွေ့စွာသမ်းဝေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“အင်း... မွှေးနေတာပဲ၊၊ ငါ ဒီနေ့ ဂူထဲကထွက်လာမယ်ဆိုတာ ဂျူနီယာညီမလေးက ဘယ်လိုသိတာလဲ၊၊ ငါ့အတွက် ခေါက်ဆွဲတောင် ပြုတ်ပေးထားတာလား”
ကျင်းယွမ်က အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်သည်။ သူမ၏ ဝိညာဉ်အသိစိတ်က ထိုဒေသတစ်ခုလုံးကို လွှမ်းခြုံထားသော်လည်း သူ၏ လှုပ်ရှားမှုများကို အနည်းငယ်မျှပင် သတိမထားမိခဲ့ချေ။
ဂူဝင်ပေါက်တွင် ဆံပင်များ ရှုပ်ပွနေပြီး မုတ်ဆိတ်မွှေးဗရပျစ်နှင့် အမျိုးသားတစ်ဦးက လက်မောင်းများကို ဆန့်တန်းလိုက်ရာ ရက်ရှည်တံခါးပိတ်ကျင့်ကြံခြင်းက လူတစ်ယောက်ကို မည်မျှအထိဖရိုဖရဲဖြစ်စေနိုင်ကြောင်း သက်သေပြနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ပုံရိပ်ယောင်အမြုတေအဆင့်သို့ရောက်ရှိပြီးနောက် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်မှာ သဘာဝအတိုင်းစင်ကြယ်သွားခဲ့သည်။ သို့မဟုတ်ပါက သူသည် ချွေးနံ့များဖြင့် နံစော်နေပေလိမ့်မည်။
ကျင်းယွမ်၏ မျက်နှာတွင် အပြုံးများဖြင့်တောက်ပသွားပြီး သူ့ကို ကြိုဆိုရန် ရှေ့သို့ တက်လှမ်းခဲ့သည်။
“စီနီယာအစ်ကို… ဘာလို့အပြင်မထွက်ခင် ကြိုမပြောတာလဲ”
ချင်ယန်ဇီက သဘောကျစွာ ရယ်မောလိုက်သည်။
“ငါကိုယ်တိုင်လည်း သိပ်မသေချာဘူး၊၊ ငါ တာအိုကို နက်နက်နဲနဲဆင်ခြင်နေတုန်းမှာ ရုတ်တရက် ကျင့်ကြံခြင်းကို ရပ်ထားချင်စိတ်တွေ ပြင်းပြလာတာပဲ၊၊ အပြင်ထွက်ဖို့ အချိန်တန်ပြီထင်တယ်... ဟင်၊ ဂျူနီယာညီမလေး… မင်း ဘယ်တုန်းက တပည့်တစ်ယောက် လက်ခံလိုက်တာလဲ”
သူ၏ မျက်လုံးများက ချီဝမ်၏ မျက်နှာလေးပေါ်သို့ ရောက်ရှိသွားချိန်တွင် သူ အေးခဲသွားခဲ့သည်။ မီးပုံ၏ မှိန်ပျပျအလင်းရောင်အောက်တွင်ပင် သူမကို ချက်ချင်းမှတ်မိသွားခဲ့သည်။
အခြားတစ်ဖက်တွင်မူ ချီဝမ်သည် သူမ၏ နိမ့်ပါးသော ကျင့်ကြံခြင်းအဆင့်ကြောင့် တရားထိုင်ခြင်းအခြေအနေသို့ အပြည့်အဝမဝင်ရောက်နိုင်သေးပေ။ သို့သော်လည်း သူတို့၏ စကားပြောသံက သူမကို နှောင့်ယှက်ခဲ့သော်လည်း သူမအနေဖြင့် မျက်လုံးဖွင့်သင့်၊ မဖွင့်သင့်ကို မဝေခွဲနိုင်သေးချေ။
မယုံကြည်နိုင်မှုနှင့် ဖုံးကွယ်မရသော ဝမ်းသာမှုတို့ကြောင့် သူ၏ အသံက အနည်းငယ် တုန်ရင်နေခဲ့သည်။
“ဒါ ဝမ်လေးလား… တကယ်ပဲ သူမလား”
ချင်ယန်ဇီသည် ချီဝမ်ထံသို့ ခြေလှမ်းကျယ်ကြီးဖြင့်လှမ်းသွားရန်ပြင်လိုက်သော်လည်း ရုတ်တရက်တွေဝေသွားပြီး မိမိကိုယ်ကိုယ်မသေချာသကဲ့သို့ ဖြစ်သွားခဲ့သည်။
“တကယ် ဝမ်လေးပဲ... သူကဘာလို့ ဒီရောက်နေတာလဲ၊၊ ဂျူနီယာညီမလေး… မြန်မြန်ပြောပါဦး…ငါဘာပြောရမလဲ”
ကျင်းယွမ် မဖြေရသေးမီမှာပင် ချင်ယန်ဇီက အသက်ပြင်းပြင်းရှူလိုက်ပြီး တိုးညင်းစွာ နှုတ်ဆက်လိုက်သည်။
“ဝမ်လေး… ငါ... ငါက သမီးရဲ့ အဖေပါ၊၊ သမီးက အဖေ့ကို တစ်ခါမှ မမြင်ဖူးလောက်သေးဘူး... နေဦး… ငါဘာတွေလုပ်နေတာလဲ၊၊ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်ဦးမယ်၊၊ သမီးနဲ့ မတွေ့ခင် အနည်းဆုံးတော့ ကြည့်ကောင်းတဲ့ပုံစံမျိုးဖြစ်နေရမယ်၊ ဂျူနီယာညီမလေး၊ နောက်ကျ ငါ့ကို အားလုံးရှင်းပြပေးရမယ်”
ချင်ယန်ဇီက အားရပါးရ ရယ်မောလိုက်ပြီး ရုတ်တရက် အားအင်များပြည့်ဖြိုးလာကာ ဂူထဲသို့ ပြန်ပြေးဝင်သွားခဲ့သည်။
“စီနီယာအစ်ကို… အခု ဝမ်လေးနဲ့ အလွမ်းသယ်နေဖို့ အချိန်မရှိဘူး”
ကျင်းယွမ်က နောက်မှလှမ်းအော်လိုက်သည်။
“အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ကိစ္စတစ်ခုဖြစ်နေတယ်၊၊ အင်အားကြီးတဲ့ ကျင့်ကြံသူတွေအဖွဲ့က သူတို့ရဲ့ ရုံးခွဲတစ်ခုကို တိုက်ခိုက်ပြီး အဖွဲ့ဝင်တွေနဲ့ အရပ်သားဓားစာခံ ရာနဲ့ချီပြီး ဖမ်းထားတယ်၊၊ သူတို့က စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ကပ္ပတိန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုနေကြတယ်”
“စုံစမ်းစစ်ဆေးရေးအဖွဲ့… ဘာအဖွဲ့လဲ” ချင်ယန်ဇီက ခဏမျှ ကြောင်အမ်းသွားခဲ့သည်။
ချီဝမ်က သူမ၏ မျက်လုံးများကို ဖွင့်ကာ ခုန်ထလိုက်သည်။
“ကျွန်မ အမေသွားပြီလား…. အဲဒီမိစ္ဆာကျင့်ကြံသူတွေက တကယ်ပဲ အားကောင်းတာလား”
ချင်ယန်ဇီ တင်းမာသွားခဲ့သည်။
“ဆောရီး… အဲဒါပဲ ငါ သိရသေးတယ်”
ကျင်းယွမ်က အမြန် ပြန်ဖြေလိုက်သည်။
“ဖေးယွီက နတ်ဘုရားငါးပါးဂိုဏ်းက မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့လို့ သူတို့က ဖေးယွီကိုပါ ကပ္ပတိန်နဲ့အတူ လာဖို့ အတိအကျတောင်းဆိုထားကြတယ်”
“ဖေးယွီလား”
ကျင်းယွမိ မတုံ့ပြန်နိုင်မီမှာပင် ချင်ယန်ဇီက သူမလက်ထဲမှ ဖုန်းကို လုယူလိုက်သည်။ သူမ ရှေ့တွင် ရပ်နေရင်း မျက်မှောင်ကြုတ်ကာ သတင်းစကားကို အမြန်ဖတ်ရှုလိုက်သည်။
“သူတို့ကို တည်နေရာအတိအကျပို့ခိုင်းလိုက်၊ ထူးခြားတာရှိရင် ငါ့ကို ချက်ချင်း ဖုန်းဆက်… ငါ ဘာလို့ ဒီလောက်ဂနာမငြိမ်ဖြစ်ပြီး အရေးကြီးတဲ့ ကိစ္စတစ်ခုခုဖြစ်တော့မလို ခံစားနေရလဲဆိုတာ မဆန်းတော့ဘူး၊၊ ဒီခေတ်ကြီးထဲမှာ မိစ္ဆာကျင့်ကြံသူတွေက သောင်းကျန်းနေတုန်းပဲလား၊၊ သူတို့က တရားမျှတမှုလမ်းစဥ်မှာ သူတို့ကို ဆန့်ကျင်မယ့်သူမရှိတော့ဘူးလို့ ထင်နေကြတာလား”
သူ စကားပြော၍ မဆုံးသေးမီမှာပင် ရှေ့သို့ ပြေးထွက်သွားခဲ့ပြီ ဖြစ်သည်။
“ဂျူနီယာညီမလေး… မင်းရဲ့ဓား ခဏငှားဦး”
သူ၏ တာအိုဝတ်ရုံနှင့် ဆံပင်အရှည်များက လေထဲတွင် လွင့်ပျံနေပြီး ကောင်းကင်သို့ ခုန်တက်လိုက်သည်။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ကျင်းယွမ်၏ ဓားတိုကရောက်ရှိလာပြီး သူ၏ ခြေဖဝါးအောက်တွင် တည်ရှိသွားခဲ့သည်။
သူက အသက်ပြင်းပြင်းရှူကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး အရှေ့ဘက်သို့ အရှိန်အဟုန်ဖြင့်ဦးတည်သွားခဲ့သည်။
ရွှေအမြုတေအဆင့်ကျင့်ကြံသူများသည် ပစ္စည်းများကို ထိန်းချုပ်၍ ပျံသန်းနိုင်သော်လည်း ချင်ယန်ဇီ၏ ထိုကဲ့သို့ပြင်းထန်သော အရှိန်ဖြင့် ပျံသန်းခြင်းသည် အစစ်မှန်ချီများနှင့် ဝိညာဉ်အသိစိတ်ကို လျင်မြန်စွာကုန်ခမ်းစေသည်။ သာ၍ဆိုးသည်မှာ သူ၏ အရှိန်မှာ ခေတ်ပေါ် ခရီးသည်တင်လေယာဉ်တစ်စင်း၏ အရှိန်ကိုပင်မမီသေးခြင်းဖြစ်သည်။