အခန်း (၃၉၇-၃၉၈)
Vol. 34 Ch. 397-398
အခန်း(၃၉၇)
ရိုလာကိုစတာကြီးက တကယ့်ကို ပေါက်သွားခဲ့တယ်။ ပေါက်သွားတာမှ လူစွန့်စားများအဖွဲ့တွေကြားထဲမှာပါ နာမည်တစ်လုံး ရလာတဲ့အထိပဲ။
"မင်း ရိုလာကိုစတာကြီးကို မစီးဖူးသေးသရွေ့တော့ တကယ့် သူရဲကောင်းတစ်ယောက် မဟုတ်သေးဘူး" လို့ သူတို့က ပြောကြတယ်လေ။
ဒီကစားနည်းက စိတ်လှုပ်ရှားစရာ အတွေ့အကြုံသစ်ကို ရှာဖွေနေကြတဲ့ စစ်သည်တော်တွေ၊ စွန့်စားရှာဖွေသူတွေနဲ့ စွန့်စားရတာကို အသေအလဲ ဝါသနာပါသူတွေအပြင် တခြားလူတွေကိုပါ အများကြီး ဆွဲဆောင်နိုင်ခဲ့တာပေါ့။
ဒါပေမဲ့လည်း သေလုမတတ် ခံစားရမယ့် အတွေ့အကြုံမျိုးကို မလိုချင်ကြတဲ့ လူတွေလည်း ရှိနေသေးတာပေါ့လေ။ ခရီးသွားဧည့်သည်တွေနဲ့ လာရောက်လည်ပတ်သူ အများစုကတော့ အားလပ်ရက်မှာ အေးအေးလူလူ အနားယူ အပန်းဖြေချင်ကြတာပဲ။
သူတို့အတွက်တော့ မိုက်ကယ်က ရီနေးတားနိုင်ငံတော်ထဲမှာ ပွဲတော်တစ်ခုကို ပြင်ဆင်ပေးထားတယ်။ ရင်ပြင်ထဲမှာ လူတွေ စားသောက်ပျော်ပါးနိုင်ဖို့အတွက် အစားအသောက်နဲ့ အဖျော်ယမကာမျိုးစုံကို စီစဉ်ပေးထားတာ။ ပြီးတော့ ရှီနာနဲ့ ကက်စတယ်လာတို့ရဲ့ မြန်ဆန်တဲ့ စီမံခန့်ခွဲမှုကြောင့် ရီနေးတားရဲ့ လမ်းမတွေထက်မှာ တိုက်ရိုက်တီးခတ်ဖျော်ဖြေတဲ့ ဂီတသံတွေနဲ့အတူ လှည့်လည်ဖျော်ဖြေပွဲကြီးတစ်ခုကိုပါ ဆင်နွှဲနိုင်ခဲ့ပြီး အဲဒီဂီတသံက ကြားရတဲ့သူတိုင်းကို မှော်ဆန်ဆန် ပျော်ရွှင်ကြည်နူးစေတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်ခဲ့တယ်။
ရီနေးတား နိုင်ငံသားတွေရော ခရီးသွားဧည့်သည်တွေပါ အားလုံး အတူတကွ ဆင်နွှဲအောင်ပွဲခံနေကြတာ။ ဒါပေါ့ မိုက်ကယ်လည်းပဲ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲချင်တဲ့ စိတ်တွေ ဖြစ်ပေါ်နေခဲ့တယ်။
ဒါပေမဲ့ ပထမဆုံးအနေနဲ့ သူက သူ့ဖခင်ဖြစ်သူ ဘတ်ဗန်ဒါဘစ်ကို သွားတွေ့ချင်နေခဲ့တာ။
သူတို့သားအဖနှစ်ယောက် မျက်နှာချင်းဆိုင် စကားမပြောဖြစ်ခဲ့ကြတာ တော်တော်လေးကို ကြာနေပြီလေ။
သူက သူ့ရဲ့ အရိပ်ခွဲပွားစွမ်းရည်ကို သုံးပြီး မြက်ခင်းပြင်ချိုင့်ဝှမ်းမှာ ပြန်လည်တည်ဆောက်ထားတဲ့ ဗန်ဒါဘစ်အိမ်တော်ဆီကို တိုက်ရိုက် ကူးပြောင်းသွားလိုက်တယ်။
အဲဒီနေရာက လုံးဝကို တိတ်ဆိတ်ခြောက်ကပ်နေပြီး အစေခံတွေရော အိမ်တော်ထိန်းတွေပါ တစ်ယောက်မှ ရှိမနေဘူး။ အားလုံးက အားလပ်ရက်ရပြီး ပွဲတော်မှာ သွားရောက်ဆင်နွှဲနေကြတာကိုး။
အိမ်တော်ထဲမှာ ရှိနေတာဆိုလို့ ဘတ် တစ်ယောက်တည်းပဲ။ သူက သူ့ရုံးခန်းရဲ့ ဝရန်တာမှာ ရပ်ပြီး လက်ထဲမှာ ဘီယာပုလင်းတစ်လုံးကို ကိုင်ရင်း ရီနေးတား နိုင်ငံတော်ကြီးကို လှမ်းမျှော်ကြည့်နေခဲ့တာ။
"အဖေ... ကျွန်တော် ပြန်လာပြီ"
ဘတ်က ချက်ချင်း လှည့်ကြည့်လာပြီး သူ့ရဲ့ ချစ်လှစွာသော သားဖြစ်သူကို မြင်လိုက်ရတာနဲ့ တစ်ပြိုင်နက် မျက်နှာတစ်ခုလုံး ဝင်းပသွားခဲ့တယ်။
"မိုက်ကယ်... ငါ့သား။ မင်း အဖေ့ဆီ လာမလည်တာ တော်တော်တောင် ကြာသွားပြီပဲ"
သူတို့နှစ်ယောက် ဖက်လဲတကင်း နှုတ်ဆက်လိုက်ကြပြီး အပြန်အလှန် ပြုံးပြလိုက်ကြတယ်။
"ဟုတ်ကဲ့ပါ အဖေ... တောင်းပန်ပါတယ်ဗျာ။ ကွင်းစ်နယ်မြေဘက်မှာ နယ်မြေချဲ့ထွင်တဲ့ ကိစ္စတွေနဲ့ နည်းနည်း အလုပ်ရှုပ်နေလို့ပါ"
ဘတ်က နှုတ်ခမ်းကို စေ့ရင်း ခေါင်းညိတ်ပြလိုက်တယ်။
"အဖေ သိတာပေါ့ သားရယ်။ ကွင်းစ်နယ်မြေဆိုတာ လမ်းကြောင်းရှာရ ခက်ခဲတဲ့ နေရာမျိုးလေ။ ဒါပေမဲ့လည်း မင်းက အဆုံးသတ်မှာ အောင်ပွဲခံနိုင်ခဲ့တာပဲ။ ဆောက်သ်တစ်ပ် တောအုပ်ကိုတောင် အပိုင်သိမ်းပိုက်နိုင်ခဲ့ပြီပဲ မဟုတ်လား"
မိုက်ကယ်က အချီးကျူးခံလိုက်ရလို့ နည်းနည်းတော့ ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ခေါင်းကို ကုတ်လိုက်တယ်။
"ဒါနဲ့ အမေကော ဘယ်လိုလဲဟင်"
"ခါတိုင်းလိုပါပဲကွာ။ မင်းအမေအကြောင်းလည်း မင်းသိတာပဲ။ သူက ငါ့ကို ငါ့ရဲ့ မိတ်ဆွေကောင်းတစ်ယောက်နဲ့ အောင်သွယ်ပေးဖို့ ကြိုးစားနေတာလေ" လို့ သူက တခိခိ ရယ်ရင်း ပြန်ဖြေလိုက်တယ်။
ဘတ်လည်း လိုက်ရယ်မိပေမဲ့ မကြာခင်မှာပဲ သူ့ရဲ့ အပြုံးတွေ ပျောက်ကွယ်သွားခဲ့တယ်။
"ဒီရက်ပိုင်း သူက တော်တော်လေး ဆိုးနေတာ မဟုတ်လား။ အဲဒါ ငါ့အပြစ်ပါ သားရာ။ သူက ငါပို့တဲ့ စာတွေကို တစ်စောင်မှ မပြန်တော့ဘူး"
အမှန်အတိုင်းပြောရရင် မိုက်ကယ်က ဒီအကြောင်းကို ကက်စတယ်လာဆီကနေ ကြားသိထားပြီးသားပါ။ ဘတ်က ကက်စတယ်လာနဲ့ အတူတူ အလုပ်လုပ်နေတာဆိုတော့ သူ့ရဲ့ စိတ်အခြေအနေက ပုံမှန်မဟုတ်တာကို ကက်စတယ်လာက သတိထားမိခဲ့တာလေ။ နောက်တော့မှ ဗန်ဒါဘစ် ဇနီးမောင်နှံကြားမှာ အိမ်ထောင်ရေး ပြဿနာတွေ ရှိနေမှန်း သိလိုက်ရတာ။
ဘတ် တစ်ယောက် သူ့ကုမ္ပဏီ ဆုံးရှုံးသွားပြီးတဲ့နောက်ပိုင်း သူတို့နှစ်ယောက်ကြားက သံယောဇဉ်အချစ်တွေက လျော့ပါးသွားခဲ့တာပေါ့။ အဲဒီဒဏ်ကြောင့်ပဲ ရက်တွေ ကြာလာတာနဲ့အမျှ သူတို့နှစ်ယောက်ဟာ တဖြည်းဖြည်း အလှမ်းဝေးလာခဲ့ကြတယ်။
အဆုံးမှာတော့ လိုင်လီယာက အိမ်ကနေ ဆင်းသွားခဲ့ပြီး မိုက်ကယ်နဲ့အတူ ရှိနေဖို့ ကွင်းစ်နယ်မြေဘက်ကို ခရီးထွက်သွားခဲ့တာ။ အဲဒီအကြောင်းပြချက်ကြောင့်ပဲ သူက ဟိုမှာ ရှိနေပြီး ဖခင်ဖြစ်သူကတော့ မြက်ခင်းပြင်ချိုင့်ဝှမ်းမှာ ကျန်ခဲ့တာပေါ့။
အဲဒီနောက်ပိုင်း ဘတ်က သူ့ကို ပြန်ခေါ်ဖို့ ချက်ချင်း ကြိုးစားခဲ့ပေမဲ့လည်း သူပို့သမျှစာတွေက အရာမထင်ခဲ့ဘူး။
"အဖေ... အမေနဲ့ ပထမဆုံး ဒိတ်လုပ်ခဲ့တုန်းကအကြောင်း ကျွန်တော့်ကို ပြောပြဖူးတာ မှတ်မိသေးလား"
ဘတ်က အတိတ်က ကောင်းမွန်ခဲ့တဲ့ အချိန်တွေကို ပြန်လည်အမှတ်ရရင်း ပြုံးလိုက်မိတယ်။
"မှတ်မိတာပေါ့။ အဖေက သူ့ကို ပထမဆုံး မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့တာ။ ပိရမစ်ဒစ် ကျူဇင်း လို့ခေါ်တဲ့ စားသောက်ဆိုင်မှာ တွေ့ခဲ့ကြတာလေ။ တစ်ခါတလေကျရင် အဖေ အချိန်တွေကို နောက်ပြန်လှည့်ချင်မိတယ်ဗျာ။ အဲဒါဆို အဲဒီအချိန်တွေကို ပြန်သွားပြီး ငါတို့နှစ်ယောက်ကြားက အချစ်မီးတောက်တွေကို ပြန်လည်ခံစားလို့ ရမှာလေ"
"တိုက်ဆိုင်လိုက်တာဗျာ။ အဲဒီဆိုင်က စားဖိုမှူးတစ်ယောက် အန်ဂိုရာမြို့ကို ရောက်နေတာ အဖေ သိလား။ အဖေက သူ့ကို တွေ့ဆုံဖို့ ကြိုးစားပြီး သူ့ဆိုင်မှာ စားပွဲတစ်လုံးလောက် ကြိုတင်ဘွတ်ကင်လုပ်ဖို့ ကြိုးစားခဲ့သေးတယ်၊ ဒါပေမဲ့ အဖေ့ရဲ့ အရှိန်အဝါက သူ့ရဲ့ အာရုံစိုက်မှုကို ရလောက်အောင်အထိ သြဇာမကြီးမားခဲ့ဘူး ထင်ပါရဲ့"
မိုက်ကယ်က ပြုံးလိုက်တယ်။
"စိတ်မပူပါနဲ့ အဖေရာ။ ကျွန်တော် ရှိတယ်လေ။ ကျွန်တော် စားဖိုမှူး ဂူစတို နဲ့ စကားပြောထားပြီးပြီ၊ သူက အမေနဲ့ ပထမဆုံး ဒိတ်လုပ်တုန်းကလို အစားအသောက်မျိုးကို အဖေ့အတွက် ချက်ပြုတ်ပေးလိမ့်မယ်"
အဲဒါက သူ စားဖိုမှူး ဂူစတိုဆီကနေ အကူအညီ တောင်းထားတဲ့အချက်ပဲ။ ဗန်ဒါဘစ်နဲ့ လိုင်လီယာတို့ သူတို့ရဲ့ ပထမဆုံးဒိတ်တုန်းက စားခဲ့တဲ့ အစားအစာအတိုင်း စားဖိုမှူးကို ပြန်လည်ချက်ပြုတ်ခိုင်းချင်တာ။
ဗန်ဒါဘစ်က အဲဒီအကြောင်းကို ကြားလိုက်ရတာနဲ့ တစ်ပြိုင်နက် မျက်နှာကြီး ဝင်းပသွားခဲ့တယ်။ "တကယ်လား သား။ မင်းက စားဖိုမှူး ဂူစတိုလို လူမျိုးကိုတောင် ဖျောင်းဖျနိုင်ခဲ့တာလား"
မိုက်ကယ်က နှာခေါင်းကို ကုတ်လိုက်ရင်း "ဒါပေါ့ဗျ။ ဂူစတိုက နောက်ပိုင်းကျရင် ရီနေးတားကုမ္ပဏီနဲ့ အတူတူ အလုပ်လုပ်တော့မှာလေ၊ အဲဒါကြောင့် ဒါက သူ့ဆီကနေ တောင်းဆိုလိုက်တဲ့ အကူအညီအသေးအဖွဲလေးတစ်ခုပါပဲ"
သူ့ဖခင်က စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တောင် ဝဲလာခဲ့ရတယ်။ ပြီးတော့ မိုက်ကယ်ကို ချက်ချင်း ပြန်ဖက်လိုက်ပြီး ပိုပြီးတော့လည်း တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်တယ်။
"ကျေးဇူးတင်ပါတယ် မိုက်ကယ်ရယ်... ဒါပေမဲ့ ငါတို့မှာ ပြဿနာတစ်ခု ရှိနေသေးတယ်"
မိုက်ကယ်က သူ့ကို ကြည့်လိုက်ပြီး "ဘာလဲဟင်"
"မင်းအမေလေ။ သူက ငါ့စာတွေကို လုံးဝ ပြန်မထူးတော့ ဒိတ်တာကို သိမှာမဟုတ်ဘူး။ ပြီးတော့ ငါ သူ့ကို သွားရှာတိုင်းလည်း သူက အမြဲ ရှောင်ထွက်သွားတာ"
မိုက်ကယ်က ခေါင်းညိတ်လိုက်တယ်။ "စိတ်မပူပါနဲ့၊ အမေ့ကိစ္စကို ကျွန်တော်ပဲ ကိုင်တွယ်လိုက်ပါ့မယ်"
* * * * * * * *
မကြာခင်မှာပဲ ညချမ်းအချိန်သို့ ရောက်ရှိလာပြီး ရီနေးတားနိုင်ငံတော်တစ်ခုလုံး ပွဲတော်မီးရောင်စုံတွေနဲ့ လင်းထိန်သွားခဲ့တယ်။ တိုင်တိုင်းမှာ မီးကြိုးတွေကို သီကုံးချိတ်ဆွဲထားတာကြောင့် ကြယ်တာရာတွေ တကယ်ပဲ နိုင်ငံတော်ထဲကို သက်ဆင်းလာသလိုမျိုး ထင်မှတ်ရစေတယ်။
ဒါက ကွင်းစ်နယ်မြေက လူတွေအတွက်တော့ တကယ့်ကို လှပလွန်းတဲ့ မြင်ကွင်းတစ်ခုပဲ။ ဒီလိုမျိုး တခြားကမ္ဘာကအတိုင်း ထူးခြားဆန်းပြားတဲ့ မြင်ကွင်းမျိုးကို သူတို့ ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် မြင်တွေ့ဖူးခြင်းပဲလေ။
အဲဒီနောက် မိုက်ကယ်က ဒရာဂွန်ဘွန်းတွေ၊ အရိပ်ဝံပုလွေတွေနဲ့ တခြားသူတွေ အားလုံး ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေကြတဲ့ နိုင်ငံတော်ထဲက သူတို့ရဲ့ ဌာနချုပ်ဆီကို သွားလိုက်တယ်။
"ငါ့သားလေး... မင်း ဘယ်တွေသွားနေတာလဲ" လို့ လိုင်လီယာက မေးရင်း မိုက်ကယ်ကို သူ့ရဲ့ ရင်ခွင်ထဲ ဆွဲသွင်းပြီး ချက်ချင်း ပွေ့ဖက်လိုက်တယ်။
မိုက်ကယ်က သူ့ဆီကနေ ရုန်းထွက်ပြီး ရှောင်လိုက်ရင်း "အဟမ်း... ကျွန်တော် လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက အမေ့ကို ရှောင်နေမိလို့ အဲဒါကို ပြန်ပေးဆပ်တဲ့အနေနဲ့ပါ။ ဒီညမှာ အမေ့အတွက် အထူးအစီအစဉ်တစ်ခု ရှိတယ် အမေ"
လိုင်လီယာရဲ့ မျက်လုံးတွေက တောက်ပတဲ့ ကြယ်တာရာတွေလို လင်းလက်သွားခဲ့တယ်။ "တကယ်လား။ မင်းက သိပ်ချစ်ဖို့ကောင်းတာပဲ။ အဲဒါက ဘာလဲဟင်"
"ကျွန်တော် အံ့သြသွားအောင် လုပ်ချင်တာမို့လို့ ကြိုမပြောချင်ဘူး။ အမေ့မျက်လုံးကို အဝတ်နဲ့ စည်းထားရမယ်နော်"
ကံကောင်းထောက်မစွာပဲ သူက ဘာကိုမှ သံသယမဝင်ခဲ့ဘူး။ သူမရဲ့ အင်္ကျီလက်တစ်ဖက်ကို ချက်ချင်း ဆုတ်ဖြဲလိုက်ပြီး မျက်လုံးကို ကွယ်သွားအောင် စည်းလိုက်တော့တယ်။
"ကျွန်တော် အမေ့လက်ကို ကိုင်ပြီး အံ့သြစရာတွေ ရှိမယ့်နေရာဆီ ပျံသန်းခေါ်သွားမယ်" လို့ သူက ပြောလိုက်တယ်။
မိုက်ကယ်က သူမရဲ့လက်ကို ဆုပ်ကိုင်လိုက်တဲ့အခါ လိုင်လီယာက ပိုပြီးတော့တောင် ဝမ်းသာပီတိ ဖြစ်သွားပုံရတယ်။ သူတို့နှစ်ယောက် အတူတကွ ကောင်းကင်ယံအမြင့်ကြီးထဲကို ပျံသန်းသွားခဲ့ကြတယ်။
မိနစ်အနည်းငယ်လောက် ကြာပြီးတဲ့နောက်မှာတော့ သူတို့ သွားမယ့်နေရာကို ရောက်ရှိသွားခဲ့ပြီ။
မြင့်မားတဲ့ ချောက်ကမ်းပါး အစွန်းတစ်နေရာမှာ အဖြူရောင် စားပွဲခင်းနဲ့ အနီရောင် ပန်းကန်ပြားတွေပေါ်မှာ လှပသပ်ရပ်ပြီး အရသာရှိမယ့် အစားအစာတွေ ပြင်ဆင်ထားတဲ့ အဆင့်မြင့် စားပွဲတစ်လုံး ရှိနေတယ်။ အလယ်မှာ ရိုမန်တစ်ဆန်တဲ့ ဖယောင်းတိုင်မီးတွေ ထွန်းညှိထားပြီး ကြမ်းပြင်ပတ်ပတ်လည်မှာ နှင်းဆီပွင့်ဖတ်တွေကို ဖြန့်ကြဲထားတာပေါ့။
သူက သူ့အမေကို ဖြည်းဖြည်းချင်း အောက်ကို ချပေးလိုက်ပြီး ထိုင်ခုံမှာ ထိုင်ဖို့ လမ်းပြပေးလိုက်တယ်။
"အိုး... ဒါက အထူးစီစဉ်ထားတဲ့ အစားအစာလား" လို့ လိုင်လီယာက လေထုထဲက အနံ့ကို ရှူရှိုက်ရင်း မေးလိုက်တယ်။
"ဟုတ်တယ် အမေ၊ ဒါပေမဲ့ ကျွန်တော် သုံးအထိ ရေတွက်ပြီးမှ မျက်လုံးကို ဖွင့်ရမယ်နော်... တစ်... နှစ်..."
လိုင်လီယာက အဆုံးအထိ ဆက်ရေတွက်ပြီး သူ့မျက်လုံးပေါ်က အဝတ်ကို ဖြည်းဖြည်းချင်း ဖြေလိုက်တယ်။ သူမရဲ့ အမြင်အာရုံက ဖြည်းဖြည်းချင်း ပြန်လည်ကြည်လင်လာပြီး ရှေ့က ရိုမန်တစ်ဆန်တဲ့ ညစာစားပွဲကို မြင်လိုက်ရတာပေါ့။
"မိုက်ကယ်" လို့ သူမက ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ရင်း မေးလိုက်ပေမဲ့ ဘယ်သူ့ကိုမှ မတွေ့ရဘူး။
အဲဒီအချိန်ကျမှ ဆန်းပြားတဲ့ ပန်းကန်တွေ၊ ဖယောင်းတိုင်ခုံကြီးနဲ့ ရှေ့မှာရှိတဲ့ ထူးခြားဆန်းပြားတဲ့ အစားအသောက်တွေကို သူ သတိထားမိသွားတာ။ ဒါတွေအားလုံးက ပိရမစ်ဒစ် ကျူဇင်း ကလာတာပဲ။ ဒါတင်မကသေးဘူး၊ ဒါက သူမနဲ့ သူနဲ့ စတင်တွေ့ဆုံခဲ့စဉ်တုန်းကအတိုင်း…
အဲဒီအချိန်မှာပဲ သူမရဲ့ အတွေးတွေကို ဖြတ်တောက်လိုက်တဲ့ အသံတစ်သံကို နောက်ကျောဘက်ကနေ ကြားလိုက်ရတယ်။
"ခွင့်ပြုပါဦး မမလေး... မမလေးရဲ့ အလှတရားကို ကျွန်တော် သတိမထားမိဘဲ မနေနိုင်လွန်းလို့ပါ"
* * * * * * * *
စာစဉ်(၃၄)
အခန်း(၃၉၈)
လိုင်လီယာ ကိုယ်ကိုလှည့်ကြည့်လိုက်တော့ ရှေးခေတ်မင်းညီမင်းသားတွေလို ခန့်ညားထည်ဝါတဲ့ တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဘတ် ကို တွေ့လိုက်ရတယ်။ ဒါက သူတို့နှစ်ယောက် စတင်ဆုံတွေ့ခဲ့ဖူးတဲ့ အချိန်က အမှတ်တရတွေကို လိုင်လီယာ့စိတ်ထဲ ချက်ချင်း ပြန်ပေါ်လာစေခဲ့တာပေါ့။
ပြီးတော့ အဲဒီစကားလုံးလေးတွေ။
'ခွင့်လွှတ်ပါ မမလေး... ကျွန်တော် မမလေးရဲ့ အလှတရားကို သတိမပြုမိဘဲ မနေနိုင်လွန်းလို့ပါ'
ဒါဟာ ဘတ်က သူတို့ပထမဆုံး ဆုံတွေ့စဉ်က လိုင်လီယာ့ကို စတင်ပြောဆိုခဲ့တဲ့ စကားလုံးတွေပဲ။
အခုတော့ လိုင်လီယာတစ်ယောက် အရာအားလုံးကို သဘောပေါက်သွားခဲ့ပြီ။ ဖယောင်းတိုင်မီးရောင်အောက်က ညစာစားပွဲ၊ တော်ဝင်ဝတ်စုံ၊ ပြီးတော့ အဲဒီစကားလုံးတွေ... ဘတ်က သူတို့နှစ်ယောက် ပထမဆုံး စတင်ချစ်ကြိုက်ခဲ့တဲ့ အချိန်ကို ပြန်လည်ပုံဖော်ဖို့ ကြိုးစားနေတာပဲ။
"မမလေး... ကျွန်တော် ဒီဘက်မှာ ဝင်ထိုင်လို့ ရမလား" ဘတ်က စားပွဲရဲ့ တစ်ဖက်ခြမ်းကို လျှောက်သွားပြီး လိုင်လီယာ့ကို လွမ်းဆွတ်တသပုံစံနဲ့ ကြည့်ရင်း မေးလိုက်တယ်။
လိုင်လီယာ့ပါးပြင်လေးတွေ နီရဲသွားခဲ့ရတယ်။ ဒါပေမဲ့ သူ့ကို စိတ်ဆိုးနေသေးတာကို သတိရသွားပြီး မျက်နှာကို ချက်ချင်းလွှဲလိုက်ကာ ဘတ် စကားစမြည်ပြောဖို့ ကြိုးစားသမျှကို လျစ်လျူရှုပစ်လိုက်တယ်။
"ကျွန်မ ရှင်နဲ့မသိဘူး" လိုင်လီယာက ပြန်ပြောလိုက်တယ်။
"အဲဒါကြောင့်လည်း ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်နေတာပေါ့" ဘတ်က ပါးနပ်စွာနဲ့ပဲ ပြန်ပြောလိုက်တယ်။
"နောင်အနာဂတ်မှာ ကျွန်တော်တို့နှစ်ယောက် အတူတူ ဆုံဆည်းကြလိမ့်မယ်လို့ ကျွန်တော့်စိတ်ထဲ ခံစားနေရတယ်"
ဒါပေမဲ့ လိုင်လီယာကတော့ ဘတ်ရှိနေတာကိုပင် အသိအမှတ်မပြုဘဲ နေမြဲတိုင်း နေနေဆဲပဲ။
ဘတ် သက်ပြင်းတစ်ချက် ချလိုက်တယ်။
"ပြီးခဲ့တဲ့နှစ်က ကျွန်တော် မင်းအပေါ် မကောင်းခဲ့တာတွေ သိပါတယ်... ဒါပေမဲ့ ကျွန်တော် ပြောင်းလဲနိုင်ပါတယ်... တို့နှစ်ယောက်ကြားက အချစ်မီးတောက်လေးကို ပြန်လည်မွေးဖွားခွင့်ပေးပါ... ခွင့်ပြုပါ... တို့နှစ်ယောက်ကို ဒုတိယအကြိမ်မြောက် အခွင့်အရေးလေး ပေးပါဦး"
နောက်ဆုံးတော့ လိုင်လီယာလည်း ဘတ်ကို ကြည့်လိုက်ပြီး သူ့လက်ထဲက နှင်းဆီပန်းကို ဆွဲလုလိုက်တော့တယ်။
"ဒါက ရှင့်ကို ခွင့်လွှတ်လိုက်ပြီလို့ ဆိုလိုတာ မဟုတ်ဘူးနော်" လိုင်လီယာက နှာခေါင်းရှုံ့ရင်း ပြောလိုက်တယ်။
"ဟုတ်ပါတယ်... ဒါက ရိုးရိုးညစာစားပွဲ သက်သက်ပါပဲ" ဘတ်က လျှော့ပေးလိုက်တယ်။
အစီအစဉ်က ပျက်သွားတဲ့ ပုံစံမျိုး ပေါက်နေပေမဲ့လည်း လိုင်လီယာ့မျက်နှာက အမူအရာကို ကြည့်ပြီး လိုင်လီယာတစ်ယောက် သူ့ကို ခွင့်လွှတ်ဖို့ စတင်နေပြီဆိုတာ ဘတ် သိလိုက်ပါတယ်။
"ဒါ ပိရမစ်ဒစ် ကျူဇင်း မဟုတ်လား" စားပွဲပေါ်က အဖိုးတန်ပုံရတဲ့ အဆင့်မြင့်ဟင်းလျာ အပြည့်အစုံကို ကြည့်ပြီး လိုင်လီယာက မေးလိုက်တယ်။ ဒါက အဆင့်အတန်း မြင့်မားသူတွေသာ သုံးဆောင်နိုင်တဲ့ အရာမျိုး ဖြစ်နေလို့ပဲ။
"ဟုတ်တယ်... အဲဒီတုန်းက တို့နှစ်ယောက် စားခဲ့တဲ့အတိုင်း အတိအကျပဲ... အဲဒီစားသောက်ဆိုင်ထဲမှာ တို့နှစ်ယောက်က ပတ်ဝန်းကျင်နဲ့ လုံးဝမအပ်စပ်ဘဲ ဖြစ်နေလို့ လူတွေက တောင်းစားတဲ့သူတွေလို့တောင် ထင်ခဲ့ကြသေးတာ"
"ကျွန်မ မှတ်မိတာပေါ့... ရှင်က ဗန်ဒါဘစ် တစ်ယောက်ဖြစ်မှန်း ဘယ်သူ့ကိုမှ မပြောခဲ့ဘူးလေ... ပြီးတော့ ကျွန်မကလည်း စွန့်စားရှာဖွေသူများရဲ့ တာဝန်တစ်ခုကနေ ဒဏ်ရာတွေနဲ့ ပြန်လာခါစပဲ ရှိသေးတာ... တော်ဝင်မျိုးနွယ်တွေရဲ့ ရှေ့မှာ တို့နှစ်ယောက်က တကယ်ကို ထင်းနေတာပဲ"
လိုင်လီယာနဲ့ ဘတ်တို့ဟာ သူတို့ ငယ်ရွယ်စဉ်က ဖြတ်သန်းခဲ့ရတဲ့ အချိန်ကောင်းတွေကို ပြန်လည်အောက်မေ့ရင်း တခိခိ ရယ်မောမိကြတယ်။
အဲဒီအချိန်မှာပဲ ချောက်ကမ်းပါးရဲ့ တခြားတစ်ဖက် သစ်ပင်တွေကြားထဲမှာတော့ မိုက်ကယ်နဲ့ အဖွဲ့သားတွေဟာ ကံကြမ္မာအလှည့်အပြောင်းကြောင့် ဝေးကွာခဲ့ရတဲ့ ဒီချစ်သူနှစ်ဦးရဲ့ ရိုမန်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းကို ချောင်းမြောင်း ကြည့်ရှုနေကြတာပေါ့။
"အိုး... သိပ်ချစ်ဖို့ကောင်းတာပဲ... မိုက်ကယ်... ဟိုမှာ ကြည့်စမ်း"
ဘတ်က စတိတ်ခ်တစ်တုံးကို ဇွန်းနဲ့ခွံ့ကျွေးဖို့ ကြိုးစားနေတဲ့ စားပွဲဝိုင်းဆီကို ယူနာက လက်ညှိုးထိုးပြလိုက်တယ်။ လိုင်လီယာက စိတ်ဆိုးချင်ယောင်ဆောင်နေပေမဲ့ နောက်ဆုံးတော့ ဘတ်ခွံ့ကျွေးတဲ့ ဇွန်းထဲက အစားအစာကို စားလိုက်တာပဲ။
"ဟိုးဟိုးဟိုး... တကယ်ကို ချစ်ဖို့ကောင်းတာပဲ... အော်... သူတို့နှစ်ယောက်ကို အတိတ်မေ့တဲ့ အစွမ်းသာ သုံးလိုက်ရရင် ချစ်သူအသစ်တွေအဖြစ် ပြန်လည်စတင်နိုင်ကြမှာ" လို့ ဂရီးဗ်က ပြောလိုက်တယ်။
"ဟို... အားလုံးပဲ.. ကျွန်တော့် မိဘတွေ ညစာစားပြီး ရိုမန်တစ်ဆန်နေတာကို ချောင်းကြည့်နေရတာ တစ်မျိုးကြီးပဲဗျာ" မိုက်ကယ်က သူတို့ကို ပြောလိုက်တယ်။
"ငါလည်း ပျင်းလှပြီ... တို့တွေ သွားကြတော့မလား" ဇိုင်ယွန်က သစ်မြစ်တစ်ခုပေါ်မှာ လျှောထိုင်ချရင်း မေးလိုက်တယ်။
"ကျွန်တော်ကတော့ ဒီနေရာက အငွေ့အသက်ကို သဘောကျတယ်... တိတ်ဆိတ်တာပဲ" ဂျာကူက မှတ်ချက်ချလိုက်တယ်။
ညစာစားပွဲရဲ့ ရိုမန်တစ်ဆန်တဲ့ အငွေ့အသက်တွေဟာ တခြားသူကြောင့် မဟုတ်ဘဲ စားဖိုမှူး ဂူစတို ကြောင့်ပဲ ဖြစ်ပါတယ်။ နာမည်ကြီး စားသောက်ဆိုင်က ထိပ်တန်းစားဖိုမှူးတစ်ဦးပီပီ ပတ်ဝန်းကျင်ရဲ့ ညချမ်း လေပြေအေးလေးနဲ့ လိုက်ဖက်ညီမယ့် အစားအစာတွေကို ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ သူက ကောင်းကောင်း နားလည်ထားတာပေါ့။
"ကူညီပေးလို့ ကျေးဇူးပဲ... ဂူစတို"
အသားညိုညိုနဲ့ စားဖိုမှူးကြီးက သူ့ရဲ့ ဦးထုပ်ကို ကိုင်ပြီး အလေးပြုလိုက်တယ်။ "ကိစ္စမရှိပါဘူး... သူဌေးက ကျွန်တော့်ရဲ့ အသင့်စားအစားအစာ ဆိုင်ခွဲကို တည်ဆောက်ဖို့ ကူညီပေးနေတာဆိုတော့ ဒါက ကျွန်တော် လုပ်ပေးနိုင်တဲ့ အသေးအဖွဲလေးပါပဲ"
စားဖိုမှူး ဂူစတိုနဲ့ သူ့ရဲ့ စားဖိုမှူးအဖွဲ့တွေဟာ ရီနေးတား နိုင်ငံတော်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရကတည်းက ချက်ချင်းပဲ စိတ်ဝင်တစား ရှိသွားခဲ့ကြတယ်။ ဒါက သူတို့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးတဲ့ အရာမျိုး ဖြစ်နေလို့ပဲ။
မနေ့ကတင် သူတို့တစ်ဖွဲ့လုံး နယ်မြေအနှံ့ လှည့်လည်ကြည့်ရှုခဲ့ကြပြီး ကွင်းစ်နယ်မြေ ထဲက အကြီးဆုံး မြို့တော်ကြီးတွေထက်တောင် ဘယ်လောက်အထိ တိုးတက်နေလဲဆိုတာကို မယုံနိုင်အောင် ဖြစ်ခဲ့ရသေးတယ်။
သူတို့က မိုက်ကယ်ကို ဒီ ရီနေးတား နိုင်ငံတော်ထဲမှာ ဆိုင်အသစ်တွေ ဖွင့်လှစ်ခွင့် ရနိုင်မလားလို့တောင် မေးမြန်းခဲ့ကြတယ်။
မိုက်ကယ်က သူတို့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီး ဆိုင်အသစ်ကို ရိုလာကိုစတာ နားမှာပဲ တည်ဆောက်စေချင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ စားသောက်ဆိုင်တွေနဲ့ မုန့်ဆိုင်တန်းတွေက ရိုလာကိုစတာ ကစားကွင်းတွေရဲ့ အဓိကနေရာ ဖြစ်နေလို့ပဲ။ အဲဒီ စိရင်လှုပ်ရှားစရာ ကစားနည်းကို စီးပြီးရင် လူတော်တော်များများ ဗိုက်ဆာတတ်ကြတာလေ။
"ဒါနဲ့... ညစာစားပွဲမှာ တစ်ခုခု အဆင်မပြေဖြစ်ရင် သုံးဖို့ဆိုပြီး အရန်အနေနဲ့ အစားအစာ နှစ်ပွဲ ပြင်ဆင်ထားခဲ့သေးတယ်... ဒါပေမဲ့ သူတို့အတွက် လိုအပ်မယ့်ပုံမပေါ်တော့ဘူး"
စားဖိုမှူး ဂူစတိုက ညစာစားပွဲဆီ လှမ်းကြည့်လိုက်တဲ့အခါ လိုင်လီယာနဲ့ ဘတ်တို့ နှစ်ယောက်လုံး အစားမစားကြတော့တာကို တွေ့လိုက်ရတယ်။
သူတို့နှစ်ယောက်ဟာ ချောက်ကမ်းပါးအစွန်းမှာ ရပ်နေကြပြီး ဘတ်က လိုင်လီယာ့ရဲ့ အနောက်ကနေ သိုင်းဖက်ထားခဲ့တယ်။ သူတို့နှစ်ယောက်လုံး မိုးကုပ်စက်ဝိုင်းဆီ မျှော်ကြည့်ရင်း ကောင်းကင်ယံက ကြယ်တာရာတွေနဲ့ မြေပြင်ပေါ်က ရီနေးတား နိုင်ငံတော်ရဲ့ လင်းထိန်နေတဲ့ မီးရောင်စုံတွေကို ငေးမောနေကြတာပေါ့။
ဒါက တကယ်ကို လှပတဲ့ မြင်ကွင်းလေးတစ်ခုပဲ။
"တစ်ယောက်ယောက် ဗိုက်ဆာရင်တော့ ဒီမှာ အပို အစားအစာတွေ ရှိသေးတယ်နော်" စားဖိုမှူး ဂူစတိုက ပြောပြောဆိုဆိုနဲ့ သူ့ခေါင်းပေါ်က အမြင့်ကြီးဖြစ်နေတဲ့ စားဖိုမှူးဦးထုပ်ကို ချွတ်ပြီး လိုင်လီယာနဲ့ ဘတ်တို့ကို တည်ခင်းပေးခဲ့တဲ့ အတိုင်း အဆင့်မြင့်ဟင်းလျာ အပြည့်အစုံ နှစ်ပွဲကို နှိုက်ထုတ်လိုက်တယ်။
လူတိုင်း အဲဒီအစားအစာတွေကို မြင်လိုက်ရတာနဲ့ ချက်ချင်းပဲ ဗိုက်တွေ တဂွီဂွီ မြည်လာကြတော့တယ်။
"အိမ်း... ဗိုက်ဆာလိုက်တာ..." ဇိုင်ယွန်က စတိတ်ခ်ကို တစ်လုပ်လောက် မြည်းစမ်းကြည့်ဖို့ လက်ကို အလိုလို မြှောက်လိုက်ရင်း ပြောလိုက်တယ်။
"ငါလည်း ဆာပြီ" ဖတ်ချ်က သွားရည်တမြှားမြှားနဲ့ ပြောလိုက်တယ်။ "တော်တဲ့ နင်ဂျာတစ်ယောက်က အစားအစာလည်း လိုအပ်တာပေါ့"
ဒါပေမဲ့ ဒီလူရှုပ်နှစ်ယောက် သူတို့ရဲ့ ညစ်ပတ်နေတဲ့ လက်တွေနဲ့ ပန်းကန်တွေကို မထိရသေးခင်မှာတင် ရှီနာက သူတို့ရဲ့ ခေါင်းကို ဖြတ်ခနဲ ရိုက်လိုက်ပြီး နားရွက်တွေကို လိမ်ဆွဲပစ်လိုက်တယ်။
"တော်စမ်း... နှစ်ယောက်လုံး" ရှီနာက သတိပေးလိုက်တယ်။
"နင်တို့က ဒီနေရာကနေ ထွက်သွားချင်နေတာ မဟုတ်ဘူးလား... စားဖိုမှူး ဂူစတို ပြောမှပဲ သတိရတယ်... သူတို့ရဲ့ စားသောက်ဆိုင်တွေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ရမယ့် စာရွက်စာတမ်းတွေ အများကြီး ကျန်သေးတယ်"
ရှီနာက သူတို့နှစ်ယောက်လုံးကို လက်နဲ့ဆွဲပြီး တောအုပ်ထဲကို ဖြည်းဖြည်းချင်း ဒရွတ်တိုက် ဆွဲခေါ်သွားတော့တယ်။
"လာကြစမ်း... နင်တို့ရဲ့ ပြစ်ဒဏ်က အကျိုးသက်ရောက်နေဆဲပဲ... အဲဒီစာရွက်စာတမ်းတွေ ပြီးအောင် တစ်ညလုံး မအိပ်ဘဲ လုပ်ရမယ်"
ဇိုင်ယွန်က အဆွဲမခံရအောင် သစ်ပင်ကို လက်သည်းတွေနဲ့ ကုတ်တွယ်ရင်း ရုန်းကန်နေရှာတယ်။ "အား... မလုပ်ပါနဲ့... စာရွက်စာတမ်းတွေ မလုပ်ချင်ဘူး... အဲဒါထက် စာရင် လေ့ကျင့်ခန်းပဲ လုပ်ပါရစေ"
"မင်း ငါ့ကို ဒီလိုလုပ်လို့ မရဘူး... ငါက စလိုင်းမ်နတ်ဘုရား နင်ဂျာကွ" ဖတ်ချ်က ကန့်ကွက်ပေမဲ့ ရှီနာ့ရဲ့ သန်မာတဲ့ လက်နဲ့ဆွဲထားကြောင့် သူ့ရဲ့ စလိုင်းမ်ခန္ဓာကိုယ်ကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။
သူတို့နှစ်ယောက် ဒရွတ်တိုက် ပါသွားတာကို ကြည့်ပြီး ဂျာကူက မအောင့်နိုင်ဘဲ ရယ်မောလိုက်တယ်။
"ကုကုကု..."
ဒါကတော့ သူ လုပ်လိုက်မိတဲ့ အမှားတစ်ခုပဲ။
"ယူမီစု... သူပါ ပါအောင် ခေါ်ခဲ့" ရှီနာက လှမ်းအမိန့်ပေးလိုက်တယ်။
ယူမီစုက တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းညိတ်လိုက်ပြီးနောက် သူ့ရဲ့ လှံကို ထုတ်ယူကာ ဝှေ့ယမ်းလိုက်တယ်။ သူမရဲ့ လက်နက် ဝှေ့ယမ်းလိုက်တိုင်း ပတ်ဝန်းကျင်က လေထုတွေက ပိုမို စုစည်းလာပြီး အရာအားလုံးကို လွင့်စင်သွားစေမယ့် လေဆင်နှာမောင်းကြီးတစ်ခု ဖြစ်ပေါ်လာတော့မလို ခြိမ်းခြောက်နေခဲ့တယ်။
"အိုကေ... အိုကေ... သွားမယ်... အကုန်အစင် ထုတ်သုံးဖို့ မလိုပါဘူး" ဂျာကူက အရှုံးပေးလိုက်ရတယ်။ တစ်ခါတရံမှာ သူဟာ သူ့ညီမလေးရဲ့ ဖျက်ဆီးလိုတဲ့ အလေ့အထကို ကြောက်မိတာပေါ့။
"ဟိုးဟိုးဟိုး... ကျွန်တော် မေ့သွားလို့…"
"မရဘူး" ရှီနာက ဟိုနှစ်ယောက်ကို ဆွဲခေါ်နေရင်းက လှမ်းအော်လိုက်တယ်။ "ဆာ ဂရီးဗ်... ရှင်လည်း လိုက်ခဲ့ရမယ်... ရှင့်ဆရာနဲ့ သင်ခန်းစာ ရှိတယ် မဟုတ်လား"
ဂရီးဗ်က စာမသင်ချင်တာကြောင့် ချက်ချင်းပဲ သူ့ခန္ဓာကိုယ်ထဲက နခရော့တစ် မှော်စွမ်းအားတွေကို ရုပ်သိမ်းလိုက်တယ်။ လေထဲမှာ ပျံဝဲနေတဲ့ သူ့ရဲ့ အရိုးတွေက မြေပြင်ပေါ်ကို အရိုးပုံကြီးလို တဖျန်းဖျန်း ကျသွားပြီး သေဆုံးသွားတဲ့ အရိုးစု အကြွင်းအကျန်တွေလို ဖြစ်သွားတော့တယ်။
ယူမီစုက ဘာမှမပြောဘဲ အရိုးတစ်ချောင်းချင်းစီကို ကောက်ယူပြီး ရှီနာ့နောက်ကနေ ရီနေးတား နိုင်ငံတော်ဆီ လိုက်သွားခဲ့တယ်။
တောအုပ်ထဲမှာ ကျန်ရစ်ခဲ့တာဆိုလို့ စားဖိုမှူး ဂူစတို၊ ယူနာနဲ့ မိုက်ကယ်တို့ပဲ ရှိတော့တယ်။
ခဏလောက်တော့ အနေခက်စရာ တိတ်ဆိတ်မှုကြီး ဖြစ်သွားခဲ့တာပေါ့။
"ကဲ... ကျွန်တော်လည်း သွားရဦးမယ်" ဂူစတိုက မိုက်ကယ့်ကို မျက်စိတစ်ချက် မှိတ်ပြပြီးနောက် ဒရာဂွန်ဘွန်းတွေနဲ့အတူ ချက်ချင်းပဲ ထွက်ခွာသွားတော့တယ်။
မိုက်ကယ်က ခေါင်းကို ခါယမ်းရင်း "မင်းပါ ပါသွားတာလား..." လို့ တိုးတိုးလေး ညည်းတွားလိုက်မိတယ်။
ယူနာက သစ်သားစားပွဲပေါ်မှာ အလိုက်သင့် တည်ခင်းထားတဲ့ အစားအစာတွေကို ကြည့်ပြီး မိုက်ကယ့်ဘက် လှည့်လိုက်တယ်။
"တို့နှစ်ယောက်ပဲ ကျန်တော့တဲ့ပုံပဲ... တို့တွေ စားကြမလား"
* * * * * * * *
စာစဉ်(၃၄)