← Chapters

အခန်း (၄၀၁-၄၀၂)

Vol. 34 Ch. 401-402

အခန်း (၄၀၁-၄၀၂)

Vol. 34 Ch. 401-402

အခန်း(၄၀၁)

"မင်း.... မင်း ရေကို ဘယ်လိုလုပ်ပြီး တားလိုက်တာလဲ။ အဲဒါ မင်းရဲ့ စွမ်းရည် လား" ဆီဘက်စတီယန် က မေးလိုက်တယ်။

"တစ်မျိုးတော့ ဟုတ်တာပေါ့" မိုက်ကယ် က ပြန်ဖြေလိုက်တယ်။ သူ့ရဲ့ စွမ်းရည် က မြင်ရတာထက် ပိုပြီးတော့ ရှုပ်ထွေးလှပေမဲ့ သူ အခုလေးတင်မှ နိုးထလာတာ ဖြစ်လို့ သေချာလည်း မကျွမ်းကျင်သေးပါဘူး။ ဒါကြောင့် အခုလောလောဆယ်တော့ ခလုတ်တစ်ခုကို ဆင့်ခေါ်တာပဲ သူ လုပ်နိုင်သေးတယ်။

ဆီဘက်စတီယန် က မိုက်ကယ်ရဲ့ အပေါ်မှာ ဝဲပျံနေတဲ့ စက်ရုပ်လက်မောင်းကြီးကို ကြည့်လိုက်တယ်။ မိုက်ကယ် တစ်ယောက် ခန္ဓာကိုယ်ဖွဲ့စည်းခြင်း အဆင့်နှစ်ကို တက်လှမ်းသွားပြီဆိုတာ သူ ရိပ်မိလိုက်ပါတယ်။

"မင်းက သံလိုက်စွမ်းအား ပိုင်ရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းအဖိုးက မင်းကို ပေးခဲ့တာလား"

မိုက်ကယ် က ခေါင်းခါပြလိုက်ပြီး "မဟုတ်ပါဘူး။ ကျွန်တော် သူ့ကို တစ်ခါမှ မတွေ့ဖူးသလို စကားလည်း မပြောဖူးပါဘူး။ ခရစ်ရှန် ဟမ်းမားစတုန်း ကို အနိုင်ယူပြီးတဲ့နောက် အမှတ်မထင် ရလာတာပါ" လို့ ပြောလိုက်တယ်။

ဗန်ဒါဘစ် မိသားစုရဲ့ အကူအညီမပါဘဲ မိုက်ကယ် ဒီလိုတန်ခိုးအာဏာမျိုးကို ရရှိခဲ့တာဟာ တကယ့်ကို ကံကောင်းလွန်းတယ်လို့ ဆီဘက်စတီယန် တွေးမိသွားတယ်။ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် သူ သိပ်တော့ မအံ့ဩပါဘူး။ မိုက်ကယ်ရဲ့ ပါရမီတွေက သာမန်ထက် ထူးကဲလွန်ကဲတဲ့ ကံကြမ္မာမျိုးကို အမြဲတမ်း ဆောင်ကြဉ်းပေးနေကျပဲလေ။

ရီနေးတား ကုမ္ပဏီဟာ စီးပွားရေးလောကမှာ အောင်မြင်မယ်လို့ သူ အမြဲတမ်း ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ သူကိုယ်တိုင် ဒီဗာ တစ်ခုကို ပိုင်ဆိုင်သွားပြီဆိုမှတော့ မိုက်ကယ် အနေနဲ့ အဆုံးထိ တက်လှမ်းသွားနိုင်ဖို့ လုံးဝ ဖြစ်နိုင်ခြေ ရှိသွားပြီပေါ့။

"ဒါဆို မင်း မက်ထရိုပိုလစ်ကို ရောက်ခဲ့ပြီပေါ့လေ။ ငါ့ကို ပြောသင့်တာ။ အဲဒီက ကုသရေးသမားနဲ့ ငါက သူငယ်ချင်းတွေမို့ သူတို့ မင်းကို လျှော့စျေးပေးမှာပေါ့။ မင်းအတွက် ငွေမလိုတာကတော့ တစ်ပိုင်းပေါ့လေ"

မိုက်ကယ် က ခေါင်းလေးစောင်းပြီး "မက်ထရိုပိုလစ်" လို့ ရေရွတ်လိုက်တယ်။

ဆီဘက်စတီယန် က တဟားဟား ရယ်မောရင်း "ဟုတ်ပါသော်ကော မက်ထရိုပိုလစ်လေ။ အဲဒီဒေသမှာ အနီးဆုံး ဆေးပညာရှင် ရှိတဲ့ မြို့ကြီးလေ။ မင်းရဲ့ နှလုံးသားထဲကို နတ်ဘုရားပန်းပဲဖို အစအန ထည့်ပေးခဲ့တဲ့သူက ဘယ်သူလဲဆိုတာတောင် မင်း မသိဘူးလား"

"အဲဒါတွေကို ကျွန်တော် ဘာမှမသိဘူး။ ကျွန်တော် ခွဲစိတ်မှု မခံယူခဲ့ရပါဘူး" မိုက်ကယ် က ပြန်ဖြေလိုက်တယ်။

မှော်မျှော်စင်သခင်ကြီးဟာ ခဏလောက် ထပ်ပြီး ရယ်မောလိုက်ပြီးမှ အရင်အတိုင်း တည်ကြည်လေးနက်တဲ့ မျက်နှာပေးနဲ့ ရှိနေဆဲဖြစ်တဲ့ မိုက်ကယ်ကို ပြန်ကြည့်လိုက်တယ်။

"မင်း တကယ်ပြောနေတာလား"

တစ်ယောက်ယောက်က သံလိုက်စွမ်းအား ပိုင်ရှင်ဖြစ်လာဖို့ဆိုရင် နှလုံးသားထဲကို နတ်ဘုရားပန်းပဲဖို အစအန ထည့်သွင်းရတဲ့ အန္တရာယ်များလှတဲ့ ခွဲစိတ်မှုကို ခံယူရုံမှတစ်ပါး အခြားနည်းလမ်းမရှိဘူးဆိုတာ ဆီဘက်စတီယန် သိထားတာပေါ့။ ပြီးတော့ အဲဒီခွဲစိတ်မှုကို ခန္ဓာကိုယ်ဖွဲ့စည်းခြင်း အဆင့်တစ်ခု တက်တိုင်း တက်တိုင်း ပြုလုပ်ရတာ ဖြစ်လို့ အခု ခန္ဓာကိုယ်ဖွဲ့စည်းခြင်း အဆင့်နှစ်ကို ရောက်နေတဲ့ မိုက်ကယ်အနေနဲ့ ဒီအချိန်မှာ ခွဲစိတ်မှု နှစ်ကြိမ်တောင် ခံယူပြီးနေရမှာ ဖြစ်ပါတယ်။

"ဟုတ်တယ်။ ကျွန်တော် ခွဲစိတ်ဖို့ မလိုဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က မွေးရာပါ သံလိုက်စွမ်းအား ပိုင်ရှင်မို့လို့ပဲ"

ဒီစကားက ဆီဘက်စတီယန်ကို တကယ်ပဲ အံ့အားသင့် တုန်လှုပ်သွားစေခဲ့တယ်။ အဖိုးကြီးဟာ မိုက်ကယ်ကို ကြောင်စီစီ စိုက်ကြည့်နေပြီးမှ ခေါင်းကို ခါယမ်းလိုက်ပါတော့တယ်။

"ငါ မအံ့ဩသင့်ဘူးဆိုတာ သိပေမဲ့လည်းကွာ။ မွေးရာပါ သံလိုက်စွမ်းအား ပိုင်ရှင် ဟုတ်လား။ သာမန်လူထုကြားမှာ သံလိုက်စွမ်းအား ပိုင်ရှင်တွေဆိုတာတောင် ဒဏ္ဍာရီတစ်ခုလို ဖြစ်နေတုန်းဆိုတာ မင်း သိရဲ့လား။ ပြီးတော့ သံလိုက်စွမ်းအား ပိုင်ရှင်တွေထဲမှာမှ မွေးရာပါ သံလိုက်စွမ်းအား ပိုင်ရှင်ဆိုတာက ပိုလို့တောင် ဒဏ္ဍာရီဆန်နေသေးတယ်။ ဘယ်သူမှ အဲဒါကို အစစ်အမှန်လို့တောင် မထင်ကြဘူး"

ဒီကလေးအပေါ်မှာ သာမန်ဆင်ခြင်တုံတရားတွေ အလုပ်မလုပ်ဘူးဆိုတာကို ဆီဘက်စတီယန် တစ်ယောက် မိုက်ကယ်နဲ့ ရင်းနှီးလာတဲ့ သက်တမ်းတစ်လျှောက် သိထားပြီးသားပါ။ ဒါပေမဲ့ မှော်ပညာ၊ ပါရမီ၊ တန်ခိုး စွမ်းအား ဒါမှမဟုတ် ဉာဏ်ပညာ စတဲ့ ကဏ္ဍတိုင်းမှာ မိုက်ကယ်က လူတိုင်းထက် သာလွန်နေပုံရတယ်။ ဒါက တကယ့်ကို မတရားတာပဲ။

"ကျွန်တော့်ရဲ့ ပထမဆုံး နတ်ဘုရားပန်းပဲဖို အစအနကို အဲဒီလို ရခဲ့တာ။ အဲဒါက ကျွန်တော့် ရင်ဘတ်ထဲကို ရုတ်တရက် ပျံသန်းဝင်ရောက်လာခဲ့တယ်။ ပြီးတော့ အခြား သံလိုက်စွမ်းအား ပိုင်ရှင်တွေဆီက နတ်ဘုရားပန်းပဲဖို အစအနတွေကိုလည်း ကျွန်တော် ဆွဲယူနိုင်မယ် ထင်တယ်"

အခုတော့ ဒါက နောက်ထပ် ဗုံးတစ်လုံး ခွဲလိုက်သလိုပါပဲ။ အကယ်၍ အခြား သံလိုက်စွမ်းအား ပိုင်ရှင်တွေသာ ဒါကို ကြားရင် ခြေဖျားလက်ဖျားတွေ တုန်ရင်သွားကြမှာ အသေအချာပဲ။ တစ်စုံတစ်ယောက်က မိမိတို့ရဲ့ စွမ်းအားကို ဆွဲလုသွားနိုင်တယ်ဆိုတဲ့ အတွေးတစ်ခုတည်းနဲ့တင် ဘယ်သူမဆို သူ့အနား မကပ်ချင်ဘဲ နေကြလိမ့်မယ်။ ဒါပေမဲ့ မိုက်ကယ်ဟာ တကယ်ပဲ ထိုက်တန်တဲ့သူ မဟုတ်ရင် ဘယ်သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အစအနကိုမှ ရက်ရက်စက်စက် လုယူမယ့် လူစားမျိုး မဟုတ်ဘူးဆိုတာကို သူ ကောင်းကောင်းကြီး သိပါတယ်။

"ဒါကြောင့် မင်း ဆေးပညာရှင်တွေဆီ မရောက်ဖူးတာကိုး။ ဒါနဲ့ စကားမစပ် ဆေးပညာရှင်တွေကသာ သံလိုက်စွမ်းအား ခွဲစိတ်မှုကို လုပ်ဆောင်နိုင်တဲ့ တစ်ဦးတည်းသော သူတွေ ဖြစ်တယ်။ သူတို့မှာပဲ ခွဲစိတ်မှုကို ဘေးကင်းအောင် လုပ်နိုင်တဲ့ အထူးပြု စွမ်းအား ရှိကြတာ။ ဒါကြောင့်လည်း ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစု က ကမ္ဘာပေါ်မှာ ထိပ်တန်း အစုအဖွဲ့ကြီး ဖြစ်နေတာပေါ့"

ဒီသဘောကတော့ သူတို့က ခွဲစိတ်မှုအပေါ်မှာ လက်ဝါးကြီးအုပ်ထားတယ်လို့ ဆိုလိုတာပါပဲ။ သူတို့ပဲ လုပ်နိုင်တာဆိုတော့ သူတို့ ကြိုက်သလောက် ဈေးခေါ်နိုင်ပြီး လူတွေကလည်း ပေးကြမှာပဲလေ။ ဘာပဲဖြစ်ဖြစ် သံလိုက်စွမ်းအား ပိုင်ရှင်တစ်ယောက် ဖြစ်လာဖို့က အင်အားကြီးမားလာစေမယ့် အလွန်လွယ်ကူတဲ့ လမ်းစတစ်ခု ဖြစ်နေတာကိုး။

ဆီဘက်စတီယန် က လေထုထဲမှာ ခဲပျစ်နေတဲ့ မြူနှင်းတွေဆီ လျှောက်သွားလိုက်တယ်။ သူ ခလုတ်ကို ကြည့်ပြီး မှတ်မိသွားပုံရတယ်။

"ဒါက ဒီအခန်းထဲက မီးကို ထိန်းချုပ်တဲ့ ခလုတ်ပဲ" သူက ပြောလိုက်ပြီး "ငါ သဘောပေါက်ပြီ... မင်းရဲ့ စွမ်းရည် က မင်းဖန်တီးထားတဲ့ နည်းပညာဆိုင်ရာ အယူအဆတွေကို ဒီကမ္ဘာထဲမှာ အသုံးချနိုင်တာကိုး။ အလားအလာတွေ အများကြီးရှိတဲ့ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းရည် ပဲ"

မှော်မျှော်စင်သခင်ကြီး ပီသစွာပဲ သူဟာ မိုက်ကယ်ရဲ့ စွမ်းရည် ကို အလွယ်တကူပဲ အနက်အဓိပ္ပာယ် ဖော်ထုတ်နိုင်ခဲ့ပါတယ်။

မိုက်ကယ်က ပထမဆုံး လမ်းဖယ်ပေးလိုက်ပြီးမှ ခလုတ်ကို ပြန်နှိပ်လိုက်တဲ့အခါ မြူနှင်းတွေက သူ့ဘေးနားတင် ဖြန်းခနဲ ပြန်လည် ထွက်ပေါ်လာခဲ့တယ်။

သူ ခလုတ်ကို ကောက်ယူပြီး အိတ်ကပ်ထဲ ထည့်လိုက်တဲ့အခါ သူ့ရဲ့ ဒီဗာ ကလည်း လေထုထဲကနေ မကြာခင် ပျောက်ကွယ်သွားပါတော့တယ်။

"ဒါနဲ့ ကျွန်တော့်မှာ မေးစရာ မေးခွန်းတစ်ခု ရှိတယ်။ မီသရယ် မှော်ဝင်ပစ္စည်းတွေ နဲ့ သံလိုက်စွမ်းအား ပိုင်ရှင်တွေကြားမှာ ဘယ်လို ဆက်နွှယ်မှု ရှိလဲ"

ဆီဘက်စတီယန် က တစ်ခုခုကို အခုမှ သတိရလိုက်သလို သူ့နဖူးကို သူ ပြန်ရိုက်လိုက်တယ်။

'ဟုတ်သားပဲ။ အခြား သံလိုက်စွမ်းအား ပိုင်ရှင်တွေနဲ့ မတူတာက မင်းအတွက် သင့်တော်မယ့် မီသရယ် မှော်ဝင်ပစ္စည်းကို ရှာဖွေဖို့ မင်းမှာ ဘာအခက်အခဲမှ မရှိဘူးပဲ' ဆီဘက်စတီယန် က စိတ်ထဲက တွေးလိုက်တယ်။ 'ပြီးတော့ အဲဒါက သံချေးတက်ပြီး ကျိုးပဲ့နေတဲ့ မီသရယ် မှော်ဝင်ပစ္စည်း သာမန်အဆင့်လည်း မဟုတ်ဘူး။ တကယ့် မီသရယ် မှော်ဝင်ပစ္စည်း အစစ်အမှန်ကြီးပဲ'

"မီသရယ် မှော်ဝင်ပစ္စည်းက အတိအကျ ဘာလုပ်ပေးလဲဆိုတာ မင်း သိလား။ သံလိုက်စွမ်းအား ပိုင်ရှင်တွေအနေနဲ့ သူတို့ရဲ့ စွမ်းအားကို စုစည်းဖို့နဲ့ စွမ်းရည် တွေကို အသုံးပြုဖို့ အဲဒါ လိုအပ်တယ်လို့ ကျွန်တော် ကြားဖူးတယ်"

ဆီဘက်စတီယန် က ခေါင်းညိတ်ပြပြီး "ဟုတ်တာပေါ့။ သံလိုက်စွမ်းအား ပိုင်ရှင်တစ်ယောက်က သူတို့ရဲ့ ဒီဗာ နဲ့ စွမ်းရည် တွေကို ထုတ်ဖော်ပြသနိုင်ဖို့အတွက် သင့်တော်တဲ့ မီသရယ် မှော်ဝင်ပစ္စည်းတစ်ခု လိုအပ်တယ်။ အဲဒါမပါရင် သူတို့ရဲ့ ဒီဗာ ကို စက္ကန့်ပိုင်းလောက်တောင် ထိန်းသိမ်းထားဖို့ ခက်ခဲလိမ့်မယ်" လို့ ရှင်းပြတယ်။

သူတို့နဲ့မတူဘဲ မိုက်ကယ်ကတော့ ဘာပြဿနာမှမရှိဘဲ လုပ်ဆောင်နိုင်တာကြောင့် သူ့အတွက် မီသရယ် မှော်ဝင်ပစ္စည်းတစ်ခု ရရှိဖို့ ဘယ်တုန်းကမှ တကယ်တမ်း မလိုအပ်ခဲ့ပါဘူး။

ဆီဘက်စတီယန် က မိုက်ကယ်ရဲ့ အိတ်ကပ်ထဲက ခလုတ်ကို ကြည့်လိုက်ပြီး "မင်း လောလောဆယ် ခလုတ် ဘယ်နှခုအထိ လုပ်နိုင်လဲ" လို့ မေးလိုက်တယ်။

"အများဆုံး သုံးခုပါ" မိုက်ကယ် က ပြန်ဖြေတယ်။

"အဲဒါ မင်းမှာ မီသရယ် မှော်ဝင်ပစ္စည်း မရှိလို့ပဲ" ဆီဘက်စတီယန် က ရှင်းပြလိုက်တယ်။ "အကယ်၍ မင်းမှာ အဲဒါသာ ရှိရင် မင်းမှာ လုပ်နိုင်တဲ့ ခွန်အား စွမ်းအင် ရှိသရွေ့ မင်း အလိုရှိသလောက် ခလုတ်တွေကို ဖန်တီးနိုင်လိမ့်မယ်"

မိုက်ကယ် တစ်ယောက် ဒါက ဒီလောက်အထိ ရိုးရှင်းနေလိမ့်မယ်လို့ မယုံနိုင်အောင် ဖြစ်သွားရတယ်။ သူက ဖန်တီးနိုင်တဲ့ ပမာဏကို တိုးမြှင့်ဖို့အတွက် ခန္ဓာကိုယ်ဖွဲ့စည်းခြင်း ရဲ့ နောက်ထပ် အဆင့်တွေကို တက်လှမ်းရမယ်လို့ပဲ ထင်နေခဲ့တာ။ ဒါပေမဲ့ အမှန်တကယ်တော့ အဲဒါကို လုပ်ဖို့ မီသရယ် မှော်ဝင်ပစ္စည်းတစ်ခုပဲ လိုအပ်တာ ဖြစ်နေတယ်။

ဘလဇဲလ် အနေနဲ့ မီးတောက်အမှတ်အသားတွေကို သူမ အလိုရှိသလောက် ဖန်တီးနိုင်ပြီး သူကတော့ တစ်ကြိမ်မှာ ခလုတ် သုံးခုပဲ ဖန်တီးနိုင်ရတဲ့ အကြောင်းရင်းက ဒါကြောင့် ဖြစ်ရမယ်။

"ဒါဆို ကျွန်တော် လိုအပ်တာက မီသရယ် မှော်ဝင်ပစ္စည်းတစ်ခု ရဖို့ပဲပေါ့"

မိုက်ကယ် က မြေပြင်ပေါ်က သူ့ရဲ့ အရိပ်ထဲကို လက်လှမ်းလိုက်ပြီး သူ့ရဲ့ ပစ္စည်းသိုလှောင်ခန်းထဲကနေ ဓားတစ်လက်ကို ဆွဲထုတ်လိုက်တယ်။

အဲဒီဓားက တောက်ပတဲ့ လိမ္မော်ရောင် ရှိပြီး ဓားအိမ်လက်ကိုင်ကတော့ ဘေးဘက်တွေကို ထိုးထွက်နေတဲ့ မီးတောက်တွေရဲ့ ပုံသဏ္ဌာန် ဖြစ်နေတယ်။

ဒါက ဘလဇဲလ်ရဲ့ ဓားပဲလေ။

"ဒါဆို ကျွန်တော် ဒါကို သုံးရင် ကျွန်တော့်ရဲ့ စွမ်းရည် ကို အလိုရှိသလောက် အသက်သွင်းနိုင်မှာပေါ့"

"အဲဒါ မင်းဟာ မဟုတ်ဘူးလို့ ငါ ထင်တယ်"

"မဟုတ်ပါဘူး။ ဖလဲယားကော့ပ် က သံလိုက်စွမ်းအား ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ ဘလဇဲလ် ဆီကပါ" သူက ပြန်ဖြေလိုက်တယ်။

"ဒါဆိုရင်တော့ မရဘူး။ မင်း အဲဒါကို သုံးလို့မရဘူး။ သံလိုက်စွမ်းအား ပိုင်ရှင်တစ်ယောက်အနေနဲ့ မီသရယ် မှော်ဝင်ပစ္စည်းကို မိမိတို့ သုံးစွဲနိုင်တဲ့အရာတစ်ခုအဖြစ် ပြောင်းလဲဖို့ လုပ်ဆောင်ရတဲ့ သီးခြား ဖြစ်စဉ်တစ်ခု ရှိတယ်။ အဲဒီဖြစ်စဉ်က အဲဒီလက်နက်ကို သံလိုက်စွမ်းအား ပိုင်ရှင်နဲ့ စတင် ချည်နှောင်ပေးတာ ဖြစ်တယ်။ ဒါကြောင့် မင်း အဲဒီလက်နက်ကို ရည်ရွယ်ချက်အသစ်နဲ့ ပြန်လည် မပြင်ဆင်သရွေ့တော့ အဲဒါက မင်းအတွက် လုံးဝ အသုံးမဝင်နိုင်တဲ့အပြင် မင်းရဲ့ ကျင့်စဉ်ကိုတောင် ထိခိုက်ပျက်စီးစေနိုင်တယ်"

မိုက်ကယ် တစ်ယောက် ဗီရီယန် ပြောခဲ့တဲ့ အရာတစ်ခုကို သတိရသွားတယ်။

"အဲဒါက ဟိုးရှေးရှေးက ဝိညာဉ် ဆိုတဲ့ အရာနဲ့ ပတ်သက်နေတာလား။ ဆီတစ်မျိုးမျိုးလား"

ဆီဘက်စတီယန် က ခေါင်းညိတ်ပြပြီး "ဟုတ်တယ်။ ဒါပေမဲ့ လူအများစုကတော့ အလွယ်မှတ်ရအောင် အဲဒါကို ဝိညာဉ်ဆီ လို့ပဲ ခေါ်ကြတယ်" လို့ ပြောလိုက်ပါတော့တယ်။

* * * * * * * *

စာစဉ်(၃၄)

အခန်း(၄၀၂)

"မက်ဂ်နက်တစ်တွေဟာ သူတို့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းတွေကို အသုံးပြုလို့ရအောင် ဝိညာဉ်ဆီနဲ့ သူတို့ရဲ့ သွေးကို ပေါင်းစပ်ပြီး သုတ်လိမ်းဖို့ လိုအပ်တယ်။

သူတို့ ဒီလိုလုပ်ရတဲ့ အကြောင်းရင်း နှစ်ချက် ရှိတယ်။ ပထမတစ်ချက်က သွေးဟာ မီသရယ် မှော်ဝင်ပစ္စည်းကို မက်ဂ်နက်တစ်နဲ့ ရောနှောရစ်နှောင်မှု ဖြစ်စေနိုင်လို့ပဲ။ ဒါက သူတို့ရဲ့ စွမ်းရည်တွေကို ဒီလက်နက်ကတစ်ဆင့် ပိုပြီးတော့ လွယ်လွယ်ကူကူ စီးဆင်းစေနိုင်လိမ့်မယ်။

ဒုတိယ အကြောင်းရင်းကတော့ ဝိညာဉ်ဆီမှာ ဒီဗာတစ်ယောက်ရဲ့ တန်ခိုးကို မီသရယ် မှော်ဝင်ပစ္စည်းက ခံနိုင်ရည်ရှိအောင် လုပ်ပေးတဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိ ရှိနေလို့ပဲ။ ဝိညာဉ်ဆီသာ မရှိရင် မီသရယ် မှော်ဝင်ပစ္စည်းဟာ သုံးလိုက်တိုင်း တစ်စစီ ကြေမွပျက်စီးသွားပြီး လက်နက်တစ်ခုလုံး လုံးဝ အလဟဿ ဖြစ်သွားလိမ့်မယ်။"

ဆီဘက်စတီယန်က မိုက်ကယ်ဆီကနေ မီသရယ် မှော်ဝင်ပစ္စည်းကို တောင်းတဲ့ သဘောနဲ့ လက်ဟန်ပြလိုက်တယ်။ "ကြည့်ပါရစေဦး"

မိုက်ကယ်က သူ့ကို ကမ်းပေးလိုက်ပြီး မှော်မျှော်စင်သခင်က လက်နက်ကို စတင် စစ်ဆေးတော့တယ်။

"ဓားသွားပေါ်က ဆီလို အရောင်တောက်တောက် ဖြစ်နေတာကို မင်း မြင်လား" သူက မေးလိုက်တယ်။

မိုက်ကယ်က လက်နက်ကို သေချာကြည့်လိုက်တဲ့အခါ သတ္တုသားပေါ်မှာ ထင်းထင်းကြီး ပေါ်လွင်နေတဲ့ အရောင်တောက်ပမှုကို မြင်လိုက်ရတယ်။ အဲဒါက ဆီထဲမှာ နှစ်စိမ်ထားသလိုမျိုး ဖြစ်နေပေမဲ့ လက်နက်ရဲ့ ထိတွေ့မှု အသွင်အပြင်ကတော့ တခြားလက်နက်တွေလိုပါပဲ။ ဒါတင်မကဘဲ အလင်းပြန်နေတဲ့ အဲဒီဆီရည်ထဲမှာ ဆန်းကြယ်တဲ့ အရောင်အသွေးတွေ ပါဝင်နေပုံရတယ်။

"ဒါက ဝိညာဉ်ဆီပဲ။ ကြည့်ရသလောက်တော့ ဒီလက်နက်ကို ဝိညာဉ်ဆီ နှစ်ခါ သုတ်လိမ်းထားပြီးပြီ။ ဆိုလိုတာက ဘလဲဇဲလ်ဟာ ခန္ဓာကိုယ် ပုံသွင်းခြင်းရဲ့ ဒုတိယအဆင့်မှာ ရှိနေတာ နေမှာပေါ့ ဟုတ်တယ်မလား"

သူ့ခန့်မှန်းချက်က ကွက်တိပဲ။

"မက်ဂ်နက်တစ်တစ်ယောက်က သူတို့ရဲ့ ခန္ဓာကိုယ် ပုံသွင်းခြင်း ကျင့်စဉ်မှာ နောက်တစ်ဆင့်ကို တက်ချင်တိုင်း လုပ်ငန်းစဉ် နှစ်ခုကို ဖြတ်သန်းရတယ်။

ပထမဆုံးအနေနဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းအသစ်တွေကို သူတို့ရဲ့ နှလုံးသားထဲ ထည့်ဖို့ ခွဲစိတ်မှုကို ခံယူရတယ်။ ဒုတိယအနေနဲ့ သူတို့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းပေါ်မှာ ဝိညာဉ်ဆီကို နောက်ထပ်တစ်ထပ် ထပ်ပြီး သုတ်လိမ်းရတယ်"

မိုက်ကယ် ခဏလောက် စဉ်းစားလိုက်တယ်။ "ဒါဆို တစ်ယောက်ယောက်က ခွဲစိတ်မှု ခံယူချင်ရင် ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစုက ဆေးဆရာတစ်ယောက်ကို ရှာရမှာပေါ့။ အဲဒီတော့ သူတို့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းပေါ်မှာ ဝိညာဉ်ဆီသုတ်လိမ်းဖို့အတွက်လည်း တစ်စုံတစ်ယောက်ကို ရှာရမယ်လို့ ဆိုလိုတာလား"

"မင်း ထိုးထွင်းဉာဏ်က တော်တော်လေး စူးရှတာပဲ။ အဲဒါ မှန်တယ်။ မီသရယ် မှော်ဝင်ပစ္စည်းတစ်ခုပေါ်မှာ ဝိညာဉ်ဆီသုတ်လိမ်းဖို့ဆိုတာ တော်တော်လေး ပင်ပန်းခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်ပြီး အလွန်အမင်း ကျွမ်းကျင်တဲ့ အတတ်ပညာနဲ့ သီးသန့်တန်ခိုးတွေ လိုအပ်တယ်။ အကယ်၍ မှားသွားခဲ့ရင် မီသရယ် မှော်ဝင်ပစ္စည်းကို ပျက်စီးစေရုံတင်မကဘဲ သိပ်ကို ရှားပါးတဲ့ ဝိညာဉ်ဆီတွေကိုလည်း ဖြုန်းတီးပစ်သလို ဖြစ်သွားလိမ့်မယ်။

ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစုက မက်ဂ်နက်တစ်တွေအတွက် ခွဲစိတ်မှုကို လက်ဝါးကြီးအုပ်ထားတာ။ တစ်ဖက်မှာတော့ ဝိညာဉ်ဆီသုတ်လိမ်းတဲ့ လုပ်ငန်းမှာ ဦးဆောင်နေတဲ့ ဝန်ဆောင်မှု ပေးသူက ဟက်ဖေးစတပ်စ် ကုမ္ပဏီ ဖြစ်တယ်။

ဆင်ကလဲယားလိုမျိုး လုံးဝဥဿုံ လက်ဝါးကြီးအုပ်ထားတာမျိုးတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တခြား ဝိညာဉ်ဆီသုတ်လိမ်းပေးနိုင်တဲ့လူတွေလည်း ရှိနေလို့ပဲ။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ဟက်ဖေးစတပ်စ် ကုမ္ပဏီက အကောင်းဆုံး ဝန်ဆောင်မှုကို ပေးနိုင်တယ်လို့ အားလုံးက လက်ခံထားကြတယ်"

မိုက်ကယ်က ဒါတွေအားလုံးကို စိတ်ထဲ မှတ်သားထားလိုက်ပြီး နောက်ဆုံးမှာတော့ မက်ဂ်နက်တစ်တွေရဲ့ ကမ္ဘာအကြောင်းကို နည်းနည်း ပိုပြီး သဘောပေါက်သွားခဲ့တယ်။

အကယ်၍ သူက သူ့ရဲ့ စွမ်းရည်ကို ပိုပြီး ထိန်းချုပ်ချင်တယ်ဆိုရင် သူ့ရဲ့ ကိုယ်ပိုင် မီသရယ် မှော်ဝင်ပစ္စည်းကို ဝိညာဉ်ဆီ သုတ်လိမ်းဖို့ လိုအပ်တယ်လို့ ဆိုလိုတာပဲ။

ဆီဘက်စတီယန်က မိုက်ကယ်ရဲ့ မျက်နှာပေါ်က စိတ်လှုပ်ရှားနေတဲ့ အရိပ်အယောင်ကို သတိပြုမိပြီး ချက်ချင်းပဲ လမ်းညွှန်ပေးလိုက်တယ်။

"မင်းရဲ့ ရွှေလမ်းမကြီးကို မြောက်ဘက်အထိ ပိုပြီး ချဲ့ထွင်ဖို့ စီစဉ်နေတယ် မဟုတ်လား"

မိုက်ကယ် ခေါင်းညိတ်လိုက်တယ်။ အခု သူတို့ အရှေ့ဘက်ကို သိမ်းပိုက်ပြီးပြီဆိုတော့ ကွင်းစ်နယ်မြေထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ရမယ့် အချိန်ရောက်ပြီ။

"ဒါဆိုရင် မင်း နောက်ဆုံးတော့ မက်ထရိုပိုလစ်ဆိုတဲ့ မြို့တွေရဲ့ မြို့တော်ကြီးဆီ ရောက်သွားလိမ့်မယ်။

အဲဒီနေရာက ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစုရဲ့ ကုမ္ပဏီခွဲတစ်ခုကို မင်း တွေ့နိုင်မယ့်နေရာပဲ။ အကယ်၍ မင်းက မက်ဂ်နက်တစ်တွေအကြောင်းနဲ့ မက်ဂ်နက်တစ်တစ်ယောက်ဖြစ်လာဖို့ လိုအပ်တဲ့ ခွဲစိတ်မှုအကြောင်း ပိုပြီး သိချင်တယ်ဆိုရင် သူတို့ဆီ သွားရောက်လေ့လာသင့်တယ်။

မင်း မီသရယ် မှော်ဝင်ပစ္စည်းတွေမှာ ဝိညာဉ်ဆီသုတ်လိမ်းတဲ့ အကြောင်းကို ပိုပြီး သိချင်တယ်ဆိုရင်လည်း ဟက်ဖေးစတပ်စ် ကုမ္ပဏီရဲ့ ကုမ္ပဏီခွဲတစ်ခုကို အဲဒီမှာ ရှာတွေ့နိုင်လိမ့်မယ်။ သူတို့က ဒါကိုလုပ်တဲ့ သူတို့ရဲ့ လျှို့ဝှက်နည်းလမ်းကို မင်းကို ပြောပြမှာ မဟုတ်ပေမဲ့ လက်နက်တွေနဲ့ မက်ဂ်နက်တစ်တွေနဲ့ ပတ်သက်တဲ့ တခြားမေးခွန်းတွေကိုတော့ သေချာပေါက် ဖြေပေးလိမ့်မယ်"

မိုက်ကယ်က ဒါတွေအားလုံးကို မှတ်သားထားလိုက်တယ်။ ဒါက မက်ဂ်နက်တစ်တွေအကြောင်း ပိုပြီး စုံစမ်းဖို့အတွက် သူ လိုအပ်နေတဲ့ အရာအားလုံးပဲ။ ဒါပေမဲ့ တစ်ခုခု လိုအပ်နေသေးတယ်။

"ကျွန်တော် ဝိညာဉ်ဆီကို ဘယ်လိုရမလဲဆိုတာ ခင်ဗျား မပြောရသေးဘူး"

ဆီဘက်စတီယန် သူ့နှုတ်ခမ်းကို မဲ့လိုက်တယ်။

"အင်း... မင်း ကံကောင်းပါစေလို့ပဲ ဆုတောင်းရမှာပဲ။ ရှေးဟောင်း ဝိညာဉ်ရည်က အတ္တလန်တစ်ထက်တောင် ပိုပြီး နက်ရှိုင်းတဲ့ သမုဒ္ဒရာရေပြင် အောက်ခြေကနေ လာတာ။ ဒီပစ္စည်းကို ပင်လယ်ဧကရာဇ်ကလွဲလို့ ဘယ်သူမှ မထိန်းချုပ်ထားဘူး။ ဝိညာဉ်ဆီတစ်စက်လေးကိုတောင် ဒီအတိုင်း လမ်းဘေးမှာ အလွယ်တကူ ရဖို့ဆိုတာ သိပ်ကို ခက်ခဲလွန်းတယ်"

“ခဲရာခဲဆစ်မှ တစ်ခါဆိုသလို မက်ထရိုပိုလစ်က လေလံအိမ်မှာ ရှေးဟောင်း ဝိညာဉ်ရည်တစ်ပုလင်း ရောင်းချတာမျိုး ရှိတတ်တယ်။ အဲဒီနေရာက မင်း ဝိညာဉ်ဆီကို တွေ့နိုင်ခြေ အရှိဆုံးနေရာပဲ။

ဒါက ဘယ်လောက်အထိ ဈေးကြီးလဲဆိုရင်တော့ အဖိုးဖြတ်လို့မရဘူးလို့ပဲ ကျွန်ုပ် ပြောနိုင်တော့မယ်။ ကုမ္ပဏီတိုင်းက ဒါကို သူတို့ကိုယ်ပိုင်ရရှိဖို့ အသည်းအသန် ကြိုးစားနေကြတာမို့ ဈေးနှုန်းက ပိုပြီးတော့တောင် မြင့်တက်နေသေးတယ်။ ဒါကို ရရှိနိုင်တဲ့သူတွေက ငွေအများဆုံး ပုံပေးနိုင်တဲ့သူတွေပဲ ဖြစ်တယ်။"

အကယ်၍ မိုက်ကယ်မှာ လိုအပ်ချက်တစ်ခု ရှိတယ်ဆိုရင် အဲဒါက သေချာပေါက် ငွေတော့ မဟုတ်ဘူး။ သူတို့ရဲ့ နယ်မြေအားလုံးမှာ လုပ်ဆောင်နေတဲ့ စီမံကိန်းတွေနဲ့ ပြုပြင်မွမ်းမံမှု အသုံးစရိတ်တွေကြောင့် သူတို့ရဲ့ ဘဏ္ဍာတိုက်မှာ အတော်လေး လျော့ပါးသွားတာ အမှန်ပဲ ဖြစ်ပေမဲ့ အနာဂတ်မှာ သူတို့ ရရှိမယ့် အကျိုးအမြတ်တွေက သူ့အိတ်ကပ်ထဲကို ငွေတွေ ပိုပြီးတော့ ပြည့်လျှံလာစေမှာ သေချာပါတယ်။

ဒါပေမဲ့ ငွေက ပြဿနာမဟုတ်ဘူး။ လေလံပွဲတစ်ခုမှာ ဝိညာဉ်ဆီနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့နိုင်ပါ့မလားဆိုတာကသာ ပြဿနာပဲ။

"ဒါဆိုရင် ကျွန်တော် မက်ထရိုပိုလစ်ကို တတ်နိုင်သမျှ မြန်မြန် သွားလည်ရမယ်" သူက ပြောလိုက်ပြီး နိုဗာကလည်း ဒါကို စိတ်ထဲကနေ မှတ်သားထားလိုက်တယ်။

"ဘာလို့ စောင့်နေမှာလဲ။ မင်း အခုပဲ သွားလို့ရတာပဲ။"

မိုက်ကယ် ဆီဘက်စတီယန်ကို ပြန်ကြည့်လိုက်တယ်။ "ဒါပေမဲ့ ကျွန်တော့်တပ်ဖွဲ့တွေကို စုစည်းဖို့ မလိုဘူးလား"

ဆီဘက်စတီယန် တဟဟ ရယ်လိုက်တယ်။ "မက်ထရိုပိုလစ်မှာ အဲဒါအတွက် စိတ်ပူစရာမလိုပါဘူး။ အဲဒီနေရာက ဘယ်ကုမ္ပဏီ ဒါမှမဟုတ် ဘယ်ဂိုဏ်းအဖွဲ့အစည်းမဆို ကြီးကြီးမားမား စစ်မက်ဖြစ်ပွားတာကို တားမြစ်ထားတဲ့ ကြားနေနယ်မြေ ဖြစ်တယ်"

"ဒါပေမဲ့ ဖလဲယားကော့ပ်ကော"

ဆီဘက်စတီယန် သက်ပြင်းချလိုက်တယ်။ "ဖလဲယားကော့ပ်က မက်ထရိုပိုလစ်မှာ ရှိတဲ့ ကုမ္ပဏီအများစုနဲ့ ဂိုဏ်းအဖွဲ့အစည်းတွေရဲ့ ဒေါသကို ဆွပေးထားသလို ဖြစ်နေပြီ။ ဖလဲယားကော့ပ်က ဘတ်ချ်ရောခ့်မြို့ကို ရက်ရက်စက်စက် သိမ်းပိုက်ခဲ့တဲ့ ပုံစံကို သူတို့ မနှစ်သက်ကြဘူး။ အဲဒါက ကုမ္ပဏီတွေ နယ်မြေသိမ်းပိုက်သင့်တဲ့ နည်းလမ်းမဟုတ်ဘူး။

အကယ်၍ သူတို့က ဘတ်ချ်ရောခ့်မြို့ကို ဖလဲယားကော့ပ်လက်ထဲကနေ လွတ်မြောက်အောင် မဟာမိတ်အဖွဲ့ ဖွဲ့လိုက်မယ်ဆိုရင်တောင် ငါ အံ့ဩမိမှာ မဟုတ်ဘူး။ ငါ့ကို ယုံလိုက်ပါ၊ ဖလဲယားကော့ပ်ဟာ လအနည်းငယ်အတွင်းမှာပဲ ဖျက်သိမ်းခံရဖို့ ရှိတယ်"

ကုမ္ပဏီအားလုံးက ဖလဲယားကော့ပ်လိုမျိုး ပြုမူတာမဟုတ်မှန်း သိရလို့ မိုက်ကယ် ဝမ်းသာသွားခဲ့တယ်။

"မင်း မက်ထရိုပိုလစ်ကို သွားရင် သူတို့နဲ့ ဆုံတွေ့နိုင်ခြေ ရှိတယ်"

"သူတို့ဆိုတာ ဘယ်သူတွေလဲ"

"အမွေခံတွေလေ။ သူတို့က ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ငါးခုရဲ့ ကုမ္ပဏီခွဲတွေပေါ့။ သူတို့က မက်ထရိုပိုလစ်မှာ ရှိတဲ့ အဖွဲ့အစည်းနဲ့ မှော်ပညာရှင်အစည်းအရုံးကလွဲရင် အားအကောင်းဆုံး အင်အားစုတွေပဲ။

သူတို့ရဲ့ ပေါင်းစပ်အင်အားနဲ့ဆိုရင် ဖလဲယားကော့ပ်ဟာ ကြောက်လန့်တကြား ထွက်ပြေးရုံကလွဲလို့ ရွေးချယ်စရာ ရှိမှာမဟုတ်ဘူး။

မင်း သူတို့နဲ့ တွေ့ဆုံသင့်တယ်။ သူတို့က လူကောင်းတွေပါ" ဆီဘက်စတီယန်က ပြောလိုက်တယ်။

မှော်မျှော်စင်သခင်ကိုယ်တိုင်က သူတို့အတွက် အာမခံပေးထားတာကြောင့် မိုက်ကယ် သူတို့နဲ့ တွေ့ဆုံဖို့ မစောင့်နိုင်အောင် ဖြစ်သွားခဲ့တယ်။

"ပြီးတော့ မင်းက မက်ထရိုပိုလစ်မှာ မင်းရဲ့ ကုမ္ပဏီကို ချဲ့ထွင်တော့မယ်ဆိုရင် မင်း အဲဒီက အဓိက အင်အားစုတွေနဲ့ ပူးပေါင်းဖြစ်မှာ သေချာသလောက်ပဲ။ အဲဒါက သံသယဖြစ်စရာကို မလိုတာ။ မင်း ဒီမှာ စွမ်းဆောင်ခဲ့သမျှ အောင်မြင်မှုတွေအားလုံးကို သူတို့ သိသွားတာနဲ့ မင်းရဲ့ ရာထူးအဆင့်အတန်းက ချက်ချင်း တက်သွားလိမ့်မယ် ဟား ဟား ဟား"

ဆီဘက်စတီယန်က ကောင်းကင်ကို မော့ကြည့်ရင်း ရယ်မောလိုက်ပြီး အဲဒီအမွေခံတွေ မိုက်ကယ်နဲ့ တွေ့တဲ့အခါ သူတို့ မျက်နှာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကို မြင်ချင်နေမိတယ်။ သေချာတာကတော့ သူတစ်ယောက်တည်း မိုက်ကယ်ရဲ့ ဆန်းကြယ်တဲ့ ပါရမီတွေအောက်မှာ အံ့အားသင့်ရတဲ့ သားကောင် ဖြစ်လာမှာ မဟုတ်တော့ဘူး။

"ဒါဆိုရင် ကျွန်တော် မက်ထရိုပိုလစ်ကို တတ်နိုင်သမျှ မြန်မြန် သွားကြည့်ရမယ်။ အဲဒီအမွေခံတွေနဲ့ တွေ့ရတာလည်း ကောင်းမယ့်ပုံပဲ" သူက ပြန်ဖြေလိုက်တယ်။

သူတို့က အဓိက လုပ်ငန်းစုကြီးတွေရဲ့ ကုမ္ပဏီခွဲတွေ ဖြစ်တာကြောင့် သူတို့ရဲ့ ခေါင်းဆောင်က မက်ဂ်နက်တစ်တစ်ယောက် ဖြစ်နေဖို့ အခွင့်အလမ်း သိပ်များတယ်။

မက်ဂ်နက်တစ်တစ်ယောက်ဆီကနေ သူတို့အကြောင်း ပိုပြီး သိရရင် ကောင်းမှာပဲ။ ဘလဲဇဲလ်ကတော့ သူမရဲ့ ဒီဗာ ဆုံးရှုံးသွားပြီးကတည်းက သူ့ကို စကားတောင် မပြောချင်တော့ဘူး။

"သတင်းအချက်အလက်တွေအတွက် ကျေးဇူးပဲ" သူက ဆီဘက်စတီယန်ကို နှုတ်ဆက်စကား ပြောလိုက်တယ်။

"ငါတို့ ကစားပွဲ မပြီးသေးဘူးလေ…."

ဒါပေမဲ့ အဲဒီအချိန်မှာပဲ မိုက်ကယ်က သူ့ရဲ့ ဘုရင်မအရုပ်ကို ရွှေ့လိုက်ပြီး အပိုင် အကွက်ရွှေ့ကာ စစ်တုရင်ပွဲကို အနိုင်ပိုင်းလိုက်တယ်။

မှော်မျှော်စင်သခင်က သူ့ကုလားထိုင်ပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ ခွေကျသွားစဉ်မှာပဲ မိုက်ကယ်က အရိပ်တစ်ခုအဖြစ် ပြောင်းလဲပြီး အပြင်ကို ကူးပြောင်းထွက်ခွာသွားခဲ့တယ်။

အဲဒီအချိန်မှာပဲ ရီနေးတားနိုင်ငံတော်အတွင်းရှိ ဆီဘက်စတီယန်ရဲ့ အခန်းထဲကနေ စိတ်ပျက်တကြီး အော်ဟစ်လိုက်တဲ့ အသံကြီးကို လူတွေ ကြားလိုက်ရတော့တယ်။

* * * * * * * *

စာစဉ်(၃၄)

All Chapters