အခန်း (၄၀၃-၄၀၄)
Vol. 34 Ch. 403-404
အခန်း(၄၀၃)
မိုက်ကယ်က ရီနေးတားနိုင်ငံရဲ့ လူပုနယ်မြေဆီကို တိုက်ရိုက်ပဲ ခန္ဓာကိုယ်ရွှေ့ပြောင်းပြီး ရောက်လာခဲ့တယ်။ သူက ရှေးဟောင်းလူပုတွေ တိုင်းပြည်တစ်ခုလုံးအတွက် လုံလောက်မယ့် မီသရယ် မှော်ဝင်ပစ္စည်းတွေကို မနားမနေ သွန်းလုပ်နေကြတဲ့ ပန်းပဲဖိုဆီကို သွားချင်နေတာပါ။
သူ ရောက်သွားတဲ့နေရာက နံရံတွေပေါ်မှာ ဧရာမမီးဖိုကြီးတွေ တပ်ဆင်ထားပြီး အပူရှိန်တွေ နေရာအနှံ့ ဖြာထွက်နေတဲ့ သိပ်ကိုပူပြင်းစိုစွတ်တဲ့ ပန်းပဲဖိုကြီးတစ်ခု ဖြစ်နေခဲ့တယ်။
အပူချိန်က ပြင်းထန်လွန်းလို့ သူ့ရဲ့ အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ် စွမ်းရည်က သူ့ကိုယ်သူ အပူလောင်မခံရအောင် အလိုလို ပေါ်ထွက်လာပြီး ကာကွယ်ပေးလိုက်ရတယ်။ ဒီလိုအခြေအနေမှာ ပန်းပဲဖိုမှာ အလုပ်လုပ်နေကြတဲ့ လူပုတွေကတော့ ချွေးတစ်စက်တောင် မထွက်ဘဲ ပုံမှန်အတိုင်း ဆက်လုပ်နေကြတာ မြင်ရတာ တကယ်ကို အားကျစရာပဲ။
"သခင်... နောက်မှ ကျွန်တော်တို့နဲ့အတူ အယ်လ်ဖ်ယမကာ သောက်ဖို့ လာခဲ့ပါဦးလား"
"တွေ့ရတာ ဝမ်းသာပါတယ် သခင်"
"ကျွန်တော်တို့ ထပ်ပြီး တီထွင်ဖန်တီးပေးရမယ့် ပုံစံတွေ ရှိသေးလားခင်ဗျာ"
လူပုတွေက သူ့ကို နှုတ်ဆက်ကြပြီး သူကလည်း ပြန်နှုတ်ဆက်လိုက်တယ်။
ပုံမှန်ဆိုရင်တော့ သူက ရိုလာကိုစတာအတွက် တွန်းလှည်းတွေနဲ့ အန်ဂိုရာမြို့အတွက် ရေပိုက်လိုင်းတွေလိုမျိုး သူလိုအပ်တဲ့ တည်ဆောက်ရေးပစ္စည်း မှန်သမျှကို လုပ်ဖို့ သာမန်လူပုတွေကိုပဲ အားကိုးလေ့ရှိတာပါ။
တစ်ဖက်မှာလည်း ရှေးဟောင်းလူပုတွေကတော့ မီသရယ် မှော်ဝင်ပစ္စည်းတွေကို အရှိန်အဟုန်နဲ့ ထုတ်လုပ်ဖို့ ဒါမှမဟုတ် ပိုကောင်းတဲ့ အာနိသင်တွေရအောင် အဆင့်မြှင့်တင်ဖို့ကိုပဲ အာရုံစိုက်လုပ်ဆောင်ကြတယ်။
"ငါ့အတွက် ဒမတ်စကပ်စ် စတီးလ် တချို့ လိုချင်လို့" လို့ သူက လူပုတွေကို ပြောလိုက်တယ်။
"အို... သခင်က ကျွန်တော်တို့ကို မီသရယ် မှော်ဝင်ပစ္စည်း လုပ်ခိုင်းမလို့လား... ဘယ်သူ့အတွက်လဲခင်ဗျာ"
"ငါ့အတွက်ပဲ" လို့ သူက ပြန်ဖြေလိုက်တယ်။
ရှေးဟောင်းလူပုတွေ ခဏလောက် ဆွံ့အသွားပြီး သူတို့ပခုံးပေါ်မှာ ဖိအားတွေ ပိကျလာသလို ခံစားလိုက်ရတယ်။ သခင် ခံစားထိုက်တဲ့ မီသရယ် မှော်ဝင်ပစ္စည်းတစ်ခုကို ဖန်တီးပေးရမယ့် တာဝန်က သိပ်ကို ကြီးမားလှတဲ့ အလုပ်ကြီးဖြစ်နေပြီး ဒါဟာ သူတို့ စိတ်ပိုင်းဆိုင်ရာ လုံးဝပြင်ဆင်မထားမိတဲ့ အရာလည်း ဖြစ်နေလို့ပဲ။
"စိတ်မပူပါနဲ့" လို့ သူက သူတို့ကို စိတ်အေးအောင် ပြောလိုက်တယ်။ "ဒီ မီသရယ် မှော်ဝင်ပစ္စည်းကို ငါ့ဘာသာငါပဲ လုပ်မှာမလို့ပါ"
ဒီတော့မှ သူတို့ သက်ပြင်းချနိုင်တော့တယ်။ အထင်တော့ မလွဲစေချင်ဘူး... သူတို့က မိုက်ကယ်အတွက် မီသရယ် မှော်ဝင်ပစ္စည်းတစ်ခု လုပ်ပေးရမှာကို သိပ်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြမှာပါ။ ဒါပေမဲ့ သူတို့နဲ့ ရီနေးတားနိုင်ငံသားတွေကြားမှာ ရှိနေတဲ့ မိုက်ကယ်ရဲ့ ဂုဏ်ဒြပ် အဆင့်အတန်းနဲ့ ကိုက်ညီမယ့်အရာမျိုးကို သူတို့ လုပ်ပေးနိုင်ပါ့မလားဆိုတာ မသေချာလို့ ဖြစ်နေတာ။
လူပုတစ်ယောက်က ဒမတ်စကပ်စ် စတီးလ်တွေ အများကြီး အပြည့်ထည့်ထားတဲ့ သူတို့ရဲ့ သိုလှောင်သေတ္တာတစ်ခုဆီကို ချက်ချင်း ပြေးသွားတော့တယ်။ ပြီးတော့ သူတို့ ရှာဖွေနိုင်သမျှထဲမှာ အကောင်းဆုံးနဲ့ အသန့်စင်ဆုံး အပိုင်းအစကို ရအောင် ရှာဖို့ မွှေနှောက်ကြည့်နေကြတယ်။
ဒါပေမဲ့ မိနစ်အနည်းငယ်ကြာအောင် ရှာဖွေပြီးတဲ့နောက်မှာတော့ အဲဒီလူပုက မကျေနပ်တဲ့အသံနဲ့ ညည်းတွားလိုက်တယ်။
"ဒီထဲက ဘာတစ်ခုမှ သခင်နဲ့ မတန်ဘူး" လို့ သူက တွြတ်တွတ်ညည်းတယ်။
မိုက်ကယ်က သူတို့ စိုးရိမ်နေတာကို လက်ကာပြလိုက်တယ်။ "ရပါတယ်... သာမန် ဒမတ်စကပ်စ် စတီးလ် အပိုင်းအစတစ်ခုဆိုရင်ပဲ လုံလောက်ပါပြီ" လို့ သူက ပြောလိုက်တယ်။
ဒါပေမဲ့ လူပုတွေကတော့ သူတို့သခင်အတွက် ပြီးပြည့်စုံတာကလွဲလို့ တခြား ဘာကိုမှ အလျှော့မပေးနိုင်ကြဘူး။
သူတို့က မိုက်ကယ်အတွက် ပြီးပြည့်စုံတဲ့ အပိုင်းအစတစ်ခုကို ရအောင် ရှာဖို့ ပန်းပဲဖိုထဲမှာရှိတဲ့ လူပုတွေ အကုန်လုံးကို ချက်ချင်း စုရုံးလိုက်ကြတယ်။
နောက်ဆုံးတော့ တစ်ယောက်က အရင်းအမြစ်တည်နေရာဖြစ်တဲ့ လူပုဘုရင်နိုင်ငံဆီကနေပဲ သွားယူဖို့ ဆုံးဖြတ်လိုက်တယ်။ မိုက်ကယ်ရဲ့ အဆင့်အတန်းနဲ့ ထိုက်တန်တဲ့ ဒမတ်စကပ်စ် စတီးလ် ရှိတယ်ဆိုရင် ဒါဟာ လူပုဘုရင်ရဲ့ ကိုယ်ပိုင် ဘဏ္ဍာတိုက်ထဲမှာပဲ ရှိနိုင်တာမလို့ပဲ။
"ဟေ့... ဘီရူးကို သွားပြီး ဒုက္ခပေးနေဖို့ မလိုပါဘူး" လို့ သူက ပြောလိုက်တယ်။
ဒါပေမဲ့ ငါးမိနစ်လောက်အတွင်းမှာပဲ လူပုဘုရင် ကိုယ်တိုင်က လှိုင်းတွန့်ပုံစံတွေ အစီအရီနဲ့ ဘာအပြစ်အနာအဆာမှ မရှိဘဲ စိုပြေတောက်ပနေတဲ့ ဒမတ်စကပ်စ် စတီးလ်တုံးကြီးကို မိုက်ကယ်ဆီ ကိုယ်တိုင်ကိုယ်ကျ လာပို့ပေးခဲ့တယ်။
"ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းအတွက်ဆို ဘာမဆို ဖြစ်ရမှာပေါ့" လို့ ဘီရူးက ပြောပြီး မိုက်ကယ်ရဲ့ ပခုံးကို ဖက်ကာ ရယ်မောလိုက်တယ်။
"မင်း ဒီအထိ တကူးတက လာနေဖို့ မလိုပါဘူး" လို့ မိုက်ကယ်က သူ့ကို ပြောလိုက်တယ်။
"မဟုတ်တာ... ငါတို့ကို မီသရယ်ရဲ့ ရှေးဟောင်းနည်းလမ်းတွေ ယူဆောင်ပေးခဲ့တဲ့ လူအတွက် ဒီလို လက်ဆောင်အသေးအမွှားလေးတောင် မယူလာပေးနိုင်ဘူးဆိုရင် ငါ့ဘိုးဘွားတွေရှေ့မှာ ငါ ဘယ်လိုမျက်နှာပြရမလဲ"
မိုက်ကယ်လည်း သူ့စကားကို ယုံမိမှာပါ... ဒါပေမဲ့ အဲဒီလူ့ရဲ့ ထွက်လာတဲ့ အသက်ရှူသံက လူပုဘီယာနံ့တွေ တထောင်းထောင်း ထွက်နေလို့ပဲ။
"မင်း ဒီမှာ လာပြီး အနားယူချင်နေတာ မဟုတ်လား"
ဘီရူးက မိုက်ကယ်ရဲ့ အကျီကို ဆွဲကိုင်ပြီး အသည်းအသန် တောင်းပန်တိုးလျှိုးတဲ့ပုံစံနဲ့ လုပ်နေတော့တယ်။ "သူတို့က ငါ့ကို ရဲတိုက်ထဲကနေ လုံးဝ ပေးမထွက်ဘူး... စက္ကူတွေနဲ့ ဥပဒေကြမ်းတွေကိုပဲ ဆက်တိုက် လက်မှတ်ထိုးခိုင်းနေကြတာ... ငါကတော့ အေးအေးလူလူနဲ့ အချိုရည်အေးအေးလေးတစ်ခွက် သောက်ပြီး အနားယူချင်ရုံတင်ပါ"
မိုက်ကယ်က ရယ်မောပြီး ဘီရူးကို နှစ်သိမ့်ပေးလိုက်တယ်။ "ငါ နားလည်ပါတယ် အပေါင်းအသင်းရာ... ငါ နားလည်ပါတယ်"
"ငါ့အကူအညီ တစ်ရက်... မဟုတ်ဘူး... တစ်ပတ်... မဟုတ်သေးဘူး... တစ်လလောက် လိုတယ်လို့ သူတို့ကို ပြောပေးစမ်းပါ"
"တစ်ပတ်ပဲ... ဒါထက် ပိုရင်တော့ လူပုဘုရင်နိုင်ငံရဲ့ အခြေအနေအတွက် ငါ စိုးရိမ်ရလိမ့်မယ်"
ဘီရူးက ဝမ်းသာအားရဖြစ်သွားပြီး တည်းခိုဆောင်မှာ သောက်စားဖို့ တခြားလူပုတွေနဲ့ ချက်ချင်း အစီအစဉ်ဆွဲတော့တယ်။ ဒါပေါ့... သူတို့ကလည်း လူပုဘုရင်ရဲ့ တောင်းဆိုချက်ကို မငြင်းဆန်ရဲကြဘူးလေ။
"ဒီည ဘေ့စ်ဘောပွဲစဉ်မှာ ငါတို့နဲ့အတူ လာပူးပေါင်းပါဦး" လို့ ဘီရူးက ပြောတယ်။
ဒါပေမဲ့ မိုက်ကယ်က ငြင်းပယ်လိုက်ရတယ်။ "ငါ ဒီညတစ်ညလုံး အလုပ်ရှုပ်နေလိမ့်မယ်" လို့ သူက ရလာတဲ့ ဒမတ်စကပ်စ် စတီးလ်တုံးကြီးကို မရင်း ပြောလိုက်တယ်။
ဒါနဲ့ ဘီရူးနဲ့ လူပုတွေက တိုင်းပြည်အနှံ့ လည်ပတ်ဖို့ ထွက်သွားကြတဲ့အချိန်မှာ မိုက်ကယ်ကတော့ အနီးဆုံး ပန်းပဲဖိုတစ်ခုထဲမှာ နေရာယူလိုက်တယ်။ သူက ဒမတ်စကပ်စ် စတီးလ်တုံးကြီးကို ပေပေါ် တင်လိုက်ပြီး စဉ်းစားခန်း ဝင်နေတော့တယ်။
ငါ ဘယ်လိုမျိုး မီသရယ် မှော်ဝင်ပစ္စည်းကို ဖန်တီးချင်တာလဲ။
သူက ဒီဆုံးဖြတ်ချက်က အရေးကြီးမှန်း သိနေတယ်... ဘာလို့လဲဆိုတော့ ဆီဘက်စတီယန်က မီသရယ် မှော်ဝင်ပစ္စည်းတွေက အတည်ဖြစ်သွားတတ်တယ်လို့ ပြောဖူးလို့ပဲ။
လက်နက်ပေါ်မှာ ဝိညာဉ်ဆီဆီကို တစ်ကြိမ် သုတ်လိမ်းပြီးသွားရင် အဲဒီအခြေအနေအတိုင်း ထာဝရ တည်ရှိနေမှာ ဖြစ်တယ်။ အကယ်၍ မိုက်ကယ်က သူ့ရဲ့ ကျင့်စဉ်လမ်းခရီး အလယ်မှာ လက်နက်တွေကို ပြောင်းလဲချင်တယ်ဆိုရင် လက်နက်အသစ်ပေါ်မှာ ဝိညာဉ်ဆီဆီကို ထပ်ပြီး သုတ်လိမ်းရမှာ ဖြစ်လို့ သိပ်ကို ရှားပါးတဲ့ ဆီတွေကို အများကြီး ဖြုန်းတီးရာ ရောက်လိမ့်မယ်။
ငါ လက်နက်တစ်ခုခုနဲ့ပဲ သွားသင့်လား... လို့ သူ ကိုယ့်ဘာသာ မေးကြည့်မိတယ်။
ချက်ချင်းပဲ သူ့စိတ်ထဲက မဟုတ်ဘူးလို့ ငြင်းဆန်လိုက်တယ်။ နောက်ဆုံးတော့ သူက အရင်က လက်နက်တစ်ခုကိုတောင် တစ်ခါမှ မကိုင်ဖူးခဲ့ဘူးလေ။ ပြီးတော့ ဒါက သူ့ရဲ့ တိုက်ခိုက်ရေးဟန်နဲ့လည်း အံဝင်ခွင်ကျ ဖြစ်မှာ မဟုတ်ဘူး။
ဒါဆို မှော်နှင်တံ တစ်ခုခုလား။
သူက တိုက်ခိုက်တဲ့နေရာမှာ မှော်စွမ်းအား မန္တန်တွေကို အဓိက သုံးတာ မှန်ပေမဲ့ မှော်နှင်တံတစ်ခုနဲ့တော့ ဘာမှ ပတ်သက်ဆက်နွှယ်မှု ရှိသလိုမျိုး မခံစားရဘူး။ တခြား မှော်ဆရာတွေကတော့ မှော်နှင်တံနဲ့ဆို ပိုကောင်းကောင်း လုပ်နိုင်ကြလိမ့်မယ်... ဒါပေမဲ့ မိုက်ကယ်ကတော့ ဒါတွေ မလိုဘူး။
ငါ့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းက ကိရိယာတစ်ခုခုပဲ ဖြစ်ရမယ်။
သူက ဒီကောက်ချက်ကို ချလိုက်တာက သူကိုယ်တိုင်လည်း ပထမဆုံးအနေနဲ့ ဖန်တီးသူတစ်ယောက် ဖြစ်ရတာကို ဂုဏ်ယူနေလို့ပဲ။ အဲဒါက သူ ဒီကမ္ဘာကို လူဝင်စားလာကတည်းက သူ့ရဲ့ အဓိကအချက် ဖြစ်ခဲ့တာ။ သူက အရင်တုန်းက သူရခဲ့တဲ့ သက်တောင့်သက်သာရှိမှုကို ဖန်တီးချင်နေတာ ဖြစ်တယ်။
တူ တစ်ခုလား... ဆောက် တစ်ခုလား... စကရင်လှည့် တစ်ခုလား...
ကိရိယာ အမျိုးမျိုးက ခေါင်းထဲ ပေါ်လာပေမဲ့ ဘာတစ်ခုမှ ကွက်တိမကျသလို ခံစားနေရတယ်။ နောက်ဆုံးတော့ သူက သူ့ရဲ့ အဖော်ဖြစ်တဲ့ နိုဗာကိုပဲ တိုင်ပင်ဖို့ ဆုံးဖြတ်လိုက်တယ်။
မင်း ဘယ်လိုထင်လဲ... ငါ့ကို အကောင်းဆုံး ကိုယ်စားပြုနိုင်မယ့် ကိရိယာက ဘာဖြစ်မလဲ။
[သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး အမျိုးအစားအရ သင့်ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းအဖြစ် အသင့်တော်ဆုံး အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့...]
နိုဗာက သူ့ကို အဖြေပေးလိုက်တဲ့အခါမှာ မိုက်ကယ် ပြုံးမိသွားတယ်။ ဒါက သူ့ရဲ့ ကိုယ်ပိုင် အေအိုင်လက်ထောက်ရဲ့ သိပ်ကို ဖန်တီးမှုဆန်းသစ်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နေပြီး သူကိုယ်တိုင်လည်း အံ့ဩမှင်တက်သွားရတယ်။
ပြဿနာက ဒါက သူ မဖန်တီးရသေးတဲ့ သိပ်ကို ရှုပ်ထွေးလှတဲ့ ပတ်လမ်းစနစ်တွေ ပါဝင်နေတာပဲ။
ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ ကွင်းစ်နယ်မြေရဲ့ တောင်ဘက်အစွန်းပိုင်းကို အပြည့်အဝ ထိန်းချုပ်ထားနိုင်တာကြောင့် ရှာဖွေဖို့ သိပ်ခက်ခဲတဲ့ အရင်းအမြစ်တွေကို စုဆောင်းနိုင်ခဲ့တယ်။
ဒါနဲ့ သူက အရိပ်တွေကတစ်ဆင့် ရှီနာကို ချက်ချင်း ဆက်သွယ်လိုက်ပြီး သူလိုအပ်တဲ့ ပစ္စည်းအားလုံးကို စာရင်းပြောပြလိုက်တယ်။ သူက ဒီပါဝင်ပစ္စည်းတွေရဲ့ သဘာဝအတိုင်း အကြမ်းထည်ကိုပဲ လိုတာပါ... ဗိသုကာပုံစံတွေက တောင်းဆိုထားတဲ့အတိုင်း ဖြစ်လာအောင် သူကိုယ်တိုင်ပဲ အားလုံးကို ပြုပြင်စီမံနိုင်လို့ပဲ။
"ဒီပစ္စည်းတွေကို တစ်နာရီအတွင်း အရောက်ပို့ပေးဖို့ မျှော်လင့်နိုင်ပါတယ် သခင်မိုက်ကယ်" လို့ ရှီနာက အရိပ်ထဲကနေ ပြန်ဖြေတယ်။
"အလောတကြီး လုပ်ဖို့ မလိုပါဘူး" လို့ သူက သူမကို ပြန်ပြောလိုက်တယ်။
".... ဒါဆိုရင် မိနစ်သုံးဆယ်အတွင်း အရောက်ပို့ပေးရမှာပေါ့" လို့ သူမက ပြောတယ်။
ပြီးတော့ တကယ်ပဲ မိနစ်သုံးဆယ်အတွင်းမှာ သူ့ရှေ့မှာ အရိပ်တစ်ခု ပေါ်လာပြီး ကြေးနီ၊ သံလိုက်နဲ့ သူလိုအပ်တဲ့ တခြား အကြမ်းထည် ပစ္စည်းတွေ အားလုံးကို သယ်ဆောင်လာပေးခဲ့တယ်။ ရှီနာက သိပ်ကို အရည်အချင်းရှိတဲ့ အတွင်းရေးမှူးတစ်ယောက် ဖြစ်နေလို့သာ တော်တော့တယ်... မဟုတ်ရင် ဒီပစ္စည်းတွေအားလုံး စုဆောင်းဖို့ သူ့မှာ ရက်ပေါင်းများစွာ ကြာသွားနိုင်တယ်လို့ တွေးပြီး သူ သိပ်ကို ကျေးဇူးတင်မိတယ်။
အရာအားလုံး အဆင်သင့် ဖြစ်သွားတာနဲ့ မိုက်ကယ်က သူ့ရဲ့ ပြင်ဆင်မှုတွေကို စတင်လိုက်တယ်။
နိုဗာက စက်ပစ္စည်းအတွက် ဗိသုကာပုံစံကို ချက်ချင်း ပေးလာခဲ့ပြီး အဲဒါက သူ အရင်ဘဝတုန်းက ရှိခဲ့တဲ့ ပုံမှန်စက်တွေထက် ပိုပြီးတော့ အများကြီး ရိုးရှင်းအောင် ပြုပြင်ထားတာ ဖြစ်တယ်။
ဒါ့အပြင် ပစ္စည်းအတော်များများကိုလည်း မီသရယ် မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်လာစေဖို့အတွက် ဒမတ်စကပ်စ် စတီးလ်တွေနဲ့ အစားထိုးလဲလှယ်ထားခဲ့တယ်။
* * * * * * * *
စာစဉ်(၃၄)
အခန်း(၄၀၄)
နိုဗာက ပေးထားတဲ့ ဗိသုကာပုံစံများပုံဖော်ခြင်းတွေကို ကြည့်ပြီး မိုက်ကယ်ဟာ သူရရှိထားတဲ့ ကုန်ကြမ်းပစ္စည်းအားလုံးကို လိုချင်တဲ့ ပုံစံနဲ့ အရွယ်အစား ရောက်အောင် စတင် လုပ်ဆောင်ပြီး ပုံသွင်းလိုက်တဲ့အခါမှာတော့ သူ့ပတ်ပတ်လည်မှာ မှော်စက်ဝိုင်းတွေ ပေါ်လာပါတော့တယ်။
လေထဲမှာ ပျံဝဲနေတဲ့ တူတွေက သတ္တုတုံးပေါ်ကို 'ဒုန်း ဒုန်း' နဲ့ ထုရိုက်နေကြတယ်။ ကြေးနန်းကြိုးတွေကလည်း လေထဲမှာ ပျံတက်သွားပြီး ဒမတ်စကတ် စတီးလ် ဆလင်ဒါတုံးကြီးတစ်တုံးကို ပတ်ပတ်လည် စတင် ရစ်ပတ်နေကြပြီ။
ဒီလို အဆင့်ဆင့် လုပ်ဆောင်ရတာတွေက သူ့အချိန် တစ်နာရီလောက် ယူသွားပေမဲ့ နောက်ဆုံးမှာတော့ လျှပ်စစ်စွမ်းအင်ကို စက်မှုစွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်တဲ့ ဘရပ်ရှ်မဲ့ မော်တာတစ်လုံးကို သူ အောင်မြင်စွာ ဖန်တီးလိုက်နိုင်ပါပြီ။
အဲဒီနောက် မော်တာရဲ့ လည်ပတ်မှုကတစ်ဆင့် လိုက်လည်ပတ်နိုင်အောင် မော်တာနဲ့ ချိတ်ဆက်ထားတဲ့ ပန်ကာဒလက်တွေကို သူ ဆက်ပြီး ဖန်တီးလိုက်တယ်။
ဒါတွေကတော့ သာမန်နည်းပညာကို သုံးပြီး သူ ဖန်တီးဖို့ လိုအပ်တဲ့ တစ်ခုတည်းသော ရှုပ်ထွေးတဲ့ အရာတွေပေါ့။ ကျန်တဲ့ အစိတ်အပိုင်းတွေကိုတော့ စက်ပစ္စည်းရဲ့ ပုံသဏ္ဌာန် ဖြစ်ပေါ်လာဖို့သက်သက်အတွက်ပဲ ဒမတ်စကတ် စတီးလ်နဲ့ ပြုလုပ်ထားတာပါ။
သူက နိုဗာ ပေးထားတဲ့ ဗိသုကာပုံစံအတိုင်း တိကျတဲ့ အကွေးအဆန့်တွေနဲ့ အနားသတ်တွေကို သူ့ရဲ့ မှော်ပညာကို သုံးပြီး ဒမတ်စကတ် စတီးလ်ကို ပုံသွင်းလိုက်တယ်။
စက်ပစ္စည်းက ပုံသဏ္ဌာန် ပေါ်လာတာနဲ့ မိုက်ကယ်က ဒမတ်စကတ် စတီးလ်ထဲကို သူ့ရဲ့ မှော်စွမ်းအင်တွေ စတင် ထည့်သွင်းလိုက်ပါတော့တယ်။ ကိုယ်ခံပညာ စစ်သည်တော်တစ်ဦး မှော်စွမ်းအင် စုစည်းတဲ့ နည်းလမ်းမျိုးကို သုံးပြီး မိုက်ကယ်ဟာ သဟဇာတ ဗုံးတစ်လုံးအဖြစ် ပြောင်းလဲမသွားစေဘဲ ဒြပ်စင် ရှစ်မျိုးလုံးရဲ့ မှော်စွမ်းအင်တွေကို ဒမတ်စကတ် စတီးလ်ထဲ အညီအမျှ ဖြန့်ကျက် ထည့်သွင်းနိုင်ခဲ့တယ်။
ဖြည်းဖြည်းချင်းပဲ သတ္တုရဲ့ အသွေးအသားတွေက ပျောက်ကွယ်သွားပြီး မီသရယ် မှော်ဝင်ပစ္စည်းရဲ့ ဖန်သားလို ပြောင်လက်နေတဲ့ ပုံစံမျိုးနဲ့ အစားထိုးဝင်ရောက်လာခဲ့တယ်။ အဲဒါက အနည်းငယ် စွမ်းအင်အလင်း ပိတ်နေပြီး သတ္တုရဲ့ အနက်ရှိုင်းဆုံးနေရာကနေ အဖြူရောင် အလင်းတန်းလေးတစ်ခု တောက်ပနေတာပါ။
အရာအားလုံး ပြီးဆုံးသွားတဲ့အခါမှာတော့ မိုက်ကယ်က သူကိုယ်တိုင် ဖန်တီးထားတဲ့ မီသရယ် မှော်ဝင်ပစ္စည်းကို ကြည့်ပြီး ကိုယ့်ဖန်တီးမှုကိုယ် အံ့ဩမှင်တက်လို့ နေမိတယ်။
ဒါက တကယ်ကို ထူးခြားဆန်းပြားလွန်းတယ်။ အကယ်၍ တစ်ယောက်ယောက်ကသာ ဒါကို မြင်ရင် ဘာပစ္စည်းလဲ၊ ဘာလုပ်တာလဲဆိုတာ ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ဘူးလို့ သူ သေချာပေါက် ပြောရဲတယ်။ ဒါကို သူနဲ့ ယူနာ နှစ်ယောက်တည်းပဲ သိမှာပါ။
အခုအချိန်မှာတော့ ဒီစက်ပစ္စည်းက လှုပ်ရှားမှု မရှိသေးဘူး။ ဘာလို့လဲဆိုတော့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဘက်ထရီ လိုနေသေးလို့ပဲ။
ဒါကို မောင်းနှင်ဖို့ သာမန် လီသီယမ် ဘက်ထရီတစ်လုံးကို သုံးလို့ရတာ အမှန်ပဲဆိုပေမဲ့ အဲဒါက တော်တော်လေး အဆင်မပြေဖြစ်လိမ့်မယ်။ ပထမဆုံးအနေနဲ့ အဲဒီအတွက် သင့်တော်မယ့် တခြားဘက်ထရီတစ်ခုကို သူ ထပ်ပြီး ဖန်တီးရဦးမယ်။ ဒုတိယအနေနဲ့ကတော့ စက်ရဲ့ စွမ်းအင်ဆာလောင်မှု မြင့်မားတာကြောင့် အမြဲတမ်း အားပြန်သွင်းနေရမှာမို့လို့ပါ။
ဒါပေမဲ့ မီသရယ် မှော်ဝင်ပစ္စည်းနဲ့ ကွက်တိအံဝင်ခွင်ကျဖြစ်မယ့် အခြားရွေးချယ်စရာတစ်ခု ရှိနေပါသေးတယ်။
အဲဒါကတော့ သဟဇာတ ဗုံးပဲ။
မီသရယ် မှော်ဝင်ပစ္စည်းတွေ ဖန်တီးတဲ့ သာမန်နည်းလမ်းကို သုံးပြီး (မှော်စွမ်းအား မှော်ကဝေတစ်ဦးက ခန္ဓာကိုယ်ထဲမှာ မှော်စွမ်းအင် စုစည်းတဲ့ နည်းလမ်းအတိုင်း) ဒြပ်စင် ရှစ်မျိုးလုံးကို ဒမတ်စကတ် စတီးလ်ထဲ ထည့်လိုက်ရင် ဘယ်အရာနဲ့မဆို မဆိုစလောက်လေး ထိမိရုံနဲ့ ပေါက်ကွဲသွားနိုင်တဲ့ သိပ်ကို မတည်ငြိမ်တဲ့ ပစ္စည်းတစ်ခု ဖြစ်လာပါလိမ့်မယ်။
အဲဒါကို သူက သဟဇာတ ဗုံးလို့ ခေါ်တာပါ။
ဒါပေမဲ့ စမ်းသပ်မှုတွေအရ အကယ်၍ သူက တော်တော်လေး သေးငယ်တဲ့ ပစ္စည်းကို ဖန်တီးပြီး မှော်စွမ်းအင် ပမာဏကိုလည်း အတိအကျ သုံးမယ်ဆိုရင် အဲဒါက ထာဝရ စွမ်းအင်အရင်းအမြစ်အဖြစ် သုံးနိုင်လောက်အောင် တည်ငြိမ်သွားနိုင်တယ်ဆိုတာကို သူ ရှာဖွေတွေ့ရှိခဲ့တယ်။
ဒါကိုတော့ သူက သဟဇာတ ဘက်ထရီလို့ ခေါ်ပါတယ်။
ဒီအရာက အလုပ်လုပ်ရခြင်းက မီသရယ်က ပတ်ဝန်းကျင်ကနေ မှော်စွမ်းအင်တွေကို အမြဲတမ်း စုပ်ယူစုစည်းနေမှာဖြစ်လို့ အချိန်တိုင်း စွမ်းအင် ပြည့်ဝနေစေမှာမို့လို့ပါ။
ဒါကြောင့် သူက သတ္တုတုံးကြီးထဲကနေ သေးငယ်တဲ့ ဒမတ်စကတ် စတီးလ် အစအနလေးတစ်ခုကို ဖဲ့ယူလိုက်ပြီး AAA ဘက်ထရီ ပုံသဏ္ဌာန်လေး ပုံသွင်းလိုက်တယ်။
သူက ရှုပ်ထွေးတဲ့ နည်းလမ်းတွေ သုံးမနေတော့ဘဲ ဒြပ်စင် ရှစ်မျိုးလုံးကို အထဲထဲ ရောက်အောင် အတင်း ဖိသိပ်ထည့်သွင်းလိုက်ပါတော့တယ်။ ခဏအကြာမှာတော့ မီသရယ် မှော်ဝင်ပစ္စည်းဟာ သဟဇာတ မှော်စွမ်းအင်ရဲ့ ကြီးမားလှတဲ့ တန်ခိုးတွေနဲ့ ပြည့်နှက်သွားခဲ့တယ်။ ဒီသေးငယ်တဲ့ ဗူးလေးထဲမှာ ကိန်းအောင်းနေတဲ့ စွမ်းအင်တွေက ရွာတစ်ရွာလုံးကို ချိုင့်ခွက်ကြီး ဖြစ်သွားအောင် ဖြိုခွဲပစ်နိုင်တဲ့အထိ အားပြင်းလွန်းပါတယ်။
သူက အဲဒီ သဟဇာတ ဘက်ထရီကို စက်ပစ္စည်းထဲကို ဖြည်းဖြည်းချင်း ထည့်လိုက်တယ်။
'ကလစ်' ဆိုတဲ့ ကြားရတာ ကျေနပ်စရာကောင်းတဲ့ အသံလေးနဲ့အတူ စက်ပစ္စည်းကြီးက ဝုန်းခနဲ အသက်ဝင်လှုပ်ရှားလာပါတော့တယ်။
'ဝူးးးး'
ပန်ကာဒလက်တွေက တဝူးဝူး လည်ပတ်သွားပြီး စက်ပစ္စည်း လေထဲကို ပျံတက်သွားဖို့လောက်တဲ့ ပင့်တင်အားကို ဖန်တီးပေးလိုက်တယ်။
မိုက်ကယ်က ဒရုန်းတစ်စင်းကို ဖန်တီးလိုက်ပြီ။
ဒါက သူ့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းပဲ။
ဒါပေမဲ့ သူ ဖန်တီးလိုက်တာက တော်တော်လေး အကြမ်းထည်ဆန်ပြီး ရိုးရှင်းလွန်းတဲ့ ဒရုန်းဗားရှင်းမျိုးပါ။
ပထမဆုံးအနေနဲ့ အဲဒီထဲမှာ အရှိန်ထိန်းချုပ်စနစ်တွေ ဒါမှမဟုတ် အချက်ပြလှိုင်း ပေးပို့စနစ်နဲ့ ဖမ်းယူစနစ်တွေလိုမျိုး ရှုပ်ထွေးတဲ့ ပတ်လမ်းစနစ်တွေ ဘာမှမရှိဘူး။ လမ်းညွှန်စနစ်၊ ဂျိုင်းရိုစကုပ်၊ အရှိန်တိုင်းကိရိယာ ဒါမှမဟုတ် အဲဒီလိုမျိုး အရာတွေလည်း လုံးဝမပါဝင်ပါဘူး။
မော်တာနဲ့ ချိတ်ဆက်ထားတဲ့ ပန်ကာဒလက် လေးခုပဲ ရှိတာပါ။ ဒရုန်း လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက အပေါ်ကို ပျံတက်ဖို့ပဲ ဖြစ်ပြီး တခြားဘာမှ မလုပ်နိုင်ပါဘူး။
အကယ်၍ သူသာ လိုချင်ရင် သူ့ရဲ့ အရင်ဘဝက ထိပ်တန်းဒရုန်းတစ်စင်းမှာ ပါဝင်မယ့် ခေတ်မီအသုံးအဆောင်တွေ အားလုံးကို ထည့်သွင်းလို့ရတာပေါ့။ ဒါပေမဲ့ သူကတော့ အဲဒါတွေ မလိုဘူးလို့ပဲ ခံစားရတယ်။
ဘာပဲဖြစ်ဖြစ် သူက ထိန်းချုပ်မောင်းနှင်စနစ် မရှိဘဲနဲ့တောင် ဒရုန်းကို ထိန်းချုပ်နိုင်နေပြီလေ။
ဒရုန်းက အပေါ်ကို ဆက်ပြီး ပျံတက်နေတုန်းမှာ မိုက်ကယ်က မီသရယ် မှော်ဝင်ပစ္စည်းထဲမှာ ရှိနေတဲ့ သဟဇာတစွမ်းအင်အပေါ်ကို အာရုံစူးစိုက်လိုက်တယ်။
အဲဒါတွေက မှော်စွမ်းအင်နဲ့ ပြုလုပ်ထားဆဲဖြစ်လို့ အဲဒါကို သူက လုံးဝဥဿုံ အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။
သူ့ရဲ့ အဆင့်မြင့်စွမ်းရည်က ဒရုန်းကို ဖမ်းချုပ်ထားလိုက်ပြီး အတွေးရုံရုံနဲ့တင် အဲဒီရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်စေတယ်။ ဒါက ထိန်းချုပ်မောင်းနှင်စနစ်ကို သုံးတာထက်တောင် ပိုပြီး ကောင်းမွန်ပါသေးတယ်။
'....ဝူးးးး....'
ဒရုန်းက အောက်ကို ပျံဆင်းလာပြီး သူ့ဘေးကနေ ဖြတ်ပျံသွားတယ်။ အဲဒါက သစ်ပင်တစ်ပင်ပေါ်ကနေ ပျံသန်းသွားပြီး သစ်ပင်ထိပ်ဖျားက ကွက်လပ်တစ်ခုဆီကို ထိုးစိုက်ဆင်းသွားတယ်။ အဲဒီနောက် ချက်ချင်းပဲ ဇောက်ထိုး ပြောင်းလဲသွားပြီး သစ်ကိုင်းတစ်ခုကို ဝိုက်ပျံကာ မိုက်ကယ်ဆီကို တရှိန်ထိုး ပြန်ပျံလာခဲ့ပြန်တယ်။
အဲဒါက ရေထဲက ငါးတစ်ကောင်လိုပါပဲ။ အခုဆို သူက ဒရုန်းနဲ့ စိတ်ချင်း ဆက်သွယ်မိနေသလို ခံစားရပြီး မျက်စိနဲ့ ကြည့်မနေရင်တောင် ထိန်းချုပ်နိုင်စွမ်း ရှိနေပါပြီ။
နောက်ဆုံးမှာတော့ သူက သူ့လက်ဖဝါးရှေ့တည့်တည့်မှာ ရပ်တန့်သွားအောင် အမိန့်ပေးလိုက်တယ်။
ဒါပေမဲ့ ဘက်ထရီကိုယ်တိုင်မှာ ချိတ်ဆက်ထားတဲ့ ဘယ်လို ပတ်လမ်းစနစ်မျိုးမှ ရှိမနေသေးဘူး။ ဒါပေမဲ့ အဲဒီအတွက်လည်း တခြားအဖြေတစ်ခု ရှိပါသေးတယ်။
သူက သူ့အိတ်ကပ်ထဲကနေ ခလုတ်တစ်ခုကို ထုတ်လိုက်ပြီး သဟဇာတ ဘက်ထရီမှာ ချက်ချင်း တပ်ဆင်လိုက်တယ်။ ပြီးတော့ သူ့ရဲ့ ဒီဗာကို ပေါ်ထွက်လာစေပြီး စွမ်းရည်ကို အသက်သွင်းလိုက်တာနဲ့ ခလုတ်က ချက်ချင်း ပိတ်သွားပါတော့တယ်။
သဟဇာတ ဘက်ထရီက အလုပ်မလုပ်တော့တာနဲ့ ဒရုန်းက မကြာခင်မှာပဲ စွမ်းအင် ပြတ်တောက်သွားပြီး သူ့လက်ဖဝါးထဲကို ကျဆင်းလာခဲ့တယ်။
အတွေးတစ်ချက်တည်းနဲ့တင် ခလုတ်က ပြန်ပွင့်သွားပြီး ဒရုန်းက ဝုန်းခနဲ အသက်ဝင်လာပြန်တယ်။
အဲဒီနောက် သူက သူ့အိတ်ကပ်ထဲကနေ နောက်ထပ် ခလုတ်တစ်ခုကို ထုတ်ပြီး ဒရုန်းရဲ့ အောက်ခြေနားက မြောင်းတစ်ခုထဲမှာ တပ်ဆင်လိုက်တယ်။
ပြီးတော့ အဲဒီစက်ပစ္စည်းကို လေထဲ ပျံတက်ခွင့်ပြုလိုက်တယ်။
သူက အဝေးတစ်နေရာဆီကို အကြည့်လွှဲလိုက်တဲ့အခါမှာတော့ သစ်ပင်ပေါ်ကနေ သစ်သီးလေးတစ်လုံး ကြွေကျနေတာကို လှမ်းမြင်လိုက်ရတယ်။
သူက ဒရုန်းကို အမိန့်ပေးလိုက်ပြီး လေထဲမှာ တော်တော်လေး မြန်ဆန်တဲ့ အရှိန်နဲ့ ဝူးခနဲ ပျံသန်းသွားစေတယ်။ နီးကပ်သွားတာနဲ့ ဒရုန်းက ဘေးစောင်းကို ချက်ချင်း လှည့်လိုက်ပြီး သူ့ရဲ့ အောက်ခြေကို ကြွေကျနေတဲ့ သစ်သီးလေးဆီ တည့်တည့် ချိန်ရွယ်လိုက်တယ်။
မိုက်ကယ်ရဲ့ အတွေးတစ်ချက်နဲ့တင် ဒရုန်းအောက်ခြေကနေ စပရိန်တစ်ခု ပွင့်ထွက်သွားပြီး မြောင်းထဲမှာ တင်ထားတဲ့ ခလုတ်ကို လွှတ်ထုတ်လိုက်ပါတော့တယ်။
ခလုတ်က မြေပြင်ပေါ်မကျခင် ကြွေကျနေတဲ့ သစ်သီးလေးကို တိကျစွာ ထိမှန်သွားပြီး လေထဲမှာ တန့်ခနဲ အေးခဲသွားစေတယ်။
အလုပ်ဖြစ်သားပဲလို့ သူက ဝမ်းသာအားရ ရေရွတ်လိုက်တယ်။
အဲဒီနောက် လေထဲမှာ ပျံဝဲနေတဲ့ သစ်သီးလေးဆီကို ဒရုန်းကို လာစေပြီး အဲဒီရဲ့ ဘေးဘက်မှာ ကပ်နေတဲ့ ခလုတ်ကို ပြန်ယူဖို့ သူ့ရဲ့ ဝမ်းဗိုက်ပိုင်းကို သုံးလိုက်တယ်။
ခလုတ်က ကပ်မနေတော့တာနဲ့ သစ်သီးလေးက မြေပြင်ပေါ်ကို ကျသွားပြီး လိမ့်ဆင်းသွားကာ ရှဥ့်ကလေးတစ်ကောင်က သူ့ပါးစပ်ထဲ အတင်း ကောက်ထည့်သွားပါတော့တယ်။
ဒါက ဒရုန်းတစ်စင်းအတွက် အကောင်းဆုံး အသုံးချမှုတွေထဲက တစ်ခုဖြစ်ပြီး ဒါကြောင့်လည်း သူက ဒါကို သူ့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းအဖြစ် ရွေးချယ်ခဲ့တာပါ။ ဒရုန်းရှိရင် သူက သူ့ရဲ့ ခလုတ်တွေကို သူ လိုချင်တဲ့ ဘယ်နေရာမှာမဆို ဘာပြဿနာမှ မရှိဘဲ အလွယ်တကူ တပ်ဆင်နိုင်မှာ ဖြစ်လို့ပဲ။
ဒါတင်မကသေးဘဲ အခြား ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေ အများကြီးနဲ့လည်း အဆင့်မြှင့်တင်လို့ ရပါသေးတယ်။ ဒါပေမဲ့ အဲဒါကတော့ အနာဂတ်ကျမှပေါ့လေ။
သူက စမ်းသပ်မှုတွေ လုပ်ပြီးသွားတာနဲ့ ဒရုန်းရဲ့ တောင်ပံတွေကို ခေါက်လိုက်ပြီး သူ့အိတ်ကပ်ထဲ ကွက်တိဝင်မယ့် သေးငယ်တဲ့ သေတ္တာပုံစံလေးအဖြစ် ပြောင်းလဲလိုက်တယ်။
ဒီလိုနဲ့ပဲ သူဟာ သူ့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းကို ဖန်တီးလိုက်နိုင်ပါပြီ။
အခုဆို အဲဒါကို မက်ဂ်နက်တစ်တစ်ဦးအတွက် သင့်တော်တဲ့ လက်နက်တစ်ခု ဖြစ်လာစေဖို့ ရှေးဟောင်း ဝိညာဉ်စွမ်းအား ဒါမှမဟုတ် ဝိညာဉ်ဆီနဲ့ ဖုံးအုပ်ဖို့ပဲ လိုပါတော့တယ်။
* * * * * * * *