အခန်း (၄၀၅-၄၀၆)
Vol. 34 Ch. 405-406
အခန်း(၄၀၅)
သူ့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းကို အိတ်ထဲမှာ အသေအချာ ထည့်သိမ်းပြီးတဲ့နောက် မိုက်ကယ်ဟာ ပန်းပဲဖိုကနေ ထွက်လာခဲ့ပြီး ခြောက်သွေ့လွင်ပြင်မှာရှိတဲ့ ရီနေးတား ဌာနချုပ်ဆီ ပြန်လာခဲ့တယ်။
နောက်တော့ ရီနေးတားကုမ္ပဏီရဲ့ သတင်းထောက် ဂျင်မီက သူ့ဆီ ချဉ်းကပ်လာတယ်။
"မိုက်ကယ်... ကျွန်တော်မှာ သတင်းကောင်းတစ်ခု ရှိတယ်၊ ပြီးတော့ သိပ်မဆိုးလှတဲ့ သတင်းတစ်ခုလည်း ရှိတယ်... ပြောရရင် အဲဒီလိုမျိုးပေါ့" ဂျင်မီက နှုတ်ခမ်းကို စေ့ထားရင်း ပြောလိုက်တယ်။
"သတင်းကောင်းကို အရင်ပြောဦးလေ"
"အင်း... ရီနေးတားကုမ္ပဏီဟာ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းရဲ့ အဆင့်တွေထဲမှာ အထက်ကို တက်လှမ်းနိုင်ဖို့အတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်တွေကို ရရှိထားပြီလို့ ကျွန်တော်စိတ်ချလက်ချ ပြောနိုင်တယ်" ဂျင်မီက သူ့ရင်ဘတ်သူ ဂုဏ်ယူဝင့်ကြွားစွာ ပုတ်ရင်း ပြောလိုက်တယ်။
"သတင်းဆိုးက ဘာလဲ" သူက မေးလိုက်တယ်။
"အန်ဂိုရာ မြို့တော်မှာရှိတဲ့ သတင်းစာကုမ္ပဏီက ဆရာတို့ရဲ့ အဆင့်တွေကို တရားဝင် မြှင့်တင်ပေးနိုင်လောက်အောင် မကြီးမားဘူး ဖြစ်နေတယ်။ သူတို့ ကုမ္ပဏီတစ်ခုကို အမြင့်ဆုံး မြှင့်တင်ပေးနိုင်တဲ့ အဆင့်က ၄၅၀ မြောက် အဆင့်ပဲ။ အဲဒါက အခု မင်းတို့ ရောက်နေတဲ့ အဆင့်ပေါ့။
ကြည့်ဦး... အန်ဂိုရာ မြို့တော်က မြို့တော်တစ်ခု ဖြစ်နိုင်ပေမဲ့ ရွှေလမ်းမကြီး မရှိတော့တာ နှစ်တွေအတော်ကြာပြီဖြစ်လို့ သူ့ရဲ့ ဂုဏ်သတင်းတွေလည်း ဆုံးရှုံးနေခဲ့တာ ကြာပြီလေ။ ပြီးတော့ အာဏာပိုင်တွေကလည်း အန်ဂိုရာ မြို့တော်ဟာ ကုမ္ပဏီတစ်ခုကို အဆင့် ၄၅၀ ရဲ့ အထက် ရောက်အောင် စွမ်းဆောင်နိုင်ဖို့အတွက် လုံလောက်တဲ့ ယှဉ်ပြိုင်မှုမျိုး မရှိဘူးလို့ သတ်မှတ်ထားကြတယ်"
မိုက်ကယ်က ခေါင်းညိတ်လိုက်ပြီး "အဲဒီတော့ ငါတို့ အဆင့်အသစ် ရဖို့အတွက် တခြားတစ်နေရာရာကို သွားရမယ်လို့ ပြောတာလား"
"အတိအကျပဲ" ဂျင်မီက "ကျွန်တော်တို့နဲ့ နှိုင်းယှဉ်ဖို့ အဆင့်မြင့်ကုမ္ပဏီတွေ အများကြီးရှိပြီး တကယ်ကို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နေရာမျိုး လိုအပ်တယ်။ စိတ်ထဲမှာ ရှိတဲ့ နေရာတစ်ခုတော့ ရှိတယ်…"
"ငါ ခန့်မှန်းကြည့်ပါရစေ။ မက်ထရိုပိုလစ် လား"
ဂျင်မီက သူ့ရဲ့ နောက်ထပ်ထွက်လာမယ့် စကားတွေကို ဘယ်လိုများ ခန့်မှန်းလိုက်တာလဲဆိုပြီး အံ့ဩတကြီးနဲ့ မိုက်ကယ်ကို ပြန်ကြည့်လာတယ်။
"ဟုတ်တယ်။ မက်ထရိုပိုလစ်မှာ အဆင့် ၂၀၀ နဲ့ အောက်ကို သတ်မှတ်ပေးပိုင်ခွင့်ရှိတဲ့ သတင်းစာကုမ္ပဏီတစ်ခု ရှိတယ်။ ဆရာ့ရဲ့ နောက်ထပ်ခြေလှမ်းအနေနဲ့ ရီနေးတားကုမ္ပဏီကို အဲဒီမှာ တိုးချဲ့နိုင်ရင် သိပ်ကောင်းမှာပဲ"
မိုက်ကယ်ကတော့ ဆီဘက်စတီယန် ပြောပြခဲ့တာတွေကြောင့် မက်ထရိုပိုလစ်ကို သွားဖို့ အစီအစဉ် ရှိပြီးသားပါ။ ဒါပေမဲ့ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းမှာ အဆင့်တက်လှမ်းရတာကလည်း သိပ်တော့ မဆိုးလှပါဘူး။
"မစိုးရိမ်ပါနဲ့" သူက ဂျင်မီကို ပြောလိုက်တယ်။ "အဲဒါက ငါတို့ရဲ့ နောက်ထပ်ခြေလှမ်းပဲ။ အခုလောလောဆယ်တော့ မင်း မက်ထရိုပိုလစ်ကို သွားပြီး ငါတို့အတွက် ကြိုတင်စုံစမ်းပေးစေချင်တယ်။ လက်ဂါစီ့စ် လို့ ခေါ်တဲ့ အဖွဲ့အကြောင်း မင်း သိလား"
ဂျင်မီက မေးစေ့ကို ကုတ်ရင်း ခေါင်းညိတ်ပြတယ်။ "အင်း... သူတို့အကြောင်း ကြားဖူးတယ်။ သူတို့က မက်ထရိုပိုလစ်မှာ ဈေးကွက်ဝေစု အများဆုံး ရရှိထားတဲ့သူတွေလေ။ ဒီလူတွေက စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုရဲ့ အမွေဆက်ခံသူတွေဆိုတာ လျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး"
မိုက်ကယ်က ခေါင်းညိတ်ပြပြီး "သူတို့အကြောင်း မင်း သိနိုင်သမျှ စုံစမ်းပေးစေချင်တယ်။ သူတို့က ဘယ်သူတွေလဲ၊ ဘယ်မိသားစုကလဲ... အဲဒီလို အကြောင်းအရာမျိုးတွေကိုပေါ့"
သူ့ရဲ့ စကားတွေက ဂျင်မီရဲ့ ရင်ထဲမှာ မီးတောက်တစ်ခုကို လှုံ့ဆော်ပေးလိုက်သလိုပါပဲ။ ဒါဟာ သတင်းထောက်တစ်ယောက်ရဲ့ စူးစမ်းချင်စိတ်ကို ကလိပေးလိုက်တဲ့ အလုပ်မျိုးပဲလေ။
"ကျွန်တော့်ကိုသာ စိတ်ချလိုက်ပါ။ စိတ်ပျက်စေရပါဘူး"
ဂျင်မီဟာ အချိန်ဆွဲမနေတော့ဘဲ ကွင်းစ်နယ်မြေဆီ ပြန်မယ့် ရထားကို စီးဖို့ ထွက်ခွာသွားတော့တယ်။ မိုက်ကယ်က တယ်လီပို့လုပ်ဖို့ အရိပ်ဝံပုလွေတစ်ကောင် သုံးမလားလို့ ကမ်းလှမ်းခဲ့ပေမဲ့ ဒီအခြေခံအဆင့် သတင်းထောက်လေးကတော့ အဲဒါက ဘာကိုဆိုလိုမှန်းမသိပေမဲ့ 'သူ့ခြေထောက်နဲ့သူ မြေပြင်ကို ထိတွေ့ခံစားဖို့' လိုအပ်တယ်ဆိုပြီး ငြင်းပယ်ခဲ့တယ်။
မိုက်ကယ် အဲဒီကိစ္စကို ဖြေရှင်းပြီးတဲ့နောက် မကြာခင်မှာပဲ ရီနေးတားရဲ့ အဓိကရုံးအဆောက်အအုံထဲကို ဝင်လာခဲ့ရာမှာ သူ မြင်တွေ့နေကျ မြင်ကွင်းနဲ့ လုံးဝ ကွဲပြားခြားနားတဲ့ အခြေအနေတစ်ခုကို တွေ့လိုက်ရတယ်။
ဂျာကူ၊ ဇိုင်ယွန်၊ ဖတ်ချ်နဲ့ ဂရီးဗ်တို့တောင်မှ ဆက်ထားတဲ့ စာပွဲလေးလုံးမှာ ပိတ်မိနေပြီး စာရွက်စာတမ်းပုံကြီးတွေကို အသည်းအသန် စိစစ်နေကြရတယ်။ သူတို့ရဲ့ အနောက်တည့်တည့်မှာတော့ ရှီနာက မြှားတင်ပြီးသား လေးကို အသင့်အနေအထားနဲ့ စောင့်ကြည့်နေတာပေါ့။
"သခင်မိုက်ကယ်... ပြန်လာတာ ကြိုဆိုပါတယ်" ရှီနာက ပြုံးရင်း နှုတ်ဆက်ပေမဲ့ လေးကြိုးရဲ့ တင်းအားကိုတော့ လုံးဝ လျှော့မပေးပါဘူး။
"အစ်ကိုမိုက်... ကယ်ပါဦး" ဇိုင်ယွန်က နုံးချိစွာနဲ့ ညည်းတွားရှာတယ်။ သူ့မျက်လုံးတွေက ရူးတော့မယ့်အတိုင်း အာရုံမရှိသလို ဖြစ်နေခဲ့ပြီ။
"ဟား.... မလုပ်နိုင်တော့ဘူး..." ဂျာကူကလည်း ရှီနာ့ထက်တောင် ပိုပြီး ဖြူဖျော့နေတဲ့ သူ့ရဲ့ အကြေးခွံတွေနဲ့ ပြောလိုက်တယ်။ ဒရာဂွန်ဘွန်းကြီးက ညှိုးနွမ်းသွားတဲ့အတိုင်းပဲ။
"ဆရာ... ဒါ နင်ဂျာတွေရဲ့ လမ်းစဉ် မဟုတ်ဘူးလေ" ဖတ်ချ်ကလည်း စာပွဲပေါ်မှာ ခရမ်းရောင် အရည်အိုင်ကြီးတစ်ခုလို ဖြစ်နေရင်း ကန့်ကွက်ရှာတယ်။
"ငါ ဝမ်းနည်းတယ်... ဟမ်... ငါ ဘာပြောနေတာလဲ.... အော် ဟုတ်သားပဲ... ငါ ဝမ်းနည်းတယ်..." တစ်ဖက်မှာလည်း ဂရီးဗ်ဟာ အရိုးစုတစ်ခု ဖြစ်နေတာတောင်မှ ဘယ်လိုကြောင့်မသိ ခါတိုင်းထက် ပိုပြီး အိုမင်းရင့်ရော်သွားတဲ့ ပုံစံ ပေါက်နေတယ်။
ယောကျာ်းလေးတွေခမျာ သူတို့ဘဝရဲ့ အဆိုးဝါးဆုံး အချိန်တွေကို ဖြတ်သန်းနေရပေမဲ့ မိန်းကလေးတွေကတော့ အပြင်ဘက် ဝရန်တာမှာ လက်ဖက်ရည်သောက်ရင်း၊ တခိခိ ရယ်မောရင်း အေးအေးလူလူ အနားယူနေကြတယ်။
ယူမီစု၊ ယူနာ၊ ဗီဗီ၊ ဗီရီယန်နဲ့ သူ့အမေတို့အားလုံးဟာ ပူပူနွေးနွေး လက်ဖက်ရည်နဲ့ ဘီစကစ်တွေကို အချင်းချင်း အပြန်အလှန် ပေးကမ်းရင်း အပြင်ဘက်က ရီနေးတားနိုင်ငံတော်ရဲ့ မြင်ကွင်းကို ခံစားနေကြတာပါ။
ပြီးတော့ သူတို့ကို ပြုစုလုပ်ကျွေးနေတဲ့သူက တခြားသူမဟုတ်ဘဲ သူ့အဖေ ဘတ် ဖြစ်နေတယ်။ သိက္ခာရှိတဲ့ ဗန်ဒါဘစ် စီးပွားရေးသမားကြီးဟာ ဒီအမျိုးသမီးတွေရဲ့ ရှေ့မှာတော့ အိမ်တော်ထိန်းတစ်ယောက်အဆင့်အထိ လျှော့ချခံထားရရှာတယ်။
"အဖေ... အဖေ ဒီမှာ ဘာလုပ်နေတာလဲ" သူက မေးလိုက်တယ်။
ဘတ်က မိုက်ကယ်ကို ပြန်ကြည့်ပြီး ပြုံးပြတယ်။ အဲဒီအတောအတွင်းမှာ လိုင်လီယာက သူ့ကိုယ်စား ပြန်ဖြေပေးလိုက်တယ်။
"မင်းအဖေက ငါတို့နဲ့အတူ လိုက်ခဲ့လို့ ရမရ သိရအောင် သူ့ရဲ့ အရည်အချင်းကို သက်သေပြနေတာလေ"
မိုက်ကယ် ဝေခွဲမရဖြစ်သွားပြီး "ဘယ်ကို သွားမှာမလို့လဲ"
လိုင်လီယာက တခိခိ ရယ်လိုက်တယ်။ "မင်းနဲ့အတူတူပေါ့။ မင်းက ရီနေးတားနိုင်ငံတော်ကို မက်ထရိုပိုလစ်အထိ တိုးချဲ့တော့မှာ မဟုတ်ဘူးလား။ အဲဒီတော့ မင်းအတွက် အကူအညီတွေ အများကြီး လိုလိမ့်မယ်လေ။ ပြီးတော့ မင်းရဲ့ မိဘတွေဖြစ်တဲ့ ငါတို့ထက် ပိုပြီး မင်းနဲ့အတူ လိုက်ဖို့ သင့်တော်တဲ့သူ ဘယ်သူရှိဦးမှာလဲ။ အော်... ဘတ်၊ လက်ဖက်ရည် နည်းနည်းလောက် ထပ်ထည့်ပေးပါဦး"
ဘတ်ကလည်း အလိုက်သင့်ပဲ သူမရဲ့ ခွက်ထဲကို လက်ဖက်ရည် ငှဲ့ပေးလိုက်တယ်။ ပြီးတော့ သူက ယူနာ့ဘက်ကို ချက်ချင်း လှည့်လိုက်ပြီး "သမီး ယူနာ... သမီးကော တစ်ခွက်လောက် သောက်မလား"
ယူနာက ပြုံးပြီး ခေါင်းညိတ်ပြတယ်။ "ဟုတ်ကဲ့... ပေးပါဦး"
"ရတာပေါ့" ဘတ်က ပြန်ပြောတယ်။ "ငါ့ရဲ့ အနာဂတ် ချွေးမလေးအတွက်ဆို ဘာမဆို ဖြစ်ရစေရမယ်"
မကြာခင်မှာပဲ မိုက်ကယ်လည်း နုံးချိသွားပြီး သူ့ဘေးနားက ခုံပေါ်မှာ ပုံလျက်သား ထိုင်ချလိုက်တော့တယ်။
"အဲဒီမှာ... အဲဒီမှာ မိစ္ဆာနှစ်ကောင် ဖြစ်နေပြီ" သူက မျက်နှာပျက်ပျက်နဲ့ ညည်းတွားမိတယ်။
သူ့မိဘတွေကို သူ အဆင်ပြေအောင် ပြန်လုပ်ပေးခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ သူတို့အချင်းချင်း အဖော်ပြုနိုင်ဖို့အတွက်ပါ။ အကယ်၍ သူတို့ အိမ်ထောင်ရေး ပြန်အဆင်ပြေသွားရင် ရီနေးတားနိုင်ငံတော်မှာပဲ နေခဲ့ကြပြီး ယူနာနဲ့ အဓိပ္ပာယ်မရှိ စီစဉ်ပေးနေတာတွေကို ရပ်တန်းက ရပ်ကြလိမ့်မယ်လို့ သူ ထင်ခဲ့တာလေ။
ဒါပေမဲ့ လက်တွေ့မှာတော့ သူ လုံးဝ မှားသွားခဲ့တယ်။ သူက နောက်ထပ် မိစ္ဆာအသစ်တစ်ကောင်ကို ဖန်တီးပေးလိုက်သလို ဖြစ်သွားခဲ့ပြီ။
"ကဲ... အလှည့်ပြီးပြီ။ နောက်ထပ် စာရွက်စာတမ်းပုံကြီးကို မစခင် မင်းတို့အားလုံး ငါးမိနစ် နားလို့ရတယ်" ရှီနာက လေးကို အောက်ချရင်း ယောကျာ်းလေးတွေကို ပြောလိုက်တယ်။
အလုပ်တာဝန်တွေ ဖယ်ခွာသွားတာနဲ့ ယောကျာ်းလေးတွေခမျာ မြေပြင်ပေါ်ကို ပုံလျက်သား လဲကျကုန်ကြတယ်။
"ငါ ဆက်မလုပ်နိုင်တော့ဘူး..." ဂျာကူက ရှိုက်ကြီးတငင် ညည်းတွားတယ်။
မိုက်ကယ်လည်း သူ့ကို နှစ်သိမ့်ပေးရင်း အတူတူ လိုက်ငိုမိတော့မတတ် ခံစားလိုက်ရတယ်။
ယောကျာ်းလေးတွေ အချင်းချင်း အပြန်အလှန် စာနာစိတ်နဲ့ ရင်ဖွင့်နေကြတုန်း ဖတ်ချ်က ချက်ချင်းပဲ သူ့ရဲ့ ပုံမှန်ပုံစံအတိုင်း ပြန်ဖြစ်သွားပြီး ယောကျာ်းလေးတွေကို သူ့ဆီ ကြည့်ဖို့ အချက်ပြလိုက်တယ်။
"ရှူး..." ဖတ်ချ်က တိုးတိုးလေး ကပ်ပြောတယ်။
စလိုင်းမ်က မိန်းကလေးတွေဘက်ကို အရင် လှည့်ကြည့်လိုက်တယ်။ တော်သေးတာက ရှီနာက မိန်းကလေးတွေရဲ့ လက်ဖက်ရည်ဝိုင်းမှာ သူတို့ကို ကျောပေးပြီး ထိုင်နေခဲ့ပြီ။
ဖတ်ချ်က စာရွက်စာတမ်း သေတ္တာတွေနဲ့ စင်တွေ သိမ်းဆည်းထားတဲ့ ရုံးခန်းရဲ့ နောက်ဖေးခန်းဆီကို မသိမသာ ခုန်သွားတယ်။
မိုက်ကယ်နဲ့ ယောကျာ်းလေးတွေဟာ မိန်းကလေးတွေကို တစ်ချက် ပြန်ကြည့်ပြီး နောက်ဖေးခန်းဆီ ဖြည်းဖြည်းချင်း လျှောက်သွားကြတယ်။
သူတို့ အထဲကို ဝင်လိုက်တာနဲ့ မီးပိတ်ထားတဲ့ မှောင်မည်းနေတဲ့ အခန်းတစ်ခုနဲ့ တိုးတော့တာပဲ။
ပြီးတော့ တံခါး ပိတ်သွားတယ်။
သူတို့ရဲ့ ခေါင်းပေါ်တည့်တည့်မှာ မီးလုံးတစ်လုံး 'ဖျတ်' ခနဲ ပွင့်လာပြီး ဖတ်ချ်က သူတို့ဘေးမှာ ပေါ်လာကာ အချင်းချင်း ဝိုင်းဖွဲ့ဖို့ အတင်း တွန်းပို့တော့တယ်။
"ငါတို့ ဘာလို့ ဒီကို ရောက်နေတာလဲ" မိုက်ကယ်က ဖတ်ချ်ကို မေးလိုက်တယ်။
"ဆရာ... ဆရာ ဒီနေရာကနေ ဝေးရာကို မသွားချင်ဘူးလား။ စာရွက်စာတမ်းတွေ၊ တာဝန်ဝတ္တရားတွေ... ပြီးတော့ ရှီနာ့ဆီကနေ... လွတ်မြောက်ချင်တယ် မဟုတ်လား"
ဒရာဂွန်ဘွန်းတွေက ခေါင်းကို အပြင်းအထန် ညိတ်ပြကြပြီး ဂရီးဗ်ကတော့ တိတ်တဆိတ် သဘောမတူသလို လုပ်နေတယ် (သူကတော့ ရှီနာ သူ့ကို ဘာတွေ လုပ်ခဲ့လဲဆိုတာ မေ့သွားပြီလေ)။
"ငါ အရိပ်ဝံပုလွေတွေဆီကနေ တစ်ခုခု ကြားခဲ့တယ်" ဖတ်ချ်က အားလုံးကို တည်ကြည်တဲ့ မျက်နှာထားနဲ့ ကြည့်ပြီး ပြောလိုက်တယ်။
"သူတို့ ပြောတာကတော့ ဖလဲယားကော့ပ်ဟာ တစ်ခုခုကနေ လွတ်မြောက်ဖို့ အသည်းအသန် ကြိုးစားနေကြတယ်တဲ့။ သူတို့ ဘတ်ချ်ရောခ့် မြို့ကနေပါ စတင် ဆုတ်ခွာနေကြပြီ။ ပြီးတော့ သူတို့ရဲ့ အဓိက အရာရှိတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒုတိယမြောက် အကြီးအကဲဟာ ငါတို့ဘက်ကို ထွက်ပြေးလာနေပုံပဲ။ အခု သူ အန်ဂိုရာ မြို့တော်ဆီ လာနေပြီ။
ဘော်ဒါတို့... အမဲလိုက်ရမယ့် အချိန် ရောက်ပြီ"
* * * * * * * *
စာစဉ်(၃၄)
အခန်း(၄၀၆)
"တကယ်လား... မင်း ဒါကို သေချာလို့ ပြောတာလား" ဂျာကူက မသင်္ကာတဲ့ လေယူလေသိမ်းနဲ့ မေးလိုက်တယ်။
"သေချာတာပေါ့... ငါ့ကို ဘယ်သူလို့ မှတ်နေလဲ။ မင်း ရှေ့မှာ မြင်နေရတာ ကမ္ဘာပေါ်မှာ အတော်ဆုံး နင်ဂျာကြီးပဲလေ။ ငါ့ရဲ့ သတင်းထောက်လှမ်းတဲ့ စွမ်းရည်က ထိပ်တန်းပဲ" ဖတ်ချ်က စိတ်ခုသွားတဲ့ ပုံစံနဲ့ ပြန်ပြောလိုက်တယ်။
"ဒုတိယမြောက် အကြီးအကဲက သူတို့ အခြေစိုက်စခန်းကနေ ထွက်ပြေးတယ်ဆိုတာ ယုံရခက်လွန်းလို့ပါ။ အကြောင်းရင်းကိုကော မင်း သိခဲ့လား"
အဲဒီမေးခွန်းကို မိုက်ကယ်ကပဲ ဝင်ဖြေပေးလိုက်တယ်။
"ဖလဲယားကော့ပ်ဟာ မက်ထရိုပိုလစ်က လက်ဂါစီ့စ်လို့ ခေါ်တဲ့ အဖွဲ့တစ်ခုရဲ့ တိုက်ခိုက်တာကို ခံနေရတယ်လို့ ဆီဘက်စတီယန်ဆီက ငါ ကြားခဲ့တယ်။ ဘတ်ချ်ရောခ့်မြို့ကို ရက်ရက်စက်စက် သိမ်းပိုက်ခဲ့လို့ သူတို့ကို အပြစ်ပေးနေကြတာတဲ့"
"ကောင်းလိုက်တာ"
ဇိုင်ယွန်က ပြောတယ်။
"ဒီလက်ဂါစီ့စ်ဆိုတဲ့ လူတွေက အကျိုးအကြောင်း သိတတ်တဲ့သူတွေ ထင်တယ်"
"ဒါဆို တို့တွေက နောက်ဆုတ်နေပြီး ဖလဲယားကော့ပ်ကို သူတို့ အချင်းချင်း ရှင်းပါစေလား။ ဒါဆို တို့ ဘာမှ လုပ်စရာ မလိုတော့ဘူးပေါ့"ဂျာကူက အကျိုးအကြောင်းပြပြီး ငြင်းခုံလိုက်တယ်။
"ပြီးတော့ အောင်မြင်မှု ဂုဏ်သရေ အားလုံးကို သူတို့ချည်းပဲ ယူသွားစေရမှာလား"
ဖတ်ချ်က အော်ပြောလိုက်တယ်။
"ဒါက တို့ ထောင်ချောက်ထဲကို မတော်တဆ ဝင်လာတဲ့ ငါးကြီးတစ်ကောင်ပဲ။ ဒီအခွင့်အရေးကို အလဟဿ အဆုံးရှုံးမခံဘဲ တိုက်ခိုက်ရမယ်"
"ဟိုဟိုဟို... စလိုင်းမ် စီနီယာကြီး ပြောတာကို ငါ သဘောတူတယ်"ဂရီးဗ်က ဝင်မှတ်ချက်ပေးတယ်။
"အမဲလိုက်ဖို့ အကောင်းဆုံး ရန်သူတွေဆိုတာ ထွက်ပြေးနေတဲ့သူတွေပဲ။ ငါ ဒီလိုမျိုး အကြိမ်ပေါင်းများစွာ လုပ်ဖူးပြီး နိုင်ခဲ့တယ်... ထင်တာပဲ"
ဇိုင်ယွန်က ဂျာကူရဲ့ ကော်လံစကို ဆွဲကိုင်ပြီး တောင်းပန်တိုးလျှိုးလိုက်တယ်။
"ကူညီပါ ညီအစ်ကိုရာ... မင်းက ဒီနေရာမှာပဲ နေပြီး စက္ကူစာရွက်စာတမ်းတွေကို နာရီပေါင်းများစွာ ထိုင်ဖြည့်နေချင်လို့လား"
အဲဒီ ပင်ပန်းဆိုးဝါးလှတဲ့ နာရီတွေကို ပြန်တွေးမိလိုက်တဲ့ ခဏမှာပဲ ဂျာကူရဲ့ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားတယ်။
"မင်း ပြောတာ မှန်တယ်။ စစ်တိုက်ရတာက စာရွက်စာတမ်း ဖြည့်ရတာထက် ပိုကောင်းတယ်"
သူက ပြောလိုက်တယ်။
"ပြီးတော့ ဒါက သခင်ကြီး ပိုသန်မာလာဖို့ အခွင့်အရေးပဲလေ" ဖတ်ချ်က မိုက်ကယ်ဘက် လှည့်လိုက်တယ်။
"သခင်ကြီး... နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ ပိုလိုချင်တယ် မဟုတ်လား"
မိုက်ကယ်က ပြုံးလိုက်တယ်။
"လိုချင်တာပေါ့... သေချာပေါက် လိုချင်တာပေါ့"
"ဒါဆို ဆုံးဖြတ်လိုက်ပြီ။ တို့တွေ ထွက်ပြေးနေတဲ့ ဖလဲယားကော့ပ် စစ်တပ်ကို တိုက်ခိုက်ပြီး သူတို့ရဲ့ ဒုတိယမြောက် အကြီးအကဲကို အမဲလိုက်ကြမယ်"
ကောင်လေးတွေက တည်တည်ငြိမ်ငြိမ်နဲ့ လက်ချင်းပူးမြှောက်ပြီး အသံတိုးတိုးနဲ့ အောင်ပွဲခံ အော်ဟစ်လိုက်ကြတယ်။
တစ်ဖက်မှာတော့ ကောင်မလေးတွေက ကောင်လေးတွေ ဘာတွေ ကြံစည်နေလဲဆိုတာ လုံးဝ မသိဘဲ လက်ဖက်ရည် သောက်လိုက်၊ ဘီစကစ် မုန့်စားလိုက်နဲ့ ရှိနေကြတယ်။
* * * * * * * *
ညဉ့်နက်သန်းခေါင်မှာ မိုက်ကယ်တို့တတွေဟာ ဘယ်သူမှမတွေ့နိုင်တဲ့ လုံခြုံတဲ့ နေရာတစ်ခုမှာ ဆုံတွေ့ဖို့ သူတို့ အခန်းတွေထဲကနေ တိတ်တဆိတ် ထွက်လာခဲ့ကြတယ်။
မိုက်ကယ်က သူ့ရဲ့ ကူးပြောင်းခြင်း စွမ်းရည်ကို အဆုံးသတ်လိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ သူက ရီနေးတား နိုင်ငံတော်ရဲ့ ဂိမ်းဆိုင်ခန်းတစ်ခုထဲ ရောက်နေတာကို တွေ့လိုက်ရတယ်။
ဒီနေရာမှာ ဘုတ်ဂိမ်းတွေ၊ မီနီဘေ့စ်ဘောနဲ့ အဖွဲ့လိုက် ကစားလို့ရတဲ့ အခြား ပျော်စရာ ကစားနည်းတွေ ရှိတယ်။
ညဘက် ဖြစ်နေတာတောင်မှ ဒီနေရာက အပန်းဖြေဖို့နဲ့ စိတ်အပန်းပြေဖို့ အကောင်းဆုံး နေရာတွေထဲက တစ်ခု ဖြစ်တာကြောင့် ခရီးသွားဧည့်သည်တွေရော၊ ဒေသခံတွေပါ ပြည့်နှက်နေတုန်းပဲ။ လူတွေ သိပ်များလွန်းလို့ သူတို့ချင်း သီးသန့် စကားပြောဖို့ သီးသန့်အခန်းတောင် မရှိဘူး။
ရနိုင်တဲ့ စားပွဲတစ်ခုမှာ မိုက်ကယ် ဝင်ထိုင်လိုက်ပြီး မကြာခင်မှာပဲ ကျန်တဲ့ ကောင်လေးတွေ ရောက်လာကြတယ်။
"တို့တွေ ဘာလို့ ဒီမှာ လာဆုံကြတာလဲ။ ဒါ လူအများကြီး ရှိတဲ့နေရာလေ။ ကောင်မလေးတွေ တို့ကို မြင်သွားရင် ဘယ်လိုလုပ်မလဲ"
ဇိုင်ယွန်က လူကြောက်ရောဂါ ရနေတဲ့လူလို သူ့ပုခုံးကျော်ပြီး အနောက်ကို လှည့်ကြည့်ရင်း ပြောလိုက်တယ်။
ဖတ်ချ်က ခေါင်းခါလိုက်တယ်။
"တောက်... တောက်... တောက်... ဒါ တို့ ရွေးချယ်နိုင်တဲ့ အလုံခြုံဆုံး သီးသန့် နေရာပဲ။ ရှီနာက ဒီလိုနေရာမျိုးကို လုံးဝ လာမှာ မဟုတ်ဘူး၊ ဒါကြောင့် တို့ ဒီမှာ ရှိနေတာကို သူမ ဘယ်တော့မှ သိမှာ မဟုတ်ဘူး"
ဇိုင်ယွန်နဲ့ ဂျာကူတို့ နှစ်ယောက်လုံး သဘောပေါက်သွားကြတယ်။
"ဒါ တကယ့် ပါရမီရှင်ပဲ"
ပြီးတော့မှ မိုက်ကယ်က အဓိက အကြောင်းအရာဘက်ကို အာရုံပြန်လှည့်လိုက်တယ်။
"ဒါနဲ့... ဖလဲယားကော့ပ် စစ်တပ်ရဲ့ အသေးစိတ် အချက်အလက်တွေက ဘာလဲ"
ဖတ်ချ်က ပြုံးလိုက်တယ်။
"သိပ်ကောင်းတယ် သခင်ကြီး။ တို့ရဲ့ အရိပ်ဝံပုလွေတွေရဲ့ အဆိုအရ သူတို့ စစ်တပ်မှာ ကြယ်ငါးပွင့် စစ်သား ၅၀၀ ပဲ ရှိတယ်"
အခြားသူတွေအတွက်တော့ ဒါက ထိတ်လန့်စရာ ကောင်းတဲ့ အရေအတွက် ဖြစ်လိမ့်မယ်၊ အထူးသဖြင့် သူတို့မှာ ဘာစစ်တပ်မှ မရှိဘဲ ငါးယောက်တည်းနဲ့ တိုက်ရမှာ မို့လို့ပဲ။
ဒါပေမဲ့ သေချာတာပေါ့... သူတို့ရဲ့ ပေါင်းစပ်အစွမ်းတွေက အဲဒီစစ်သားတွေကို ရှင်းပစ်ဖို့ လုံလောက်တာထက်ကို ပိုပါတယ်။ ဂရီးဗ် တစ်ယောက်တည်းတင် အဲဒီလူတွေရဲ့ ထက်ဝက်ကျော်ကို ဘာပြဿနာမှမရှိဘဲ အနိုင်တိုက်နိုင်တယ်။
အခု ပြဿနာက ဖလဲယားကော့ပ် ကုမ္ပဏီတစ်ခုလုံးရဲ့ ဒုတိယမြောက် အကြီးအကဲ ဖြစ်တဲ့ သူတို့ခေါင်းဆောင်ဆီမှာ ရှိနေတယ်။
"သူ့နာမည်က အာဆိုနီ တဲ့၊ သူက ဖလဲယားကော့ပ်ရဲ့ စစ်တပ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့သူပဲ။ တို့ရဲ့ သူလျှိုတွေ စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ သူက သူတို့ရဲ့ ထွက်ပြေးမယ့် လမ်းကြောင်းကို ဆန်းစစ်ဖို့ ကွင်းစ်နယ်မြေရဲ့ အောက်ခြေပိုင်းကို ကိုယ်တိုင် သွားခဲ့တယ်လို့ သိရတယ်။
သူတို့က ဘလေဇဲလ် ဘာဖြစ်သွားလဲဆိုတာကိုတောင် အခုထိ မသိသေးတဲ့ ပုံပဲ။ ဒါကြောင့် အာဆိုနီက အရှေ့ဘက် တောအုပ်ဆီ သွားပြီး သူမနဲ့ ဆုံဖို့ ကြိုးစားနေတယ်"
ဖလဲယားကော့ပ်ဟာ ဘက်ပေါင်းစုံကနေ ဖိအားပေးခံနေရတာ တကယ်ပဲ ဖြစ်ပုံရတယ်။ တကယ်ပဲ အသည်းအသန် မဖြစ်နေဘူးဆိုရင် ရိုးရိုး စူးစမ်းထောက်လှမ်းတဲ့ မစ်ရှင်တစ်ခုအတွက် သူတို့ရဲ့ ဒုတိယမြောက် အကြီးအကဲကို စေလွှတ်မှာ မဟုတ်ဘူး။
ဖလဲယားကော့ပ်ဟာ မက်ထရိုပိုလစ်က လက်ဂါစီ့စ် အားလုံးရဲ့ ပူးပေါင်းမှုကို ကြောက်ရွံ့နေတာ ထင်ရှားတယ်၊ မဟုတ်ရင် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ဒီလောက် မြန်မြန်ဆန်ဆန် တွန်းအားပေးမှာ မဟုတ်ဘူး။
"တို့တွေ တောအုပ်ထဲမှာ သူတို့ကို ကြားဖြတ်တိုက်ခိုက်နိုင်တယ်၊ ဒါက တို့အတွက် အသာစီးရစေလိမ့်မယ်"
ဖတ်ချ်က ပြောတယ်။
"တို့ သူတို့ကို အမဲမလိုက်ခင် နောက်ထပ် တစ်ရက်ပဲ စောင့်ဖို့ လိုတယ်"
"အိုး... သူတို့ စစ်တပ်ကို မွှေနှောက်ဖျက်ဆီးပစ်ဖို့ ငါ မစောင့်နိုင်တော့ဘူး" ဇိုင်ယွန်က လေထဲကို လက်သီးနဲ့ ထိုးရင်း ပြောလိုက်တယ်။
ပြီးတော့ ဖတ်ချ်က အာဆိုနီကို တိုက်ခိုက်တဲ့အခါ သူတို့ ဘာတွေ မျှော်လင့်ထားရမလဲဆိုတာကို အသေးစိတ် အချက်အလက်တွေကို ဆက်ပြောပြတယ်။
ဖတ်ချ် ကိုယ်တိုင်က အခြေအနေတစ်ခုလုံးကို ကွင်းဆင်းလေ့လာခဲ့ပုံရပြီး အချက်အလက်တွေကို ဘယ်သူမှ ရှာမတွေ့နိုင်လောက်အောင် တိကျစေခဲ့တယ်။
သူတို့ အစည်းအဝေးပြီးတဲ့နောက် မကြာခင်မှာပဲ လာမယ့်တိုက်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်ဖို့ အားလုံး လူစုခွဲလိုက်ကြတယ်။ သူတို့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းတွေကို သွေးကြတယ်၊ ကိုကိုး စားနပ်ရိက္ခာတွေကို ဖြည့်တင်းကြတယ်၊ ပြီးတော့ ယေဘုယျအားဖြင့် သွေးပူလေ့ကျင့်ခန်း လုပ်ကြတယ်။
တစ်ချိန်တည်းမှာပဲ မိုက်ကယ်က သူ့ရဲ့ စွမ်းရည်တွေကို လေ့ကျင့်ဖို့ ဒရုန်းနဲ့ ဒီဗာကို ဆင့်ခေါ်ပြီး တိုက်ပွဲအတွက် ပြင်ဆင်ခဲ့တယ်။
ဒရုန်းက သူ့စိတ်ကူးအတိုင်း တိတိကျကျ ပျံသန်းပြီး လေထဲမှာ ဝဲပျံလိုက်၊ ခလုတ်တွေကို ပစ်လွှတ်လိုက်၊ ပြန်ရုပ်သိမ်းလိုက် လုပ်နေတယ်။
အားလုံး အခြေအနေ ကောင်းမွန်ကြောင်း သေချာတဲ့အခါမှာတော့ သူ သုံးဖို့အတွက် နောက်ထပ် ခလုတ်တစ်ခုကို ဖန်တီးပြီး နောက်ဆုံး ပြင်ဆင်မှုတွေကို လုပ်လိုက်တယ်။
သူ့မှာရှိတဲ့ ခလုတ်တွေထဲက တစ်ခုကို ဒရုန်းရဲ့ ဘက်ထရီအတွက် သုံးထားရတာမို့ အခု သူ့ရဲ့ လက်နက်တိုက်ထဲမှာ နှစ်ခုပဲ ကျန်တော့တယ်။
ဒါကြောင့် သူက စိတ်ကို အာရုံစူးစိုက်ပြီး မြေကြီးထဲကနေ နောက်ထပ် သံရိုင်းစင် တစ်တုံး ပေးဖို့ တောင်းခံလိုက်တယ်။ ခဏအတွင်းမှာတင် သံရိုင်းတုံးတစ်တုံးက မြေကြီးထဲကနေ ပေါက်ထွက်လာပြီး မိုက်ကယ်ရဲ့ လက်ရှေ့ကို ကျလာတယ်။
အဲဒီ သံရိုင်းတုံးပေါ်ကို သူ့ရဲ့ ဒီဗာက မှော်ဆန်ဆန် အစွမ်းပြဖို့၊ အရည်ပျော်စေဖို့နဲ့ လျှပ်စစ်ကျွမ်းကျင်သူတွေသာ အသိအမှတ်ပြုနိုင်မယ့် ကောင်းမွန် တိကျတဲ့ အနုပညာလက်ရာတစ်ခုအဖြစ် ပုံဖော်ဖို့ သိပ်မကြာလိုက်ပါဘူး။
အခုဆိုရင် သူ့မှာ အသုံးပြုဖို့ အသင့်ဖြစ်နေတဲ့ ခလုတ်သုံးခု ရှိသွားပြီ။
ဒါပေမဲ့ သူက သူ့ရဲ့ ဒီဗာကို လက်တွေ့ကမ္ဘာကနေ ပြန်မရုပ်သိမ်းခင်မှာပဲ ခလုတ်ကို ဖန်တီးလိုက်ရလို့ နည်းနည်းလေးမှ မပင်ပန်းသွားတာကို ရုတ်တရက် သတိပြုမိလိုက်တယ်။
ပုံမှန်ဆိုရင်တော့ တတိယမြောက် ခလုတ်ကို ဖန်တီးပြီးတဲ့နောက် သူ သုံးနိုင်တဲ့ ခလုတ်အရေအတွက်ကို ကန့်သတ်ထားတာကြောင့် သူ့ရဲ့ စွမ်းရည်ကို သုံးဖို့ စိတ်ကို အာရုံမစိုက်နိုင်တော့ဘဲ ဖြစ်ရတတ်တယ်။
ဒါပေမဲ့ အခုတော့ သူ အဲဒီ ပင်ပန်းနွမ်းနယ်မှုကို လုံးဝ မခံစားရဘူး။
သူဟာ အရင်ကလိုပဲ ပြန်လည်လန်းဆန်းနေသလို ခံစားရတယ်။ ဒါ ဖြစ်နိုင်ပါ့မလား။
ဒီလို စိတ်ခံစားမှုအတိုင်း မိုက်ကယ်က မျက်လုံးကိုမှိတ်ပြီး သူ့စိတ်ကို နောက်တစ်ကြိမ် ပြန်လည်အာရုံစူးစိုက်လိုက်တယ်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် နောက်ထပ် သံရိုင်းတုံးတစ်တုံးက မြေကြီးထဲကနေ ပေါက်ထွက်လာပြီး သူ့ရှေ့တည့်တည့်မှာ လွင့်မျောနေတယ်။
ပြီးတော့ သူက ဒီသံရိုင်းတုံးကို ပုံဖော်ဖို့ သူ့ရဲ့ ဒီဗာဆီ ကမ်းလှမ်းလိုက်တယ်။ ချက်ချင်းပဲ စက်ရုပ်လက်ကြီးက လျှပ်စစ်အလင်းတန်းတွေနဲ့ တောက်ပသွားပြီး သူ့ရဲ့ စက်မှုလက်တံငယ်တွေကို သုံးကာ သံရိုင်းတုံးကို နောက်ထပ် ခလုတ်တစ်ခုအဖြစ် ပုံဖော်လိုက်တယ်။ အခု သူ့မှာ ခလုတ်လေးခု ရှိသွားပြီ။
ပြီးတော့ သူက အဲဒါတွေအားလုံးကို မြေကြီးပေါ် တင်လိုက်ပြီး အားလုံးကို ဖွင့်ဖို့ စိတ်နဲ့ ခိုင်းစေလိုက်တယ်။
ဖွင့်သွားတာပဲ။ အဲဒီ လေးခုလုံးက ခလုတ်ပွင့်သွားတဲ့အသံနဲ့အတူ ကလစ်ခနဲ ဖြစ်သွားတယ်။
ဒါက သူ ဒီခလုတ် လေးခုလုံးကို တစ်ပြိုင်နက်တည်း စေခိုင်းနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။
'ဒါက အကန့်အသတ်လား' လို့ သူ ကိုယ့်ကိုယ်ကိုယ် မေးလိုက်တယ်။
* * * * * * * *