အခန်း (၄၀၉-၄၁၀)
Vol. 35 Ch. 409-410
အခန်း(၄၀၉)
ဂရီးဗ်က သူ့ရဲ့ဓားကို မြှောက်လိုက်ပြီး လေထဲမှာ ဝေ့ယမ်းလိုက်တယ်။ သူ့ရဲ့လှုပ်ရှားမှုက နှေးကွေးလွန်းလှတာကြောင့် တကယ်တမ်း ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်ပါ့မလားလို့ တောင် ထင်ရတယ်လေ။ ဒါပေမဲ့ ဓားဝှေ့ယမ်းတာ ပြီးသွားပြီး ခဏအကြာမှာပဲ တစ်တပ်လုံးက စစ်သည်တွေဟာ သူတို့ရဲ့ရင်ဘတ်ကို ဓားနဲ့ တိုက်ရိုက်အမွှန်းခံလိုက်ရသလို ချက်ချင်း ခံစားလိုက်ရပြီး သူတို့ အရမ်းဂုဏ်ယူရတဲ့ ဖလဲယားကော့ပ် ရင်ဘတ်အကာချပ်တွေဟာလည်း ပုပ်ဆီဟုန်စွမ်းအင်တွေကြောင့် ချက်ချင်းပဲ သံချေးတက်ကာ ကြေမွပျက်စီးသွားတော့တယ်။
"ဖုတ်ကောင်မိစ္ဆာကြီးလား... သူတို့ ဒါကို ဘယ်လိုမျိုး ထိန်းချုပ်ထားကြတာလဲ"
အာဆိုနီဟာ ဒီထူးဆန်းတဲ့လူစုနဲ့ ပိုပြီးတိုက်ခိုက်လေလေ၊ သူတို့ရဲ့ ယုံကြည်ချက်က အလကား သက်သက် လေလုံးထွားနေတာမဟုတ်ဘူးဆိုတာကို ပိုပြီး သဘောပေါက်လာလေလေပဲ။ သူတို့က တကယ့်အစစ်အမှန်တွေ ဖြစ်နေကြတယ်။
ဒီလူတစ်ယောက်ချင်းစီကြောင့် တပ်စုတွေ တစ်စုပြီးတစ်စု ပြုတ်ပြုတ်ပြုန်းကုန်တာကို မြင်လိုက်ရတဲ့အခါမှာတော့ သူ့ရဲ့ ကျန်တဲ့စစ်တပ်ကြီးတစ်ခုလုံး ရှေ့ကို တိုးဝှေ့ဝင်ရောက်လာကြတယ်။ အာဆိုနီရဲ့ ညွှန်ကြားချက် မပါရင်တောင်မှ သူတို့ကို အနိုင်ယူဖို့ အခွင့်အရေး တစ်ခုခုရှိချင်ရင်တော့ အားလုံး စုပေါင်းပြီး အစွမ်းကုန် ကြိုးစားရမယ်ဆိုတာ သူတို့ သိနေကြတယ်လေ။
ဒါပေမဲ့လည်း သူတို့ရဲ့ အင်အားအလုံးအရင်းရှိမှုဟာ ဒီလူတွေအတွက်တော့ ဘာမှအဓိပ္ပာယ်မရှိခဲ့ပါဘူး။
ဇိုင်ယွန်ရဲ့ လက်သီးချက်တွေက ဟင်းလင်းပြင်ကို ဖောက်ထွက်သွားပြီး သူတို့ရဲ့ စစ်ဗျူဟာအပြင်အဆင်အားလုံးကို ဖျက်ဆီးပစ်မယ့် တုန်ခါမှုလှိုင်းလုံးကြီးတစ်ခုကို ဖန်တီးလိုက်တယ်။
ဂျာကူရဲ့ လျှပ်စီးလို မြန်ဆန်လှတဲ့ ဓားချက်ကိုတော့ ဘယ်သူမှ မထိနိုင်ဘဲ သူ့နောက်ကနေ မိုးကြိုးမဆွဲခင်လေးတင် စစ်သည်ပေါင်းများစွာကို အနိုင်ယူသွားခဲ့တယ်။
ဖတ်ချ်ကတော့ အရိပ်တွေထဲမှာ ကိုယ်ယောင်ဖျောက်နေပြီး သူနဲ့ ထိမိတဲ့ စစ်သည်မှန်သမျှကို ကျော်လွှားရခက်တဲ့ ပုံရိပ်ယောင်ကမ္ဘာထဲကို ဆွဲခေါ်သွားတာကြောင့် စစ်သည်တွေဟာ နေရာတင် ကြောင်ရပ်နေကြပြီး ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို အလွယ်တကူ ခံရမယ့် အခြေအနေ ဖြစ်ကုန်ကြတယ်။
ပြီးတော့ အားလုံးထဲမှာ အန္တရာယ်အရှိဆုံးကတော့ ဂရီးဗ်ပဲ ဖြစ်ပြီး သူ့ရဲ့ ကြယ်ကိုးပွင့်အဆင့် တန်ခိုးက ဒီစစ်သည်တွေ စဉ်းစားနိုင်သမျှ စုပေါင်းမှော်မန္တန်မှန်သမျှကို အကုန်အစင် ဖျက်ဆီးပစ်လိုက်တယ်။ သူ့ရဲ့ ဓားဝှေ့ယမ်းမှုတွေက ပုံမှန်လိုပဲ မြင်ရပေမဲ့ တစ်ချက်ချင်းစီမှာ စစ်သည် ဆယ်ရာခိုင်နှုန်းနီးပါးကို ပြုန်းတီးသွားစေပြီး သူတို့ရဲ့ သံချပ်ကာတွေနဲ့ လက်နက်တွေကို လေထဲလွင့်ပါးသွားတဲ့ သံချေးမှုန်တွေအဖြစ် ဆွေးမြည့်သွားစေတယ်လေ။
အာဆိုနီကတော့ သူ့ရဲ့စစ်တပ်ကြီး ရှုံးတော့မယ်ဆိုတာကို ဒီအချိန်မှာပဲ အတိအကျ သိလိုက်ရတယ်။ ဒီအမည်မသိ လူစုဟာ ဖလဲယားကော့ပ်ရဲ့ အတော်ဆုံးအထူးချွန်ဆုံးတွေကို ဘယ်လိုနည်းနဲ့မဆို အနိုင်ပိုင်းသွားခဲ့ပြီ။
"မင်းတို့ ဘယ်သူ့ကို သွားဆွမိလဲဆိုတာ မင်းတို့ လုံးဝ မသိကြသေးဘူး... ဒီကမ္ဘာမှာ မင်းတို့ နားမလည်နိုင်တဲ့ တန်ခိုးအစွမ်းတွေ ရှိသေးတယ်" လို့ သူက သူ့မှာရှိသမျှ ခွန်အားအားလုံးကို စုစည်းပြီး ပြောလိုက်တယ်။
သူက လှံရှည်ကြီးကို လေထဲမြှောက်လိုက်ရာ သူ့ရဲ့ရင်ဘတ်ထဲမှာ ဝှက်ထားတဲ့ တန်ခိုးအစွမ်းကို ထုတ်ဖော်လိုက်တာနဲ့အမျှ လှံသွားက ချက်ချင်းပဲ လိမ္မော်ရောင်အလင်းတန်းတွေ တောက်ပလာတယ်။
သူ့ရဲ့ တစ်ကိုယ်လုံးမှာ မီးတောက်တစ်ခု ထွက်ပေါ်လာပြီး သူ့ရဲ့ခေါင်းအပေါ်မှာတော့ တဖျပ်ဖျပ်တောက်နေတဲ့ ပုံရိပ်တစ်ခု ပေါ်လာခဲ့တယ်။
အာဆိုနီရဲ့အပေါ်မှာ ဟိန်းဟောက်နေတဲ့ ခြင်္သေ့ခေါင်းကြီးတစ်ခု ပေါ်လာပြီး ခြင်္သေ့ကြီး ဖြည်းဖြည်းချင်း နိုးထလာတာနဲ့အမျှ ပိုပြီးတော့ပဲ ပူပြင်းလာပုံရတဲ့ တောက်လောင်နေတဲ့ မီးတောက်တွေက သူ့ရဲ့လည်ဆံမွေးတွေမှာ ပြည့်နှက်နေတယ်။
ဒါကတော့ အာဆိုနီရဲ့ ဒီဗာ ဖြစ်တဲ့ မီးလျှံခြင်္သေ့ကြီး ပါပဲ။
ဒါပေမဲ့လည်း ဒီဗာရဲ့ ခန္ဓာကိုယ်က ရှင်းရှင်းလင်းလင်းကြီးကို မပြည့်စုံသေးပါဘူး။ ခေါင်းပိုင်းတစ်ခုပဲ ပုံပေါ်လာသေးတာဖြစ်ပြီး ကျန်တဲ့ခန္ဓာကိုယ်ကတော့ ပေါ်မလာသေးဘူးလေ။ ဒါပေမဲ့ အဲဒါကတင် လျော့နည်းလာနေတဲ့ ဖလဲယားကော့ပ် စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ပြန်လည်မြင့်တက်လာစေဖို့ လုံလောက်နေခဲ့တယ်။
ဒီမီးလျှံခြင်္သေ့ကြီး ပေါ်လာတာကို မြင်လိုက်ရတဲ့အခါမှာတော့ သူတို့ဆီမှာ ယုံကြည်မှုအသစ်တွေ ချက်ချင်း တိုးပွားလာကြတယ်။ သူတို့ရဲ့ စစ်သူကြီးဟာ နောက်ဆုံးတော့ ဒီလူတွေ တစ်ခါမှ တောင် မြင်ဖူးမှာမဟုတ်တဲ့ သူ့ရဲ့ အကြီးမားဆုံးသော ခွန်အားတွေထဲက တစ်ခုကို ထုတ်သုံးတော့မယ်ဆိုတာ သူတို့ သိလိုက်ကြပြီလေ။
ဒီဗာပေါ်က မီးတောက်က သူတို့ရဲ့ စိတ်ဓာတ်ကို တစ်ကျော့ပြန် တောက်လောင်စေခဲ့ပြီး ဒီတန်ခိုးကြီးတဲ့လူတွေကို ပြန်လည်တွန်းလှန်ဖို့နဲ့ သူတို့ရဲ့ တန်ခိုးအစွမ်းတွေကို စုစည်းဖို့ ဒုတိယအကြိမ်မြောက် အင်အားတွေကို ပေးစွမ်းလိုက်သလို ဖြစ်သွားတယ်။
သူ့ရဲ့ ဒီဗာကို ပုံဖော်ပြီးတာနဲ့ အာဆိုနီက ချက်ချင်း လှုပ်ရှားတော့တယ်။ သူက မြင်းပေါ်ကနေ ခုန်ဆင်းပြီး ဇိုင်ယွန်နဲ့ ကျန်တဲ့လူတွေဆီကို တရှိန်ထိုး ပြေးဝင်သွားခဲ့တယ်။
ဒါကို မြင်တော့ ဇိုင်ယွန်ရဲ့ အပြုံးက ပိုပြီးတော့တောင် ကျယ်ပြန့်လာပုံရတယ်။ သူက ဒါကို စိန်ခေါ်မှုတစ်ခုလို သတ်မှတ်လိုက်တာပေါ့။
သူ့ရဲ့ လက်အိတ်တွေက ခရမ်းရောင်တန်ခိုးအစွမ်းတွေနဲ့ တောက်ပနေပြီး သူက နောက်တစ်လှမ်းဆုတ်လိုက်ကာ သူ့ရဲ့ အသန်မာဆုံး တိုက်ကွက်တွေထဲက တစ်ခုကို ထုတ်ဖော်လိုက်တယ်။ သူက လေထဲကို လက်သီးချက်တွေ အကြိမ်ကြိမ် ပစ်သွင်းလိုက်ရာ အရှိန်နဲ့ပြေးဝင်လာတဲ့ အာဆိုနီဆီကို နောက်ဆုံးမှာ ရောက်ရှိသွားမယ့် ကွဲအက်နေတဲ့ ဟင်းလင်းပြင်စိုင်အခဲတွေကို ပိုပြီးတော့ ဖန်တီးပေးလိုက်သလို ဖြစ်သွားတယ်။
ဇိုင်ယွန်ရဲ့ မရပ်မနား ပစ်သွင်းလိုက်တဲ့ လက်သီးချက်တွေက စစ်သည်အမြောက်အမြားကို ဖြတ်သန်းသွားခဲ့ပြီး ကွဲအက်နေတဲ့ ဟင်းလင်းပြင်က သူတို့ဆီ ရောက်လာတာနဲ့ စစ်သည်တစ်ယောက်ချင်းစီဟာ အဝေးကြီးကို လွင့်စင်သွားကြတော့တယ်။
ဒါပေမဲ့ အာဆိုနီဆီ ရောက်လာတဲ့အခါမှာတော့ သူက လှံရှည်ကြီးကို လက်နှစ်ဖက်လုံးနဲ့ မြှောက်ပြီး သူ့ရဲ့နောက်ကျောဘက်မှာ အားယူလိုက်တယ်။ ပြီးတော့ ဇိုင်ယွန်ရဲ့ ဟင်းလင်းပြင်ကို ဖျက်ဆီးပစ်တဲ့ လက်သီးချက်တွေ သူ့ဆီ ရောက်လာတာနဲ့အမျှ သူက လှံရှည်ကြီးကို အရှိန်ပြင်းပြင်း ဝှေ့ယမ်းလိုက်ပြီး လက်သီးချက်ကို တည့်တည့်ရင်ဆိုင်လိုက်တယ်။
တန်ခိုးအစွမ်း နှစ်ခု ထိပ်တိုက်တွေ့သွားပြီး တုန်ခါမှုလှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာတာကြောင့် အားနည်းတဲ့ စစ်သည်တွေ လွင့်ထွက်ကုန်ကြတယ်။ မြေပြင်ကတောင် ပြိုကျပျက်စီးလာပြီး ရိုက်ခတ်မိတဲ့ နေရာမှာ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်သွားခဲ့တယ်။
ဇိုင်ယွန်ရဲ့ တိုက်ကွက်က မလျှော့တမ်းတွန်းလှန်တဲ့ အင်အားမျိုးဖြစ်ပြီး ထိပ်တိုက်တွေ့ပြီးနောက်မှာတောင် တန်ခိုးအစွမ်းတွေကို ပိုပြီးတော့ ဆက်ထည့်နေခဲ့တယ်။
ခဏလောက်တော့ ဇိုင်ယွန်ပဲ ဒီတိုက်ပွဲမှာ နိုင်တော့မလိုတောင် ဖြစ်သွားသေးတယ်လေ။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ အာဆိုနီရဲ့ ဒီဗာက ဟိန်းဟောက်သံတစ်ခု ပြုလုပ်လိုက်ပြီး သူ့ရဲ့ တောက်လောင်နေတဲ့ လည်ဆံမွေးတွေက သက်ဝင်လှုပ်ရှားလာတယ်။
ရုတ်တရက်ပဲ အာဆိုနီရဲ့ လှံရှည်ကနေ ရိုးရှင်းပြီး ရဲရဲတောက်နေတဲ့ မီးလျှံတစ်ခု ပေါက်ကွဲထွက်လာပြီး အဲဒီတန်ခိုးအစွမ်းထဲမှာ မှော်စွမ်းအင် တစ်စက်လေးတောင် ပါမနေပေမဲ့ သူ့ရဲ့တန်ခိုးက ဇိုင်ယွန်ရဲ့တန်ခိုးကို ပြန်လည်ယှဉ်ပြိုင်ဖို့ လုံလောက်နေခဲ့တယ်။
ရဲရဲတောက် မီးတောက်တွေက ဇိုင်ယွန်ရဲ့ လက်သီးချက်တွေကြောင့် ဖြစ်လာတဲ့ ကွဲအက်နေတဲ့ ဟင်းလင်းပြင်ဆီကို ပျံ့နှံ့သွားပြီး အဲဒါကို မီးလျှံနီတွေထဲ ဝါးမြိုလိုက်တယ်။
"ဒူးထောက်စမ်း" လို့ အာဆိုနီက အမိန့်ပေးလိုက်တယ်။
ပြီးတော့ ရုတ်တရက်ပဲ မီးလျှံနီတွေ ဝါးမြိုထားတဲ့ ကွဲအက်နေတဲ့ ဟင်းလင်းပြင်က သူ့ရဲ့ တန်ခိုးအစွမ်းအားလုံးကို ချက်ချင်း ဆုံးရှုံးသွားခဲ့တယ်။ ဇိုင်ယွန်ဟာ မန္တန်နဲ့ သူ့ရဲ့ ဆက်သွယ်မှု ပြတ်တောက်သွားသလို ခံစားလိုက်ရပြီး အဲဒါကို သူ လုံးဝ ထိန်းချုပ်လို့မရတော့သလိုမျိုးပဲ။
"ငါ့ဆီ ပြန်လာစမ်း" လို့ အာဆိုနီက ထပ်လောင်းပြောလိုက်တယ်။
ပြီးတော့ ချက်ချင်းပဲ ကွဲအက်နေတဲ့ လက်သီးချက်တွေက နောက်ပြန်လှည့်လာပြီး ဇိုင်ယွန်ရဲ့ မူလမန္တန်ထက် ပိုပြီးတော့တောင် မြန်ဆန်တဲ့ အရှိန်နှုန်းတွေနဲ့ ဇိုင်ယွန်ဆီကို ဦးတည်လာတဲ့ ကွဲအက်နေတဲ့ ဟင်းလင်းပြင်တစ်ခုကို ဖန်တီးလိုက်တယ်။
ဇိုင်ယွန်ဟာ သူ့ရဲ့ကိုယ်ပိုင် ကမ္ဘာဖျက်လက်သီးချက်က သူ့ဆီကိုပဲ အရှိန်အပြည့်နဲ့ ပြန်လာနေတာကို ခံစားလိုက်ရတယ်။
ဒါကတော့ ဒီဒရာဂွန်ဘွန်း လူငယ်လေးအနေနဲ့ သူ့ရဲ့ကိုယ်ပိုင်မန္တန်က သူ့ကို ပြန်ပြီး အန္တရာယ်ပြုတာကို ပထမဆုံးအကြိမ် ခံစားဖူးခြင်းပဲ။
သူ့ရဲ့ ခန္ဓာကိုယ်အရှိန်အဟုန်နဲ့ဆိုရင် ဇိုင်ယွန်အနေနဲ့ နောက်ဆုံးစက္ကန့်ကျမှ ရှောင်ထွက်သွားလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဇွဲခတ်မာနကပဲ သူ့ကို လွှမ်းမိုးသွားခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင်တန်ခိုးကို ပြန်ပြီး အနိုင်ယူဖို့အတွက် လက်အိတ်တွေကို ဒုတိယအကြိမ်မြောက် တန်ခိုးအစွမ်းတွေ ထပ်ဖြည့်လိုက်မိတယ်လေ။
သူက လေထဲကို လက်သီးနဲ့ ထိုးလိုက်ရာ သူ ပထမဆုံးအကြိမ် သုံးခဲ့တာထက် ပိုပြီးတော့တောင် မြန်ဆန်တဲ့ လက်သီးချက်အစီအရီကို ထုတ်လွှတ်လိုက်တာကြောင့် သူ့ရဲ့လက်မောင်းတွေဟာ ဝေဝါးသွားတဲ့အထိပါပဲ။
ကွဲအက်နေတဲ့ ဟင်းလင်းပြင်အသစ်တစ်ခုက ဇိုင်ယွန်ရဲ့ရှေ့မှာ ပေါ်လာခဲ့တယ်။ သူ့ရဲ့ နောက်ဆုံးလက်သီးချက် ထိမှန်သွားတာနဲ့အမျှ အက်ကြောင်းတွေက ရှေ့ကို ပျံ့နှံ့သွားပြီး တောက်လောင်နေတဲ့ မီးလျှံနီ ဟင်းလင်းပြင်အက်ကြောင်းတွေနဲ့ ထိပ်တိုက်တိုးတော့တယ်။
အဲဒီနှစ်ခုက ထိပ်တိုက်တွေ့သွားပြီး အက်ကြောင်းနှစ်ခု တစ်ခုနဲ့တစ်ခု ရိုက်ခတ်မိတာကြောင့် လျှပ်စီးပန်းသလိုမျိုး အစွမ်းတွေ ထွက်ပေါ်လာခဲ့တယ်။
ရိုက်ခတ်မှုကြောင့် လေပြင်းတွေ တိုက်ခတ်လာပြီး စိမ်းလန်းနေတဲ့ ကွင်းပြင်ကြီးကို ကတုံးတုံးထားတဲ့ ချိုင့်ခွက်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်ကာ အင်အားနှစ်ခု တစ်ခုနဲ့တစ်ခု ပြိုင်ဆိုင်နေကြတာကြောင့် ပိုပြီးတော့တောင် နက်ရှိုင်းလာခဲ့တယ်လေ။
"ခွန်အားတွေ တိုးပွားစေစမ်း" လို့ အာဆိုနီက အော်ဟစ်လိုက်ရာ မကြာခင်မှာပဲ အက်ကြောင်းတွေကို လွှမ်းခြုံထားတဲ့ မီးလျှံတွေဟာ ရုတ်တရက် ပိုပြီးတော့တောင် ကြီးမားကာ ပူပြင်းလာခဲ့တယ်။
အက်ကြောင်းတွေက ဇိုင်ယွန်ရဲ့ တိုက်ကွက်ကို စတင်လွှမ်းမိုးလာတာနဲ့အမျှ ခွန်အားအသစ်တစ်ခုကို ရရှိလာပုံရတယ်။
ဒါကို မြင်တော့ ဇိုင်ယွန်က ရှေ့ကို ခုန်တက်ဖို့ ဘယ်လိုမှ တွန့်ဆုတ်မနေဘဲ အာဆိုနီရဲ့ ပြန်လည်တိုက်ခိုက်မှုကို ချေဖျက်ဖို့အတွက် ဟင်းလင်းပြင်ကို ဖျက်ဆီးမယ့် လက်သီးချက်တွေကို ပိုပြီးတော့ ဖန်တီးလိုက်တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ မီးလျှံတွေက ပိုပြီးကြီးမားလာပြီး မကြာခင်မှာပဲ ဇိုင်ယွန်ရဲ့ တိုက်ကွက်တွေကိုပါ လွှမ်းခြုံသွားခဲ့တယ်။
ဇိုင်ယွန်ဟာ သူ့ရဲ့ကိုယ်ပိုင်တန်ခိုးအစွမ်းက နောက်တစ်ကြိမ် ထပ်ပြီး ဖြတ်တောက်ခံလိုက်ရတာကို ခံစားလိုက်ရတယ်။
တစ်ချိန်က ပြိုင်ဆိုင်နေခဲ့ကြတဲ့ အက်ကြောင်းနှစ်ခုဟာ တိုက်ခိုက်မှုအားလုံး ရပ်တန့်သွားပြီး ဟင်းလင်းပြင်ထဲက ဧရာမအက်ကြောင်းကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားကြတော့တယ်။
မကြာခင်မှာပဲ ဇိုင်ယွန်ရဲ့ လက်သီးချက်တွေကနေ ပေါင်းစပ်သွားတဲ့ ဒီဧရာမ ဖုတ်ကောင်အသွင် ပေါင်းစပ်မှုကြီးက စုစည်းသွားပြီးတော့ အဲဒါကို စေလွှတ်လိုက်တဲ့သူဆီကို ချက်ချင်းပဲ တဟုန်ထိုး ပြေးဝင်သွားတော့တယ်။
"ငါ့ရဲ့ မီးလျှံတွေ မအောင်နိုင်တာ ဘာမှမရှိဘူး" လို့ အာဆိုနီက ပြောလိုက်ပြီး "မင်းက တကယ့်ကို ထူးချွန်တဲ့ စစ်သည်တစ်ယောက်ပဲ... ဒါပေမဲ့ မင်းလည်း ဖလဲယားကော့ပ်ရဲ့ ကြီးမြတ်မှုအောက်မှာ ပျက်စီးသွားရမှာပဲ"
ဧရာမ တောက်လောင်နေတဲ့ မီးလျှံ အက်ကြောင်းကြီးက မကြာခင်မှာပဲ ဇိုင်ယွန်ကို ဝါးမြိုတော့မှာဖြစ်ပြီး အဲဒါကို တားဆီးနိုင်မယ့်အရာ ဘာမှမရှိတော့ပါဘူး။
အာဆိုနီကတော့ အားလုံး ပြီးသွားပြီဆိုတာ သိလိုက်ပြီလေ။ သူက နောက်ထပ် ပစ်မှတ်တစ်ခုကို ရှာဖွေဖို့အတွက် စစ်မြေပြင်ကို ဝေ့ဝဲကြည့်ရှုရင်း လှည့်ထွက်ခဲ့တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ အရာအားလုံး တိတ်ဆိတ်သွားခဲ့တယ်။ စက္ကန့်အနည်းငယ် ကုန်လွန်သွားခဲ့ပေမဲ့ ဧရာမ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်စေရမယ့် ရိုက်ခတ်သံကြီးက ဘယ်တော့မှ ပေါ်မလာခဲ့ပါဘူး။
သူ ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ တောက်လောင်နေတဲ့ မီးလျှံအက်ကြောင်းကြီးက ဇိုင်ယွန်နဲ့ မီတာအနည်းငယ်အကွာ လေထဲမှာတင် တောင့်ခဲနေတာကိုပဲ မြင်လိုက်ရတော့တယ်။
"ဟူး... လွတ်သွားပြီ" လို့ ဒရာဂွန်ဘွန်း လူငယ်လေးက ပြောလိုက်ပြီး "ကယ်ပေးလို့ ကျေးဇူးပဲ အစ်ကိုကြီး မိုက်ကယ်"
* * * * * * * *
စာစဉ်(၃၅)
အခန်း(၄၁၀)
အာဆိုနီတစ်ယောက် သူ့လည်ပင်းနောက်နားက အမွှေးအမျှင်တွေ ထောင်ထလည်းဖြစ်သွား ခံစားလိုက်ရတယ်။ သူ့အပေါ်မှာရှိနေတဲ့ မီးလျှံခြင်္သေ့ကြီးဟာ တစ်စုံတစ်ခုကို သတိထားမိပြီး စိုးရိမ်ထိတ်လန့်နေတဲ့ပုံစံမျိုးနဲ့ ဟိန်းဟောက်နေတာပါ။
သူဟာ ကောင်းကင်ယံဆီကို ခေါင်းကို ဖြည်းဖြည်းချင်း အသာမော့ကြည့်လိုက်တဲ့အခါမှာတော့ လေထဲမှာ ရပ်နေတဲ့ ရွှေရောင်ဆံပင်နဲ့ ကောင်လေးကို လှမ်းမြင်လိုက်ရတော့တယ်။
ဒီကလေးဟာ တစ်ချိန်လုံး စစ်တလင်းနဲ့ ခပ်ဝေးဝေးမှာပဲ နေနေခဲ့တာပါ။ အာဆိုနီကတော့ ဘာမှမသိဘဲ အဖွဲ့ထဲ လိုက်လာတဲ့ ကလေးတစ်ယောက်၊ ပွဲကြည့်ပရိသတ်တစ်ဦးထက် မပိုပါဘူးလို့ပဲ ထင်ထားခဲ့တာ။
ဒါပေမဲ့ ကောင်းကင်ကြီးဆီ မော့ကြည့်လိုက်တဲ့အချိန်မှာတော့ သူ လုံးဝ မယုံနိုင်စရာတစ်ခုကို မြင်လိုက်ရပါတော့တယ်။
အဲဒီကောင်လေးရဲ့ ခေါင်းအထက်မှာ ထူးဆန်းတဲ့ အဖြူရောင်အလင်းတန်းတွေ ဖြာထွက်နေတဲ့ သွေးကြောတွေပါဝင်ပြီး သတ္တုနဲ့ ပြုလုပ်ထားတဲ့ လက်ယာဘက် လက်တစ်ဖက်ရဲ့ ပုံရိပ်တစ်ခု ရှိနေတယ်။
သူ့ရဲ့ မီးလျှံခြင်္သေ့ ဒီဗာ ကိုယ်တိုင်က ဒီလက်ယာဘက်လက်ကို သတိပြုမိသွားတယ်ဆိုတဲ့ အချက်က အဖြေတစ်ခုပဲ ရှိပါတယ်။ အဲဒါဟာ ဒီဗာ တစ်ခု ဖြစ်နေလို့ပါပဲ။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." အာဆိုနီဟာ မျက်လုံးတွေကို အသားကျအောင် အားယူရင်း တိုးတိုးကလေး ရေရွတ်လိုက်မိတယ်။ သူဟာ ဒါက ရိုးရိုးမျက်လှည့်ပြကွက် အတုအယောင်တစ်ခုပဲလားဆိုတာ သေချာသိရအောင် ထိုပုံရိပ်ကို အနုစိတ် စိုက်ကြည့်ပြီး စစ်ဆေးနေမိတာပေါ့။
သို့ပေမဲ့ ပိုပြီးသေချာ ကြည့်လိုက်လေလေ၊ အဲဒါက အစစ်အမှန်ကြီးဖြစ်ကြောင်း ပိုပြီး သဘောပေါက်လာလေလေပါပဲ။
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဒီလို အမည်မသိ ကလေးတစ်ယောက်က ကမ္ဘာပေါ်မှာ အမာဆုံး သတ္တုတွေထဲက တစ်ခုကို လက်ဝယ်ပိုင်ဆိုင်ထားပြီး သူ့ဘာသာသူ စွမ်းရည် တစ်ခုကိုပါ ရရှိထားတာ ဖြစ်နေတယ်။
ဒါက မျောက်တစ်ကောင်က ရုတ်တရက် စကားပြောတတ်၊ စာရေးတတ်သွားသလိုမျိုး ဖြစ်နေတာပါ။ အထူးသဖြင့် ကွင်းစ်နယ်မြေရဲ့ ဒီလို ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသမျိုးမှာ ဒါမျိုး လုံးဝ မဖြစ်ပျက်သင့်ဘူးလေ။
"မင်းက တကယ်တော့ ဘယ်သူလဲ" လို့ အာဆိုနီက မေးလိုက်တယ်။ ကောင်လေးတစ်ယောက်အနေနဲ့ ဒီဗာတစ်ခုကို တိုက်ဆိုင်မှုသက်သက်နဲ့ ရရှိနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူ့ရဲ့ နှလုံးသားထဲမှာ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းကို ခွဲစိတ်ထည့်သွင်းပေးခဲ့တဲ့ ကုသရေးသမားတစ်ယောက်ယောက် သေချာပေါက် ပတ်သက်နေလိမ့်မယ်။
"ငါလား... ငါက ရီနေးတားကုမ္ပဏီရဲ့ အကြီးအကဲ မိုက်ကယ် ပဲ" လို့ မိုက်ကယ်က ပြန်ဖြေလိုက်တယ်။
အာဆိုနီအနေနဲ့ ဒီနာမည်ကို လုံးဝ မကြားဖူးဘူးဆိုတဲ့ အချက်က ပိုပြီးတော့တောင် အဓိပ္ပာယ်မရှိဖြစ်နေသေးတယ်။ အကယ်၍ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းရဲ့ အောက်ခြေနားက အဆင့်ပဲရှိရင် နတ်ဘုရားပန်းပဲဖို ရဲ့ အစိတ်အပိုင်း တစ်ခုတည်းကိုတောင် ရနိုင်လောက်တဲ့အထိ အင်အားကြီးမားဖို့ ဘယ်လိုမှ မဖြစ်နိုင်လို့ပါပဲ။
"အဲဒီ ဒီဗာကို မင်း ဘယ်လိုရခဲ့တာလဲ"
"ဒီတိုင်း ရှာတွေ့ခဲ့တာလေ" မိုက်ကယ်က ပြန်ပြောလိုက်တယ်။ "ဪ... ပြီးတော့ ဘလေဇဲလ် က သူ့ရဲ့ အစိတ်အပိုင်းကို ငါ့ကို ပေးခဲ့တာ။ ပိုပြီး တိတိကျကျ ပြောရရင်တော့ ငါ သူ့ဆီကနေ ယူလိုက်တာပေါ့"
ဘလေဇဲလ်ရဲ့ နာမည်ကို ပြောလိုက်တဲ့ ခဏမှာပဲ အာဆိုနီရဲ့ ခေါင်းထဲမှာ အခြေအနေအရပ်ရပ်ကို ရိပ်မိနားလည်သွားတဲ့ ခံစားချက်တစ်ခု ပေါ်လာပါတယ်။
"သူက ဖလဲယားကော့ပ်ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး။ ဒါက မင်း သူ့ကို အနိုင်ယူခဲ့တယ်လို့ အဓိပ္ပာယ်ရတာပဲ။
ငါ အခုတော့ သဘောပေါက်သွားပြီ။ မင်းတို့ ရီနေးတားကုမ္ပဏီက ဘယ်လိုနည်းနဲ့မဆို ဘလေဇဲလ်နဲ့ ငါတို့ စေလွှတ်လိုက်တဲ့ စစ်တပ်ကို အနိုင်ယူပြီး ဒီနယ်မြေတစ်ခုလုံးကို သိမ်းပိုက်မယ့် ငါတို့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်လိုက်တာပဲပေါ့" လို့ အာဆိုနီက ပြောလိုက်တယ်။
"ပြီးတော့ မင်းတို့ရဲ့ အဖွဲ့ဝင်တွေကို ကြည့်ရတာ..." သူက ရီနေးတားအဖွဲ့သားတွေကို လှည့်ကြည့်ရင်း ထပ်ပြောလိုက်တယ်။ "သူတို့ ဘာလို့ ရှုံးသွားလဲဆိုတာ သိဖို့ သိပ်မခက်ပါဘူး"
"မှန်လိုက်တာဗျာ... ဟီး..." ဇိုင်ယွန်က သူ့လျှာကို ထုတ်ပြရင်း ပြောလိုက်တယ်။
"သူတို့က ငါတို့ကို အရင်လာတိုက်တာလေ။ ကဲ... နောက်ဘာဖြစ်သွားလဲဆိုတာ ခင်ဗျားအသိပဲမလား" ဂျာကူက သူ့ဓားကို ဓားအိမ်ထဲ ပြန်ထည့်ရင်း ပြောလိုက်တာပါ။
အာဆိုနီက သူတို့ကို ဂရုမစိုက်ဘဲ မိုက်ကယ်ဆီကိုပဲ အာရုံစိုက်ထားလိုက်တယ်။ "ဒါပေမဲ့ ဒါက အဓိပ္ပာယ်မရှိသေးဘူး။ မင်းက သူ့ကို ဘယ်လိုအနိုင်ယူပြီး ဒီဗာတစ်ခုကိုပါ မင်းကိုယ်တိုင် ပိုင်ဆိုင်နိုင်ခဲ့တာလဲ"
မိုက်ကယ်က ပုခုံးတွန့်ပြလိုက်တယ်။ "နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေက ငါ့ဆီ အလိုလို ရောက်လာကြတာ" လို့ သူက အမှန်အတိုင်း ပြောလိုက်တာပါ။
ဒါပေမဲ့ အာဆိုနီကတော့ ဒါကို လုံးဝ ဗြောင်ကျကျ လိမ်ညာနေတာလို့ပဲ ထင်ပြီး နှာခေါင်းရှုံ့လိုက်တယ်။ "အဲဒါတွေက အရေးမကြီးတော့ပါဘူး။ ငါ့ရဲ့ ဒီဗာက မင်းရဲ့ဒီဗာထက် ပိုပြီးသာလွန်ကြောင်း သက်သေပြပြီးတာနဲ့ မင်းကို အမှန်အတိုင်း ပြောပြလာအောင် ငါ အတင်းအကျပ် လုပ်မှာပါ"
"စမ်းကြည့်လေ" မိုက်ကယ်က စိန်ခေါ်လိုက်တယ်။
"ဟွန်း... ကိုယ်ခန္ဓာပုံဖော်ခြင်း အဆင့်နှစ်ပဲ ရှိသေးတဲ့သူတစ်ယောက်အတွက်တော့ တော်တော်လေး ယုံကြည်ချက်လွန်နေတာပဲ။ ငါကတော့ အဆင့်သုံးကို ရောက်နေပြီဖြစ်ရုံတင်မကဘဲ နောက်တစ်ဆင့်ကို တက်လှမ်းဖို့အတွက်တောင် လုံလောက်အောင် ရင့်ကျက်နေပြီ။ မင်းကို အနိုင်ယူပြီးတာနဲ့ ဘလေဇဲလ်ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေကို ငါ ပြန်သိမ်းပိုက်ပြီး ငါ့ကိုယ်ထဲ ခွဲစိတ်ထည့်သွင်းပစ်မှာ"
အာဆိုနီဟာ မြေပြင်ပေါ်မှာ ခြေစုံကို ခပ်နိမ့်နိမ့် တွန်းထိုင်လိုက်ပြီး လှံချွန်ကို လက်နှစ်ဖက်စလုံးနဲ့ ကိုင်ကာ သူ့ပတ်ပတ်လည်ကို စက်ဝိုင်းပုံစံ ဝှေ့ယမ်းလိုက်တယ်။
မီသရယ် မှော်ဝင်လက်နက်ရဲ့ အနီရောင် မီးလျှံတွေဟာ မြေပြင်ပေါ်ကို စက်ဝိုင်းပုံစံ ပြန့်နှံ့သွားပြီး အာဆိုနီ မတ်တပ်ရပ်နိုင်မယ့် လခြမ်းပုံသဏ္ဌာန် စင်မြင့်တစ်ခုကို ဖန်တီးပေးလိုက်တာပေါ့။
"ထလော့" သူက အမိန့်ပေးလိုက်တယ်။
ခဏချင်းမှာပဲ မြေပြင်ပေါ်က မြေထုကြီးဟာ လေထဲကို မြင့်တက်သွားပြီး ဝဲပျံနေတော့တာကြောင့် အာဆိုနီဟာ မိုက်ကယ်ရှိရာဆီကို ပိုပြီး နီးကပ်အောင် ပျံတက်သွားနိုင်ခဲ့တယ်။
"ဒါဆို မင်းရဲ့လက်နက်နဲ့ ထိမိသမျှ အရာအားလုံးက မင်းရဲ့ စကားတွေကို နာခံရတာပေါ့" မိုက်ကယ်က သတိပြုမိပြီး ပြောလိုက်တယ်။
"အတိအကျပဲ" အာဆိုနီက ခေါင်းညိတ်ပြလိုက်တယ်။ သူ့စိတ်ထဲမှာတော့ မိုက်ကယ်က သူ့ရဲ့ စွမ်းအားကို ရိပ်မိသွားရင်တောင် တိုက်ပွဲရလဒ်က ပြောင်းလဲမှာမဟုတ်ဘူးလို့ မှတ်ယူထားတာပါ။ "ခြင်္သေ့ဆိုတာ တောဘုရင်ပဲ။ ငါ့ရဲ့ မီးလျှံခြင်္သေ့ကတော့ ကမ္ဘာပေါ်က အရာအားလုံးရဲ့ ဘုရင်ပေါ့။ ငါ့ရဲ့မီးလျှံ ထိမိသမျှ အရာအားလုံးဟာ ငါ့ရဲ့ စကားတွေဆီ ဒူးထောက် အညံ့ခံရလိမ့်မယ်"
"စိတ်ဝင်စားစရာပဲ" မိုက်ကယ်က ကျေနပ်တဲ့ပုံစံနဲ့ ခေါင်းညိတ်ရင်း ပြောလိုက်တယ်။
"အောက်က မင်းရဲ့ အကြေးခွံနီနဲ့ သူငယ်ချင်းဆီကို ငါ့ရဲ့မီးလျှံတွေ မထိမှန်အောင် မင်း ဘယ်လိုတားဆီးလိုက်လဲဆိုတာ ငါမသိပေမဲ့ အဲဒါက အရေးမပါပါဘူး။ ကံကောင်းသွားတာ သက်သေပြတာပဲ"
အာဆိုနီဟာ သူ့လက်ကို မြှောက်လိုက်ပြီး သူ့ခြေဖဝါးအောက်က စင်မြင့်ကို မိုက်ကယ်ဆီ တဟုန်ထိုး ပြေးဝင်ဖို့ အချက်ပြလိုက်တယ်။
ပြီးတော့ သူ့လက်ထဲက လှံချွန်ကို ကိုင်ပြီး မိုက်ကယ်ဆီကို ဒေါင်လိုက်တည့်တည့် ဝှေ့ယမ်း ခုတ်ချလိုက်ပါတော့တယ်။
"မင်းရဲ့ အဝတ်အစားတွေကတောင် မင်းကို ပြန်ပြီး လည်ပင်းညှစ်သတ်စေရမယ်" အာဆိုနီက မိုက်ကယ်အပေါ် သူ့ရဲ့ အနီရောင်မီးလျှံတွေကို အသုံးချဖို့ ရည်ရွယ်ပြီး ပြောလိုက်တာပါ။
မိုက်ကယ်ရဲ့ ခြေဖဝါးတွေက လေထုကို ပြင်းထန်စွာ ကန်ကျောက်လိုက်တာကြောင့် အာဆိုနီရဲ့ လှံချက်ကနေ အလွယ်တကူပဲ ရှောင်တိမ်းသွားနိုင်ခဲ့တယ်။
"ဟွန်း... မင်းက မြန်လှချည်လား ဒါပေမဲ့..."
သူ့ရဲ့ စကားစုကိုတောင် ဆုံးအောင် မပြောနိုင်သေးခင်မှာပဲ သူ့မျက်လုံးထောင့်ကနေ တောက်ပတဲ့ အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်ခနဲ ဖြစ်သွားတာကို ရုတ်တရက် မြင်လိုက်ရတယ်။
မိုက်ကယ်ရဲ့ လက်ညှိုးထိပ်ဖျားလေးက တန်ခိုးအရှိန်အဝါကြောင့် အဖြူရောင်အလင်းတွေ တောက်ပနေတာကို သူ မြင်လိုက်ရတာပါ။ အာဆိုနီရဲ့ မျက်နှာမှာ စိုးရိမ်စိတ်တွေ ပေါ်လာတယ်။ ဒါပေမဲ့ ခဏချင်းမှာပဲ သူ သဘောပေါက်လိုက်တာက ဒီတန်ခိုးဟာ စွမ်းရည် တစ်ခု မဟုတ်ဘဲ မှော်စွမ်းအင် နဲ့ ပြုလုပ်ထားတဲ့ ရိုးရိုး မန္တန်တစ်ခု သက်သက်ပဲ ဖြစ်နေတာကိုပါ။ ဒါက သူ့ရဲ့ ဒီဗာကို ဘာမှ ထိခိုက်နိုင်မှာ မဟုတ်ပါဘူး။
"မင်းက သံလိုက်စွမ်းအား ရဲ့ အခြေခံ သီအိုရီတွေကိုတောင် မသိဘဲနဲ့ ဘလေဇဲလ်ကို ဘယ်လိုလုပ် အနိုင်ယူခဲ့တာလဲ"
အဲဒီ အချိန်မှာတင် မိုက်ကယ်ဟာ သူ့ရဲ့ သဟဇာတသေနတ် ကို ပစ်ခတ်လိုက်တာကြောင့် ချက်ချင်းဆိုသလို အဖြူရောင် လေဆာတန်းကြီး ထွက်ပေါ်လာပြီး အာဆိုနီရဲ့ ရင်ဘတ်တည့်တည့်ကို အရှိန်အဟုန်နဲ့ ထိမှန်သွားပါတော့တယ်။
အာဆိုနီဟာ ဒါမျိုးကို တုံ့ပြန်ဖို့တောင် အချိန်မရလောက်အောင် မြန်ဆန်လိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် မျက်လုံးတွေ အပြူးသား ဖြစ်သွားရတယ်။
ဒါပေမဲ့ ဖလဲယားကော့ပ်ရဲ့ အကောင်းစား အဆင့်မြင့် ချပ်ဝတ်တန်ဆာကြောင့် လေဆာတန်းဟာ မီလီစက္ကန့် အနည်းငယ်လောက် နှေးကွေးသွားခဲ့ပြီး အဲဒီအချိန်က သူ့ရဲ့ အနီရောင်မီးလျှံတွေ ထွက်ပေါ်လာကာ ထိုလေဆာတန်းကို လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားဖို့ လုံလောက်တဲ့ အချိန်ကို ရသွားစေခဲ့တယ်။
သို့သော်လည်း အာဆိုနီရဲ့ အနီရောင်မီးလျှံတွေဟာ သဟဇာတသေနတ် ရဲ့ လေဆာတန်းနဲ့ ထိမိတဲ့အခါမှာတော့ နာကျင်စွာနဲ့ နောက်ဆုတ်သွားသလိုမျိုး ဖြစ်သွားပြီး ထိတွေ့မိသမျှ မီးလျှံတွေအားလုံး ပျက်စီးကုန်တော့တာပါ။
အာဆိုနီဟာ သဟဇာတသေနတ် လေဆာတန်းက သူ့ရဲ့ လမ်းကြောင်းအတိုင်း ဆက်လက်ဖြတ်သန်းပြီး သူ့ရဲ့ ချပ်ဝတ်တန်ဆာကို ဖောက်ထွက်ကာ သူ့ခန္ဓာကိုယ်ထဲကို ထိုးဝင်သွားတာကို ထိတ်လန့်တုန်လှုပ်စွာနဲ့ပဲ စိုက်ကြည့်နေမိတော့တယ်။
"အား..." အာဆိုနီဟာ နာကျင်စွာနဲ့ မျက်နှာပျက်သွားရတယ်။ သူ့ရင်ဘတ်က ဒဏ်ရာဟာ လက်သည်းခွံထက် သေးငယ်ပေမဲ့လည်း သွေးတွေ စီးကျလာခဲ့ပြီပေါ့။
ဒဏ်ရာရဲ့ ပတ်ပတ်လည်မှာ အနီရောင် မီးလျှံတွေ ပေါ်ထွက်လာတယ်။ "သွေးထွက်တာ ရပ်စမ်း" လို့ အာဆိုနီက သူ့ကိုယ်သူ ပြောလိုက်တာကြောင့် သွေးတွေက သူ့ခန္ဓာကိုယ်ထဲကို ပြန်လည် စီးဝင်သွားခဲ့တယ်။
ဒါပေမဲ့လည်း သူ ဒဏ်ရာရရှိသွားမှုကိုတော့ ပြန်ပြီး မပြင်ဆင်နိုင်ခဲ့ပါဘူး။
သူ့ရင်ဘတ်ကို နာကျင်စွာနဲ့ ဖိထားရင်း အာဆိုနီဟာ မိုက်ကယ်ကို ဇဝေဇဝါဖြစ်မှုတွေ၊ ဒေါသတကြီးဖြစ်မှုတွေနဲ့ လှမ်းကြည့်လိုက်တယ်။
"စွမ်းရည် တစ်ခုကို အနိုင်ယူနိုင်တဲ့ မှော်မန္တန် ဟုတ်လား... ဒါက ဘယ်လိုမှ မဖြစ်နိုင်တာ..."
မိုက်ကယ်က ပြန်မဖြေဘဲ သူ့လက်ကို နောက်တစ်ကြိမ် ထပ်မြှောက်လိုက်ပြန်ပါတယ်၊ သူ့ရဲ့ လက်ညှိုးထိပ်ဖျားလေးက အရင်အတိုင်း တူညီတဲ့ တန်ခိုးတွေနဲ့ ထပ်မံ တောက်ပလာတာပေါ့။
အခုတော့ ဒီထူးဆန်းတဲ့ မန္တန်ကို သတိထားမိသွားတဲ့ အာဆိုနီဟာ မြေပြင်ဆီကို ပြန်လည် ထိုးဆင်းသွားခဲ့တယ်။
သူဟာ တောအုပ်ထဲကို တဟုန်ထိုး ဆင်းသက်သွားပြီး သူ့ရဲ့ လှံချွန် ဝှေ့ယမ်းလိုက်တဲ့ လမ်းကြောင်းတစ်လျှောက်က သစ်ပင်တွေကို ခုတ်ထစ်ပစ်လိုက်တယ်။
သစ်ပင်တစ်ပင်ချင်းစီဟာ ပင်စည်ကနေ ပြတ်ထွက်ကုန်ကြတာပါ။ သစ်သားတွေ ကွဲအက်သွားတဲ့ အသံကြီးက ဟိန်းထွက်လာပြီး သစ်ပင်တွေဟာ ဒိုမီနိုကွက်တွေလိုမျိုး တစ်ပင်ပြီးတစ်ပင် လဲပြိုကျကုန်တော့တယ်။
ဒါပေမဲ့ အဲဒီနောက်မှာတော့ အနီရောင်မီးလျှံတွေက ထိုသစ်ပင်တွေကို စတင် လွှမ်းခြုံသွားတာကြောင့် အာဆိုနီအနေနဲ့ သစ်ပင်တွေကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရရှိသွားစေခဲ့တယ်။
"သူ့ကို သွားတိုက်ခိုက်စမ်း" လို့ သူက မိုက်ကယ်ဆီကို လက်ညှိုးထိုးရင်း အော်ဟစ်လိုက်တယ်။ သူ့ရဲ့ အသံထဲမှာ အရေးတကြီးဖြစ်နေတဲ့ ခံစားချက်တစ်ခု ပါဝင်နေပြီး အဲဒါက မိုက်ကယ်ရဲ့ လက်ညှိုးပေါ်က ကြောက်မက်ဖွယ် ကောင်းလှတဲ့ တောက်ပနေတဲ့ အလင်းရောင်ကြောင့် တွန်းအားပေးခံလိုက်ရတာပဲ။
သစ်ပင် အပင်နှစ်ဆယ်ဟာ မိုက်ကယ်ဆီကို တဟုန်ထိုး ပြေးဝင်သွားကြပြီး အပင်တိုင်းရဲ့ ထိပ်ဖျားတွေက သူ့ဆီကိုသာ တည့်တည့် ဦးတည်နေကြတယ်။
သစ်ပင်တစ်ပင်က မိုက်ကယ်ကို ထိမှန်တော့မယ့် အချိန်မှာတင် သူ့ရဲ့ လက်ချောင်းတွေကြားထဲကနေ သေးငယ်တဲ့ အလင်းမှုန်ဝါးဝါးလေးတစ်ခုက အရှိန်အဟုန်နဲ့ ထွက်ခွာသွားပြီး ထိုသစ်ပင်ပေါ်မှာ သွားရောက် ကပ်ငြိသွားခဲ့တယ်။
ပြီးတော့ ရုတ်တရက်ဆိုသလိုပဲ အဲဒီသစ်ပင်ကြီးဟာ ရှေ့ဆက် မရွေ့လျားနိုင်တော့ဘဲ ထိုနေရာမှာတင် တောင့်ခဲ ရပ်တန့်သွားပါတော့တယ်။
အာဆိုနီရဲ့ မျက်နှာဟာ လုံးဝ ဥဿုံ ထိတ်လန့်တုန်လှုပ်ခြင်းနဲ့ ကြောက်ရွံ့ခြင်းတွေအဖြစ် ပြောင်းလဲသွားရတယ်။ အကြောင်းကတော့ သူ့ရဲ့ အနီရောင်မီးလျှံတွေပါ ရွေ့လျားမှု ရပ်တန့်သွားတာကို သတိပြုမိလိုက်လို့ဖြစ်ပြီး အဲဒါက အချိန်ကာလကြီးတစ်ခုလုံးကိုပဲ ရပ်တန့်ပစ်လိုက်သလိုမျိုး ဖြစ်နေလို့ပါပဲ။
* * * * * * * *