← Chapters

အခန်း (၄၁၁-၄၁၂)

Vol. 35 Ch. 411-412

အခန်း (၄၁၁-၄၁၂)

Vol. 35 Ch. 411-412

အခန်း(၄၁၁)

သစ်ပင်ကြီးကို ဖုံးလွှမ်းနေတဲ့ မီးလျှံရဲရဲတွေကို အာရုံစိုက်လိုက်တာနဲ့အမျှ အာဆိုနီရဲ့ မျက်နှာကြီးဟာ ရှုံ့မဲ့သွားတော့တယ်။ ဒါပေမဲ့ သူ ဘယ်လိုပဲ ကြိုးစားပါစေ၊ သူ့ရဲ့ စွမ်းရည်ကို လှုပ်ရှားဖို့နေနေသာသာ ထိန်းချုပ်လို့တောင် မရတော့ဘဲ ဖြစ်နေတယ်။ အရာအားလုံးဟာ သူ့ရဲ့ အမိန့်ပေးမှုအောက်ကနေ လုံးဝဥဿုံ ပြတ်တောက်သွားသလိုမျိုးပါပဲ။

"မဟုတ်ဘူး... မင်းက ငါ့ရဲ့ စွမ်းရည်ကို လာပြီး ဖိနှိပ်ထားလို့ မရဘူးလေ" လို့ အာဆိုနီက မကျေမချမ်းနဲ့ အော်ဟစ်လိုက်တယ်။

သူက ခန္ဓာကိုယ်ဖွဲ့စည်းမှု အဆင့် ၃ ကို ရောက်နေတာဖြစ်ပြီး နောက်ထပ်အဆင့်တစ်ခုဆီ ကူးပြောင်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တာပါ။ စွမ်းရည်အဆင့် ၄ ကို တက်လှမ်းနိုင်ဖို့အတွက် သူ့ခန္ဓာကိုယ်ထဲကို နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းအသစ်တစ်ခု ခွဲစိတ်ထည့်သွင်းဖို့ပဲ လိုပါတော့တယ်။

တစ်ဖက်မှာရှိနေတဲ့ ရွှေရောင်ဆံပင်နဲ့ကောင်လေးကတော့ သိသိသာသာကို အဆင့် ၂ မှာပဲ ရှိသေးတာ ဖြစ်တယ်။ သူ့ရဲ့စွမ်းရည်က အဆင့် ၃ အထိ ရောက်ရှိပြီးသား စွမ်းရည်တစ်ခုအပေါ် သက်ရောက်မှုရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါဟာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲလေ။

ဒါပေမဲ့လည်း မိုက်ကယ်ရဲ့ ခလုတ်က အဲဒီအရာအားလုံးကို တားဆီးပိတ်ပင်ထားဆန်းမြဲ တားဆီးထားနိုင်ခဲ့တယ်။

ဒေါသချောင်းချောင်းထွက်သွားတဲ့ အာဆိုနီက ကျန်တဲ့သစ်ပင်တွေကိုပါ မိုက်ကယ်ဆီ ထိုးဖောက်ဝင်ရောက်ဖို့ အမိန့်ပေးလိုက်ပြီး အဲဒီထူးဆန်းတဲ့ကောင်လေးကို သစ်ပင်တစ်ပင်ပင်က ချေမှုန်းနိုင်လိမ့်မယ်လို့ မျှော်လင့်နေမိတယ်။

မိုက်ကယ်က သူ့အိတ်ကပ်ထဲကနေ လက်တွေကို ထုတ်လိုက်တဲ့အခါမှာတော့ သူ့ရဲ့လက်ချောင်းတွေကြားထဲမှာ ညှပ်ထားတဲ့ ခလုတ်တွေကို တွေ့လိုက်ရပြီး စုစုပေါင်း ခလုတ်ရှစ်ခု တိတိရှိနေတာပါ။ ပြီးတော့ သူက လက်ကို ဝေ့ယမ်းလိုက်တဲ့အခါမှာ ခလုတ်တစ်ခုချင်းစီဟာ သစ်ပင်တစ်ပင်ချင်းစီပေါ်မှာ သွားကပ်သွားပြီး ပထမတစ်ပင်လိုပဲ အားလုံးကို လုံးဝ ရပ်တန့်သွားစေခဲ့တယ်။

အဲဒီနောက် အာဆိုနီက ရပ်တန့်နေတဲ့ သစ်ပင်တစ်ပင်ဆီကို နောက်ထပ်သစ်ပင်တစ်ပင်နဲ့ ပြေးဆောင့်ဖို့ ကြိုးစားလိုက်တဲ့အခါမှာတော့ အရှိန်နဲ့ပြေးထွက်သွားတဲ့ သစ်ပင်ဟာ အဲဒီအပင်နဲ့ ထိမိသွားပြီး အချိန်ရပ်တန့်ခြင်းရဲ့ သက်ရောက်မှုကိုပါ အတူတူ ခံစားသွားရတော့တယ်။

မိုက်ကယ်ရဲ့ ပတ်ပတ်လည်မှာတော့ သစ်ပင်တွေဟာ လုံးဝ ငြိမ်သက်လို့နေတယ်။ မိမိမျက်စိရှေ့မှာ မြင်တွေ့နေရတဲ့ အခြေအနေကြောင့် အာဆိုနီတစ်ယောက် လုံးဝ ပျာယာခတ်သွားရသလို မိုက်ကယ်ကတော့ နောက်ဆုံးမှာ အခွင့်အရေးတစ်ခုကို တွေ့သွားပြီး သူ့ရဲ့လက်ညှိုးထိပ်မှာ စုစည်းထားတဲ့ တန်ခိုးတွေကို လွှတ်ထုတ်လိုက်ပါတော့တယ်။

သဟဇာတသေနတ် က ကျည်ထွက်သွားပြီး အာဆိုနီရဲ့ ဘယ်ဘက်ပုခုံးကို တည့်တည့်ကြီး ထိမှန်သွားတာကြောင့် သူက နောက်ကို လွင့်ထွက်သွားရတယ်။

"အား..." အာဆိုနီက နာကျင်လွန်းလို့ အော်ဟစ်လိုက်မိတယ်။ သူ ပြန်လည်မတ်တတ်မရပ်နိုင်ခင်မှာတင် မိုက်ကယ်ရဲ့လက်က သူ့လက်ချောင်းတွေကြားထဲမှာ စွမ်းအင်တွေ ထပ်မံစုစည်းရင်း ပြန်လည်တောက်ပလာတာကို မြင်လိုက်ရပြန်တယ်။

အာဆိုနီအနေနဲ့ လေထဲကို ပျံတက်ပြေးရုံကလွဲလို့ အခြားရွေးချယ်စရာ မရှိတော့ပါဘူး။ သူ ဘယ်လိုမှ မကာကွယ်နိုင်တဲ့၊ မျက်စိတစ်မှိတ်အတွင်း ရောက်လာမယ့် အဲဒီလေဆာတန်းကို တစ်နည်းနည်းနဲ့ ရှောင်ကွင်းနိုင်ဖို့ပဲ မျှော်လင့်နေမိတော့တယ်။

တစ်ချိန်တည်းမှာပဲ အောက်ခြေမှာရှိနေတဲ့ ဖလဲယားကော့ပ် စစ်သည်တော်တွေဟာ ရွှေရောင်ဆံပင်နဲ့ကောင်လေးရဲ့ ရှေ့မှောက်မှာ သူတို့ရဲ့ စစ်သေနာပတိကြီး စစ်မြေပြင်ကနေ ထွက်ပြေးနေရတာကို ကြည့်ပြီး တုန်လှုပ်ချောက်ချားနေကြတယ်။

"မဟုတ်မှလွဲရော..." လို့ သူတို့က တိုးတိုးလေး ရေရွတ်လိုက်ကြပြီး တုန်ရီနေတဲ့ သူတို့ရဲ့အသံတွေက စိတ်ဓာတ်တွေ လုံးဝကျဆင်းသွားပြီဖြစ်ကြောင်း ပြသနေပါတယ်။

အာဆိုနီရဲ့ ဒီဗာ ကြောင့် ဒီလူတွေကို နောက်ဆုံးမှာ အနိုင်ရတော့မယ်လို့ သူတို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ ဒီကောင်လေးကပါ သတ္တုရဲ့တန်ခိုးကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

ရှုံးနိမ့်ခြင်းနဲ့ ရင်ဆိုင်ရတော့မယ့် အခြေအနေမှာတော့ စစ်သည်တော်တွေဟာ သူတို့ရဲ့ စစ်သေနာပတိကြီး လွတ်မြောက်ဖို့ ဒါမှမဟုတ် ပြန်လည်တိုက်စစ်ဆင်နိုင်ဖို့အတွက် သူတို့ရဲ့ အသက်တွေကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

"စစ်သည်တော်တို့... တိုက်စစ်ဖွင့်ကြ"

ဖလဲယားကော့ပ်ရဲ့ စည်းလုံးညီညွတ်တဲ့ အလံတော်အောက်မှာ စစ်သည်တော်တွေဟာ မိုက်ကယ်ဆီကို သူတို့ရဲ့ အာရုံတွေကို အလျင်အမြန် ပြောင်းလဲလိုက်ကြတယ်။

သူတို့က တန်ခိုးတွေကို စုစည်းလိုက်ပြီး သူတို့ရဲ့ခြေဖဝါးအောက်မှာ မှော်ဝိုင်းတွေ ပေါ်လာကာ အဲဒီကောင်လေးကို လမ်းကြောင်းလွဲသွားအောင် လုပ်နိုင်မယ့် ဧရာမမန္တန်ကြီးတစ်ခုကို ဆင့်ခေါ်ဖို့ ကြိုးစားကြတယ်။

ဒါပေမဲ့ သူတို့က မိုက်ကယ်ရှိရာ အရပ်ဆီကို ဧရာမမီးလုံးကြီးတစ်လုံး လွှတ်တင်တော့မယ့် အချိန်မှာတင်ပဲ ပြာလဲ့လဲ့ မိုးကြိုးစီးကြောင်းတစ်ခုက သူတို့ရဲ့ စစ်ကြောင်းထဲကို ဖြတ်သန်းစီးဆင်းသွားပြီး သူတို့ထဲက အများစုကို လျှပ်စီးပတ်သွားစေကာ အာရုံစူးစိုက်မှုတွေကိုပါ ပျက်ပြားသွားစေခဲ့တယ်။

ဂျာကူကတော့ သူ့မျက်လုံးတွေထဲမှာ လျှပ်စီးတွေ လက်ကနက်ဖြစ်နေဆဲနဲ့ပဲ စစ်တပ်ရဲ့ အခြားတစ်ဖက်မှာ ပြန်လည်ပေါ်လာပြီး "ငါ့မျက်စိရှေ့မှာတော့ ဒါမျိုးအဖြစ်မခံနိုင်ဘူး" လို့ ပြောလိုက်တယ်။

"တောက်... အဲဒီအာဆိုနီဆိုတဲ့ကောင်ကို ငါ သွားမချနိုင်ရင်တောင် မင်းတို့အားလုံးအပေါ်ပဲ ငါ့ဒေါသတွေကို ပုံချလိုက်မယ်" လို့ ဇိုင်ယွန်က အော်ဟစ်ရင်း စစ်တပ်ဆီကို ပြေးဝင်သွားတော့တယ်။

ဂျာကူရဲ့ လျှပ်စီးဒဏ်ကို မခံလိုက်ရတဲ့ စစ်သည်တော်တွေကတော့ ဇိုင်ယွန်ဆီကို ပြေးဝင်သွားပြီး သူတို့ရဲ့လှံတွေနဲ့ ထိုးစိုက်လိုက်ကြတယ်။

ဒါပေမဲ့လည်း ဇိုင်ယွန်က သူ့ရဲ့မေးစေ့ကို ကာကွယ်ဖို့ လက်တွေကို မြှောက်လိုက်ပြီး လဲလျောင်းနေတဲ့ နံပါတ် ၈ ပုံစံအတိုင်း ဘယ်ပြန်ညာပြန် ရှောင်တိမ်းပတ်ပြေးတော့တာပဲ။

ဒါကတော့ အခြားမဟုတ်ပါဘူး... ဒန်ဆေးရိုးလ် စွမ်းရည်ပဲ ဖြစ်ပါတယ်။

စစ်သည်တော်က မီးလျှံတွေတောက်လောင်နေတဲ့ သူ့ရဲ့လှံနဲ့ ဇိုင်ယွန်ဆီကို ထိုးစိုက်လိုက်ပေမဲ့ သူ့ရဲ့တိုက်ကွက်က ဒရာဂွန်ဘွန်းရဲ့ ကိုယ်ထည်ကို အလွတ်ကြီး ဖြတ်သန်းသွားခဲ့တယ်။ ပြီးတော့ သူ လှံကို ပြန်မရုပ်သိမ်းနိုင်ခင်မှာတင် ဇိုင်ယွန်က ပင့်ထိုးလက်သီးတစ်ချက် ကျွေးလိုက်တာကြောင့် သူ့မေးစေ့မှာ ပြင်းထန်တဲ့ စွမ်းအားတစ်ခု လာရောက်ထိမှန်သွားတာကို ရုတ်တရက် ခံစားလိုက်ရတော့တယ်။

ဇိုင်ယွန်က သူ့ကို လာရောက်တိုက်ခိုက်သမျှ လူတိုင်းကို ထိုးနှက်ချက်တွေ၊ ပင့်ထိုးလက်သီးတွေနဲ့ တရစပ်ချေပလိုက်တာကြောင့် သူတို့ရဲ့ စစ်ကြောင်းဟာ ပိုပြီးတော့တောင် ပျက်စီးယိုယွင်းသွားခဲ့ရတယ်။

"ဟိုဟိုဟိုး... ငါကတော့ ဘာမှတောင် လုပ်စရာမလိုတော့ဘူးပဲ" လို့ ဂရီးဗ်က မြေပြင်ပေါ်မှာ သက်သောင့်သက်သာ လှဲလျောင်းရင်းနဲ့ အရာအားလုံး ဖြစ်ပျက်နေတာကို ထိုင်ကြည့်ရင်း ပြောလိုက်တယ်။

အာဆိုနီက သူ ထွက်ပြေးနေစဉ်အတွင်းမှာတင်ပဲ သူ့ရဲ့တစ်တပ်လုံး လုံးဝဥဿုံ သန့်စင်ချေမှုန်းခံလိုက်ရတာကို လှမ်းမြင်လိုက်ရတယ်။ "တောက်... ကုန်ပါပြီကွာ၊ ငါတို့တွေ အပြတ်ခံလိုက်ရပြီ" လို့ သူက ဒေါသတကြီး အော်ဟစ်လိုက်တယ်။

သူ့ကို ကူညီဖို့ ဘယ်သူမှ မကျန်တော့ဘူးလေ။

ဒါဟာ သူ့ရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်မှန်း သူ သိလိုက်တာကြောင့် မိုက်ကယ်ဘက်ကို အလျင်အမြန် ပြန်လှည့်ပြီး ရင်ဆိုင်လိုက်တယ်။ သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ သစ်ပင် ဆယ်ပင်လောက် ကျန်သေးပြီး ကျန်တဲ့အပင်တွေကတော့ လေထဲမှာ ရပ်တန့်လို့နေဆဲပါ။

"အဲဒီ သတ္တုတုံးတွေပေါ့လေ" လို့ သူက သစ်ပင်တွေမှာ ကပ်နေတဲ့ ခလုတ်တွေကို ကြည့်ပြီး ပြောလိုက်တယ်။ "အဲဒါက မင်းရဲ့ စွမ်းရည် မြစ်ဖျားခံရာပဲ"

ဒါကို ရိပ်မိသွားတဲ့ အာဆိုနီက သူ့ရဲ့လှံရှည်ကို ဘေးတိုက်လှည့်ပြီး သစ်ပင်တွေရှိရာဘက်ကို လွှဲယမ်းလိုက်တာကြောင့် ပြင်းထန်တဲ့ လေပြင်းတွေက မီးတောက်နေတဲ့ သစ်ပင်တွေကို သွားရောက်ရိုက်ခတ်တော့တယ်။

ရုတ်တရက်ဆိုသလိုပဲ သစ်ပင်တွေကို ရစ်ပတ်ထားတဲ့ မီးလျှံရဲရဲတွေဟာ ပိုပြီးတော့တောင် ပူပြင်းလာခဲ့တယ်။

"ပေါက်ကွဲစမ်း" လို့ အာဆိုနီက အမိန့်ပေးလိုက်တယ်။

မကြာခင်မှာတင် သစ်ပင်တွေဟာ သန်းပေါင်းများစွာသော သစ်စအသေးလေးတွေအဖြစ် ပေါက်ကွဲထွက်သွားပြီး အဲဒီအစအနတစ်ခုချင်းစီဟာ အပ်တစ်ချောင်းလို စူးရှထက်မြက်တဲ့ သွားကြားထိုးတံလေးတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။

"မင်းရဲ့ ထူးဆန်းတဲ့ အချိန်ရပ်တန့်ခြင်းက အဲဒီသံတုံးတွေနဲ့ ထိန်းချုပ်ထားတာဆိုရင် မင်းရဲ့ အားနည်းချက်က ကွင်းပြင်တစ်ခုလုံးကို ဖြန့်ကျက်တိုက်ခိုက်နိုင်တဲ့ မန္တန်ပဲ ဖြစ်ရမယ်" လို့ အာဆိုနီက ပွဲကို အနိုင်ရဖို့ နည်းလမ်းတစ်ခု တွေ့သွားပြီလို့ ထင်မှတ်ပြီး ရယ်မောလိုက်တယ်။

မိုက်ကယ်ကတော့ သန်းပေါင်းများစွာသော သစ်စအစအနတွေနဲ့ ရင်ဆိုင်နေရပေမဲ့ အာဆိုနီကို ကြည့်ပြီး သူ့ရဲ့ သဟဇာတသေနတ် ကို နောက်တစ်ကြိမ် ထပ်မံပစ်ခတ်လိုက်ပြန်တယ်။

ဒြပ်စင်ရှစ်ခုလုံးနဲ့ ဖွဲ့စည်းထားတဲ့ လေဆာတန်းက အာဆိုနီရဲ့ ဝမ်းဗိုက်တည့်တည့်ကို အရှိန်နဲ့ လာမှန်တာကြောင့် အဲဒီလူဟာ သူ့ခြေဖဝါးအောက်က စင်မြင့်ပေါ်မှာ ဒူးထောက်ကျသွားရတော့တယ်။

သူ့ရဲ့ ပါးစပ်ထဲကနေ သွေးတွေ စီးကျလာတယ်။ သဟဇာတသေနတ် ကြောင့် ရရှိတဲ့ ဒဏ်ရာတွေက သူ့ကို တကယ်ပဲ ကောင်းကောင်းကြီး ဒုက္ခပေးလာတာ ထင်ရှားပါတယ်။

ဒါပေမဲ့ ဒဏ်ရာတွေ ရနေလင့်ကစား အာဆိုနီက မိုက်ကယ်ကို မော့ကြည့်လိုက်ပြီး နာကျင်မှုတွေကြားကနေ ပြုံးနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာတွေ့သွားခဲ့တယ်။

"ငါ့ရဲ့ စွမ်းရည်ကိုတော့ ဖျက်ဆီးလို့ မရဘူးကွ" လို့ သူက လှမ်းအော်လိုက်တယ်။ "သူ့ကို ထိုးစိုက်ပစ်စမ်း"

သူ့ရဲ့ မျက်နှာကြီး ရှုံ့မဲ့သွားပြီး အဲဒီသန်းပေါင်းများစွာသော သစ်စတွေကို အပေါ်၊ အောက်၊ ဘယ်၊ ညာ ဘက်ပေါင်းစုံကနေ မိုက်ကယ်ကို ထိုးစိုက်ဖို့ အမိန့်ပေးလိုက်တယ်။ နေရာလပ်မကျန်အောင်ကို အားလုံး ဖုံးလွှမ်းသွားခဲ့တာပါ။

ဒါပေမဲ့ ထိန်းချုပ်ရမယ့် သစ်စတွေက များလွန်းတာကြောင့် အချို့အစအနတွေဟာ စွမ်းဆောင်ရည် ချို့ယွင်းသွားပြီး လုံးဝ ဆန့်ကျင်ဘက် အရပ်မျက်နှာတွေဆီကို လွင့်စင်ထွက်သွားကြတယ်။

ဒါတောင်မှ မိုက်ကယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားဖို့အတွက် သစ်စတွေက လုံလောက်နေဆဲ ဖြစ်ပါတယ်။

အာဆိုနီရဲ့ မျက်နှာပေါ်မှာတော့ သူ အနိုင်ရသွားပြီလို့ ထင်မှတ်ပြီး သွေးအေးအေးနဲ့ ပြုံးလိုက်မိတယ်။

ဒါပေမဲ့ အဲဒီအချိန်မှာတင်ပဲ သူ့ရဲ့နောက်ကျောဘက်ကနေ ဝူးဝူးဝါးဝါး အသံတစ်ချက်ကို ကြားလိုက်ရတယ်။

*ဝိန်း*

အာဆိုနီ နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ လေထဲမှာ ဝဲပျံနေတဲ့ ထူးဆန်းတဲ့ သတ္တုပစ္စည်းတစ်ခုကို တွေ့လိုက်ရတယ်။ အဲဒီအရာမှာ မျက်လုံးတွေ မရှိပေမဲ့ သူ့ကို တည့်တည့်ကြီး စိုက်ကြည့်နေသလိုမျိုး ခံစားရစေတယ်။

ပြီးတော့ သူ ဘာမှမတုံ့ပြန်နိုင်ခင်မှာတင် ခလုတ်တုံးတစ်ခုက ဘေးဘက်ကနေ လွင့်ထွက်လာပြီး အာဆိုနီရဲ့ ရင်ဘတ်တည့်တည့်ကို လာမှန်တော့တယ်။

ခလုတ်တုံးက အာဆိုနီရဲ့ကိုယ်ပေါ်မှာ ကပ်သွားတာနဲ့တစ်ပြိုင်နက် ထူးဆန်းတဲ့ စွမ်းအားတစ်ခုက သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးသွားသလို ခံစားလိုက်ရပြီး အချိန်တွေ လုံးဝ ရပ်တန့်သွားစေခဲ့တယ်။

ပြီးတော့ အဲဒီအချိန်မှာတင်ပဲ အာဆိုနီနဲ့ သန်းပေါင်းများစွာသော သစ်စတွေကြားက ဆက်သွယ်မှုဟာ ချက်ချင်း ပြတ်တောက်သွားတော့တယ်။

သစ်စတွေကို ရစ်ပတ်ထားတဲ့ မီးလျှံရဲရဲတွေဟာ တစ်ခဏအတွင်းမှာတင် ငြိမ်းသေသွားခဲ့ရပြီး ၎င်းတို့ရဲ့ ပျံသန်းမှုကို ထောက်ပံ့ပေးမယ့် စွမ်းရည် မရှိတော့တာကြောင့် အားလုံး မြေပြင်ပေါ်ကို ပြုတ်ကျကုန်တော့တယ်။

တစ်စက္ကန့်လောက် ကြာပြီးတဲ့နောက်မှာတော့ အာဆိုနီရဲ့ ခန္ဓာကိုယ်ဟာ တုန်ရီလာတယ်။ မကြာခင်မှာတင် သူ့ခန္ဓာကိုယ်အထက်မှာရှိတဲ့ မီးလျှံခြင်္သေ့ကြီးဟာ လေထဲမှာ ရုန်းကန်လှုပ်ရှားလာပြီး ခလုတ်ရဲ့ အချိန်ရပ်တန့်ခြင်း သက်ရောက်မှုကနေ လုံးဝ ရုန်းထွက်သွားခဲ့တယ်။

သံတုံးလေးကတော့ အာဆိုနီရဲ့ ရင်ဘတ်ပေါ်ကနေ ပြုတ်ကျသွားပြီး အသုံးမဝင်တော့ဘဲ ဖြစ်သွားရတယ်။

အာဆိုနီက ဘာဖြစ်သွားမှန်း မသိဘဲ ပတ်ပတ်လည်ကို အလျင်အမြန် ဝေ့ကြည့်လိုက်မိတယ်။ သူ့ရဲ့အမြင်မှာတော့ အရာအားလုံးဟာ စက္ကန့်ပိုင်းအတွင်းမှာတင် ရှေ့ကို ရောက်သွားသလိုမျိုးပါပဲ။ အချိန်တွေကို ကျော်ဖြတ်လိုက်ရသလိုမျိုး ခံစားလိုက်ရတာ ဖြစ်တယ်။

မိုက်ကယ်ရဲ့ ခလုတ်က အာဆိုနီကို တစ်စက္ကန့်တောင် မပြည့်တဲ့ အချိန်အတိုင်းအတာလေးအတွင်းမှာပဲ ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပေမဲ့ သူ့ရဲ့ စွမ်းရည်အားလုံးကို ပျက်ပြားသွားစေဖို့အတွက်တော့ ဒါက လုံလောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

* * * * * * * *

စာစဉ်(၃၅)

အခန်း(၄၁၂)

အာဆိုနီဟာ ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ရင်း သူ့ရဲ့ အပိုင်းအစတွေအပေါ် ထိန်းချုပ်နိုင်စွမ်းက လုံးဝမရှိတော့တာကို သတိပြုမိသွားတယ်။ အကယ်၍ အဲဒါတွေကို ပြန်ပြီးထိန်းချုပ်ချင်တယ်ဆိုရင် မြေပြင်ပေါ်မှာရှိနေတဲ့ အဲဒီအရာတွေနဲ့ ထိတွေ့မှု ပြန်လုပ်ဖို့ လိုအပ်တယ်လေ။

သူက သေနတ်ဒဏ်ရာ ဗလပွနဲ့ နစ်မြုပ်နေတဲ့ မိမိကိုယ်ကိုယ်နဲ့ နှိုင်းယှဉ်ရင် ဘာဒဏ်ရာမှမရဘဲ အကောင်းပကတိအတိုင်း ရှိနေဆဲဖြစ်တဲ့ မိုက်ကယ်ကို ကြည့်လိုက်တယ်။

"လူတွေနဲ့ သံလိုက်စွမ်းအားကိုပါ သက်ရောက်မှုရှိစေနိုင်တဲ့ စွမ်းရည်တစ်ခုလား..."

ရှုံးနိမ့်ခြင်းရဲ့ ခံစားချက် အငွေ့အသက်ကြီးက သူ့နှလုံးသားကို လွှမ်းမိုးသွားတယ်။ ရူးချင်စရာကောင်းလှပေမဲ့ သူဟာ မိမိထက် အဆင့်တစ်ဆင့်နိမ့်တဲ့သူတစ်ယောက်ကို ရှုံးတော့မှာပဲ ဖြစ်နေတယ်။

အာဆိုနီမှာ ထွက်ပြေးဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူး။ သူ့ရဲ့ တပ်မတော်တစ်ခုလုံးလည်း အဲဒီလူတွေရဲ့ လက်ချက်နဲ့ လုံးဝဥဿုံ သုတ်သင်ရှင်းလင်းခံလိုက်ရပြီဖြစ်လို့ အကယ်၍ သူက ဒီကောင်လေးကို တစ်နည်းနည်းနဲ့ အနိုင်ယူနိုင်ခဲ့ရင်တောင်မှ အဲဒီလူတွေကိုပါ ထပ်ပြီးရင်ဆိုင်ရဦးမယ်ဆိုတာ သူသိနေတယ်လေ။

သူက ခြေထောက်အောက်က စင်မြင့်ကို ရော့ကတ်တစ်ခုလို အရှိန်မြှင့်ပြီး အဝေးဆီကို အမြန်ဆုံး ပျံသန်းထွက်ခွာဖို့ စိတ်နဲ့ အမိန့်ပေးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ လှံရှည်ကြီးကို လွှဲယမ်းလိုက်ပြီး ဘေးနားကနေ ဖြတ်သန်းတိုက်ခတ်သွားတဲ့ လေထုကို ရဲရဲတောက် မီးတောက်တွေနဲ့ လွှမ်းခြုံပစ်လိုက်တယ်။

အဲဒီနောက်မှာတော့ ရွှေရောင်ဆံပင်နဲ့ ကောင်လေးနဲ့ သူ့အပေါင်းအဖော်တွေဆီကနေ အဝေးကို ပြေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ လေထုကို ထိန်းချုပ်ပြီး သူ့ကိုယ်သူ ပိုမိုမြန်ဆန်အောင် တွန်းပို့လိုက်တော့တယ်။

ခဏလေးအတွင်းမှာတင် သူက အကွာအဝေးတစ်ခုအထိ ဖြတ်ကျော်နိုင်ခဲ့ပြီး စစ်တလင်းကတော့ နောက်ခံမြင်ကွင်းထဲမှာ တဖြည်းဖြည်း မှေးမှိန်ကျန်ရစ်ခဲ့ပြီပေါ့။

စိတ်သက်သာရာရမှုတစ်ခုက အာဆိုနီရဲ့ ရင်ထဲကို ဖြတ်သန်းစီးဆင်းသွားတယ်။

အာဆိုနီက ဘေးဘက်ကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ အဲဒီသတ္တုတုံးကြီးက သူ့အရှိန်ကို ရင်ဘောင်တန်းပြီး လိုက်ပါလာတာကို မြင်လိုက်ရတယ်လေ။

"ဒါ ဘာကြီးလဲဟ" သူက အော်ဟစ်လိုက်တယ်။ သူဟာ လှံရှည်ကြီးကို လွှဲယမ်းပြီး လေထုကို စိုးမိုးကာ စိတ်အနှောင့်အယှက်ပေးနေတဲ့ သတ္တုပိုးကောင်လေးရန်ကနေ ကာကွယ်ဖို့ လေထုအကာအကွယ်တံတိုင်းတစ်ခု ဖန်တီးလိုက်တယ်။

ကွက်တိပဲ၊ အဲဒီသတ္တုတုံးကြီးက အာဆိုနီဆီကို ခလုတ်နှစ်ခု ဆက်တိုက် ပစ်လွှတ်လိုက်တယ်။ အဲဒီထဲက တစ်ခုက လေထုအကာအကွယ်တံတိုင်းကို တားဆီးလိုက်ပြီး နောက်တစ်ခုကတော့ အာဆိုနီရဲ့ ရင်ဘတ်မှာ လာပြီးကပ်သွားတော့တယ်။

အဲဒီလူဟာ အချိန်တွေထဲမှာ နောက်တစ်ကြိမ် ထပ်ပြီး တောင့်တင်းခဲယဉ်းသွားရပြန်တယ်။

တစ်စက္ကန့်အကြာမှာတော့ အာဆိုနီက အဲဒီခလုတ်ရဲ့ အစွမ်းကို အားပြင်းပြင်းနဲ့ ကျော်လွှားပြီး သူ့ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်။ သို့ပေမဲ့ [သဟဇာတသေနတ်] ရဲ့ အလင်းတန်းတစ်ခုက သူ့ရဲ့ ညာဘက်ပခုံးကို ထိမှန်သွားခဲ့ပြီးပြီ ဖြစ်နေတယ်။

"တောက်" အာဆိုနီက မကျေမနပ် ညည်းတွားလိုက်တယ်။ သူက တစ်စက္ကန့်လောက် တောင့်ခဲသွားခဲ့တာကြောင့် မိုက်ကယ်က သူ့ကို အမီလိုက်နိုင်ခဲ့ပြီလေ။

ဒါတင်မကသေးဘဲ မိုက်ကယ်နဲ့အတူ ထူးဆန်းတဲ့ သတ္တုမိစ္ဆာကောင်ကြီးတစ်ကောင်လည်း ပါလာပုံရတယ်။

အဲဒီဒရုန်းဟာ သူ့ခန္ဓာကိုယ်ပေါ်ကို နောက်ထပ် ခလုတ်တစ်ခု ထပ်ပြီးပစ်လွှတ်ဖို့ ရည်ရွယ်ချက်နဲ့ အာဆိုနီရဲ့ အနားကို ကပ်ပျံလာခဲ့တယ်။

ဒီအမှားကနေ သင်ခန်းစာရသွားတဲ့ အာဆိုနီက ထွက်ပြေးဖို့ မကြိုးစားတော့ဘူး။ သူက ရှေ့ကို အရှိန်နဲ့လှမ်းလိုက်ပြီး သူ့ရဲ့ လှံရှည်ကြီးကို နောက်ကျောဘက်ကနေ တစ်ရာ့ရှစ်ဆယ်ဒီဂရီ အဝိုင်းပုံသဏ္ဌာန် လွှဲခုတ်လိုက်တယ်။

အဲဒီ မီသရယ်မှော်ဝင်ပစ္စည်းရဲ့ ဓားသွားက ဒရုန်းနဲ့ ထိခတ်မိပြီး ထိမှန်တဲ့နေရာကနေ မီးပွင့်မီးပွားတွေ ဖြန်းခနဲ လွင့်စင်ထွက်သွားတယ်။

အာဆိုနီရဲ့ ကြွက်သားတွေ ဖောင်းကားလာပြီး မျက်နှာကြီးတစ်ခုလုံး ရှုံ့မဲ့သွားတယ်။ သူက အဲဒီဒရုန်းကို အားနဲ့ဖိနှိပ်ဖို့ ကြိုးစားနေတာဖြစ်ပြီး ရဲရဲတောက် မီးတောက်တွေကို ပျံ့နှံ့စေကာ အဲဒီသတ္တုပိုးကောင်ကို သူ့အပိုင်ဖြစ်အောင် သိမ်းပိုက်ဖို့ ကြိုးစားနေတာပါ။

ဒါပေမဲ့ မီးတောက်တွေက ဒရုန်းကို ဝါးမြိုဖို့ ကြိုးစားလိုက်တာနဲ့ ချက်ချင်းပဲ သဟဇာတဖြစ်ခြင်းရဲ့ စွမ်းအားက ဒရုန်းထဲကနေ အရှိန်အဟုန်နဲ့ ပေါက်ကွဲထွက်လာပြီး ရဲရဲတောက် မီးတောက်တွေကို ဖယ်ရှားပစ်ကာ စင်ကြယ်တဲ့ စွမ်းအင်တွေအဖြစ် ချေဖျက်ပစ်လိုက်တယ်။

ဒီမျှနဲ့တင် ပြီးမသွားဘူး။ အာဆိုနီက သူ့ရဲ့ လှံရှည်ကြီးနဲ့ ဒရုန်းကို ဆက်တိုက် ဖိတိုက်နေစဉ်မှာပဲ ပြင်းထန်တဲ့ ထိခတ်မှုကနေ ထွက်ပေါ်လာတဲ့ စွမ်းအားတွေကြောင့် သူ့ရဲ့ လက်နက်အောက်ခြေမှာ အက်ကြောင်းတွေ စတင်ထင်ဟပ်လာခဲ့တယ်။

"မဖြစ်နိုင်တာ..." အာဆိုနီက ငြင်းပယ်ဖို့ ကြိုးစားလိုက်ပေမဲ့လည်း သူ့ရဲ့ မီသရယ်မှော်ဝင်ပစ္စည်းကနေ ထွက်ပေါ်လာတဲ့ အက်ကွဲသံတွေကတော့ သူ့နားထဲမှာ နေ့ခင်းကြောင်တောင်လို ထင်းထင်းကြီး မြည်ဟည်းနေခဲ့ပြီ။

သူ့လက်ထဲက ရဲရဲတောက် လှံရှည်ကြီးဟာ ခဏလောက် တုန်ရီသွားပြီးတဲ့နောက်မှာတော့ နောက်ဆုံးမှာ အစိတ်စိတ်အမြွှာမြွှာ အပိုင်းအစပေါင်း သန်းချီပြီး ပေါက်ကွဲထွက်သွားပါတော့တယ်။

လျော့ပါးသွားတဲ့ သူ့ရဲ့ စွမ်းအားတွေက သေးငယ်တဲ့ အလင်းတန်းလေးတွေအဖြစ် တဖျတ်ဖျတ် ပွင့်ထွက်သွားပြီး နောက်ဆုံးမှာတော့ ဘာမှမရှိတော့ဘဲ လေဟာနယ်ထဲ ပျော်ဝင်ကွယ်ပျောက်သွားခဲ့တယ်။

အာဆိုနီဟာ သူ့လက်နက်ရဲ့ အလေးချိန်က လေထုလိုပဲ ပေါ့ပါးသွားတာကို ခံစားလိုက်ရတယ်။ သူ့ရဲ့ ကိုယ်ပိုင် မီသရယ်မှော်ဝင်ပစ္စည်း အပိုင်းပိုင်းအစစ ကြေမွသွားတာကို မြင်လိုက်ရတဲ့အချိန်မှာ သူ့ပတ်ပတ်လည်က ကမ္ဘာကြီးတစ်ခုလုံးဟာ နှေးကွေးသွားတဲ့ ပုံရိပ်တွေလို ဖြစ်သွားခဲ့ပုံရတယ်။

သူ့ရဲ့ ဒီဗာစွမ်းအားတွေကို စူးစိုက်ပေးမယ့် လက်နက် မရှိတော့တာကြောင့် အာဆိုနီရဲ့ မီးတောက်ခြင်္သေ့ကြီးဟာလည်း မကြာခင်မှာပဲ တဖျတ်ဖျတ်နဲ့ ပုံရိပ်ပျောက်ကွယ်လုနီးပါး ဖြစ်သွားပြီး နောက်ဆုံးမှာတော့ စွမ်းအင်တွေ လုံးဝငြိမ်းသတ်သွားခဲ့ပြီပေါ့။

သူ့ခြေထောက်အောက်က စင်မြင့်ကလည်း နောက်ဆုံးမှာ ပြိုပျက်သွားခဲ့ပြီး အာဆိုနီကို မြေပြင်ပေါ်ဆီ အရှိန်အဟုန်နဲ့ ထိုးကျသွားစေခဲ့တယ်။

သူဟာ မြေပြင်ပေါ်ကို ပြုတ်ကျပြီး လိမ့်ဆင်းသွားတာကြောင့် အရိုးအတော်များများ ကျိုးပဲ့သွားခဲ့ရတယ်။ သို့ပေမဲ့လည်း ဒီအချိန်မှာ ခံစားရတဲ့ နာကျင်မှုက သူ့ရဲ့ မီသရယ်မှော်ဝင်ပစ္စည်းကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုကိုတော့ မကျော်လွန်နိုင်ခဲ့ပါဘူး။

တစ်ကိုယ်လုံး စုတ်ပြတ်သတ်၊ ကျိုးပဲ့ပြီး ညိုမည်းစွဲနေတဲ့ အာဆိုနီဟာ လေထဲကနေ ဖြည်းဖြည်းချင်း သက်ဆင်းလာတဲ့ မိုက်ကယ်ကို မော့ကြည့်လိုက်တယ်။

ဒရုန်းက မိုက်ကယ်ရဲ့ လက်ဖဝါးဆီကို ပျံသန်းလာပြီးတဲ့နောက် သူ့ရဲ့ ဒလက်တွေ လည်ပတ်မှု ရပ်တန့်သွားကာ သူ့လက်ထဲကို အသာအယာ ကျရောက်သွားခဲ့တယ်။

"ငါ... ငါ သိသင့်တာ... ဒါ မင်းရဲ့ မီသရယ်မှော်ဝင်ပစ္စည်းပဲ မဟုတ်လား" အာဆိုနီက သွေးတွေ အန်ထုတ်ရင်း ပြောလိုက်တယ်။

မိုက်ကယ်က ဒီအချိန်အထိ သူ့လက်ထဲမှာ ဘာလက်နက်မှ အထင်အရှားမရှိဘဲ တိုက်ခိုက်နေခဲ့တာကို သူက ထူးဆန်းတယ်လို့ သတိပြုမိခဲ့သင့်တာပါ။

"မင်းက... မင်းက ပုံမှန်မဟုတ်တဲ့ သွေဖည်သူပဲ"

အဲဒီစကားလုံးတွေက မိုက်ကယ်နဲ့ အကိုက်ညီဆုံးပဲလေ။ မိမိထက် အဆင့်တစ်ဆင့် မြင့်တဲ့သူတွေကို အနိုင်ယူနိုင်တဲ့ သူ့ရဲ့ ထူးဆန်းတဲ့ စွမ်းအားတွေ၊ ပြီးတော့ ဘာမှော်အတတ် ဒါမှမဟုတ် အကူအညီမှမပါဘဲ တစ်နည်းနည်းနဲ့ ပျံသန်းနိုင်နေတဲ့ မီသရယ်မှော်ဝင်ပစ္စည်းကအစပေါ့။

"ငါ့ကိုပြောစမ်း... မင်းရဲ့ လျှို့ဝှက်ချက်ကို ငါ့ကိုပြောစမ်း" အာဆိုနီက ကျန်ရှိနေတဲ့ စွမ်းအင်အနည်းငယ်ကို သုံးပြီး သူ့ကိုယ်သူ ထောက်ကန်ကာ ထိုင်လိုက်တယ်။

"မင်းက ငါ့ကို ဘယ်လိုမျိုး အနိုင်ယူနိုင်ခဲ့တာလဲ။ မင်းမှာ ပျံသန်းနိုင်တဲ့ မီသရယ်မှော်ဝင်ပစ္စည်း ဘယ်လိုကြောင့် ရှိနေရတာလဲ။ ဒီကမ္ဘာပေါ်မှာ ဒီလိုလက်နက်မျိုး မရှိပါဘူး"

ဒါပေမဲ့ မိုက်ကယ်ကတော့ တိတ်ဆိတ်နေဆဲပါပဲ။

"ကဲ... လုပ်လေ။ ဒါဆိုလည်း ငါ့ကို သတ်လိုက်တော့" သူက မိုက်ကယ်ကို ပြောလိုက်တယ်။

မိုက်ကယ်က အာဆိုနီကို ငုံ့ကြည့်လိုက်တယ်။

"မင်းတို့ရဲ့ ဖလဲယားကော့ပ်ကုမ္ပဏီက မြို့တွေကို သွေးအေးအေးနဲ့ ဘယ်လိုမျိုး သိမ်းပိုက်ပြီး သူတို့ဆီ ဒူးထောက်အညံခံအောင် အတင်းအကျပ် နှိပ်စက်ခဲ့တယ်ဆိုတာကို မြင်ပြီးတဲ့နောက်မှာတော့ မင်းက ချက်ချင်း သေဒဏ်ပေးရမယ့် ပြစ်ဒဏ်မျိုးနဲ့တင် မထိုက်တန်ပါဘူး"

အာဆိုနီက နှာခေါင်းရှုံ့လိုက်တယ်။ "ဒါက ငါတို့ ပြိုင်ဆိုင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲလေ"

"တခြား နည်းလမ်းတွေ ရှိပါသေးတယ်" မိုက်ကယ်က ကြေညာလိုက်တယ်။ "ပြီးတော့ အဲဒါကို မင်းကို ငါ ပြသမယ်။ ငါက ကမ္ဘာကြီးကို သိမ်းပိုက်မယ်၊ ဒါပေမဲ့ ငါ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ဘယ်သူ့ကိုမှ ဒူးထောက်အညံခံဖို့ အတင်းအကျပ် လုပ်မှာမဟုတ်ဘူး"

အာဆိုနီရဲ့ ပါးစပ်ကနေ ရယ်သံတစ်ခု ထွက်လုနီးပါး ဖြစ်သွားတယ်။ သို့သော်လည်း မိုက်ကယ်က လုံးဝ အတည်ပေါက် ပြောနေတာကို သူ မြင်လိုက်ရတယ်လေ။

"မင်း ဒါကို လုံးဝ လုပ်နိုင်မှာမဟုတ်ဘူး"

မိုက်ကယ်က ပခုံးတွန့်ပြလိုက်တယ်။ "စောင့်ကြည့်ကြတာပေါ့။ ငါ မင်း အမှားကို တစ်ကြိမ် သက်သေပြခဲ့ပြီးပြီ။ နောက်ထပ်လည်း ထပ်ပြီး သက်သေပြဦးမှာပဲ"

အဲဒီအချိန်မှာတင် အာဆိုနီဟာ သူ့ရဲ့ ရင်ဘတ်ထဲကနေ ဆွဲနှုတ်ခံလိုက်ရတဲ့ ခံစားမှုတစ်ခုကို ခံစားလိုက်ရတယ်။ သူ့ခန္ဓာကိုယ်ထဲက အရာတစ်ခုခုက အပြင်ကို ထွက်ဖို့ ကြိုးစားနေသလိုမျိုးပေါ့။

သူက ငုံ့ကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ ရဲရဲတောက် လိမ္မော်ရောင် ချပ်ဝတ်တန်ဆာပေါ်က သေနတ်ဒဏ်ရာ အပေါက်တွေထဲကနေ အရည်ပျော်နေတဲ့ သတ္တုတစ်မျိုး စိမ့်ထွက်လာတာကို မြင်လိုက်ရတယ်လေ။

အဲဒါက ဘာလဲဆိုတာကို သူ သဘောပေါက်ဖို့ တစ်စက္ကန့်လောက် အချိန်ယူလိုက်ရတယ်။

ပထမဆုံး အစက်ကလေးတစ်စက်က သူ့ခန္ဓာကိုယ်ထဲကနေ လွင့်ပျံထွက်သွားပြီး ဖြူဖွေးတဲ့ မီးတောက်တစ်ခုအဖြစ် စတင်လောင်ကျွမ်းသွားတဲ့ အချိန်ကျမှသာ အာဆိုနီဟာ အဲဒါ ဘာလဲဆိုတာကို နောက်ဆုံးမှာ ရိပ်မိသွားတော့တယ်။

အဲဒါက နတ်ဘုရားပန်းပဲဖို အပိုင်းအစတစ်ခုပဲ။

အရည်ပျော်နေတဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစ အစက်အပြောက်တွေဟာ သူ့ခန္ဓာကိုယ်ထဲကနေ တဖြည်းဖြည်းချင်း ပိုမိုထွက်ရှိလာခဲ့တယ်။

"မလုပ်နဲ့။ မင်း ဘာလုပ်နေတာလဲ။ ပြန်လာခဲ့"

အာဆိုနီက အဲဒီအစက်အပြောက်တွေကို လှမ်းဖမ်းဖို့ ကြိုးစားလိုက်ပေမဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ဝါးမြိုထားတဲ့ ဖြူဖွေးတဲ့ မီးတောက်က ထိတွေ့လိုက်တာနဲ့ သူ့ကို အပူလောင်စေခဲ့တယ်လေ။

ဒီအစက်အပြောက်တွေက ရှေ့ကို လွင့်ပျံသွားပြီး မိုက်ကယ်ရဲ့ ရင်ဘတ်ဆီကို ဦးတည်သွားတယ်။ ပြီးတော့ အဲဒါက သူ့နားကို ပိုပြီးနီးကပ်လာလေလေ အရှိန်က ပိုမိုမြန်ဆန်လာလေလေဖြစ်ပြီး နောက်ဆုံးမှာတော့ သေနတ်ကျည်ဆန်တစ်ခုလို သူ့ရဲ့ နှလုံးသားဆီကို တိုးဝင်သွားပါတော့တယ်။

မိုက်ကယ်ကတော့ အဲဒီ နတ်ဘုရားပန်းပဲဖို အပိုင်းအစဆီကနေ ဘာနာကျင်မှုကိုမှ မခံစားရပါဘူး။

အရည်ပျော်နေတဲ့ အပိုင်းအစတွေက အာဆိုနီရဲ့ ရင်ဘတ်ထဲကနေ ဆက်တိုက် ကူးပြောင်းထွက်ခွာသွားတာကြောင့် သူ့ကို တဖြည်းဖြည်းနဲ့ ပိုမိုအားနည်းသွားစေခဲ့တယ်။ နောက်ဆုံးမှာတော့ နတ်ဘုရားပန်းပဲဖိုရဲ့ နောက်ဆုံး အစက်အပြောက်လေးက သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာသွားခဲ့ပြီပေါ့။

သူ့ရဲ့ ရဲရဲတောက် မီးတောက်ခြင်္သေ့ ဒီဗာကြီးက မကျေမနပ်နဲ့ ဟိန်းဟောက်လိုက်တယ်။ ဒါပေမဲ့ အဲဒီနောက်ဆုံး အစက်အပြောက်လေးက အာဆိုနီရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်သွားတာနဲ့ တစ်ပြိုင်နက် အဲဒီဒီဗာကြီးဟာ မီးခိုးငွေ့တွေလို လေထုထဲ ပျံ့လွင့်သွားပြီး နှမြောစရာကောင်းလောက်အောင် လုံးဝ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရရှာတယ်။

အာဆိုနီဟာ သူ့နှလုံးသားထဲမှာ ဟာလာဟင်းလင်း ဖြစ်သွားတာကို ခံစားလိုက်ရတယ်။ ဘာစွမ်းအားမှ မရှိတော့ဘူးပေါ့။

တစ်ချိန်တည်းမှာပဲ မိုက်ကယ်ကတော့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ဆက်တိုက် စုပ်ယူနေခဲ့တယ်။ အစက်အပြောက်တိုင်းက သူ့ရဲ့ နှလုံးသား အရေပြားကို ပိုမိုဖုံးလွှမ်းသွားစေပြီး သူ့ရဲ့ ဒီဗာနဲ့ ပိုမိုနီးကပ်စွာ ဆက်နွှယ်မှုရှိလာတာကို ခံစားရစေတယ်လေ။

သူ့အပေါ်က စက်ရုပ်လက်မောင်းကြီးကလည်း စတင်ကြီးထွားလာပြီး ပခုံးတွေကို အပြည့်အစုံ ပုံဖော်ပေးပြီးတဲ့နောက်မှာတော့ နောက်ဆုံးမှာ ရပ်တန့်သွားခဲ့တယ်။

သူက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေရဲ့ နောက်ဆုံး အစက်အပြောက်ကို စုပ်ယူလိုက်တယ်။

ကံမကောင်းစွာနဲ့ပဲ အဲဒါက သူ့ကို ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ နောက်ထပ် အဆင့်တစ်ခုဆီကို တွန်းပို့ပေးဖို့အတွက်တော့ လုံလောက်မှုမရှိခဲ့ပါဘူး။

အာဆိုနီဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လုံးဝဥဿုံ ကြေမွပျက်စီးသွားပြီး မြေပြင်ပေါ်ကို လဲပြိုကျသွားခဲ့ရတယ်။ အဲဒီအချိန်ကျမှသာ ဘလဇဲလ်ဟာ ဘာဖြစ်လို့ သူ့လို တောသားတစ်ယောက်ကို ရှုံးနိမ့်သွားခဲ့ရသလဲဆိုတာကို သူ နောက်ဆုံးမှာ နားလည်သဘောပေါက်သွားခဲ့တော့တယ်လေ။

* * * * * * * *

စာစဉ်(၃၅)

All Chapters