← Chapters

အခန်း (၄၁၃-၄၁၄)

Vol. 35 Ch. 413-414

အခန်း (၄၁၃-၄၁၄)

Vol. 35 Ch. 413-414

အခန်း(၄၁၃)

"သခင့်ဆီကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲဗျာ" ဂျာကူက မိုက်ကယ်ရဲ့ဘေးနားမှာ အပြာရောင်လျှပ်စီးတန်းတစ်ခုလို ရုတ်တရက် ပေါ်လာရင်း ပြောလိုက်တယ်။

"ဒါပေါ့ ဟိုးဟိုးဟိုး။ သူလောက် အစွမ်းထက်တဲ့သူမျိုး ငါတစ်ခါမှ မမြင်ဖူးသေးဘူး။ အနည်းဆုံးတော့ ငါ့မှာကျန်ခဲ့တဲ့ စက္ကန့်ပိုင်းလောက်ပဲရှိတဲ့ မှတ်ဉာဏ်လေးထဲမှာပေါ့ ဟိုးဟိုးဟိုး"

မိုက်ကယ်ကတော့ ဒါကို စော်ကားတာလို့ပဲ မှတ်ရမလား၊ ဒါမှမဟုတ် ချီးကျူးတာလို့ပဲ ယူဆရမလား မဝေခွဲတတ်တော့ဘူး။ ဒါပေမဲ့ ဂရီးဗ်ရဲ့အထာကို သိနေတာမို့ စိတ်ထဲမရှိဘဲ လွှတ်ကနဲ ပြောလိုက်တာနေမှာပါလို့ပဲ တွေးလိုက်တယ်။ သူ့မှာမှ ဦးနှောက်မရှိတာပဲလေ။

"သခင်ကြီး... ဒီစစ်သားတွေကို ထောင်ထဲထည့်တော့မှာမလားဟင်။ သူတို့ကို ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေအဖြစ် ပေးလို့ရမလားဗျာ" ဖတ်ချ်က သူ့နောက်ကနေ လမ်းလျှောက်လိုက်လာတဲ့ ဇွန်ဘီဖြစ်နေတဲ့ စစ်သားတစ်ရာလောက်နဲ့အတူ မိုက်ကယ်ဆီကို ခုန်ဆွခုန်ဆွနဲ့ ရောက်လာတယ်။ သူတို့အားလုံးဟာ ဖတ်ချ်ရဲ့အရိပ်နဲ့ ချိတ်ဆက်နေတုန်းပဲဆိုတော့ မျက်လှည့်ပြစားခံထားရတဲ့ အခြေအနေမှာပဲ ရှိနေသေးတာပေါ့။

"ဖတ်ချ်... ငါပြောထားတာကို မှတ်ထားဦး။ အဲဒီလို ထပ်လုပ်လို့မရတော့ဘူး။ သူတို့ရဲ့ စိတ်အခြေအနေ ပုံမှန်ပြန်ဖြစ်သွားမှပဲ မင်းအဖွဲ့ထဲကို စည်းရုံးရမယ်"

ဖတ်ချ်ခမျာ စိတ်ပျက်သွားပြီး ဖောင်းပွနေတဲ့ ကိုယ်လုံးကြီးပါ ရှုံ့ဝင်သွားတော့တယ်။ "အား... စိတ်မကောင်းစရာပဲ"

"အစ်ကိုမိုက်ကယ်ရယ်။ စောစောက တကယ့်ကို လန်းလွန်းတယ်ဗျာ" ဇိုင်ယွန်က မိုက်ကယ် တိုက်ခိုက်တုန်းက လှုပ်ရှားမှုတွေကို လိုက်တုပပြရင်း ပြောတယ်။ မိုက်ကယ်ရဲ့ အမှတ်သညာတစ်ခုလိုဖြစ်နေတဲ့ ပုခုံးတွန့်ပြတဲ့ ပုံစံကိုတောင် ဒီဒရာဂွန်ဘွန်း လူငယ်လေးက အတိအကျ လိုက်လုပ်ပြနေသေးတာ။

"ဒါနဲ့ အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ" ဂျာကူက မေးလိုက်တယ်။ "အိမ်ပဲ တန်းပြန်ကြတော့မလား"

ဖတ်ချ်နဲ့ ဇိုင်ယွန်ကတော့ ချက်ချင်းပဲ လက်နှစ်ဖက်ကို ကြက်ခြေခတ်လုပ်ပြလိုက်ကြတယ်။

"မပြန်ဘူး"

"အင့်ဟင့်... ပြန်သွားရင်တော့ အဲဒီနဂါးဖြူမကြီးက ကျွန်တော်တို့ကို အပြစ်ပေးမှာ သေချာတယ်။ တတ်နိုင်သမျှ နောက်ကျမှပဲ ပြန်တာ ပိုကောင်းမယ်" လို့ ဇိုင်ယွန်က ဇွတ်ငြင်းနေတော့တယ်။

"အင်း... ငါတို့လည်း လုပ်စရာ ဘာမှမကျန်တော့ဘူးပဲ" မိုက်ကယ်က ပြောလိုက်ပြီးမှ "ဒါပေမဲ့..." ဆိုပြီး ရပ်လိုက်တယ်။

မိုက်ကယ်နဲ့ ဖတ်ချ်တို့ တစ်ယောက်မျက်လုံး တစ်ယောက် အကြည့်ချင်း ဆုံသွားကြတယ်။ သူတို့နှစ်ယောက်ကြားမှာ တခြားသူတွေ မသိနိုင်တဲ့ လျှို့ဝှက်ချိတ်ဆက်မှုတစ်ခု၊ တစ်ဦးကိုတစ်ဦး အပြည့်အဝ နားလည်နေတဲ့ စကားမဲ့ စာမျက်နှာတစ်ခု ရှိနေတာပေါ့။

"ဖလဲယားကော့ပ်ရဲ့ ကျန်တဲ့အဖွဲ့တွေကိုပါ လိုက်ဖမ်းရင် ကောင်းမလားလို့မလား" ဖတ်ချ်က စလိုင်းမ်အလုံးလေးအဖြစ် ပြန်ပြောင်းရင်း စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။

"အကြံကောင်းပဲ" ဇိုင်ယွန်က ခုန်ဆွခုန်ဆွနဲ့ ထောက်ခံတယ်။ "ကုမ္ပဏီတစ်ခုလုံးရဲ့ နံပါတ်တစ် အကြီးအကဲ၊ အဲဒီခေါင်းဆောင်ကြီး ကျန်သေးတာပဲ"

သူကလည်း အဲဒီစကားကို ပြောလိုက်ရော အာဆိုနီက ချက်ချင်း ခေါင်းထောင်လာတော့တယ်။ သူက မတ်တတ်ရပ်ဖို့ ကြိုးစားပေမဲ့ သူ့ရဲ့ ဒီဗာကို ဆုံးရှုံးလိုက်ရတာကြောင့် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေရုံတင်မကဘဲ သဟဇာတသေနတ်ကြောင့် ရထားတဲ့ ဒဏ်ရာတွေကိုလည်း ပိုလို့တောင် ဆိုးရွားသွားစေတယ်။

"မဖြစ်ဘူး... မင်းတို့ကို ဖလဲရက်စ်နဲ့ ပေးမတွေ့နိုင်ဘူး"

အားလုံးက ဒီအရေးကိစ္စတစ်ခုလုံးကို တစ်ယောက်တည်း စုံစမ်းထောက်လှမ်းထားတဲ့ ဖတ်ချ်ဆီကို လှည့်ကြည့်လိုက်ကြတယ်။

"ဖလဲရက်စ် အော့စကော့ပ် ဆိုတာ ဖလဲယားကော့ပ်ရဲ့ ခေါင်းဆောင်အစစ်ပဲလေ" လို့ နင်ဂျာစလိုင်းမ်လေးက ရှင်းပြလိုက်တယ်။

ဘယ်လောက်ပဲ ဒဏ်ရာတွေရပြီး အားပြတ်နေပါစေဦးတော့ အာဆိုနီက မြေပြင်ကနေ အတင်း ရုန်းထလိုက်သေးတယ်။ ဒါပေမဲ့ ခြေလှမ်းမခိုင်ဘဲ နောက်ပြန် လဲကျလုနီးပါး ဖြစ်သွားရပြန်တယ်။

"ငါ... ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်... မင်းတို့ကို ငါတို့ရဲ့အရှင်နဲ့ ပေးမတွေ့နိုင်ဘူး။ သူက ငါတို့ကုမ္ပဏီရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ မင်းကို သူ့ရင်ဘတ်ထဲက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို အလုခံလို့မဖြစ်ဘူး" အာဆိုနီက မိုက်ကယ်ကို စိုက်ကြည့်ရင်း ကြေညာလိုက်တယ်။

တန်ခိုးနဲ့ စွမ်းရည်အပိုင်းမှာ ဖလဲရက်စ်က အာဆိုနီထက် အပြတ်အသတ် သာလွန်တာမှန်ပေမဲ့ ဒီဒုတိယအကြီးအကဲဟာ မိုက်ကယ်နဲ့ သွားတွေ့မယ့် အန္တရာယ်ကိုတော့ မစွန့်စားချင်ဘူး။

အခွင့်အလမ်းက နည်းပေမဲ့လည်း မိုက်ကယ်က ဖလဲရက်စ်ကိုပါ အနိုင်ရသွားပြီး အာဆိုနီနဲ့ ဘလေဇဲလ်တို့လိုပဲ ရင်နာစရာကောင်းတဲ့ ပုံစံမျိုးနဲ့ ဒီဗာကို ဆုံးရှုံးရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်ခြေ ရှိနေတာကိုး။

သူတို့နှစ်ယောက် တွေ့ကြမယ့်အရေးကို အာဆိုနီ စိတ်ထဲမှာ နိမိတ်မကောင်းသလို ခံစားနေရတယ်။

ပိုဆိုးတာက ရီနေးတားရဲ့ အရိပ်အဖွဲ့တွေရဲ့ လိုက်လံအမဲလိုက်ခြင်းကို ခံရပြီးတဲ့နောက် ကွင်းစ်နယ်မြေရဲ့ အောက်ဘက်ပိုင်းမှာ ခြေကုပ်ပြန်ယူဖို့အတွက် အာဆိုနီကို ဖလဲရက်စ်ကိုယ်တိုင် ဒီကို စေလွှတ်ခဲ့တာပဲ။

ဒါကြောင့် ဖလဲရက်စ်တစ်ယောက် ကွင်းစ်နယ်မြေရဲ့ ဒီဘက် အခြမ်းကို ရောက်လာပြီး မိုက်ကယ်နဲ့ ဆုံမိဖို့က အချိန်ပြဿနာပဲ ရှိတော့တာပေါ့။

အာဆိုနီအနေနဲ့ သူ့အရှင်ကို အရိပ်အဖွဲ့တွေဆီမှာပဲ အဖမ်းခံစေချင်တယ်။ အနည်းဆုံးတော့ သူတို့က စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ဆောင်ကြတဲ့သူတွေလေ။ ဖလဲရက်စ်ကို ဒီတိုင်း သတ်ပစ်ပြီး သူ့ရင်ဘတ်ထဲက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ဇွတ်အတင်း လုယူမှာမျိုး မဟုတ်ဘူး။ အဲဒီလိုသာ ဖြစ်လာခဲ့ရင် သူတို့ရဲ့ မိခင်ကုမ္ပဏီကြီးတွေဖြစ်တဲ့ စီးပွားရေးအစုအဖွဲ့တွေက ဝင်ပါလာဖို့ အခွင့်အလမ်း သေချာပေါက် ရှိနေသေးတယ်။

ဒါပေမဲ့ မိုက်ကယ်ကတော့ အဲဒီလို မဟုတ်ဘူး။ ခွဲစိတ်စရာတောင်မလိုဘဲ တခြားသူရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ဘယ်လိုလုယူရမလဲဆိုတာ သူက သက်သေပြခဲ့ပြီးပြီ။ ဒါက ဘယ်လောက်ပဲ သန်မာတဲ့ သံလိုက်စွမ်းအားရှင်တွေ ဖြစ်ပါစေဦးတော့ တကယ်ကို ထိတ်လန့်စရာကောင်းတဲ့ အချက်ပဲပေါ့။

ဒါပေမဲ့ အာဆိုနီအတွက် ကံဆိုးချင်တော့ သူ့ခန္ဓာကိုယ်ထဲမှာ ဘာအင်အားမှ မကျန်တော့ဘူး။

"မဖြစ်ဘူး။ ငါ..."

ဇိုင်ယွန်က အာဆိုနီရဲ့ မေးစေ့ကို ပင့်လက်သီးနဲ့ အမြန်ထိုးချလိုက်တာကြောင့် အဲဒီလူလည်း တန်းပြီး သတိလစ်သွားတော့တယ်။ အဲဒီနောက်မှာတော့ ဖတ်ချ်က သူ့ရဲ့ အရိပ်ခွဲပွားစွမ်းရည်ကို သုံးပြီး အာဆိုနီကို ပတ်ချာလည်ဝိုင်းကာ သူ ရောက်သင့်တဲ့ ရီနေးတားထောင်ဆီကို ပို့ဆောင်လိုက်တယ်။

"ကဲ... အေးအေးဆေးဆေး ရှိသွားပြီ" ဖတ်ချ်က စိတ်ကျေနပ်သွားတဲ့ပုံစံနဲ့ သူ့ရဲ့ စလိုင်းမ်လက်ဝါးလေးတွေကို ပုတ်လိုက်တယ်။ "အခု ဖလဲရက်စ်ကို ဘယ်လိုလိုက်လံ အမဲလိုက်မလဲဆိုတဲ့ နောက်ထပ်အစီအစဉ်ကို စဉ်းစားကြရအောင်"

မိုက်ကယ်ကတော့ သူ့ရင်ဘတ်ထဲမှာ နတ်ဘုရားပန်းပဲဖို အပိုင်းအစအသစ်တွေကို ရလိုက်တဲ့ ခံစားချက်ကြောင့် စိတ်လှုပ်ရှားနေတုန်းပဲ။ ပိုပြီးတော့တောင် လိုချင်တက်မက်စိတ်တွေ ပြင်းထန်နေမိတယ်။ ဒါပေမဲ့လည်း သူက စိတ်လိုက်မာန်ပါတော့ အဖြစ်မခံပါဘူး။

ဖလဲယားကော့ပ်လို ကုမ္ပဏီကြီးတစ်ခုရဲ့ အဓိကခေါင်းဆောင်ကို သွားတိုက်ဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စပဲလေ။

အာဆိုနီက စစ်တပ်အနည်းငယ်နဲ့အတူ ဒီကွင်းစ်နယ်မြေရဲ့ အပယ်ခံနေရာကို တစ်ယောက်တည်း ရောက်နေလို့သာ သူတို့ ကံကောင်းသွားတာ။ ဒါက ဘလေဇဲလ်နဲ့ ဆက်သွယ်ဖို့ ရိုးရိုးလေး လာစုံစမ်းတဲ့ မစ်ရှင်တစ်ခုလို့ပဲ အာဆိုနီတို့ ထင်ထားခဲ့တာနေမှာ။ ဘလေဇဲလ်က အရှုံးပေးထားရပြီးသားဖြစ်နေပြီး သူတို့အလာကို အချောင်းနှိုက်ဖို့ စောင့်နေကြလိမ့်မယ်လို့ တွေးမိမှာ မဟုတ်ဘူး။

ဒါက မိုက်ကယ်တို့အတွက်တော့ သူတို့ကို အနိုင်တိုက်နိုင်ခဲ့လို့ အဆင်ပြေသွားတာပေါ့။ ဒါပေမဲ့ ဒါဟာ ဖလဲရက်စ်ရဲ့ လက်အောက်မှာ ကျန်တဲ့ ဖလဲယားကော့ပ် စစ်သားတွေ အများကြီး ရှိနေသေးတယ်ဆိုတဲ့ သဘောပဲ။

အဲဒီအရေအတွက်က ထောင်ဂဏန်းအထိ ရှိနေမယ်ဆိုရင်တောင် မိုက်ကယ်အနေနဲ့ အံ့ဩမှာ မဟုတ်ဘူး။

ပြီးတော့ သူတို့ငါးယောက်တည်းနဲ့ ဘာအကူအညီမှမပါဘဲ ဘတ်ချ်ရောခ့်မြို့ထဲကို သေနတ်တွေတဒိုင်းဒိုင်းနဲ့ ဇွတ်ဝင်ချသွားမယ်ဆိုရင်တော့ သူတို့တောင်မှ ဖိအားတွေ ကြုံရနိုင်တယ်။

ဒါကြောင့် ဖလဲယားကော့ပ်ရဲ့ ခံတံတိုင်းတွေကို သွားတိုက်ခိုက်တော့မယ်ဆိုရင် သေချာပြင်ဆင်ထားမှ ဖြစ်မယ်။

"ငါတို့ချည်းပဲ စစ်သားထောင်ပေါင်းများစွာကို သွားတိုက်ဖို့က အန္တရာယ်များလွန်းတယ်" လို့ မိုက်ကယ်က သူတို့ကို ပြောလိုက်တယ်။

"ငါလည်း မိုက်ကယ်ပြောတာကို သဘောတူတယ် ဟိုးဟိုးဟိုး။ ငါ့မှာ မှတ်ဉာဏ်တွေ မရှိတော့ဘူးဆိုပေမဲ့ ရှုံးမယ့်တိုက်ပွဲမျိုးကိုတော့ မြင်တာနဲ့ သိတာပေါ့" ဂရီးဗ်က သူ့ရဲ့ အရိုးခေါင်းကြီးနဲ့ တကယ့်ကို တည်တည်တံ့တံ့ ပုံစံမျိုးနဲ့ ပြောလာတယ်။

ဒရာဂွန်ဘွန်းတွေကတော့ ဘာမှ ပြန်မပြောနိုင်ကြဘူး။ သူတို့ ကိုယ်ကိုယ်တိုင်လည်း အားနည်းနေသေးမှန်း သိကြတာကိုး။

ဒါက သူတို့ရဲ့ တက်ကြွနေတဲ့ စိတ်အခြေအနေကို အနည်းငယ် ပျက်ပြားသွားစေတယ်။

ဒါပေမဲ့ ဖတ်ချ်ကတော့ အဲဒီကိစ္စအတွက် လုံးဝ စိုးရိမ်နေပုံမရဘူး။

"ဒါက စိုးရိမ်စရာ မဟုတ်ပါဘူးဗျာ" ဖတ်ချ်က လက်ကာပြရင်း သူတို့ရဲ့ စိုးရိမ်မှုတွေကို ပယ်ချလိုက်တယ်။ "ငါတို့က အဲဒီစစ်သားတွေကို တိုက်ရိုက် ရင်ဆိုင်စရာမလိုပါဘူး။ ဘတ်ချ်ရောခ့်မြို့ထဲမှာ တိုက်ခိုက်ဖို့ အချိန်ကောင်းကို အရိပ်ထဲကနေ စောင့်ဆိုင်းနေတဲ့ တော်လှန်ရေးအဖွဲ့ ရှိနေပြီးသားပဲလေ"

ဂရီးဗ်က သူ့ဦးနှောက်ထဲက မှတ်ဉာဏ်တစ်ခု ပွင့်သွားတဲ့ပုံစံနဲ့ ချက်ချင်း ခေါင်းညိတ်ထောက်ခံတယ်။ "အင်း... ဟုတ်သားပဲ။ တော်လှန်ရေးအဖွဲ့ပေါ့ ဟိုးဟိုးဟိုး။ အဲဒါဆိုရင်တော့ ငါတို့ဘက်က အခြေအနေက အသာစီးရဖို့ သေချာသလောက် ရှိသွားပြီ"

အဲဒီအချိန်မှာ မိုက်ကယ်ကတော့ ဒီနင်ဂျာစလိုင်းမ်လေးကို သံသယမျက်လုံးတွေနဲ့ ကြည့်နေမိတယ်။

"ဒါနဲ့ မင်းက ဘတ်ချ်ရောခ့်မြို့မှာ တော်လှန်ရေးအဖွဲ့ ရှိနေမယ်မှန်း ဘယ်လိုလုပ် သိတာလဲ"

မိုက်ကယ်က လက်ပိုက်လိုက်ပြီး ဖတ်ချ်ကို စိုက်ကြည့်ရင်း အဖြေကို စောင့်နေတယ်။

ဖတ်ချ်ကတော့ နေရခက်တဲ့ပုံစံနဲ့ ဟိုရွေ့ဒီရွေ့ လုပ်နေရှာတယ်။ "သခင်ကြီးရာ... ဖလဲယားကော့ပ်က အဲဒီမြို့ကို နှိပ်စက်ညှဉ်းပန်းလာတာ လပေါင်းများစွာ ရှိနေပြီလေ။ သူတို့လည်း မခံနိုင်တော့လို့ ကိုယ့်ဘာသာကိုယ် ပြန်တော်လှန်ချင်နေကြတာလည်း ဖြစ်နိုင်တာပဲမလား"

သူ့သခင်ရဲ့ စိုက်ကြည့်နေတဲ့ သံသယမျက်လုံးကြီးကတော့ လုံးဝ ရွေ့မသွားဘူး။

"ဟုတ်ကဲ့ပါ... အဲဒါကလေ... မြို့ခံလူထုကြားထဲမှာ ပျံ့နှံ့နေတဲ့ ဘာသာရေးတစ်ခုကြောင့် သူတို့အားလုံး တော်လှန်ဖို့ သတ္တိတွေ ရလာကြတယ်လို့ ကြားမိလို့ပါ"

"အဲဒါက ဘာဘာသာရေးမို့လို့လဲ ဖတ်ချ်"

နင်ဂျာစလိုင်းမ်လေးကတော့ တတ်နိုင်သမျှ အပြစ်ကင်းစင်ဆုံး မျက်နှာပေးလေး လုပ်ပြရှာတယ်။ "အိုင်းရွန်းမေဒင် ကိုးကွယ်မှုပါ..."

ဖလဲယားကော့ပ်ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ပြီး အခုတော့ ဖတ်ချ်အတွက် သူလျှိုအဖြစ် လုပ်ပေးနေတဲ့ ဟက်စတုက ဘတ်ချ်ရောခ့်မြို့ထဲကို ခိုးဝင်သွားတာ ကြာပြီဖြစ်သလို အရိပ်မည်းထဲမှာလည်း ဘာသာရေးဆိုင်ရာ အစည်းအဝေးတွေကို လျှို့ဝှက်စုစည်းပေးခဲ့တာ။

အဲဒီနေရာမှာ ဟက်စတုက ဖာသာ ဆိုတဲ့ အမည်ဝှက်ကို သုံးပြီး သတ္တုတွေနဲ့ ပြုလုပ်ထားတဲ့ နတ်ဘုရားမအကြောင်းကို သူတို့ကို ပြောပြခဲ့တယ်။ သူမနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေနဲ့ ပုံပြင်မျိုးစုံကို ပြောပြခဲ့တာကြောင့် ဘတ်ချ်ရောခ့်မြို့ရဲ့ လူထုကြားထဲမှာ ဒီကိုးကွယ်မှုက ပိုပြီးတော့ အမြစ်တွဲလာခဲ့တာပေါ့။

သူမရဲ့ အကူအညီနဲ့ဆိုရင် ဖလဲယားကော့ပ်ရဲ့ သံခြေကျင်းတွေကို ချိုးဖျက်ပြီး လွတ်မြောက်နိုင်လိမ့်မယ်လို့ သူက မြို့ခံတွေကို ယုံကြည်အောင် လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်တယ်။

* * * * * * * *

စာစဉ်(၃၅)

အခန်း(၄၁၄)

အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ အိုင်းရွန်းမေဒင် ဘာသာရေးအဖွဲ့ထဲ ဝင်ရောက်လာသူတွေဟာ တစ်စစနဲ့ ပိုပိုများလာခဲ့တယ်။

ဒါတင်မကသေးပါဘူး။ ဖလဲယားကော့ပ်ဟာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နယ်မြေသိမ်းပိုက်မှုတွေကို ရပ်တန့်ဖို့ လက်ဂါစီ့စ်တွေဆီကနေ ဖိအားပေးတာ ခံလာရလေလေ ဘတ်ချ်ရောခ့် မြို့အပေါ် သူတို့ရဲ့ ထိန်းချုပ်မှုကို ပိုပြီး တင်းကျပ်လာလေလေပါပဲ။

ဒါဟာ မြို့ခံလူထုတွေအနေနဲ့ ဖလဲယားကော့ပ်ရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေအပေါ် ဒေါသတကြီး ခံပြင်းလာရတာကို ဆိုလိုတာပေါ့။ ဒီအခြေအနေကပဲ ဖလဲယားကော့ပ်ကြောင့် ကြုံတွေ့နေရတဲ့ ဒုက္ခသုက္ခတွေကနေ ကင်းဝေးပြီး သတ္တုတွေနဲ့ ပြည့်စုံတဲ့ သုခဘုံကို ပေးစွမ်းမယ်လို့ ကတိပြုထားတဲ့ အိုင်းရွန်းမေဒင် ဘာသာရေးအဖွဲ့သစ်ရဲ့ ရင်ခွင်ထဲကို သူတို့ကို ပိုပြီး တွန်းပို့ပေးလိုက်သလို ဖြစ်သွားခဲ့တယ်။

နောက်ဆုံးမှာတော့ သူတို့ဟာ တော်လှန်ပုန်ကန်ဖို့အတွက် အဖွဲ့ဝင်အင်အား အလုံအလောက် စုဆောင်းမိသွားကြတယ်။ အခု သူတို့ လိုအပ်နေတာက အမှောင်ထုထဲကနေ ရုတ်တရက် ရုန်းထွက်ပြီး ရဲတိုက်တံခါးတွေကို စီးနင်းတိုက်ခိုက်ဖို့ အချက်ပြမှုတစ်ခုပဲ ဖြစ်တယ်။ သူတို့မြို့ထဲကနေ ဖလဲယားကော့ပ်ကို မောင်းထုတ်ပစ်ဖို့ သူတို့ သန္နိဋ္ဌာန်ချထားကြပြီးသားပါ။ ဒါကို လုပ်ဆောင်ဖို့အတွက် စစ်သားထောင်ပေါင်းများစွာနဲ့ ရင်ဆိုင်တိုက်ခိုက်ရမယ်ဆိုရင်တောင် သူတို့ ဂရုစိုက်မနေတော့ပါဘူး။

"ဒါဆို လူတွေက အိုင်းရွန်းမေဒင်က သူတို့ရဲ့ တော်လှန်ရေးကို အောင်မြင်အောင် ကူညီပေးလိမ့်မယ်လို့ ယုံကြည်နေကြတာပေါ့" မိုက်ကယ်က ဒါတွေအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူမှန်း သူသိထားတဲ့ ဖတ်ချ်ကို မေးလိုက်တယ်။

"ဟုတ်ပါတယ် သခင်"

"ပြီးတော့ အဲဒီအိုင်းရွန်းမေဒင်က ငါတို့ ဖြစ်နေပြန်ရော။ တိုက်ဆိုင်လိုက်တာ..."

"ဟားဟားဟား... ဟုတ်ပါတယ် သခင်ရဲ့"

"တကယ်လို့ ငါတို့သာ ပေါ်မလာခဲ့ရင် မင်း ဘာလုပ်မလို့လဲ"

ဖတ်ချ်က ရင်ဘတ်ကို မတ်မတ်ဆန့်ပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ "ကျွန်တော်က သခင် ရဲ့အကူအညီကို တောင်းပြီး သူတို့ကို ကူညီပေးဖို့ ပြောမှာပေါ့ သခင်ရဲ့" လို့ ဖြေပါတယ်။

နင်ဂျာစလိုင်းမ် ပြောတာ မမှားပါဘူး။ မိုက်ကယ်ဟာ ကွင်းစ်နယ်မြေဘက်ကို နယ်မြေချဲ့ထွင်တဲ့ တစ်ချိန်ချိန်မှာ ဖလဲယားကော့ပ်ကို ဆန့်ကျင်တဲ့ အဲဒီလို တော်လှန်ရေးမျိုးကို သေချာပေါက် ထောက်ပံ့ကူညီမှာပါ။ ဖတ်ချ်က ဒီလိုလုပ်ဖို့ ဘာသာရေးကို ခုတုံးလုပ်လိုက်တာကိုပဲ သူ သဘောမကျတာ ဖြစ်တယ်။

"ငါ မင်းကို ဘာပြောထားလဲ ဖတ်ချ်။ မဟုတ်မမှန်တာတွေကို ယုံကြည်သွားအောင် စုန်းကဝေအတတ်တွေ မသုံးရဘူးလေ"

ဖတ်ချ်က သူ အပြစ်မရှိကြောင်း ပြချင်တဲ့ပုံစံနဲ့ သူ့ရဲ့ စလိုင်းမ်လက်ဖဝါးတွေကို ဖြန့်ပြရင်း "ကျွန်တော် မလုပ်ပါဘူး သခင်ရဲ့။ ကျွန်တော်က... ဆိုလိုတာက ဟို ယဇ်ပုရောဟိတ်ကပဲ သူတို့ကို အိုင်းရွန်းမေဒင်က တကယ်ရှိတာလို့ ပြောလိုက်တာပါ။ အဲဒါ အမှန်ပဲမလား။ သူ ပေါ်လာခဲ့တာပဲလေ။ ပြီးတော့ သူက နတ်ဘုရားမတစ်ပါး မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ"

မိုက်ကယ် သက်ပြင်းချလိုက်မိတယ်။ နည်းပညာအရ ပြောရရင် ဖတ်ချ်ပြောတာ မှန်ပါတယ်။ ပြီးတော့ သူတို့က လူတွေကို လှည့်စားတာမျိုး မလုပ်သရွေ့ သူတို့ ဘယ်ဘာသာကိုပဲ ယုံကြည်ကိုးကွယ်နေပါစေ မိုက်ကယ်အနေနဲ့ သိပ်ပြီး ဂရုစိုက်မနေပါဘူး။

"ထားလိုက်ပါတော့" သူက ဒီအကြောင်းအရာကို ကျော်သွားဖို့ ကြိုးစားရင်း ပြောလိုက်တယ်။ "ဒါဆို ငါတို့ ဘတ်ချ်ရောခ့် မြို့မှာ ပေါ်လာပြီး တော်လှန်ရေးကို စတင်ကြမယ်။ ပြီးရင် အဲဒီရုန်းရင်းဆန်ခတ်ဖြစ်မှုကို အသုံးချပြီး ဖလဲရက်စ်ကို လိုက်လံနှိမ်နင်းကြတာပေါ့"

ဖတ်ချ်က မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေ ဝေစီလာရင်း ခေါင်းညိတ်ပြတယ်။ "ဟုတ်ကဲ့ ဟုတ်ကဲ့ပါ သခင်။ အပြစ်ပြောစရာမရှိတဲ့ အစီအစဉ်ပဲ"

"ဟီးဟီး။ ဟုတ်တယ်။ နောက်ထပ် မစ်ရှင်တစ်ခုပေါ့။ ဒါဟာ ငါ့အစ်မနဲ့ ဝေးဝေးမှာ နေရမယ့်အချိန်တွေ ပိုရလာတာပဲ" ဂျာကူက အောင်ပွဲခံတဲ့အနေနဲ့ အခြားသူတွေရဲ့ ပခုံးကို ဖက်ရင်း ပြောလိုက်တယ်။

"နေဦး" သူက သူတို့ကို ပြောလိုက်တယ်။ "ငါတို့ အစီအစဉ်ထဲမှာ သူတို့အားလုံးကို ပါဝင်ခိုင်းသင့်တယ်။ ငါတို့ ရနိုင်သမျှ အကူအညီအားလုံး လိုအပ်လိမ့်မယ်"

"အာ..."

"ဖတ်ချ်... မင်း ပြန်သွားပြီး သူတို့ကို ဒီအကြောင်း သွားပြောလိုက်" မိုက်ကယ်က အမိန့်ပေးလိုက်တယ်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူတို့ဟာ ဘေးဘက်က မြက်ခင်းပြင်ဆီကနေ ရှဲရှဲမြည်တဲ့ အသံကို ကြားလိုက်ရတယ်။

"နောက်ကျသွားပြီ။ ငါတို့ သိပြီးသား" ယူနာက အခြားမိန်းကလေးတွေကို နောက်မှာ ထားခဲ့ပြီး လျှောက်လာရင်း ပြောလိုက်တာပါ။

"သားလေး...သားလေးက အန္တရာယ်ရှိတဲ့ တိုက်ပွဲထဲကို အမေ့ကို သတိမပေးဘဲ သွားခဲ့တာကို အမေ့ တော်တော်လေး စိတ်ပျက်မိတယ်" လိုင်လီယာက စိတ်ကောက်ပြီး နှုတ်ခမ်းစူရင်း ပြောတယ်။

"မေမေ..."

"အဟမ်း... အရှင်မိုက်ကယ်... အရှင်ခရီးစဉ်အပြောင်းအလဲလုပ်တိုင်း ကျွန်မကို ကြိုတင်အကြောင်းကြားပေးဖို့ အကြံပြုချင်ပါတယ်။ ကျွန်မက အရှင်ရဲ့ အတွင်းရေးမှူးပဲလေ" ရှီနာက ခံစားချက်ကင်းမဲ့တဲ့ အပြုံးမျိုးနဲ့ ပြောလိုက်တယ်။ "ပြီးတော့ နင်တို့ မောင်နှစ်မတွေ... ငါတို့ နောက်မှ စကားပြောကြတာပေါ့"

ဂျာကူနဲ့ ဇိုင်ယွန်တို့ဟာ ခါးရိုးထဲကနေ စိမ့်ခနဲ တုန်သွားကြတယ်။ သူတို့ရဲ့ အသက်အန္တရာယ်ဟာ စိုးရိမ်ရတဲ့အခြေအနေကို ရောက်နေပြီလို့ ခံစားလိုက်ရတာပါ။

"ငါတို့ ဒီမှာရှိနေတာကို နင်တို့ ဘယ်လိုသိတာလဲ" မိုက်ကယ်က သူတို့ကို မေးလိုက်တယ်။

ယူနာက သူတို့ရဲ့ နောက်ကွယ်မှာ မြေပြင်ပေါ် မှောက်ခုံဝပ်စင်းနေကြတဲ့ အရိပ်ဝံပုလွေ အကြီးအကဲ နှစ်ယောက်ဆီကို လက်ညှိုးထိုးပြရင်း "နင့်ရဲ့ မိခင်က တော်တော်လေး စည်းရုံးသိမ်းသွင်းနိုင်စွမ်း ရှိတာပဲ" လို့ ပြောပါတယ်။

"ဗူး တိုး တိုး။ ကျွန်တော့်ကို ခွင့်လွှတ်ပါ သခင်"

"ရာ တာ တာ။ ဒါဟာ အရှက်ရစရာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး။ သူ... သူက မိစ္ဆာမကြီးပဲ"

အဲဒီဂုဏ်မာနကြီးလှတဲ့ အော့ခ်တွေကို ဒီလိုမျိုးဖြစ်သွားအောင် သူ့မိခင်က ဘာတွေလုပ်ခဲ့သလဲဆိုတာကို မိုက်ကယ် တစ်စက်ကလေးမျှတောင် မသိချင်တော့ပါဘူး။

ဒါပေမဲ့ သူတို့လည်း ဒီကို ရောက်နေကြပြီဆိုတော့ အားလုံး အဆင်ပြေသွားတာပေါ့။

သူ အချိန်ဆိုင်းမနေဘဲ အခြေအနေတွေကို သူတို့အားလုံးကို ရှင်းပြလိုက်တယ်။

"ဘာပဲဖြစ်ဖြစ်... အစီအစဉ်ကတော့ ဒါပဲ" သူက သူတို့ကို ပြောလိုက်တယ်။

* * * * * * * *

နောက်ဆုံးမှာတော့ အချိန်မတော် ပြန်လည်ဆုံစည်းပြီး မိနစ်အနည်းငယ်အကြာမှာတင် လူတိုင်းဟာ ဘတ်ချ်ရောခ့် မြို့ရဲ့ တံတိုင်းတွေအတွင်းထဲကို ရောက်ရှိသွားကြတယ်။

ဖတ်ချ်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက မြို့ရဲ့ ထောင့်အသီးသီးမှာ သူ့ရဲ့ ကိုယ်ပွားတွေကို ဖြန့်ကြက်ထားပြီးသားဖြစ်လို့ မိုက်ကယ်ဟာ သူ့ရဲ့ အရိပ်ရွှေ့ပြောင်းခြင်းစွမ်းရည်ကို အသုံးပြုပြီး လူတိုင်းကို လွှမ်းခြုံကာ ဘတ်ချ်ရောခ့် မြို့ထဲက ဖတ်ချ်ရဲ့ ကိုယ်ပွားဆီကို တယ်လီပို့လုပ်နိုင်ခဲ့တာပါ။

မိုက်ကယ် မျက်လုံးဖွင့်လိုက်တာနဲ့ သူတို့ဟာ မြို့လယ်ကွင်းပြင်ကြီးရဲ့ အလယ်ဗဟိုကို ရောက်နေတာကို ချက်ချင်း မြင်လိုက်ရတယ်။

သူ ကြည့်လိုက်တဲ့ နေရာတိုင်းမှာ အိမ်တွေကို မီးလျှံတွေ ဝါးမြိုနေပြီး အဆောက်အအုံတွေ မီးလောင်နေတာကို မြင်တွေ့နေရတယ်။ ကောက်ရိုးပုံတွေ မီးစွဲနေပြီး တံတားတွေ ပြိုကျနေကာ ကောင်းကင်ယံထက်မှာ ဧရာမ မီးခိုးလုံးကြီးတွေ အစုလိုက်အပြုံလိုက် တက်နေခဲ့တယ်။

ဒါတင်မကဘဲ သူတို့ရဲ့ ပတ်ပတ်လည်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေကြတယ်။ သားရေအင်္ကျီနဲ့ ခက်ရင်းခွတွေကိုသာ ကိုင်ဆောင်ထားတဲ့ သာမန်မြို့ခံလူထုဟာ ဖလဲယားကော့ပ်ရဲ့ အမှတ်တံဆိပ်ကို ဝတ်ဆင်ထားတဲ့ သံချပ်ကာဝတ် စစ်သားတွေကို ရင်ဆိုင်တိုက်ခိုက်နေကြတာပါ။

အံ့ဩဖို့ကောင်းတာက စစ်သားတွေ ရှုံးနိမ့်နေတာပဲ ဖြစ်တယ်။ ပတ်ပတ်လည်မှာ ဖလဲယားကော့ပ် စစ်သားတွေရဲ့ သတိမေ့မြောနေတဲ့ ရုပ်အလောင်းတွေကိုသာ မြင်တွေ့နေရပြီး အရပ်သားတွေရဲ့ အလောင်းကတော့ ခပ်ရှားရှားပဲ ရှိပါတယ်။

တော်လှန်ရေးက စတင်နေပြီဖြစ်ပြီး သူတို့က အသာစီးတောင် ရနေတဲ့ပုံပါပဲ။

"ဘာဖြစ်တာလဲ ဖတ်ချ်။ ငါတို့ ရောက်လာတဲ့အထိ စောင့်ပြီးမှ တော်လှန်ရေးကို စမယ်လို့ ငါ ထင်ထားတာ"

ဖတ်ချ်က မြို့ပတ်ပတ်လည်မှာ ရှိနေတဲ့ သူ့ရဲ့ ထောင်ပေါင်းများစွာသော ခလုန်းတွေနဲ့ ဆက်သွယ်လိုက်ရင်း မျက်လုံးကို ခဏလောက် ပိတ်ထားလိုက်တယ်။ တော်လှန်ရေး အချိန်စောပြီး စတင်ခဲ့ရတဲ့ အကြောင်းရင်းကို သူ ရှာဖွေတွေ့ရှိဖို့ သိပ်မကြာလိုက်ပါဘူး။

"သခင်... ငါတို့ထက် အရင်ဦးအောင် ဒီကို ရောက်လာတဲ့သူ ရှိနေတယ်။ သူတို့က ဖလဲရက်စ်ကို နှိမ်နင်းပြီး ဘတ်ချ်ရောခ့် မြို့အပေါ် သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ဖို့ ရဲတိုက်တံခါးတွေဆီကို ရောက်ရှိနေကြပြီ"

မိုက်ကယ်အနေနဲ့ သူတို့ ဘယ်သူတွေလဲဆိုတာကို ရိပ်မိသလို ခံစားလိုက်ရတယ်။

သူတို့ဟာ မက်ထရိုပိုလစ်မှာရှိတဲ့ လက်ဂါစီ့စ်တွေဆီက ဖြစ်ရပါမယ်။

ဖလဲယားကော့ပ်က ဘတ်ချ်ရောခ့် မြို့မှာ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက ဆိုးဝါးလွန်းတာကြောင့် လက်ဂါစီ့စ်တွေဟာ မဟာမိတ်အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ကြပြီး ဖလဲရက်စ် လုပ်ဆောင်နေတဲ့ မကောင်းမှုအားလုံးကို တားဆီးဖို့ သူတို့ရဲ့ ကုမ္ပဏီအားလုံးကနေ ယာယီပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်။

အမှန်တော့ မိုက်ကယ်အနေနဲ့ သူ နောက်ကျသွားပြီဆိုတာကို သိထားသင့်တာပါ။

ဘာပဲဖြစ်ဖြစ်... တကယ်လို့ ဖလဲရက်စ်သာ လက်ဂါစီ့စ်တွေရဲ့ မဟာမိတ်အဖွဲ့ရဲ့ တိုက်ခိုက်ခြင်းကို မခံရဘူးဆိုရင် အာဆိုနီလို ဒုတိယမြောက် အကြီးအကဲတစ်ယောက်ကို စစ်သား ငါးရာလောက်နဲ့တင် စေလွှတ်မှာ မဟုတ်ပါဘူး။

ဒါဟာ ဝမ်းသာစရာ အခြေအနေတစ်ခုပါပဲ။ ဘာပဲဖြစ်ဖြစ် ဘတ်ချ်ရောခ့် မြို့က ပြည်သူတွေဟာ ဖလဲယားကော့ပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုအောက်ကနေ နောက်ဆုံးမှာ လွတ်မြောက်တော့မှာ ဖြစ်တယ်။ ဒါတင်မကဘဲ အန်ဂိုရာ မြို့အတွက် ခြိမ်းခြောက်မှုကလည်း နှိမ်နင်းခြင်း ခံရတော့မှာဖြစ်လို့ မိုက်ကယ်အနေနဲ့ သူ့ရဲ့ စီးပွားရေးကို ဘာပြဿနာမှမရှိဘဲ ချဲ့ထွင်နိုင်တော့မှာပါ။

ဒါပေမဲ့ မိုက်ကယ်ဟာ ပွဲချန်ထားခံရသလိုမျိုး ခံစားချက်ကို မအောင့်နိုင်ဘဲ ဖြစ်နေမိတယ်။

အမှန်အတိုင်းပြောရရင် သူကိုယ်တိုင် ဖလဲရက်စ်ကို နှိမ်နင်းချင်ခဲ့တာပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ တစ်စုံတစ်ယောက်က သူ့ထက် အရင်ဦးသွားခဲ့ပြီလေ။

"နေဦး... ဒါဆို ငါတို့ တိုက်ပွဲဝင်ခွင့် ရတော့မှာ မဟုတ်ဘူးပေါ့ ဟုတ်လား" ဇိုင်ယွန်က ညည်းတွားလိုက်တယ်။

"လောဘမကြီးစမ်းနဲ့" ရှီနာက သူ့ကို ခေါင်းတစ်ချက် ရိုက်ရင်း ပြောလိုက်တယ်။

ဒရာဂွန်ဘွန်းလေးက တိုက်ပွဲမဝင်ရလို့ စိတ်ကောက်နေချိန်မှာ လိုင်လီယာကတော့ ဒီအခွင့်အရေးကို အသုံးချပြီး ကြော်ငြာလေးနည်းနည်းထည့်ကာ ကောင်းမှုကုသိုလ်လုပ်ဖို့ ပြင်လိုက်တယ်။

"ငါတို့ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်" သူမက ပြောတယ်။ "ဥပမာ... ငါတို့ ဒဏ်ရာရနေတဲ့သူတွေကို ကူညီပေးနိုင်တာပေါ့"

လိုင်လီယာက မြေပြင်ပေါ်က အရပ်သားတွေဆီ ချဉ်းကပ်သွားပြီး သူတို့အပေါ် မြေဒြပ်စင်မှော် ဆေးကုသခြင်းမန္တန်ကို စတင်အသုံးပြုလိုက်တယ်။ "မစိုးရိမ်ကြပါနဲ့။ ကျွန်မရဲ့ သား မိုက်ကယ်က ဒီနေရာတစ်ခုလုံးကို သေချာပေါက် ပြန်လည်ပြုပြင်ပေးပြီး ပိုကောင်းတဲ့ နေရာတစ်ခုအဖြစ် တည်ဆောက်ပေးမှာပါ" လို့ သူမက သူတို့ကို ကတိပေးလိုက်တယ်။

မိုက်ကယ် သူ့ခေါင်းကို သူ ပြန်ရိုက်မိတယ်။ ဒါ ဒီလိုလုပ်ရမယ့် အချိန်မဟုတ်ဘူးလေ မေမေရဲ့။

"ဟုတ်ပါတယ် ဟုတ်ပါတယ်။ အိုင်းရွန်းမေဒင်က ခင်ဗျားတို့ရဲ့ ကံကြမ္မာကို ပိုကောင်းအောင် ကူညီပေးခဲ့တာပါ မိဘပြည်သူတို့" ဖတ်ချ်က ကြေညာလိုက်တယ်။ "အိုင်းရွန်းမေဒင်ကို ချီးမွမ်းကြလော့"

ဖတ်ချ်တောင် ထိန်းမရသိမ်းမရ ဖြစ်နေပြီ။

မိုက်ကယ်က သူတို့ကို ပြစ်တင်ဝေဖန်ချင်ပေမဲ့ သူ့စိတ်ထဲမှာ အခြားအရာတစ်ခု ရှိနေခဲ့တယ်။

လူတိုင်းက ဒဏ်ရာရနေသူတွေကို ကူညီဖို့ အစွမ်းကုန် ကြိုးစားနေကြပေမဲ့ မိုက်ကယ်ကတော့ အဝေးက ရဲတိုက်ကြီးဆီကိုသာ မကြည့်ဘဲ မနေနိုင်ဖြစ်နေမိတယ်။ ဒီနေရာကနေလှမ်းပြီးတော့တောင် သူဟာ တိုက်ပွဲတစ်ခုရဲ့ ပဲ့တင်သံတွေကို ခံစားနေရတာပါ။ ရိုးရိုးတိုက်ပွဲမျိုး မဟုတ်ဘဲ သံလိုက်စွမ်းအား အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်နေတဲ့ တိုက်ပွဲမျိုး ဖြစ်နေခဲ့တယ်။

* * * * * * * *

All Chapters