← Chapters

အခန်း (၄၁၅-၄၁၆)

Vol. 35 Ch. 415-416

အခန်း (၄၁၅-၄၁၆)

Vol. 35 Ch. 415-416

အခန်း(၄၁၅)

မိုက်ကယ်က လူအုပ်ထဲကနေ လူခွဲထွက်ပြီး ရဲတိုက်ဝင်းဆီကိုပဲ တန်းတန်းမတ်မတ် ဦးတည်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

သူက ဘတ်ချ်ရောခ့် မြို့တစ်မြို့လုံးရဲ့ အပေါ်ကနေ ပျံဝဲပြီး ဖြတ်သန်းသွားရင်း စစ်သားတွေနဲ့ သူပုန်တွေကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ရုန်းရင်းဆန်းခတ် ပရမ်းပတာ ဖြစ်ပျက်နေသမျှတွေကို မြင်တွေ့နေရတယ်။

ဒီမြို့သားတွေဟာ သတ္တိရှိကြတယ်ဆိုတာ မှန်ပေမဲ့ စစ်သားတွေကို သူတို့အစွမ်းချည်းသက်သက်နဲ့ အနိုင်ယူခဲ့တာ မဟုတ်ဘူးဆိုတာတော့ ရှင်းနေတာပေါ့။ ကြယ်ငါးပွင့် ဒါမှမဟုတ် ကြယ်ခြောက်ပွင့်မန္တန် အဆင့်လောက်ရှိမယ့် ဧရာမမှော်စွမ်းရည်တွေ သုံးစွဲထားတဲ့ အကြွင်းအကျန် အထောက်အထားတွေကို လေထုထဲမှာ သူ တွေ့လိုက်ရလို့ပဲ။

နောက်ဆုံးတော့ သူဟာ ရဲတိုက်ရဲ့ ကျုံးပေါ်ကနေ ဖြတ်ကျော်ပြီး ဧရာမ ရှေ့တံခါးကြီးတွေဆီ ရောက်သွားခဲ့တယ်။

အဲဒီအချိန်မှာတင် မြေပြင်ကြီးက 'ဝုန်းဝုန်း' နဲ့ လှုပ်ခါသွားတော့တာပဲ။ သူ့ခြေထောက်အောက်ကနေ တန်ခိုးစွမ်းအားတွေ လှိုင်းထွက်လာတာကို သူ ခံစားလိုက်ရတယ်။

ဒါက ငလျင်လှုပ်တာ မဟုတ်ဘူး။ ဒီတုန်ခါမှုမှာ မှော်စွမ်းအင် လုံးဝ ကင်းမဲ့နေတာမို့လို့ အဖြေက တစ်ခုပဲ ရှိတယ်၊ ဒါဟာ စွမ်းရည်တစ်ခုကြောင့် ဖြစ်ရတာပဲ။

မိုက်ကယ်က ရဲတိုက်အတွင်းပိုင်းကို ဆက်လျှောက်လာရင်း နံရံတွေနဲ့ မျက်နှာကျက်တွေပေါ်မှာ ပြန့်ကြဲနေတဲ့ ဖလဲယားကော့ပ် ရဲ့ မီးလောင်ကျွမ်းနေတဲ့ အလံတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖြတ်ကျော်လာခဲ့တယ်။

သူက ရာဇပလ္လင်ခန်းမဆီကို ပိုနီးလာတာနဲ့အမျှ အခန်းထဲမှာ သက်စောင့်မှော်စွမ်းအင် အရိပ်အယောင်တွေ အများကြီး ရှိနေတာကို သတိပြုမိလိုက်တယ်။ လူတိုင်းက မတ်တတ်ရပ်နေကြပြီး လူတစ်ယောက်တည်းကသာ သက်စောင့်မှော်စွမ်းအင်တွေ တဖြည်းဖြည်း လျော့ပါးလာရင်း ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေတာပေါ့။

သူက တံခါးကို တွန်းဖွင့်လိုက်ပြီး နောက်ဆုံးမှာတော့ ဖလဲရက်စ် ဖလဲယားကော့ပ် ကို မျက်ဝါးထင်ထင် မြင်လိုက်ရတော့တယ်။

အဲဒီလူက အသက် နှစ်ဆယ်လယ်ပိုင်းလောက်ရှိပြီး တစ်ချိန်က ခေါင်းလိမ်းဆီတွေနဲ့ သေသေသပ်သပ် အနောက်ကို သပ်တင်ထားဖူးပေမဲ့ အခုတော့ ဖရိုဖရဲ ဖြစ်နေတဲ့ မီးတောက်လို ရဲရဲနီတဲ့ ဆံပင်တွေ ရှိနေတယ်။ မိုက်ကယ်က သူဟာ ဖလဲယားကော့ပ် ရဲ့ ပိုင်ရှင်ဆိုတာကို သိနေတယ်၊ ဘာလို့လဲဆိုတော့ ရာဇပလ္လင်ခန်းမဆီ လာတဲ့လမ်းတစ်လျှောက်မှာ ဖြတ်လာခဲ့ရတဲ့ ပန်းချီကားချပ်တွေ အားလုံးထဲမှာ သူ့မျက်နှာကိုပဲ ပုံဖော်ရေးဆွဲထားလို့ပဲ။

ဖလဲရက်စ် က ဒဏ်ရာတွေရထားပြီး ခြေထောက်နားမှာ သွေးကွက်တွေ အိုင်ထွန်းနေတယ်။ သူက လုံးဝ အရှုံးသမားဖြစ်ဖို့ လက်တစ်ကမ်းပဲ လိုတော့တဲ့ အခြေအနေ ရောက်နေတာ။

မိုက်ကယ်ရဲ့ မျက်လုံးတွေက အခန်းတစ်ခုလုံးကို ဝှေ့ကြည့်လိုက်တဲ့အခါ ဖလဲရက်စ် ကို ဝိုင်းထားတဲ့ လူငါးယောက်ကို သတိပြုမိပြီး တခြားလူ နှစ်ဆယ်လောက်ကတော့ အခန်းအနှံ့မှာ ပြန့်ကြဲရပ်နေကြတာ တွေ့ရတယ်။

ဖလဲရက်စ် ကို ဒူးထောက်သွားအောင် လုပ်လိုက်တဲ့သူတွေက ဒီလူငါးယောက်ပဲဆိုတာ သူ ချက်ချင်း ရိပ်မိလိုက်တယ်။

သူတို့က ဘယ်လို ခွန်အားမျိုး ဒါမှမဟုတ် မှော်စွမ်းအင် လှုပ်ခတ်မှုကိုမှ ထုတ်မပြနေကြတာကြောင့် သူတို့ဟာ သံလိုက်စွမ်းအား ပိုင်ရှင်တွေဖြစ်မယ်ဆိုတဲ့ မိုက်ကယ်ရဲ့ သံသယကို ပိုပြီး သေချာသွားစေတယ်။

"မင်းတို့ကောင်တွေ... မင်းတို့ကိုယ်မင်းတို့ ဂုဏ်သိက္ခာရှိတဲ့သူတွေလို့ ကြွေးကြော်နေကြတာမဟုတ်လား။ ငါ့ကို အနိုင်ယူဖို့ အခုလို လူစုပြီး ဝိုင်းတိုက်တာကို မင်းတို့က ဂုဏ်သိက္ခာလို့ ခေါ်တာလား" လို့ ဖလဲရက်စ် က ဒေါသတကြီး အော်ဟစ်လိုက်တယ်။

အဲဒီလူငါးယောက်ထဲက တစ်ယောက်က ရှေ့ကို တက်လာတယ်။ ဒီလူက ဆံပင်အရှည်ကြီးနဲ့ ကိုယ်ပေါ်မှာ ရွှေလက်ဝတ်ရတနာတွေနဲ့ ရွှေချပ်ဝတ်တန်ဆာတွေကို ဆင်ယင်ထားတာ။ ဖလဲရက်စ် က သူ့ရဲ့ ဒေါသတွေကို ဒီလူ့ဆီပဲ ပုံအောပြီး အာရုံစိုက်နေတဲ့ အချက်ကို ကြည့်ပြီး မိုက်ကယ်က ဒီလူဟာ ဒီအဖွဲ့တစ်ခုလုံးရဲ့ ခေါင်းဆောင် ဖြစ်မယ်လို့ ခန့်မှန်းလိုက်တယ်။

"ငါတို့မှာ စည်းမျဉ်းတွေရှိတယ် ဖလဲရက်စ်။ အဲဒါကပဲ ငါတို့ကို လူသား ဖြစ်စေတာပေါ့။ မင်း ဒီမြို့အပေါ် ဘာတွေလုပ်ခဲ့လဲ၊ မြို့သားတွေအပေါ် ဘာတွေလုပ်ခဲ့လဲ။ ဒါတွေက လူသားဆန်တဲ့ လုပ်ရပ်တွေ မဟုတ်ဘူး။ ဒါကြောင့် ငါတို့ မင်းကို တားဆီးရတာပဲ"

ဖလဲရက်စ် က အဲဒီလူရဲ့ ဖိနပ်ပေါ်ကို တံတွေးနဲ့ ထွေးချလိုက်တယ်။

"ငါ့ကို လာပြီး တရားဟောမနေနဲ့ အဲလ်ရစ်။ မင်းက ထိပ်ဆုံးမှာ ရောက်နေလို့ ဒီလို စကားမျိုး ပြောနိုင်တာပေါ့။ ဒါပေမဲ့ ငါက မင်းရဲ့နေရာကို ရောက်အောင် အသည်းအသန် ရုန်းကန်တက်လှမ်းဖို့ ကြိုးစားတဲ့အခါကျတော့ မင်းက ငါ့ကို အောက်ပြန်ကျအောင် နှိမ့်ချပစ်တယ်"

ဆံပင်အရှည်ကြီးနဲ့လူ အဲလ်ရစ် က စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကို ခါလိုက်တယ်။ "ငါက စိန်ခေါ်မှုတွေကို ကြိုဆိုပါတယ်။ မင်းသာ စည်းမျဉ်းအတိုင်း ကစားပြီး မလိမ်ခဲ့ဘူးဆိုရင် ငါ့ရဲ့ အရှုံးကို ဂုဏ်သိက္ခာရှိရှိ လက်ခံခဲ့မှာပါ။ ဒါပေမဲ့ မင်းက အဲလိုမလုပ်ခဲ့ဘူး ဖလဲရက်စ်"

ဒီအတောအတွင်း အဲလ်ရစ် ဘေးက တခြားလူလေးယောက်ကတော့ ပျင်းရိငြီးငွေ့နေကြတဲ့ပုံပဲ။ သူတို့ထဲက တစ်ယောက်က ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး သူ့ဓားမြှောင်နဲ့ ကစားနေတယ်။ နောက်တစ်ယောက်က စာအုပ်ဖတ်နေတယ်။ တစ်ယောက်က ကြမ်းပြင်ပေါ်မှာ သက်သောင့်သက်သာ လှဲလျောင်းနေပြီး နောက်ဆုံးတစ်ယောက်ကတော့ မျက်လုံးတွေကို မှိတ်ပြီး တင်ပျဉ်ခွေထိုင်နေတယ်။

"တောက်... လက်ဂါစီ့စ် အသုံးမကျတဲ့ကောင်တွေ။ ငါ မင်းတို့အားလုံးကို တစ်ခါမှ သဘောမကျခဲ့ဘူး။ တစ်ယောက်နဲ့တစ်ယောက် အကောင်း ပြောနေကြတာတွေ၊ သူငယ်ချင်း ဖွဲ့နေကြတာတွေ။ ဘာတွေ လာလျှောက်ပြောနေတာလဲ။ ဒါက ငါတို့အားလုံးကြားက ပြိုင်ပွဲတစ်ခု ဖြစ်ရမှာလေ" လို့ ဖလဲရက်စ် က အော်ဟစ်ပေါက်ကွဲနေတယ်။

"ငါတို့ အဲလို လုပ်စရာ မလိုပါဘူး" လို့ အဲလ်ရစ် က ပြန်ချေပလိုက်တယ်။

"ဟွန်း... မင်းက မြင့်မြတ်တဲ့ စင်မြင့်ထက်မှာ ရောက်နေလို့ ဒီလို ပြောနိုင်တာပေါ့။ အဖိုးတန်လေး၊ ပါရမီရှင်လေး၊ ကျော်ဖြတ်လို့မရတဲ့ ပါရမီရှင်ကြီး ဖြစ်ရတာ သိပ်ကောင်းတာပေါ့လေ"

ဖလဲရက်စ် ရဲ့ စိတ်ထဲမှာ ဒေါသတွေ အကြီးအကျယ် ထွက်လာပြီး အဲလို ဖြစ်လာတာနဲ့အမျှ သူ့ရဲ့အပေါ်ဘက်ကနေ ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာတယ်။

မီးတောက်တွေ ပေါက်ကွဲထွက်လာပြီး မီးလျှံနေမင်းကြီး ရဲ့ လုံးဝန်းတဲ့ ပုံသဏ္ဌာန်ကို ဖြည်းဖြည်းချင်း ပုံဖော်လာတာပေါ့။ ဒါပေမဲ့ ဖလဲရက်စ် က သူ့ဒေါသတွေကို အော်ဟစ်ပေါက်ကွဲလိုက်တဲ့အခါ အဲဒီ နေမင်းကြီးထဲကို မီးတောက်တွေ ပိုပိုပြီး တိုးဝင်သွားပြီး အတွင်းထဲမှာ လည်ပတ်လှုပ်ရှားမှုကို ဖန်တီးလိုက်တယ်။

"ငါ့ရဲ့ နေမင်းကြီးကို ကြည့်တဲ့ ဘယ်အရာမဆို ငါ့ရဲ့ ဒေါသအဟုန်ကို ခံစားရပြီး ကြယ်တစ်ပွင့်ရဲ့ အပူရှိန်အောက်မှာ ဒုက္ခရောက်စေရမယ်"

နေမင်းရဲ့ ဝင်ရိုးစွန်းတွေဆီကနေ မီးလျှံတောက်တိုင်ကြီးတစ်ချက် ဝုန်းခနဲ ပေါက်ကွဲထွက်လာပြီး အာကာသဟင်းလင်းပြင် အနက်ရှိုင်းဆုံးနေရာက ကေဆာကြယ်စုတစ်ခုရဲ့ ပုံတူမျိုးကို ဖန်တီးလိုက်တယ်။ ဖလဲရက်စ် ဟာ သူ့ရဲ့ ကေဆာအစွမ်းကို သုံးပြီး သူ့ကိုယ်သူ ခွန်အားတွေ ဖြည့်တင်းနိုင်မယ်ဆိုတာကို ဘယ်သူမဆို အလွယ်တကူ ခန့်မှန်းနိုင်တာပေါ့။

မိုက်ကယ်က ဖလဲရက်စ် ရဲ့ ဒီဗာ ကို ကြည့်ပြီး သူဟာ ခန္ဓာကိုယ်ဖွဲ့စည်းခြင်း စတုတ္ထအဆင့်လောက်မှာ ရှိမယ်လို့ တွက်ဆလိုက်တယ်။ ဒါကို နိုဗာ က မိုက်ကယ်ရဲ့ ခွန်အားနဲ့ နှိုင်းယှဉ်ပြီး ရလဒ်ကို တွက်ချက်ဖော်ပြပေးလို့ ပိုသေချာသွားတာပဲ။

တကယ်လို့ သူတို့နှစ်ယောက်သာ တိုက်ခိုက်ကြမယ်ဆိုရင် ဒါက ခက်ခဲတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာမယ်ဆိုတာ မိုက်ကယ် သိနေတယ်။ ဒါပေမဲ့ နေရာအချို့မှာ ဒဏ်ရာအနည်းငယ် ရကောင်းရနိုင်ပေမဲ့ သူ့မှာ အနိုင်ရဖို့ အခွင့်အရေးကောင်း ရှိနေသေးတယ်လို့ ခံစားနေရတုန်းပဲ။

"ကျေးဇူးပြုပြီး ဒါကို မလုပ်ပါနဲ့ ဖလဲရက်စ်။ လက်နက်ချလိုက်ပါ" လို့ အဲလ်ရစ် က သတိပေးလိုက်တယ်။

"မရဘူး။ ဒီကမ္ဘာကြီးက ဖလဲယားကော့ပ် ရဲ့ အစွမ်းကို သိစေရမယ်"

ဖလဲရက်စ် က သူတို့ရဲ့ အစောပိုင်း တိုက်ပွဲကြောင့် အမိုး ပွင့်ထွက်သွားတဲ့ မျက်နှာကျက်ဆီကို မျှော်ကြည့်လိုက်တယ်။ သူက နေမင်းကြီးကို စိုက်ကြည့်ရင်း အဲဒီထဲကနေ ခွန်အားတွေကို ပိုပြီး စုပ်ယူနေတယ်။

သူ့ရဲ့ တန်ခိုးစွမ်းအားတွေက ဆက်တိုက် မြင့်တက်လာပြီး သူ့ရဲ့ ကိုယ်ပိုင် ဒီဗာ ထဲမှာ တန်ခိုးတွေ ဖောင်းပွလာစေတယ်။ စက္ကန့်အနည်းငယ်အတွင်းမှာတင် ဖလဲရက်စ် ရဲ့ စွမ်းအားက ခန္ဓာကိုယ်ဖွဲ့စည်းခြင်း ပဉ္စမအဆင့်အထိ ရုတ်ခြည်း တိုးတက်သွားပြီး ရပ်တန့်မယ့် အရိပ်အယောင်လည်း မရှိဘူး။

တကယ်လို့ မိုက်ကယ်သာ သူ့ကို တိုက်ခိုက်နေတဲ့သူဆိုရင် ဖလဲရက်စ် ရဲ့ စွမ်းရည် ကို နှောင့်ယှက်ပြီး သူ့ရဲ့ စုပ်ယူမှုကို အသုံးမဝင်အောင် လုပ်ဖို့ သူ့ရဲ့ ခလုတ်တွေကို ထုတ်သုံးပြီးလောက်ပြီ။

သို့ပေမဲ့ အဲလ်ရစ် နဲ့ တခြားလေးယောက်ကတော့ ဖလဲရက်စ် ပိုပြီး သန်မာလာတာကို လုံးဝ ဂရုစိုက်ပုံမရကြဘူး။

"အဲလ်ရစ်... ငါတို့ သဘောတူညီချက်အရ ငါတို့က ကူညီပေးဖို့ပဲ လိုတာ။ မင်းကိုယ်တိုင်ပဲ သူ့ကို အပြတ်ရှင်းရမယ်" လို့ လက်ဂါစီ့စ်တွေထဲက တစ်ယောက်က ပြောလိုက်တယ်။

"မင်း ငါတို့ကို ဒီမှာ ရှိနေဖို့တောင် မလိုပါဘူး" လို့ နောက်တစ်ယောက်က ဆိုတယ်။

"ငါ့အလုပ် ငါ လုပ်ပြီးပြီ။ အပြင်က တော်လှန်ရေးကို ငါ ကူညီခဲ့တယ်။ အဲဒါ ငါ့ရဲ့ ပံ့ပိုးမှုပဲ"

အဲလ်ရစ် က သူ့ရဲ့ ခေတ္တမဟာမိတ်တွေကို ခေါင်းညိတ်ပြလိုက်တယ်။ သူက သူ့ရဲ့ တာဝန်ကို သူ သိနေတာပေါ့။

သူက ဖလဲရက်စ် နားကို ချဉ်းကပ်သွားပြီး သူ့လက်ကို မြှောက်လိုက်တယ်။ သူ့ရဲ့ လက်ခလယ်က မြရောင်လက်စွပ်က တန်ခိုးစွမ်းအားတွေနဲ့ တောက်ပလာပြီး ဒါဟာ မီသရယ် မှော်ဝင်ပစ္စည်း တစ်ခုဆိုတာ ပြသနေတယ်။

လက်စွပ် ပေါ်လာတာနဲ့တစ်ပြိုင်နက် ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုက အဲလ်ရစ် ရဲ့ လက်ကနေ ပျံ့နှံ့ထွက်လာပြီး ဖလဲရက်စ် ရဲ့ ကိုယ်အထက်က မီးလျှံနေမင်းကြီး ဆီကို ရောက်ရှိသွားပုံရတယ်။

အဲဒီ ဒီဗာ က မမြင်ရတဲ့ အင်အားတစ်ခုနဲ့ အစောင့်ခံလိုက်ရသလိုမျိုး နောက်ကို တွန့်ဆုတ်သွားတယ်။ ပြီးတော့ ရုတ်တရက်ပဲ မီးလျှံနေမင်းကြီးက ပျောက်ကွယ်လုနီးပါး တုန်ခါသွားပြီး နောက်ဆုံးမှာတော့ လေတိုက်လို့ လွင့်စင်သွားတဲ့ မီးခိုးငွေ့တွေလိုပဲ ကွဲကြေပျက်ပြယ်သွားတော့တယ်။

မိုက်ကယ်က သူမြင်လိုက်ရတဲ့အရာကိုတောင် မယုံနိုင်အောင် ဖြစ်သွားရတယ်။ သူက အဲလ်ရစ် ရဲ့ ဒီဗာ ကိုတောင် မမြင်လိုက်ရဘူး။ ဒါပေမဲ့ သူက ဖလဲရက်စ် ရဲ့ မီးလျှံနေမင်းကြီးကို ဘယ်လို ပြဿနာမှ မရှိဘဲ အလွယ်တကူ အနိုင်ယူသွားနိုင်ခဲ့တယ်။

ဒီလူက ဘယ်လောက်တောင် သန်မာနေတာလဲ။

ဖလဲရက်စ် လို ခန္ဓာကိုယ်ဖွဲ့စည်းခြင်း စတုတ္ထအဆင့်ရှိတဲ့သူကို ဒီလောက် လွယ်လွယ်ကူကူ အနိုင်ယူနိုင်တယ်ဆိုရင် အဲလ်ရစ် ရဲ့ စွမ်းအားက အဲဒီထက် အများကြီး သာလွန်နေမယ်ဆိုတာ သေချာတယ်။ ဖလဲရက်စ် ရဲ့ ခွန်အားက သူ့ရဲ့ နေမင်းကြီး စုပ်ယူမှုကြောင့် ပဉ္စမအဆင့်အထက်ကိုတောင် ရောက်နေနိုင်တာကို ပြောတာ။

သူက အဋ္ဌမအဆင့် ဒါမှမဟုတ် နဝမအဆင့်လောက်မှာ ရှိနေမှာပဲလို့ မိုက်ကယ် ခန့်မှန်းလိုက်တယ်။

ဖလဲရက်စ် က သွေးတွေ အန်ထွက်လာတယ်။ "တောက်" လို့ သူက မကျေမနပ်နဲ့ အော်ဟစ်လိုက်တယ်။ "ငါ့ကိုပဲ အပြတ်ရှင်းလိုက်တော့။ ငါ မင်းကို ဘယ်လိုမှ မယှဉ်နိုင်တာ ရှင်းနေတာပဲကို"

"ငါ မင်းကို သတ်မှာ မဟုတ်ဘူး။ မင်းက ထောင်ထဲသွားပြီး မင်းရဲ့ ကုမ္ပဏီကို ဆုံးရှုံးရမှာ။ အဲဒါက မင်းအတွက် ပြစ်ဒဏ်ပဲ" လို့ အဲလ်ရစ် က ကြေညာလိုက်တယ်။

"ဘာဖြစ်လဲ။ အော့စကော့ပ် ရဲ့ အရှက်ရစရာ လူတစ်ယောက် ဖြစ်ရမှာလား။ အဲလိုဖြစ်မယ့်အစား ငါ သေတာကမှ မြတ်သေးတယ်" လို့ ဖလဲရက်စ် က လှောင်ပြောင်လိုက်တယ်။

ဘယ်သူမှ တုံ့ပြန်ဖို့ အချိန်မရခင်မှာတင် ဖလဲရက်စ် ရဲ့ တစ်ကိုယ်လုံးက သူ့ရဲ့ မီးလျှံနေမင်းကြီး ဒီဗာ လိုမျိုး အလင်းရောင်တွေနဲ့ တောက်ပလာတော့တယ်။

နောက်တစ်စက္ကန့်မှာတော့ ဖလဲရက်စ် ရဲ့ ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး သူ့ကိုယ်သူ အစအနမကျန် ပျက်စီးသွားစေကာ ရာဇပလ္လင်ခန်းမအတွင်းထဲမှာ ဧရာမ စွမ်းအင်ပမာဏကြီးကို ထုတ်လွှတ်လိုက်ပါတော့တယ်။

* * * * * * * *

စာစဉ်(၃၅)

အခန်း(၄၁၆)

"အော့စကော့ပ် မျိုးနွယ်စုက လူတွေ ဘာဖြစ်နေကြတာလဲ၊ မိမိကိုယ်ကိုယ် ဖျက်ဆီးပစ်ရတာကို ဒီလောက်တောင် ဝါသနာပါကြရသလား" မိုက်ကယ်က မကျေမနပ် ညည်းတွားလိုက်တယ်။ "ပထမဆုံး ဘလေဇဲလ်၊ အခုကျတော့ ဖလဲရက်စ်။ ဝမ်းကွဲနှစ်ယောက်စလုံး ရှုံးနိမ့်သွားတာနဲ့ ပထမဆုံး လုပ်တဲ့အလုပ်က ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ပဲ ဖြစ်နေတယ်"

ဒါပေမဲ့ အဲဒီအချိန်က သူတို့ရဲ့ ထူးဆန်းတဲ့ မိသားစုအကြောင်းကို ထိုင်ပြီး စဉ်းစားနေရမယ့် အချိန်မဟုတ်ပါဘူး။ ပေါက်ကွဲမှုကြီးက သူ့ဆီကို ရောက်တော့မှာ ဖြစ်လို့ပဲ။

မိုက်ကယ်က သူ့ရဲ့ ဒီဗာကို အသက်သွင်းပြီး ပေါက်ကွဲမှုကနေ လွတ်မြောက်ဖို့အတွက် ခလုတ်တစ်ခုကို အသုံးပြုဖို့ မီလီစက္ကန့်ပိုင်းအလိုပဲ လိုပါတော့တယ်။ ဒါပေမဲ့ ကွက်တိ အဲဒီအချိန်မှာပဲ အဲလ်ရစ်ရဲ့ ဘေးမှာရှိနေတဲ့ လူတွေထဲက တစ်ယောက်ဆီကနေ ပြင်းထန်လွန်းတဲ့ တန်ခိုးလှိုင်းတစ်ခု ခဏတာ ဖြတ်ပြေးသွားတာကို သူ ခံစားလိုက်ရတယ်။

ရဲတိုက်တစ်ခုလုံးကို မှုတ်ထုတ်ပစ်ရမယ့် ပေါက်ကွဲမှုကြီးက ရုတ်တရက်ဆိုသလို ဘာမှအစွမ်းမပြနိုင်ဘဲ ငြိမ်ကျသွားခဲ့တယ်။

တစ်နည်းနည်းနဲ့ အဲဒီလူက ဖလဲရက်စ်ရဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်တဲ့ ပေါက်ကွဲမှုကို မျက်စိကျိန်းစေတဲ့ အလင်းတန်းတစ်ခုထက် မပိုအောင် လုပ်ပစ်လိုက်တာပါ။

သူ့ရဲ့ ကျန်ရှိသမျှအရာတွေကတော့ အခုအချိန်မှာ မြေပြင်ပေါ်က မည်းနက်နေတဲ့ ပေါက်ကွဲမှု အကြွင်းအကျန်တွေအဖြစ်ပဲ ကျန်ပါတော့တယ်။ သူ့ရဲ့ သွေးတစ်စက်၊ အသားတစ်စပင်တောင် မကျန်ရစ်ခဲ့ပါဘူး။

ပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲ အခြေအနေတွေ ငြိမ်သက်သွားတဲ့အခါမှာတော့ မိုက်ကယ်က ရဲတိုက်ကြီးတစ်ခုလုံး ပျက်စီးမယ့်ဘေးကနေ တားဆီးပေးခဲ့တဲ့ အဲဒီလူကို လှမ်းကြည့်လိုက်တယ်။ ခဏတာ ပြသလိုက်တဲ့ အဲဒီတန်ခိုးအရှိန်အဝါအရ ဒီလူဟာ အလွန်ပဲ အစွမ်းထက်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို ပိုင်ဆိုင်ထားတယ်ဆိုတာ သူ သဘောပေါက်လိုက်ပါတယ်။ သူ့ရဲ့ ခန့်မှန်းချက်အရတော့ အနည်းဆုံး အဆင့် ၇ ထက် မနိမ့်နိုင်ပါဘူး။

"ဖလဲရက်စ်က ဘယ်တုန်းကမှ အရှုံးကို လက်ခံတတ်တဲ့သူ မဟုတ်ခဲ့ဘူး။ နှမြောစရာပဲ" အဲလ်ရစ်က သက်ပြင်းချလိုက်တယ်။

ဒါပေမဲ့ အခုတော့ ဖလဲယားကော့ပ် ပြဿနာကို အပြီးတိုင် ရှင်းလင်းနိုင်ခဲ့ပြီဖြစ်လို့ အခြေအနေတွေက နောက်ဆုံးတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားနိုင်ပါပြီ။

သူတို့က နီယိုအော်ကပ်စ်မှာ ရှိတဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေရဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့အတွက် လက်ဂါစီ့စ်တွေဟာ သူတို့ရဲ့ ကိစ္စရပ်တွေကို အမြန်ဆုံး အဆုံးသတ်ပြီး တိုက်ပွဲရဲ့ နောက်ဆက်တွဲတွေကို ရှင်းလင်းလိုက်ကြတယ်။

အဲလ်ရစ်က ရာဇပလ္လင်ခန်းမထဲမှာရှိတဲ့ အရပ်သားတွေနဲ့ တော်လှန်ရေးသမားတွေဘက်ကို လှည့်လိုက်တယ်။ "အခုကစပြီး ဒါ မင်းတို့ရဲ့ နယ်မြေပဲ" သူက သူတို့ကို ပြောလိုက်တယ်။ "မင်းတို့ရဲ့ ကိုယ်ပိုင်အစိုးရကို မင်းတို့ဘာသာ ရွေးချယ်နိုင်ပြီး ဘာလုပ်ချင်လဲဆိုတာကိုလည်း ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်ပြီ"

သူ အဲဒီလိုလည်း ပြောလိုက်ရော ဘတ်ချ်ရောခ့် မြို့သားတွေဟာ စိတ်သက်သာရာရစွာနဲ့ သက်ပြင်းအရှည်ကြီး ချလိုက်ကြပါတော့တယ်။

မိုက်ကယ်လည်း သူတို့အတွက် ဝမ်းသာပေးမိပါတယ်။ ပုံမှန်အားဖြင့်တော့ အုပ်ချုပ်နေတဲ့ ကုမ္ပဏီတစ်ခုကို နယ်မြေတစ်ခုကနေ မောင်းထုတ်လိုက်ပြီဆိုရင် အနိုင်ရတဲ့သူတွေက အဲဒီနယ်မြေကို သူတို့ဘာသာ သိမ်းပိုက်လေ့ရှိကြတာပါ။ ဒါပေမဲ့ အဲလ်ရစ်ကတော့ အဲဒီလိုလုပ်ပိုင်ခွင့် အပြည့်အဝရှိနေတာတောင်မှ သိမ်းပိုက်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။

ဒါက သူ့ကို အဲလ်ရစ်အပေါ် လူပွင့်လင်းဖြောင့်မတ်သူတစ်ယောက်အဖြစ် တွေးမြင်သွားစေတယ်။

မကြာခင်မှာပဲ အရပ်သားတွေထဲက တစ်ယောက်က သူ့ရဲ့ ခက်ရင်းခွကို လေထဲမြှောက်ပြီး ကြွေးကြော်လိုက်တယ်။

"လွတ်လပ်ခွင့်" သူက အော်ဟစ်လိုက်တာပါ။

ရာဇပလ္လင်ခန်းမထဲမှာရှိတဲ့ ကျန်တဲ့အရပ်သားတွေကလည်း သူ့စကားကို ထပ်ဆင့်ပြီး ပြန်လည်အော်ဟစ်ကြတယ်။

"အိုင်းရွန်းမေဒင်ကို ချီးမွမ်းကြလော့။ သူက ဒီအောင်ပွဲအတွက် ငါတို့ကို ကံကောင်းခြင်းသတ္တုတွေ ပေးသနားခဲ့တာ။ အိုင်းရွန်းမေဒင်ကို ချီးမွမ်းကြလော့"

လူတိုင်းက အိုင်းရွန်းမေဒင်ရဲ့ နာမည်ကို အထပ်ထပ်ရွတ်ဆိုပြီး ဆုတောင်းနေကြတာကြောင့် အဲလ်ရစ်နဲ့ တခြားအပြင်လူတွေကို လုံးဝ အံ့အားသင့် မှင်တက်သွားစေတယ်။ သူတို့ထဲက ဘယ်သူမှ ဒီဘာသာရေးအကြောင်းကို တစ်ခါမှ မကြားဖူးကြပေမဲ့ တစ်နည်းနည်းနဲ့ ဒီမြို့မှာတော့ အတော်လေးကို ပျံ့နှံ့နေတဲ့ပုံပါပဲ။

"အိုင်းရွန်းမေဒင်ကလွဲလို့ ဘယ်သူမှ ဒီမြို့ကို အုပ်ချုပ်ခွင့်မရှိစေရဘူး" အဲဒီလူက ကြေညာလိုက်တော့ လူအုပ်ကြီးက ပြန်လည်ကြွေးကြော် အားပေးကြတယ်။

အဲလ်ရစ်နဲ့ တခြားလက်ဂါစီ့စ်တွေက ဒီနယ်မြေဟာ နီယိုအော်ကပ်စ်နဲ့ နီးကပ်နေတဲ့ တည်နေရာအရ ဘယ်လောက်တောင် စစ်ဗျူဟာမြောက်လဲဆိုတာ သိကြပါတယ်။ ဒါကြောင့် ဒီအိုင်းရွန်းမေဒင် ဘာသာရေးနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့သူ ဘယ်သူမဆို ဒီမြို့ကနေ အကျိုးအမြတ် အမြောက်အမြား ရရှိလိမ့်မယ်လို့ သူတို့ မတွေးဘဲ မနေနိုင် ဖြစ်ခဲ့ကြတယ်။

"ဒီဘာသာရေးအကြောင်း တစ်ခါမှ ကြားဖူးတဲ့သူ ရှိလား" သူတို့ထဲက တစ်ယောက်က မေးလိုက်တယ်။

"အဲလ်ရစ်။ မင်းသိတဲ့သူများလား"

အဲလ်ရစ်က ခေါင်းခါလိုက်တယ်။ "ငါလည်း မသိဘူး။ သူတို့က ဒီအိုင်းရွန်းမေဒင်အသစ်ရဲ့ အတွေးအခေါ်တွေနဲ့ ဒီနယ်မြေကို အလျင်အမြန် သိမ်းပိုက်လိုက်တာပဲ။ တကယ့်ကို အထင်ကြီးစရာပဲ"

"ဝိုး…. မင်းဆီကနေ ဒီလို အမွမ်းတင်စကား ကြားရတာ ခဲယဉ်းတယ်နော်"

လက်ဂါစီ့စ်တွေက သူတို့အချင်းချင်း စကားပြောနေကြပြီး ဒေသခံတွေကလည်း အချင်းချင်း အောင်ပွဲခံနေကြချိန်မှာ မိုက်ကယ်ကတော့ ရာဇပလ္လင်ခန်းမရဲ့ တံခါးဝအစွန်းမှာ တစ်ယောက်တည်း ကျန်ရစ်နေခဲ့တယ်။

သူက လူအုပ်ကြီးနဲ့ တစ်သားတည်း ဖြစ်နေခဲ့တာပါ။

ဖတ်ချ်က မိုက်ကယ်ရဲ့ ဘေးနားက အရိပ်ထဲကနေ ရုတ်တရက် ခုန်ထွက်လာပြီး မိုက်ကယ်ရဲ့ ခေါင်းပေါ်ကို လှမ်းတက်လိုက်တယ်။

"ကောင်းပြီ။ မင်း ရောက်နေတာပဲ"

"ဟုတ်ကဲ့ပါ သခင်"

မိုက်ကယ်က သူ့ရှေ့က လက်ဂါစီ့စ်တွေကို လက်ညှိုးထိုးပြလိုက်တယ်။ "သူတို့အကြောင်း မင်း ငါ့ကို ဘာပြောပြနိုင်လဲ"

"ဟီးဟီး... ဒါက လွယ်ပါတယ် သခင်။ ဒီလူတွေ ရောက်လာတုန်းက ဒေသခံတွေကို သူတို့ဘာသာ မိတ်ဆက်ခဲ့ကြတာ၊ ဒါကြောင့် ကျွန်တော်က အချက်အလက်တွေကို အလွယ်တကူ စုဆောင်းပြီး အကုန်လုံးကို ပေါင်းစပ်လိုက်နိုင်တာပေါ့။ ဟိုမှာ ရှိနေတဲ့တစ်ယောက်ကတော့ အဲလ်ရစ် ဂိုးလ်စတုန်း လို့ ခေါ်တယ်" ဖတ်ချ်က ပုခုံးပေါ်အထိ ကျနနေတဲ့ ဆံပင်အနက်ရှည်တွေကို ပိုင်ဆိုင်ထားတဲ့ လူကို လက်ညှိုးထိုးပြရင်း ပြောလိုက်တယ်။

"သူက ဂိုးလ်စတုန်း လုပ်ငန်းစုရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ ဂီလ်ဒါရန် ကုမ္ပဏီက ဖြစ်ပါတယ်"

ပြီးတော့ ဖတ်ချ်က အဲလ်ရစ်ရဲ့ ဘေးမှာ ရပ်နေတဲ့ လူနှစ်ယောက်ကို လက်ညှိုးထိုးပြပြန်တယ်။ "အဲဒီလူနှစ်ယောက်က အဲလ်ရစ်ရဲ့ လက်အောက်ငယ်သားတွေပေါ့"

"သူ့ရဲ့ ညာဘက်က ဆံပင်အစိမ်းအတိုနဲ့ ကျောမှာ ဂျပန်ဓားလွယ်ထားတဲ့လူကတော့ ပါးဆီးယပ်စ် လို့ ခေါ်တယ်။ ကြည့်ရတာ သူက အဲလ်ရစ်ရဲ့ လက်ရုံးဖြစ်ပုံပဲ" ဖတ်ချ်က ခန့်မှန်းလိုက်တယ်။

မိုက်ကယ်က ပါးဆီးယပ်စ်ကို ရာဇပလ္လင်ခန်းမထဲမှာ ပေါက်ကွဲမှုကြောင့် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှု မရှိအောင် တားဆီးပေးခဲ့တဲ့လူအဖြစ် မှတ်မိလိုက်ပါတယ်။

"သခင်... အဲလ်ရစ်ရဲ့ ဘယ်ဘက်ကလူကတော့ အိုရီယွန် ပါ"

ဖတ်ချ်က ဘာတွေပဲဖြစ်ပျက်နေပါစေ လုံးဝ စိတ်ဝင်စားမှုမရှိဘဲ မြေပြင်ပေါ်မှာ လှဲလျောင်းနေဆဲဖြစ်တဲ့ လူကို လက်ညှိုးထိုးပြလိုက်တယ်။

နောက်တစ်ခုအနေနဲ့ ဖတ်ချ်က စာအုပ်တစ်အုပ်ကို ဖတ်နေပြီး ဆံပင်ပန်းရောင်ကို မြင်းမြီးပုံစံ စည်းထားကာ စကတ်တို ဝတ်ဆင်ထားတဲ့ မိန်းကလေးကို လက်ညှိုးထိုးပြတယ်။

"သူမကိုတော့ အဲရစ်လို့ ခေါ်တယ်။ သူမက ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစုက ဖြစ်ပြီး မက်ထရိုပိုလစ်မှာ ရှိသမျှ သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှု အားလုံးရဲ့ စီအီးအို အဖြစ် တာဝန်ယူထားတာ"

ပြီးတော့ နောက်ဆုံးတစ်ယောက်ကတော့ အသားညိုညိုနဲ့ လက်မောင်းမှာ အမွှေးအမျှင်တွေ အများကြီးရှိတဲ့ သန်မာထွားကျိုင်းတဲ့ လူကြီးတစ်ယောက် ဖြစ်ပါတယ်။ အကယ်၍ သူ့ရဲ့ အရပ်အမောင်းသာ မရှည်ရင် မိုက်ကယ်က သူ့ကို လူပုတစ်ယောက်လို့ တောင် မှားသွားနိုင်ပါတယ်။

"ဒါကတော့ ဘော်ဘီ ပါ။ သူက ဟက်ဖေးစတပ်စ် လုပ်ငန်းစုရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ ကွန့်ချ်ကုမ္ပဏီက ဖြစ်ပါတယ်"

သူတို့ထဲက သုံးယောက်က အဲလ်ရစ် ဂိုးလ်စတုန်း ဦးဆောင်တဲ့ ဂီလ်ဒါရန် ကုမ္ပဏီတစ်ခုတည်းက ဖြစ်ကြပါတယ်။ အခြားတစ်ယောက်က ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစုကဖြစ်ပြီး နောက်ဆုံးတစ်ယောက်ကတော့ ဟက်ဖေးစတပ်စ် ကုမ္ပဏီက ဖြစ်ပါတယ်။

ဒါက အဲလ်ရစ်၊ အဲရစ်နဲ့ ဘော်ဘီတို့ဟာ ထိပ်တန်းလုပ်ငန်းစုကြီးတွေရဲ့ အမှန်တကယ် လက်ဂါစီ့စ်တွေ ဖြစ်ကြတယ်ဆိုတာကို ဆိုလိုတာပါ။

ဒါပေမဲ့ မိုက်ကယ်က ဆီဘက်စတီယန်နဲ့ စကားပြောခဲ့စဉ်က မှတ်မိသလောက်ဆိုရင် သူတို့အားလုံး စုစုပေါင်း ငါးယောက် ရှိရမှာပါ။ စတုတ္ထမြောက်တစ်ယောက်ကတော့ ဖလဲရက်စ် မောင်းထုတ်မခံရခင်က သူ ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် ဒီနေရာမှာ ရောက်မနေတဲ့ လက်ဂါစီ့စ်အဖွဲ့ဝင် နောက်ဆုံးတစ်ယောက် ကျန်ပါသေးတယ်။

"ဒါနဲ့ပဲ ငါတို့ရဲ့ မဟာမိတ်အဖွဲ့ကတော့ ပြီးဆုံးသွားပြီပေါ့" အဲရစ်က အဲလ်ရစ်ကို ပြောလိုက်တယ်။

"ဟုတ်တယ်။ မင်းရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်" အဲလ်ရစ်က သူမကို ပြန်ပြောလိုက်တယ်။ "မင်း ရောက်လာပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်"

အဲလ်ရစ်က ဘော်ဘီဘက်ကို လှည့်လိုက်တယ်။ "မင်းကိုလည်း ကျေးဇူးတင်ပါတယ် ဘော်ဘီ။ မင်းရဲ့ လက်နက်တွေနဲ့ သံချပ်ကာတွေကြောင့် အရပ်သားတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တယ်"

ဘော်ဘီက အဲလ်ရစ်နားကို ချဉ်းကပ်သွားပြီး သူ့ကို ခပ်ပြင်းပြင်း ဖက်လိုက်တယ်။ "ကိစ္စမရှိပါဘူး သူငယ်ချင်း" သူက မထွက်ခွာခင်မှာ ပြောလိုက်တာပါ။

အခုတော့ သူတို့ရဲ့ မဟာမိတ်အဖွဲ့က ပြီးဆုံးသွားပြီဖြစ်လို့ အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ မလိုတော့ပါဘူး။

"မင်းလည်း ကောလာဟလကို ကြားပြီးသား ဖြစ်မှာပါ" အဲရစ်က အဲလ်ရစ်ကို လေးနက်တဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း ပြောလိုက်တယ်။ "နောက်ထပ် ဆေးရည်တစ်ပုလင်းကို မကြာခင်မှာ လေလံတင်တော့မယ်လို့ ပြောကြတယ်"

"အင်း... ငါ အဲဒါကို လိုအပ်တယ်" ဘော်ဘီက ညည်းတွားလိုက်တယ်။ "ငါ့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းက ဝိညာဉ်ဆီ ရဲ့ အလွှာနောက်တစ်ခု လိုနေတာ"

အဲရစ်က ရယ်မောလိုက်တယ်။ "ကဲ... ငါတို့နှစ်ယောက်စလုံး ကံကောင်းပါစေ ဘော်ဘီ။ ဒီတစ်ကြိမ်မှာ အဲလ်ရစ်ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်ဖို့အတွက် ငါတို့မှာ ငွေအလုံအလောက် စုဆောင်းထားနိုင်ပါစေလို့ပဲ ဆုတောင်းရမှာပဲ"

"မင်းကလည်း နောက်နေပြန်ပြီ" အဲလ်ရစ်က လက်ခါပြလိုက်တယ်။ "မင်းတို့နှစ်ယောက်လုံးကို လေလံပွဲမှာ အနိုင်ရဖို့ ငါလည်း တော်တော်လေး ရုန်းကန်ရမှာပါ"

မိုက်ကယ်က သူတို့ဟာ လက်ဂါစီ့စ်တွေ ဖြစ်ကြပေမဲ့ အချင်းချင်း တော်တော်လေး ရင်းနှီးကြတယ်ဆိုတာကို သတိပြုမိလိုက်ပါတယ်။ ဒါက ဖလဲယားကော့ပ်နဲ့ ဖလဲရက်စ်တို့ရဲ့ ပုံစံနဲ့ လုံးဝ ဥဿုံ ဆန့်ကျင်ဘက်ပါပဲ။

ဒါပေမဲ့ သေချာတာပေါ့၊ ဒါက သူတို့ကြားမှာ ပြိုင်ဆိုင်မှု မရှိဘူးလို့ မဆိုလိုပါဘူး။ ပြီးတော့ ဒီတစ်ကြိမ်မှာတော့ သူတို့က ရှေးဟောင်းဝိညာဉ်ဆီတစ်ပုလင်းကို ရရှိဖို့အတွက် ပြိုင်ဆိုင်နေကြတဲ့ပုံပဲ။

သူက ချက်ချင်းပဲ နိုဗာကို အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး သူ့စိတ်ထဲမှာ မှတ်စုမှတ်ထားဖို့ တောင်းဆိုလိုက်တယ်။ ဒီအကြောင်းကို ကြားပြီးတဲ့နောက်မှာတော့ သူ မက်ထရိုပိုလစ်ကို သေချာပေါက် သွားရောက်လည်ပတ်ရပါလိမ့်မယ်။

ထို့နောက် အဲရစ်က ဖလဲရက်စ် ပေါက်ကွဲသွားတဲ့ နေရာကို လှည့်ကြည့်လိုက်တယ်။ "နတ်ဘုရားပန်းပဲဖိုရဲ့ အပိုင်းအစတွေအတွက်တော့ တကယ် နှမြောစရာပဲ" သူမက သက်ပြင်းချလိုက်တယ်။

ပေါက်ကွဲမှုကြောင့် အဲဒီသတ္တုတွေဟာ သာမန်မျက်စိနဲ့တောင် မမြင်နိုင်လောက်အောင် သေးငယ်တဲ့ အပိုင်းအစလေးတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်ဆိုတာကို သူမ သိပါတယ်။ အခုအချိန်မှာတော့ အဲဒါကို တခြားတစ်ယောက်ယောက်ဆီမှာ ခွဲစိတ်ထည့်သွင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

* * * * * * * *

စာစဉ်(၃၅)

All Chapters